အပိုင်း ၇၆
Viewers 13k

Chapter 76



ယွင်ချင်းစီ၏ ရှုပ်ထွေးသွားသည့်ဟန် အကြည့်တို့ကို ရင်ဆိုင်လိုက်ရသည့်အခါ ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည်။

"တကယ်လို့ ကိုယ်သာ အရင်မေးခဲ့မယ်ဆိုရင် ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိခဲ့မလား ..."

ယွင်ချင်းစီ၏ မျက်ခွံတို့ တုန်ရီသွားတော့သည်။

"သခင်လေးရှောင်ဟွိုက် ဒီဟာသက ..."

"ဟာသမဟုတ်ဘူး ..."

လင်းဟွိုက်ကျင်းက အလေးအနက် ထပ်ပြောလိုက်သည်။

"အရှင်က မင်းကို သဘောကျတဲ့ အရိပ်အယောင်တွေ ပြခဲ့တုန်းက ကိုယ်လည်း ပြချင်ခဲ့တယ် ဒါပေမယ့် သူက ကိုယ့်ကို အနိုင်ပိုင်းသွားနိုင်ခဲ့တယ်လေ ..."

"..."

သူ၏ တည်ငြိမ်မှုကို မြင်လိုက်ရသည့်အခါ ယွင်ချင်းစီ၏ စိတ်တို့ တည်ငြိမ်သွားပြီး တစ်ဖန် ရင်ထဲ တင်းကြပ်လာပြန်သည်။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"နေပါဦး သူက ဘယ်တုန်းကများ ကျွန်တော့်ကို သဘောကျပါတယ်လို့ အရိပ်အယောင် ပြခဲ့ဖူးလို့လဲ သေချာပေါက်ကို ကျွန်တော်က စပြီး သဘောကျခဲ့ရတာကို ..."

လင်းဟွိုက်ကျင်းက တစ်ခဏမျှ ကြောင်အသွားတော့သည်။

"သူ ထီးနန်းဆက်ခံတုန်းက သူ့ကို သဘောကျနေပြီလား ..."

"မကျသေးပါဘူး အဲဒီ့အချိန်တုန်းက ဘယ်အရွယ်ပဲ ရှိသေးလို့ ... အရွယ်ရောက်ပြီးမှ သဘောကျခဲ့တာ ပြီးတော့ သူ့ကို ဖွင့်ပြောဖို့လည်း အချိန်အကြာကြီး မယူခဲ့ရဘူး ပြီးတော့ လက်ထပ်ခဲ့ကြတာပဲ ..."

ရှေ့သို့ ဆက်လျှောက်နေရင်း လင်းဟွိုက်ကျင်းက တအံ့တဩ ပြောလိုက်သည်။

"ဒါပေမယ့် ငါသိသလောက်ဆို အရှင်က မင်းကို သူ ၁၄ နှစ်သားအရွယ်ကတည်းက သဘောကျခဲ့တာ ..."

ယွင်ချင်းစီ "???"

သူ့ဘက်မှ ပြန်မေးမလာခင် လင်းဟွိုက်ကျင်းက စကားစဖြတ်ကာ လက်ကိုယမ်းလျက် ပြောလိုက်သည်။

"သူလာနေပြီ ကိုယ့်ဘာသာကိုယ်သာ မေးကြည့်လိုက်တော့ ..."

ယွင်ချင်းစီက မော့ကြည့်လိုက်သည့်အခါ လှည်းရှေ့တွင် ရပ်နေသည့် သွယ်လျလျ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်စွန်းတို့ ဖုံးဖိ၍ မရစွာ ကော့တက်လာကာ လင်းဟွိုက်ကျင်းကို လှည့်ကြည့်လိုက်၏။ သို့သော် တစ်ဖက်သူမှာ လူအုပ်ကြားထဲ တိုးဝင်ကာ ပျောက်ကွယ်သွားနှင့်နေပြီဖြစ်သည်။

လီယင်းက သူ့အနားသို့ ရောက်လာ၏။

‌တစ်ဖက်သို့ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီသည် လီယင်း၏ နက်မှောင်လှသော အကြည့်တို့ဖြင့် ရင်ဆိုင်လိုက်ရသည့်အတွက် ချက်ခြင်း နောက်တစ်လှမ်း ဆုတ်လိုက်မိတော့၏။

"ဘာလို့ ဒီလိုကြီး ကြည့်နေရတာလဲ ..."

