အပိုင်း ၆၅
Viewers 13k

Chapter 65



လီယင်း ရှာဖွေခဲ့သည့် အဂ္ဂိရက်ဆရာမှာ ချီလူကြီးမင်းဟု အမည်ရသူဖြစ်သည်။ သို့သော် သူသည် တော်ဝင်မျိုးရိုးတစ်ဦးတော့ မဟုတ်။ အကယ်၍ ဟုတ်ခဲ့ပါလျှင် လီယင်းကို သူ၏ ဥပါဒါန်အား စွန့်လွှတ်ရန် ဖျောင်းဖျနိုင်မည်ဖြစ်သည်။

လျှိုကျီရူက သူ့ကို အမြဲတမ်း မနှစ်မြို့ခဲ့။

သူသည် လီယင်းကို ဂရုစိုက်ပေးခဲ့သည့် တစ်ဦးတည်းသောသူ၊ လီယင်း လုပ်ဆောင်ခဲ့သမျှကို နှစ်ပေါင်းများစွာ မျက်မြင်တွေ့ခဲ့ရသူဖြစ်ကာ သူ့အဖို့ ဤအဂ္ဂိရက်ဆရာသည် လီယင်းကို မုသားလှလှလေးများ ပြောခဲ့ခြင်းသာ ဖြစ်ပေသည်။ ထိုမုသားကို အသုံးပြု၍ပင် လီယင်းကို လူစင်စစ်မှ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲစေကာ သေလမ်းအထိ တွန်းပို့ခဲ့သည်။

ထို့အပြင် လီယင်းကလည်း လိုလိုလားလား ဆန္ဒရှိခဲ့သည်။

ဒီကလေးက ဘာလို့များ ဒီလိုမျိုး သိသာနေတဲ့ လိမ်ဆင်ကြီးကိုတောင် ယုံကြည်ရတာလဲ  ချီလူကြီးမင်းက ဒီကမ္ဘာရဲ့ အဆုံးသတ်က ပြောင်းမသွားဘူးလို့ သေချာပေါက်ကို ပြောခဲ့ပါတယ် သူက မျှော်လင့်တကြီးနဲ့ သေဆုံးခဲ့ပေမယ့် ဘာတစ်ခုမှလည်း ပြောင်းလဲမသွားခဲ့ဘူး ...

အဲဒီ့အံ့ဖွယ်ကမ္ဘာဆိုတာကလည်း သူ့နှလုံးသားထဲမှာပဲ ရှိနေမှာကို ...

စိတ်အားထက်သန်ရင် ယုံကြည်လိမ့်မယ် မဟုတ်ရင် ယုံကြည်နိုင်မှာ မဟုတ်ဘူး ဒီလို ဒွိဟဖြစ်စရာ စကားတွေနဲ့တောင် သူ့ကို အရူးလုပ်နိုင်တယ်လား ...

လျှိုကျီရူသည် မြေအောက်နန်းတော်အတွင်းမှ "လီယင်း" ဟု အော်ခေါ်သံကို မကြားရခင်အထိ ဤသို့သာ တွေးခဲ့မိသည်။

ယွင်ချင်းစီ၏ အသံမှာ လွန်စွာ ထူးကဲလှ၏။ နဝမကောင်းကင်ဘုံမှ ကြိုးကြာသံ၊ ဇာမဏီသံသဖွယ် ချိုသာကြည်လင်လှကာ အတော်ဆုံးဟု ဆိုရပါသည့် အသံတုဖန်တီးသူပင်လျှင် ထိုအသံကို မတုပနိုင်။ သူ သေဆုံးသွားသည်မှာ ၁၂ နှစ်ကျော်နေပြီ ဖြစ်သည့်တိုင် လျှိုကျီရူ၏ စိတ်ထဲတွင် မှတ်ထင်‌ကျန်ရစ်နေဆဲဖြစ်သည်။

ချီလူကြီးမင်း ဆွဲခေါ်ရာနောက် ပါသွားကာ ဖြောင့်ဖြောင့်တန်းတန်းပင် မရပ်နိုင်၊ မူးဝေနေတော့သည်။ မျက်နှာတစ်ခုလုံး ‌ဖြူရော်လျက် မေးလိုက်၏။

"အခုလေးတင် .. အဲဒါ ..."

"အဲဒါ ဧကရီယွင် ..."

ချီလူကြီးမင်းက ကောင်းကင်ရှိ ကြယ်တာရာတို့ကို မော့ကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ နက္ခတ်တွေ မှားယွင်းနေပါတယ်လို့ တွေးနေတာ မထူးဆန်းတော့ပါဘူး အနီရောင် ဇာမဏီနဲ့ သေခြင်းခုနစ်ပါးက ပြိုင်တူရွေ့လျားသွားတာကိုး .. အရှင့်ရဲ့ ဥပါဒါန်က အရမ်းကို နက်ရှိုင်းလွန်းလို့ ဧကရီရဲ့ စိတ်ဝိဉာဉ်ကိုပါ သွားပြီး ဆွဲဆောင်မိတယ် ထင်ပါရဲ့ ..."

