အပိုင်း ၆၈
Viewers 13k

Chapter 68


ယွင်ချင်းစီက မြင်ပြီးသွားပြီ .. အတိတ်ဘဝက သူ့ပုံစံက ဘယ်လောက်အထိ ရွံစရာကောင်းလဲ ဆိုတာကို မြင်ပြီးသွားပြီ ...

ယွင်ချင်းစီပင် ဆက်ပြောနေရန် မလို။ သူ့ပုံစံမှာ မည်မျှ အော့နှလုံးနာဖွယ် ကောင်းလှ‌ကြောင်း လီယင်းကိုယ်တိုင်လည်း သိပေသည်။

ခန္ဓာကိုယ်မှ အသားအတော်များများကို လှီးဖြတ်ထားကာ လက်ဖျံနှင့် လက်မောင်းတို့မှာလည်း ပုံမကျပန်းမကျ ပိန်လှီလှသည်။ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော်ငြား ထိုဝတ်ရုံအောက်ရှိ သူ့ပုံစံမှာ တစ္ဆေတစ်ကောင်နှင့် လုံးဝ ကွဲပြားမှု မရှိတော့ကြောင်းကိုမူ မည်သူမှ မသိခဲ့ပေ။

မည်သူ့ကိုမှလည်း သူ့ကို ခစားခွင့်မပြု။ သူနှင့် နီးစပ်ခွင့်ရရန် အခွင့်အရေး ရှာဖွေကြသည့် အစေခံများ ရှိ‌တတ်သော်ငြား သူ့ပုံစံကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်လန့်လွန်း၍ ဝမ်းလျားမှောက်ကာ အသေအလဲ တောင်းပန်ကြတော့သည်။

လီယင်းက မျက်နှာသာရရန် ကြိုးစားရာမှ မမျှော်လင့်ဘဲ သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်မိသွားသူများအား တစ်ယောက်မကျန် သတ်ဖြတ်ခဲ့သည့်အတွက် မည်သူမှ သူ့အိပ်ယာပေါ် တက်မလာရဲတော့။

ယွင်ချင်းစီကို သတ်ခဲ့မိပြီးနောက် အချိန်ကို နောက်ပြန်ဆုတ်လိုသည့် နေ့ညများ ထောင်သောင်းမက ရှိခဲ့ပေသည်။ သူ့ခန္ဓာကိုယ်ကို အသုံးမပြုနိုင်တော့ရာ အဂ္ဂိရက်ဆရာက ဤကမ္ဘာ၏ အဆုံးသတ်ကို ပြောင်းလဲ၍ မရကြောင်း ပြောခဲ့စဉ်က စိတ်သက်သာရာပင် ရခဲ့မိသေးသည်။

ယွင်ချင်းစီသာ သူ့ပုံစံကို မြင်သွားပါလျှင် သူ့ကို လုံးဝ ထပ်ချစ်တော့မည် မဟုတ်ကြောင်း သိနေပေသည်။

အနစ်နာခံကာ ဥပါဒါန်ကို သန်မာစေပြီး သူမျှော်လင့်နေသည့် ကမ္ဘာကို အားဖြည့်ပေးလိုက်ခြင်းက ပိုကောင်းပေသည်။

မီးအိမ်ကို ဖျက်ဆီးလိုသည်မှာလည်း သူ့နေရာတွင် နောက်ထပ် လီယင်းတစ်ယောက် ရှိနေကြောင်း သိထား၍ ဖြစ်သည်။ ထိုလီယင်းမှာလည်း သူ့ခန္ဓာကိုယ်ပင်ဖြစ်ကြောင်း သိထားသည့်တိုင် မနာလိုဒေါသတို့ကို ခံစားနေရဆဲပင်။

