Chapter 67
မဖြစ်နိုင်သည့် အရာတော့ မဟုတ်။
သို့သော် ယွင်ချင်းစီ၌လည်း ကိုယ်ပိုင်အမြင်များ ရှိပေသည်။ လီယင်းအပေါ် သူ၏ စိတ်အားထက်သန်မှုတို့ကို လောင်းသွန်ချလာသည့်အခါ လူတိုင်းက သူ့ကို ဈေးပေါသည်ဟု ခံစားမိလာစေကာ ယခင်နှင့် လုံးဝ မတူတော့ချေ။
ဤဘဝရှိ လီယင်းက သူ့ကို မုန်းတီးခြင်း မရှိကြောင်း သိထားသည့်တိုင် ...
ဟေး .. အဓိကအကြောင်းအရင်းက ဘာလဲဆို .. လီယင်းက အရမ်းကို ကောက်ကာငင်ကာကြီး ဖိတ်ကြားလိုက်တယ်လေ ...
သူက နည်းနည်းလောက် နေသားမကျသေးဘူး ...
သူ့စိတ်ထဲတွင် အတွေးပေါင်း ထောင်သောင်းမက ထွက်ပေါ်လာသော်လည်း လီယင်းက မသိ။ မလှုပ်မယှက် ငြိမ်နေသူကို ကြည့်ကာသာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ယွင်ချင်းစီက သူ့ကို နောက်တစ်ကြိမ် လာကစားနေတာပဲ ...
သူက ပြောလိုက်သည်။
"ဒါဆိုလည်း နန်းဆောင်ကိုပဲ အရင်ပြန်လိုက်ပါ ..."
ယွင်ချင်းစီ "..."
လီယင်းက တမင်လုပ်တာလား ဆိုပြီး ခဏလေးပဲ ကြောင်သွားမိတာပါ .. အခု တစ်ခုခု လုပ်မယ်ဆို သူ့ဘက်ကပဲ အမြဲတမ်း အစပျိုးရမှာလား လီယင်းကရော စပေးလို့ မရဘူးလား ...
လီယင်းသာ သူနဲ့ အိပ်ရမယ်လို့ ပြောရင် သူနဲ့ အိပ်ရမယ်လေ .. သူဆိုတဲ့ ယွင်ချင်းစီက ပြန်လည်မွေးဖွားလာတာ.. အဲဒါ လုံးဝ မျက်နှာမလိုချင်တော့ဘူးဆိုတဲ့ သဘောလား ...
သူ ငြင်းခဲ့တာလား ...
လီယင်းရဲ့ မျက်နှာအပြောင်းအလဲက အတော်လေးကို မြန်တာပဲ သူက နှစ်ကြိမ် မဟုတ်ဘဲ တစ်ကြိမ်တည်းနဲ့တင် အလျော့ပေးတာလား .. လီယင်းကို သူ တွယ်ကပ်နေတုန်းကဆို ဘယ်တုန်းကမှ မျက်နှာသာပေးဖို့ မတောင်းဆိုခဲ့ပါဘူး ...
ယွင်ချင်းစီက လွန်စွာ ဒေါသထွက်လာမိတော့သည်။
လီယင်းက လွန်စွာ ပင်ပန်းနေသည့်အတွက် သူ့ဒေါသတို့ကို သတိမပြုမိ။ ယွင်ချင်းစီက အေးစက်လှသည့် အမူအယာဖြင့် မတ်တပ်ထရပ်ကာ ပုတီးစေ့တို့ဖြင့် ပြုလုပ်ထားသည့် လိုက်ကာအနီးသို့ လျှောက်သွားလိုက်သည်။ လီယင်းကလည်း မမျှော်လင့်ထားသည့်အတွက် သူ့ကို လှမ်းမခေါ်၊ နောက်တစ်ကြိမ်သာ လှည့်ကြည့်နေလိုက်သည်။
လီယင်းက လှဲမနေ၊ မျက်လွှာတို့ကိုသာ အသာချထား၏။ သူ့ခန္ဓာကိုယ်မှာ လွန်စွာ ကျုံလှီကာ အတွင်းရော အပြင်ပါ ပင်ပန်းအားယုတ်နေကြောင်း သိသာလှသည်. ပါးတို့ ချိုင့်ဝင်နေသည့်အတွက် နှာတံမှာ ယခင်ထက်ပင် ပိုမိုကာ သိသာထင်ရှားလာသည့်ဟန်။
ဒီနှာတံ .. တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ ...