"ဘာကြီး ..."

ချီလူကြီးမင်းက အစောင့်အိမ်ထဲမှ ထွက်လာကာ ပြောလိုက်သည်။

"အရှင်က အမြဲတမ်း သူ ပြန်သွားနိုင်မယ်လို့ ယုံကြည်ခဲ့တယ်လေ သူ့ကို ဒီဘဝရဲ့ ဇာတ်သိမ်းက ပြောင်းလဲလို့ မရဘူးလို့ ပြောခဲ့တာတောင် ယုံကြည်နေတုန်းပဲ မင်းအတွက်တော့ ဒါက အလိမ်အညာတစ်ခုလို့ ထင်ရနိုင်ပေမယ့် သူ့အတွက်တော့ နောက်ဆုံးကောက်ရိုးမျှင်ပဲ ..."

"မီးအိမ် အနီရောင် ပြောင်းရင် ပြန်သွားနိုင်တယ်ဆိုတာ ..  အဲဒါကရော အမှန်လား ..."

"ယုံကြည်ရင် အမှန် မယုံကြည်ရင် အမှားပဲ ..."

လျှိုကျီရူက တစ်ခဏမျှ ကြောင်အသွားတော့သည်။

"ဧကရီကရော ..."

"ငါမသိဘူး သူ ဘယ်အချိန်ကတည်းက အရှင့်နောက်ကို လိုက်နေခဲ့တာလဲဆိုတာ ငါမသိဘူး ဒါပေမယ့် သူက အရှင် သူ့အတွက် လုပ်ခဲ့တာတွေကို မျက်မြင်တွေ့သွားခဲ့တယ် ထင်ပါတယ် အခု အရှင့်နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ ဒါပေမယ့် သေခြင်းခုနစ်ပါး ..."

ကောင်းကင်ဘုံကို မော့ကြည့်လိုက်ပြီးနောက် မျက်ခုံးတို့ အနည်းငယ် ပင့်တက်သွားတော့သည်။

"တကယ်ကို ကြမ္မာဆိုးပဲ ..."

လျှိုကျီရူသည်လည်း ကြမ္မာဇယားကွက်အကြောင်း ဝိုးတဝါး သိထားပေသည်။ အကယ်၍ အနီရောင်ဇာမဏီတွင် သေခြင်းခုနစ်ပါးကဲ့သို့သော ကြယ်တာရာအပြောင်းအလဲ ဖြစ်ခဲ့ပါလျှင် အဆုံးမဲ့သော ချစ်ခြင်းမုန်းခြင်းတို့ဖြင့် ခွဲခါ၍ မရနိုင် ဖြစ်ပေလိမ့်မည်။ စုံတွဲတစ်တွဲတွင် ဆိတ် သို့မဟုတ် သေခြင်းခုနစ်ပါး နက္ခတ်များ ရှ်ိခဲ့ပါလျှင် အေးအေးချမ်းချမ်း‌ နေထိုင်ခြင်း သို့မဟုတ် အေးချမ်းစွာ လမ်းခွဲခြင်းဆီသို့ တစ်ဖြည်းဖြည်း ဦးတည်သွားနိုင်သည်ဆိုသည့် ဖြစ်ရပ်အချို့ကို ဖတ်ခဲ့ဖူးပေသည်။

သို့သော် စုံတွဲတစ်တွဲ၏ ကံကြမ္မာတွင် ဆိတ် သို့မဟုတ် သေခြင်းခုနစ်ပါးနှင့် အနီရောင်ဇာမဏီတို့ ဆုံတွေ့ပါလျှင်မူ ထိုလက်ထပ်ပွဲမှာ အပြောင်းအလဲတို့ဖြင့် ချည်နှောင်ကာ ထိုစုံတွဲမှာလည်း တစ်သက်လုံးရန်ဖြစ်စကားများဖွယ် ကိစ္စရပ်များကို ပိုင်ဆိုင်ရမည်ဖြစ်သည်။

"ဒါဆို ဒီနေ့ ဧကရီက မီးအနီရောင် ပြောင်းတဲ့အချိန်မှာ ထွက်သွားတဲ့ အရှင်နဲ့ တွေ့မှာလား ဒါမှမဟုတ် နောက်မှာ ကျန်ခဲ့တဲ့ အရှင်နောက်တစ်ယောက်နဲ့ တွေ့မှာလား ..."

