အပိုင်း ၇၄
Viewers 12k

Chapter 74


လီယင်းက ကောင်းကောင်းမစားနိုင်၊ ထို့အပြင် သူ(YQC) မြင်ခဲ့သည့် အရုပ်ဆိုးလှသော ရုပ်သွင်အပေါ် အာရုံစိုက်မိနေကြောင်းကို ယွင်ချင်းစီလည်း သိထားပေသည်။ ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းမှာလည်း ထိုသို့ လုပ်မှသာ လီယင်းက အရှုံးမပေးမည်ဖြစ်ကြောင်း သိနေ၍ဖြစ်သည်။  သူ အမှန်တကယ် ပြောလိုသည်မှာ ဤသို့ဖြစ်သည်။

ကြည့်လေ မင်းက အရာရာတိုင်းမှာ တော်နေတဲ့ဟာ ငါကလည်း မင်းကို သေ‌လုအောင်ကို သဘောကျ‌ရမှာပေါ့ ဘာလို့ ခေါင်းငိုက်စိုက် ချနေရတာလဲ လာပါ ခေါင်းကိုမော့ပြီး ဝင့်ဝင့်ကြွားကြွား နေစမ်းပါ ...

ယွင်ချင်းစီက ဘယ်လိုလူမျိုးလဲ ...

နာကျင်ထိရှဖွယ် စကားများကို ပြောသည့်အခါ သူ့စကားတို့မှာ ပူလောင်မွန်းကြပ်ဖွယ် ကောင်းလှပြီး ငဲ့ညှာသနားတတ်သည့် အခါတွင်မူ သူ့မူရင်း ရည်ရွယ်ချက်ကို အကဲခတ်နိုင်ရန်ပင် ခဲယဉ်းလှပေသည်။ 

လီယင်းသာ သူ့ကို နားမလည်ခဲ့ပါလျှင် ကျိန်းသေ အရူးလုပ်ခံရမည်ဖြစ်သည်။ 

ယွင်ချင်းစီကို မက်မွန်ပင်အိုကြီး၏ ခပ်နိမ့်နိမ့်သစ်ကိုင်းတစ်ကိုင်းပေါ် ပွေ့တင်ကာ မျက်နှာကို ကိုင်ထားလျက် နှုတ်ခမ်းနှစ်လွှာကို ပြင်းပြစွာ နမ်းရှိုက်လိုက်သည်။

သူ့အနေဖြင့် ယွင်ချင်းစီကို စိတ်မပူစေသင့်။ တစ်ဖက်သူက သူ့ကို ချစ်နေသေးကြောင်း ထုတ်ပြလာကာ ၎င်းမှာ ယခင်ကဲ့သို့ တစ်ဖက်စွန်းရောက်ကာ သံသယလွန်ကဲခြင်း မရှိသည့်တိုင် အချစ်ဟု မှတ်ယူ၍ ရနေဆဲပင်ဖြစ်သည်။

သူ၏ ဝမ်းနည်းမှုများမှာ ယွင်ချင်းစီ၏ အချစ်တို့အား လုံလုံလောက်လောက် နက်နဲခြင်း မရှိသေးဟု စွပ်စွဲနေသည့်အလားပင်။

လီယင်းသည် လီယင်းသာ ဖြစ်နေဆဲဖြစ်ကြောင်း ယွင်ချင်းစီကို နားလည်စေရမည်။ သူသည် ယွင်ချင်းစီ အလိုရှိသမျှ ခွင့်ပြုထားကာ သူ့ခေါင်းပေါ်သို့ပင် အဆင်အခြင်မဲ့ တက်နင်းခွင့် ပြုထားသည့် ဧကရာဇ်လီ ဖြစ်ပေသည်။ သူ၏ နိမ့်ကျလှပါသည့် ဥပါဒါန်နှင့် ပတ်သက်၍ ထာဝစဉ် စိုးရိမ်နေကာ ယွင်ချင်းစီကို သတိကပ်ထား‌ရစေသည့် အသုံးမကျသော သူရဲဘောကြောင်သူ မဟုတ်ပေ။