ယွင်ချင်းစီက သူ့နှလုံးသားထဲရှိ မွန်းကြပ်မှုတို့ကို ဖိနှိပ်ကာ တွေးပုံတွေးနည်း ပြောင်းလဲလိုက်သည်။ လီယင်းနှင့် အတူတူ အိပ်သည်မှာ သူ့စိတ်ဆန္ဒကို လိုက်လျော၍ မဟုတ်၊ သူ့ကျန်းမာရေးကို ဂရုစိုက်ပေးရုံမျှသာ ဖြစ်သည့်အတွက် စိတ်ဆိုးမာန်ဆိုး ဖြစ်နေရန် မလို၊ သူ့အတ္တမာနများကို စတေးလိုက်ရသည့် သဘောမျိုး မဟုတ်ပေ။
ထို့အပြင် လီယင်းကလည်း သူ့ကို ကာလကြာရှည် ဂရုစိုက်ပေးခဲ့ကာ သူ့နှလုံးသားထဲ၌ ကြောက်စိတ်အနည်းငယ် ရှိနေသည့်အတွက် သူ့အား ဒေါသထွက်အောင် လုပ်မိမည်ကို ကြောက်ရွံ့သောကြောင့် နောက်တစ်ကြိမ် ထပ်မမေးတော့ချင်လည်း ဖြစ်နိုင်ပေသည်။
ယွင်ချင်းစီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ အနှောင့်အယှက် မဖြစ်ဘဲ ထွက်ပေါ်လာနိုင်ရန် ကြိုးစားကာ အနားသို့ ရောက်လာပြီး အမိန့်ပေးလိုက်သည်။
"အထဲကို နည်းနည်း ပိုတိုးလိုက် ..."
လီယင်းက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ ခန္ဓာကိုယ်ကို ကျားကန်ကာ အတွင်းသို့ အနည်းငယ် ထပ်ရွှေ့ပေးလိုက်သည်။
လူတစ်ယောက်အိပ်ရန် လုံလောက်သည်ထက်ပင် ပိုမိုသည့် အကျယ်အဝန်းမျိုး ရှိနေသည့်တိုင် ယွင်ချင်းစီက ကျေနပ်သေးဟန်မတူ။
"အထဲကို တိုးဦး ..."