"သေခြင်းခုနစ်ပါး ... ပြောဖို့ခက်တယ် ..."

အဂ္ဂိရက်ဆရာသည်လည်း အနည်းငယ် ရှုပ်ထွေးနေသည့်ဟန်။ ဝမ်းနည်းပက်လက်ဖြစ်နေသည့် အမတ်အိုကြီးကို တွေ့လိုက်ရသည့်အခါ သူက နှစ်သိမ့်ပေးလိုက်သည်။

"ဒါပေမယ့် အနီရောင်ဇာမဏီနဲ့ဆို အဆုံးသတ်က အရမ်း မဆိုးလောက်ပါဘူး ..."

တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် ခေါင်းတလားထဲတွင် အလောင်းကို မီးစွဲနေသည့် မီးရောင်တစ်ခုတည်းသာ ထွန်းလင်းနေသည်။

ယွင်ချင်းစီ၏ မျက်လုံးတို့ နီမြန်းသွားတော့၏။

သူနှင့် လီယင်းအား မီးတောက်များက ဝါးမျိုသွားသည်ကို စောင့်ကြည့်နေလိုက်သည်။ လက်ချောင်းတို့ဆီမှ အနွေးဓာတ်ကို ခံစားရကာမှ သူ့ကိုလည်း မီးစွဲနေပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

လက်ဖဝါးတစ်ခုလုံး မီးလောင်နေသည့်တိုင် ပူပြင်းမှုကို မခံစားရ။ လီယင်းက သူ့ကို တိတ်တဆိတ် ထွေးပွေ့ပေးထားသည့်နှယ် နွေးထွေးမှုကိုသာ ခံစားနေရသည်။

သူ့ကို ကြောက်ရွံ့ကာ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အဝေးသို့ ပြေးထွက်သွားသော မြွေတို့ကို ပြန်လည်ကာ တွေးလိုက်မိ၏။

လီယင်း ဖြစ်နေခဲ့တာပဲ ...

လီယင်း၏ အသွေးအသားကို စားသောက်ကာ ကြီးပြင်းလာသည့် အဆိပ်ရှိသတ္တဝါများ ဖြစ်သည့်အလျောက် သူ့ကို မနာကျင်‌နိုင်စေရန် အဝေးသို့သာ ရှောင်ပြေးသွားကြသည်။ ထို့အပြင် သွေးကို အခြေခံကာ ပြုလုပ်ထားသည့် မီးအိမ်မှာလည်း လီယင်း၏ စွဲလမ်းစိတ်ဖြင့် ဖန်တီးထားခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ယွင်ချင်းစီကို လောင်ကျွမ်းစေမည်မဟုတ်။

နောက်ဆုံးတွင် အနီရောင်မီးတောက်က အခေါင်းထဲတွင် လဲလျောင်းနေသော ယွင်ချင်းစီကို အပြည့်အဝ ဝါးမျိုကာ ခေါ်ဆောင်ယူငင်သွားတော့သည်။

သူ ပြန်လည်မွေးဖွားလာနိုင်သည်မှာ မထူးဆန်းတော့။ လီယင်း၏ စွဲလမ်းစိတ်တို့ အခြေတည်ရာ မီးအိမ်ကို ကိုင်ဆွဲပြီး ထိုနှစ်က သေကြောင်းကြံစည်ခဲ့သည့် သူ့ရုပ်အလောင်းကို ကိုယ်တိုင် မီးရှို့မိခဲ့၍ဖြစ်သည်။

သူ၏ ပြန်လည်မွေးဖွားလာခြင်းမှာ မတော်တဆ မဟုတ်။ စိတ်လိုလက်ရဖြင့် လိုက်လာခဲ့ခြင်းဖြစ်ပေသည်။ သတ်သေပြီးနောက် လီယင်း၏ အနောက်သို့ လိုက်ခဲ့သည့် မှတ်ဉာဏ်များ မရှိတော့သည်မှာ နှမြောဖွယ်ရာပင်။

ထို့ကြောင့် လီယင်းကလည်း သူ(ယွင်ချင်းစီ) ပြန်လည် မွေးဖွားလာလိမ့်မည်ဟုပင် ထင်မှတ်မထားခြင်းဖြစ်သည်။

လီယင်းက သူ၏ ဝဋ်ကြွေးကြောင့်သာ ယွင်ချင်းစီ ပြန်လည်မွေးဖွားလာသည်ဟုပင် ထင်မြင်နေခဲ့သည်။

ယွင်ချင်းစီက မီးတောက်တို့ တစ်ဖြည်းဖြည်း ငြိမ်းသက်ကာ မီးစသေးသေးလေးများသာ ကျန်ရစ်သည်အထိ ခေါင်းတလားထဲတွင် ဆောင့်ကြောင့်ထိုင်ကာ စောင့်နေလိုက်သည်။