ပြန်သွားနိုင်သည့်သူမှာ သူကိုယ်တိုင် ဖြစ်နေသည့်တိုင် မနာလိုဖြစ်မိဆဲပင်။

သို့သော် မည်မျှပင် စိတ်ပျက်အားငယ်ပါစေ မီးအိမ်ကို မဖျက်ဆီးနိုင်။

များစွာ ပေးဆပ်ခဲ့ပြီး၍ သူ့ခန္ဓာကိုယ်က အားအင်ကုန်ခမ်းနေပြီ ဖြစ်သော်လည်း အသိစိတ်ကမူ ကြည်လင်ကာ နောက်ဆုံးသော စွန့်လွှတ်မှုအထိ အားဖြည့်ပေးခဲ့သည်။

မရဏလမ်းကို တည်ငြိမ်စွာ‌ လျှောက်လှမ်းခဲ့ပြီးနောက် ပြန်လည်မွေးဖွားလာခဲ့သည်။

သူ့မျှော်လင့်ချက် အလုံးစုံကို ဤခန္ဓာကိုယ်တွင် စုပုံထား၏။ သွေးရူးသွေးတန်း နိူးထလာသည့်နေ့က လျှိုကျီရူ၏ နုပျိုနေဆဲဖြစ်သော မျက်နှာကို တွေ့လိုက်ရသည့်အခါ အချိန်ကာလကို အတည်ပြုမေးမြန်းပြီး အားလုံးကို မောင်းထုတ်လိုက်သည်။ ထို့နောက် ကြေးမုံမှန်ရှေ့ရပ်ကာ သူ့မျက်နှာကို ကြည့်လိုက်မိ၏။ 

လွန်စွာ နုပျိုနေဆဲဖြစ်ကာ ကြီးမားအရုပ်ဆိုးကာ ရွံရှာဖွယ်ရာ အမာရွတ်ဟူ၍လည်း မရှိသေး။

ယွင်ချင်းစီ အသက်ရှင်နေသေးစဉ်က ရုပ်ရည်မျိုး ပြန်ဖြစ်သွားကြောင်း အတည်ပြုနိုင်လိုက်သည်။ ငယ်ရွယ်ကာ စိတ်အားတက်ကြွပြီ အရပ်ရှည်လျား၊ ယုံကြည်မှု ပြည့်ဝပြီး ဖြောင့်တန်းသည့် ကျောပြင်ကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်သည်။

ဤသည်မှာ ယွင်ချင်းစီ နှစ်သက်ပါသည့် ရုပ်သွင်ပင်။

ယခုမှစကာ သူသည် ပြန်လည်မွေးဖွားလာပြီ ဖြစ်သည့်အတွက် ထို လူမဟုတ် တစ္ဆေမဟုတ်သည့် လီယင်းမဟုတ်တော့ဟု သူ့ကိုယ်သူ တွေးလိုက်သည်။

လောက်တစ်ကောင်သဖွယ် ရွံရှာဖွယ်ကောင်းလှသည့် သူ့ကိုယ်သူ အပြီးပိုင်နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။

ယွင်ချင်းစီကို သူ သေဆုံးသွားပြီးနောက် လီယင်းသည် မည်မျှအထိ စိတ်ပျက်လက်ပျက် နောင်တရကာ ဘဝကို နှိမ့်ချခဲ့ကြောင်း မသိစေလို။ 

သူ့ပုံစံမှာ ခွေးဝဲစားတစ်ကောင်အလားပင်။

"အဲဒါ ကိုယ် မဟုတ်ဘူး ..."

လီယင်းက ပြောလိုက်သည်။

"ကိုယ် မဟုတ်ဘူး ..."

ထမင်းစားပွဲမှ ထလာကာ သက်ပြင်းဖွဖွချလျက် အခိုင်အမာ ပြောလိုက်သည်။

"ကိုယ် အိပ်ပျော်သွားပြီးတော့ ဒီကို ရောက်လာတာ ..."

"အဲဒီ့သူက ဘယ်သူလဲ မသိဘူး ..."