ယွင်ချင်းစီကလည်း သူ၏ အားကောင်းကာ လွှမ်းမိုးလိုစိတ်တို့ များပြားနေသည့် အနမ်းကို မရှောင်တိမ်း၊ အသက်ရှူမဝတော့သည်အထိ ၊ နှလုံးခုန်သံ မြန်ဆန်လာကာ အဆုတ်မှ သူ၏ ဒဏ်ရာဟောင်းတို့ ပြန်လည်ရုန်းကြွလာသည်အထိ ပြန်လည်တုန့်ပြန်ပေးနေလိုက်သည်။

နောက်ဆုံးတွင်တော့ လီယင်းက အနမ်းတို့ကို ရပ်တန့်လိုက်သည်။

ယွင်ချင်းစီ၏ နောက်စေ့ကို ခပ်ဖွဖွ ပွတ်သပ်ပေးကာ ပြင်းထန်လှသည့် အသက်ရှူသံတို့ကို တည်ငြိမ်စေလျက် နူးညံ့စွာ ပြောလိုက်သည်။

"အားစီ ..."

"ဟမ် ..."

"အားစီ ..."

"အင်း ..."

"အားစီ ..."

"ဘာလုပ်နေတာလဲ ..."

လီယင်းက မက်မွန်တစ်ပွင့်ကိုခူးကာ သူ့ဆံနွယ်ကြား ထိုးပေးပြီး‌ ပြောလိုက်သည်။

"မင်းခေါင်းပေါ်မှာ မက်မွန်ပန်းပွင့်လေး ..."

ယွင်ချင်းစီက မျက်ဆန်ကို လှိမ့်ပြလိုက်ကာ မက်မွန်ပန်းတစ်ပွင့်ကို ခူးပြီး သူ့ခေါင်းပေါ် ပြန်တင်ပေးလိုက်သည်။

"မင်းခေါင်းပေါ်မှာလည်း ရှိသွားပြီ ..."

လီယင်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။

ငေးမောနေရင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာအကြာက မိခင်ဖြစ်သူ၏ သေဆုံးမှုကြောင့် မည်သူနှင့်မှ ရင်းနှီးနီးကပ်ကာ စကားပြောဆိုဆက်ဆံခြင်း အလျဉ်းမရှိခဲ့သည့် ယွင်ချင်းစီကို သတိရသွားတော့သည်။ ထိုစဉ်ကလည်း သူသည် ယွင်ချင်းစီပေါက်စလေး၏ ဘေးနားတွင် အတင်းတိုးဝှေ့ကာ ဝင်ထိုင်ရင်း သူ့ခေါင်းပေါ်သို့ ပန်းတစ်ပွင့် တင်ပေးလိုက်သည်။

"ကလေးလေး မင်းခေါင်းပေါ်မှာ ပန်းတစ်ပွင့် ရှိနေတယ် ..."

ထိုကောင်လေးက သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ ပန်းပွင့်ကို အဝေးသို့ လွှင့်ပစ်လိုက်သည်။

သူက နောက်တစ်ပွင့် ထပ်ခူးကာ တင်ပေးလိုက်ပြန်၏။

"နောက်တစ်ပွင့် ပွင့်လာပြန်ပြီ ..."

ကောင်လေးကလည်း နောက်တစ်ကြိမ် လွှင့်ပစ်လိုက်ပြန်ကာ ဒေါသတကြီး‌ ပြောလိုက်သည်။

"နောက်တစ်ခါ ထပ်လုပ်ရဲလုပ်ကြည့် မင်းကို ရိုက်ပစ်မှာ ..."

လီယင်းကမူ နည်းနည်းမျှပင် ကြောက်ရွံ့ဟန်မတူ။ တတိယတစ်ပွင့်ကိုခူးကာ တင်ပေးလိုက်ပြန်၏။

"ဒီခေါင်းသေးသေးလေးက ဘာလို့များ ဆက်တိုက် ပန်းပွင့်နေရတာလဲ ..."

"မင်းပဲ ပန်းပွင့်နေ ..."

မျက်နှာတစ်ခုလုံး နီရဲသွားသည့် ထိုကလေးက စာအုပ်ကို ပိုက်ကာ သူ့နောက်သို့ ပြေးလိုက်လာ၏။

"မင်းခေါင်းတစ်ခုလုံး မြေကြီးထဲ ပြုတ်ကျပြီး ပန်းပွင့်လာတဲ့အထိကို ရိုက်ပစ်မှာ ..."