အမှောင်ထဲတွင် ထိုင်နေရင်း အတိတ်ဘဝကို ပြန်လည်ကာ စဉ်းစားငေးမောနေ‌လိုက်သော်ငြား အသိစိတ် ပြန်ဝင်လာသည့်အခါ သူ့စိတ်တစ်ခုလုံး ဗလာဖြစ်နေကြောင်း သတိပြုမိသွားတော့သည်။

တစ်ယောက်ယောက်က သူ့အမည်ကို ခေါ်နေသည်အား ကြားလိုက်ရသော်လည်း လျစ်လျူရှုထားလိုက်၏။

အသံတစ်ခုကို ကြားလိုက်ရသည်အထိပင်။

"အရှင် ... အရှင် ..."

လီယင်း ...

ပိတ်ထားသည့် ခေါင်းတလားထဲရှိ မီးတောက်အသေးလေး လှုပ်ယမ်းနေကာ အရိုးစုနှစ်ခုမှအပ မည်သည့်အရာမှ မရှိတော့ချေ။ 

ထိုမီးတောက်မှာလည်း နောက်ဆုံးတာဝန်ကို ပြီးမြောက်သွားသည့်နှယ် ချက်ခြင်း မီးငြိမ်းသွားတော့၏။

ယွင်ချင်းစီလည်း အိပ်ယာမှ နိုးလာကာ တစ်ဖက်သို့ လှည့်လိုက်သည့်အခါ ကုတင်ခေါင်းရင်းတွင် လဲလျောင်းနေသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူက သူ့လက်တို့ကို ညင်သာစွာ ကိုင်ထားကာ ယွင်ချင်းစီမှာလည်း သူ့မျက်နှာကို မမြင်ရသေးသည့်တိုင် လက်တို့ကို တွေ့လိုက်ရုံမျှဖြင့်ပင် မည်သူဖြစ်ကြောင်း သိလိုက်၏။

လျှိုကျီရူက လီယင်းကို အနားယူရန် ဖြောင်းဖျလိုခြင်းဖြစ်ကာ ယွင်ချင်းစီ နိုးလာသည်ကို တွေ့လိုက်ရမည်ဟု မမျှော်လင့်ထားမိ။ တစ်ခဏမျှ ကြောင်အသွားပြီးကာမှ ဝမ်းသာအားရ ရေရွတ်လိုက်သည်။

"ဧကရီ ဧကရီ နိုးလာပြီ .. အရှင် .. ထပါဦး အရှင် ..."

"သူ့ကို မထိနဲ့ ..."

ယွင်ချင်းစီက "သူ အနားယူပါစေ" ဟု ပြောမည်ပြုစဉ်မှာပင် လက်တစ်ဖက်က သူ့လက်ချောင်းတို့အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်ကို ခံစားမိလိုက်သည်။

လီယင်းက တစ်ဖြည်းဖြည်း မော့ကြည့်လာ၏။

သူ့မျက်နှာမှာ ဖြူရော်လွန်း၍ အပြာရောင်ဘက်သို့ ကူးပြောင်းလုမတတ်ပင်။ မျက်လုံးအောက်ရှိ အနက်ရောင်အရိပ်တို့မှာလည်း ပို၍ပင် ကြီးမားလာသည့်ဟန်။ ထိုတစ်ခဏ၌ ယွင်ချင်းစီသည် အတိတ်ဘဝက တစ္ဆေလိုလီယင်းကို ပြန်တွေ့ရလေသလားဟုပင် ထင်မိတော့သည်။

"နိုးလာပြီပဲ..."

လီယင်း၏ မျက်လုံးတို့ ပြူးကျယ်လာကာ ပြောလိုက်သည်။

"ဧကရီအတွက် စားစရာ ပြင်ဆင်ခဲ့ ..."

သူ့ပုံစံမှာ အတော်လေး အသက်ရသွားသည့်နှယ် ပေရေနွမ်းလျနေ၏။ အိပ်ချင်စိတ်တို့ ပျောက်ကွယ်သွားရန် အလို့ငှာ ယွင်ချင်းစီ၏ လက်ကို လွှတ်ပေးပြီး ခေါင်းကို ခါယမ်းလိုက်သည်။ ယွင်ချင်းစီသည် သူ့ခန္ဓာကိုယ်ကို တစ်စစီ ကိုက်စားဝါးမြိုနေသည့် ပိုးကောင်တို့အား မောင်းထုတ်ပေးနိုင်စွမ်း ရှိနေသည့်နှယ်။ သူ့ကို ထိထားသရွေ့ နာကျင်မှုကို မခံစားရ၊ လွှတ်လိုက်မိသည်နှင့် တစ်ပြိုင်နက် ဆထက်တိုးကာ နာကျင်လာတော့သည်။