ဤသို့ ပြောလာမည်ဖြစ်ကြောင်း ယွင်ချင်းစီက တွက်ဆထားပြီးဖြစ်သည်။

ထိုသူမှာ သူပင်ဖြစ်ကြောင်း လီယင်းက ဝန်ခံမည် မဟုတ်ပေ။ လီယင်း၏ သူ့ကိုယ်သူ ချစ်ခင်ဂုဏ်ယူစိတ်တို့က အရာအားလုံးထက် ကြီးမားကြောင်း ယွင်ချင်းစီလည်း ကောင်းစွာ သိရှိထားပေသည်။

သို့သော် ယွင်ချင်းစီတွင် မေးစရာ အများအပြား ရှိနေသည့်အတွက် အနောက်မှ လိုက်လာကာ မေးလိုက်သည်။

"လီယင်း ငါ အကုန် တွေ့ပြီးပြီ မင်းကို လှောင်ရယ်နေတာလည်း မဟုတ်ဘူး အားလုံးကို ရှင်းရှင်းလင်းလင်း သိချင်ရုံပဲ မီးအိမ်တွေ လုပ်ခဲ့တာ၊ မြွေစာကျွေးတာနဲ့ ခန္ဓာကိုယ်ကို စတေးပြီး ယဇ်ပူဇော်တာအပြင် တစ်ခြား ဘာတွေ လုပ်ခဲ့သေးလဲ .. မင်း ငါ့ကို ဘာတွေ ဖုံးကွယ်ထားခဲ့တာလဲ ..."

လီယင်း၏ အသက်ရှူသံ မြန်ဆန်လာကာ မျက်တောင်တို့ကို တဖျတ်ဖျတ် ခတ်လိုက်၏။

ယွင်ချင်းစီက သူ့အနား လာကာ မေးလိုက်သည်။

"သွက်သွက်ပြော ပြောရင် ခွင့်လွှတ်ပေးမယ် ငါ သေပြီးတဲ့နောက်ပိုင်း မင်း ကောင်းကောင်းမွန်မွန် မနေထိုင်ခဲ့ရမှန်း သိတော့ ငါ ဘယ်လောက်အထိ ပျော်ခဲ့ရလဲ မင်း မသိဘူး မဟုတ်လား ..."

ယွင်ချင်းစီက အမှန်တကယ်ပင် ပျော်ခဲ့ပေသည်။ လီယင်းကြောင့် သေခဲ့ရပြီး သူ့ကို မုန်းတီးခဲ့၍ဟု ယူဆ၍ ဖြစ်စေ၊ လီယင်းက သူ့ကိုယ်သူထက်ပင် ပိုချစ်၍ဖြစ်စေ ပျော်ရွှင်နိုင်မည့် အကြောင်းအရင်းများ ရှိနေပေသည်။

လီယင်း၏ အကြည့်တို့နှင့် ဆုံမိသည့်အခါ ထိုပျော်ရွှင်မှုကို သိုဝှက်ထား၍ မရ။

လီယင်းကလည်း သူ‌ ပျော်ရခြင်း၏ အကြောင်းအရင်းကိုသာမက သူ ပျော်ရွှင်သည်ကိုပါ နားလည်ပေးထားသည်။

ယွင်ချင်းစီက သူ့ကို မုန်း၍ ပျော်လေသလား ချစ်၍ ပျော်လေသလားကိုမူ မသိချေ။

သို့သော် ထို မသိသည့်စိတ်ကပင်လျှင် ယွင်ချင်းစီ၏ ဝင်းလက်လှပသော မျက်ဝန်းတို့အား ငေးကြည့်လိုစိတ်ကို မဟန့်တားနိုင်။

"ဒီလောက်အထိတောင် ပျော်တယ်လား ..."

"အင်း ..."

ယွင်ချင်းစီက ပြောလိုက်သည်။ ။

"ပျော်တယ် မင်း ကောင်းကောင်း နေထိုင်နေတာကိုသာ တွေ့ခဲ့မိရင် ရင်ကွဲနာကျသွားမလားပဲ ..."

