အပိုင်း ၆၉
Viewers 13k

Chapter 69




သူ့စကားကြောင့် လီယင်း၏ ကမောက်ကမ ဖြစ်နေသော ခံစားချက်အားလုံး ပျောက်ကွယ်သွား‌တော့သည်။ သူက အသက်တစ်ချက် ရှူသွင်းကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လျက် ယွင်ချင်းစီကို ကုတင်ပေါ်မှ မ,မည်ပြုစဉ် တစ်ဖက်သူကလည်း ရုတ်ချည်း ရုန်းကန်လိုက်၏။

အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားကာ လီယင်းက သူ့ကို စိုက်ကြည့်လိုက်သည်။

ယွင်ချင်းစီက သူ့ခန္ဓာကိုယ် အနေအထားကို ကြိမ်ဖန်များစွာ တွေးကာ အလေးအနက် ပြောလိုက်သည်။

"မင်းက ကိုယ်အလေးချိန်တွေ အများကြီး ကျထားတာ အရင်ဆုံး စားလိုက်ကြရအောင် ..."

"ကိုယ် ဗိုက်မဆာဘူး ..."

လီယင်းက သူ့ကို အိပ်ယာပေါ် တွန်းချကာ ရှေ့သို့ တိုးလာစဉ်မှာပင် အစာအိမ်ထဲမှ မြည်သံကို နောက်တစ်ကြိမ် ကြားလိုက်ရပြန်တော့သည်။

လီယင်း၏ အောက်တွင် လဲလျောင်းရင်း လက်နှစ်ဖက်ဖြင့် ဗိုက်ကို ဖိထားသည့် သူ့ပုံစံမှာ အနည်းငယ် ရှက်ရွံ့နေဟန်။

"အရင်ဆုံး .. စားကြရအောင် ..."

လီယင်း၏ မျက်လုံးတို့ ဟန်မဆောင်နိုင်လောက်အောင် ကွေးညွတ်သွားတော့သည်။

ယွင်ချင်းစီက နီမြန်းနေသော မျက်နှာဖြင့် အိပ်ယာထဲမှ ထွက်မည်ပြုစဉ် သူ့ခန္ဓာကိုယ် လေထဲသို့ မြောက်တက်သွားပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံလိုက်ရတော့သည်။

လီယင်း၏ လည်ပင်းကို အခိုင်အမာ ပွေ့ဖက်ကာ စစ်မှန်လေးနက်စွာဖြင့် စိုးရိမ်တကြီး ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို အတင်း ဖိအားမပေးနဲ့ ..."

လီယင်း "မပြောနဲ့ ..."

ပုတီးစေ့ လိုက်ကာအနီးသို့ ရောက်သည့်အခါ ယွင်ချင်းစီက လိုက်ကာစကို လှပ်ပေးလိုက်သည်။ ထို့နောက် လီယင်းက သူ့ကို ထမင်းစားပွဲအထိ ပွေ့ချီကာ သယ်ဆောင်ပေးလိုက်၏။

လီယင်းက သူ့ကို ထိုင်ခုံပေါ် ချပေးပြီး ပန်းကန်လုံး၏ အပူချိန်ကို စမ်းသပ်လိုက်သည်။ နွေဦးရောက်စ ကာလများတွင် လေအေးများ မကြာခဏ တိုက်ခတ်တတ်သေးသည့်အတွက် မြေနဂါးမီးဖိုကို မဖယ်ထုတ်ရသေးရာ တစ်ခဏမျှ အာရုံများသွားခဲ့သည့်တိုင် စားစရာများက အေးမသွားသေးချေ။

သူက ယွင်ချင်းစီကို မေးလိုက်သည်။

"ပြန်နွှေး‌ခိုင်းလိုက်ရမလား ..."

"ဗိုက်ဆာတာ သေတော့မယ် ဒီတိုင်းပဲ စားလိုက်မယ် ..."

လီယင်းက ထမင်းပန်းကန်တစ်ဝက်ခန့် ခူးကာ သူ့ရှေ့သို့ ချပေးလိုက်သည။ စားနေစဉ်အတွင်း ယွင်ချင်းစီက သူ့ကို ခြေထောက်ဖြင့် မမေ့မလျော့ ဖိထားကာ ပြောလိုက်သည်။

"နာနေသေးလား ..."

