အပိုင်း ၇၂
Viewers 13k

Chapter 72



အတိတ်က ယွင်ချင်းစီသည် မောက်မာကာ အကြောက်အရွံ့ ကင်းမဲ့လှ၏။ နာကျင်ရမည်ကို စိုးရိမ်ခြင်း အလျဉ်းမရှိ၊ သူ၏ ထက်သန်လှသည့် နှလုံးသားကို မကွယ်ဝှက်စတမ်း ရိုးသားစွာ ဖွင့်ဟပြထားသည်။

ယခု ထိခိုက်မိသည့်အခါ ကြောက်ရွံ့စပြုလာတော့၏။

ဤသည်မှာလည်း ယုတ္တိရှိပေသည်။

ပုံမှန်အားဖြင့် မည်သူမဆို မိမိကိုယ်ကို မည်သို့ ကာကွယ်သင့်ကြောင်း သိကြသော်လည်း အတိတ်က ယွင်ချင်းစီမှာ မသိခဲ့။

ယခု သိသွားသည့်အခါ သူ့ကိုယ်သူ ကာကွယ်လိုလာသည်မှာ ဖြစ်သင့်ပေသည်။

အဆင်ပြေပါတယ် ...

ယွင်ချင်းစီက ကြောက်သော်ငြား သူက မကြောက်။

ယွင်ချင်းစီက အမှုမထား၍ အကြောက်အလန့်ကင်းခြင်း ဖြစ်ကာ လီယင်းကမူ သူ၏ အသိဉာဏ်ဗဟုသုတကြောင့် အကြောက်အလန့်ကင်းခြင်းဖြစ်သည်။
သူသည် ဤနေရာသို့ ယွင်ချင်းစီကို ချစ်ရန် ရောက်လာခြင်းဖြစ်ရာ ယွင်ချင်းစီ မည်သို့ပင် ပြောနေပါစေ နှလုံးခုန်သရွေ့ သူ့ကို ချစ်သည့်စိတ်အား ရပ်တန့်မည် မဟုတ်ပေ။

ယွင်ချင်းစီ၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်ကို အားပေးကာ သူ့အလိုကျ သွားလာခွင့် ပြုပေးမည်ဖြစ်သည်။

ယွင်ချင်းစီက သူ့ကို ဤကဲ့သို့ မြင်ခဲ့၍ ပြန်လာကာ လိုလိုလားလား ခွင့်လွှတ်ပေးခဲ့ခြင်းကပင်လျှင် သူ မျှော်မှန်းထားသည်ထက် ပိုမိုကျော်လွန်နေပြီဖြစ်သည်။

ထပ်ပြီး တောင်းဆိုရန် မသင့်လှတော့။

ယွင်ချင်းစီက တုန့်ဆိုင်းနေဆဲပင်။ သူ့အဖေ၏ စကားများက မှန်ကန်သည်ဟု ခံစားမိသည့်တိုင်ယခုလက်ရှိ လီယင်းမှာ သူ့နှလုံးသားနှင့် ထိုက်တန်သည်ဟုလည်း ခံစားရပေသည်။ အတိတ်ဘဝနှင့် ထပ်တူညီသည့် ဖြစ်ရပ်မျို လုံးဝ ဖြစ်လာမည် မဟုတ်ဟုလည်း ခံစားမိနေ၏။

ထို့နောက် ဤလောကတွင် မည်သည့်အရာမှ ကြိုတင်မှန်းဆထား၍ မရကြောင်း သဘောပေါက်သွားတော့သည်။

ဝမ်းနည်းစွာ တွေးလျက်သာ အိပ်ယာဝင်လိုက်တော့သည်။

နောက်တစ်နေ့မနက် နိုးလာ၍ မျက်လုံးဖွင့်ကြည့်သည့်အခါ လီယင်းကို မတွေ့ရတော့။

ခေါင်းရင်းတွင် စာရွက်တစ်ရွက်ကိုသာ တွေ့လိုက်ရသည်။

"ညမှ တွေ့ကြမယ် ..."

