အပိုင်း ၇၀
Viewers 12k

Chapter 70



အမတ်ချုပ်ယွင်က သူ့ကို စိုက်ကြည့်နေရင်း သူ့ကို နှုတ်လှန်ပြန်ထိုးခဲ့သည့် ကလေးလေးကို ရုတ်တရက် လွမ်းဆွတ်သွားတော့သည်။ သူသည် ကျိုးကြောင်းမဆီလျော်၊ စွဲလမ်းစိတ်များကာ လွှမ်းမိုးလိုစိတ်တို့ ပြည့်နှက်နေသည့်အပြင် တစ်ပါးသူ၏ ခံစားချက်ကိုလည်း ထည့်မတွေး၊ ပြင်းထန်ရက်စက်စွာသာ ပြောတတ်ပေသည်။

သူ့ကြောင့် စိတ်ဒဏ်ရာရကာ နောက်ဆုတ်သွားရသူများလည်း အများအပြားပင်။

သံချပ်ကာ ဝတ်ဆင်ထားသည့်နှယ် ဖျက်ဆီး၍ပင် မရနိုင်သည့် စိတ်ထားပိုင်ရှင် ယွင်ချင်းစီကြောင့် တး်မိသားစုလုံး စိတ်တင်းကာ သူဖြစ်လိုသမျှကို မျက်စိစုံမှိတ် ခွင့်ပြုထားရတော့သည်။

ယခုကဲ့သို့ နူးညံ့ကာ နာခံတတ်သည့် ပုံစံမှာ အကြောင်းပြချက်မရှိ စိုးရိမ်ဖွယ် ကောင်းလှသည်။ ထိုပုံစံနှင့် နှိုင်းယှဉ်ပါလျှင် ယခင်အတိုင်း တင်းတင်းမာမာ နေထိုင်ခြင်းကမှ ပိုပြီး ကောင်းပေသေးသည်။

အမတ်ချုပ်ယွင်က လက်ကိုလွှတ်ကာ အငယ်ဆုံးသား၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။

စံအိမ်သို့ ပြန်ရောက်သည့်တိုင် အမတ်ချုပ်ယွင်က သူ့ကို နောက်တစ်ကြိမ် ပြန်ဆွဲခေါ်ကာ နားခါးဖွယ် စကားတို့ကို ဆက်ပြောနေဆဲပင်။ ခြံဝင်းထဲ ပြန်ရောက်သည့်အခါ မောပန်းလွန်း၍ အိပ်ယာပေါ် ပစ်လှဲချလိုက်တော့သည်။

သူ့နှလုံးသားထဲတွင် လီယင်းသာရှိ ၊ လီယင်းတစ်ဦးတည်းကိုသာ ဂရုစိုက်ရသည့် အချိန်ကို ပြန်တွေးမိလိုက်သည်။ အခက်တွေ့စရာလည်း မရှိ၊ ဟန်ချက်ထိန်းရန်လည်း မလို၊ လီယင်း ရှိနေသရွေ့ အားလုံးကို ဘေးဖယ်ထားလိုက်မည်ဖြစ်သည်။

သို့သော် ယခုမူ အရာရာတွင် လီယင်းကို ရှေ့တန်းမတင်ဘဲ ပြန်စဉ်းစားရန် လိုအပ်လာပေသည်။

မိသားစုနှင့် ချစ်ရသူအကြား ထိန်းညှိပေးရခြင်းမှာ လွန်စွာ ခက်ခဲလှ၏။

"လီယင်း ..."

သူက မကျေမနပ် ရေရွတ်လိုက်သည်။

"ဘာလို့ ငါ့ကို ဆွဲမထားဘဲ လူဆိုးလုပ်ခိုင်းရတာလဲ ..."

ခြံဝင်းထဲရှိ အိပ်ခန်းကို အချိန်အတော်ကြာ အသုံးမပြုခဲ့သည့်တိုင် ယွင်ချင်းစီသည် ရင်းနှီးနေသည့် သစ်မွှေးနံ့ကို ခပ်ဖျော့ဖျော့ ရနေဆဲပင်။

ကောင်းလိုက်တာ .. လူတွေကို နေခဲ့ဖို့တော့ မပြောဘဲနဲ့ အိမ်ပြန်ကာမှ တိတ်တိတ်လေး လိုက်လာတယ်ပေါ့ ဘာပဲဖြစ်ဖြစ် သူက ကောင်းကင်ဘုံသားတော်ဆိုတော့ ရာထူး‌ပြုတ်သွားမှာ ကြောက်စရာ မလိုဘဲ ပုန်းဝှက်ပြီး လိုက်လာနိုင်တာပေါ့ ...