သူ့မှတ်ဉာဏ်ထဲရှိ ကလေးနှစ်ဦး၏ ရယ်မောသံများ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကာ လီယင်းက သူ့ပေါင်ပေါ်တွင် အနားယူနေသည့် ချစ်သူလေးကို ငုံ့ကြည့်လိုက်သည်။

"အားစီ ..."

"အိုး .. မင်းက ဘာလို့ အရမ်း အာရုံနောက်စရာ ကောင်းရတာလဲ ..."

လီယင်းက သူ့ကို မျက်စောင်းထိုးကာ မျက်နှာကို အပေါ်သို့ ပင့်မြှောက်ထားလိုက်တော့သည်။ နွေးထွေးသည့်တိုင် အပူရှိန် မပြင်းသော နွေဦးနေရောင်ခြည်က သူ့မျက်နှာပေါ်သို့ ကျဆင်းလာသည်။

ဘေးပတ်ဝန်းကျင်တွင်လည်း မက်မွန်ပန်းပင်လယ်က ဝန်းရံထားသည်။

ယွင်ချင်းစီက သက်တောင့်သက်သာရှိသည့် ကိုယ်နေဟန်ထားကို ချိန်ညှိကာ ပြောလိုက်သည်။

"ဘာလို့ ခေါ်တုန်းကခေါ်ပြီး စကားတစ်ခွန်းမှ မပြောရတာလဲ ..."

"ဒီနေ့ ရာသီဥတုက အတော်လေး ကောင်းတယ်နော် ..."

ယွင်ချင်းစီမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်၍ မရတော့။ အူလှိုက်သည်းလှိုက် ရယ်မောလိုက်မိတော့သည်။

"ယုတ္တိမရှိလိုက်တာ ..."

...........

ယွင်ချင်းစီ၏ စကားကြောင့် အမတ်ချုပ်ယွင်သည် သူ့ကို လီယင်းနှင့် နီးနီးကပ်ကပ် မနေရန် မတားမြစ်တော့။ ထို့အပြင် အစီရင်ခံစာတစ်စောင် တင်သွင်းရန်လည်း အလေးအနက် ပြင်ဆင်နေလိုက်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ယွင်ချင်းစီသည် အတိတ်မှ ဖြစ်ခဲ့သည်များကို သင်ခန်းစာယူကာ လီယင်းအနားသို့ ဆက်လက်ပူးကပ်နေခြင်း မပြုတော့။ ထိုအစား လီယင်းကသာလျှင် လက်ဦးမှုယူကာ သူ့အနီးသို့ ရောက်လာတတ်ပေသည်။

မျက်နှာမပျက်ရရေး ဂရုစိုက်စပြုလာသည့်အတွက် ဖခင်အိုကြီးလည်း အနည်းငယ် စိတ်အေးရလာတော့သည်။

ယွင်ချင်းစီက နန်းတော်သို့ ပြန်သွားလိုခြင်းနှင့် စပ်လျဉ်း၍ ပြဿနာမရှာ။ လီယင်းနှင့် တွေ့ဆုံခြင်းကိုလည်း မိသားစုဝင်များ မသိရလေအောင် ဖုံးကွယ်ထားရာ အမတ်ချူပ်ယွင်လည်း အားလုံးကို မသိသလိုသာ ဟန်ဆောင်ထားလိုက်တော့သည်။

ခြံဝင်းအားလုံးတွင် မက်မွန်ပန်းပွင့်တို့ ပွင့်လန်းပြီး၍ ညှိုးရော်ကြွေကျချိန်သို့ ရောက်ရှိလာတော့သည်။ တိုင်းစွန်ပြည်ဖျားသို့ ခရီးရှည်ထွက်မည့် လီယင်းကို အဖော်ပြုပေးရန် ယွင်ချင်းစီက အထုပ်အပိုးများ ပြင်ဆင်ကာ နန်းမြို့တော်နှင့် ပို၍နီးသည့် အမတ်ချုပ်အိမ်တော်သို့ ပြန်လည်ပြောင်းရွှေ့လာတော့သည်။