လီယင်းလည်း နောက်တစ်ကြိမ် ထပ်တိုးပေးလိုက်ရပြန်သည်။ ထိုအခါမှ ယွင်ချင်းစီက ဝတ်ရုံကို ချွတ်ကာ စောင်ကိုလှပ်၍ သူ့ဘေးတွင် အလျားလိုက် လဲလျောင်းနေလိုက်သည်။ တစ်ခဏအကြာတွင် လက်ကို တိတ်တဆိတ်ထုတ်ကာ စမ်းတဝါးဝါး ရှာဖွေပြီးနောက် လီယင်း၏ လက်နှင့် ထိမိသွားတော့သည်။
လီယင်း၏ လက်ဖမိုးကို လက်ချောင်းထိပ်တို့ဖြင့် ထိမိပြီးသွားသည့်နောက် အတွင်းဘက်ခြမ်းရှိ လီယင်းအနီးသို့ နီးသည်ထက်နီးအောင် တစ်ဖြည်းဖြည်း မသိမသာ ပိုပိုတိုးလာတော့သည်။
အိပ်ယာအမိုးကို မော့ကြည့်ကာ နှုတ်ခမ်းတို့ကို ကွေးညွတ်လိုက်ပြီးနောက် သူ့ကို လှည့်ကြည့်လိုက်၏။
လီယင်း၏ နှာထိပ်ဖျားက သူ့ရှေ့တည့်တည့်တွင် ရောက်နေကာ တစ်ယောက်၏ အသက်ရှူသံကိုပင် ကျန်တစ်ယောက်က ခံစားနေရလုမတတ် နီးကပ်သွားတော့သည်။
မျက်တောင်တို့ တဆတ်ဆတ် တုန်ရီကာ ချက်ခြင်း မျက်လုံးမှိတ်ထားလိုက်မိတော့သည်။
လီယင်း၏ လက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဖျစ်ညှစ်လိုက်သည်။
ယွင်ချင်းစီက သူ့ကို ငေးကြည့်ကာ နှာခေါင်းထိပ်ဖျားခြင်း ထိကပ်လိုက်သည်အထိ လီယင်းမှာ မလှုပ်မယှက် ရှိနေဆဲပင်။
ယွင်ချင်းစီက သူ့နှာထိပ်ဖျားကို နောက်တစ်ကြိမ် တွန်းကာ တီးတိုးပြောလိုက်သည်။
"လီယင်း ..."
လီယင်းက ငြိမ်နေဆဲပင်။
ထိုအခါမှ ယွင်ချင်းစီလည်း ထိုသူမှာ အိပ်မောကျနေပြီဖြစ်ကြောင်း သတိပြုမိသွားတော့သည်။
.. မင်းက တကယ်ကြီး အိပ်ငိုက်နေခဲ့တာလား .. ဒါမှမဟုတ် အစကတည်းကကို ရိုးရိုးသားသား အိပ်ချင်ခဲ့ရုံလေးတင်လား ...
ယွင်ချင်းစီက အနည်းငယ် စိတ်ဓာတ်ကျကာ ကူကယ်ရာမဲ့သွားတော့၏။
လီယင်းက ဘယ်အချိန်ကတည်းက အိပ်ပျော်နေတာလဲ ...
အနီးကပ် ကြည့်လိုက်ကာမှ သူ့မျက်ကွင်းတို့ မည်မျှ ညိုမည်းကာ နှုတ်ခမ်းတို့မှာလည်း သွေးရောင် မရှိလောက်အောင်ပင် ဖြူရော်နေကြောင်း သိလိုက်ရတော့သည်။
သူ တကယ်ကို ကိုယ်အလေးချိန်တွေ အများကြီး ကျသွားတာပဲ ...
ယွင်ချင်းစီက အနားသို့တိုးကာ သူ့ခန္ဓာကိုယ်ကို ဖိ၍ ခါးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ ထိုသို့ ဖက်လိုက်ကာမှ လီယင်း၏ ခါးသည် ပို၍ပင် ပိန်သွယ်လာကြောင်း တွေ့လိုက်ရတော့သည်။
အတိတ်ဘဝက လွန်စွာ ပိန်လှီလှသည့် လီယင်းကို ရုတ်တရက် သတိရမိသွားကာ အနားသို့ တစ်ဖြည်းဖြည်း တိုးလာပြီး သူ့ရင်ခွင်ထဲတွင် အားပါးတရ မျက်နှာအပ်ထားလိုက်မိတော့သည်။
လီယင်းက အဲဒီ့လိုမျိုး တအားကြီး မပိန်သေးလို့ တော်သေးတယ် ...
