အပိုင်း ၇၁
Viewers 13k

Chapter 71



ယွင်ချင်းစီက ပါးနှစ်ဖက် ဖောင်းထွက်လာသည်အထိ စိုက်ကြည့်နေလိုက်သည်။ သူသည် လီယင်းနှင့် နီးနီးကပ်ကပ် နေကာ ချိူမြိန်သည့် စကားများကို တီးတိုးပြောရခြင်းအား လွန်စွာ သဘောကျလှသူဖြစ်သည်။ လီယင်းအပေါ် ထားရှိသည့် သူ့ခံစားချက်တို့အား ထုတ်ပြရန် မည်သည့်အချိန်ကမှ နှုတ်မတွန့်ခဲ့။

လီယင်းက သူ့ကို ရင့်ကျက်မလာသည့်အတွက် အနည်းငယ် စိတ်ပျက်ကာ သူ့စကားများကို နားမထောင်နိုင်တော့လေတိုင်း တင်းကြပ်စွာ ဖက်တွယ်ရင်း နှုတ်ခမ်းကို ပိတ်ဆို့လိုက်လေ့ရှိသည်။

သို့သော် သူ့ခံစားချက်များကိုမူ ထုတ်ပြလေ့ မရှိ။ တစ်ခါတစ်ရံ ထုတ်ပြောတတ်သည့်တိုင် ထမင်းစားရေသောက်သကဲ့သို့ လွန်စွာ သာမန်ဆန်လွန်းလှပြီး ကတိပြုနေသည်ဟုပင် မခံစားရချေ။ သူ့စကားများမှာ မည်မျှအထိ ရင်ခုန်သွားနိုင်ကြောင်းနှင့် သူ့မျက်နှာမှာ ယခင်အတိုင်း တည်ငြိမ်နေသည့်တိုင် ယွင်ချင်းစီမှာမူ မည်မျှအထိ ရှုပ်ထွေးသွားရကြောင်းလည်း မသိပေ။

ယွင်ချင်းစီက သူ့ကိုယ်သူ အလွယ်တကူ ရင်မခုန်ရန် သတိပေးလိုက်သည်။

"နာကျင်မှုရှိမှပဲ သိရတဲ့အထိ ရူးမိုက်ရသလား ..."

"တောင်းပန်ပါတယ် ..."

လီယင်းက သက်ပြင်းချလိုက်သည်။

"ရှေ့လျှောက် ကိုယ် ပိုပြီး ဉာဏ်ကောင်းအောင် နေပါ့မယ် ..."

ယွင်ချင်းစီမှာ စကားတစ်ခွန်းမှ မပြောနိုင်တော့။

လီယင်း၏ ရင်ခွင်ထဲ တိုးဝင်လျက် မျက်လုံးကို ပွတ်သပ်လိုက်လျှင် လီယင်းက သူ့လက်ကို ဆွဲထားလိုက်၏။

"အားစီ ..."

"မျက်လုံးထဲ ပိုးကောင်ဝင်လို့ ..."

ယွင်ချင်းစီက သူ့လက်ကို ပုတ်ထုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။

"မင်းက တကယ်ကို အာရုံနောက်စရာ ကောင်းတာပဲ ဘာလို့ ဒီလောက်အထိ မွှေးကြိုင်နေအောင် ပြင်ဆင်လာလဲ မသိပေမယ့် ဘဝနှစ်ခုပေါင်းရင် မင်းအသက်က ဘယ်လောက်မိုလို့ ပျားပိတုန်းတွေကို ဆွဲဆောင်ချင်နေသေးရတာလဲ ..."

"ကိုယ် ..."

"မပြောနဲ့ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"မင်းပြောတာတွေက တစ်ခုခု မှားနေတယ်လို့ ခံစားရတယ် ကြားကောင်းအောင် လိမ်ညာထားတဲ့ ကြောင်သူတော် ... "

လီယင်းက မျက်မှောင်ကြုတ်လိုက်သည်။

".. ဒါပေမယ့် အခု ငါ တကယ်ကို ရှုပ်ထွေးနေတာ ဘယ်လို ဖော်ပြရမယ်မှန်းလည်း မသိဘူး အဲဒါကြောင့် ခဏလောက် စောင့်ဦး ..."