လီယင်းက ပြုံးလိုက်မိသည့်အတွက် မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ရုတ်ချည်း ပေါ်ပေါက်လာတော့သည်။

"တကယ်တမ်းတော့ ထပ်ရှိသေးတယ်..."

"ဘာလဲ ..."

"ကိုယ့်ရဲ့ ဥပါဒါန်ကြောင့် အတိတ်ကို ပြန်သွားနိုင်ပေမယ့် တကယ်လို့ မင်းက အရင်လို မဟုတ်တော့ရင် ကိုယ့်ရဲ့ ဥပါဒါန်တွေက ဘေးထွက်ဆိုးကျိုး ဖြစ်လာပြီး သေတဲ့အထိ မလွတ်မြောက်နိုင်တော့ဘူး ..."

ယွင်ချင်းစီက သူ ကွာရှင်းခွင့်တောင်းသည့်နေ့ကို ပြန်လည်ကာ အမှတ်ရလိုက်သည်။ လီယင်းက သူ့ကို ဒေါသထွက်လွန်း၍ သွေးပင် အန်ခဲ့သည်ဟု တွေးမိခဲ့သော်ငြား အမှန်တကယ်မှာ မန္တာန်၏ အကျိုးဆက် ဖြစ်နေပေသည်။

"ပြီးတော့ ..."

လီယင်းက ပြောလိုက်သည်။

"ကိုယ်က ဒီဘက်ကမ္ဘာမှာ ရှိနေပေမယ့် စိတ်ဝိဉာဉ်အရ လူတစ်ယောက်တည်းပဲ ဖြစ်နေတုန်းဆိုတော့ ကိုယ်တို့နှစ်ယောက်ကြားက ဆက်စပ်မှုကို ဖျက်ဆီးနိုင်ဖို့ ခဲယဉ်းတယ် နှစ်ယောက်လုံး တစ်ပုံစံတည်း ခံစားရပြီး တစ်ယောက်သေမှ တစ်ယောက်က အသက်ရှင်နိုင်မယ် .. သူသေမှ ကိုယ်ရှင်မှာ ဒီလိုနည်းနဲ့ပဲ ကမ္ဘာကို ဟန်ချက်ညီအောင် ထိန်းနိုင်မှာ မဟုတ်ရင် အားလုံး ပျက်စီးသွားလိမ့်မယ် ..."

ယွင်ချင်းစီက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြောလိုက်သည်။

"ပြီးတော့ရော..."

"နောက်ပြီး .. သူသေသွားပြီးနောက်ပိုင်း ... မသေခင်မှာ မြွေတွေအများကြီး ကိုက်တာကို ခံခဲ့ရတော့ .. နာကျင်မှုက ကိုယ့်ဆီမှာလည်း ထာဝရ ကျန်ရစ်နေခဲ့တယ် ..."

ယွင်ချင်းစီက ကြောင်အသွားသည်။

"အားစီ ပျော်ရဲ့လား ..."

လီယင်းက ပြောလိုက်သည်။

"မင်း ကိုယ့်ကို မထိသရွေ့ အမြဲ နာကျင်နေရမှာ မင်းမရှိရင် ကိုယ် ဘာမှ မလုပ်နိုင်ဘူး မင်းသာ ကိုယ့်ကို စွန့်ပစ်ရင် နာကျင်မှုကြားမှာ နစ်မြုပ်ရင်နစ်မြုပ် မဟုတ်ရင် သေရမှာ မင်းမရှိဘဲ ကိုယ် ဘယ်လိုနည်းနဲ့မှ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး..."

ယွင်ချင်းစီက သတိလက်လွတ် ပြန်ပြောလိုက်သည်။

"အမ်း .. ပျော်တယ် ..."

ပြီးတော့ နည်းနည်းလည်း ဝမ်းနည်းတယ် ...

