အပိုင်း ၆၆
Viewers 13k

Chapter 66




ယွင်ချင်းစီသည် အချိန်အတော်ကြာ အိပ်မောကျနေခဲ့ရာ ဗိုက်ဆာသည့် ခံစားချက်နှင့် ခြေထောက်တို့ကို အချိန်ကြာမြင့်စွာ အသုံးမပြုနိုင်ခြင်းတို့အပြင် အနည်းငယ်လည်း နေရခက်သည့် ခံစားချက်မျိုး ခံစားနေရပေသည်။

သူ အဝတ်အစား လဲနေစဉ် အမတ်ချုပ်ယွင်က လက်ဖက်ရည်တစ်ခွက် သောက်ရင်း တစ်ခုခုကို ထိုင်ကာ တွေးနေသည်။

"ဒါနဲ့ အစ်ကိုကြီးရော ..."

သူ မေးလာကာမှ အမတ်ချုပ်ယွင်က ပြန်ပြောလိုက်သည်။

"သူလည်း မနားရပါဘူး လမ်းလျှောက်လို့ ရတာနဲ့ မင်းရဲ့ အစ်ကို(၂) နဲ့အတူတူ အမှုစုံစမ်းဖို့ ထွက်သွားလေရဲ့ ..."

"အစ်ကိုတွေရော အကုန် အဆင်ပြေရဲ့လား ..."

"အားလုံး အလုပ်များနေကြတော့ မင်းအနား မနေပေးနိုင် ..."

အဓိကအနေဖြင့် လီယင်း ရှိနေကာ မည်သူကမှ သူ့ကို ပြန်ရန် နားမချနိုင်သည့်အတွက် သူတို့သာ အပြင်ထွက်၍ လုပ်စရာရှိသည်များကို ‌လုပ်ဆောင်နေလိုက်ရတော့သည်။ အမတ်ချုပ်ယွင်က တစ်ခဏမျှ ရပ်ကာ ဆက်ပြောလိုက်သည်။

"အရှင့်ဆီကနေ ကွာရှင်းစာ ရောက်တာနဲ့ တစ်ပြိုင်နက် အဖေက မင်းစကား နားထောင်ပြီး မင်းကို ဂရုစိုက်ပေးမယ့် ကုန်သည်တစ်ယောက် ရှာပေးမယ် ..."

"ကျွန်တော့်မှာ ကျင်းဟွမ်နဲ့ ရင်ရှီ ရှိနေတာပဲ ဘယ်သူ့ကိုမှ မလိုပါဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ဆေးကုသဆောင်ကို သွားလိုက်ဦးမယ် ..."

အမတ်ချုပ်ယွင်က သူ့ကို လိုက်ကြည့်နေကာ အလွန်အမင်း နေရခက်နေသည့်နှယ် ပြင်းပြင်းထန်ထန် လမ်းလျှောက်သွားသည်ကို တွေ့လိုက်ရသည့်အခါ မျက်ခုံးတို့ တွန့်ကျုံ့သွားတော့သည်။

ယွင်ချင်းစီမှာ နိုးလာပြီးကတည်းက ယခင်နှင့် မတူတော့ဟု ခံစားနေရသည်။ ယခင်ထက် ပိုမိုကာ အင်အားပြည့်ဝ တက်ကြွလာသည့်နှယ်။

ယွင်ချင်းစီက လှည်းအနီးသို့ပင် ရောက်နေပြီဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျ တက်လိုက်မည်ပြုစဉ် ခွေးခြေခုံကို ကိုင်ကာ ရောက်လာသည့် ရင်ရှီအား တွေ့လိုက်ရသည့်အတွက် သူ့ကို စိတ်ရှည်ရှည် စောင့်ဆိုင်းပြီးမှသာ ခွေးခြေဖြင့် တက်လိုက်သည်။

အနည်းငယ် စိုးရိမ်ပူပန်လာ၏။

ထိုသည်မှာ မကောင်းသည်တော့ မဟုတ်ပေ။

လီယင်းကိုတွေ့ကာ အတိတ်ဘဝ၏ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြရန် မစောင့်နိုင်တော့။ သို့သော် မျက်လုံးတို့ကို မှိတ်ထားကာ လီယင်းနှင့် မျက်နှာချင်းဆိုင်ရမည့်အကြောင်း တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့နှလုံးသားမှာ ဧရာမကျောက်တုံးကြီးဖြင့် ဝင်တိုက်မိသည့်နှယ် ခံစားလိုက်ရတော့သည်။