လီယင်းက အတော်ကြာသည်အထိ စကားမပြောတော့။

တစ်ခဏအကြာမှ မေးလိုက်သည်။

"စဉ်းစားလို့ ပြီးပြီလား ..."

"မလောနဲ့ ရှုပ်နေတုန်းပဲ ..."

တစ်ခဏအကြာတွင် လီယင်း၏ အကြည့်နှင့် အသက်ရှူသံတို့ ထိန်းချုပ်၍ မရနိုင်လောက်အောင် ပြောင်းလဲလာတော့သည်။ သူက စိတ်ကို ထိန်းချုပ်လျက် ပြောလိုက်၏။

"သေချာလေး တွေးနော် ပြီးစလွယ် မလုပ်နဲ့ ..."

ယွင်ချင်းစီက သူ့ရင်ခွင်ထဲ တိုး‌ဝင်ကာ ကျီစယ်လိုက်သည်။

"အရှုပ်တွေ အရှုပ်တွေ ...."

ထို့နောက် ချက်ခြင်း ရပ်တန့်ကာ ခပ်တိုးတိုး မေးလိုက်သည်။

"မင်း ကိုယ်အလေးချိန်တွေ အများကြီး ကျသွားတာ ဒီနေရာတော့ မကျပါဘူးနော် ဟုတ်တယ် မဟုတ်လား ..."

လီယင်း "..."

သူလည်း ရှုပ်ထွေးသွားရတော့၏။

သေလုအောင်ကို ရှုပ်ထွေးသွားတာ ...

လီယင်းက သူ့လက်ကို ဆွဲလိုက်၏။

ယွင်ချင်းစီမှာ ကိုယ်ခံပညာလည်း မလေ့ကျင့်၊ ဓားလည်း မကိုင်ဖူးသူ ဖြစ်သည့်အတွက် လက်ဖမိုးကပင်လျှင် လွန်စွာ နူးညံ့လှကာ လက်ဖဝါးမှာ ပို၍ပင် နူးညံ့နေသေးသည်။

ရေနွေးကိုပင်လျှင် တစ်ခါမှ မထိကိုင်ဖူးသင့်သည့် ထိုလက်တို့က သူ့အတွက် စွပ်ပြုတ်တစ်ခွက်ကို ကြိန်ဖန်များစွာ ပြင်ဆင်ပေးခဲ့သည်။ အတိတ်ဘဝက အမတ်ချုပ်ယွင်ပင်လျှင် ယွင်ချင်းစီ၏ လက်ရာကို မမြည်းစမ်းခဲ့ဖူးချေ။

သူ၏ အာရုံစိုက်မှု အလုံးစုံကို ပိုင်းခြားခြင်းမရှိ၊ တစ်စုတစ်စည်းတည်း ရခဲ့သည့် ကံထူးရှင်ဟူ၍ လီယင်းတစ်ဦးတည်းသာ ရှိပေသည်။

လက်ထပ်ပြီး ပထမဆုံးနေ့မှစကာ ယွင်ချင်းစီသည် သူတစ်ဦးတည်းအတွက် အဝတ်အစားများ ချုပ်လုပ်ပေးခဲ့သည်။ သို့သော် လီယင်းမှာ ကာလရှည်ကြာ အချစ်ခံလာရသည့်အတွက် ဤသည်မှာ သူရသင့်သည်များဟု တစ်ဖြည်းဖြည်း ခံယူလာသည့်ဟန်ပင်၊ တိုင်းပြည်အရေးကိစ္စများကိုသာ အရေးစိုက်ကာ ယွင်ချင်းစီကို လျစ်လျူရှုထားလိုက်တော့သည်။

ယွင်ချင်းစီက သူ့ရင်ခွင်ထဲတွင် မျက်နှာအပ်ထားဆဲပင်။ လီယင်းက သူ့လက်တို့ကို ဖျစ်ညှစ်လိုက်သည့်အခါ လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။ ခေါင်းပေါ်ရှိ သရဖူက လျောကျသွားကာ အနက်ရောင် ဆံနွယ်များကြား တစ်ဝက်တစ်ပျက် မြင်နေရသော နားရွက်မှာလည်း ရဲရဲနီနေသည်။