ယွင်ချင်းစီက မျက်လုံးတို့ကို လှိမ့်ကာ ဆက်လက်၍ ရေရွတ်လိုက်သည်။

"ဘယ်လိုလုပ်ရမလဲ အားယင်းက ငါမရှိဘဲ မနေနိုင်ဘူး အဖေကလည်း သူ့အပေါ် ကောင်းကောင်းဆက်ဆံခွင့် မပြုဘူး ..."

"ငါ့လက်ချောင်းကို ဖြတ်ပြီး အားယင်းဆီကို ပို့လိုက်ရင်ရော .. သူ့ကို နာကျင်‌တာတွေ သက်သာစေလောက်လား ..."

အလေးအနက် ရေရွတ်ကာ ချက်ခြင်း မတ်တပ်ရပ်ပြီး အံဆွဲထဲမှ ဓားမြှောင်ကို ထုတ်လိုက်၏။ ထိုသို့ ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သေးသွယ်သော လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်တော့သည်။

ယွင်ချင်းစီက ကြောင်အသွားသည့်ဟန်၊ မော့ကြည့်ကာ ရေရွတ်လိုက်၏။

"အိုး ..."

".. လျှောက်မလုပ်နဲ့ ..."


လီယင်းက သူ့လက်ထဲမှ ဓားကို ဆွဲယူကာ အံဆွဲထဲ ပြန်ထည့်လိုက်သည်။

အလောတကြီး လာရောက်ခဲ့ရသဖြင့် နေ့ခင်းက ခပ်လျော့လျော့ ထုံးဖွဲ့ထားသည့် ဆံပင်တို့ကို ကျောက်စိမ်းဆံထိုး တစ်ချောင်းတည်းဖြင့်သာ ခပ်လျော့လျော့ ပြန်လည်ထုံးဖွဲ့ထားသည့်အတွက် နားရွက်ကို ဖုံးအုပ်ကာ ကပိုကရို ပြုတ်ကျနေသည်။ အပြင်ဝတ်ရုံမှာလည်း ထုံးစံအတိုင်း အနက်ရောင်ဖြစ်ကာ လည်ပင်းနှင့် အင်္ကျီလက်တို့တွင်သာ ချည်ထိုးထားသည်။

ထိုဝတ်ရုံမှာ နှစ်ဦးတည်း ရှိခဲ့စဉ်အခါက ယွင်ချင်းစီကိုယ်တိုင် ချုပ်ပေးထားခဲ့သည့်ဝတ်ရုံ ဖြစ်ကာ ထိုစဉ်က လီယင်းသည် မကြာခဏ ဝတ်ဆင်လေ့ ရှိသော်ငြား နောက်ပိုင်း ကိုယ်လုပ်တော်များ နန်းတွင်းသို့ ရောက်လာသည့်အခါ ၎င်းအား ဝတ်ဆင်သည်ကို မတွေ့ရတော့။

မည်မျှအထိ အရပ်သားအဖြစ် ဟန်ဆောင်စေကာမူ အနက်ရောင် နဂါးဝတ်စုံကိုသာ ဝတ်ဆင်ကာ ဆံပင်ကိုလည်း သေသပ်စွာ ဖြီးသင်ထား၏။ သရဖူဆောင်းကာ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် သူ့ပုံစံမှာ မည်သူမှ အနားမကပ်ရဲသည့် အထက်တန်းလွှာတစ်ဦးသဖွယ် မြင့်မြတ်ကာ တော်ဝင်ဆန်သည့် အငွေ့အသက်တို့ ပေးစွမ်းနေဆဲပင်။