လီယင်းက အကြည့်တို့ကို မဖယ်ရှားသေးဘဲ ခပ်တိုးတိုး ပြောလိုက်သည်။

"ဘာလို့ သူ့ကို ငေးကြည့်နေရတာလဲ ..."

"သူ ပြောသွားတာကို တွေးနေတာ ..."

ယွင်ချင်းစီ၏ အမူအယာတို့ တစ်ဖန် တောင့်တင်းသွားပြန်၏။ သူက ပြောလိုက်သည်။

"ပြောလေ ငါ့ကို ဖုံးကွယ်ထားတာ ရှိသေးလား ..."

"မရှိပါဘူး ..."

"နောက်တစ်ခေါက် ထပ်ပြောရဲလား ..."

"..."

လီယင်းက အလေးအနက် စဉ်းစားလိုက်သည့်တိုင် မည်သည်ကိုမှ စဉ်းစား၍မရ။

"ကိုယ့်ကို နည်းနည်းလောက် အစဖော်ပေးလေ ..."

"မင်း တမင် ..."

ယွင်ချင်းစီက အသံကို မြှင့်ကာ ပြောလိုက်ပြီးကာမှ ဘေးတွင် လူများရှိနေကြောင်း သတိရသွား၍ ရှက်သွေးဖြန်းသွားတော့သည်။ လီယင်းက သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေကာ ရှေ့သို့ တိုး၍ပင် သူ့အနီးသို့ နားရွက်ကို တိုးထားလိုက်သေးသည်။

"အင်း? ..."

ယွင်ချင်းစီက ခေါင်းကိုစောင်းကာ သူ့နားရွက်နားကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။

"ငါ့ကို မင်းဘက်က အရင်ကြိုက်ခဲ့တာလား ..."

လီယင်း၏ မျက်တောင်တို့ တုန်ရီကာ နူးညံ့စွာ ပြောလိုက်သည်။

"အင်း ..."

ယွင်ချင်းစီက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။

"ဒါဆို ငါ့ကို တမင် ဖျားယောင်းပြီး အရင်ဆုံး ဖွင့်ပြောအောင် လုပ်ခဲ့ ..."

"မဟုတ်ဘူး ..."

လီယင်းက သူ့လက်ကို ဆွဲယူလိုက်၏။ သူ့အသံမှာ လွန်စွာ နူးညံ့ညင်သာနေကာ ယွင်ချင်းစီ၏ ဒေါသစိတ်တို့ကို လွင့်မျောပျောက်ကွယ်သွားစေသည့် လေပြေအေးတစ်ခုနှယ်ပင်။

ယွင်ချင်းစီက စိတ်ရှည်ရှည်ထားကာ မေးလိုက်သည်။

"ဒါဆို ဘာလို့ ငါ့ကို မင်းဘက်ကစပြီး ဖွင့်မပြောခဲ့တာလဲ ..."

"တုတ်တိုးသကြားလုံး စားမလား ..."

"အင်း ..."

လီယင်းက တုတ်ထိုးသကြားလုံး သွားဝယ်ပေးကာ သူ့လက်ထဲ ထည့်၍ ‌ထပ်မေးလိုက်သည်။

"ပန်းပွင့်ကိတ်ရော စားချင်လား ..."

"အင်း ..."

လီယင်းက ပန်းပွင့်ကိတ် သွားဝယ်လိုက်ပြန်ကာ သူ့ဘေးမှ လျှောက်လာလိုက်၏။

"စွပ်ပြုတ်ချိုရော သောက်ဦးမလား ..."