၎င်းကို ဖတ်ကြည့်ပြီးနောက် ယွင်ချင်းစီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာတော့သည်။ တစ်ဖန် စိုးရိမ်စိတ်တို့ လွှမ်းခြုံလာပြန်၏။

မြွေထောင်ပေါင်းများစွာ၏ ကိုက်ဖြတ်ခြင်းကို ခံရသည်မှာ မည်မျှ နာကျင်လှကြောင်း သူမသိ။ နန်းဆောင်မှ ခုန်ချသည့်နေ့က သူ့ခန္ဓာကိုယ်မှာ အေးခဲကာ ချက်ခြင်း သေဆုံးသွားခဲ့သည့်အတွက် ထူးထူးကဲကဲ နာကျင်မှုကို မခံစားရ။

သို့သော် လီယင်းကမူ တစ်ချိန်လုံး ခံစားနေရသည်။

ပုံမှန်အတိုင်း ညီလာခံတက်၊ တင်ပြချက်တွေကို လက်ခံ၊ အမတ်တွေနဲ့ ဆွေးနွေးတဲ့အပြင် သူ့အစ်ကို အကြီးဆုံးကိုပါ ပေချန်းကနေ ခေါ်လာခဲ့တာ .. သူ ဘယ်လိုဖြစ်ပြီးတော့များ ဒါတွေ အကုန်လုံးကို လုပ်နိုင်ခဲ့တာလဲ ...

"လီယင်း ..."

သူက မြည်တမ်းလိုက်သည်။

"မင်းကို ဘယ်လို လုပ်ပေးသင့်လဲ ..."

"ဘာတွေ ရေရွတ်နေတာလဲ ..."

အပြင်ဘက်မှ အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီက စာကို အင်္ကျီလက်ထဲ ထိုးထည့်ကာ အော်ပြောလိုက်သည်။

"အဖေ .. ဘာလို့ မနက်ခင်း ညီလာခံကို မသွားတာလဲ ..."

"ဒီရက်ပိုင်းထဲ ဘာမှ ထွေထွေထူးထူး မရှိလို့ ကျန်းမိသားစုအကြောင်း တိုင်ကြားစာတွေလည်း ရောက်လာတော့ အရှင်က ရာဇဝတ်ဌာနကို အမှုဖွင့်ပြီး သေသေချာချာ စစ်ဆေးဖို့ အမိန့်ပေးထားတယ် ..."

အမတ်ချုပ်ယွင်က သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ပြောလိုက်သည်

"မနေ့ညက အရှင် ရောက်မလာဘူး မဟုတ်လား ..."

"မလာပါဘူး ..."

သူက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

"အဖေ စိတ်မပူပါနဲ့ ကွာရှင်းမယ့်ကိစ္စ ဆုံးဖြတ်လို့ မပြီးမချင်း သူ့ကို မတွေ့ဘူး သူ လာတွေ့ရင်လည်း ချက်ခြင်း မောင်းထုတ်လိုက်ပါ့မယ် ..."

အင်္ကျီလက်ကို မြှောက်လိုက်သည့် တစ်ခဏ၌ အထဲမှ စာရွက်သည် အရှိန်ဖြင့် လွင့်စင်ထွက်လာတော့သည်။

အမတ်ချုပ်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

"ဒါ ဘာလဲ ..."

သူက မတ်တပ်ထရပ်လိုက်သော်လည်း ယွင်ချင်းစီက တစ်လှမ်းဦးကာ ကောက်ယူပြီး တီးတိုးပြောလိုက်သည်။ 

"ဘာပါလိမ့် ..."