"မနာပါဘူး ..."

ယွင်ချင်းစီနှင့် နီးကပ်နေရသရွေ့ အသားချင်း ထိမနေသည့်တိုင် နာကျင်မှုက သက်သာနေပေသည်။

သူ့ပုံစံကို မြင်ပြီးသည့်တိုင် ယွင်ချင်းစီက ဤကဲ့သို့ လက်ခံပေးလိမ့်မည်ဟု စိတ်ပင် မကူးခဲ့ဖူးချေ။

"အားစီ ..."

"ဟမ် ..."

".. အဆင်ပြေပါတယ် ..."

ယွင်ချင်းစီက သူ့ကို ဗလာအကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။

"ဘာတွေ လုပ်နေတာလဲ ..."

"မင်းကို ခေါ်နေတာလေ ..."


ယွင်ချင်းစီက သူ့ခြေထောက်တို့ကို ခြေထောက်နှစ်ဖက်လုံးဖြင့် ချိတ်ပြီး တင်းကြပ်စွာ ဖိထားလိုက်သည်။ ဝက်သားနှပ်ကို တူဖြင့် ကောက်ကိုင်ပြီးကာမ လီယင်းသည် အသားမစားနိုင်ကြောင်း သတိရသွားသည့်အတွက် အသီးအရွက်တို့ကို ပြောင်းထည့်ပေးကာ ပြောလိုက်သည်။

"ဒါကို စားလည်းရတယ် ..."

"ကောင်းပြီ ..."

လီယင်းက အားလုံးကို သတိပြုမိနေ၏။ သူ့အမူအယာမှာ လွန်စွာ တည်ငြိမ်လှသည်။ ယွင်ချင်းစီသည် သူ၏ ပုပ်သိုးဆွေးမြည့်ကာ ရွံရှာဖွယ် ညစ်ပတ်လှသည့် တစ်ဖက်ခြမ်းကိုပါ အားလုံး တွေ့မြင်ခဲ့သည့်နှယ်။

သူ့လည်ပင်းတို့ အနည်းငယ် ရွေ့လျားသွားကာ အစာအိမ်အတွင်းမှ လိမ့်တက်လာသည့် အပုပ်နံ့တစ်ခုကို ရလိုက်သည်ဟု ရုတ်တရက် ခံစားမိလာတော့သည်။

လီယင်းက အသီးအရွက် အနည်းငယ်ခန့်ကို စားသောက်ပြီးနောက် ယွင်ချင်းစီကိုသာ ဂရုတစိုက် ကျွေးမွေးလိုက်တော့သည်။ ယွင်ချင်းစီက လွန်စွာ ဗိုက်ဆာနေရာ ခေါင်းမဖော်စတမ်း စားသောက်လိုက်ပြီး တစ်ဝက်ခန့် ဝလင်သွားကာမှ လီယင်း၏ ပန်းကန်မှာ အလွတ်ဖြစ်နေကြောင်း သတိထားမိသွားတော့သည်။ သူ့ကို ကြက်ဥနို့ပေါင်းတစ်ဇွန်း ခပ်ထည့်ပေးကာ ပြောလိုက်သည်။

"ဒါစား ..."

"ကိုယ့်ဘာသာကိုယ် ..."

"မင်းကို ခွံ့ကျွေးမယ် မြန်မြန်လေး ပါးစပ်ဟလိုက် ..."

ယွင်ချင်းစီက ထိုကြက်ဥနို့ပေါင်းကို လွန်စွာ သဘောကျ၏။ ၎င်းမှာ နူးညံ့အိစက်ကာ အညှီနံ့လည်း မရှိ။ သူသည် ငယ်စဉ်ကတည်းက အစားရွေးသူဖြစ်ကာ တော်ရုံအစားအစာကို မနှစ်ခြိုက်တတ်သည့်အတွက် သူသာ ကောင်းသည်ဟု ပြောပါလျှင် ထိုစားစရာသည် အမှန်တကယ်ပင် အရသာရှိသည်ဟု ယူဆ၍ရသည်။ 