လီယင်း၏ ပုံစံမှာ ရှေ့ခေတ်ကာလများကတည်းက နှစ်ရှည်လများ တည်ရှိလာသည့် နှစ်လိုဖွယ်ကောင်းမှုများဖြင့် ပြည့်နှက်နေသည်။ သူ့အသားအရေကို သန့်စင်သည့် ဆန်စက္ကူဖြင့် နှိုင်းယှဉ်ပါလျှင် ထူထဲသည့် မျက်ခုံးနှင့် နက်မှောင်သည့် မျက်တောင်တို့မှာ ကောင်းမွန်လှသည့် မင်ဖြင့် ဆွဲထားသည့် ဆောင်းဦးအလယ် နက်မှောင်ပြာရီနေသည့် တောင်တန်းများသဖွယ်ပင်။ တစ်ချက်မြင်လိုက်ရရုံဖြင့် မင်သက်သွားနိုင်သည့် အလှမျိုး မဟုတ်သော်ငြား နှလုံးသားထဲတွင် အလွယ်တကူ စွဲညိသွားစေနိုင်ပေသည်။ 

ယွင်ချင်းစီက သူ့ကို လွန်စွာ သဘောကျလှ၏။

သူ လူတစ်ယောက်ကို သဘောကျမိသည့်အခါ ထိုသူနှင့် ပတ်သက်သမျှတိုင်းမှာ သူ့အမြင်တွင် လွန်စွာ ထူးကဲကောင်းမွန်လာတော့သည်။

ဖြူရော်နေသည့် နှုတ်ခမ်းတို့ကပင်လျှင် ဆွဲဆောင်မှု ရှိနေတော့သည်။

ယွင်ချင်းစီက သူ့ကို မျက်တောင်ပင် တစ်ချက် မခတ်ဘဲ ပြန်မေးလိုက်သည်။

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ ..."

"ဘာမှ မဟုတ်ပါဘူး ..."

"ဘာမှ မဟုတ်ရင် ဘာလုပ်နေတာလဲ ..."

"..."

လီယင်းမှာ ရွေးစရာ မရှိတော့။

"ကိုယ် မင်းနောက်က လိုက်လာတာ ..."

"ဘာလို့ လိုက်လာတာလဲ ..."

တစ်ခဏမျှ ကြာပြီးနောက် ယွင်ချင်းစီက သူ့ကို အားဖြင့် ဆွဲကာ ထပ်မေးလိုက်သည်။

"ပြောလေ ..."

"မင်းကို ထပ်တွေ့ချင်လို့ ..."

ယွင်ချင်းစီက အနည်းငယ်မျှသာ စိတ်ကျေနပ်သေးသည့်ဟန်၊ မျက်နှာသေဖြင့် ပြောလိုက်ပြန်သည်။

"စောစောက အဖေ ပြန်လာခေါ်တဲ့အချိန် မင်း ငါ့ကို ခေါ်ထားလိုက်လို့ ရသားပဲ ..."

"ကိုယ် သူ့ကို ကတိပေးထားလို့ ..."

"ကတိကို ပြန်ရုတ်သိမ်းလို့ ရတယ်လေ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"မင်းက ဧကရာဇ်ပဲဟာ သူ မင်းကို ဘာပြောရဲမှာလဲ ..."

ယွင်ချင်းစီက လီယင်း ကတိပြန်ရုတ်သိမ်းမည်ကို မျှော်လင့်နေမိသည်။

လီယင်းက မျက်လွှာချထားလိုက်၏။ အင်္ကျီစကို တင်းတင်းဆုပ်ထားသည့် လက်တို့မှာ‌ ကျောက်စိမ်းသဖွယ် သွယ်လျနေရာ မသိလိုက် မသိဘာသာဖြင့်ပင် လက်လှမ်းမိသွား၏။ ယွင်ချင်းစီက သူ့လက်ကို လီယင်း၏ လက်ဖဝါးထဲသို့ ဦးအောင်ထည့်ပေးပြီး ထိုအခြေအနေကို အခွင့်ကောင်းယူလိုက်သည်။ လီယင်း၏ လက်ချောင်းတို့ကို ဆုပ်ကိုင်ကာ ကုတင်ရှိရာအထိ ဆွဲခေါ်ပြီး ထိုင်စေလိုက်၏။

လီယင်းကလည်း သူ့တွင် ပြောစရာရှိနေကြောင်း သဘောပေါက်သွားတော့သည်။

"ငါ့အဖေက မင်းနဲ့ ကွာရှင်းဖို့ကိုပဲ ဆက်လုပ်စေချင်နေတယ် ..."