တိုင်းပြည်တစ်ပြည်ကို ပြောင်းလဲရန် လွယ်ကူသော်လည်း လူတစ်ယောက်၏ အကျင့်စရိုက်ကိုမူ ပြောင်းလဲရန် မလွယ်ကူဟု ပြောစမှတ်ပြုကြသည်။ ယွင်ချင်းစီမှာလည်း ထိုစကားအတိုင်းပင်။ ပြန်လည်မွေးဖွားလာပြီးနောက် လီယင်းကို စည်းခြားကာ အရေးမစိုက်လိုတော့သော်ငြား ထိုအစီအစဉ် ကျရှုံးခဲ့၏။ ယခုလည်း လီယင်းနှင့် ပူးကပ်မနေမိစေရန် ကြိုးစားသည့်တိုင် တစ်ဖက်သူ၏ စကားနှစ်ခွန်းသူံခွန်းခန့်ဖြင့်ပင်လျှင် နောက်တစ်ကြိမ် ကျရှုံးသွားရတော့သည်။

သူ့လက်များကို ဖမ်းဆုပ်ခံလိုက်ရသည့်အခါ ယွင်ချင်းစီက ၎င်းကို ထည့်မတွက်လိုသော်ငြား တစ်ချိန်တည်းမှာပင် အလျော့ပေးရန်လည်း ငြင်းဆန်နေမိသည်။ လီယင်းသည် သူ့ကို စတင်သွေးဆောင်ကာ ကိစ္စတို့ ဖြစ်ပွားလာကာမှ မေထုန်အမှုကို ရှောင်ကြဉ်သည့် အမျိုးကောင်းသားသဖွယ် ဟန်ဆောင်နေသူဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ထိုသို့ ဆုံးဖြတ်နေစဉ်မှာပင် လီယင်းက သူ့အနား တိုးလာ၏။ ယွင်ချင်းစီ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားကာ သရဖူမှာလည်း ခေါင်းအူံပေါ်သို့ ပြုတ်ကျသွားပြီး အသက်ရှူခြင်းကိုပင်လျှင် အလိုလို ထိန်းထားလိုက်မိတော့သည်။

လီယင်း၏ သွယ်လျလျ လက်ချောင်းတို့က သူ့ဆံပင်ကြား ရွေ့လျားသွားကာ ယွင်ချင်းစီ၏ ခေါင်းကို ဖမ်းကိုင်ထားလျက် နှုတ်ခမ်းတို့ကို နမ်းလိုက်သည်။

ယွင်ချင်းစီ၏ ချစ်ခြင်းမှာ လွန်စွာ အားကောင်းလှကာ အမုန်းတရားမှာလည်း အလားတူပင်။ လီယင်းကို ချစ်ခဲ့စဉ်က သူ့စိတ်တို့ကို ရာနှုန်းပြည့် မြှုပ်နှံပေးခဲ့သော်ငြား မုန်းတီးမိသည့် အခါတွင်မူ သူ့ကို အပိုင်းပိုင်းခုတ်ကာ နေလှမ်းခြောက် လုပ်လိုသည်ဟုပင် ခံစားမိလာတော့သည်။

ယွင်ချင်းစီမှာလည်း အတိတ်မှ ပြန်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ လီယင်းသည် ကြိမ်ဖန်များစွာ စိတ်ပျက်အားငယ်သွားရတော့သည်။ သူတို့အဖို့ အတိတ်ကို ပြန်သွားရန်မှာ ခက်ခဲသည့်တိုင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ယွင်ချင်းစီသည် သူ ကြုံတွေ့ခဲ့ရသည့် ဒုက္ခတို့ကိုမြင်မှ စိတ်သက်သာရာ ပြန်ရလာ၍သာ မဟုတ်ပါလျှင် သူ့ကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ချေ။

သူနှင့် ယွင်ချင်းစီ၏ ယခုဘဝ ဇာတ်သိမ်းကို အမျိူမျိုး တွေးကြည့်ဖူးကာ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်နေကြမည်ဟူသည့် ဇာတ်သိမ်းမှအပ ထွက်မလာခဲ့။

