Chapter 75
" စိတ်မပူတာ မဟုတ်ဘူး ဒီတိုင်း မင်းကို အဆင်ပြေစေချင်တာ ..."
"ကိုယ် အဆင်ပြေပါတယ် ..."
လီယင်းက ပြောလိုက်သည်။
"မင်း ကိုယ့်ကို ဂရုစိုက်တယ်ဆိုတာ သိလိုက်ရတော့ ဒီထက်ပိုပြီး ဝမ်းမသာနိုင်တော့ဘူး ..."
"မင်း ငါ့ကို နားမလည်ဘူး မဟုတ်လား ..."
ယွင်ချင်းစီက သူ့ကို တွန်းထုတ်လိုက်ပြီးကာမှ တစ်ဖန် ပြင်းထန်ကြမ်းတမ်းစွာဖြင့် ပွေ့ဖက်လိုက်ပြန်၏။ လီယင်းက သူ့နဖူးပေါ် မေးတင်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ကိုယ် အားဟန့်ကို မွေးစားပြီး ကိုယ်တိုင် ပျိုးထောင်ပေးမလို့ မင်းရော ဘယ်လိုထင်လဲ ..."
"ဒါက မေးနေစရာမှ မလိုတာ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"သူ့အဖေက ကြင်ယာတော်ဝေ့ရဲ့သား မင်းသာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ မယ်တော်ကြီးကို လူသိရှင်ကြား ဖယ်ရှားပြီး မင်းရဲ့ မွေးမိခင် ဧကရီဝေ့ရဲ့ နာမည်ကို ရှင်းလင်းပေးနိုင်ရင် သူမက မင်းရဲ့ အဒေါ် ဖြစ်လာမှာလေ သူကလွဲလို့ မင်းရဲ့ အရိုက်အရာကို ဆက်ခံနိုင်မယ့်သူ ဘယ်သူရှိသေးလို့လဲ ..."
"အမ်း ..."
"ပြီးတော့ အတိတ်ဘဝက သူ့ကို မင်းကိုယ်တိုင် သင်ကြားပေးခဲ့တော့ သူ့အကြောင်းကို ကောင်းကောင်းသိနေမှာပဲလေ သူ့ကို ပျိုးထောင်ပေးဖို့က ပိုပြီးတောင် မလွယ်ကူဘူးလား..."
"ကိုယ် သူ့ကို မွေးစားခဲ့တုန်းက ၁၂ နှစ်သား ဖြစ်နေပြီ အခု သူက နှစ်နှစ်ပဲ ရှ်ိသေးတာဆိုတော့ အတိတ်ဘဝကလို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိမှာကို နည်းနည်း စိုးရိမ်မိတယ် ..."
"ဒါဆို မင်းတော့ သေလောက်အောင်ကို အာရုံနောက်ရတော့မှာ မဟုတ်လား ငါက ကလေးတွေကို အမုန်းဆုံးပဲ ..."
ယွင်ချင်းစီက နောင်တအပြည့်ဖြင့် ပြောလိုက်သည်။
သူ အပြင်သို့ အလည်အပတ် ထွက်လေတိုင်း အော်ဟစ်ငိုယိုနေသော ကလေးများကို မကြာခဏ ကြုံရတတ်သည်။ လူကြီးများမှာလည်း ချော့မြူရုံမှအပ အခြား မည်သို့မှ မလုပ်တတ်။ တစ်ဖန် ဖခင်ဖြစ်သူ၏ ဆံပင်ကို ဆွဲကာ တွဲလွဲခိုစီးတတ်သည့် ကလေးများလည်း ရှိပေသေးသည်။ ဘေးတွင် ကြည့်နေသည့် ယွင်ချင်းစီမှာ ထိုသူများအစား သွားကျိန်းလာရတော့၏။
ထိုစဉ်က သူသည် လီယင်းနှင့် လက်မထပ်ရသေး။ သို့သော် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အိမ်ထောင်ပြုခြင်းအမှု ပြုခဲ့ရပါလျှင် မည်သည့်ကလေးကိုမှ ခေါင်းပေါ် တက်ခွစီးခွင့်မပြုဟု ထိုအချိန်ကတည်းက ဆုံးဖြတ်ချက် ချခဲ့သည်။
ထို အလိုလိုက်ခံထားရသည့် ကလေးက လီယင်းအား အနိုင်ကျင့်မည်ကို စိုးရိမ်သဖြင့် သူ့လက်ကို အားမာန်အပြည့်ဖြင့် ဆွဲကာ ပြောလိုက်သည်။
"အခုရော သူက မလိမ္မာတဲ့ကလေးလားဆိုတာ စုံစမ်းကြည့်ပြီးပြီလား ..."