သူက ရှေ့တိုးလာသော်လည်း လီယင်းက နောက်ပြန်ဆုတ်သွား၏။

သူက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

"အားစီ အားလုံးက ကိုယ့်ရဲ့ လုပ်ရပ်တွေအတွက် ပြန်ရလာတဲ့ အကျိုးဆက်တွေပါ မင်း ကိုယ့်ကို ချစ်ပေးခဲ့တုန်းက ကိုယ်က မင်းကို တွယ်ကပ်လွန်းတယ်ဆိုပြီး မကြိုက်ခဲ့ဘူး အခု မင်းက ကိုယ့်ကို မချစ်တော့ဘူး ဆိုပြန်တော့ မင်းအနား ကပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားပြန်တယ် ... မင်း သေချာပေါက် ပျော်အောင် နေရမယ်နော် မင်းပျော်ရင် ကိုယ်လည်းပျော်တယ် မင်း ကြည့်လို့ရအောင် ကိုယ် အမြဲတမ်း နာကျင်မှုကို အံကြိတ်သည်းခံနေပေးမယ် တစ်နေ့နေ့ တစ်ချိန်ချိန် မင်း မပျော်ရွှင်တော့ရင် ကိုယ့်ကို လာကြည့် ကိုယ့်ကို မင်းအိပ်မက်ထဲကလို ခွေးဝဲစားတစ်ကောင်လို ဘဝမျိုး နေစေချင်ရင်လည်း ... ကိုယ် ပြပေးမယ် ကိုယ့်မှာ ဓားရော ပြီးတော့ အသားတွေလည်း အများကြီး ရှိသေးတယ် .. မင်းရှေ့မှာပဲ ကိုယ် လှီးပြမယ် အဲဒီ့လူက ကိုယ် ဟုတ်မဟုတ် မင်းအနေနဲ့ ဂရုစိုက်နေစရာ မလိုပါဘူး ဘာလို့ဆို အစကနေ အဆုံးအထိ လီယင်းက တစ်ယောက်တည်း မင်းကို ချစ်ခဲ့တဲ့သူက တစ်ယောက်တည်းပဲ ဖြစ်နေလို့ ..."

ယွင်ချင်းစီ၏ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ရီလာတော့သည်။

"အားစီ ... ဘာလို့ ငိုနေရပြန်တာလဲ ..."

လီယင်းက သူ့ကို လှည့်ကြည့်ကာ ကုတင်ခေါင်းရင်းရှိ ဓားကို ယူပြီး ပြောလိုက်သည်။

"အားစီ မပျော်မရွှင် မဖြစ်ပါနဲ့ ကိုယ် မင်းကို ပြ ..."

ဓားအိမ်ကို ဆွဲချွတ်ကာ အင်္ကျီလက်ကို ပင့်တင်လိုက်၏။ အေးစက်စက် အလင်းတန်းတစ်ခုနှင့်အတူ ဓားကိုဝင့်လျက် လက်မောင်းကို လှီးဖြတ် ...

ယွင်ချင်းစီက ရုတ်ချည်း သူ့ထံသို့ ပြေးဝင်လာသည့်အတွက် လီယင်းလည်း ဓားကို အမြန် လွှင့်ပစ်လိုက်ရတော့သည်။ ရှည်လျားလှသည့် ဆံနွယ်တို့ အနည်းငယ် ယိမ်းနွဲ့ကာ နွေးထွေးလှသည့် ခန္ဓာကိုယ်လေးတစ်ခုက သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာ၏။

ယွင်ချင်းစီက မျက်နှာတစ်ခုလုံး နီမြန်းလျက် ပြောလိုက်သည်။

"ဘယ် .. ဘယ်သူက ဒါကို တွေ့ရင် ပျော်မယ်လို့ ပြောလို့လဲ ..."