ဒါက ထင်ထားတဲ့ အတိုင်းပါပဲ ...

ခေါင်းကို ငုံ့ချလိုက်သည့် လီယင်းကြောင့် ယွင်ချင်းစီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"သူက ပြောတယ် ဟိုးရှေးခေတ်ကတည်းက ဘုရင်တွေက ကံမကောင်းကြဘူး အဲဒါကြောင့် ငါ့ကို ပြန်စဉ်းစားစေချင်တယ်တဲ့ ..."

လီယင်းက သူ့ကို မော့ကြည့်လိုက်၏။ သူ့မျက်ဝန်းတို့မှာ ဆီဆေးပန်းချီကားတစ်ချပ်နှယ်ပင်။

နောက်ဆုံးတွင်တော့ ထိုကိစ္စကို ရင်ဆိုင်နေပြီဖြစ်ကြောင်း သိလိုက်ရကာမှ ယွင်ချင်းစီက ဆက်ပြောလိုက်သည်။

"ငါကတော့ သူပြောတာ မဆီလျော်ဘူးလို့ မထင်ဘူး အဖေက ငါ ကောင်းဖို့အတွက် လုပ်ပေးနေတာလေ ..."

လီယင်းက ပြန်မပြောမိ။

ယွင်ချင်းစီကို ခေါ်ထားနိုင်ရန် အရည်အချင်း ပြည့်မီရဲ့လားပင် မသိတော့ချေ။ ယွင်ချင်းစီက သူ့လျှို့ဝှက်ချက်အားလုံးကို မြင်ထားပြီးဖြစ်ရာ ယခုလောလောဆယ်တွင် ရင်ထဲထိရှလှုပ်ရှားသွားနိုင်သော်ငြား ထိုအတိုင်း အမြဲဖြစ်နေပါမည်ဟု တပ်အပ်မပြောနိုင်။ တစ်ချိန်ချိန် တစ္ဆေ‌တစ်ကောင်ကဲ့သို့ အရုပ်ဆိုးလှသော လီယင်းကို ပြန်အမှတ်ရသွားခဲ့ပါလျှင် အတုန့်အဆိုင်းမရှိ စွန့်ပစ်မည်ဖြစ်သည်။

ယွင်ချင်းစီက သူ့ကို ဆွဲကာ ပြောလိုက်ပြန်၏။

"ပြောလေ ..."

"ဆရာက မင်းကို ထိခိုက်စေမှာ မဟုတ်ပါဘူး ..."

"မင်းကရော ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါ့ကို နာကျင်စေမှာလား ..."

"ကိုယ် မလုပ်ဘူး ..."

လီယင်းက အမြန် ပြန်ဖြေလိုက်သည်။

"ကိုယ် မင်းကို လုံးဝ နာကျင်စေမှာ မဟုတ်ဘူး ..."

ယွင်ချင်းစီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာတော့သည်။ ထို့နောက်တွင်မှ တိတ်တဆိတ် ပြန်ဖုံးဖိကာ ပြောလိုက်၏။

"ဒါပေမယ့် အခု ငါ့အဖေက အရမ်းကို အတင်းအကြပ် တိုက်တွန်းနေတာ ငါသာ နန်းတော်ထဲ ပြန်ဝင်ရင် မင်း အနိုင်ကျင့်တာ ခံရမှာကို စိုးရိမ်နေတာလေ အကုန် မင်းအမှားပဲ ..."

လီယင်းက လက်ကို တင်းတင်းဆုပ်ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် ..."

"သူက မင်း ငါ့ကို အနိုင်ကျင့်မှာ ဒါမှမဟုတ် အိပ်ယာပေါ်ကနေ ကန်ချလို့ ခေါင်းပေါက်သွားမှာကို စိုးရိမ်နေတာ ..."

ယွင်ချင်းစီက တမင်တကာ ပြောလိုက်ရင်း သူ့အမူအယာကို အကဲခတ်နေလိုက်၏။ လီယင်း၏ အသက်ရှူသံတို့ ပြင်းထန်လာကာ အက်ကွဲသည့် အသံဖြင့် ပြောလိုက်သည်။

"အခုကနေစပြီး လုံးဝ ထပ်မဖြစ်စေရတော့ပါဘူး ..."

