အပိုင်း ၇၃
Viewers 13k

Chapter 73


ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် လင်းဟွိုက်ကျင်း၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားတော့သည်။ ခြံဝင်းထဲသို့ ဝင်လာသည့် ချိုးယန်၏ အနောက်တွင် ခြံစောင့်ကပါ တစ်ပါတည်း လိုက်လာကာ ယွင်ချင်းစီကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အားကိုးတကြီး လျှောက်တင်လိုက်၏။

"ဒီငယ်သားက မတားမြစ်နိုင်ခဲ့ပါဘူး ..."

ယွင်ချင်းစီက သူ့ကို လက်ယမ်းပြလိုက်သည်။ ယွင်ချင်းစီကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချိုးယန်က အဝတ်အစားတို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လျက် ပြောလိုက်၏။

"ငါ သူ့ကို လာရှာတာ ..."

ယွင်ချင်းစီကလည်း ထိုသူနှစ်ဦးမှာ သူ အိပ်မောကျနေစဉ်အတွင်း မကြာခဏ လာရောက်တတ်ကြောင်း သိထားသည့်အတွက် တမင်တကာ ပြောလိုက်သည်။

" သူ့ကို တွေ့ပြီးပြီဆိုတော့ ပြန်တော့လေ ..."

ချိုးယန်က လင်းဟွိုက်ကျင်း၏ ဘေးတွင် ဝင်ထိုင်မည်ပြုရင်း လက်ကို တွန်းလိုက်သည့်အတွက် လင်းဟွိုက်ကျင်းတွင်လည်း ရွေးစရာ မရှိတော့။

"သူကလည်း မင်း နိုးလာပြီလို့ သတင်းကြားလို့ လာကြည့်တာပါ ..."

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ..."

ချိုးယန်က လင်းဟွိုက်ကျင်း၏ လက်ဖက်ရည်ခွက်ကို ‌ကိုင်ကာ ပြောလိုက်သည်။

"မင်းတို့မိသားစုမှာ ပျော်ရွှင်စရာ ကိစ္စ နှစ်ခုဆက်တိုက် ရှ်ိနေတာ ဂုဏ်ယူစရာပဲ ..."

လင်းဟွိုက်ကျင်းက သူ့ကို သုန်မှုန်စွာဖြင့် စိုက်ကြည့်လိုက်၏။ ယွင်ချင်းစီကလည်း တအံ့တဩ ငေးကြည့်နေပေသည်။

"ပျော်စရာကိစ္စ နှစ်ခု အဲဒါ ဘာတွေလဲ ..."

"မင်း လဝက်လောက် မေ့မြောနေရာကနေ သတိရလာတာရယ် ပြီးတော့ အရှင်က ကွာရှင်းပေးဖို့ သဘောတူလိုက်တာရယ်လေ အဲဒါက ပျော်စရာ မဟုတ်ဘူးလား ..."

ယွင်ချင်းစီ ".. မင်းကို ဘယ်သူ ပြောလိုက်တာလဲ ..."

"အရှင် ကိုယ်လုပ်တော်တွေကို နှင်မထုတ်ခင်က မင်းလည်း သူနဲ့ ကွာရှင်းဖို့ သွားခဲ့တာ မဟုတ်လား မြို့တော်တစ်ခုလုံးတောင် ပွက်လောရိုက်သွားတာကို မင်းလည်း သိနေသင့်တာပေါ့ ..."

ယွင်ချင်းစီက အမှန်တကယ်ပင် မသိခဲ့ချေ။ သူ့အစ်ကိုကြီးကို ခေါ်ဆောင်ရန် လီယင်း ရှန့်ယန်မှ ထွက်ခွါခဲ့စဉ် ကာလများအတွင်း ထိုသတင်းမှာ အမှန်တကယ်ပင် မြို့တော်အနှံ့ ပျံ့နှံ့နေပြီ ဖြစ်သောါလည်း ...

"မင်းကို မေးချင်တာက အရှင့်ဘက်က သဘောတူလိုက်မှန်း ဘယ်လိုလုပ် သိတာလဲလို့ ..."