လီယင်းက ဝမ်းသာအားရဖြင့် တစ်ဇွန်း ခပ်စားလိုက်၏။ နူးညံ့လှသည့် ကြက်ဥပေါင်းက လည်ချောင်းမှတစ်ဆင့် အစာအိမ်အထိ မြွေတစ်ကောင်သဖွယ် လျောခနဲ ကျဆင်းသွားတော့သည်။

သူ့မျက်နှာတစ်ခုလုံး ဖြူရော်သွားတော့၏။ ယွင်ချင်းစီက ဟင်းရွေးပေးနေသည့်အတွက် ၎င်းကို သတိမပြုမိ။ လီယင်းမှာ အသားမစားနိုင်ကြောင်း သိသည့်အတွက်တို့ဟူး၊ မျှစ်စိမ်းတို့ကဲ့သို့သော ပေါ့ပေါ့ပါးပါးရှိသည့် ကောင်းနိုးရာရာ ဟင်းလျာတို့ကို သူ့ပန်းကန်ထဲ ထည့်ပေးကာ ပြောလိုက်သည်။

"စားလိုက် မင်း နေ‌ပြန်ကောင်းလာမှရမယ် ခါးလေးလည်း ကြည့်လိုက်ပါဦး ပိန်ပိန်လေး .. မင်းမှာ ဘာခွန်အားမှတောင် မကျန်တော့တဲ့ အတိုင်းပဲ ..."

လီယင်း "..."

သူ့ခြေထောက်ကို ရွှေ့လိုက်သည့်အခါ ယွင်ချင်းစီက သူ့ခြေထောက်များဖြင့် ဖမ်းချုပ်ထားလျက် ပြောလိုက်သည်။

"ဘာလုပ်တာလဲ မနာဘူးလား ..."

"အဆင်ပြေပါတယ် ..."

"ဘာအဆင်ပြေတာလဲ အဆင်ပြေတယ် ပြောရုံနဲ့ တကယ် အဆင်ပြေသွားရောလား ..."

ယွင်ချင်းစီက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။ လီယင်းကလည်း ပြန်စိုက်ကြည့်ရင်း ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။

"ကိုယ့်အတွက်က အသားကျနေပါပြီ ..."

"မင်းက တော်တော်လေးကို အသားကျတာ မြန်တာပဲ ..."

ယွင်ချင်းစီက သူ့ကို ကန်လိုက်သော်ငြား ဆက်ပြီး ကိုင်ထားရင်း တိုက်တွန်းလိုက်သည်။

"သွက်သွက်လေးစား စားပြီး ခွန်အားပြည့်မှ ဟိုဟာ .. အဟမ်း လုပ်နိုင်ဖို့ဆို ခွန်အား လုံလုံလောက်လောက် ရှိနေမှလေ ..."

လီယင်းက မသိမသာ မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ ကြင်နာမှုတို့ ယိုဖိတ်ကျလျက် ရှင်းပြလိုက်သည်။

"မစားရင်တောင် ကိုယ့်မှာ ခွန်အား အလုံအလောက် ရှိနေပြီးသားပါ ..."

"မသိဘူး မြန်မြန်စား ..."

လီယင်းက နာခံမှု ရှိစွာဖြင့် တူကို ကောက်ကိုင်လိုက်သည်။

ယွင်ချင်းစီလည်း အနည်းငယ်ခန့် ဆက်စားပြီးနောက် ပြန်လှည့်ကြည့်လိုက်သည့်အခါ နှေးကွေးစွာ စားသောက်နေသော လီယင်းကို တွေ့လိုက်ရသည်။ သူ့အခြေအနေမှာ တိုးတက်မလာသည့်အပြင် ပို၍ပင် ဖြူရော်လာတော့သည်။

"လီယင်း ..."

"အင်း ..."

သူခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် လီယင်းက ချက်ခြင်း တူကို အောက်ချထားလိုက်သည်။ သူ့ပုံစံမှာ စားသောက်ရန် စိတ်ဝင်စားခြင်း အလျဉ်းမရှိ‌ဟန်ပင်။

"မင်းက ကိုယ်အလေးချိန်တွေ အများကြီး ကျထားတာ ..."