"နောက်ပိုင်းမှာတော့ အတော်လေး လိမ္မာပြီး နာခံတတ်တယ် ဒါပေမယ့် အခုက သူ့ကို ကြင်ယာတော်ဝေ့ ပျိုးထောင်ပေးနေတာဆိုတော့ ကိုယ်လည်း များများစားစား မသိဘူး ..."
"ဒါဆို ..."
ယွင်ချင်းစီက မျက်မှောင်ကြုတ်လျက် မမေ့မလျော့ သတိပေးလိုက်သည်။
"သူ့ကို မင်းဆံပင်တွေကို ဆွဲဖို့ ခွင့်မပြုရဘူးနော် ပြီးတော့ ခေါင်းပေါ် တက်ခွစီးခွင့်ရောပဲ ..."
"ကိုယ့်ခေါင်းပေါ် တက်ခွစီးမယ့်သူ နောက်တစ်ယောက် မရှိဘူး ..."
ယွင်ချင်းစီက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ ဆက်ပြောလိုက်သည်။
"ငါ ဆိုလိုချင်တာက သူ့ကို အလိုမလိုက်နဲ့လို့ ထင်ရာစိုင်းခွင့် ပေးထားပြီး မင်းကိုယ်မင်း အခက်မတွေ့စေနဲ့ ..."
"ကိုယ့်မှာ တစ်ခြားကလေးတစ်ယောက်ကို အလိုလိုက်နိုင်မယ့် အားအင် မရှိတော့ဘူး ..."
သူ့စကား၏ အဓိပ္ပါယ်ကို နားလည်သွားပြီဖြစ်သည့် ယွင်ချင်းစီက ချက်ခြင်းပင် ဒေါသထွက်လာတော့၏။
"အဲဒီ့ကလေးက ငါနဲ့ တူလို့လား ..."
"သေချာပေါက်ကို မတူဘူးပေါ့ ကိုယ့်အတွက်တော့ မင်းက ပိုအရေးကြီးတယ် ..."
ယွင်ချင်းစီက လွန်စွာ သဘောတွေ့သွားသည့်ဟန်။ ပြုံးသယောင် နှုတ်ခမ်းတို့ကို ခပ်တင်းတင်း စေ့ထားလျက် အာမေဋိတ်သံတစ်ချက် ထုတ်လွှတ်လိုက်သည်။
"ငါက မင်းရဲ့ နှလုံးသားထဲမှာ အခိုင်အမာ ခံတပ်ဆောက်ထားရုံပဲ ရှိသေးတယ် အကောင်းအဆိုးကို မခွဲခြားတတ်တော့ဘူးပေါ့ ..."
"မင်းရဲ့ ယောကျာ်းကို ပိုပြီး အကြံပေးလို့ ရတယ်လေ ..."