လင်းဟွိုက်ကျင်း၏ ဗလာအကြည့်တို့နှင့် ရင်ဆိုင်လိုက်ရကာမှ ချိုးယန်လည်း ဤကိစ္စကို လူသိရှင်ကြား ကြေငြာခြင်း မပြုရသေးကြောင်း သဘောပေါက်သွားတော့သည်။ သူက ပြောလိုက်သည်။

"အရင်တစ်ခေါက် မင်းကို လာတွေ့တုန်းက အရှင်နဲ့ မင်းအဖေ ပြောနေတာကို မတော်တဆ ကြားခဲ့မိတာ ... ရှောင်ဟွိုက်လည်း သိတယ်လေ ..."

"..."

ယွင်ချင်းစီတွင် ပြောစရာစကားပင် မရှိတော့။

"တစ်ခြားသူတွေကိုတော့ မပြောလိုက်ဘူး မဟုတ်လား ..."

"မပြောပါဘူး လုံးဝ လုံးဝကို မပြောဘူး ..."

ချိုးယန်က လက်ကို ယမ်းပြကာ ပြောလိုက်သည်။

"ငါက ဒီလိုကိစ္စကို လက်လွတ်စပယ် ပြောရဲစရာလား မင်း လွတ်လပ်သွားပြီဆိုလို့ သူငယ်ချင်းတစ်ယောက် အနေနဲ့ ဂုဏ်ပြုပေးရုံ သပ်သပ်ပဲ အနာဂတ်မှာ ကျင်းနိုင်ငံရဲ့ အမျိုးကောင်းသားတွေက မင်း‌ ရွေးချယ်တာကို ခံရဖို့ အပြိုင်အဆိုင် တန်းစီ စောင့်ဆိုင်းနေကြတယ် ..."

ယွင်ချင်းစီမှာ မည်သို့မှပင် မတုန့်ပြန်နိုင်တော့ချေ။

သူ့အဖေ၏ ရှေ့တွင် လျှာစောင်းထက်စွာ ပြန်လည်ပြောဆိုနိုင်သော်လည်း သူစိမ်းတို့၏ ရှေ့တွင်မူ မည်ကဲ့သို့ ပါးစပ်ဟရမည်မှန်းပင် မသိတော့ချေ။

"သခင်လေး စားစရာတွေ အဆင်သင့် ဖြစ်ပါပြီ ..."

စားဖိုမှူးက လာရောက်နှုတ်ဆက်သည့်အခါ လင်းဟွိုက်ကျင်းက ဝင်ပြောလိုက်သည်။

"အားစီက သက်သာနေပြီ ဆိုမှတော့ ငါတို့နှစ်ယောက်လည်း ..."

"ဒီမှာပဲ နေပါ အတူတူ စားကြတာပေါ့ ..."


ယွင်ချင်းစီက နန်းတော်ထဲသို့ ဟင်းလျာပို့ပေးမည့် အစီအစဉ်ကို လက်လျော့ကာ အစေခံများအား စားပွဲပေါ်သို့ ပြင်ဆင်ခင်းကျင်းစေလိုက်၏။

"နောက်ထပ် စွပ်ပြုတ်တစ်ခွက် ပြင်ဆင်လာခဲ့ ..."

ဟင်းလျာများ တည်ခင်းပြီးနောက် ခြံဝင်းထဲသို့‌ နောက်ထပ်တစ်ယောက် ထပ်ရောက်လာပြန်သည်။ လင်းဟွိုက်ကျင်းနှင့် ချိုးယန်တို့က သတိမပြုမိ၊ ယွင်ချင်းစီကသာ တူကို အမြန်ချ၍ ပြောလိုက်သည်။

"မီးဖိုထဲမှာ ဟင်းပွဲတစ်ပွဲ ကျန်နေသေးတယ် ထင်တယ် သွားကြည့်လိုက်ဦးမယ် ..."