စာရွက်ကိုယူကာ အမတ်ချုပ်ယွင်ကို နောက်ကျောပေး၍ ဖြန့်ကြည့်လိုက်၏။ ထို့နောက် လုံးခြေကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။

"ဒါ ဦးလေးတင်းရဲ့ မြေးလေးက သူ့အတွက် အဆာပြေမုန့်တွေ ယူလာဖို့ ပြောထားတဲ့စာ ထင်ပါတယ် သူ လိုချင်တာတွေကို မမှတ်မိမှာကြောက်လို့ ချရေးထားတာ အဝတ်ပုံကြား ညပ်နေမယ်လို့ မထင်ထားမိဘူး ..."

အမတ်ချုပ်ယွင်က သူ့ကို အကဲခတ်နေပြီးနောက် လက်ကို ဆန့်ထုတ်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။

"ဒီကိုပေး ..."


ယွင်ချင်းစီက ဤကဲ့သို့သော ကိစ္စမျိုးကို ကိုင်တွယ်ရာ၌ အတွေ့အကြုံမရှိ။ အတိတ်ဘဝက ၂၇ နှစ်တာလူံတွင် မိခင်ဖြစ်သူနှင့် ရှစ်နှစ်သာ နေခဲ့ရကာ ထိုသို့ နေခဲ့ရသည်မှာလည်း သူမကိုသာ ကမ္ဘာတစ်ခုအဖြစ် မှတ်ယူထားသည့် ကလေးဘဝဖြစ်၍ လိမ်ညာနေရန် မလိုအပ်ခဲ့။

နောက်ပိုင်းတွင် အမတ်ချုပ်ယွင်နှင့် သားအဖဆက်ဆံရေး ပျက်ယွင်းကာ ဆွေမျိုးများနှင့်လည်း ရင်ဆိုင်ရန် မလိုအပ်တော့သည့်အတွက် မည်သည့်အရာကိုမှ ဖုံးကွယ်ထားရန် မလို။

တမင်တကာ ဖွက်ထားသည့် စာရွက်ကို လေးလံနှေးကွေးစွာ ပြန်ထုတ်ပေးရင်း အမတ်ချုပ်ယွင်၏ တစ်စထက်တစ်စ ပိုမိုသုန်မှုန်လာသော မျက်နှာကို အကဲခတ်နေလိုက်သည်။

ထိုစာကို ဖတ်လိုက်ပြီးနောက် အမတ်ချုပ်ယွင်၏ မျက်ခုံးတို့ တွန့်ကြုတ်သွားသော်ငြား သူ့ကို ‌ဆူပူရမည့်အစား သက်ပြင်းချ၍သာ စာကို ပြန်ပေးလိုက်သည်။

"မနေ့က သူ တစ်ညလုံး ဒီမှာ နေသွားတာလား ..."

ယွင်ချင်းစီက ခေါင်းကိုငုံ့လျက် မပွင့်တပွင့် ပြန်ဖြေလိုက်သည်။

အမတ်ချုပ်ယွင်က ထပ်ပြောလိုက်ပြန်သည်။

"ရှင်းရှင်းလင်းလင်း တွေးပြီးပြီလား တကယ်ပဲ မကွာရှင်းချင်တော့ဘူးလား ..."

ယွင်ချင်းစီကလည်း ရှင်းရှင်းလင်းလင်း မတွေးနိုင်သေး။ ယခုလက်ရှိတွင် လီယင်းသည် သူနှင့် မခွဲနိုင်၊ သူတို့နှစ်ဦး၏ ကွာရှင်းခြင်းက လီယင်းကို စက္ကန့်မလပ် နှိပ်စက်နိုင်မည့် အရာဟုသာ ခံစားနေရပေသည်။

သို့သော် ဖခင်ဖြစ်သူ၏ အရှေ့တွင်မူ ဤသို့သာ ပြောနိုင်ပေသည်။

"သူက နေမကောင်း ..."

အမတ်ချုပ်ယွင်၏ အမူအယာ ပြောင်းလဲသွားတော့သည်။

"ဘာဖြစ်တယ် ..."