"တကယ်တော့ ငါ့အနေနဲ့ နားလည်မပေးနိုင်တာတော့ မဟုတ်ပါဘူး ..."

ယွင်ချင်းစီက ခြေထောက်ကို အိပ်ယာပေါ်တင်ကာ ပြောလိုက်သည်။

"မင်းကို အတင်းအဓမ္မ ဖိအားပေးနေခဲ့မိတော့ မင်းအနေနဲ့ စိတ်မထိန်းနိုင်တာ သဘာဝကျပါတယ် ..."

"..."

လီယင်းမှာ အတော်ကြာသည်အထိ စကားပြန်မပြောနိုင်တော့။

"မင်းရဲ့အမှား မဟုတ်ပါဘူး ..."

"ငါ့အမှား ..."

ယွင်ချင်းစီက ဒေါသတကြီး ပြောလိုက်သည်။

"ငါ စိတ်မဝင်စားတဲ့သူက အနောက်ကနေ တကောက်ကောက် လိုက်နေရင် ငါလည်း သေချာပေါက် ဒေါသထွက်မိမှာပဲလေ ..."

လီယင်းက နှုတ်ခမ်းကိုသာ တင်းကြပ်စွာ ဖိကိုက်ထားလိုက်တော့၏။ မျက်ဝန်းတို့မှာလည်း စိုစွတ်လာတော့သည်။

ဤအမူအယာက မြင်ရသူကိုပါ ငိုပွဲဆင်လိုစိတ်များ ဖြစ်ပေါ်လာစေသည့်ဟန်။

ယွင်ချင်းစီက လွန်စွာ ဝမ်းသာသွားကာ လက်ကို ပြန်ဆွဲပြီး သူ့ခြေထောက်ကို လီယင်းပေါ် တင်ထားလိုက်၏။

"ငါ့ကိုပဲ ကြည့်မနေနဲ့ တစ်ခုခု စဉ်းစားဦး နောက်တစ်ခေါက် အဖေက မင်းအကြောင်း ထပ်ပြောလာရင် မင်းအတွက် ဘယ်လိုမျိုး ကူပြောပေးရမှာလဲ ..."

"ကိုယ့်အတွက် ပြောပေးဖို့ မလိုအပ်ပါဘူး အကုန် ကိုယ့်အမှားတွေဆိုတော့ ..."

ယွင်ချင်းစီ၏ ခြေထောက်တို့က အထက်သို့ တရွေ့ရွေ့ တိုးသွားကာ ရင်ဘက်သို့ အရောက်တွင် ရပ်တန့်လိုက်သည်။ ခြေမကို ဘယ်ညာယမ်းလျက် မေးလိုက်၏။

"မင်းအမှားက ဘာလဲ ..."

လီယင်းက အငြိမ်မနေသည့် ခြေထောက်တို့ကို ကိုင်ထားလိုက်၏။ ခြေထောက်၏ လှုပ်ရှားမှုကြောင့် အနက်ရောင်ဝတ်စုံ၏ လည်ပင်းမှာ လျောကျနေပြီး ဖြူဖွေးသော အသားအရေနှင့် ညှပ်ရိုးကို အတိုင်းသား မြင်နေရသည်။ ယွင်ချင်းစီက သူ့ကို မော့ကြည့်လိုက်သည့်အခါ လက်ကို အပြင်းအထန် မြှောက်၍ အင်္ကျီလည်ပင်းကို ပြန်ဆွဲစေ့လိုက်သည့် ဧကရာဇ်အား တွေ့လိုက်ရသည်။

ယွင်ချင်းစီက သူ့ရင်ဘက်ကို ပြင်းထန်စွာ ကန်လိုက်၏။

လီယင်းက အင်္ကျီလည်ပင်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်နေရသည့်အတွက် သူ၏ မကျေနပ်မှုကို သတိမထားမိ။ သူက နာခံစွာဖြင့် ပြောလိုက်သည်။

"အကုန်လုံးက မင်း လုပ်ပိုင်ခွင့် ရှိတာတွေလေ ကိုယ့်အနေနဲ့ ဒေါသထွက်စရာမှ မဟုတ်တာ ..."

"အရမ်း ပျင်းဖို့ကောင်းတာပဲ ..."