ညအချိန်တွင် လီယင်းက နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။

သူ့မျက်နှာမှာ ယခင်အတိုင်း ဖြူရော်နေဆဲ ဖြစ်သော်ငြား ညတိုင်း ယွင်ချင်းစီနှင့်အတူ မှေးစက်ရသည့်အတွက်၊ ထို့အပြင် နေ့ရက်တိုင်းကို မျှော်လင့်ချက်အပြည့်ဖြင့် ဖြတ်သန်းလာရသည့်အတွက် သူ့စိတ်အခြေအနေမှာ ယခင်ထက် ပိုမိုကာ ကောင်းမွန်လာတော့သည်။

ယွင်ချင်းစီက စားပွဲခုံတွင်ထိုင်ကာ အမှတ်သင်္ကေတတစ်ခုကို ထွင်းထုနေ၏။ ဘေးတွင်လည်း သစ်သားစတို့ ပြန့်ကြဲနေသည်။ ဘဝတစ်လျောက် ခက်ခဲပင်ပန်းသည့် အလုပ်ကိစ္စများကို‌ ‌ဆောင်ရွက်ရန် မဆိုထားနှင့်၊ ပန်းပုထုသည့် ဓားကိုပင်လျှင် များစွာ မကိုင်တွယ်ခဲ့ဖူးရာ သူ့လှုပ်ရှားမှုများမှာ အတော်လေး ခက်ခဲပင်ပန်းနေပေသည်။

အင်္ကျီလက်ကို မြင့်မြင့်မြှောက်တင်ထား၏။ ဘယ်ဘက်လက်ကောက်ဝတ်ရှိ ဒဏ်ရာမှာ လွန်စွာ ပြင်းထန်လှပြီး သိသာထင်ရှားသည့် အမာရွတ်တစ်ခု ကျန်ရစ်နေသည်။

ယွင်ချင်းစီမှာ သူ့အလုပ်တွင် များစွာ ဈာန်ဝင်စားနေသည့်အတွက် ထိုင်ခုံကို ဆွဲယူကာ သူ့ရှေ့တည့်တည့်သို့ ဝင်ထိုင်လိုက်မှသာလျှင် လီယင်း ရောက်နေကြောင်း သတိပြုမိတော့သည်။ သူက ချက်ခြင်း ပစ္စည်းတို့ကို အောက်ချကာ ပြောလိုက်သည်။

"ဘာလို့ အသံတစ်သံမှ မပေးဘဲ ဝင်လာရတာလဲ ..."

"ဘာတွေ လုပ်နေတာလဲ ..."

"ငါ .. အမှတ်အသား အသစ်တစ်ခု လုပ်ချင်လို့ ..."

ယွင်ချင်းစီက သူ့ကို အကဲခတ်လိုက်သည်။ လီယင်း၏ အမူအယာမှာ ပြောင်းလဲမသွား၊ နူးညံ့စွာဖြင့်ပင် ပြောလိုက်သေးသည်။

"ကိုယ် ကူညီပေးမယ် ..."

လီယင်း၏ လက်မှုပညာမှာ သူ့ထက် များစွာ ကောင်းမွန်ရာ ယွင်ချင်းစီလည်း တုန့်ဆိုင်းစွာဖြင့် ဓားကို လွှဲပေးပြီး နာကျင်နေသော လက်ကို အလိုလို ပွတ်သပ်လိုက်မိတော့သည်။

လက်ချောင်းတို့တွင်လည်း ပြတ်ရှဒဏ်ရာနှစ်ခု ရှိနေကာ ၎င်းတို့ကို ခါးသီးလှသည့် အမူအယာဖြင့် လေမှုတ်လိုက်သည်။

လီယင်းက သူ့ကို စိုက်ကြည့်ကာ သစ်သားနှင့် ဓားကို အသာချ၍ တစ်ယောက်ယောက်ကို ရေနွေးယူလာပေးရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူ့လက်ကို ရေနွေးစိမ်ထားသည့် ပုဝါဖြင့် တစ်ခဏမျှ အုပ်ပေးပြီးကာမှ ပြောလိုက်သည်။

"ဒီလိုမျိုးအတွက်က လုပ်တတ်တဲ့သူကို ရှာလိုက်တာ ပိုကောင်းတယ် မင်းလည်း ဘယ်လိုလုပ်ရမလဲ မသိဘူးလေ..."