ယွင်ချင်းစီက သူ့ကို သတိပေးလိုက်သည်။

"ဒါပေမယ့် တကယ်ကို မစားနိုင်တာဆိုလည်း စွပ်ပြုတ်လေး နည်းနည်းလောက်တော့သောက် ဟုတ်ပြီလား ..."

"ကောင်းပါပြီ ..."

ယွင်ချင်းစီက မတ်တပ်ထရပ်ကာ စွပ်ပြုတ်တစ်ပန်းကန် ခပ်ထည့်ပြီး သူ့ရှေ့သို့ ချပေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီတစ်ပန်းကန်တော့ ကုန်အောင်သောက်ရမယ် ..."

"အင်း ..."

ယွင်ချင်းစီက သူ့ကို ပြုံးပြလိုက်သည်။ စားပွဲပေါ် လက်ထောက်ကာ လက်သီးဆုပ်ပေါ် မျက်နှာအပ်လျက် အလေးအနက် ပြောလိုက်၏။

"မင်းကို စောင့်ကြည့်နေမယ် ..."

လီယင်းက စွပ်ပြုတ်ကို သောက်နေရင်းပင် ထိုအပုပ်နံ့မှာ ပိုမိုပြင်းထန်လာသည်ဟု ခံစားမိလာတော့၏။ လျှာကို ကိုက်လျက် တီးတိုးပြောလိုက်သည်။

"အားစီ အနံ့တစ်ခုခု ရမိသေးလား ..."

ယွင်ချင်းစီက နှာခေါင်းကိုရှုံ့ကာ အနံ့ခံကြည့်ပြီး ပြောလိုက်သည်။

"အင်း ..."

လီယင်း၏ မျက်နှာတစ်ခုလုံး အပြာရောင် ပြောင်းသွား၏။

ယွင်ချင်းစီက သူ့မျက်နှာကို ဖျတ်ခနဲ နမ်းကာ မပီမသ ပြောလိုက်သည်။

"ဘာတွေ လောဘကြီးနေတာလဲ မင်းအနံ့က အရသာရှိတယ် ..."

ကျီစားလိုရိပ်တို့ကို မြင်ကာမှ လီယင်းလည်း သတိပြန်ကပ်လာတော့သည်။ ချိုမြိန်လှသည့် အနမ်းကြောင့်လား မသိ၊ ထိုအပုပ်နံ့မှာ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။ ဖြူရော်နေသည့် လက်ချောင်းတို့ကို ဆန့်ထုတ်ကာ ဧကရီ၏ ပါးနှစ်ဖက်အား ဖျစ်ညှစ်လိုက်၏။

"အိုး .. သွက်သွက်လေး စား ..."

ယွင်ချင်းစီက ရှောင်တိမ်းကာ ပြောလိုက်သည်။

"ရေချိုးချင်လို့ ..."

"မင်းကို အရင် ပြင်ဆင်ပေးဖို့ ပြောလိုက် ..."

"ငါ့ကို ထားခဲ့နိုင်တယ်ပေါ့ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါသွားရင် မင်း ဘယ်လိုလုပ်မလဲ ..."

စွပ်ပြုတ်အားလုံး သောက်ပြီးသည့်တိုင် ယွင်ချင်းစီက သူ့ကို ထပ်ထည့်ပေးလိုသည့် အရိပ်အယောင်တို့ တွေ့နေရသည့်အတွက် လီယင်းက လက်ဦးမှုယူကာ ပြောလိုက်သည်။

"ကိုယ် ဗိုက်ပြည့်ပြီ ..."

"စားတာ နည်းလိုက်တာ ..."

ယွင်ချင်းစီက သူ့ကို အနည်းငယ် ထပ်ကျွေးလိုသေးသော်ငြား တူကို ချထားလိုက်တော့သည်။

"မအီမသာ ဖြစ်လာရင်လည်း ရပ်လိုက်ပါ ..."

ဘာပဲဖြစ်ဖြစ် လီယင်းကို အရင်ပုံစံအတိုင်း ပြန်ဖြစ်အောင် အစားတွေ အများကြီး ကျွေးဖို့ အချိန်တွေ အများကြီး ရှိနေသေးတာပဲကို ...