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်လိုက်သည်။
လီယင်းက အနားသို့ တိုးလာကာ သူ့နှုတ်ခမ်းကို ဂရုတစိုက် နမ်းရှိုက်လိုက်၏။ ယွင်ချင်းစီကလည်း ကြောင်အသွားသည့်တိုင် ထိုအနမ်းကိုမူ လွန်စွာ ကျေနပ်မိသွားသည့်ဟန်။
"ငါ့ကို မေးရင်တော့ မင်းအနေနဲ့ ဒီကလေးကို အစေခံပေါက်စလေးလို ပျိုးထောင်သင့်တယ် ထင်တာပဲ သူ့ကို ရေတို့ လက်ဖက်ရည်တို့ ခဏခဏ ယူလာခိုင်း ဒါမှ ကြီးပြင်းလာတဲ့အခါ လူကြီးသူမရဲ့ စကားကို နာခံတတ်တဲ့ အကျင့်လေး ရမှာ လိုအပ်တာထက် ပိုပြီး အလိုမလိုက်နဲ့ မဟုတ်ရင် တစ်လောကလုံး ကျွမ်းထိုးမှောက်ခုန် ဖြစ်သွားလိမ့်မယ် ..."
"မင်းလိုလား ..."
ယွင်ချင်းစီ၏ မျက်နှာ ပျက်ယွင်းသွားကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
"နောက်တစ်ခေါက်လောက် ပြောလိုက်ပါ ..."
"မင်းလိုပဲ ... အထိန်းအကွပ် မရှိဘူးလို့ ..."
လီယင်း၏ မျက်လုံးတို့ ကွေးညွတ်သွားသော်ငြား ယွင်ချင်းစီ၏ ဒေါသမျက်ဝန်းတို့နှင့် ဆုံလိုက်ရသည့် တစ်ခဏ၌ ချက်ခြင်း မျက်နှာပိုးသတ်ကာ သူ့နှုတ်ခမ်းတို့ကို နောက်တစ်ကြိမ် နမ်းရှိုက်လိုက်တော့သည်။
ယွင်ချင်းစီမှာလည်း ဘာဆက်လုပ်ရမည် မသိတော့။ သူ့ကို နှစ်ကြိမ်တိုင် တွန်းထုတ်ခဲ့သည့်တိုင် မူးဝေသည်အထိ အနမ်းခံလိုက်ရတော့သည်။
လီယင်း၏ နှာတံမှာ လွန်စွာ လှပလှ၏။ သူ့ကို နမ်းလေတိုင်း ထိုနှာတံက သူ့ပါးပြင်ကို ပွတ်သပ်သွားလေ့ရှိသည်။ မည်သည့်အရာကိုမှ မလုပ်ဘဲ ငြိမ်သက်နေသည့်တိုင် ဆွဲဆောင်မှု ရှိနေဆဲပင်။
လီယင်းက နဖူးချင်း တေ့လိုက်ပြန်ကာ နှာတံထိပ်ဖျားခြင်း ပွတ်သပ်လျက် အလေးအနက် ပြောလိုက်သည်။
"ကိုယ် အဲဒါနဲ့ ပတ်သက်ပြီး မစိုးရိမ်ခဲ့ဖူးဘူး ဒါပေမယ့် မင်း ပြောတာကို ကြားပြီးမှ သူ့ကို သည်းမခံနိုင်မှာကို တွေးပူမိလာသလိုပဲ ..."
ယွင်ချင်းစီက သူ့လည်ပင်းကို တွယ်ချိတ်ကာ ကတိပေးသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
"မပူနဲ့ မင်းကို ကလေးနဲ့ တစ်ယောက်တည်း ပစ်မထားခဲ့ဘူး ..."
လီယင်း၏ အကြည့်တို့ နက်ရှိုင်းသွားကာ နှုတ်ခမ်းချင်း ပွတ်တိုက်လျက် ခပ်တိုးတိုး ပြောလိုက်သည်။
"ထောက်ထားပေးတဲ့အတွက် ဧကရီကို ကျေးဇူးအများကြီး တင်ပါတယ် ..."