"မင်းတောင် လုပ်နိုင်ပြီး ငါက ဘာလို့ မလုပ်နိုင်ရတာလဲ ..."

ယွင်ချင်းစီက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

"ငါလည်း လုပ်နိုင်တယ် ..."

"မင်းလက်တွေက ဒီလိုအလုပ်မျိုးနဲ့ မသင့်လျော်ဘူး ..."

"ဒါဆို ဘာအတွက်လဲ ငါ့လက်တွေက ..."

"အလှကြည့်ဖို့ အတွက်? ..."

ယွင်ချင်းစီက သူ့ကို စိုက်ကြည့်လိုက်ကာ ကျီစယ်လိုသည့် အရိပ်အယောင်ကို တွေ့လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။ သူက လီယင်းကို လှမ်းကန်ကာ ထေ့ငေါ့လိုက်၏။

"မင်းပေးခဲ့တဲ့ အမှတ်အသားကို အစားထိုးဖို့ လုပ်နေတာလေ စိတ်မတိုဘူးလား ..."

"မင်း ချင်ပြည်နယ်လို့ နာမည်ပေးခဲ့တုန်းက မသင့်‌တော်ဘူးလို့ ကိုယ် ပြောခဲ့သားပဲ အားစီအနေနဲ့ ကိုယ်တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ တစ်ခုခုကိုပဲ ပေးခဲ့သင့်တာလေ အရာတိုင်းကို တစ်ခြားတစ်ယောက်ရဲ့ အမှတ်အသားနဲ့ လိုက်ပြီး တံဆိပ်ရိုက်ပေးနေစရာမှ မလိုတာ ..."

"ဒါပေမယ့် မင်းက တစ်ခြားသူမှ မဟုတ်တာ ..."

ယွင်ချင်းစီက ပြောလိုက်သည်။ လီယင်း၏ နက်ရှိုင်းလှသော မျက်ဝန်းတို့ထဲမှ ပြုံးရိပ်ကို တွေ့လိုက်ရသည့်အခါ ပို၍ပင် ရှက်သွေးဖြန်းလာပြီး အရှိန်ပြင်းစွာဖြင့် ကန်ကျောက်ကာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းက လုံးဝ ဂရုမစိုက်တာ မဟုတ်လား ..."

လီယင်းက ယွင်ချင်းစီ၏ ခြေထောက်ကို သူ့ခြေထောက်ဖြင့် ဖိထားကာ အပူပေးထားသည့် ငွေအပ်တစ်ချောင်းဖြင့် အရည်ကြည်ဖုများကို ဖောက်ပေးလိုက်သည်။ ယွင်ချင်းစီထံမှ ငိုသံ ထွက်မလာခင် ရေနွေးစိမ်ထားသည့် ပုဝါကို ယူကာ အနာပေါ်သို့ ပြန်ဖိပေးထားလိုက်၏။

"ကိုယ်က ဘယ်လိုလုပ် ဂရုမစိုက်ရမှာလဲ ..."

ယွင်ချင်းစီမှာ ချက်ခြင်းပင် ဝမ်းသာလုံးဆို့သွားတော့၏။

"မင်းက ငါ့ကို အစားမထိုးချင်ဘူးလို့ ဆိုလိုတာလား ..."

"တကယ်တော့ ကိုယ် မင်းကိုလည်း မလုပ်စေချင်ဘူး ..."

လီယင်းက ပြောလိုက်သည်။

"ချစ်ရတဲ့သူက ကိုယ့်ရဲ့ ခြေရာလက်ရာတွေကို ဖျက်ဆီးပစ်တာမျိုးကို ဘယ်လိုလူမျိုးက လိုချင်မှာလဲ ..."