"အင်း ..."

ယွင်ချင်းစီက စွပ်ပြုတ်ချိုတစ်ခွက် ဝယ်ကာ ပြန်လာသူကို ငေးကြည့်နေရင်း ထိုသူဘက်မှ စကားမစမီ အရင် ပြောလိုက်သည်။

"စကားလမ်းကြောင်း မလွှဲနဲ့ မြန်မြန်ပြောတော့ ..."

"တကယ်တမ်းတော့ ဘာမှ မဟုတ်ပါဘူး ..."

လီယင်းက ပန်းပွင့်ကိတ်ကိုတစ်ဖက်၊ ဝါးခွက်သေးသေးလေးကိုတစ်ဖက် လက်ကကိုင်ထားကာ ယွင်ချင်းစီကို စွပ်ပြုတ်ချိုတစ်ဇွန်း ခွံ့ကျွေးရင်း ပြောလိုက်သည်။

"ကျန်းရှစ်ရွှယ်က ကိုယ် မင်းကို သဘောကျနေမှန်း သိတယ်လေ သူမက ပြောတယ် မင်းက ယောကျာ်းတစ်ယောက် တကယ်လို့ ကိုယ်သာ မင်းကို တကယ် သဘောကျရင် မင်းရဲ့ အချိန်ကို မဖြုန်းသင့်ဘူးတဲ့ ..."

"သူမက ဘာလို့ ဒီလောက် ကြင်နာနေရတာလဲ ..."

"ဟုတ်တယ် သူမက ဘယ်လိုလုပ် ဒီလောက် ကြင်နာတတ်မှာလဲ ..."

လီယင်းက သူ့ကို နောက်တစ်ဇွန်း ခွံ့ကျွေးကာ ပြောလိုက်သည်။

"ကိုယ် လက်လျော့တော့မယ် ဆိုကာမှ မင်းက ကိုယ့်ဆီ အရင်ရောက်လာပြီး မင်းရဲ့ ခံစားချက်တွေကို ဖွင့်ဟဝန်ခံခဲ့တယ်လေ .. အခု ပြန်စဉ်းစားကြည့်မှ သူမက ကိုယ်တို့ရဲ့ ခံစားချက်တွေနဲ့ ကစားခဲ့တာပဲ ကိုယ့်ကိုကျ မင်းကို ဆက်ချစ်နေအောင် နားချတယ် မင်းကိုကျ ကိုယ့်ကို ပလာစတာလို ကပ်နေအောင် မြှောက်ပေးတယ် မင်းက ကိုယ် ချစ်တဲ့သူ မဟုတ်ဘူးလို့ တစ်ဖြည်းဖြည်းချင်း ခံစားလာရအောင် နေမှာ ..."

"ဒီ အဆိပ်ပြင်းတဲ့ မိန်းမကတော့ ..."

ယွင်ချင်းစီက တုတ်ထိုးသကြားလုံးကို ခပ်ပြင်းပြင်း ကိုက်ချလိုက်သည့်အတွက် အပေါ်ယံ သကြားလွှာများ အက်ကွဲသွားတော့သည်။ လီယင်း၏ မျက်ခုံးတို့ တွန့်ကျုံ့ကာ ယွင်ချင်းစီအစား ချဉ်စူးလာရတော့သည်။ သူ့ကို စွပ်ပြုတ်တစ်ဇွန်း ထပ်တိုက်ကာ ပြောလိုက်သည်။

"ကိုယ့်ကိုပဲ အပြစ်တင်ပါ ကိုယ် ရူးမိုက်ခဲ့မိတာလေ ..."

"မင်း မဟုတ်ပါဘူး ..."

ယွင်ချင်းစီက ချက်ခြင်း ပြောလိုက်သည်။

"ဘာလို့ဆို ငါတို့က အရမ်း ငယ်သေးတယ်လေ .. ဘာပဲဖြစ်ဖြစ် ငါလည်း အတော်လေး နုံအခဲ့တာပါပဲ မင်း .. မင်းထက်တောင် ပိုပြီး ရူးမိုက်လိမ့်ဦးမယ် ..."