လီဟန့်ကို ဆက်ခံသူအဖြစ် တင်မြှောက်မည့် သတင်းက ရှန့်ယန်တစ်မြို့လုံးကို မုန်တိုင်းထန်စေခဲ့သည်။ အရွယ်ကောင်း၊ နေရာကောင်းတစ်ခုကို ပိုင်ဆိုင်ထားသူတစ် အနေဖြင့် မိမိကိုယ်ပိုင်သွေးသားကို လိုချင်မည်မှာ သဘာဝပင်ဖြစ်ရာ အခြားသူတစ်ဦး၏ သွေးသားကို မွေးစားလိုက်ခြင်းမှာ အများပြည်သူ၏ အမြင်တွင် ယုံကြည်ရန် ခဲယဉ်းလှသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာတော့သည်။
ကိုယ့်သွေးသားရင်းကို မလိုချင်တဲ့ယောကျာ်းမျိုး ရှိလို့လား ...
ထိုအမိန့်ပြန်တမ်း ထွက်လာသည့်အခါ အချို့က လီယင်း၏ ဦးနှောက်တွင် ရောဂါဝေဒနာတစ်ခုခု ခံစားနေရ၍ဟု ကောက်ချက်ချလိုက်ကြပြီး အချို့ကမူ ၎င်းကို စိတ်ကူးပေါက်ရာ ထကြေငြာသည့် အမိန့်ပြန်တမ်းအဖြစ်သာ သဘောထားလိုက်ကြသည်။ ကွာရှင်းရင် အမျိုးမျိုးအဖုံဖုံ ပြဿနာရှာနေသည့် ဧကရီကို ဆွဲထားရန် အသုံးပြုသည့် ဧကရာဇ်၏ နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်ဟု ကောက်ချက်ချသူများမှာ အများဆုံးဖြစ်သည်။
သေချာပေါက်ကို စိတ်ပိုင်းဆိုင်ရာ နောက်ကျိနေလို့ပဲ ဖြစ်ရမယ် ...
ရှန့်ယန်မြို့တော်အတွင်း ဤသို့သော စကားသံများ ထွက်ပေါ်လာ၏။
"ပြောကြတာတော့ ဧကရာဇ်ငယ်လေးက ထီးနန်းဆက်ခံပြီးနောက်ပိုင်း အကျင့်ပျက်ခြစားတဲ့ အမတ်တွေကို ဖမ်းဆီးတဲ့နေရာမှာ သူတို့ကျူးလွန်တဲ့ ပြစ်မှုအတွက် သားစဉ်မြေးဆက် ခေါင်းဖြတ်သတ်ခဲ့တယ်တဲ့ ပိုင်ဆိုင်မှုကိုပဲ သိမ်းပြီး အသက်ကို ဘေးမဲ့ပေးခဲ့တဲ့ အရင်ဧကရာဇ်ရဲ့ နည်းလမ်းတွေထက် အများကြီး ပိုပြင်းထန်ပေမယ့် အဲဒီ့ အကျင့်ပျက်ခြစားအမတ်တွေက သားသမီးမြေးမြစ်တွေပါ အသတ်ခံရမှာကို စိုးရိမ်စိတ်ကြောင့် ဘယ်လိုပြစ်မှုမျိုးကိုမှ ထပ်ပြီး မကျူးလွန်ရဲတော့တာကြောင့် ရုံးတော်တစ်ခုလုံး သန့်ရှင်းသွားပြီး ကြီးမြတ်လှတဲ့ ကျင်းနိုင်ငံတော်ကလည်း တစ်ဖြည်းဖြည်း တိုးတက်လာခဲ့သတဲ့ ..."
"အဲဒီ့လိုလူက ယောကျာ်းတစ်ယောက်အတွက်နဲ့ မောင်းမဆောင်တစ်ခုလုံးကို ဖျက်သိမ်းပြီး သူ့အစ်ကိုကြီးရဲ့ သားကို အရွယ်ရောက်လာတာနဲ့ တစ်ပြိုင်နက် မွေးစားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ဒါက သေချာပေါက်ကို သူ့သေတွင်းသူ တူးနေတာပဲ မဟုတ်ဘူးလား ..."