ယွင်ချင်းစီက မအိပ်နိုင်တော့သော်ငြား လီယင်းမှာမူ လွန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ ထိုစဉ် အပြင်ဘက်မှ ပုတီးစေ့လိုက်ကာကို လှပ်လိုက်သည့်အသံကို ကြားလိုက်ရ၏။ လျှိုကျီရူက စိုးရိမ်တကြီး အကဲခတ်လိုက်ကာ နဂါးကုတင်၏ လိုက်ကာစကို တင်းတင်းကြပ်ကြပ် ပိတ်ထားကြောင်း တွေ့လိုက်ရသည့်အတွက် တစ်ဖန် စိတ်အေးသွားကာ ချက်ခြင်း နောက်ပြန်ဆုတ်သွားတော့သည်။
ယွင်ချင်းစီ၏ မျက်နှာလည်း အလိုလို နီမြန်းသွားတော့သည်။
လျှိုကျီရူကတော့ သူ့ကို လှောင်ရယ်တော့မှာပဲ .. ကွာရှင်းစာအတွက် ရောက်လာတာလို့ ပြောပြီးမှ လီယင်းနဲ့ အတူတူ အိပ်ပျော်သွားမိတယ်လေ ...
လီယင်းကို လွှတ်ပေးကာ တိတ်တိတ်လေး ထထိုင်လိုက်သည်။ လိုက်ကာစကို လှပ်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်နားမှ လှုပ်ရှားသံကို ကြားလိုက်ရတော့သည်။
အစောလေးကမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် လီယင်းက မျက်မှောင်တို့ကို တွန့်ကျုံ့ထားလျက် အသက်ရှူသံလည်း ပိုမိုလေးလံလာတော့သည်။
ယွင်ချင်းစီက ချက်ခြင်း သူ့လက်ကို ဆွဲယူကာ သူ့ကို မှီပြီး ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
တွန့်စုထားသည့် လီယင်း၏ မျက်ခုံးတို့ ပြေလျော့ကာ အသက်ရှူသံလည်း ချောမွေ့လာ၏။ ယွင်ချင်းစီက သူ့ကို တစ်ခဏမျှ စေ့စေ့စပ်စပ် အကဲခတ်ကာ လက်ကို တမင်တကာ လွှတ်ပေးလိုက်သည်။ လီယင်းမှာ သူမရှိဘဲ အမှန်တကယ်ပင် မအိပ်နိုင်ကြောင်း သိရပြီးသည့်နောက် ပျော်ရွှင်စိတ်တို့ဖြင့် ပြည့်နှက်သွားတော့သည်။
"ဒီလောက်အထိကို ငါနဲ့ မခွဲနိုင်တာလား ..."
နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားကာ လီယင်းကို အားရကျေနပ်စွာဖြင့် ပွေ့ဖက်လိုက်သည်။
ထိုညက လီယင်းသည် လွန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ပြီး ယွင်ချင်းစီ၏ ဗိုက်မှ အသံများ ဆူညံလာသည်အထိပင် မနိုးသေးချေ။
ယွင်ချင်းစီက အနည်းငယ် မပျော်ရွှင်တော့သော်ငြား မလှုပ်မရှားဘဲ ငြိမ်နေဆဲပင်
အရမ်းကို အိပ်ချင်နေတာလား .. ငါ့ဘေးမှာ လှဲနေတုန်းက မအိပ်ခဲ့ဘူးလား ...
ကြာမြင့်စွာ အိပ်စက်ခဲ့ပြီး ဖြစ်သည့်အတွက် ယခု ထိုအိပ်စက်မှုမှ ခေတ္တ အနားယူရမည့် အချိန်သို့ ကျရောက်လာတော့သည်။
လီယင်းကို တွန်းကာ နှိုးလိုက်သည်။
"လီယင်း .. ဗိုက်ဆာနေပြီ ..."
လီယင်းက စကားတစ်ခွန်းမှ မဆို။ ယွင်ချင်းစီက အနည်းငယ် ပြာနေသော သူ့မျက်နှာကို ငေးကြည့်ကာ ဗိုက်ကို လက်ဖြင့် ဖိထားလိုက်သည်။
သူက တကယ် .. တကယ်ကို ဗိုက်ဆာနေပြီလို့ ...
"ဒါဆို မင်းဘာသာမင်းအိပ် ငါလည်း စားစရာရှိတာ စားလိုက်ဦးမယ် ..."