တစ်ဖက်မှ စကားပြန်ပြောလာမည်ကိုပင် မစောင့်ဘဲ စားပွဲမှ အမြန်ထလာလိုက်၏။ ထမင်းစားခန်းမှ ထွက်ကာ သစ်မွှေးရနံ့၏ ဦးဆောင်မှုအတိုင်း မက်မွန်တောအုပ်ရှိရာဆီသို့ ထွက်လာလိုက်သည်။ လေတစ်သုတ်မြူးကာ မက်မွန်ပွင့်တို့ ဝေ့ဝဲကြွေကျလာသည့်အတွက် သစ်မွှေးရနံ့ ပျောက်ကွယ်သွားတော့၏။

"လီယင်း ..."

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရှေ့တည့်တည့်ရှိ သစ်ပင်၏ အနောက်မှ အမျိုးသားတစ်ဦး ထွက်လာသည်။ မက်မွန်တောအုပ်အတွင်း ဖောက်ထွင်းကာ ကျဆင်းလာသည့် နေရောင်ခြည်ကြောင့် သူ့မျက်နှာမှာ လွန်စွာ ဖြူဖွေးနေကာ အနက်ရောင် အဝတ်အစားပေါ်တွင်လည်း ပန်းရောင်ပွင့်ချပ်တစ်ချို့ တင်ကျန်နေ၏။

ယွင်ချင်းစီက အနားသို့ အမြန်တိုးကာ ပြောလိုက်သည်။

"ရောက်နေတာကို ဘာလို့ လူလုံးထွက်မပြတာလဲ မင်းအတွက် ချက်ပြုတ်ပြီး အခုလေးတင် စားပွဲပေါ် ခင်းကျင်းနေတာကို ..."

"ဒီမနက် အရမ်း အလုပ်များနေတော့ .. မင်းကို တွေ့ပြီးတာနဲ့ ပြန်မယ်လို့ စဉ်းစားထားတာ ..."

"မပြန်ခင် စားသွားဦး ..."

ယွင်ချင်းစီက သူ့လက်ကို လှမ်းဆွဲလိုက်၏။ လီယင်းကလည်း မရုန်းဖယ်။ တစ်ခဏအကြာ ယွင်ချင်းစီက ရုတ်ချည်း ရပ်တန့်လိုက်ပြန်သည်။ လီယင်းကို ပြန်လှည့်ကြည့်ကာ တုန့်ဆိုင်းစွာဖြင့် ပြောလိုက်၏။

"မင်း ငါနဲ့ ကွာရှင်းဖို့ သဘောတူတယ်ဆိုတာကို သူတို့လည်း သိထား ..."

လီယင်း၏ လေသံမှာ ညင်သာနေဆဲပင်။

"ကိုယ်တို့တွေ ပြန်အဆင်ပြေသွားပြီ ဆိုတာကို မသိစေချင်ဘူးလား ..."

"မ .. မဟုတ်ပါဘူး ..."

ယွင်ချင်းစီက တစ်ဖက်လှည့်ကာ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။ လီယင်း၏ ရင်ဘက်တွင် မျက်နှာအပ်ကာ အလိုမကျစွာဖြင့် ပြောလိုက်သည်။

"ဟိုးတလောကမှ ကွာရှင်းပေးဖို့ ဆူညံပူညံ လုပ်ထားတာ အခု မင်းလည်း သဘောတူလိုက်ရော ငါ့ဘက်က ရုတ်တရက်ကြီး ပြန်အဆင်ပြေချင်ပြန်ပြီဆို .. ငါ့မှာ အရှက်မရှိရာ ကျမနေဘူးလား ..."

"ကိုယ့်ဘက်က မကွာရှင်းချင်တာလို့ ပြောလိုက်မယ်လေ ..."

"မင်းလို့ ပြောလိုက်ရင်လည်း ငါပဲ မျက်နှာမရှိသလို ဖြစ်နေဦးမှာလေ ..."