မျက်မှောင်ကြုတ်လိုက်သူကိုကြည့်ရင်း လီယင်းမှာ မရယ်ဘဲ မနေနိုင်တော့။

ယွင်ချင်းစီကို သူ့အနား ဆွဲခေါ်ကာ ပြောလိုက်သည်။

"ဟုတ်တယ် ကိုယ်က ရူးမိုက်တယ် ..."

ယွင်ချင်းစီက ထိုအကြောင်း ကြားရသည်ကို သက်တောင့်သက်သာ ဖြစ်ဟန်မတူ။ တစ်ခဏမျှ ‌တင်းတောင့်နေပြီးနောက် ပြောလိုက်သည်။

"တကယ်တော့ မင်းက ဒီလောက်အထိ မရူးမိုက်ပါဘူး ငါတို့ဘေးနားက လူတွေကိုပဲ ကြည့်လေ မင်းကြောင့် ကောင်းကောင်းနေနိုင်နေတာ မဟုတ်လား ..."

"ကိုယ့်ကြောင့် မဟုတ်ဘူး မင်းအစ်ကိုကြီးလို လူတွေ အများကြီးရဲ့ ကြိုးစားမှုကြောင့်ပါ ..."

ယွင်ချင်းစီက သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။

"မင်းရောပဲပေါ့ ..."

"ကိုယ်က ခင်ပွန်းတစ်ယောက်အနေနဲ့ မပြည့်စုံဘူးလို့ မင်းပဲ ပြောခဲ့တယ် မဟုတ်လား ..."

"... ဒါဆို ငါပြောခဲ့တာကို အမှန်လို့ သတ်မှတ်လို့ ရတယ်လား ..."

"ဒါပေါ့ ..."

"ဒါဆိုလည်း ပြန်ပြောမယ် မင်းက တကယ့်တကယ်ကို အံ့ဩစရာ အကောင်းဆုံး အမျိုးသားပဲ ..."

"ကောင်းပါပြီ ..."

လီယင်းက လွန်စွာ ကျေနပ်သွားသည့်ဟန်။ သူ့အမူအယာကို အကဲခတ်နေသည့် ယွင်ချင်းစီမှာလည်း အပျော်တို့ဖြင့် ပြည့်နှက်သွားတော့သည်။ 

"ပျော်လား ..."

သူက မေးလိုက်သည်။

"အမ်း ..."

"ဒါဆို ချီ ..."

ယွင်ချင်းစီက ရပ်တန့်ကာ သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

"လမ်းလျှောက်ရတာ ပင်ပန်းနေပြီ ..."

လီယင်းက ကိုင်ထားသည့် စားစရာများအား ငယ်သားများထံ လွှဲပေးကာ ယွင်ချင်းစီကို မ လိုက်သည်။

ယွင်ချင်းစီက သူ့ကျောပေါ် သက်တောင့်သက်သာ လဲလျောင်းရင်း ပုခုံးပေါ် ခေါင်းတင်ကာ ပြောလိုက်သည်။ 

" ငါ တွေးနေတာ ချီလူကြီးမင်းရဲ့ ပုံတူတွေ နေရာအနှံ့ လိုက်ကပ်လိုက်မယ်ဆို ရှာရတာ ပိုပြီး မြန်မယ်ထင်တယ် ..."

"မင်းသဘော ..."