"သူက မကောင်းဘူးလို့ ဘယ်သူပြောလဲ ..."
တော်ဝင်မိသားစု၏ လုပ်ရပ်များအကြောင်း ဝေဖန်သည့်အခါ စကားသံမှာ တစ်စထက်တစ်စ ပို၍ပို၍ တိုးလျလာသည်။
"ယွင်မိသားစုက သားကို လက်ထပ်ဖို့ လုပ်ခဲ့တဲ့ အချိန်တုန်းက ငါလေ ဒီဧကရာဇ်လေးက တကယ်ကို မရိုးရှင်းဘူး ဒီလောက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ကို အင်အားကြီးတဲ့ အမတ်ကို ဘယ်လိုမျိုး နောက်ခံထားရမလဲ သိနေပြီလို့ ထင်ခဲ့မိတာ ကျားတစ်ကောင်ကနေ ခွေးအတော့ မွေးမလာနိုင်ဘူး တစ်ချိန်ချိန်မှာ သူ့နာမည်က ရာဇဝင်တွင်မှာလို့လေ ... ဟ .. သူ့ကိုလေ ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်းကြီး နစ်ဝင်သွားလိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး ..."
"ဒါက သူ့အတွက် အဆန်းမဟုတ်တော့ပါဘူး ဧကရီယွင်ရဲ့ အနောက်ကို လိုက်တာက .. ချီဖန့်မျှော်စင်ကိုပဲ ကြည့်လေ ဧကရီယွင် နန်းတော်ထဲကနေ ထွက်သွားပြီးကတည်းက စဆောက်နေတာ အခု တစ်ဝက်နီးပါးလောက် ပြီးတော့မယ် ဧကရီက ပြန်မလာသေးဘူး ..."
"ကောင်းသားပဲ ..."
တစ်ယောက်က မြေပဲဆံအချို့ကို စားရင်း နှုတ်ရေးကောင်းစွာ ပြောလိုက်သည်။
"ငါ ပြောရဲတယ် ဧကရီယွင်ကလေ သူ့နောက်ကို တကောက်ကောက် လိုက်နေကျဆိုပေမယ့် အခု တကယ်ကို ကွာရှင်းဖို့ စိတ်ပိုင်းဖြတ်ထားလောက်ပြီ အရှင်က သားတွေမြေးတွေ မယူတော့ဖို့ စိတ်ကို ဆုံးဖြတ်ပြီးပြီဆိုရင်တောင် ဧကရီကို ပြန်လာအောင် လုပ်နိုင်ဖို့က အတော်လေး ခက်ခဲလိမ့်မယ် အမတ်ချုပ်ယွင်ကလည်း အရူးမှ မဟုတ်တာ ဘာလို့ သူ့ကလေးကို နန်းတော်ထဲ အခေါက်ခေါက်အခါခါ ပို့နေဦးမှာလဲ ..."
"ဒါပေမယ့် အရှင့်ကိုရော ဘယ်လိုထင်လဲ တော်ဝင်ဆေးကုဌာနက တကယ်ပဲ အရှင့်ရဲ့ ဦးနှောက်မှာ ရောဂါတစ်ခုခု ဖြစ်နေတယ်လို့ ရှာတွေ့သွားတာများလား ..."
ယွင်ချင်းစီက နှာခေါင်းကို ပွတ်သပ်လိုက်၏။ ထို့နောက် အတိမ်အနက် မသိသူများကို ခြောက်လှန့်မည် ပြုစဉ်မှာပင် လက်တစ်ဖက်က သူ့ကို လှမ်းဆွဲထားလိုက်သည်။
ထိုအခါမှ ယွင်ချင်းစီလည်း ဤတစ်ကြိမ်တွင် လင်းဟွိုက်ကျင်းက သူ့ကို အပြင်ခေါ်လာခြင်းဖြစ်ကြောင်း သတိရသွားတော့သည်။ တစ်ဖက်သူက ပြောစရာရှိ၍ဟု အကြောင်းပြကာ ခေါ်လာခြင်း ဖြစ်သည့်တိုင် တစ်ချိန်လုံး လမ်းလျှောက်ပြီးသည်အထိ စကားတစ်ခွန်းမှ ပြောမလာသေးချေ။
"သခင်လေးရှောင်ဟွိုက် ..."