ယွင်ချင်းစီက ‌သူ့ရင်ခွင်ထဲတွင် ခေါင်းကို ဘယ်ညာယမ်းလျက် မသဲမကွဲ ပြောလိုက်သည်။

"တစ်ခုခု စဉ်းစားကြည့်ပါဦး ..."

လီယင်းက သူ့ခေါင်းကို ပွတ်ပေးကာ ပြောလိုက်သည်။

"ဒီနေ့ မင်းဘာသာမင်း ချက်ထားတာလား ..."

"အကုန်လုံး နီးပါးလောက်လို့ ပြောရမလားပဲ ..."

"မီးဖိုထဲမှာ ဘာကျန်သေးလဲ ..."

"ဟမ် ..."

ယွင်ချင်းစီက သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။

စွပ်ပြုတ် နည်းနည်းလောက်တော့ ကျန်သေးတယ် ..."

"ဒါဆို ကိုယ့်ကို အဲဒီ့ စွပ်ပြုတ်ပဲ တိတ်တိတ်လေး ယူလာပေး ..."

ယွင်ချင်းစီက မျက်တောင်ခတ်ပြလိုက်သည်။ စားဖိုမှူးကို ပထုတ်လိုက်ပြီးနောက် လီယင်းကို ပြန်လာခေါ်ကာ ဟင်းအိုးဘေးတွင် နေရာ‌ချပေးပြီး ကျန်ရှ်ိသော စွပ်ပြုတ်များကို ပန်းကန်လုံးထဲ လောင်းထည့်ပေးကာ မေးလိုက်သည်။

"အစာသွပ်မုန့် ယူဦးမလား ..."

"အဲဒါရော မင်း လုပ်ထားတာလား ..."

"ဘယ်ဟုတ်ပါ့မလဲ ..."

ယွင်ချင်းစီက အစာသွပ်မုန့်ကို လှည့်ယူကာ သူ့လက်ထဲ ထည့်ပေးပြီး ပြောလိုက်သည်။

"အဖွားဝူ လုပ်ပေးထားတာ သူမရဲ့ အချက်အပြုတ်စွမ်းရည်ကလည်း တော်တော်လေးကို ကောင်းတာနော် အထဲမှာ နွေကြက်သွန်နဲ့ နှမ်းဆီ ထည့်ထားပေမယ့် နည်းနည်းလေးမှ ချွဲကျိကျိနဲ့ ဆီများမနေဘူး ..."

လီယင်းက ထိုမုန့်ကို လှမ်းယူမည်ပြုစဥ် ယွင်ချင်းစီက ထပ်ပြောလိုက်ပြန်သည်။

"စွပ်ပြုတ်ကို ကိုယ်ဘာသာကိုယ် သောက်လိုက် မုန့်ကို ငါ ခွံ့ကျွေးမယ် ..."

လီယင်းက သတိပေးလိုက်သည်။

"အပြင်ရောက်နေတာ တော်တော်လေး ကြာနေပြီ မင်းသူငယ်ချင်းနှစ်ယောက်က မျှော်နေလောက်ရောပေါ့ ..."

ထိုအခါမှ ယွင်ချင်းစီလည်း ချိုးယန်နှင့် လင်းဟွိုက်ကျင်းကို သတိရသွားတော့သည်။

လီယင်းက မုန့်ကို ဆွဲယူကာ ပြောလိုက်၏။

"သွားပါ ကိုယ် ဒီကပဲ စောင့်မယ် ..."

ယွင်ချင်းစီက အပြင်ထွက်ကာ တံခါးဝအရောက်တွင် သူ့ဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြန်သည်။ လီယင်းက သူ့ကို လက်ယမ်းပြကာ အပြင်ဘက်သို့ တစ်ဖြည်းဖြည်း ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

မီးဖိုထဲတွင် သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့၏။

နှစ်ဘဝတိုင် ရှင်သန်ခဲ့သည့်တိုင် လီယင်းသည် မီးဖိုခန်းထဲတွင် တစ်ခါမှ မစားခဲ့ဖူး။ အစာသွပ်မုန့်ကို အနည်းငယ် ဖဲ့ကာ ကျန်သည့် အပိုင်းများကို နေရာတကျ ပြန်ထားပြီးနောက် ယွင်ချင်းစီကိုယ်တိုင် ချက်ပြုတ်ပေးထားသည့် စွပ်ပြုတ်ကို အနည်းငယ် သောက်ရင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