လီယင်းက ပြောလိုက်သည်။ ထို့နောက် သူ့အကြည့်တို့သည် အနက်ရောင်ဆံပင်ကို မြင့်မြင့်စည်းနှောင်ကာ အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အဂ္ဂိရက်ဆရာနှင့် ကြုံတွေ့လိုက်ရ၏။ ထိုသူက တံတောင်ဆစ်ပေါ် တင်ထားသည့် နှင်တံကို အသာယမ်းပြကာ မသိမသာ ဦးညွတ်၍ အရိုအသေပြုလာသည်။

လီယင်းက သူ့ဘေးမှ အသာဖြတ်ကျော်လာခဲ့၏။ လက်တို့ကမူ နောက်ကျောပေါ်ရှိ ချစ်ရသူ၏ ခြေထောက်တို့ကိုသာ တင်းတင်းကြပ်ကြပ် ဖမ်းကိုင်ပေးထားလိုက်သည်။ 

သူ့နောက်တွင် ကျန်ရစ်ခဲ့သည့် အဂ္ဂိရက်ဆရာကလည်း တစ်ဖက်လှည့်ကာ ဆန့်ကျင်ဘက်လားရာဆီသို့ ထွက်ခွါသွားတော့သည်။

ထို့နောက် လီယင်းက ပြောလိုက်သည်။

"ကိုယ် အခုမှ မှတ်မိသွားလို့ ဒီကမ္ဘာမှာ ချီလူကြီးမင်းဆိုတာ မရှိဘူး ..."

ယွင်ချင်းစီ "?"

"အားစီ ငါ မင်းအတွက် ကြုံတွေ့ခံစားကြည့်ချင်တယ်..."

လီယင်းက ရှေ့သို့ တစ်ဖြည်းဖြည်းချင်းလှမ်းရင်း ပြောလိုက်သည်။

"မင်းကို တစ်ချိန်လုံး ချစ်နေတယ်ဆိုတာ သေချာချင်တယ် ..."

"အတိတ်ဘဝတုန်းကလည်း မင်းကို အမြဲတမ်း ချစ်ခဲ့တယ်ဆိုတာ သေချာရဲ့နဲ့ ဘာလို့ မင်းကို နာကျင်စေခဲ့မိလဲဆိုတာကို ကိုယ် တကယ်ကို နားမလည်နိုင်ဘူး ..."

"မင်းကို ချစ်နေသေးတယ်ဆိုတဲ့ အာမခံချက်ကို သိမ်းထားချင်တယ် ဒါမှ အလားတူ အမှားမျိုးတွေ ထပ်ထပ်ပြီး မလုပ်နိုင်မှာ ..."

သူက ပြောလိုက်သည်။

"အားစီ ကိုယ့်ဆန္ဒကို ခွင့်ပြုပေးပါ ဟုတ်ပြီလား ..."

ယွင်ချင်းစီက ချီလူကြီးမင်းကို ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ဖူး။ ပုံတူပန်းချီကိုသာ တွေ့ဖူးကာ ပုံတူပန်းချီမှာလည်း တကယ့်ရုပ်သွင်အမှန်နှင့် ကွာခြားနိုင်သည့်အတွက် သူ၏ ထူးခြားသော ရုပ်ရည်လက္ခဏာတို့ကို သိနိုင်ရန် မလွယ်ကူလှချေ။

မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ လီယင်း၏ စကားများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူသည် ပုခုံးပေါ်မှ ခေါင်းထောင်ကာ ပတ်ဝန်းကျင်သို့ ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်မိတော့သည်။  ချီလူကြီးမင်းကို တွေ့လိုက်မိသည့် အလားပင်။

သူ့လှုပ်ရှားမှုကို သတိပြုမိသည့် လီယင်းက အသာ ပင့်မြှောက်လိုက်၏။

ယွင်ချင်းစီက ပြောလိုက်သည်။

"ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ ..."

အချိုစားရန် မစောင့်ဆိုင်းနိုင်တော့သူများကို တွေ့ဖူးသည့်တိုင် နာကျင်မှုကို အလောတကြီး လိုချင်နေသူမျိုးကိုမူ တစ်ကြိမ်တစ်ခါမျှပင် မတွေ့ဖူးချေ။ လီယင်း၏ အကြောင်းပြချက် မည်မျှပင် ကောင်းပါစေ ယွင်ချင်းစီအနေဖြင့် လုံးဝ နားလည်မပေးနိုင်ပေ။

"ကုသပြီးသွားရင် မင်းကြိုက်တာ လုပ်လို့ရပြီ ငါ့ဆီ လာနေစရာ မလိုတော့ဘူးလေ ..."