လီယင်းက အတိတ်ဘဝက သူ့အသားကို လှီးဖြတ်၍ မြွေစာကျွေးကာ ယဇ်ပူဇော်ခဲ့သည့် မြင်ကွင်းအား အိပ်မက်မက်စေလိုမည် မဟုတ်ပေ။ သရဲတစ်ကောင်နှယ် တစ်ကိုယ်လုံး အမာရွတ်တို့ဖြင့် ပြည့်နှက်နေကာ ယွင်ချင်း‌စီ၏ ရှေ့တွင်ပင် အရိုးစုအဖြစ် ပြောင်းလဲသွားသည့်အကြောင်း သိစေလိုမည် မဟုတ်။

သူ့ကို ဘယ်လို ပြောရမလဲ ...

ယွင်ချင်းစီမှာ စိုးရိမ်စိတ်တို့ ဖိစီးလာလေ နှလုံးသားတစ်ခုလုံး ကသောင်းကနင်း ဖြစ်လာလေပင်ဖြစ်သည်။

နဖူးကို ဖိကိုင်လျက် အတွေးနွံထဲ နစ်နေစဉ်မှာပင် နန်းမြို့တော်သို့ ဆိုက်ရောက်လာတော့သည်။

သူ့တွင် ခွင့်ပြုမိန့် ပါလာ၏။ အကယ်၍ မပါသည့်တိုင် သူ့မျက်နှာကို မြင်လိုက်သည့် မည်သည့်အစောင့်မဆို တားမြစ်ရဲမည် မဟုတ်ပေ။

လှည်းကို တော်ဝင်ဆေးကုသဆောင်ဆီသို့ ဦးတည်မည်ပြုလိုက်သော်လည်း သူက ပြောလိုက်သည်။

"ချောင်ယန်နန်းဆောင်ကိုသွား ..."

ရင်ရှီက သူ့ကို စူးစမ်းလိုသည့် အကြည့်တို့ဖြင့် ကြည့်လာသည့်အတွက် နေရခက်စွာ ပြောလိုက်သည်။

"မှန်လုံအိမ်ထဲက ပန်းပင်လေးတွေကို သွားကြည့်မလို့ ငါ အရမ်းကြိုက်တဲ့ ပန်းအိုးတွေကို တစ်ခါတည်း ယူလာချင်လို့လေ ..."

လီယင်းက တုန့်ဆိုင်းစွာဖြင့် တီးတိုးပြောလိုက်သည်။

"နောက်ဆုံးတစ်ခေါက် အရှင့်ဆီကနေ ထွက်သွားမယ်လို့ လုပ်ခဲ့တုန်းက အဲဒီ့ပန်းအိုးတွေအကုန် အမတ်ချုပ်အိမ်တော်ကို ရွှေ့လာပြီးပြီ မဟုတ်လား ..."

"အဲဒီ့တုန်းက ယူဖို့မေ့နေတာ တစ်အိုး ရှိနေသေးတာကို သတိရသွားလို့ ..."

ယွင်ချင်းစီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"စိတ်ရှိသလား ..."

"ဒီငယ်သားက မလုပ်ဝံ့ပါဘူး ..."

ရင်ရှီက ခေါင်းကို အမြန် ငုံ့ချလိုက်သည်။

ယွင်ချင်းစီကလည်း အနည်းငယ် ဒေါသထွက်သွားသည့်ဟန်။  အင်္ကျီစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

အားလုံး လီယင်းရဲ့ အပြစ်တွေပဲ .. လီယင်းကိုပဲ အပြစ်တင်ရမှာ ပြန်ပြီး မွေးဖွားမလာခင် ဒီလိုမျိုးတွေ ပေးဆပ်ခဲ့ရတယ် ဆိုတာကိုရော ပြီး‌တော့ သူ(ယွင်ချင်းစီ) ကလည်း သူ့သဘောနဲ့သူ ပြန်မွေးဖွားဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ သိမှမသိတာ နှစ်ယောက်လုံး ပြန်မွေးဖွားလာတာ တိုက်ဆိုင်လို့ ဆိုပြီးပဲ ထင်ခဲ့တာကို .. ပြန်လည်မွေးဖွားလာမှတော့ သေချာပေါက် လီယင်းကို လက်စားချေရမှာပေါ့ ...