သူ့အနေဖြင့်လည်း ယွင်ချင်းစီ၏ အတွေးများကို နားလည်နိုင်ပေသည်။

အတိတ်က ယွင်ချင်းစီသည် သူ တစ်ဦးတည်းကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့ကာ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမှ အရေးမထားခဲ့။ လက်မထပ်ခင်က သူနှင့် ရင်းရင်းနှီးနှီး လည်ပတ်စားသောက်နေကျ မိတ်ဆွေအပေါင်းအသင်းများစွာ ရှိခဲ့သော်လည်း လီယင်းအတွက်ကြောင့်နှင့် ချိန်းဆိုမှုများစွာကို ပျက်ကွက်ခဲ့ရသည်။

ဤသို့ဖြင့် သူ၏ မူလကတည်းက မများပြားလှသည့်အပေါင်းအသင်း အရေအတွက်မှာ နည်းသည်ထက် နည်းလာကာ လီယင်းတစ်ဦးတည်းသာလျှင် ကျန်ရစ်ခဲ့တော့သည်။

ယွင်ချင်းစီက အမှီအခို ကင်းမဲ့ကာ မိမိကိုယ်မိမိ ဗဟိုပြုတတ်သူ တစ်ဦးအဖြစ် ပြန်လည်နေထိုင်ရန် အဆင်သင့်ဖြစ်နေတော့သည်။ ဤသည်မှာ လီယင်း ဆန္ဒရှိခဲ့သည့် အရာလည်း ဖြစ်ပေသည်။ အတိတ်ဘဝက သူသည် ယွင်ချင်းစီကို သူ့ထံတွင်သာ တွယ်ကပ်မနေဘဲ ကျယ်ပြန့်သည့် လူမှုကွန်ယက်တစ်ခု ပြန်လည်ပိုင်ဆိုင်နိုင်ရန် မျှော်လင့်ခဲ့ကာ ယခု သူ့ဆန္ဒအတိုင်း ဖြစ်မြောက်နေပြီဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် ပျော်ရွှင်နေသင့်ပေသည်။

သို့သော် မည်သည့်အတွက်ကြောင့်ရယ်မသိ၊ သူ ယခုလက်ရှိ ရှိနေသည့် မီးဖိုခန်းမှာ သဲကန္တရာသဖွယ် ခြောက်ကပ်လွန်းလှသည်ဟု ခံစားမိလာတော့သည်။

အကြောင်းမှာ အတိတ်ဘဝက သူ အင်အားများစွာ စိုက်ထုတ်ရန် လိုအပ်ခဲ့သည့် ပြဿနာများကို ယခုဘဝတွင် အလွယ်တကူ ဖြေရှင်းနိုင်နေပြီး အားလပ်ချိန်များ ပေါများနေကာ ယွင်ချင်းစီကိုသာ စောင့်ဆိုင်းနေရ၍ ဖြစ်ကြောင်း သူကိုယ်တိုင်လည်း သဘောပေါက် နားလည်ထားပေသည်။

အတိတ်ဘဝက ယွင်ချင်းစီ သူ့ကို စောင့်ဆိုင်းခဲ့ရသည့်အတိုင်းပင်။

တစ်ခါတစ်ရံ ပူဆွေးသောကရောက်ကာ တစ်ခါတစ်ရံ စိတ်ဖိစီးရပြီး တစ်ခါတစ်ရံတွင် များစွာ အထီးကျန်ဆန်လှ၏။