ယွင်ချင်းစီက သူ့လက်ထဲမှ ရုန်းထွက်ကာ ပြောလိုက်သည်။
"လမ်းတစ်ဝက်တောင် ရောက်နေပြီကို ပြောစရာရှိရင် ပြောလိုက်ပါတော့ ..."
"ဇီးသကြားလုံး စားချင်လား ..."
"ကျွန်တော်က ကလေးမှ မဟုတ်တော့တာ ဒါမျိုး မစားတော့တာတောင် တော်တော်ကြာနေပါပြီ ..."
လင်းဟွိုက်ကျင်းက ထပ်မေးလိုက်ပြန်သည်။
"ဒါဆို ပန်းပွင့်ကိတ် စားမလား ..."
ယွင်ချင်းစီမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်၍ မရတော့။
"ဗိုက်ပြည့်မှ အိမ်က ထွက်လာတာပါ ..."
"အိုး ..."
လင်းဟွိုက်ကျင်းက ရှေ့သို့သာ ဆက်လျှောက်သွားသည်။ ယွင်ချင်းစီက သူ့ကို ဘေးတိုက် ငေးကြည့်ရင်း တစ်ခုခုကို ခံစားမိဟန်ဖြင့် ပြောလိုက်သည်။
"ဘာကိစ္စလဲ တကယ်လို့ မပြောရင်လည်း ပြန်တော့မယ် ..."
လင်းဟွိုက်ကျင်းက တစ်ခဏမျှ ငြိမ်နေပြီးကာမှ ပြောလိုက်သည်။
"မင်းကို မပြောရသေးတာ တစ်ခုရှိတယ် ပြီးခဲ့တဲ့နှစ်က မင်း ချုပ်ပေးထားတဲ့ နားအကာလေ အခိုးခံလိုက်ရပြီ ..."
"အခိုးခံလိုက်ရတယ်? ..."
"ဟုတ်တယ် ..."
လင်းဟွိုက်ကျင်းက ယွင်ချင်းစီထံမှ နားအကာကို ယူကာ အိမ်ပြန်လာသည့်နေ့ကို ပြန်တွေးလိုက်သည်။ ထိုနေ့က ထိုနားအကာကို လွန်စွာ ကောင်းမွန်လှသည့် သစ်သားသေတ္တာထဲသို့ ဂရုတစိုက် ထည့်သိမ်းခဲ့၏။ ထိုညတွင်ပင် အရိပ်မည်းတစ်ခု သူ့အခန်းထဲ ခိုးဝင်ကာ သေတ္တာကို ခိုးယူသွားတော့သည်။ လင်းဟွိုက်ကျင်းက ဓားကိုဆွဲလျက် ပြေးလိုက်မည်ပြုစဉ် တစ်ဖက်သူ၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရသည့်အတွက် အားလုံးကို ရပ်တန်းမှ ရပ်ခဲ့ရတော့သည်။
ထို့နောက် တစ်ဖက်သူ ပြတင်းပေါက်မှ ခုန်ချကာ ခေါင်မိုးပေါ် ပြေးတက်ပြီး ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေခဲ့ရတော့သည်။
ယွင်ချင်းစီ "..."
ထိုတစ်ခဏ၌ မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်းပင် မသိတော့ချေ။
လင်းဟွိုက်ကျင်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"အဲဒီ့တုန်းက မင်းနဲ့ အရှင့်ကြားမှာ ပြဿနာလေးတွေ ရှိနေလို့ ဒီအကြောင်း မပြောခဲ့တာ ပြောလိုက်ရင် မင်းတို့ဆက်ဆံရေး ပိုဆိုးသွားမလား ဆိုတာကိုလည်း စိုးရိမ်မိလို့လေ ..."