လီယင်း၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားကာ အနည်းငယ် ကြောင်အစွာဖြင့် ယွင်ချင်းစီကို ငေးကြည့်လိုက်သည်။

ယွင်ချင်းစီက သူ့ခါးကို ပွေ့ဖက်လျက် ဒေါသတကြီး ပြောလိုက်သည်။

"မင်း ကောင်းကောင်းမွန်မွန် မနေရလို့ ဝမ်းသာတယ် ဒါပေမယ့် နည်းနည်းတော့ စိတ်ညစ်‌မိနေတုန်းပဲ အဲဒီ့အချိန်တုန်းက မင်းသာ သေသွားရင် ငါ့နောက် လိုက်လာမှာလို့ တွေးခဲ့တာ ... ဒါပေမယ့် ပြန်တွေးကြည့်တော့လေ ငါသာ မင်းရဲ့ အဲဒီ့ပုံစံကို မမြင်ခဲ့ရင် သေခြင်းတရားကို လက်ခံနိုင်မယ်လို့ မထင်ဘူး ..."

လီယင်းက သူ့ကို နားမလည်။

ယွင်ချင်းစီက မျက်ရည်စက်တို့ကို သူ့ရင်ဘက်ဖြင့် သုတ်လိုက်ကာ မော့ကြည့်ပြီး မေးလိုက်သည်။

"ဘာလို့ စကားမပြောတာလဲ ..."

"..."

လီယင်းက သူ့လက်ထဲရှိ ဓားမြှောင်ကို ငုံ့ကြည့်နေလိုက်၏။

"လွှင့်ပစ်လိုက် ..."

ဓားမြှောင်က မြေပေါ်သို့ ပြုတ်ကျသွားသည်။

"ရှေ့လျှောက် ငါ့ခွင့်ပြုချက် မပါဘဲ မင်းကိုယ်မင်း ထိခိုက်အောင် လုပ်ခွင့်မပြုဘူး ..."

လီယင်း ".. ကိုယ့်ကို မျက်စိနောက်နေတာ မဟုတ်ဘူးလား ..."

"မျက်စိနောက်တာလား ..."

ယွင်ချင်းစီက ပြောခဲ့သည်။

"အမြဲတမ်းပဲ ..."

"..."

"ဒါပေမယ့် မင်းကိူ ကြိုက်လည်း ကြိုက်ခဲ့တယ် ..."

ယွင်ချင်းစီက စကားကို ပြန်ပြင်ပြောလိုက်သည်။

"မဟုတ်ဘူး ပြန်လာကာစ မင်း ဆိုးဆိုးဝါးဝါး နေနေရမှန်း မသိခင်တုန်းကတော့ မုန်းရုံပဲမုန်းတာ လုံးဝ မကြိုက်ခဲ့ဘူး ..."

လီယင်းက သူ့ကို ငေးကြည့်ကာ တစ်ခဏမျှ တွေးပြီးကာမှ ပြောလိုက်သည်။

"ဒါဆို အခုက ကိုယ့်ကို ခွင့်လွှတ်ပေးဖို့ လာရှာတာပေါ့ ..."

"အင်း ..."

"ဒါဆို ဘာလို့ မပြောခဲ့တာလဲ ..."

"ဘယ်လို ပြောရမလဲ မသိလို့ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ဒါပေမယ့် မင်းနဲ့အတူ အိပ်မပေးခဲ့ဘူးလား မင်း နှင်ထုတ်တာတောင် ထွက်မသွားဘူးလေ ငါ့အပြုအမူတွေက အရမ်းကို သိသာနေတာပဲဟာကို ..."

"ကိုယ် မင်းကို နှင်မထုတ်ခဲ့ပါဘူး ..."

"နန်းဆောင်ကို ပြန်ခိုင်းတယ်လေ ..."

"မင်း ပြန်ချင်တယ်လို့ ပြောလို့ပါ ..."

"ပြန်ချင်တယ်လို့ပဲ ပြောခဲ့တာကို မင်းက ပြန်ခိုင်းတယ်လေ ငါ့ကို မချစ်ဘူးလား ..."

သူက ပြောလိုက်သည်။

"မင်း ငါ့ကို တားလည်း မတားခဲ့ဘူး မဟုတ်လား ..."