ယွင်ချင်းစီက သူ့ကို လွန်စွာ ချစ်မြတ်နိုးပါကြောင်း သက်သေပြသပြီး ဖြစ်သည့်တိုင်၊ သူကလည်း ယွင်ချင်းစီကို ကိုယ်ပိုင်ရည်မှန်းချက်တို့ ပြည့်ဝအောင် အကောင်အထည်ဖော်ခွင့် ပြုထားသည့်တိုင်၊ မည်ကဲ့သို့ ဆက်လုပ်ရမည်မသိ၊ လမ်းပျောက်နေကာ အချိန်မရွေး စွန့်ပစ်ခံရနိုင်သည်ဟု ခံစားမိနေဆဲပင်။

လီယင်းက မတ်တပ်ထရပ်ကာ စွပ်ပြုတ်အိုးနှင့် ပန်းကန်တို့ကို ဆေးကြောပြီး နေရာတကျ ပြန်ထားပေးလိုက်သည်။

သူ မှားနေမှန်း သူကိုယ်တိုင်လည်း သိပေသည်။ အတိတ်ဘဝက ယွင်ချင်းစီကဲ့သို့ အသိအမှတ်ပြုမှု မခံရခြင်း၏ နာကျင်မှုကို ခံစားလိုနေပေသည်။

ဤနည်းဖြင့်သာလျှင် ယွင်ချင်းစီ၏ နောက်တစ်ကြိမ် ရွေးချယ်မှုနှင့် ထိုက်တန်ပါကြောင်း သက်သေပြသနိုင်ပေမည်။

တန်ကြေးကြီးကြီးမားမား ပေးဆပ်၍ ပြန်လာခဲ့ခြင်းမှာ ယွင်ချင်းစီကို ချစ်ပေးရန်အတွက် သီးသန့်သာဖြစ်ကြောင်း သူ့ကိုယ်သူ မပြတ် သတိပေးနေလိုက်သည်။

အမတ်များ၏ လေးစားမှုကို ခံယူကာ အများပြည်သူ၏ ဂုဏ်ယူမြှောက်စားမှုကို ရရှိထားသည့် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သော်လည်း ယွင်ချင်းစီကို တစ်ဖြည်းဖြည်း နောက်ပြန်ဆုတ်ရန် တွန်းအားပေးခဲ့မိသည်။ ရှေ့သို့သာ စဉ်ဆက်မပြတ် လျှောက်လှမ်းခဲ့ပြီး နောက်ပြန်လှည့်ကြည့်လိုက်လေတိုင်း သူ့ဘေးတွင် နာခံမှုအပြည့်ဖြင့် အဖော်ပြုပေးခဲ့သော ယွင်ချင်းစီကို တွေ့နေရပေသည်။

နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည့် အခါတွင်မူ ယွင်ချင်းစီက သူ့အတွက် အသက်ကိုပင် စတေးသွားခဲ့ပြီးဖြစ်သည်။

ဤတစ်ကြိမ်တွင်တော့ သူကသာလျှင် ယွင်ချင်းစီ၏ လှည့်ကြည့်မှုကို စောင့်စားရန် နေရာယူထားလိုက်တော့သည်။

မည်မျှပင် ကြာမြင့်ပါစေ ယွင်ချင်းစီတွင် ပြန်လည်စောင်းငဲ့ကြည့်လိုစိတ် ရှိနေသရွေ့ ထိုနေရာတွင်သာ တစ်ဖဝါးမခွါ ရှိနေမည်ဖြစ်သည်။

"အားယင်း ..."

ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်နှယ် ချိုမြိန်လှသည့် အသံတစ်ခုကို ကြားလိုက်ရသော လီယင်းက ပြတင်းပေါက်အနားမှ လှည့်ကာ ကြည့်လိုက်သည်။ သူ့ကို မြင်လိုက်ရသည့် ယွင်ချင်းစီမှာလည်း အံ့အားသင့်သွားသည့်ဟန်။ လီယင်းက သူ့ကို အမှန်တကယ် စောင့်ဆိုင်းနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

အကြည့်တို့ ဝင်းလက်သွားကာ သူ့ရင်ခွင်ထဲ ပြေးဝင်ပြီး ပြောလိုက်သည်။

"ငါ စားပြီးသွားပြီ အကြာကြီး စောင့်လိုက်ရလား ..."