"သူ အခု အလေးချိန်တွေ အများကြီး ကျလာတာကို သတိမထားမိဘူးလား ခေါင်းခဏခဏကိုက်တဲ့အပြင် သူ စိတ်တိုတဲ့နေ့က သွေးတောင် အန်ခဲ့တာ သူ့ခန္ဓာကိုယ်က .. အခု အရမ်း အခြေအနေဆိုးနေတာ ဘယ်လိုနည်းနဲ့မှ မစွန့်ပစ်နိုင်ဘူး ..."

အမတ်ချုပ်ယွင်က တစ်ခဏမျှ အသံတိတ်သွားတော့သည်။ လီယင်း၏ အခြေ‌အနေ လွန်စွာ ဆိုးရွားနေကြောင်းကို သူကိုယ်တိုင်လည်း မြင်နေရပေသည်။ သူသည်သာမက အခြားသော အမတ်များလည်း သတိပြုမိကြ၏။ ယနေ့ဆိုလျှင် တော်ဝင်မိသားစု စည်ပင်ကြီးထွားကာ အခက်အလက်များ ဝေဆာလာစေရန် ကိုယ်လုပ်တော် ပြန်လည်တင်မြှောက်သင့်ပါသည်ဟု လျှောက်တင်သူများပင် ရှိလာတော့သည်။

အမတ်ချုပ်ယွင်က ထိုင်ခုံပေါ် ပြန်ထိုင်ကာ ပြောလိုက်သည်။ သူ့မျက်နှာမှာလည်း လွန်စွာ အလေးအနက် ဖြစ်နေ၏။

"အသေးစိတ် သိလား ဘယ်လို ရောဂါမျိုး ဖြစ်နေတာလဲ ဒါမှမဟုတ် ..."

"ဘယ်လိုရောဂါအမျိုးအစားလဲတော့ မသိပေမယ့် တော်တော်လေး ပြင်းထန်တယ် ..."

ယွင်ချင်းစီ၏ စကားမှာ လိမ်ညာခြင်းမဟုတ်။

"တစ်ချိန်လုံး နာကျင်နေတာ စာရေးတဲ့ အချိန်မှာတောင် အဲဒီ့နာကျင်မှုကို သည်းခံထားလို့ မရဘူး ..."

အမတ်ချုပ်ယွင်က ပြန်စဉ်းစားကာ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"မထူးဆန်းတော့ပါဘူး ...မင်း သတိလစ်နေတုန်း အရှင်က တင်ပြလွှာတွေကို ခြံဝင်းထဲ ယူလာပေးဖို့ အမိန့်ပေးခဲ့တယ်လေ အဲဒီ့တုန်းက လျှောက်လွှာတွေကို ဖတ်နေတဲ့ အရှင့်ပုံစံက တစ်ခုခုကို ထိန်းချုပ်နေသလိုမျိုးပဲလို့ ခံစားနေခဲ့ရတာ ..."

လီယင်းမှာ သူ့ပုခုံးထက်၌ မမြင်ရသည့် ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးထားရသည့်နှယ်။ အတိတ်ဘဝ၌လည်း ထိုအတိုင်းပင်။ ထိုသို့ လေးပင်နေသည့်တိုင် လီဟန့် အရွယ်ရောက်သည်အထိ သည်းခံနေခဲ့၏။ မီးအနီရောင်ပြောင်းကာ သူ့ဘဝလည်း မီးဇာကုန်ဆီခမ်းပြီဖြစ်ကြောင်း သိသည့်တိုင် လီဟန့်ကို ပုလ္လင်ပေါ်အထိ ကိုယ်တိုင် တင်ပေးခဲ့သေးသည်။

သူ့ကို ကြွယ်ဝမှုနှင့် ဂုဏ်သရေကိုသာ မက်မောသူဟု ဆိုကြသော်ငြား သေလွန်သည့်အခါ ယွင်ချင်းစီနှင့် ဆင်တူ ဈာပနဝတ်ရုံမှအပ မည်သည့်အရာကိုမှ ယူဆောင်မသွားခဲ့ချေ။

အတိတ်ဘဝမှာ ဘာတွေများ အလုပ်များနေခဲ့တာလဲ ပြီးတော့ ဒီဘဝမှာရော ဘာတွေကို ဒီလောက်အထိ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားနေရတာလဲ ...