လီယင်း၏ လက်မောင်းကို ဖယ်ချကာ လိုက်ကာစကို မ,ပြီး ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လျှိုကျီရူ၊ ရင်ရှီနှင့် ကျင်းဟွမ်တို့က သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ပြောလိုက်ကြသည်။
"ဧကရီ နိုးလာပါပြီလား ..."
သူက အများကြီး မအိပ်ခဲ့ရပါဘူးနော် ...
အေးစက်စွာဖြင့် ပြောလိုက်သည်။
"စားစရာတစ်ခုခု ပြင်ဆင်လာခဲ့ ..."
လျှိုကျီရူ၏ အပြုံးကို မြင်လိုက်သည့်အခါ သူ့မျက်နှာမှာ ပို၍ပင် အေးစက်သွားတော့သည်။
သူ နေချင်နေမယ် ထွက်သွားချင် ထွက်သွားမယ် ဘယ်လိုသတ္တိနဲ့ သူ့ကို လာရယ်နေရဲရတာလဲ ...
သူ့အမူအယာကို တွေ့လိုက်ရသည့် လျှိုကျီရူကလည်း အပြုံးတို့ကို ချက်ခြင်း ရုတ်သိမ်းလိုက်တော့သည်။
မိုးကောင်းကင်နဲ့ မြေကြီးကိုတောင် သက်သေတည်နိုင်ပါတယ် .. သူက ဧကရီကို ရယ်နေတာ မဟုတ်ရပါဘူးနော် ...
သူက ရိုသေလေးစားစွာဖြင့် လျှောက်တင်လိုက်သည်။
"စားသောက်ဖွယ်ရာတွေက ပြင်ဆင်နှင့်နေပြီဖြစ်တဲ့အတွက် ခဏလောက် ထိုင်ပြီး စောင့်ဆိုင်းပေးတော်မူပါ ..."
ယွင်ချင်းစီ လက်ကို ယမ်းပြကာ စားပွဲတွင် ဝင်ထိုင်လိုက်သည်။ သူ့မျက်နှာ ဤကဲ့သို့ အေးစက်လာလေတိုင်း လူတိုင်းက သူ့ကို တရိုတသေ ဆက်ဆံကာ မယ်တော်ကြီးပင်လျှင် အမောတကော လာရောက်ချော့မော့ရတော့၏။ ကျန်သူများမှာမူ စကားပင် မပြောရဲကြတော့ချေ။
ကျင်းဟွမ်က သူ့အတွက် လက်ဆေးရေ ယူလာပေးကာ ပုဝါတစ်ထည်ဖြင့် ခြောက်အောင် သုတ်ပေးလိုက်သည်။ ယွင်ချင်းစီကမူ သုန်မှုန်သည့် မျက်နှာထားကို ဆက်လက်ထိန်းထားဆဲပင်။
စားစရာများ ရောက်မလာမီ ပုတီးစေ့လိုက်ကာ လှုပ်ရှားသွားပြီး အင်္ကျီအပါးတစ်ထည် ဝတ်ဆင်ထားသော လီယင်းက လိုက်ကာစကို မ,လျက် သူ့ကို ကြည့်နေသည်။
လီယင်းကို တွေ့လိုက်ရသည့်အခါ ယွင်ချင်းစီမှာ ပို၍ပင် ဒေါသထွက်လာတော့၏။
ဗိုက်ဆာသည်ကို သည်းခံကာ သူနှင့်အတူ ကြာမြင့်စွာ လှဲနေပေးသည့်တိုင် လီယင်းက နိုးမလာ။ ယခု သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်ဖက်သူလည်း ချက်ခြင်း နိုးလာတော့၏။ လီယင်းသည် သူမရှိဘဲ ကောင်းကောင်းမအိပ်နိုင်ဟူသည့် အချက်ကို မယုံကြည်နိုင်၊ ကျိုးကြောင်းမဆီလျော်ဟုသာ ထင်မြင်မိတော့သည်။
လီယင်းက အစောကြီးကတည်းက နိုးနေကာ သူ ထသွားပြီးမှ နောက်က လိုက်လာသည်ဟုသာ တွေးလိုပေသည်။
သူ့ဗိုက်ထဲက အသံတွေကိုလည်း ကြားလိုက်လို့ နေမှာပေါ့ ...