ဘာမှ အပြစ်ရှိသလို ခံစားနေရစရာ မရှိဘူး ...

ယွင်ချင်းစီမှာ ပြာယာခတ်သွားတော့သည်။

လီယင်းက သူ့ကို စိတ်ရောဂါရှိနေသည်ဟုပင် ခံစားရပေလိမ့်မည်။ ကွာရှင်းပြတ်စဲရန် တောင်းဆိုရုံသာမက လီယင်းကို သွေးအန်သည်အထိ ဒေါသထွက်စေခဲ့သည်။ သူနှင့် စကားပြောရန်လည်း ငြင်းဆန်ခဲ့ကာ ယခု လီယင်းဘက်မှ ကွာရှင်းပေးရန် သဘောတူသည့် အချိန်ရောက်ကာမှ နန်းတော်ထဲသို့ ပြန်ရောက်လာပြန်သည်။

လီယင်းကို ဘယ်လို ပြောရမလဲ ...

လက်ချောင်းတို့ကို လိမ်နေရင်း သက်ပြင်းဖွဖွ ချလိုက်သည်။

အတိတ်ဘဝတွင် လီယင်းသည် ချောင်ယန်နန်းဆောင်၌သာ နေထိုင်ခဲ့ရာ ယခုဘဝတွင်လည်း သူ ထွက်သွားပြီးနောက် ချောင်ယန်နန်းဆောင်တွင် နေနေလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

နန်းဆောင်အနီးသို့ ရောက်လာလေ ရင်တုန်မိလာလေပင်။ လီယင်းကို ချောင်ယန်နန်းဆောင်တွင် တွေ့ရရန်ရော မတွေ့ရန်ပါ မျှော်လင့်မိနေတော့သည်။ အကြောင်းမှာ သူနှင့် မျက်နှာချင်းဆိုင်ကာ မည်သည့်အရာမှ ဖြစ်မထားသည့်နှယ် အိပ်မက်ထဲတွင် တွေ့ခဲ့သမျှ အားလုံးကို မည်သို့မည်ပုံ ပြောရမည်မှန်း မသိ၍ ဖြစ်သည်။ 

လှည်းက ချောင်ယန်နန်းဆောင်အရှေ့တွင် ရပ်တန့်သွားသည်။ ယွင်ချင်းစီက အေးစက်သည့် မျက်နှာဖြင့် လှည်းပေါ်မှ ဆင်းလာကာ တံခါးဝတွင် ရပ်ပြီး လက်ချောင်းတို့ကို တင်းကြပ်စွာ ဖျစ်ညှစ်လိုက်ပြီးကာမှ အထဲသို့ ဝင်လာလိုက်သည်။

အရာအားလုံး မပြောင်းမလဲ တည်ရှိနေသော်လည်း ၎င်းကိုပင် ဂရုမစိုက်အား။ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကိုသာလျှင် အလိုလို လိုက်ရှာနေမိတော့သည်။

ပန်းစိုက်သည့်အခန်း၊ ပင်မခန်းမဆောင်သာမက ရေချိုးခန်းထဲတွင်ပင် လူတစ်ဦးတစ်ယောက်မှ ရှိမနေ။

အခြားအခန်းများကိုမူ ကြည့်မနေတော့။

အပြင်ဘက်ရှိ နှစ်ယောက်ထိုင် ကုလားထိုင်တွင် ထိုင်လိုက်ထလိုက်ဖြင့် ဆောက်တည်ရာမရ ဖြစ်နေတော့သည်။

ကျင်ဟွမ်က စိတ်မပူဟန်ဆောင်နေသည့်တိုင် ဟော့ပေါ့အိုးထဲ ပြုတ်ကျသွားသည့် ပုရွက်ဆိတ်တစ်ကောင်နှယ် ယောက်ယက်ခတ်နေသော ယွင်ချင်းစီကိုတစ်လှည့် ရင်ရှီကိုတစ်လှည့် အကဲခတ်နေလိုက်သည်။

သူက ပြောလိုက်သည်။

"ဧကရီ အပြန်ပြန်အလှန်လှန် သွားမနေရအောင် ကျန်းရှန်းနန်းဆောင်အထိ သွားပြီး အရှင့်ဆီ‌ကနေ ကွာရှင်းစာပါ တစ်ခါတည်း တောင်းလာချင်လား ..."