".. မင်းက ကိုယ့်ကို မုန်းနေတယ်လို့ ထင်ခဲ့တာ ..."

"မုန်းရင် ဘယ်လိုလုပ် မင်းဆီ လာမလဲ ..."

"..."

လီယင်းတွင် ပြောစရာစကား မရှိတော့။

ယွင်ချင်းစီက သူ့ကို မလွှတ်တမ်း ပွေ့ဖက်ကာ ပြောလိုက်သည်။

"စောစောက မင်းကြောင့် ငါ လန့်သွားတာ ..."

လီယင်း "..."

သူသာ နာကျင်ခံစားနေရပါလျှင် ယွင်ချင်းစီ ပျော်နေလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယွင်ချင်းစီ၏ အမြင်တွင်မူ သူသည် အရူးတစ်ယောက်မျှသာ။

ယွင်ချင်းစီက သူ့နောက်မှ လိုက်လာ၏။ လီယင်းက ကုတင်ပေါ် ထိုင်ကာ မျက်နှာကို အနည်းငယ် လွှဲထားလိုက်သည်။

ယွင်ချင်းစီက သူ့ကို စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။

"လီယင်း ..."

"အင်း ..."

"ဘာလို့ ဘာမှ မပြောတာလဲ ..."

"ဘာကို ပြောရမှာလဲ ..."

"မင်းကို ခွင့်လွှတ်တယ်လို့ ..."

".. ကျေးဇူးတင်ပါတယ် အားစီ ..."

နောက်ဆုံးတွင်တော့ လီယင်းလည်း အသိစိတ် ပြနကပ်သွားတော့သည်။ သူ့ဧကရီကို ငေးကြည့်ကာ ပြောလိုက်၏။

"ဒါဆို မင်း ကိုယ်နဲ့ မကွာရှင်းတော့ဘူး မဟုတ်လား ..."

"ခွင့်လွှတ်ပါတယ်ဆိုနေ ဘာကိစ္စ ကွာရှင်းရမှာလဲ ..."

"အခုရော ပြောစရာ မရှိဘူးလား ..."

"မင်း မေ့မြောနေတုန်းက ဆရာ ..."

"အိပ်ပျော်နေ‌ရုံလေးတင်ပါ ..."

"ဟုတ်ပြီ ဟုတ်ပြီ မင်း အိပ်ပျော်နေတုန်းက ကိုယ် ဆရာနဲ့ စကားအများကြီး ပြောဖြစ်ခဲ့တယ် သူက ကိုယ်တို့ကို အေးအေးဆေးဆေး ကွာရှင်းနိုင်ဖို့ မျှော်လင့်မိတယ်တဲ့ ကိုယ်လည်း ကတိပေးခဲ့မိ ..."

ယွင်ချင်းစီက နှုတ်ခမ်းချင်း ဖိကပ်လျက် သူ့စကားတို့ကို ရပ်တန့်စေကာ ချက်ခြင်း ပြန်ခွါလိုက်သည်။ ထို့နောက် သူ့ရင်ခွင်ထဲ မှီနေရာမှ မော့ကြည့်ကာ ပြောလိုက်သည်။

"အမြဲတမ်း ဘာလို့ အများကြီး လျှောက်စဉ်းစားနေရတာလဲ အဖေက အခု ဒီမှာမှ မရှိတာ ..."

"ဒီလို ကိစ္စတွေ ရှိခဲ့တယ်လို့ပဲ ပြော ..."

ယွင်ချင်းစီက သူ့ကို နောက်တစ်ကြိမ် နမ်းလိုက်ပြန်သည်။

"ငါ့ခံစားချက်တွေကို မဖျက်ဆီးနဲ့ ..."