ဖယောင်းတိုင်မီးရောင်က ဘယ်ညာယိမ်းနွဲ့ကာ လီယင်းက နှာခေါင်းဖျားဖြင့် ယွင်ချင်းစီ၏ ပါးတို့ကို ပွတ်သပ်ကာ လည်တိုင်တစ်လျှောက် ဆင်းလာလိုက်သည်။

ဤနေရာသို့ ရောက်လာခြင်းမှာ ယွင်ချင်းစီကို ချစ်ပေးရန်သာ ဖြစ်ပြီး သူ့ကို နှိပ်စက်ရန် နာကျင်‌စေရန် မဟုတ်ပေ။

အခြားသူများ သူ့ကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ သူက ယွင်ချင်းစီ သူ့ကို ချစ်ပေးသကဲ့သို့ ထပ်တူထပ်မျှ ပြန်ချစ်ပေးလိုသည်။ တစ်လောကလုံးက သူ့ကို အရူးဟု ထင်သည့်တိုင် ယွင်ချင်းစီက သူ့ကို နားလည်ပေးလိမ့်မည်ဖြစ်ကြောင်း သိနေပေသည်။ သို့သော် ထိုရက်များအတွင်း ယွင်ချင်းစီက အိပ်မောကျနေသည့်အတွက် သူ့တွင် များစွာ အခက်ကြုံလာရတော့သည်။

စကားမပြော၊ ရယ်မောခြင်းမရှိဘဲ သတိလစ်မေ့မြောနေသည့် ယွင်ချင်းစီကို ကြည့်နေရခြင်းမှာ အသွေးအသားတို့ကို လှီးဖြတ်ရခြင်းထက်ပင် ပိုမို နာကျင်ဖွယ် ကောင်းလှကြောင်း ရှာဖွေတွေ့ရှိသွားတော့သည်။

ထိုအစား ယွင်ချင်းစီ သူ့ကို စောင်းငဲ့မကြည့်တော့ဘဲ ကျန်းမာပျော်ရွှင်သည့် ဘဝသစ်တစ်ခုကို တောက်ပရွှင်လန်းစွာ ဖြတ်သန်းသွားခြင်းကိုသာ ပိုမို လိုလားပေသည်။

ထို့ကြောင့် သူ့ဆရာကို လက်လွှတ်ကာ ကွာရှင်းပေးမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ယွင်ချင်းစီက သူ့ထံသို့ ပြန်ရောက်လာသည်။

လီယင်း၏ နှာတံထိပ်ဖျားက ဧကရီ၏ နှုတ်ခမ်းကို ပွတ်တိုက်ကာ လည်ပင်းညှပ်ရိုးကို ထိတွေ့လိုက်သည်။

မူလက ယွင်ချင်းစီသည် သူ့ကို စိတ်တိုင်းကျ လက်စားမချေရသေးသည့်အတွက် ကွာရှင်းရန် ငြင်းဆန်ခဲ့သည်ဟု ထင်ခဲ့မိသေးသည်။ ယွင်ချင်းစီ၏ ‌စကားကို ကြားရကာမှသာ သူသည် အတိတ်ဘဝသို့ ပြန်သွားကာ အော်ဂလီဆန်ချင်ဖွယ် လီယင်းကို မြင်တွေ့ခဲ့ကြောင်း သဘောပေါက်သွားတော့သည်။

နောက်ဆုံးတွင် ယွင်ချင်းစီက သူ့ကို ခွင့်လွှတ်ပေးရန် ဆုံးဖြတ်လိုက်၏။

လီယင်းကလည်း သူ ဘာကြောင့် ပြန်လာကြောင်း သိနေပေသည်။ ယွင်ချင်းစီသည် အတိတ်ဘဝက လီယင်းမှာ လွန်စွာ သနားဖွယ်ကောင်းသည့် ဘဝဆိုးကို ပိုင်ဆိုင်ခဲ့ရကြောင်း တွေ့သွားသည့်အတွက် အရာအားလုံးကိူ လိုလိုလားလား သင်ပုန်းခြေလိုက်ခြင်း ဖြစ်သည်။