စိတ်ကို ပြန်လည်ပြင်ဆင်လိုက်ပြီးနောက် လီယင်း၏ ရင်ခွင်ထဲ တိုးဝင်ကာ တောက်ပနေသည့် အကြည့်တို့ဖြင့် ပြောလိုက်သည်။

"ရေပူစမ်းကို သွားပြီး ရေနွေးစိမ်ကြရအောင် ..."

လီယင်း သဘောမတူရသေးခင်မှာပင် အပြင်ဘက်မှ လျှိုကျီရူ၏ စကားသံကို ကြားလိုက်ရသည်။

"အရှင် .. အမတ်ချုပ်ယွင်က ဧကရီကို တွေ့ဆုံခွင့် တောင်းခံနေပါတယ် ..."

လီယင်းက ယွင်ချင်းစီ၏ ခါးကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ကာ အသက်ပြင်းပြင်းရှူလျက် ပြောလိုက်သည်။

"ဝင်လာခိုင်းလိုက် ..."

ယွင်ချင်းစီကလည်း သူ့ဖခင် ရောက်လာရခြင်း၏ အကြောင်းအရင်းကို ကောင်းကောင်းသိနေ၏။ လီယင်း၏ မျက်နှာကို မော့ကြည့်ကာ တုန့်ဆိုင်းစွာဖြင့် သူ့ရင်ခွင်ထဲမှ ရုန်းထွက်ပြီး ခပ်ဝေးဝေးတွင် သွားထိုင်လိုက်သည်။

လီယင်းကလည်း သူ့ကို မတားမြစ်။ ယွင်ချင်းစီက သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ခြေထောက်ကို ဖိထားလိုက်သည်။

အမတ်ချုပ်ယွင်က အထဲသို့ အမြန် ဝင်လာ၏။ ယွင်ချင်းစီက သူ့ကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"အဖေ စားပြီးပြီလား ကျွန်တော်တို့နဲ့ အတူတူစား ..."

အမတ်ချုပ်ယွင်၏ အကြည့်တို့ကြောင့် ပါးစပ်ကို ပိတ်ထားလိုက်ရတော့သည်။

"ဒီအမတ်က အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ..."

"ဆရာ .. ထိုင်ပါ ..."

"ကျွန်တော်မျိုး မထိုင်တော့ပါဘူး ..."

အမတ်ချုပ်ယွင်က ရိုကျိုးစွာဖြင့် တည့်တိုး ပြောလိုက်၏။

"ဒီငယ်သားက ရှောင်စီကို အိမ်တော်ပြန်ဖို့ လာခေါ်တာပါ ..."

သူနှင့် လီယင်းတို့ ဆွေးနွေးသဘောတူပြီးဖြစ်ကာ ငြိမ်းချမ်းစွာ ကွာရှင်းရေးကိစ္စမှာ ဧကရာဇ်၏ သဘောတူညီချက်ကို ရရှိပြီးလည်း ဖြစ်သည့်အတွက် တစ်ဝက်ခန့် အောင်မြင်နေပြီဟုပင် ဆိုနိုင်ရာ ယွင်ချင်းစီကို ဧကရီဟု ခေါ်ဝေါ်နေရန် မလိုအပ်တော့ပေ။

‌သတိလစ်နေစဉ်အတွင်း  ဂရုစိုက်ပေးခဲ့သည့် လီယင်းကြောင့် ယွင်ချင်းစီ၏ နှလုံးသား ပြန်လည်နူးညံ့လာ‌နိုင်ကြောင်း အမတ်ချုပ်ယွင်က တပ်အပ်သိထားပေသည်။ ယွင်ချင်းစီက လီယင်းအပေါ် ခံစားချက်တို့ ရှိကာ ဖခင်ဖြစ်သည့် သူ့ကိုမူ အလေးမထားပေ။

လီယင်းက ယွင်ချင်းစီကို လှည့်ကြည့်လိုက်ကာ အမတ်ချုပ်ယွင်ကလည်း ယွင်ချင်းစီကိုသာ စိုက်ကြည့်နေ၏။