လီယင်းက ဒီလိုမျိုးပဲလား ယွင်ချင်းစီ သူ့ကို လျစ်လျူရှုတဲ့အခါ အပြေးအလွှား လာရှာတယ် အခု ယွင်ချင်းစီဘက်ကနေ သူ့ကို စပြီး အလျော့ပေးလာတော့လည်း လှည့်ကွက်တွေ ထုတ်ပြီး ကစားလာပြန်ပြီ ..
လီယင်း ကွာရှင်းဖို့ ငြင်းတုန်းက သူ့ကို မလိုချင်ခဲ့ဘူး အခု သူက ကွာရှင်းပေးမယ် ဆိုပြန်တော့လည်း ယွင်ချင်းစီက သူ့ကို ကပ်နေပြန်ပြီ ..
လီယင်းက သူ့ကို နန်းဆောင်ပြန်ဖို့ ပြောတော့ လီယင်းရဲ့ ဘေးမှာတောင် တိုးဝှေ့ပြီး အိပ်လိုက်သေးတယ် ...
လီယင်းက သူ့စကားတွေကို အတည်မယူတာ မထူးဆန်းတော့ပါဘူး ...
"အားစီ ..."
လီယင်းက အနားသို့ လျှောက်လာလိုက်သည်။ ယွင်ချင်းစီ၏ ကျေးဇူးကြောင့်သာ ကောင်းကောင်း အိပ်ပျော်ခဲ့ခြင်းဖြစ်ကြောင်း သူကိုယ်တိုင်လည်း သိပေသည်။ ယွင်ချင်းစီ၏ ဘေးတွင် ဝင်ထိုင်လိုက်စဉ် ထိုင်ခုံနှင့် ကြမ်းပြင် ပွတ်တိုက်သည့်အသံတစ်ခုကို ကြားလိုက်ရ၏။ ယွင်ချင်းစီက ထိုင်ခုံကိုဆွဲကာ သူနှင့် အဝေးတွင် သွားထိုင်နေလိုက်သည်။
လီယင်းက သူ့အတွေးတို့ကို မသိနိုင်သော်ငြား စိတ်နေစိတ်ထားမှာမူ အနည်းငယ် မူမမှန်၊ မနေ့ညက သူ့ကို ပွေ့ဖက်အိပ်စက်ခဲ့သည့် ယွင်ချင်းစီနှင့် လုံးဝ ကွဲပြားနေကြောင်းကို သတိပြုမိလိုက်သည်။
"ညစာ ရောက်လာပါပြီ ..."
တော်ဝင်စားဖိုဆောင်မှ အစေခံများက စားပွဲတစ်ခုလုံးအနှံ့ ဟင်းလျာများ တည်ခင်းလိုက်ကြကာ အများစုမှာ ယွင်ချင်းစီ ကြိုက်နှစ်သက်သည်များ ဖြစ်ကြသည်။ လီယင်းက လျှိုကျီရူကို အကြည့်တစ်ချက် ပေးလိုက်သည့်အခါ ချက်ခြင်း သဘောပေါက်နားလည်စွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ .. အားလုံး ထွက်သွားကြတော့ ..."
အခန်းထဲရှိ အလင်းရောင်မှာ နေ့အချိန်ကဲ့သို့ပင် လင်းထိန်နေသည်။ လီယင်းက ယွင်ချင်းစီကို အကဲခတ်နေလိုက်၏။ တစ်ဖက်သူသည် သူ့အနားတွင်နေကာ အနားယူရန် ဆန္ဒရှိခဲ့သည့်အတွက် သူ့နှလုံးသားထဲတွင် လီယင်း ရှိနေသေးသည်မှာ ကျိန်းသေပေသည်။
ဒါပေမယ့် နိုးလာတော့ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ ...