လီယင်းအဖို့ ထိုအကြောင်များကို သိသွားသူမှာ သူ့ကို မုန်းနေသည့် ယွင်ချင်းစီ ဖြစ်နေပါလျှင် ကိစ္စမရှိသော်ငြား သူ့ကို ချစ်နေဆဲဖြစ်သည့် ယွင်ချင်းစီကိုမူ ထိုတန်ကြေးအကြောင်း မသိစေလို။

ယွင်ချင်းစီက သူ့ကိုယ်သူ ရွံစရာ အသေကောင်နဲ့ ချစ်ကြိုက်မိသလို ဖြစ်နေတယ်ဆိုတာကိုရော သိရဲ့လား ...

သူ သိနိုင်စရာ အကြောင်းတော့ မရှိပါဘူး ...

သူ့နှုတ်မှလည်း ထုတ်ကာ မမေးရဲ။

သို့သော် ယွင်ချင်းစီကို လက်လွှတ်ပေးလိုက်ရန်လည်း ဆန္ဒမရှိပေ။ အဆုံးသတ်တွင် စွန့်ပစ်ခံရသည့်တိုင် ယွင်ချင်းစီ မပြောသရွေ့ ဘာမှ မဖြစ်ခဲ့သလိုသာ ဟန်ဆောင်နေဦးမည်ဖြစ်သည်။

ဖြူလွလွ ခြေထောက်တစ်ဖက် ကန့်လန့်ကာ အပြင်ဘက်သို့ ထွက်ပေါ်လာသည်။ ခြေချောင်းတို့က တင်းတင်းကြပ်ကြပ် တွန့်လိမ်စုကွေးသွားပြီးနောက် တစ်ဖန် ကျယ်ပြန့်ပွင့်ဟလာပြန်သည်။

"အားယင်း .. huh ..."

ခပ်တိုးတိုး ငိုညဉ်းသံတစ်ရပ်နှင့်အတူ ခြေထောက်ကို နောက်ပြန်ဆွဲယူကာ လေထဲတွင် ကန်ကျောက်မိပြန်သည်။

နွေဦးမှာ အစပိုင်းတွင် နွေးထွေးဟန် ရှိသော်ငြား နောက်ပိုင်းတွင် ပြန်လည်အေးစက်လာပြန်သည်။ ညအချိန် တိုက်ခတ်လာသည့် လေအေးကြောင့် သစ်ကိုင်းပေါ်ရှိ ပန်းပွင့်များ အေးခဲကာ ဝတ်လွှာတို့ ပြန့်ကြဲ၍ အဝါရောင် ဝတ်ဆံတိုင်များကို အတိုင်းသား မြင်နေရတော့သည်။

ယွင်ချင်းစီ၏ ခြေထောက်မှာ ဖမ်းဆွဲကာ နွေးထွေးသည့် စောင်အောက်သို့ ထိုးထည့်ခြင်း ခံလိုက်ရ၏။ မျက်လုံးကို မှိတ်ကာ လီယင်း၏ ရင်ခွင်ထဲတွင် လှဲနေလိုက်သည်။

လီယင်းက ယွင်ချင်းစီ၏ ‌ပါးပေါ်ရှိ ချွေးတို့နှင့် ကပ်နေသော ဆံပင်များကို ဖယ်ပေးကာ နဖူးကို ငုံ့နမ်းလိုက်ပြီးကာမှ တင်းတင်းကြပ်ကြပ် ပွေ့ဖက်အိပ်စက်လိုက်သည်။ သူ့ပုံစံမှာလည်း အနည်းငယ် နွမ်းလျနေဟန်ပင်။

ယွင်ချင်းစီက အနားသို့ ပိုတိုးဝှေ့လာပြီး သူ့ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လျက် အက်ကွဲနေသော အသံဖြင့် နူးညံ့စွာ ခေါ်လိုက်သည်။

"အားယင်း ..."

"ဟမ် ..."

"မင်း ကိုယ်အလေးချိန်တွေ အများကြီး ကျသွားတယ်နော် အမြန်ဆုံး ပြန်ဂရုစိုက်မှရမယ် ..."