ယွင်ချင်းစီက သက်ပြင်းချလိုက်သည်။

အသက်ပြန်ရှင်လာပြီးနောက် လီယင်းမှာ ပို၍ပင် အာဝဇ္ဇန်းရွှင်လာတော့သည်။ ယွင်ချင်းစီသည် နွေးထွေးနူးညံ့သည့် စိတ်ထားပိုင်ရှင် လီယင်းကို နေသားကျခဲ့သည့်အပြင် နောက်ပိုင်းတွင် တိတ်ဆိတ်ကာ ချုပ်တည်းတတ်သည့် လီယင်းကိုလည်း သဘောကျခဲ့၏။ ယခုမူ စကားချိုချို ပြောတတ်ပါသည့် လီယင်းကသာ ပို၍ နှစ်လိုဖွယ်ကောင်းလှကြောင်း သိရှိသွားတော့သည်။

သူသည် အထိအရှမခံ၊ သံသယများလှသည့်အပြင် ဆိုးရွားသည့် စိတ်နေစိတ်ထားကိုလည်း ပိုင်ဆိုင်ထားသေး၏။ အတိတ်ဘဝက ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာယူကာ သည်းခံရောင့်ရဲစိတ်ကို ကျင့်သုံးသင့်မှန်းလည်း အမြဲ နားလည်သဘောပေါက်ထားပေသည်။ လီယင်း၏ စိတ်သဘောကို နားလည်နိုင်ရန် များစွာ ကြိုးစားခဲ့သော်ငြား နောက်ဆုံးတွင်မူ အမှားကြီးတစ်ခုကို ကျူးလွန်မိကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

ကလေးဘဝတွင် မိခင်ဖြစ်သူ၏ ရင်အုပ်မကွာ စောင့်ရှောက်ခြင်းကို ခံခဲ့ရကာ နောက်ပိုင်းတွင် လီယင်းနှင့် ကြုံတွေ့ခဲ့သည့်အတွက် ယွင်ချင်းစီသည် အမှီအခိုကင်းသည့် ဘဝကို တစ်ကြိမ်တစ်ခါမျှပင် မကြုံတွေ့ဖူးခဲ့။ တစ်ပါးသူအပေါ် မှီခိုရခြင်းဖြင့် နေသားကျနေသည့် မှန်လုံအိမ်ထဲတွင် ကြီးပြင်းလာသူဟု တင်စားရလျှင်ပင် လွန်အံ့မထင်။

အတိတ်ဘဝက လီယင်းသည် သူ့ကို မစွန့်ပစ်ခဲ့ကြောင်း အတည်ပြုပြီးသည့်အခါ ယွင်ချင်းစီသည် အလိုအလျောက်ပင် လီယင်းအပေါ် ထပ်မံမှီခိုရန် တွေးမိပြန်တော့သည်။

သူ့ဘေးနားတွင် ရှိသူများသာမက သူ့အသိစိတ်ကပင်လျှင် ဤသည်ကို မသင့်လျော်ဟု သတိပေးနေသည့်တိုင် သူသည် လီယင်းကို ရိုးရှင်းစွာပင် ချစ်မိခဲ့သည်။ သူ၏ သေဆုံးမှုသည်ပင်လျှင် ထိုက်တန်သည်ဟု တွေးမိပြီးနောက် လီယင်းနှင့် တစ်သားတည်း ဖြစ်လာရန်ပင် ဆုတောင်းမိတော့၏။

ထို့ကြောင့် ဆင်ခြင်တုံတရားက သူ့ကို အရာတိုင်းအား ကိုယ်တိုင်သာလျှင် ရင်ဆိုင်သင့်ကြောင်း ပြောနေသည့်တိုင် လီယင်းက သူ့ကို ထိုသင်္ကေတတံဆိပ်ပြားအား အစားမထိုးစေလိုဟု ပြောလာသည့်အခါ ဝမ်းသာစိတ်တို့ ဖုံးဖိ၍ မရနိုင်စွာ ထွက်ပေါ်လာတော့သည်။

သို့သော် ၎င်းမှာ ဝမ်းသာစိတ်မျှသာ။

နွေးထွေးသည့် အရိပ်အယောင်များအား အတင်းအကြပ် ဖယ်ချကာ လေးနက်စွာ ပြောလိုက်သည်။

"ဒါပေမယ့် အစားထိုးဖို့ ဆုံးဖြတ်ထားပြီးသား ..."