လီယင်းက တစ်ခဏမျှ အသံတိတ်ပြီးကာမှ ဆက်ပြောလိုက်သည်။

"တကယ်လို့ ကိုယ် သက်သာလာရင် မင်းက ကိုယ့်ကို မလိုချင်တော့ဘူးလား ..."

ယွင်ချင်းစီက ထိုအကြောင်းကို လုံးဝ မတွေးခဲ့ဖူး။ အနည်းငယ် ကြောင်အသွားကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည။

"မလုပ်ပါဘူး ဘာလို့ ဒီလို တွေးရတာလဲ မဟုတ်မှလွဲရော ငါ့ကို ဆွဲထားဖို့အတွက်နဲ့ ကုသဖို့ ငြင်းဆန်နေတာလား လီယင်း မမိုက်စမ်းနဲ့ ငါ နေနေတယ်ဆိုတာ မင်းကို ကြိုက်လို့ပဲ  ဒီလို ရူးကြောင်ကြောင် အကြောင်းပြချက်ကြောင့် ဘယ်‌တော့မှ ဆက်နေမှာ မဟုတ်ဘူး ငါက မကြင်နာတတ်မှန်း မင်းလည်း သိနေတာပဲကို ..."

လီယင်းက အသံတိတ်သွားသည်။ ယွင်ချင်းစီက အနည်းငယ် ပူပန်သွားဟန်ဖြင့် ပြောလိုက်သည်။

"ငါ ပြောတာ ကြားလား ..."

"ကြားပါတယ် ..."

လီယင်းက ပြောလိုက်သည်။

"မလှုပ်နဲ့ ပြုတ်ကျတော့မယ် ..."

ယွင်ချင်းစီက သူ့ကို ဆက်ပြီး မသယ်စေလို၊ လီယင်း၏ ကျောပေါ်မှဆင်းကာ သူ့လက်ကို ဆွဲလျက် ပြောလိုက်သည်။

"မင်း ငါ့ကို ကောင်းကောင်း နေစေချင်သလို ငါလည်း မင်းကို ကောင်းကောင်းနေစေချင်တယ် နားလည်လား ..."

"နားလည်ပါတယ် ..."

သူ၏ စိုးရိမ်နေသော မျက်ဝန်းတို့နှင့် ဆုံလိုက်ရသည့်အခါ လီယင်း၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာတော့သည်။

"ကိုယ်သိပါတယ် မင်းက ကိုယ့်အတွက် စိတ်မကောင်းဖြစ်နေတာ မဟုတ်လား ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်သည်။ လက်ချောင်းတို့ကို တင်းတင်းဆုပ်လျက် ပြောလိုက်၏။

"မင်း ချီလူကြီးမင်းနဲ့ သေချာပေါက် ပြန်တွေ့ဦးမယ်လို့ ယုံကြည်တယ် ဘာလို့ဆို သူ့မှာသာ တကယ်ပဲ သဘာဝလွန်စွမ်းအားတွေ ရှိနေရင် ဒီကမ္ဘာက မင်းအတွက် ဖြစ်လာမှန်း သိမှာလေ ဒီနေရာမှာရှိတဲ့ လူတိုင်း သူတို့ သိသည်ဖြစ်စေ မသိသည်‌ဖြစ်စေ မင်းကြောင့် အသက်ရှင်နေကြရတာ ..."

လီယင်းက သူ့ကို ဦးဆောင်စေလျက် မျက်ခုံးကိုပင့်ကာ ပြောလိုက်သည်။

"ကိုယ့်ကို ဒီလောက်အထိတောင် အထင်ကြီးတာလား ..."

"အမှန်ကို ပြောနေတာ ..."