ယွင်ချင်းစီက နည်းနည်းလေးမှ မအိပ်ငိုက်သေးရာ အပြုသဘောဆောင်သည့် အကြံပြုချက်များ ပေးရန် အဆင်သင့် ပြင်လိုက်တော့သည်။

"မနက်ဖြန် သွား .. မဟုတ်သေးဘူး သွားလို့ မရဘူး တော်ဝင်စားဖိုဆောင်က စားဖိုမှူးကိုပဲ ဒီလွှတ်လိုက် သူနဲ့ အပြင်မှာ တွေ့ပြီး မင်းကို ဘယ်လို ချက်ကျွေးရမလဲ ဆွေးနွေးလိုက်မယ် ..."

လီယင်း၏ အသံမှာ လွန်စွာ နူးညံ့နေ၏။

"ကိုယ့်ကို မကြိုက်ဘူးလား ..."

ယွင်ချင်းစီက သူ့ကို တလက်လက် တောက်ပနေသည့် အကြည့်တို့ဖြင့် မော့ကြည့်လိုက်သည်။ လက်မနှင့် လက်ညှိုးကို အနည်းငယ်မျှ ဟပြလျက် အလေးအနက် ပြောလိုက်သည်။

"ဒီလောက်လောက် ..."

လီယင်းက သူ့ကို ငုံ့နမ်းလိုက်ပြန်၏။ ယွင်ချင်းစီက ချက်ခြင်း ရုန်းဖယ်ကာ ကျီစယ်ပြုံးပြရင်း သူ့ကို ခပ်ပြင်းပြင်း ရိုက်လိုက်သည်။

"ကောင်းပြီ ကောင်းပြီ မင်းကို အများကြီး မကြိုက်တာ မဟုတ်ပါဘူး ..."

နူးညံ့လှသည့် ပါးပြင်ကို ငေးကြည့်နေရင်း လီယင်း၏ နှလုံးသားမှာ တစ်ဖြည်းဖြည်း တင်းကြပ်လာတော့သည်။ တစ်သက်လုံး ကြည့်သည့်တိုင် ကြည့်၍ ဝနိုင်မည် မဟုတ်ချေ။

"မင်းရဲ့ ကောင်းကျိုးအတွက်ပဲ မဟုတ်လား အရင်ကဆို နာလွန်းလို့ အိပ်တောင် မအိပ်နိုင်ဘူးလေ လူကလည်း တော်တော်လေးကို အရွယ်ကျသွားတာ ပြီးတော့ မင်းက ငါ့ကို ဂရုစိုက်ပေးထားတဲ့ဟာ .. ငါလည်း တစ်နည်းနည်းနဲ့ ပြန်ဂရုစိုက်ပေးရမှာပေါ့ ..."

"ပြန်ပေးဆပ်ဖို့ မလိုပါဘူး ..."

"ဟမ် ..."

"ပြန်ပေးဆပ်ဖို့ မလိုဘူးလို့ ..."

လီယင်းက ပြောလိုက်သည်။

"မင်း အဆင်ပြေနေရင်ကို လုံလောက်ပြီ ..."

ယွင်ချင်းစီ၏ နှလုံးသားမှာ အကြိမ်အနည်းငယ်ခန့် အသံမြည်ဟီးလာတော့သည်။

နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ရင်ဘက်ကို ထိကိုင်ရင်း ပြောလိုက်သည်။

"မင်း .. ဒီလို စကားကောင်းလေးတွေ ပြောလိုက်ရုံနဲ့ ငါ့စိတ်တွေ လှုပ်ရှားသွားလိမ့်မယ်လို့ မထင်နဲ့ ငါ ငါက အတိတ်က သင်ခန်းစားတွေကနေ သင်ယူပြီး ... မင်းအပေါ် နှလုံးသားတစ်ခုလုံး မရင်းနှီးတော့ဘူး ..."