ယွင်ချင်းစီကလည်း သူတို့နှစ်ဦးလုံးကို နားလည်ပေးနိုင်နေရာ မည်ကဲ့သို့ တုန့်ပြန်သင့်ကြောင်း မသိတော့ချေ။

သူ အခက်တွေ့နေကြောင်း သတိထားမိလိုက်သည့် လီယင်းကပင် ထိုပဋိပက္ခကို စတင်ဖြေရှင်းပေးလိုက်တော့သည်။

"ဆရာနဲ့အတူ ပြန်သွားပြီး ဒီအကြောင်းကို သေချာလေး စဉ်းစားလိုက်ပါ ..."

ယွင်ချင်းစီကလည်း လီယင်းကို ဤကဲ့သို့ လွယ်လွယ် အလျော့ပေးလိုက်လိမ့်မည်ဟု ထင်မထား။ မျက်လုံးတို့ ပြူးကျယ်လျက် အလိုမကျစွာဖြင့် မေးလိုက်သည်။

"မင်း ..."

"ရှောင်စီ ..."

အမတ်ချုပ်ယွင်က သူ့ကို ဟန့်တားလိုက်သည်။

ယွင်ချင်းစီလည်း မျက်မှောင်ကြုတ်လျက် ထထွက်လာရတော့၏။ အမတ်ချုပ်ယွင်က သူ့ကို လှမ်းဆွဲကာ လီယင်းကို ဦးညွတ်ပြီး ပြောလိုက်သည်။

"ဒါဆို အရှင် ကောင်းကောင်း အနားယူပြီး နေရစ်ခဲ့ပါ အနှောင့်အယှက် မပေးတော့ပါဘူး ..."

ယွင်ချင်းစီမှာ ပို၍ပင် အလိုမကျ ဖြစ်လာတော့သည်။

လီယင်းက သူ့ကို ဘာလို့ မတားရတာလဲ ...

သူသာ ဆက်ဆွဲထားရင် အဖေက ဘာမှ မတတ်နိုင်မယ့်ဟာကို ...

သူက ခေါင်းငိုက်စိုက်ချကာ ထိုင်နေသူကို ပြန်ကြည့်လိုက်သည်။ ရှည်လျားလှသည့် ဆံပင်တို့က သူ့အမူအယာကို ဖုံးကွယ်ပေးထားသည့်အတွက် လီယင်း၏ အတွေးတို့ကို မခန့်မှန်းတတ်တော့ချေ။

ယွင်ချင်းစီက လှည်းထဲသို့ တွန်းပို့ခံလိုက်ရကာ သေချာ ထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် အမတ်ချုပ်ယွင်၏ ဆူပူသံကို ကြားလိုက်ရသည်။

"ဒီကလေး ဘာတွေ ဖြစ်နေတာလဲ ကွာရှင်းဖို့အရေး အချိန်အကြာကြီး ဒုက္ခခံပြီးမှ အရှင့်ဘက်က သဘောတူလာတာလေ ဒါကို သူ့ဆီ သွားကပ်နေပြန်ပြီ မင်း ဘာဖြစ်ချင်နေတာလဲ ..."

ယွင်ချင်းစီက ရှက်ရွံ့စွာဖြင့် အလောတကြီး ပြန်ပြောလိုက်သည်။

"ကျွန် .. ကျွန်တော်က သူ့ကို ကပ်တွယ်နေတာ မဟုတ်ပါဘူးနော်..."

"ချင်းစီ ..."

အမတ်ချုပ်ယွင်က သက်ပြင်းချလိုက်၏။

"သူ သားကို နှင်ထုတ်ခဲ့ဖူးတယ်ဆိုတာကို မေ့သွားပြီလား ..."

"မမေ့ပါဘူး ..."

"ဒါဆို သူ မင်းကို အိပ်ယာပေါ်က ကန်ချလို့ နဖူးပေါက်သွားတာကိုရော မေ့သွားပြီလား အဲဒီ့အမာရွတ် ပျောက်တာမှ ဘယ်လောက်ပဲ ရှိသေးလို့လဲ ..."

"လုံးဝကို မမေ့ပါဘူး ..."