ယွင်ချင်းစီက ချက်ခြင်း မတ်တပ်ထရပ်လိုက်သည်။

"ဟုတ်တယ် သူ့ကိုပဲ သွားရှာလိုက်မယ် ..."

နန်းတော်ထဲတွင် လှည်းစီးခွင့် မပြုထားသည့်အတွက် သွက်လက်စွာဖြင့် ခြေကျင်လျှောက်လာလိုက်၏။ ကျန်းရှန်းနန်းဆောင်သို့ မနားမနေ ဆက်တိုက် လျှောက်လာကာ နန်းဆောင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ရပ်တန့်လိုက်သည်။

ခြေလှမ်းတို့ကို အရှိန်နှေးကာ တစ်လှမ်းချင်း လျှောက်လာစဉ် သူ့ကို မြင်လိုက်သည့် ယွမ်ပေါင်က အလောတကြီး‌ ရောက်လာ၏။

"ဧကရီ ..."

"အရိုအသေ ပေးနေဖို့ မလိုဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အရှင်ရော ..."

"အရှင်က အထဲမှာပါ အခုလေးတင် ပြန်ရောက်ပြီး အနားယူနေပါတယ် ဧကရီ ..."

"သူနဲ့ လုပ်စရာလေးရှိလို့ လာရှာတာ ..."

ယွင်ချင်းစီက အင်္ကျီစကို အသာမကာ လှေကားထစ်ပေါ် တက်လိုက်သည်။ အိပ်ခန်းထဲသို့ ရောက်သည့်အခါ သွေးစွန်းနေသည့် အတွင်းအင်္ကျီ အဖြူရောင်တစ်ထည်ကိုင်ကာ ထွက်လာသော လျှိုကျီရူနှင့် တွေ့လိုက်၏။

ယွင်ချင်းစီမှာ ပင့်သက်ရှိုက်မိသွားတော့သည်။ သူ့ကို မြင်သွားနှင့်ပြီဖြစ်သည့် လျှိုကျီရူက တီးတိုးပြောလိုက်၏။

"ဧကရီက ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာရတာပါလဲ ..."

"ကိုယ် .. ကိုယ်တော်က .. ကွာရှင်းစာစောင်ကို ယူ .. ယူဖို့ ရောက်လာတာ ..."

လျှိုကျီရူ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်တို့ ဖြတ်ပြေးကာ တီးတိုးပြောလိုက်သည်။

"ဧကရီ ကျေးဇူးပြုပြီး ဒီနားကို လိုက်ခဲ့ပေးပါ ..."

ယွင်ချင်းစီက အိပ်ခန်းကို ကာရံထားသည့် ကန့်လန့်ကာစကို စိုက်ကြည့်ပြီးနောက် ဘေးနားသို့ ခပ်ဖြည်းဖြည်း လိုက်လာလိုက်သည်။ လျှိူကျီရူက နီရဲနေသော မျက်ဝန်းများဖြင့် ပြောလိုက်၏။

"အရှင်က အခုလေးတင် သွေးအန်ထားပြီး လှဲနေတာပါ ဧကရီ ကျေးဇူးပြုပြီး အရှင့်ကို နည်းနည်းလေးလောက် ငဲ့ညှာပေးပါဦး သူ ပြန်သက်သာလာတဲ့အခါ ကွာရှင်းစာကို သေချာပေါက် ပို့ပေးပါလိမ့်မယ် ..."

ယွင်ချင်းစီက စကားတစ်ခွန်းမှမဆို။

"ဧကရီ အရှင်က ဒီရက်ပိုင်းမှာ အိပ်ကို မအိပ်နိုင်ခဲ့တော့ သူ့ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတော့ပါဘူး အခုလေးတင်မှ လဲလျောင်းနေတာ အဝတ်အစား လဲပြီးကာစဆိုတာ ဧကရီလည်း မျက်မြင်ပါပဲ ..."