အတိတ်ဘဝကို ပြန်တွေးကြည့်ပါလျှင် သူနှင့် လီယင်း နှစ်ဦးလုံးမှာ အစွန်းရောက်သူများ ဖြစ်ခဲ့ကြပေသည်။ တစ်ဦးက ကျိုးကြောင်းဆီလျော်မှုကို ရွေးချယ်ကာ ကျန်တစ်ဦးက ခံစားချက်ကို အလေးပေးသည်။ လီယင်းနှင့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရန် ကတိပေးထားသည့်တိုင် သူ၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အလုံးစုံကို မခြွင်းမချန် ထုတ်ဖော်ပြသတော့မည် မဟုတ်ချေ။

ခေါင်းကို ငုံ့ကာ တီးတိုးပြောလိုက်၏။

"ရှေ့လျှောက် မင်းကို ငါ တတ်နိုင်တဲ့ ဘောင်အတွင်းကပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံတော့မှာ မင်းလည်း အရင်လိုပဲ မင်းတတ်နိုင်သလောက်သာ ကောင်းပေး ပြီးတော့ ကျေးဇူးတုန့်ပြန်တယ် ဆိုတာကလည်း ဖြစ်ရိုးဖြစ်စဉ်ပဲလေ .. လူတိုင်းက တစ်ကိုယ်ကောင်းဆန်တဲ့သူတွေဆိုတော့ .. ကျေးဇူးတုန့်ပြန်ချင်တာ ပုံမှန်ပါပဲ ..."

ယွင်ချင်းစီက တစ်ခဏမျှ စောင့်နေသည့်တိုင် စကားသံကို ပြန်မကြားရ။ မော့ကြည့်လိုက်သည့်အခါ သူ့ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည့် လီယင်း၏ အကြည့်တို့နှင့် တွေ့ဆုံလိုက်ရတော့သည်။

ယွင်ချင်းစီက သူ့ကို တွန်းလိုက်သည်။

"နားလည်လား မင်း ငါ့အပေါ် ကောင်းပေးဖို့ မလိုအပ်ဘူး အရင်အတိုင်းပဲနေ ..."

လီယင်းက သူ့ကို စိုက်ကြည့်လျက် ခေါင်းငြိမ့်ပြလိုက်သည်။

"ကိုယ် နားလည်ပါပြီ ..."

သူက ယွင်ချင်းစီသည် မရင့်ကျက်၊ ကလေးတစ်ယောက်နှယ် ခေါင်းမာကာ ပြောဆိုဆုံးမရ ခက်ခဲပြီး စိတ်ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် မည်သူ၏ စကားကိုမှ နားမထောင်တော့သူဟုသာ ထင်ခဲ့သည်။ ထို့ကြောင့်လည်း သူ့ကို ရင့်ကျက်ကာ စဉ်းစားဆင်ခြင်တတ်စေရန်နှင့် မနူးမနပ်အချစ်ကို အကြောင်းပြပြီး ပူးကပ်ချည်နှောင်နေခြင်းအား ရပ်တန့်ရန် ဖိအားပေးခဲ့မိသည်။

ယခု တစ်ကြိမ် သေဆုံးသွားပြီးဖြစ်သည့် ယွင်ချင်းစီကို ရင့်ကျက်သည့် သွင်ပြင်ဖြင့် တွေ့ရသည့်အခါတွင်လည်း သူ့နှလုံးသားတစ်ခုလုံး လစ်ဟာနေတော့သည်။

ယွင်ချင်းစီက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းကပါ ဘာလို့ ငါ့လို အစွန်းရောက်လာတာလဲ ဆိုတာကိုတော့ နားမလည်နိုင်သေးဘူး ငါသေသွားပြီးတဲ့နောက် မင်း နိုးထလာတဲ့အချိန်မှာ ငါ့ကို ချစ်ချင်တယ်လို့ပဲ ထင်ခဲ့လို့ မင်းကို အခွင့်အရေး မပေးချင်ခဲ့တာ ..."

"ဒါပေမယ့် အခုတော့ မင်းနဲ့ ရှင်းရှင်းလင်းလင်း လုပ်ထားချင်တယ် မင်းက မင်းထင်နေသလောက် ချစ်စိတ်မွှန်နေတာ နောင်တရနေတာမျိုး မရှိဘူး မင်း ကြုံတွေ့ခဲ့ရတဲ့ ၁၂ နှစ်တာက လူသားမဆန်လို့ .. အဲဒါကြောင့် ..."