ယွင်ချင်းစီသည် လီယင်းကို စကားများစွာ ပြောလိုသော်ငြား သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပြန်တွေးမိပြီးနောက် မည်သို့ ပြောရမည်မှန်း မစဉ်းစားတတ်တော့ချေ။

သုန်မှုန်စွာဖြင့်သာ လက်ကို ပြန်ဆွဲယူလိုက်တော့၏။

များမကြာမီ ဆန်ပြုတ်ခပ်ကျဲကျဲ တစ်ပန်းကန် ရောက်လာကာ လီယင်းက ခေါင်းရင်းရှိ စားပွဲခပ်သေးသေးပေါ်သို့ တင်လိုက်သည်။ ဇွန်းကိုကိုင်ကာ အနေတော် တစ်လုပ်စာမျှခပ်ပြီး ပြောလိုက်သည်။

"အမတ်ချုပ်အိမ်တော်ကို သွား ..  ဧကရီ နိုးလာပြီလို့ အကြောင်းကြားလိုက် ..."

ရင်ရှီက ဝမ်းသာအားရ ပြောလိုက်သည်။

"လူလွှတ်ပြီးသွားပါပြီ ..."

ထိုအခါမှ ယွင်ချင်းစီလည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားတော့သည်။

"မင်း .. မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ ..."

ခဏလေးပဲ အိပ်လိုက်မိတာပါ ဘယ်လိုဖြစ်ပြီး လူတိုင်း အလေးချိန်တွေ ကျကုန်ကြတာလဲ ...

"မင်းက လဝက်လောက် အိပ်နေခဲ့တာ ..."

လီယင်းက ဆန်ပြုတ်ကို မွှေကာ ဇွန်းဖြင့်ခပ်ပြီး သူ့ပါးစပ်နားသို့ တိုးပေးရင်း ပြောလိုက်သည်။

"တစ်ခုခု အရင်စားထားလိုက်..."

ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ အနေရခက်စွာဖြင့် လက်ကို ဆန့်ထုတ်ပြီး ပြောလိုက်သည်။

"ကိုယ့်ဘာသာကိုယ်ပဲ စားမယ် ..."

ဇွန်းကို ကိုင်ထားသည့် လီယင်း၏ လက်တို့ ပိုမိုတင်းကြပ်လာတော့သည်။

ယွင်ချင်းစီက မျက်လုံးပင့်ပြလိုက်ကာမှ ပန်းကန်ကို သူ့လက်ထဲ ထည့်ပေးလိုက်တော့သည်။

ယွင်ချင်းစီက ဆန်ပြုတ်ကို သူကိုယ်တိုင် ခပ်သောက်ရင်း လီယင်းကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။

သူ့ရှေ့တွင် ရှိနေသူမှာ လီယင်းအစစ်ဖြစ်ကြောင်း သူကိုယ်တိုင်လည်း သိနေသည်။ သူ့ကို မမြင်နိုင် မကြားနိုင်စဉ်က စကားများ တရစပ် ပြောနိုင်ခဲ့သော်ငြား ယခု သူ့ကို မြင်နေကြားနေရသည့်အတွက် ရုတ်ချည်းဆိုသလို ပြောစရာစကား မရှိတော့ပေ။

ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ...

အိပ်မပျော်ခင်က အရမ်း ခက်ခက်ထန်ထန်နဲ့ သူ့ကို မောင်းထုတ်ချင်နေခဲ့တာလေ ...

အခုကျမှ ဘယ်လိုမျိုး သိပ်ပြီး မခက်ထန်တဲ့ စကားတွေကို ပြောနိုင်မှာလဲ ...

လီယင်းက ဘေးတွင်ထိုင်ကာ သူ့ကို စိုက်ကြည့်နေ၏။ မည်သည်ကို တွေးနေကြောင်းကိုမူ မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။

ယွင်ချင်းစီက နောက်ထပ်တစ်လုပ် ထပ်သောက်ရင်း စကားလမ်းကြောင်းရှာလိုက်သည်။

"ဒီရက်တွေထဲ ကောင်းကောင်း မအိပ်ဘူးလား မအိပ်ရသေးရင် သွားအိပ်လေ ..."

လီယင်း၏ မျက်တောင်တို့ အနည်းငယ် တုန်ရီသွားတော့သည်။ သူက ယွင်ချင်းစီကို တစ်ခဏမျှ စိုက်ကြည့်ပြီးကာမှ ပြောလိုက်သည်။

"ကောင်းပြီ ..."