မည်သူမဆို ကြီးပြင်းရင့်ကျက်လာရန် သင်ယူရမည်ဖြစ်ကာ ယွင်ချင်းစီသည်လည်း ချွင်းချက်မဟုတ်ပေ။ လီယင်းနှင့် ခွဲခွါလာရသည့်တိုင် ကောင်းစွာ နေထိုင်နိုင်သူတစ်ဦးအဖြစ်သို့ ရောက်ရှိရန် တစ်ဖြည်းဖြည်း လေ့ကျင့်ယူရမည်ဖြစ်သည်။

ဤသည်မှာ အတိတ်ဘဝက လီယင်း ဖြစ်စေချင်ခဲ့သည့် အရာမျိုးပင် ဖြစ်သည်။

သို့သော် ယခုလက်ရှိ လီယင်းမှာ အနည်းငယ် ဝမ်းနည်းနေသည့်ဟန်။

ယွင်ချင်းစီက သူ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် ချက်ခြင်း ရယ်မောလိုက်တော့သည်။

လီယင်း "?"

"မင်းပုံစံကလေ အဖေအိုကြီးတစ်ယောက်လိုပဲ ..."

လီယင်း "..."

သူ့ခံစားချက်မှာ အမှန်တကယ်လည်း ထိုကဲ့သို့ ဖြစ်နေပေသည်။ သူ့ကိုသာ တစ်ချိန်လုံး တွယ်ကပ်နေသူက အတောင်ပံဖွင့်ကာ အမြင့်သို့ ပျံသန်းရန် ရည်ရွယ်နေသည့်အတွက် အနည်းငယ် တုန့်ဆိုင်းနေမိသော်ငြား ထိုသူ အမြင့်အထိ ရောက်နိုင်ရန် သူ့လက်ဖြင့်ပင် ကိုယ်တိုင် ဆွဲခေါ်သွားပေးဦးမည်ဖြစ်သည်။ နှလုံးသားထဲ၌ တစ်ခုခု ဆုံးရှုံးသွားသည့် ခံစားချက်မျိုး ဖြစ်မလာရန်မှာ များစွာ ခဲယဉ်းလှပေသည်။

ပန်းပုထုသည့် ဓားကို ကောက်ကိုင်ကာ မှတ်ချက်ပြုလိုက်သည်။

"ပုံက ကောင်းသားပဲ ..."

ယွင်ချင်းစီက ခုံပေါ် လှဲချကာ သူ့ကို ကြည့်နေလိုက်၏။ ကာလတစ်ခုကြာမျှ အားပြန်ဖြည့်ပြီးနောက် လီယင်း၏ မျက်လုံးအောက်ရှိ အစိမ်းပုတ်ရောင် အညိုအမည်းများ ပျောက်ကွယ်သွားတော့သည်။ ညတိုင်း ယွင်ချင်းစီနှင့်အတူ အိပ်စက်သည့်အတွက် အိပ်မက်ဆိုးမက်သည့် အကြိမ်အရေအတွက်လည်း နည်းပါးလာကာ လုံးဝ မမက်စေရန် ရှောင်ရှား၍ မရသည့်တိုင် ယခင်ထက် များစွာ တိုးတက်လာသည့်အတွက် ယွင်ချင်းစီလည်း လွန်စွာ ကျေနပ်မိလာတော့၏။

လီယင်း၏ ဘေးသို့ ထိုင်ခုံကို တစ်ဖြည်းဖြည်း ဆွဲယူကာ ပြောလိုက်သည်။

"ချီလူကြီးမင်းကို ရှာဖွေဖို့ ချင်ပြည်နယ်ကို အမိန့်ပေးထားတယ်..."

ယွင်ချင်းစီသည် လူတစ်ဦးတစ်ယောက်အတွက် တစ်ခုခု လုပ်ဆောင်ပေးသည့်အခါ ထိုအားထုတ်ကြိုးပမ်းမှု လွဲချော်သွားမည်ကို စိုးရိမ်စိတ်ကြောင့် တစ်ဖက်သူကိုပါ တစ်ပါတည်း အသိပေးထားလေ့ရှိသည့် လူစားမျိုး ဖြစ်ပေသည်။

လီယင်း၏ နှလုံးသား ပျော့ပြောင်းသွားကာ မေးလိုက်သည်။

"ဘာတဲ့လဲ ..."

"ရှာမတွေ့ကြသေးဘူးတဲ့ ..."

ယွင်ချင်းစီ၏ အမူအယာမှာ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေဟန်။ လီယင်းက သူ့ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်၏။

"အလျင်မလိုပါဘူး ..."