"ဒါဆို အဲဒီ့အချိန်တုန်းက သား မှားသွားခဲ့တယ်လို့ ထင်လား ..."

"သေချာပေါက်ကို ကျွန်တော့်ဘက်က မှန်တာပေါ့ ..."

ယွင်ချင်းစီက အမြီး တက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်သဖွယ် မာန်ဖီလိုက်သည်။


"နဉ်ရိုနဲ့ သွားသောက်တဲ့ သူကမှ မှားတာလေ ..."

ထို့နောက် တစ်ဖန် ညှိုးလျော်စွာဖြင့် ပြောလိုက်ပြန်သည်။

"ဒါပေမယ့် အခု သူက အရင်နဲ့ မတူတော့ ..."

အမတ်ချုပ်ယွင်က ရှင်းရှင်းလင်းလင်း မကြားလိုက်။

"ဘာတွေ ပွစိပွစိ ပြောနေတာလဲ ..."

"ကျွန်တော်ပြောတာ ..."

ယွင်ချင်းစီက အသံကို မြှင့်ကာ ပြောလိုက်သည်။

"သူ့ခေါင်းကို ပြန်ပေါက်အောင် လုပ်ပြီး လက်စားချေလိုက်မယ်လို့ ..."

အမတ်ချူပ်ယွင်က ဒေါသတကြီး ခေါင်းယမ်းလိုက်၏။ ယွင်ချင်းစီကလည်း အလိုမကျစွာဖြင့် ပြောလိုက်တော့သည်။

"အစက သူနဲ့ လမ်းခွဲမလို့ပဲ ဒါပေမယ့် ..."

"သူက မင်းကို ရက်နည်းနည်းလောက် ဂရုစိုက်ပေးခဲ့ရုံလေးတင် ..."

အမတ်ချုပ်ယွင်က သက်ပြင်းချကာ ပြောလိုက်သည်။

"ချင်းစီ ဟိုးအရင်ကတည်းက ဧကရာဇ်တွေက တစ်ခါတစ်လေ ကံဆိုးတတ်တယ် အဖေလည်း မင်းကို မကွာရှင်းစေချင်ပါဘူး သူ သားကို နာကျင်စေမှာ ကြောက်လို့သာ ..."

အတိတ်ဘဝကို ပြန်တွေးရင်း ယွင်ချင်းစီ၏ မျက်လုံးတို့ နီရဲလာကာ တီးတိုးပြောလိုက်သည်။

" သူ မလုပ် ..."

"သူနဲ့ လက်ထပ်တုန်းကလည်း ဒီလို ပြောခဲ့တာပဲလေ ..."

ယွင်ချင်းစီက အင်္ကျီစကို ဆုပ်ကိုင်ထားလိုက်သည်။

သူ လက်ထပ်သည့်နှစ်အထိ သားအဖနှစ်ဦးကြား ဆက်ဆံရေးမှာ လွန်စွာ ဆိုးရွားနေဆဲပင်။ အမတ်ချုပ်ယွင်က အခြားခြံဝင်းဆီ အမြန်လာကာ သူ့နောက် တကောက်ကောက်လိုက်ပြီး အကျိုးအပြစ်တို့ကို ခွဲခြမ်းစိတ်ဖြာပြလိုက်၏။ မယ်တော်ကြီးက ယွင်အိမ်တော်ကို ဖိနှိပ်ရန် ကြံစည်နေကြောင်း၊ လီယင်းမှာလည်း ဧကရာဇ်ဟူသည့် ရာထူးက ပထမ၊ သူ့ခင်ပွန်းဆိုသည်မှာ ဒုတိယနေရာတွင်သာ ရှိနေကြောင်းနှင့် လီယင်းမှာ အမှန်တကယ် လူကောင်းမ‌ဟုတ်ကြောင်း ခါးသီးသည့် အမှန်တရားတို့ကို ပြောပြခဲ့သည်။

ယွင်ချင်းစီက လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ကာ ခက်ထန်စွာ ပြောခဲ့၏။

"ကျွန်တော် ကောင်းကောင်း နေနေတာကို မမြင်ချင်တာ မဟုတ်လား ‌အမေ့ကို သတ်ရုံနဲ့တင် အားမရလို့ ကျွန်တော်ကို့ပါ ဒီခြံဝင်းထဲမှာပဲ ဆွေမရှိ၊ မျိုးမရှိ အထီးကျန်ပြီး တစ်ယောက်တည်း သေသွားစေချင်နေတာလား ..."