ထပ်ကာထပ်ကာ စဉ်းစားရင်း ထိုင်ခုံကို ယွင်ချင်းစီ၏ အနီးသို့ ရွှေ့လိုက်သည့်အခါ ယွင်ချင်းစီက ပိုပြီး ဝေးသည့်နေရာတစ်ခုသို့ တိုးသွားလိုက်ပြန်သည်။
လီယင်း "...အားစီ ကိုယ်တောင်းပန်ပါတယ် ..."
ယွင်ချင်းစီက သူ့ကို နောက်ကျောပေးကာ လျစ်လျူရှုထားလိုက်၏။
"ကိုယ် မင်းကို စိတ်ဆိုးအောင် လုပ်ခဲ့မိတာလား ..."
"ဘာကို စိတ်ဆိုးရမှာလဲ မင်းကို မျက်ရည်တွေ ဝိုင်းပြီး ကျေးဇူးမတင်နိုင်ခဲ့လို့လား မင်း မှားခဲ့တာတွေကို နောင်တရ၊ ငါနဲ့ ရက်နည်းနည်းလောက် အချိန်ကုန်ပေးပြီး မင်းဆီ ပြန်လာရအောင်လုပ်၊ လီယင်း တစ်ဖြည်းဖြည်းနဲ့ မင်းရည်မှန်းချက်တွေ ပြည့်ဝနေပြီလို့ ခံစားနေရလား ..."
"ကိုယ် မဟုတ် ... ဒါပေမယ့် ဒီနေ့အတွက် မင်းကို ကျေးဇူးတင်ရမယ် ကိုယ် ကောင်းကောင်း အိပ်ပျော်ခဲ့တယ် ..."
"အရမ်းကို အိပ်ကောင်းလွန်းလို့ ငါထသွားတာနဲ့ ချက်ခြင်း နိုးလာတာပေါ့ ဟုတ်လား အိပ်ပျော်နေတဲ့ အချိန်မှာတောင် သတိရှိနေတုန်းပေါ့ ..."
"စိတ်မဆိုးပါနဲ့ ..."
"ဒါဆို ငါ့ကို ရှင်းပြလေ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်းပြော ..."
"မင်းဆီ ပြန်လာနိုင်ဖို့ ကိုယ် လူတစ်ယောက်နဲ့ အပေးအယူ လုပ်ခဲ့ရတယ် ..."
"ပြီးတော့ရော ..."
"တန်ဖိုးတစ်ခု ရှိတယ် ..."
လီယင်းက မျက်လွှာချကာ ပြောလိုက်သည်။ သူ ပြောလိုက်ပါလျှင် ယွင်ချင်းစီက မယုံကြည်သည့်အပြင် လှောင်ရယ်ဦးမည်ဖြစ်ကြောင်း သိနေပေသည်။ သူက ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်သည်။
"ကိုယ့်ခန္ဓာကိုယ်က မန္တာန်ရဲ့ အကျိုးဆက်ကို ခံနေရတာ မင်း ထွက်သွားတာနဲ့ နာလာတယ် ..."