"ဘာလို့ အလျင်မလိုရမှာလဲ ..."

ယွင်ချင်းစီက တင်းမာစွာဖြင့် ပြောလိုက်သည်။

"ငါ့ကိုယ်ငါ အရမ်း စိတ်ပျက်မိနေပြီ ..."

"တကယ်တမ်းတော့ ဒါက အရမ်းကြီး မနာပါဘူး ..."

"ဒါပေမယ့် မြေအောက်နန်းတော်အကြောင်း စဉ်းစားမိရင် ..."

ယွင်ချင်းစီက ပါးစပ်ကို ပိတ်ထားလိုက်သည်။ ထိုမြင်ကွင်းကို မြင်ခဲ့ရစဉ်က များစွာ မတုန်လှုပ်ခဲ့။ ယခု ပြန်စဉ်းစားကြည့်သည့်တိုင် ထိုစဉ်က ခံစားချက်များကို ရေရေရာရာ အမည်မတပ်နိုင်သေးချေ။

သို့သော် ကိုယ်တွင်းကလီစာအားလုံးကို တစ်ခုမကျန် ဆွဲထုတ်ခံထားရသည့်နှယ် လစ်ဟာမှုတို့ကို ခံစားနေရကာ ကူကယ်ရာမဲ့မှုနှင့် ရှုပ်ထွေးမှုတို့ကိုလည်း တစ်ပြိုင်တည်း ခံစားနေရ၏။

မြင့်မားလှသည့် တစ်နေရာမှ ပြုတ်ကျလာကာ လေဟာနယ်ထဲတွင် လေဟုန်စီးနေရသည့်နှယ် သေမည်ရှင်မည်မှန်းလည်း မသိ၊ အလားတူပင် မည်သည့်အချိန်တွင်မှ ဘေးလွတ်ရာသို့ ရောက်ရှိနိုင်မည်မှန်းလည်း မသိနိုင်ချေ။

လီယင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုးဝှေ့တက်ကာ သွေးတို့ကို စုပ်ယူ၍ အသားတို့ကို ဝါးမျိုခဲ့သည့် အညှာအတာ ကင်းမဲ့လှသော ဖောက်ထွင်း၍ မြင်နေရသည့် မြွေတို့ကို ပြန်စဉ်းစားမိလေတိုင်း ခံစားချက်တို့ တစ်မဟုတ်ချင်း အထိန်းအကွပ် မဲ့သွားရတော့သည်။

စကားတစ်ခွန်းမှ မဆိုဘဲ လီယင်းအနားသို့ တရွေ့ရွေ့ တိုးလာ၏။ တစ်ဖက်သူကလည်း လက်မောင်းတို့ကို ဖွင့်ဟပေးကာ ယွင်ချင်းစီတစ်ယောက် သူ့ရင်ခွင်ထဲ တိုးဝှေ့ဝင်ရောက်ပြီး ရင်ဘက်တွင် မျက်နှာအပ်လျက် မလှုပ်မယှက် ငြိမ်နေသည်ကို ကြည့်နေလိုက်သည်။

ယွင်ချင်းစီ၏ နှာခေါင်းတစ်ခုလုံး နီမြန်းကာ မျက်ဝန်းထောင့်စွန်းမှာလည်း စိုစွတ်နေ၏။ သူက ကောင်းကင်ဘုံသားတော်၏ ရင်ခွင်ထဲ တိုးဝင်ကာ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်သွားပြီးကာမှ ပြောလိုက်သည်။

"မင်းကို ကုပေးချင်တယ် ..."

"အခုလည်း သက်သာနေပါပြီ ..."

"ငါမရှိတော့ရင်တောင် မင်းကို အဆင်ပြေနေစေချင် ..."

ယွင်ချင်းစီက အင်္ကျီအနားစတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ပြောလိုက်သည်။ ရှည်လျားလှသည့် မျက်တောင်တို့တွင် မျက်ရည်စတို့ တွဲလွဲခိုနေ၏။ သူက လီယင်း၏ ရင်ခွင်ထဲ တိုးဝင်ကာ နှာတရှုံ့ရှုံ့ဖြင့် လေးတွဲ့စွာ ပြောလိုက်သည်။