ယွင်ချင်းစီက ရှေ့နောက်ဝဲယာ အကဲခတ်ပြီးကာမှ သူ့ရှေ့သို့ မျက်နှာငယ်လေးဖြင့် တိုးလာကာ ပြောလိုက်သည်။

"ဒီလောကကြီးမှာ ချီလူကြီးမင်းဆိုတဲ့ လူတွေ အများကြီးပဲ ငါ ဘယ်အချိန်မှ သူနဲ့ တွေ့ရမယ်မှန်းလည်း မသိဘူးလေ ... သူ့ကို မြင်လိုက်ရုံနဲ့ သိနိုင်မယ့် ထူးခြားချက် တစ်ခုလောက် ပြောပြလို့ မရဘူးလား ..."

"သူက ဦးထုပ်အနီ ‌ဆောင်းရတာကြိုက်တယ် ..."

"ဦးထုပ်အနီ ..."

ယွင်ချင်းစီ၏ မျက်လုံးတို့ ပြူးကျယ်သွားတော့၏။

"လေးရာသီလုံး ဆောင်းတာလား ..."

"ပြောဖို့ခက်တယ် ..."

လီယင်းက ပြောလိုက်သည်။

"သူ့မှာ အမျိုးအစား မတူတဲ့ ဦးထုပ်လေးမျိုး ရှိနေတာ နေမှာပေါ့ ..."

ယွင်ချင်းစီ "..."

လီယင်းက လိမ်နေခြင်းဖြစ်ကြောင်း သူ တပ်အပ်ပြောနိုင်ပေသည်။

"ရန်ဖြစ်ချင်နေတာလား ..."

လီယင်းက မျက်လုံးတို့ ကွေးညွတ်သည်အထိ ပြုံးပြလိုက်၏။ ထို့နောက် ဖြတ်သန်းသွားသည့် လှည်းတစ်စီးကို အခွင့်ကောင်းယူကာ လမ်းတစ်ဖက်တွင် ရှိနေသူထံမှ ပုန်းအောင်းလိုက်၏။ ထို့နောက် ဘေးတွင် ရှိနေသူကို ပိတ်ဆို့ကာ ယွင်ချင်းစီ၏ နှုတ်ခမ်းတို့ကို အမြန် ငုံ့နမ်းလိုက်သည်။ 

ယွင်ချင်းစီကလည်း လမ်းမပေါ်တွင် ဤသို့ လုပ်လိမ့်မည်ဟု မျှော်လင့်မထား။ သူ့မျက်နှာမှာ ရုတ်ချည်း နီမြန်းလာတော့သည်။

"မင်း ..."

"ဟမ် ..."

လီယင်းက တီးတိုးပြောလိုက်သည်။

"တစ်ယောက်ယောက် ကြည့်နေတယ် ..."

လီယင်း၏ မျက်နှာတစ်ခုလုံး ပိုမိုနီရဲလာကာ သူ့ရင်ခွင်ထဲ တိုးဝင်လိုက်၏။ ဘေးနားတွင် ရှိနေသူ မည်သူ့ကိုမှ လှည့်မကြည့်ရဲတော့။

နေ့ခင်းကြောင်တောင်တွင်ပင် ဤကဲ့သို့သော လုပ်ရပ်မျိုး လုပ်ဝံ့သည့် လီယင်း၏ ကရော်ကမည်နိုင်မှုကိုသာလျှင် ခါးသီးစွာ တွေးနေလိုက်တော့သည်။ 

လီယင်းက အရှက်မရှိသော ဧကရီကို ပွေ့ဖက်ကာ ပြုံးနေရင်းပင် သူတို့နောက်သို့ လိုက်လာသည့် လှည်းပေါ်သို့ တက်သွားလိုက်သည်။