ဤသည်မှာ သူနှင့် ယွင်ချင်းစီအကြားက ကွာခြားချက်ပင်။ ယွင်ချင်းစီက တစ်ခုခု လုပ်လိုပါလျှင် ချက်ခြင်း လုပ်ရန် လိုအပ်ပေသည်။ သူသည် စိတ်မရှည်တတ်၊ အားလုံးကို သူ့စိတ်တိုင်းကျ လုပ်ဆောင်တတ်သူတစ်ဦး ဖြစ်သည်။

လီယင်းကမူ အမြဲတမ်း အတွေးလွန်တတ်၏။

လီယင်းက သူ့ကို ငုံ့ကြည့်ကာ တီးတိုးပြောလိုက်သည်။

"ဘာခံစားချက်လဲ ..."

ယွင်ချင်းစီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်သွားကာ မျှော်လင့်တကြီး ပြောလိုက်သည်။

"မှောင်မိုက်တဲ့ ခံစားချက် ..."

လီယင်းက လက်ကို တစ်ဖြည်းဖြည်း ဆန့်ထုတ်ကာ သူ့ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး သူကလည်း နငြင်းဆန်။ ဧကရီကို ပေါင်ပေါ်တင်လျက် ကြားလေသွေး၍ မရအောင် ပွေ့ဖက်ထားလိုက်၏။ ယွင်ချင်းစီက နှာခေါင်းချင်း တေ့ထားကာ ပြောလိုက်သည်။

"နမ်းချင်တယ် ..."

လီယင်း၏ နှာတံမှာ လွန်စွာ ရှည်လျားသည့်အတွက် နမ်းသည့် အချိန်တိုင်း ဘေးဘက်သို့ လှည့်ထားရသည်။ ယွင်ချင်းစီက အနမ်းတို့ကို ရှေ့ဆက်မည်ပြုစဉ် အစာအိမ်မှ မြည်သံထွက်လာ၏။

လီယင်း ".. အရင်ဆုံး စားလိုက်ရအောင် ..."

"အွန်း ..."

ယွင်ချင်းစီက မပျော်တော့။

လီယင်းက သူ့ကို ငုံ့နမ်းကာ နူးညံ့စွာ ပြောလိုက်သည်။

"စားပွဲဆီ ပြန်သွားရအောင် ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြကာ သူ့လည်တိုင်ကို ဖက်တွယ်လျက် ပြောလိုက်သည်။

"ချီသွားပေး ..."

လီယင်း၏ နှလုံးသား မြည်ဟီးကာ အကြည့်တို့ နီရဲလာတော့သည်။

ယွင်ချင်းစီ သူ့ကို ဤသို့ မပြောတော့သည်မှာ လွန်စွာ ကြာမြင့်လှပြီဖြစ်သည်။

၁၂ နှစ်တာ ...

ဤခဏတွင်မှ သူသည် ယွင်ချင်းစီ၏ ဤပုံစံကို မည်မျှအထိ ချစ်မိနေပြီဖြစ်ကြောင်း သတိပြုမိလိုက်တော့သည်။

သူ့အနား ကပ်ကာ နှလုံးသားတစ်ခုနှင့်အပြည့် ချစ်ခင်ယုံကြည်ခြင်း ...

အတိတ်ဘဝက ဤအဆင့်အထိ မရောက်ခဲ့နိုင်၊ အားလုံးမှာ သူ့အမှားများသာ ဖြစ်ပေသည်။

ယွင်ချင်းစီကို တင်းကြပ်စွာ ပွေ့ဖက်ရင်း ခံစားချက်တို့ကို ခက်ခက်ခဲခဲ တည်ငြိမ်စေလိုက်၏။

ယွင်ချင်းစီက သူ ချီ‌သွားပေးမည်ကို စောင့်နေသော်လည်း လီယင်းက အတော်ကြာသည်အထိ မတ်တပ်ရပ်မလာ၊ ထို့ကြောင့် အနည်းငယ် ပျာယာခတ်လာတော့သည်။

"လီယင်း မင်း မချီနိုင်လောက်အောင်ကို ‌အိုနေပြီလား ..."