ယွင်ချင်းစီက အိပ်ယာရှိရာဆီသို့ လျှောက်လာလိုက်သည်။ လျှိုကျီရူကလည်း အဆက်မပြတ် အသနားခံရင်း လိုက်ပါလာ၏။

"ဧကရီ ..."

"ဝင်ခိုင်းလိုက်ပါ ..."

အတွင်းထဲမှ စကားသံကို ကြားလိုက်ရသည့်အခါ ယွင်ချင်းစီ၏ ခြေလှမ်းတို့ ရပ်တန့်သွားတော့သည်။

လီယင်းက အိပ်မပျော်သေး။

လျှိုကျီရူက အသံတိတ်သွားသော်လည်း စိုးရိမ်နေဟန်ပင်။ ယွင်ချင်းစီ၏ လုပ်ရပ်များက လီယင်းအား‌ နောက်တစ်ကြိမ် အမျက်ထွက်စေမည်ကို စိုးရိမ်နေမိသည်။

ယွင်ချင်းစီကမူ သူ့အတွေးတို့ကို မသိ။ လိုက်ကာစကို မကာ အထဲသို့ ဝင်လာလိုက်၏။ လီယင်းက ကုတင်ပေါ်တွင် ထိုင်နေကာ သန့်ရှင်းဖြူဖွေးသည့် အင်္ကျီအသစ်ကို ပြောင်းလဲဝတ်ဆင်ထားပြီး ရှည်လျားလှသည့် ဆံပင်တို့ကို ဖြန့်ချထားသည်။ ထိုသို့ ဖြန့်ချထားသည့်အတွက် သူ့မျက်နှာမှာ ပို၍ပင် ဖြူရော်လာကာ မင်ရည်ထဲ အနှစ်ခံထားရသည့်နှယ်ပင်။

ယွင်ချင်းစီက အင်္ကျီအနားစကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သူ့အနားသို့ တရွေ့ရွေ့ ချဉ်းကပ်လာလိုက်၏။

လီယင်းက ဘာဖြစ်နေခဲ့တာလဲ သူ့ကျန်းမာရေးက ဘာလို့ ဒီလောက်အထိ ဆိုးဝါးနေရတာလဲ ဒီရက်ပိုင်းထဲ သူ့ကြောင့် အမျက်ထွက်ရတာ များလို့ပဲလား ...

သူသည် လီယင်းကို တမင်တကာ ပစ်မှတ်ထားကာ အမျက်ထွက်စေခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူနှင့် မျက်နှာချင်းဆိုင်ရမည်ကို မဝံ့မရဲ ဖြစ်နေခြင်းဖြစ်သည်။

သူ့တွင် မိုးကောင်းကင်တမျှ ကြီးမားလှသည့် အကြောင်းပြချက် ရှိသည့်တိုင် လီယင်းကို တမင်တကာ နာကျင်စေခဲ့သည်မှာတော့ အမှန်ပင်ဖြစ်သည်။

သူ့ကို ကြည့်နေ‌သည့် လီယင်းက သူ့စိတ်ထဲရှိ နေရခက်မှုတို့ကို သတိပြုမိသည့်ဟန် သက်ပြင်းချကာ ပြောလိုက်သည်။

"ထိုင်လေ ..."

သူက ဘေးသို့ လှည့်ပတ်ကြည့်ကာ တုန့်ဆိုင်းစွာဖြင့် ထိုင်ခုံတစ်လူံကို ရွှေ့လိုက်၏။

လီယင်းက သူ့ကို ကုတင်ပေါ် ထိုင်ခွင့်မပေး။ ထိုင်ခုံတစ်လုံးဖြင့်သာ ရှေ့တွင် လာထိုင်စေသည်။ သူ့လေသံမှာ လွန်စွာ ညင်သာလှ၏။

"ဘာဖြစ်လို့လဲ ..."

"ငါ ဒီကို ..."