"ဟင့်အင်း ..."

"ဟင့်အင်း? ..."

ယွင်ချင်းစီက မျက်မှောင်ကြုတ်ပြလိုက်သည်။

"ငါ့ကို အရမ်း သဘောကျတယ်ဆို တစ်ရက်လောက် မတွေ့ရတာက သုံးနှစ်လောက် ခွဲနေရသလိုပဲ ဆိုတဲ့ ခံစားချက်မျိုး ရှိမနေဘူးလား ..."

"အင်း ..."

"ဒါဆို ငါ့ကို စောင့်ရတာ မင်းအတွက် အရမ်း နာကျင်ရမှာပေါ့ ..."

လီယင်း "..."

ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပါ ဘာလို့ လူကို အကြောင်းပြချက်မရှိ  အနိုင်ကျင့်နေရတာလဲ ...

ယွင်ချင်းစီက သူ့အမူအယာကို အကဲခတ်ကာ တစ်ခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။

"လိမ္မာနေတဲ့ မင်းပုံစံကို မြင်ရတော့ တကယ်ကို မနေတတ်တော့ဘူး ..."

လီယင်း၏ လက်ရှိပုံစံမှာ အလွယ်တကူ အနိုင်ကျင့်နိုင်ဖွယ် ကောင်းလှ၏။ ယွင်ချင်းစီက သူ့ကို အခက်မတွေ့စေတော့ဘဲ အနမ်းတစ်ပွင့် ဆုချီးမြှင့်ကာ ပြောလိုက်သည်။

"ဒီနေ့ မင်းအင်္ကျီရဲ့ အမွှေးနံ့က အရမ်းကောင်းတယ် နောက်ကျ အမွှေးနံ့ကို အများကြီး မသုံးနဲ့ အနံ့ပြင်းတာကြီးက တော်တော်ဆိုးတယ် ..."

"ကောင်းပါပြီ ..."

အနံ့က ဆက်လက်ထွက်ပေါ်နေဆဲပင်။ အချစ်ခံနေရသည့်အခါ ထိုအနံ့ ပျောက်ကွယ်ပြီး ယခင်ကကဲ့သို့ စိတ်ဓာတ်ခွန်အား ပြည့်ဝတက်ကြွသည့် လီယင်းအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ တစ်ဖန် ယွင်ချင်းစီက သူ့ကို မချစ်ဟု ခံစားရလေတိုင်း စိုစွတ်လှသည့် မြေအောက်ခန်းထဲရှိ ကြွက်သေကောင်ပုပ်နံ့သဖွယ် အနံ့ဆိုးက တစ်ဖြည်းဖြည်း ပြန်လည်ကာ ထွက်ပေါ်လာ၏။

ဤသည်မှာ စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်းဟုသာ သိထားပေသည်။

"စွပ်ပြုတ်သောက်ပြီးပြီလား ..."

"အမ်း ..."

"အစာသွပ်မုန့်တွေရော ..."

ယွင်ချင်းစီက အစာသွပ်မုန့် ထည့်ထားသည့် တောင်းအနီးသို့ ထသွားမည်ပြုစဉ် လီယင်းက သူ့လက်ကိုဆွဲကာ ပြောလိုက်သည်။

"ကိုယ် စားပြီးသွားပြီ ..."

ယွင်ချင်းစီက ရပ်တန့်ကာ သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"လမ်းထွက်လျှောက်ကြမလား ..."

"အင်း ..."

ယွင်ချင်းစီက သူ့ကို မက်မွန်တောတန်းသို့ ခေါ်လာကာ အလေးအနက် ပြောလိုက်သည်။

"သေချာပေါက် ကောင်းကောင်းစားရမယ်နော် ..."

"ကိုယ် စားပါ့မယ် ..."

"တကယ် အ‌တည်ပြောနေတာ ..."