အမတ်ချူပ်ယွင်က သက်ပြင်းချကာ လေးလံစွာ ပြောလိုက်သည်။

"အဖေတစ်ယောက်အနေနဲ့ မင်းကိုပဲ ပိုပြီး စိုးရိမ်မိတယ် ဒါက သူ့ကို လူကောင်းတစ်ယောက်ဆိုတာ မသိလို့ မဟုတ်ဘူးနော် အရှင်က ကြီးကျယ်မြင့်မြတ်တဲ့ မင်းကောင်းမင်းမြတ် တစ်ပါးပါ ထီးနန်းဆက်ခံတဲ့ အချိန်ကနေ အခုလက်ရှိအချိန်အထိ အဖေ သူ့ကိူ စောင့်ကြည့်နေခဲ့တာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာတာကို မြင်လိုက်ရတော့ စိတ်အေးသွားရပြီ .. ဒါပေမယ့် ဘုရင်တစ်ပါးအနေနဲ့ သူ့မှာ မင်းကို သူ့ရဲ့ စိတ်အာရုံအလုံးစုံကို ပေးထားနိုင်မှာ မဟုတ်ဘူး သူနဲ့သာ ဆက်ရှိနေမယ်ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ စိတ်ပျက်သွားရလိမ့်မယ် အဖေကလည်း အဲဒါကိုပဲ စိုးရိမ်တာ ..."

သူ့အဖေက ဤကိစ္စကို ကောင်းစွာ ရှုမြင်နိုင်ပေသည်။

အတိတ်ဘဝက လီယင်းသည် လူတိုင်း အရာတိုင်းအပေါ် တာဝန်ကျေပွန်ခဲ့သော်လည်း ယွင်ချင်းစီအပေါ် ကျေပွန်ရမည့် ဝတ္တရားတို့ကိုမူ မကျေပွန်နိုင်ခဲ့ပေ။

အဖေ့စကားကိုသာ စောစောစီးစီး နားထောင်ခဲ့မိရင် သူနဲ့ လီယင်းရဲ့ အရှုပ်အထွေးတွေက ဒီလိုအခြေအနေအထိ ဖြစ်လာပါ့မလား ...

ယွင်ချင်းစီတွင် အဖြေမရှိ။ ဤကမ္ဘာတွင် "ဖြစ်ခဲ့လျှင်"ဟူသည့် အနေအထားမျိုးလည်း မရှိပေ။

အမတ်ချုပ်ယွင်က မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

"ကျန်းမာရေး မကောင်းဘူး ဆိုမှတော့ သူ့ကို အမြန်ဆုံး နန်းမွေ လျာထားဖို့ လျှောက်တင်လိုက်တော့မယ် မွေးစားမလား ဒါမှမဟုတ် ကိုယ်လုပ်တော်တစ်ယောက် ရွေးပြီး နန်းတော်ထဲ အဝင်ခိုင်းမလား တစ်ခုခုက ဒီကိစ္စအတွက် အဖြေဖြစ်လာမှာပါ ..."

သူက ယွင်ချင်းစီ၏ ပုခုံးကို ပုတ်ပေးကာ ပြောလိုက်သည်။

"ဒီကိစ္စက သားအပေါ် မူတည်သွားပြီ နေချင်ရင် သူနဲ့ ပိုပြီး နေပေးလိုက် အဖေက ကိစ္စမရှိဘူး ..."

ယွင်ချင်းစီက အံ့ဩတကြီး လှည့်ကြည့်လိုက်သော်ငြား အမတ်ချုပ်ယွင်မှာ လှစ်ခနဲ ထွက်သွားနှင့်နေပြီဖြစ်သည်။

သူ့အဖေက တစ်ခုခု နားလည်မှု လွဲသွားတယ် ထင်တယ်နော် ...