ယွင်ချင်းစီက ခြေထောက်ကို ဖယ်ကာ ညလင်းပုလဲကို ကောက်ကိုင်ပြီး ပြောလိုက်သည်။

"ငါနဲ့ ဝေးဝေးမှာ သွားနေ ..."

အနက်ရောင်အိတ်ကို ဖယ်လိုက်သည့်အခါ ညလင်းပုလဲ၏ တောက်ပလှသော အလင်းရောင် ထွက်ပေါ်လာပြီး သူ၏ နူးညံ့ကာ ပြစ်မျိုးမှဲ့မထင်သည့် မျက်နှာကို ရောင်ပြန်ဟပ်လာတော့သည်။ လီယင်းက အဝေးသို့ တိတ်တဆိတ် နေရာရွှေ့သွားကာ ထိုသို့ သွားလိုက်သည်နှင့် တစ်ပြိုင်နက် နာကျင်မှုက ဆထက်တိုးကာ ထွက်ပေါ်လာတော့သည်။

သူက ယွင်ချင်းစီကို ငေးကြည့်နေလိုက်၏။ တောက်ပလှသည့် ညလင်းပုလဲကို ပျင်းတိပျင်းရွဲ ဆော့ကစားနေသူမှာ အပြစ်ကင်းစင်လှသည့် ကလေးသဖွယ် သို့တည်းမဟုတ် သဘောပေါက် နားလည်ခြင်း မရှိပါဘဲ မကောင်းမှုတို့ ကျူးလွန်နေသည့် နတ်ဆိုးတစ်ကောင်နှယ်ပင်။

"ဘာလို့ ကြည့်နေတာလဲ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"သက်သာရင် နန်းတော်ကို ပြန်တော့ ငါလည်း အိပ်တော့မယ် ...."

လီယင်းက တစ်ခဏမျှ ရပ်နေပြီးကာမှ ပြောလိုက်သည်။

"ကောင်းပြီ ..."

ဆယ့်ငါးမိနစ်ခန့်အကြာ ...

ယွင်ချင်းစီက အခန်းထဲရှိ အမှောင်ကျနေသော နေရာတစ်ခုသို့ ညလင်းပုလဲကို ထားလိုက်သည့်အခါ ထောင့်နားရှိ လူရိပ်ကို ချက်ခြင်း မြင်လိုက်ရသည်။ လက်တစ်ဖက်က ပုလဲလုံးကို လှမ်းဆွဲထားလိုက်၏။

"မင်းကို နန်းတော်ပြန်ဖို့ ပြောခဲ့တယ်လေ ပုန်းနေဖို့ မပြောခဲ့ပါဘူး ငါ့ကို အရူးလို့ ထင်နေတာလား ..."

လီယင်းက အမှောင်ထဲမှ ထွက်ကာ သူ့အနား လျှောက်လာလိုက်သည်။

"ကိုယ် အခုလေးတင် ထွက်သွားတာပါ ဘယ်လိုလုပ် သိ ..."

"ကိုယ့်ကိုယ်ကိုယ်လည်း အနံ့ပြန်ခံကြည့်ပါဦး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အမွှေးအိုး တစ်အိုးလုံးများ လောင်းချလာတာလား ..."

ယွင်ချင်းစီသည် လီယင်း၏ ကိုယ်နံ့နှင့် အမှန်တကယ် ရင်းနှီးသော်ငြား ကိုယ်ခံပညာ လေ့ကျင့်ထားခြင်း မရှိသည့်အတွက် အာရုံငါးပါးမှာ များစွာ မထက်ရှလှပေ။ လီယင်း၏ ကိုယ်ပေါ်ရှိ သူရင်းနှီးနေသော ရနံ့မှာ ယခင်ထက် ပိုမိုပြင်းထန်နေ၍သာလျှင် သတိပြုမိသွားခြင်း ဖြစ်သည်။

လီယင်းက စကားတစ်ခွန်းမှ မဆိုဘဲ ညလင်းပုလဲကို သူ့နောက်သို့ ပို့လိုက်သည်။ ယွင်ချင်းစီက သူ့ကို တစ်ခဏမျှ စိုက်ကြည့်ကာ ပြန်လုပြီးနောက် အိတ်ထဲ ပြန်ထည့်ပြီး ပြောလိုက်သည်။

"ထိုင် ..."