မတ်တပ်ရပ်ကာ အပြင်ထွက်သွားသူကို လိုက်ကြည့်ရင်း ယွင်ချင်းစီ၏ အမူအယာတို့က သုန်မှုန်လာတော့၏။

ဒီတစ်ယောက်က ဘာလို့ ဒီလောက်အထိ စကားနားထောင်တတ်သွားရတာလဲ ...

တံခါးအပြင်သို့ ထွက်လာကာ တောက်ပ‌သည့် နေရောင်ကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် လီယင်းမှာ ချက်ခြင်း မူးဝေသွားတော့သည်။

ကျင်းဟွမ်က သူ့ကို အမြန် ကူတွဲပေးလိုက်၏။

"အရှင် ..."

ယွင်ချင်းစီက ပန်းကန်ကိုချကာ စောင်ကို လှပ်၍ အိပ်ယာထဲမှ ထွက်လာလိုက်သည်။ သူ လဝက်ခန့် အိပ်ပျော်နေခဲ့သည်ဆိုသည့် လီယင်း၏ စကားများမှာ အမှန်ဖြစ်နိုင်လောက်ပေမည်။ အိပ်ယာထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ခြေထောက်များ ပျော့ခွေကာ မြေပေါ်သို့ လဲကျသွားတော့သည်။ မေးစေ့နှင့် ကြမ်းပြင် တိုက်မိသွားသည့်အတွက် နာကျင်မှုကြောင့် မျက်ရည်စတို့ ထွက်ပေါ်လာတော့သည်။

လီယင်းက တံခါးဘောင်ကို ကိုင်လျက် သူ့ကို ကြည့်နေကာ ရင်ရှီက သူ့ကို အမြန် လာထူပေးလိုက်၏။

မေးစေ့ကို ပွတ်လိုက်လျှင် နီမြန်းနေသည့် ပွန်းရှဒဏ်ရာတစ်ခု ထွက်ပေါ်လာတော့သည်။

"ဘာကြည့်‌တာလဲ ..."

လီယင်း ".. ဂရုစိုက် ..."

ကျင်းဟွမ်၏ လက်ထဲရှိ အင်္ကျီစကို ပြန်ဆွဲယူကာ ထွက်သွားလိုက်သည်။

ယွင်ချင်းစီကလည်း သူ့နောက်သို့ လိုက်မသွားတော့။ ရင်ရှီက သူ့ကို အိပ်ယာဆီသို့ ကူတွဲပေးရင်း မကျေမနပ် ပြောဆိုသံများကို နားထောင်ပေးလိုက်သည်။

"သူ ငါ့ကို ရယ်သွားတာလား ..."

ရင်ရှီက ခေါင်းကို အမြန်ယမ်းပြလိုက်သည်။

"မဟုတ်ပါဘူး အရှင်က ဧကရီ့ဘေးမှာပဲ အနားမယူဘဲတောင် ရှိနေပေးခဲ့တာ လုံးဝ ရယ်မှာ မဟုတ်ပါဘူး ..."

"တကယ်လား ..."

"တကယ်ပါ ..."

ရင်ရှီက သူ့မျက်နှာကို အကဲခတ်ကာ အနည်းငယ် တုန့်ဆိုင်းသွားပြီးကာမှ ပြောလိုက်သည်။

"ပြီးတော့ အရှင်က ကတိ‌လည်းပေးခဲ့ပါသေးတယ် ..."

"ကတိ ဘာကတိလဲ ..."

"ဧကရီ အိပ်မောကျနေခဲ့တုန်းက အရှင်နဲ့ အမတ်ချုပ်ယွင်က စကားတွေ အများကြီး ပြောခဲ့ကြပြီး နောက်ဆူံးမှာတော့ အရှင်က သဘောတူခဲ့ပါတယ် .. ဧကရီ နိုးလာတာနဲ့ တစ်ပြိုင်နက် .. ကွာရှင်းပေးမယ်ဆိုပြီး ..."

ယွင်ချင်းစီ "..."

လီယင်းက ခြံဝင်းထဲမှ နှေးကွေးစွာဖြင့် ထွက်လာသည်။ တံခါးဝသို့ အရောက်၌ လှည်းထဲမှ အလောတကြီး ဆင်းလာသော အမတ်ချုပ်ယွင်နှင့် တွေ့လိုက်ရသည်။ အမတ်ချုပ်ယွင်က သူ့ကို ရေးကြီးသုတ်ပျာ အရိုအသေပေးလိုက်၏။

"အရှင် ..."

"သူနိုးလာပြီ ..."

ရှေ့တူရှုလျက် ငေးကြည့်နေသော လီယင်း၏ နှလုံးသားတစ်ခုလုံး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ကတိအတိုင်း ဘိုးဘေးခန်းမကို သွားပြီး လီမိသားစု မျိုးနွယ်စာရင်းထဲကနေ သူ့နာမည်ကို ထုတ်ပေးပါ့မယ် ..."