သူက လီယင်းကို အသက်ဆက်မရှင်နိုင်တော့ဘူးလို့ ထင်လိုက်တာများလား ...

ဒါပေမယ့် လီယင်းရဲ့ လက်ရှိပုံစံက တကယ်လည်း အသက်မရှည်တဲ့သူရဲ့ ပုံစံအတိုင်းပဲကို ...

လီယင်း .. မင်း တကယ်ပဲ သေတော့မှာလား ...

ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီမှာ နေရခက်သွားတော့သည်။

သူ့အဖေက သူ့ကို နားပူနားဆာ မလုပ်တော့သည့်တိုင် အမတ်ချုပ်အိမ်တော်မှ ထွက်ကာ အခြားခြံဝင်းသို့ ပြောင်းရွှေ့နေထိုင်လိုက်သည်။ သူ နုံးခွေနေသည့် နေ့ရက်များအတွင်း မက်မွန်ပန်းတို့က ဥယျာဉ်တစ်ခုလုံးအပြည့် ပွင့်လန်းလာခဲ့သည်။ အတိတ်ဘဝက ဤကဲ့သို့သော အချိန်မျိုးတွင် မက်မွန်ပင်အောက် ထိုင်ကာ ပန်းချီဆွဲလျှင်ဆွဲ သို့မဟုတ်ပါလျှင် ဗျပ်စောင်းတီး လေ့ကျင့်နေတတ်သည်။ သိူ့မဟုတ် စစ်တုရင် လေ့ကျင့်ရင်း မိခင်ဖြစ်သူ ရှိခဲ့စဉ် အချိန်များကို ပြန်ပြောင်းသတိရနေတတ်ပေသည်။

အတိတ်ဘဝက သူ့သက်တမ်းတစ်ခုလုံးမှာ မိခင်ဖြစ်သူနှင့် လီယင်းတို့ဖြင့်သာ ပြည့်နှက်နေကာ လီယင်းက အရေးအကြီးဆုံးနေရာကို အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားပေသည်။

ယခု သူသည် လီယင်းကို မစွန့်ခွါနိုင်။ သူ မည်မျှပင် ဆီလျော်သည့် အကြောင်းပြချက်တို့ တည်တည်ငြိမ်ငြိမ် ပေးလာပါစေ သူ့ကို လွှတ်ပေးတော့မည် မဟုတ်ချေ။

အရင်ဆုံး သူ့အဖေ နားလည်မှု လွဲသွားတာကို ဒီတိုင်းပဲ ထားလိုက်ကြတာပေါ့ ...

ယွင်ချင်းစီက အခန်းထဲသို့ ပြန်လျှောက်လာကာ အံဆွဲကို လှပ်၍ စာရွက်ကို ထည့်လိုက်သည်။

ထိုအထဲ၌ လီယင်းကိုယ်တိုင် ထွင်းထုပေးထားသည့် သစ်သားဆွဲပြားတစ်ခုလည်းရှိနေ၏။ ဆွဲပြားအောက်တွင် အပြီးသတ်ပြီးသား ရုပ်ပုံတစ်ခု ရှိနေကာ ၎င်းမှာ အိပ်မောမကျခဲ့စဉ်က ယွင်ချင်းစီကိုယ်တိုင် ဆွဲထားခဲ့ခြင်းဖြစ်သည်။ သူက လီယင်းလုပ်ထားသည့် သစ်သားဆွဲပြားကို အစားထိုးကာ ချင်နယ်မြေအတွက် အမှတ်အသားအသစ်တစ်ခု ဖန်တီးလိုခဲ့ခြင်းဖြစ်သည်။

သူ သတိလစ်နေခဲ့စဉ်အတွင်း လီယင်းက ဤစားပွဲတွင်ထိုင်ကာ အစီရင်ခံစာများကို ဖတ်ရှုခဲ့ရာ ဤပန်းချီပုံနှင့် အထဲတွင် "ချင်" ဟူသည့် စကားလုံး မြှုပ်နှံထားသည်ကို တွေ့ရှိပြီး ဖြစ်ပေလိမ့်မည်။