ယွင်ချင်းစီက သတ္တိမွေးကာ ဆက်ပြောလိုက်သည်။

"အဲဒါကြောင့် မင်းက အကြွေးမတင်ချင်လို့ ..."

လီယင်းက ပြောလိုက်သည်။

"အိပ်တော့ ..."

"စိတ်မပျက်ပါနဲ့ ငါ မင်းကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလေ မင်းကို ကူညီပြီး မှန်းဆပေးနေတာကို ပြီးတော့ ငါတို့က ရှေ့လျှောက် အတူတူ ရှိသွားကြရမှာ မဟုတ်လား .. ငါ မင်းကို ဟိုးအရင်ကလို မဖြစ်စေချင် ..."

လီယင်းက သူ့ခေါင်းကို ဖိကပ်ထားလိုက်၏။

"ကိုယ်သိပါပြီ ..."

ယွင်ချင်းစီက ထပ်ပြီး လှုပ်ရှားမလာတော့။

သူ့တွင်လည်း အပြစ်မကင်းစိတ် ရှိနေကြောင်းနှင့် သူ့စကားတို့မှာ ဝိရောဓိဖြစ်နေကြောင်း သူကိုယ်တိုင်လည်း သိပေသည်။

လက်ရှိ လီယင်းကသာ သူ့ကို အမှန်တကယ် မချစ်ပါလျှင် အတိတ်ယွင်ချင်းစီကလည်း လီယင်းကို မချစ်ခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။

အသက်ရှင်စဉ်က လီယင်းကို များစွာ ချစ်ခဲ့ရသည့်တိုင် သူနှင့် ထိုက်တန်သည့် ချစ်ခြင်းတို့ကိူ ပြန်လည်ကာ မရခဲ့သည့်အတွက် မူရင်းယွင်ချင်းစီ၏ နှလုံးသားတွင် အဖုအထစ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် အားလုံးအတွက် လီယင်းကို အပြစ်တင်ကာ လီယင်းက သူ့ကို ရှုံးခဲ့သည်ဟုသာ တွေးခဲ့သည်။ 

ယခုမူ အခြားတစ်နည်းဖြင့်သာ အသက်ရှင်လိုတော့၏။ လီယင်းကို အတိတ်ဘဝက လီယင်း သူ့ကို ချစ်ပေးခဲ့သကဲ့သို့သာ ချစ်ပေးလိုတော့သည်။ ထို့ကြောင့် သူ့မျက်နှာ မပျက်ရစေရန် အလို့ငှာ သူတတ်နိုင်သည့် ဘောင်အတွင်းမှသာ ချစ်ပေးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

လီယင်းကို ငြင်းဆန်ခြင်းမဟုတ်၊ လမ်းဟောင်းအတိုင်း ဆက်မလျှောက်စေလိုတော့ခြင်းသာဖြစ်သော်လည်း အတိတ်ဘဝတွင် မြွေထောင်သောင်းများစွာ၏ အစာအဖြစ် စတေးခဲ့သည့် လီယင်းကို ငြင်းဆန်ရာလည်း ရောက်သွားတော့သည်။ လီယင်း၏ လည်ပင်းကို တိတ်တဆိတ် ပွေ့ဖက်လျက် တီးတိုးပြောလိုက်သည်။

"စိတ်မဆိုးပါနဲ့ ..."

"မဆိုးပါဘူး ..."

လီယင်းက ပြောလိုက်သည်။

"အားစီက မှန်ပါတယ် ..."

"ဘယ်လိုမှန်တာလဲ ..."

သူ့ကိုယ်သူပင် မယုံနိုင်။

"မင်းအဖေ မင်းကို စိုးရိမ်တယ် ဆိုတာကလည်း အရင်က မင်း ကိုယ့်ကို အရမ်း သဘောကျခဲ့လို့လေ ..."

လီယင်းက သူ့ခေါင်းကို ပွတ်ပေးကာ ပြောလိုက်သည်။

"မင်း ရင့်ကျက်ပြီး ကိစ္စတွေကို သဘောပေါက်လာတဲ့အခါ မင်းကိုယ်မင်း ကာကွယ်လာနိုင်လိမ့်မယ် ဒါဆို သူလည်း စိတ်အေးရမှာပါ ..."