လီယင်းက ထိုင်လိုက်သည်။ ယွင်ချင်းစီက ထပ်ပြောလိုက်သည်။

"လှဲလိုက် ..."

လီယင်းက သူ့ကို ပြန်ကြည့်လိုက်သည့်အခါ အကန်ခံလိုက်ရ၏။ ထို့နောက်တွင်မှ အသာလေး လှဲချလိုက်တော့၏။

သူ လှဲချလိုက်သည်နှင့် တစ်ပြိုင်နက် လီယင်းက သူ့လက်မောင်းကို ဆွဲယူကာ ခေါင်းအုံးလိုက်သည်။ ထို့နောက် နှာခေါင်းကိုရှုံ့၍ ပြောလိုက်၏။

"မင်းကို ဘယ်သူများ ဒီလောက် မွှန်ထူနေတဲ့ အင်္ကျီ ပြင်ပေးလိုက်တာလည်း နောက်တစ်ခေါက်ကျ နည်းနည်းလေး ပေါ့ပေါ့ပါးပါးလေး လုပ်သင့်တယ် အဲဒါကမှ မင်းနဲ့ ပိုလိုက်တာ ..."

အင်္ကျီမှာ သူကိုယ်တိုင် အမွှေးနံ့ ဖြန်းခဲ့ခြင်း ဖြစ်ပေသည်။

လီယင်းသည် ယွင်ချင်းစီ ထွက်သွားပြီးနောက် စားခဲ့သမျှအားလုံး ပြန်အန်ထွက်လာတော့သည်။

သူ့ခန္ဓာကိုယ်တွင် အပုပ်နံ့နှင့် ဆင်တူသည့် အနံ့တစ်ခု ရနေသည်ဟု အမြဲ ခံစားနေရသည်။ ယွင်ချင်းစီ၏ စိတ်နှလုံး ပျော့ပြောင်းလာသော်လည်း ထိုအနံ့မှာ တစ်ဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်ဟု ခံစားနေရ၏။ ထိုအနံ့ကြောင့် ယွင်ချင်းစီက သူ့ကို မကောင်းပြောမည်ကို စိုးရိမ်မိသည့်တိုင် သူ့နောက်သို့ လိုက်လိုသည့် စိတ်ကိုလည်း ထိန်းချုပ်၍ မရပေ။

အတိတ်က ဖြစ်ရပ်များဆီသို့ ပြန်လည်ကာ ခြေဦးတည့်လိုသည့်တိုင် သူ့ကိုယ်သူ များစွာ မမျှော်လင့်မိစေရန်လည်း သတိပေးနေရသည်။

ထို့ကြောင့် သတိကြီးကြီးထားကာ ထိုအနံ့ကို ဖုံးကွယ်ပေးနိုင်မည့် ဝတ်စုံအား တမင်တကာ ဝတ်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။

ယွင်ချင်းစီကမူ ထိုအနံ့ကို သတိမပြုမိ။ အနံ့ပြင်းလွန်းသည်ဟု ခံစားမိခြင်းသာ ဖြစ်ပေသည်။ ထိုအမွှေးနံ့မှာ ကောင်းမွန်သည့်တိုင် ယခင်က ပို၍ ကောင်းမွန်‌ခဲ့ပေသည်။

လီယင်း၏ ရင်ခွင်ထဲ ဝင်လှဲကာ မျက်လုံးကို မှိတ်ထားလိုက်၏။ တစ်ဖက်သူကလည်း လက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ သူ့ဆံပင်တို့ကို တွန်းဖယ်ပြီး နဖူးပေါ်ရှိ အမာရွတ်ကို စိုက်ကြည့်နေလိုက်သည်။

လအနည်းငယ် ကြာမြင့်နေပြီ ဖြစ်သည့်အတွက် အမာရွတ်ပင် မှိန်ဖျော့ကာ အဖြူရောင်အမှတ် ခပ်ဖျော့ဖျော့တစ်ခုသာလျှင် ကျန်ရှိခဲ့တော့သည်။ ၎င်းမှာလည်း အနီးကပ် မကြည့်ပါလျှင် သတိပြုမိရန်ပင် မလွယ်လှချေ။

လီယင်းက သူ့ဆံပင်တို့ကို ထိုးဖွပေးကာ အသက်ရှူသံတို့ကို တည်ငြိမ်အောင် ထိန်းညှိလိုက်သည်။

သူက ယွင်ချင်းစီကို နာကျင်စေခဲ့မိတယ် .. ဘယ်လိုကြောင့်များ နာကျင်စေမိခဲ့ရတာလဲ ...