ဖခင်ဖြစ်သူ၏ ပျက်ယွင်းနေသော မျက်နှာကို လျသ်လျူရှုကာ တံခါးကို ဆောင့်ပိတ်၍ နှင်ထုတ်လိုက်သည်။ ၁၂ နှစ်အကြာတွင် နန်းမြင့်မျှော်စင်မှ ခုန်ချကာ အဆုံးစီရင်ခဲ့၏။

ထိုဖြစ်ရပ်အားလုံးမှာ အတိတ်ဘဝက ဖြစ်ခဲ့သည်များသာ ဖြစ်ပေသည်။ ယခုဘဝတွင် လီယင်းက အလုံးစုံ ရှင်းပြကာ နောက်ထပ် ထပ်မလုပ်တော့ဟုလည်း ကတိပေးခဲ့ပေသည်။

"ဒီတစ်ခေါက် .. ဒီတစ်ခေါက်က ကျွန်တော် သူ့ကို စိတ်တိုအောင် လုပ်မိလို့ ..."

"ယွင်ချင်းစီ! ..."

အမတ်ချုပ်ယွင်က သူ့ခြေထောက်ကို ဒေါသတကြီး ရိုက်လိုက်သည်။ သူ့အသံမှာလည်း များစွာ တုန်ရီနေ၏။

"အဖေက မင်းကို နာကျင်စေမှာ မဟုတ်ဘူး ..."

"သူက ဧကရာဇ် ကောင်းကင်ဘုံရဲ့သားတော် မင်းကို အားလုံး ပေးနိုင်ပေမယ့် အချိန်မရွေးလည်း ပြန်ယူသွားနိုင်တယ် အဲဒီ့ မနူးမနပ် အချစ်တွေက တစ်ဘဝစာအတွက် ဘာမှ သုံးစားလို့ မရဘူး ..."

"ဒါပေမယ့် ..."

"ဘာ ဒါပေမယ့်မှ မရှိဘူး ..."

အမတ်ချုပ်ယွင်က ကူကယ်ရာမဲ့စွာဖြင့် အခိုင်အမာ ပြောလိုက်သည်။

"အခု သူ့ဘက်က လိုလိုလားလား လက်လွှတ်ပေးနေတာ မီးပုံထဲမှ ထွက်လာနိုင်မယ့် အခွင့်အရေးပဲ ယွင်ချင်းစီ မင်း ရုန်းမထွက်လို့ အနာဂတ်မှာ နန်းတော်ထဲမှာ အခက်ကြုံလာရင် အဖေက ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး နားလည်ရဲ့လား ..."

"ကျွန်တော် ..."

"ဘာလိုချင်တာလဲ ..."

"ကျွန်တော် ..."

ယွင်ချင်းစီက ခေါင်းငုံ့ကာ သုန်မှုန်စွာဖြင့် ပြောလိုက်သည်။ ။

"ထပ်တွေးကြည့်လိုက်ပါ့မယ် ..."

အမတ်ချုပ်ယွင်က သူ့ကို စိုက်ကြည့်နေပြီးကာမှ အနားသို့ တစ်ဖြည်းဖြည်း တိုးလာကာ လက်ကို ပုတ်ပေးပြီး ပြောလိုက်သည်။

"ဒီနှစ်တွေထဲမှာ အဖေ့ဘက်က တာဝန်မကျေခဲ့ရဘူး အခု အဖေ့မှာ ဒါမျိုး ပြောနိုင်မယ့် အရည်အချင်း ရှိပါ့မလားဆိုတာတောင် မသိပေမယ့် ..."

"ဒါပေမယ့် အဖေက မင်းကို တစ်ခဏလေး စိတ်ပျော့သွားတာကြောင့် တစ်သက်လုံး နာကျင်ရမယ့် အဖြစ်မျိုး မဖြစ်စေချင်ဘူး  ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်သည်။