ယွင်ချင်းစီက အပြစ်ရှိသည်ဟု အနည်းငယ်မျှပင် မခံစားရ။ သူက လီယင်းကို လက်လွှတ်မပေးနိုင်သည့်တိုင် ယခင်ကဲ့သို့လည်း ချစ်မပေး‌နိုင်တော့။ လီယင်းကို သူ့ဘဝတစ်ခုလုံး၏ အဓိကဗဟိုချက်အဖြစ် သဘောမထားတော့ဟု ဆုံးဖြတ်ထားရာ ဤအမှတ်အသားကိုလည်း သေချာပေါက် ပြောင်းလဲရပေမည်။

အံဆွဲကို ပိတ်ကာ ခြံထဲရှိ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ သူ၏ လက်မှုပညာ အရည်အချင်းမှာ များစွာ ကောင်းမွန်လှသည့်အပြင် မလုပ်တတ်သည့် အရာဟူ၍လည်း မရှိသည့်အတွက် လီယင်းအတွက် စားစရာအချို့ ကိုယ်တိုင် ချက်ပြုတ်ပေးကာ နန်းတော်ထဲသို့ ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ဒဏ်ရာဟောင်းကြောင့် မီးခိုးငွေ့ကို မရှူရှိုက်နိုင်ရာ ဆီငွေ့များကို ပိတ်ဆို့ရန် ပုဝါတစ်ထည်ဖြင့် နှာခေါင်းကို စည်းထားလိုက်၏။ သို့သော် အစေခံများက သူ့ကို အံ့ဩတကြီး တားမြစ်လိုက်ကြသည်။

"ဒီအစေခံတွေကိုပဲ လုပ်ခွင့်ပေးပါ ..."

"ဒီထဲ မလာခဲ့နဲ့ မင်းတို့က မီးမွှေးပြီး အသီးအရွက်တွေ လှီးဖြတ်ထားလိုက် ..."

ချက်ပြုတ်သည့် အရေးကိစ္စမှာ များစွာ မခဲယဉ်းလှ။ အထူးသဖြင့် တစ်သွေမတိမ်း လိုက်နာဆောင်ရွက်မည့်သူများ ရှိနေသည့်အခါ ပို၍ပင် လွယ်ကူသေးသည်။

ချက်ပြုတ်၍ တစ်ဝက်ခန့် ပြီးလုပြီးခင်အချိန်တွင် အစေခံတစ်ဦးက လာရောက်အစီရင်ခံလိုက်သည်။

"သခင်လေး လင်းရှောင်ဟွိုက် ရောက်လာပါတယ် ..."

ယွင်ချင်းစီလည်း ဟင်းချက်ဇွန်းကို ချကာ ပုဝါကို ဖြုတ်၍ မီးဖိုထဲမှ ထွက်လာလိုက်ရတော့သည်။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ မက်မွန်ပင်အောက် မတ်တပ်ရပ်နေသည့် လင်းဟွိုက်ကျင်း၏ ရုပ်သွင်မှာ လွန်စွာ တင့်တယ်လှ၏။ ယွင်ချင်းစီကို မြင်လိုက်ရသည့် တစ်ခဏ၌ သူ့မျက်နှာပေါ်မှ အပြုံးတို့ ပျောက်ကွယ်သွားတော့သည်။

"ကြည့်ရတာ ကိုယ် ရောက်လာတာ အချိန်ကောင်း မဟုတ်ဘူးထင်တယ် ..."

ယွင်ချင်းစီက ခေါင်းယမ်းပြကာ သူ့ကို မက်မွန်ပင်အောက်ရှိ ကျောက်သားစားပွဲတွင် ထိုင်စေ၍ ပြောလိုက်သည်။

"သခင်လေးရှောင်ဟွိုက်က ဒီကို ..."