လင်းဟွိုက်ကျင်း စိုးရိမ်သည်မှာလည်း ဖြစ်သင့်ပေသည်။ ထိုစဉ်က ယွင်ချင်းစီသာ လီယင်းက လင်းအိမ်တော်သို့ ခိုးဝင်ကာ နားအကာကို ခိုးယူခဲ့ကြောင်း သိခဲ့ပါလျှင် သူ့ထံ အပြေးသွားကာ ကျိန်းသေ ဆူပူကြိမ်းမောင်းမိမည်ဖြစ်သည်။
"သူ ယူသွားတယ်ဆိုတာ သေချာလို့လား ..."
လင်းဟွိုက်ကျင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"သူက ကိုယ် မှတ်မိမှာကို မကြောက်လို့လား ဒါမှမဟုတ် ကိုယ့်ကို သေချာပေါက် သတိပြုမိစေချင်လို့လားတော့ မသိဘူး မျက်နှာဖုံးအမည်း တပ်ထားပေမယ့် နဂါးဖိနပ်နဲ့ နဂါးဝတ်ရုံကိုတော့ မလဲထားခဲ့ဘူးလေ သူက ကိုယ့်ကို နောက်ဆုတ်စေချင်ခဲ့တယ် ထင်ပါရဲ့ ..."
ယွင်ချင်းစီက တစ်ခဏမျှ စိတ်ကို ချုပ်တည်းထားလိုက်ပြီးကာမှ နွမ်းနယ်စွာဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဲဒီ့နားအကာတွေ မရှိလည်း လုပ်နိုင်ခဲ့တာပဲ မဟုတ်လား ..."
လင်းဟွိုက်ကျင်း၏ အကြည့်တို့ ရုတ်ချည်း ညှိုးရော်သွားတော့သည်။
သူက ယွင်ချင်းစီ၏ သဘောထားကို စမ်းသပ်ရန် တမင်တကာ ထုတ်ပြောခဲ့ခြင်းဖြစ်ကာ ယွင်ချင်းစီမှာ လီယင်းအပေါ် မုန်းတီးခြင်း မရှိတော့ကြောင်း သေချာသွားတော့သည်။
"မင်းနဲ့ အရှင် .. မကွာရှင်းကြတော့ဘူးလား ..."
သူ့လေသံမှာ တည်ငြိမ်နေဆဲပင်။
ယွင်ချင်းစီက သူကိုယ်တိုင်ပင် သတိမထားမိပါဘဲ လက်တို့ကို အနောက်သို့ ပို့လိုက်မိ၏။ သူက ရှက်ရွံ့မိနေဆဲ ဖြစ်သည့်တိုင် ယခုလက်ရှိ လင်းဟွိုက်ကျင်း၏ သဘောထားကြောင့် မငြင်းဆန်နိုင်တော့ချေ။
မငြင်းနိုင်မှတော့ ဝန်ခံရုံပဲ ရှိတော့တာပေါ့ ...
သူက ရှက်ရွံ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်တို့ ပြန်ပြီး သင့်မြတ်သွားကြပြီ ..."