"ဘာတွေ ကြည့်နေတာလဲ ..."

ယွင်ချင်းစီမှာ မပျော်တော့သည့်ဟန်။ လီယင်း၏ လက်ကို တွန်းဖယ်ကာ ပြောလိုက်သည်။

"ငါ့ကို မကြိုက်လို့လား ..."

"မဟုတ်ပါဘူး ..."

"မင်း ဘာတွေးတွေး ဂရုမစိုက်ဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ဆက်ပြီး ဆွေးနွေးရအောင် ငါ့အဖေက ကွာရှင်းစေချင်တယ် မင်းက မကွာရှင်းချင်ဘူးဆိုမှတော့ ငါ သူ့ကို ကောင်းကောင်း နားချလို့ရအောင် မင်းဘက်က အကြောင်းပြချက်တစ်ခု ပေးပြီး အချိန်ဆွဲထားလိုက်ရင်ရော ..."

"ကောင်းပြီလေ ..."

"ဒါပေမယ့် ဒီလိုဆို မင်းနဲ့ တစ်ချိန်လုံး နေနိုင်မှာ မဟုတ်တော့ဘူး မင်းရဲ့ နာကျင်မှု.. အဲဒါအတွက် ဖြေရှင်းနည်း ရှိလား ..."

".. မရှိဘူး ..."

"သေလောက်အောင် နာမှာပဲ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ဘယ်တန်ကြေးကိုမဆို လက်ခံရဲပေမယ့် ဘယ်လို ဖြေရှင်းရမလဲတော့ မသိဘူးပေါ့ ဟုတ်လား မင်းက အရှည်ကြီး ကြိုတွေးတတ်တဲ့သူ မဟုတ်ဘူးလား ငါသာ မင်းကို လျစ်လျူရှုထားရင် ဘယ်လိုလုပ်မှာလဲ ..."

"နာကျင်မှာ ..."

ယွင်ချင်းစီက သဘောတကျ ရယ်လိုက်သည်။

လီယင်းက ပြောလိုက်သည်။

"ဒီလိုမှပဲ ကိုယ် မင်းကို ချစ်ဖို့ မမေ့တော့မှာလေ ..."

ယွင်ချင်းစီက တစ်ခဏမျှ ကြောင်အသွားတော့သည်။ နှလုံးခုန်သံတို့ မြန်ဆန်ကာ မျက်လုံးလည်း အနည်းငယ် ပြူးကျယ်လာသော်ငြား ပါးစပ်မှာမူ အညှာအတာမဲ့နေဆဲပင်။

"ဒါဆို အရင်က မေ့တယ်လို့ ပြောချင်တဲ့သဘောလား ..."

"မဟုတ်ဘူး ..."

လီယင်းက နူးညံ့စွာ ရှင်းပြလိုက်သည်။

"အရင်က ကိုယ် မင်းကို လျစ်လျူရှုတယ်ဆိုတာ ချစ်ဖို့ မေ့နေလို့ မဟုတ်ဘူး ဘယ်လို ထုတ်ပြရမလဲ မသိခဲ့တာ အဲဒါကြောင့်ပဲ မင်းကို ဒီလိုဒုက္ခမျိုး ခံစားစေမိခဲ့တယ် ..."

"ကိုယ်ကတော့ ဒီတန်ကြေးကို အရမ်း သဘောကျတယ် နောက်တစ်ကြိမ် ပြန်စဖို့ အခွင့်အရေး ရတာကိုရော ပြီးတော့ မင်းကို လျစ်လျူမရှုမိအောင် သတိပေးနိုင်မယ့် အခွင့်အရေးမျိုး ရလာတာရော ..."

နာကျင်မှုကသာလျှင် သူ့စိတ်ကို သက်သာရာ ရစေသည်။ မည်သည့်အကြောင်းပြချက်မျိုး ပေးပါစေ သူသည် ယွင်ချင်းစီကို များစွာ အကြွေးတင်နေခဲ့သည်မှာတော့ အမှန်ပင်ဖြစ်သည်။