ထိုင်ခုံပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီက သူ့ခြေထောက်ကို တက်နင်းလိုက်၏။ လီယင်းက မလှုပ်ရှားဘဲ ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြန်သည်။ ယွင်ချင်းစီသည် ယခင်ကတည်းက သူနှင့် ပူးပူးကပ်ကပ် နေရသည်ကို နှစ်သက်သူဖြစ်ကာ ယခု လီယင်းသည် သူနှင့် မထိတွေ့ရပါလျှင် နာကျင်သည့်အတွက် ငြင်းဆန်ရန် အကြောင်း မရှိတော့ချေ။ အနည်းငယ် ရုန်းကန်ပြီးနောက် လီယင်း၏ ရင်ခွင်ထဲတွင် တစ်ဖန် အားနည်းစွာ မှီလိုက်တော့သည်။

သူက အနေရခက်စွာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်၏။

"အခု ဘယ်သွားနေတာလဲ ..."

"ကန်ဘေးကို သွားကြရအောင်လေ ..."

လီယင်းက သူ့ကို မေးလိုက်သည်။

"တစ်ခြားကိစ္စ ရှိသေးလို့လား ..."

"ဘာကိစ္စ ရှိမှာလဲ ဒီတိုင်း ..."

ယွင်ချင်းစီက သတိရသွားဟန်ဖြင့် ပြောလိုက်သည်။

"လူတွေက မင်းကို မကောင်းဘူးလို့ ပြောတာကို ခဏခဏ ကြားနေရတယ် ဘာလို့ သူတို့ကို ပြောခွင့်ပေးထားရတာလဲ အမိန့်ပြန်တမ်း တစ်ခုလောက် ထုတ်လိုက်ပါ့လား ..."

"သက်သေအတုအယောင်တွေ ဖြစ်လာမယ့် ကောလဟာလတွေ အစပျိုးမလာသရွေ့ လူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်လေ ..."

လီယင်းက ပြောလိုက်သည်။

"ဘာကြားခဲ့လို့လဲ ..."

"မင်းက ငါ့ကို ကပ်တွယ်နေတာ ပြီးတော့ မင်းရဲ့ အတွေးတွေက နောက်ကျိနေတယ်တဲ့ ..."

".. အင်း .. အမှန်တရားတွေ ဆိုပေမယ့် ပြင်ပေးရမှာလေးတွေတော့ ရှိနေသေးတာပဲ ..."

ယွင်ချင်းစီ "ဘာကိုလဲ ..."

"ကိုယ်က မင်းကို ချစ်တယ် ပြီးတော့ အသိစိတ်ကလည်း လုံးဝကို ပြတ်သားကြည်လင်နေတုန်းပဲလို့လေ ..."

လီယင်းက ပြောလိုက်သည်။

"ကိုယ့်အသိစိတ်တွေ မပျောက်သွားသေးပါဘူး ..."

ယွင်ချင်းစီ၏ ရင်တစ်ခုလုံး ထိန်းချုပ်၍ မရနိုင်လောက်အောင် ခုန်ပေါက်လာကာ သူ့အမူအယာမှာလည်း ရှုပ်ထွေးလာတော့သည်။ လီယင်း သူ့ကို သဘောကျနှစ်သက်စေရန် မျှော်လင့်မိသည့်တိုင် နာကျင်စွာ သဘောကျနေခြင်းကိုမူ မနှစ်မြို့ပေ။ သူက မျိုးစုံတွေးကာ ပြောလိုက်သည်။

"ငါ့ကို မှတ်မိဖို့ နာကျင်မှုကို အားကိုးနေရရင် ဒါက ဘယ်လိုလုပ် သဘောကျတယ်လို့ ပြောလို့ရမှာလဲ အများဆုံးမှ ခြိမ်းခြောက်တာပဲ ဖြစ်မှာလေ ..."

"ရောက်ပြီ ..."

လှည်း ရပ်တန့်သွားသည့်အခါ လီယင်းက လိုက်ကာစကို လှပ်ကြည့်ပြီး ပြောလိုက်သည်။

"ဆင်းရအောင် ..."

ယွင်ချင်းစီက သူ့နောက်မှ စိတ်မပါလက်မပါဖြင့် လိုက်လာရင်း ဆက်တိုက် နားချနေလိုက်သည်။