ယွင်ချင်းစီက သူ့မှတ်ဉာဏ်တို့ကို လှန်လှောရှာဖွေလိုက်သည်။ အတိတ်က လီယင်းသည် အတိတ်သို့ ပြန်လာပြီးနောက် နောက်ဆက်တွဲ အကျိုးဆက် ရှိနေဦးမည်ဟု မပြောခဲ့ရာ လီယင်းက လိမ်နေသလားဟု သံသယဝင်လာမိတော့သည်။
အခြားလီယင်း ပေးဆပ်ခဲ့သည့် တန်ဖိုးကပင်လျှင် ကြီးမားနှင့်နေပြီဖြစ်သည်။ ၁၂ နှစ်ကြာ ဆင်းရဲဒုက္ခ ခံစားရပြီးနောက် ပိုးကောင်ပေါင်း ထောင်သောင်းများစွာက သူ့တစ်ကိုယ်လုံး အရိုးစုဖြစ်အောင် ဝါးမျိုစားသောက်သည့် ဒဏ်ကိုပါ ခံစားခဲ့ရသည်။
လက်ချောင်းတို့ကို တင်းတင်းဆုပ်ကာ သူ့ရှေ့ရှိ လီယင်းမှာ မနှစ်မြို့ဖွယ် ကောင်းလှသည်ဟု ရုတ်တရက် ခံစားမိလာတော့သည်။
သူက ဒါတွေအားလုံး ဘာတစ်ခုမှ မခံစားခဲ့ရဘူး အကုန် နောက်လီယင်းကပဲ ပေးဆပ်ခဲ့ရတာ ...
"ငါ့ကိုပြော ..."
သူက ပြောလိုက်သည်။
"မီးအိမ် အနီရောင် ပြောင်းသွားတဲ့အခါ မင်းက ဒီကို ရောက်လာတယ် မင်းမသေခင် ရောက်လာတာဆိုတော့ .. နောက်ထပ်မင်းကရော အသက်ရှင်နေသေးတာလား ..."
"ကိုယ်က ဒီမှာ ပြီးတော့ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်တည်း ..."
လီယင်း၏ မျက်နှာမှာ ဖြူရော်သွားသော်ငြား လေသံမှာမူ တည်ငြိမ်နေဆဲပင်။
"နောက်တစ်ယောက် မရှိဘူး ..."
"မလိမ်နဲ့ ..."
"မလိမ်ဘူး ..."
လီယင်းက အခိုင်အမာ ပြောလိုက်သည်။
"ကိုယ်တစ်ယောက်တည်း .. အစကနေ အဆုံးအထိ ကိုယ်တစ်ယောက်တည်းပဲ ..."
"ငါ ဘာလို့ အကြာကြီး အိပ်ပျော်သွားလဲဆိုတာ နားမလည်ဘူးလား ..."
ယွင်ချင်းစီက လစ်ဟာနေသည့်ဗိုက်ကို အနည်းငယ် ဖြည့်တင်းကာ နှုတ်ခမ်းကို သုတ်လိုက်ပြီးကာမှ လီယင်းကို စိုက်ကြည့်လိုက်သည်။
"ငါက သူ့အသားကို လှီးပြီး မြွေစာကျွေးတဲ့၊ ကြောက်စရာကောင်းလောက်အောင်ကို အရိုးပေါ် အရေတင် ဖြစ်နေတဲ့ ပြီးတော့ ပိုးကောင်းတွေ အများကြီး စားတာကို ခံလိုက်ရတဲ့ လီယင်းရဲ့ ဘေးနားကို ပြန်ရောက်သွားခဲ့တာ ..."
လီယင်း၏ သူငယ်အိမ် ပြူးကျယ်ကာ လက်ထဲတွင် ကိုင်ထားသည့် တူကို အလောတကြီး ပစ်ချလိုက်သည်။
ယွင်ချင်းစီက ဆက်ပြောလိုက်သည်။
"သူနဲ့ တစ်နှစ်ကျော် ရှိနေခဲ့တာ သူက မြေအောက်နန်းတော်ကို ခဏခဏလာပြီး ငါ့ကို လာတွေ့တာလည်း သိတယ် သူ့အသားကို အကြိမ်ထောင်နဲ့ချီပြီး လှီးဖြတ်တာလည်း သိတယ် မီး အနီရောင် ပြောင်းသွားတဲ့အချိန်မှာ မီးအိမ်ကို ဖျက်ဆီးချင်ခဲ့တာလည်း သိတယ် .. လီယင်း အဲဒီ့လူက မင်းလား ..."