ယွင်ချင်းစီက "ကွာရှင်းစာအတွက်" ဟူသည့် စကားလုံးအား မျိုချကာ ပြောလိုက်သည်။

"ရင်ရှီပြောတာတော့ ဒီရက်ထဲ မင်းက ငါ့ကို ဂရုစိုက်ပေးခဲ့တာဆို ..."

"မင်းအတွက် စိတ်မအေးလို့လေ..."

ယွင်ချင်းစီ၏ မျက်လုံးတို့ နီရဲသွားကာ ခေါင်းငိုက်စိုက်ချလျက် နှုတ်ခမ်းကို ကိုက်ထားလိုက်၏။ လီယင်းက ကုတင်ဘေးရှိ သကာရည် ဆမ်းထားသောသစ်သီးပန်းကန်ကို ယူကာ နူးညံ့စွာ မေးလိုက်သည်။

"စားချင်လား ..."

"မင်း .. ဘယ်အချိန်ကတည်းက စစားနေတာလဲ ..."

"ဒီရက်ပိုင်း ဆေးတွေ အများကြီး သောက်ရပြီး ခါးလည်းခါးတော့ ဒါမျိုးတစ်ပန်းကန် ကုတင်ဘေးမှာ တင်ထားပေးဖို့ ပြောထားတာ ခါးတာ သောက်ပြီးရင် ချိုတာလေး စားချင်လို့လေ ..."

အတိတ်ဘဝကလည်း မကြာခဏ ဆေးသောက်ခဲ့ရသည့်တိုင် ဤကဲ့သို့ ထုတ်ပြောသည်ကိုတော့ တစ်ခါမှ မကြုံခဲ့ရဖူးချေ။

သူက မလှုပ်မယှက် ထိုင်နေသည့်အတွက် လီယင်းက သကြားလုံးကို လက်ဖြင့် အနည်းငယ်ဖဲ့ကာ သူ့ပါးစပ်နား တိုးပေးပြီး ပြောလိုက်သည်။

"စားကြည့် ချိုတယ် ..."

သူ့အသံမှာ ယခင်အတိုင်း နူးညံ့နေဆဲပင်။ ယွင်ချင်းစီ၏ နှလုံးသားတစ်ခုလုံး ဆုပ်ကိုင်ချေမွခံလိုက်ရသည့်နှယ် နာကျင်လာတော့၏။ ငွေ့ရည်တို့ တစ်ဖြည်းဖြည်း ရစ်သိုင်းလာကာ နောက်ဆုံးတွင် လီယင်း၏ လက်ပေါ်သို့ စီးကျလာတော့၏။

လီယင်းက ယွင်ချင်းစီ၏ မျက်ရည်တို့ အဘယ်ကြောင့် စီးကျလာရကြောင်း မသိသည့်တိုင် သူ ဘယ်နေရာတွင် အမှားလုပ်မိခဲ့သလဲဟုသာ သုံးသပ်လိုက်သည်။ ယွင်ချင်းစီကမူ လက်ကိုမြှောက်လျက် မျက်နှာကို ရှက်ရွံ့စွာ အုပ်ထားလိုက်ပြီဖြစ်သည်။

ကျန်လက်တစ်ဖက်က ကုလားထိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမြဲပင်။ ပုခုံးတို့ တသိမ့်သိမ့် တုန်နေကာ ရှိုက်သံခပ်တိုးတိုးကိုလည်း တစ်ချက်တစ်ချက် ကြားနေရသည်။

လီယင်းက ကူကယ်ရာမဲ့စွာဖြင့် ငေးကြည့်နေကာ အသီးပန်းကန်ကို ပြန်ချပြီး ပြောလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ် ..."

ထိုစကား ကြားလိုက်သည့်အခါ ယွင်ချင်းစီက မျက်နှာကို အုပ်ထားသည့် လက်အား ပြန်ချလိုက်သည်။ မျက်ရည်တို့ဖြင့် စိုစွတ်နေဆဲ ဖြစ်သော်ငြား ဒေါသအရိပ်အယောင်တို့ လွှမ်းလာ၏။

"ဘာအတွက် တောင်းပန်ပြန်တာလဲ ..."

".. ကိုယ် မင်းကို လာမတွေ့ခဲ့သင့်ဘူး ကိုယ့်စိတ်ကို မထိန်းနိုင်လိုက်လို့ပါ မင်းကို အရှုပ်ထုပ်ကြားထဲ ဆွဲမထည့်ချင်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး စိတ်ပူနေဖို့ မလိုပါဘူး ..."