ယွင်ချင်းစီက ခြေလှမ်းတို့ကို ရပ်တန့်ကာ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ပြောပါရစေဦး အခု ငါက မင်းနဲ့ မကွာရှင်းတော့ဘူးလေ တစ်ခြားကိစ္စတွေကို အသာထား အနည်းဆုံးတော့ မင်းအနေနဲ့ ငါ့ကို မုဆိုးဖိုဖြစ်စေလို့ မရဘူး မဟုတ်လား ..."

".. မဖြစ်နိုင်ပါဘူး ..."

လီယင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"ကိုယ်က ကျန်းမာရေး ကောင်းပါတယ် ..."

"မင်းပုံစံက နည်းနည်းလေးမှ ကောင်းတဲ့ပုံ မပေါ်ဘူး ..."

ယွင်ချင်းစီက ဒေါသတကြီး‌ ပြောလိုက်သည်။

"ငါ မင်းအတွက် တကယ် စိတ်ပူနေတာလို့ .. လီယင်း ဒီနေ့ပဲ ငါ အဖေ့ကို မင်းက ငါမရှိလို့ မဖြစ်ဘူးလို့ ပြောတော့ သူက မင်းကို သိပ်ကြာကြာ မနေရတော့ဘူးလို့ ထင်နေတာ မင်းမျက်နှာနဲ့ ခန္ဓာကိုယ်က တော်တော်လေးကို အခြေအနေဆိုးနေတယ် ဆိုတာကိုရော သိရဲ့လား အဆိုးဆုံးက မင်းရဲ့ခါးပဲ ပြီးတော့ အခု မင်းကို နိုင့်ထက်စီးနင်း လှဲမချခဲ့တာကလည်း ငါက ဒီတိုင်း သနားငဲ့ညှာတတ်တဲ့သူဖြစ်နေလို့ ..."

လီယင်း၏ မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားကာ ယွင်ချင်းစီကို ချီမလျက် ခပ်တိုးတိုး ပြောလိုက်သည်။

"ဘာတွေ ပေါက်ကရ ပြောနေတာလဲ ..."

ယွင်ချင်းစီက လေထဲတွင် ကန်ကျောက်ရုန်းကန်ပြီးသွားကာမှ သူ၏ သွယ်ဝိုက်နည်းလမ်းမှာ အလုပ်ဖြစ်ကြောင်း သဘောပေါက်သွားသည့်အတွက် တမင်တကာ ထပ်ပြောလိုက်သည်။

"ငါက ဘယ်သူ့ကိုမှ မရှာဘူးဆိုပေမယ့် ဒါကြောင့်နဲ့တော့ ငါ့ကို မရှုံးချင်ဘူး မဟုတ်လား မင်းဘာသာမင်းသာ ဘက်ပေါင်းစုံမှာ ကောင်းမွန်တယ် ပြောနေတာ ကျန်းမာရေးကကျ မကောင်းဘူးလေ ငါ ဘာလုပ်သင့်လဲ ..."

လီယင်းက လွန်စွာ ဒေါသပုန်ထသွားတော့၏။

"မနေ့က မင်းပဲ ငိုခဲ့ရတာ မဟုတ်လား ..."

"ဟုတ်တယ်လေ ..."

ယွင်ချင်းစီက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

"မင်းကို ပူးပေါင်းပေးနေတာ ..."

"..."

လီယင်းက သူ့အမူအယာကို အကဲခတ်နေပြီးကာမှ သူ့ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။ လီယင်းက ကောင်းကောင်းမစားနိုင်၊ ထို့အပြင် သူ(YQC) မြင်ခဲ့သည့် အရုပ်ဆိုးလှသော ရုပ်သွင်အပေါ် အာရုံစိုက်မိနေကြောင်းကို ယွင်ချင်းစီလည်း သိထားပေသည်။ ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းမှာလည်း ထိုသို့ လုပ်မှသာ လီယင်းက အရှုံးမပေးမည်ဖြစ်ကြောင်း သိနေ၍ဖြစ်သည်။  သူ အမှန်တကယ် ပြောလိုသည်မှာ ဤသို့ဖြစ်သည်။