ယခင်ဧကရာဇ်သည် တိုင်းပြည်ကို အုပ်စိုးရန် များစွာ ကြိုးစားခဲ့ကာ အငြင်းပွားဖွယ် ကိစ္စများကို မနှစ်မြို့။ တိုင်းသူပြည်သားတို့၏ ဘဝကို စောင့်ရှောက်ရခြင်းသည်သာ သူ၏ အကြီးမားဆုံး ဝါသနာဖြစ်ကာ နှစ်သုံးဆယ်ကြာ မင်းလုပ်အုပ်ချုပ်ပြီး ခိုင်မာသည့် နိုင်ငံတစ်ရပ် ဖြစ်ထွန်းလာအောင် နှစ်ဆယ့်ငါးနှစ်ကြာ ကြိုးပမ်းခဲ့သည်။
သူသည် အမြဲလိုလို ငြိမ်းချမ်းမှုကို လိုလားသည့် အုပ်စိုးသူတစ်ဦး ဖြစ်ခဲ့ကာ ကြီးမြတ်လှသည့် ကျင်းပြည်ထောင်စုတွင် နေထိုင်သူတိုင်းကို စားဝတ်နေရေး ဖူလုံစေကာ နိုင်ငံတစ်ဝှမ်းရှိ ဒုက္ခသည်တိုင်းကိုလည်း ပြန်စရာအိမ်တစ်လုံး ရှိစေရမည်ဟု မကြာခဏ ပြောခဲ့သည်။ စစ်သည်ဗိုလ်ပါ လုံလောက်စွာ ရှိသည့်တိုင် အခြားတိုင်းပြည်များအား သိမ်းပိုက်ရန် တစ်ကြိမ်တစ်ခါမျှပင် မစဉ်းစားခဲ့ဖူးချေ။
လီယင်းကလည်း သူ့ဆန္ဒတို့ကို အမွေဆက်ခံပိုင်ဆိုင်ခဲ့၏။ သူ့နည်းလမ်းများမှာ ဖခင်ဖြစ်သူထက် အနည်းငယ် ပြင်းထန်သည့်တိုင် မူလရည်ရွယ်ချက်ကိုတော့ မပြောင်းလဲသေးပေ။ သူသည်လည်း ယခင်ဧကရာဇ်၏ အတွေးအခေါ်တို့ကို မှန်ကန်သည်ဟု ယူဆကာ တိုင်းပြည်၏ စစ်မှန်သော အုပ်စိုးသူတစ်ပါး ဟုတ်မဟုတ်မှာ တိုင်းပြည်နယ်နိမိတ်ကို မည်မျှအထိ ချဲ့ထွင်နိုင်သည့်အပေါ် မူတည်ခြင်းမဟုတ်၊ တိုင်းသူပြည်သားတို့ အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ခြင်း ရှိမရှိပေါ်တွင်သာ မူတည်သည်ဟု ခံယူထားပေသည်။ သို့သော် သူသည် အားနည်းသူကို အနိုင်မကျင့်ရန် ခက်ထန်စွာ တိုက်ခိုက်ခဲ့သည် မဟုတ်၊ သူ့တိုင်းသူပြည်သားများ အနိုင်ကျင့်ခြင်းကို မခံရသည်အထိ သန်မာလာစေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ယွင်ချင်းစီနှင့် လင်းဟွိုက်ကျင်းတို့က ရှန့်ယန်မြို့တော်၏ လူစည်ကားလှသော လမ်းဘေးတစ်နေရာတွင် ရပ်နေကြခြင်းဖြစ်ကာ လမ်းတစ်ဖက်တစ်ချက်စီတွင် ရောင်းသံဝယ်သံတို့ အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။ အချို့က ခပ်သုတ်သုတ် ဖြတ်သန်းသွားပြီး အချို့ကမူ အေးဆေးလေးဖင့်စွာ သွားလာကြခြင်းဖြင့် မိမိတို့၏ ကိုယ်ပိုင်ဘဝတွင် ပျော်မွေ့နေကြသည်။
ဤသည်မှာ လီယင်း အုပ်ချုပ်သည့် ကာလ၏ အောင်မြင်တိုးတက်မှု ပြယုဂ်ပင်။
သူ့ရှေ့တွင် ရပ်နေသူမှာ လီယင်း၏ တစ်ဦးတည်းသော ဧကရီ ဖြစ်သည်။
လင်းဟွိုက်ကျင်းက သက်ပြင်းဖွဖွချကာ ပြောလိုက်သည်။
"ကိုယ်က အမြဲ ခြေတစ်လှမ်း နောက်ကျခဲ့တာပဲ ..."