ယွင်ချင်းစီက ကွာရှင်းသည့်ကိစ္စကြောင့် ငိုသည်ဟုသာ တွေးလိုက်သည်။

ယွင်ချင်းစီက နှုတ်ခမ်းတို့ကို တင်းတင်းစေ့ကာ အတော်ကြာကာမှ ပြောလိုက်သည်။

"ဟုတ်တယ် မင်းရဲ့အမှားပဲ ငါ .. ငါက မင်းနဲ့ ကွာရှင်းဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား အခု မင်း .. မင်းက ငါ့ကို မင်းအပေါ် အကြွေးတင်နေသလိုကြီး ခံစားနေစေရတယ် ..."

လီယင်းက ထူထဲလှသည့် မျက်တောင်တို့ကို အောက်ချကာ နူးညံ့စွာ ပြောလိုက်သည်။

"ကိုယ်က မင်းကို အကြွေးတင်နေတာပါ အဲဒါကြောင့် မင်းစိတ်ကြိုက် ဆက်ဆံလို့ရတယ် ဒါကြောင့်နဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေဖို့ မလိုအပ်ပါဘူး ..."

ယွင်ချင်းစီမှာ ပို၍ပင် ဒေါသထွက်လာတော့သည်။

"မင်း .. ငါနဲ့ တကယ် ကွာရှင်းချင်တာလား ..."

လီယင်းက အမှတ်မထင် ရယ်မောလိုက်သည်။

ယွင်ချင်းစီမှာ ဤသိူ့သော လူစားမျိုးပင်။ သူက တစ်ခုခု ဆိုးဆိုးဝါးဝါး လုပ်ခဲ့သည့်တိုင် အပြစ်မကင်းစိတ်ကို လွှဲချရန် သူ့ရွေးချယ်မှုအား တစ်ဖက်သူထံ လွှဲပြောင်းပေးလေ့ရှိသည်။

သူသာ မကွာရှင်းချင်ဟု ပြောခဲ့ပါလျှင် သူ့ကို ပြုစုခဲ့သည့် ရက်များမှာ မကွာရှင်းစေရန် ကျေးဇူးကြွေးဖြင့် ချုပ်နှောင်လို၍ဟု ပြောလာလိမ့်မည်။

သူ့ရဲ့ ဧကရီလေးက တကယ်ကို‌ ကြောက်စရာကောင်းတာပဲ .. သည်းမခံနိုင်မှန်း သိတာတောင် အသာ လက်လွှတ်ပေးဖို့ ဖိအားပေးချင်နေတုန်းပဲ ...

လီယင်းက လက်ချောင်းတို့ကို တင်းတင်းဆုပ်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"အားစီ မင်း ကွာရှင်းချင်ရင် ကွာရှင်းကြမယ်လေ ..."

"မင်းကို မေးနေတာ ..."

လီယင်းက ပြုံးကာ ပြောလိုက်သည်။

"ကိုယ်က မင်းသဘောအတိုင်းပဲ ..."

"ဘာ ငါ့သဘောအတိုင်းလဲ မင်းရဲ့ ရွေးချယ်မှုကရော ..."

"မင်းအပေါ်ပဲ မူတည်တယ် ..."

"မင်းရဲ့ အတွေးကို သိချင်တာ ..."

လီယင်းက သူ့ကို စိုက်ကြည့်လိုက်၏။ သူ့အကြည့်တို့နှင့် ဆုံလိုက်ရသည့် တစ်ခဏ၌ ယွင်ချင်းစီမှာ ကြောင်အသွားကာ ပါးနှစ်ဖက် ဖောင်းထွက်လာတော့သည်။

"မင်း .. ဘာလို့ ခေါင်းမာနေတာလဲ ..."

"ကိုယ် မကွာရှင်းချင်ဘူး ဒါဆို မင်းရော မကွာရှင်းလို့ ရမလား ..."