"အနာဂတ်မှာလည်း ကတိပေးထားတဲ့အတိုင်းပဲ ဆက်ဆံကြတာပေါ့ ..."

အမတ်ချုပ်ယွင်ကို ဖြတ်ကျော်လာစဉ် သူ့အသံမှာ တစ်ဖြည်းဖြည်း တိုးဝင်လာတော့သည်။

"သူ့ကိူ နောက်တစ်ကြိမ် အနိုင်မကျင့်တော့ဘူး ..."

အမတ်ချုပ်ယွင်က သူ့ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"အရှင့်ကို ကျေးဇူးတင်ပါတယ် ..."

လီယင်းက လှည်းဆီသို့ လျှောက်လာကာ လက်ကို အားပြုထောက်ထားလျက် ခေါင်းငိုက်စိုက်ချပြီး ရပ်နေလိုက်သည်။ ထို့နောက်တွင်မှ တစ်လှမ်းချင်း လှမ်းကာ အထဲသို့ ဝင်သွားတော့သည်။

လျှိုကျီရူက သက်ပြင်းချကာ ပြောလိုက်သည်။

"နန်းတော်ကို ပြန်ကြမယ် ..."

ရထားလုံး စတင်ရွေ့လျားကာ အစောင့်များကလည်း ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

အမတ်ချုပ်ယွင်က အခန်းထဲသို့ အလောတကြီး ဝင်လာလိုက်သည့်အခါ ကုတင်ကို အားပြုထားလျက် ဘယ်ပြန်ညာပြန် လမ်းလျှောက်နေသူကို တွေ့လိုက်ရသည်။

"ဒီကလေး .. နည်းနည်းပါးပါးလောက်တော့ လှဲနေပါဦးလား ..."

"လှဲနေတော့ရော ဘာထူးမှာလဲ ကျွန်တော့်ခြေထောက်တွေက အသူံးမှ မဝင်တာ ..."

ယွင်ချင်းစီက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူ့ပုံစံမှာ လွန်စွာ စိတ်ကသိကအောက် ဖြစ်နေဟန်ပင်။

အမတ်ချုပ်ယွင်က သက်ပြင်းချလိုက်ပြီးကာမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"အခုလေးတင် အရှင်နဲ့ တွေ့လာတာ သူက ဘိုးဘေးခန်းမကို သွားပြီး မင်းနာမည်ကို စာရင်းထဲက ဖျက်ပေးမယ်လို့ ကတိပေးသွားတယ် ဒါလည်း အဆိုးထဲက အကောင်းပဲ အခုတော့ စိတ်ချလက်ချ နေလို့ရပြီ ..."

"... ဘိုးဘေးခန်းမကို ဘယ်အချိန် သွားမယ်လို့ ပြောသွားလဲ ..."

"နှစ်ရက်အတွင်း ဖြစ်လိမ့်မယ် ..."

သူက သက်ပြင်းချလိုက်သည်။

"ဒီနေ့တော့ မဟုတ်လောက်ဘူး ... အရှင် .. သူလည်း ပြန်ပြီး ကောင်းကောင်းအနားယူရဦးမှာပေါ့ ..."

ယွင်ချင်းစီက မျက်ခုံးတို့ကို တွန့်ကွေးကာ ခြေထောက်ကို ဘယ်ညာလွှဲလျက် သုန်မှုန်စွာဖြင့် ပြောလိုက်သည်။

"ဒီရက်ထဲ သူ ကောင်းကောင်း မအိပ်ဘူးလား တော်တော်လေး ပိန်သွားသလိုပဲ ..."

မအိပ်ရုံသာမက စားလည်း မစားခဲ့ပေ။ သို့သော် အမတ်ချုပ်ယွင်က ယွင်ချင်းစီ နောက်တစ်ကြိမ် စိတ်ပြန်ယိုင်သွားမည်ကို စိုးရိမ်သောကြောင့် မပြောခဲ့ပေ။ အေးအေးချမ်းချမ်း လမ်းခွဲခြင်းကို စောစောစီးစီး လုပ်ဆောင်နိုင်လေ ပိုကောင်းလေပင်ဖြစ်သည်။

ယွင်ချင်းစီမှာ စိတ်ဖိစီးလာကာ အိပ်ယာမှထ၍ တစ်အိမ်လုံးအနှံ့ ဘယ်ပြန်ညာပြန် လမ်းလျှောက်နေလိုက်တော့သည်။ 

အမတ်ချုပ်ယွင်က ပြောလိုက်သည်။

"ဒီတစ်ခေါက် မင်းလုပ်တာ အကုန်လုံး လန့်ပြီး သေကြတော့မလို့ အရှင်က နက္ခတ္တဌာနက အရာရှိတွေ အကုန်လုံးကိုတောင် ဖိတ်ကြားထားတာ သူတို့က မင်းသာ မနက်ဖြန်အထိ နိုးမလာသေးရင် ဝိဉာဉ်ခေါ်ပွဲ လုပ်တော့မလို့ ..."