"ဒုတိယအစ်ကိုယွင်ဆီကနေ မင်း သတိပြန်ရလာပြီလို့ ကြားလို့ တစ်ခေါက်လောက် လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ ..."

ယွင်ချင်းစီအနေဖြင့် တိတိကျကျ မပြောတတ်သော်ငြား လင်းရှောင်ဟွိုက်၏ အမူအယာမှာ အနည်းငယ် စိတ်လှုပ်ရှားနေဟန်ပေါ်သည်ဟု ခံစားမိနေသည်။ သူက လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးကာ သာမန်ကာလျှံကာ ပြောလိုက်သည်။

"ပျော်စရာကိစ္စများ ရှိနေလို့လား ..."

"ဒါပေါ့ မင်း‌ ပြန်နိုးလာတယ်ဆိုတာ ပျော်စရာပဲလေ ..."

ယွင်ချင်းစီက ကျောက်စိမ်းရေကရားကို အသာချကာ ရေတစ်ငုံ သောက်လိုက်သည်။ လင်းဟွိုက်ကျင်းမှာ ပျော်ရွှင်ရုံသာမက စကားပြောရာတွင်လည်း ယခင်နှင့်မတူ၊  အနည်းငယ် အထိန်းအကွပ် မဲ့နေသည်ဟု ခံစားမိလာတော့သည်။

ထိုစဉ် လင်းဟွိုက်ကျင်းက တစ်ခုခုပြောမည် ပြုပြီးကာမှ ရပ်တန့်လိုက်သည်ကို တွေ့လိုက်ရသည်။

ယွင်ချင်းစီ "?"

"ကြည့်ရတာ အခုလေးတင်မှ မီးဖိုချောင်ထဲက ထွက်လာတာထင်တယ် ကိုယ်တိုင် ချက်နေတာလား ..."

"ဟုတ်တယ် အခုတလော ကျွန်တော့်ကြောင့် အဖေနဲ့ အစ်ကိုတွေ စိတ်ပူခဲ့ကြရတော့ ... အဲဒါကြောင့် သူတို့အတွက် ကိုယ်တိုင် ချက်ပြုတ်ပြီး ညစာ ဖိတ်ကျွေးမလို့ ..."

လင်းဟွိုက်ကျင်းက ဟိုဟိုဒီဒီ အကဲခတ်လိုက်သော်ငြား မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရသေး။ ယွင်ချင်းစီက ပြောလိုက်သည်။

"မချက်ပြုတ်တာ ကြာပြီဆိုတော့ အရင်ဆုံး လေ့ကျင့်ကြည့်ချင်လို့လေ အဲဒါမှ တကယ် ချက်တဲ့အခါ ဟာသမဖြစ်မှာ ..."

လင်းဟွိုက်ကျင်းက ရယ်ကာမောကာ ပြောလိုက်သည်။

"မင်းက အတော်လေးကို သတိကြီးတာပဲ ..."

ယွင်ချင်းစီက ညင်ညင်သာသာ ပြုံးပြရင်းပင် နောက်ထပ် စွပ်ပြုတ်တစ်ခွက် ထပ်ချက်ရန် တွေးနေလိုက်သည်။ အရသာကို ခပ်ပေါ့ပေါ့ ချက်ထားသည့်တိုင် ဝက်ဆီဖြင့် ဆီသတ်ထားမိသည့်အတွက် လီယင်း မစားနိုင်မည်ကို စိုးရိမ်မိပေသည်။

"ကိုယ်ရော ကောင်းချီးလေးများ ရနိုင်မလား မသိ ..."

လင်းဟွိုက်ကျင်း၏ စကားပင် မဆုံးသေး။ အပြင်ဘက်မှ ချိုးယန်၏ စကားသံကို ကြားလိုက်ရတော့သည်။

"လင်းဟွိုက်ကျင်း မင်း ဒီမှာလား လင်းဟွိုက်ကျင်း ..."