လီယင်းက ပြောလိုက်သည်။

"ယွင်ချင်းစီ ကိုယ် မင်းကို မင်းလုပ်ချင်တာ လိုက်လျောပေးမယ်လို့ ကတိပေးခဲ့တယ် မင်းဖြစ်ချင်တာ ဘာမဆို .. မင်း ဘာတွေပြောနေတာလဲ ..."

ယွင်ချင်းစီ၏ "အင်း" ဟူသော အသံကို ကြားလိုက်ရသလိုပင်။

ယွင်ချင်းစီက သူ့အကြည့်တို့ကြောင့် အနေခက်လာသည့်ဟန်။ တမင်တကာ အကြည့်လွှဲလျက် ပြောလိုက်သည်။

"အင်း ..."

"အင်း .. ဘာကိုလဲ ..."

"အင်းလို့ ..."

"..."

လီယင်း၏ အသက်ရှူသံတို့ ကပြောင်းကပြန် ဖြစ်လာကာ ထုံထိုင်းစွာ မေးလိုက်သည်။

"မင်း .. ဘာကို ..."

"အင်း ..."

ယွင်ချင်းစီက ဟိုဟိုသည်သည် လျှောက်ကြည့်နေပြီးကာမှ နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။

"ငါ .. အမ် .. မင်းသာ မကွာရှင်းချင်ဘူးလို့ ပြောရင် မကွာရှင်းတော့ဘူးလို့ ..."

အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ယွင်ချင်းစီ၏ အတွေးတို့ကို နားမလည်နိုင်တော့။

သူ့ကိူ ဒီရက်ပိုင်းထဲ ဂရုစိုက်ပေးခဲ့လို့များလား ...

ကောင်းစွာ အနားမယူရသေးသည့်အပြင် မျက်လုံးပိတ်လိုက်လေတိုင်း ပြန်နိုးလာတတ်သည့်အတွက် ယွင်ချင်းစီ သူ့ကို မည်သို့ နှိပ်စက်လိုကြောင်း တွေးကြည့်ရန်ပင် အားမရှိတော့။

မျက်စိစုံမှိတ်ကာ သူနှင့် လမ်းဆုံးအထိ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။

"ဒီလိုဆိုလည်း မင်းသဘောပဲ ..."

ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားကာ ထိုင်ခုံခြေထောက်ကို ကန်လိုက်စဉ် လီယင်း၏ ခြေထောက်ကို ကန်မိသွား၏။ သူက တောက်ပစွာ ပြုံးပြပြီး ပြောလိုက်သည်။

"ဒါဆို ကောင်းကောင်းနားတော့ ငါလည်း နန်းဆောင်ကို အရင် ပြန်လိုက်မယ် ..."

လီယင်းက သူ့ကို စိုက်ကြည့်နေလိုက်သည်။

"ကိုယ်နဲ့ အိပ်ပေးလို့ ရမလား ..."

ယွင်ချင်းစီ၏ နှလုံးသား ခုန်ပေါက်သွားသည်။

လီယင်း .. ဒီလူကတော့လေ .. အရမ်းကို ဆာလောင်မနေလွန်းဘူးလား .. သူနဲ့ ပြန်သင့်မြတ်ပါမယ်လို့တောင် မပြောရသေးဘဲနဲ့ ...

သူ့အင်္ကျီအနားစတို့ကို ပြန့်ပြူးအောင် လုပ်ရင်း လီယင်း၏ နှာတံသို့ အကြည့်ရောက်သွား၏။ ယခင်က ဤကဲ့သို့ တောင်းဆိုခဲ့သူမှာ သူဖြစ်သော်ငြား ယခုမူ လီယင်းဘက်က စတင်တောင်းဆိုလာသည့်အတွက် အနည်းငယ် မှားယွင်းနေသလိုပင်။

လီယင်းက သူ့ခြေထောက်တို့ကို ကုတင်ပေါ် ဆွဲတင်ပြီးနေပြီဖြစ်သည်။ လက်နှစ်ဖက်လုံးကို အားပြုလျက် အတွင်းဘက်သို့ ခက်ခက်ခဲခဲ ရွှေ့လိုက်၏။ ယွင်ချင်းစီကို နောက်တစ်ကြိမ် ပြန်ကြည့်လာသည့်အခါ နားထင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲပြီး အသံမှာလည်း အက်ကွဲနေတော့သည်။

"ရလား..."