ယွင်ချင်းစီက သူ့ဝိဉာဉ်ကို စောစောစီးစီး ပြန်ခေါ်ခဲ့ပါလျှင် ပို၍ ကောင်းပေဦးမည်ဟု တွေးလိုက်မိသည်။

သိူ့သော် အသေအချာ ပြန်စဉ်းစားကြည့်သည့်အခါ သူသာ စောစောစီးစီး အနှိုးခံလိုက်ရပါလျှင် လီယင်း၏ နောက်ဆုံး စွန့်လွှတ်မှုကို မမြင်နိုင်၊ ထိုမြွေတို့ကိုလည်း သတ်ဖြတ်ကာ လက်စားချေနိုင်မည် မဟုတ်သည့်အတွက် ထိုအကြံကို ချက်ခြင်း ပယ်ချလိုက်သည်။

"လမ်းမလျှောက်နဲ့တော့ ..."

အမတ်ချုပ်ယွင်က သူ့ကို လှမ်းဆွဲလိုက်သည်။

"အခုမှ နိုးလာတာ ခန္ဓာကိုယ်က ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာ ဘယ်သူမှ မသိဘူး သမားတော်တစ်ယောက်လောက် ရှာပြီး စစ်ဆေးကြည့် ..."

ယွင်ချင်းစီက ရပ်တန့်ကာ လှူပ်ရှားလာပြီဖြစ်သည့် သူ့ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။

"သမားတော်ကို ဒီအထိ လာဖို့ ဒုက္ခပေးနေရမှာ ..."

သူက ပြောလိုက်သည်။

"ကိုယ့်ဘာသာကိုယ်ပဲ တော်ဝင်ဆေးကုသဆောင်ကို သွားလိုက်ပါ့မယ် ..."

ထိုအကြံမှာ လွန်စွာ ကောင်းမွန်လှသည်ဟု ခံစားမိသည့်အတွက် ချက်ခြင်း ကြေးမုံမှန်ရှေ့ သွားရပ်ကာ ရင်ရှီကို ပြောလိုက်သည်။

"ငါ့ကို ခေါင်းလာဖြီးပေး ..."

အမတ်ချူပ်ယွင်က မယုံကြည်နိုင်ဟန်ဖြင့် သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"တော်ဝင်ဆေးကုသဆောင်ကို ကိုယ်တိုင် သွားမလို့လား ..."

"အာ ဟုတ်တယ်လေ ..."

ယွင်ချင်းစီက ပိရိစွာ ပြောလိုက်သည်။

"သမားတော်ကို လိုက်ရှာခိုင်းရတာ အတော်လေး ဒုက္ခများတယ် မဟုတ်လား အခု နေရတာ မသက်မသာ ဖြစ်နေတော့ ကိုယ်တိုင်သွားလိုက်တာ ပိုကောင်းမယ်ထင်တယ် နန်းဆောင်က အစေခံတွေဆီပါ တစ်ခါတည်း ရောက်ပြီးသား ဖြစ်တာပေါ့ ..."

အမတ်ချုပ်ယွင်က ပြောလိုက်သည်။

"မြို့ထဲက သမားတော်ကိုပဲ ပင့်လိုက်ပါ့လား ..."

"အိုး မဟုတ်ဘူး အခု ..."

သူက ခါးသီးသည့် မျက်နှာဖြင့် ပြောလိုက်သည်။

"အေးလာသလိုပဲ ..."

"အင်္ကျီ ထပ်ဝတ်မလား ..."

".. ပူလာပြန်ပြီ ..."

အမတ်ချုပ်ယွင်ထက် ဦးအောင် ကြိုပြောလိုက်သည်။

"နည်းနည်းလေးလည်း ယားနေတာ ဘယ်နေရာက ဘယ်လိုဖြစ်နေတာလဲ မပြောတတ်ပေမယ့် တကယ်ကို နေလို့ အဆင်မပြေဘူး ကိုယ့်ဘာသာကိုယ် သွားလိုက်တာပဲ ကောင်းပါတယ် အဲဒါမှ ဒီသမားတော်နဲ့ မပျောက်ရင် နောက်တစ်ယောက် တန်းရွေးလို့ ရမှာ ..."

အမတ်ချုပ်ယွင် "..အန်း ..."

ဒါက ယုတ္တိရှိတယ် မဟုတ်လား ...