အပိုင်း ၇၇
Viewers 12k

Chapter 77


လီယင်းက သူ့ကို မေးလိုက်၏။

"လှေသေးသေးလေးပဲ စီးမလား ဒါမှမဟုတ် အလှဆင်ထားတဲ့ ဖျော်ဖြေရေးလှေကို စီးမလား ..."

ယွင်ချင်းစီက ကန်ထဲကို လှမ်းကြည့်လိုက်သည်။  လီယင်းက ယနေ့ အပြင်ထွက်လည်ရန် အသေအချာ ပြင်ဆင်ထားခဲ့သည့်ဟန်။  ကန်ထဲတွင် ကောင်းစွာ ပြင်ဆင်ခြယ်သထားသည့် လှေကိုသာမက ရိုးရှင်းသည်ဟု ခံစားရသည့် လှေတစ်စီးကိုပါ တွေ့လိုက်ရသည်။ 

သူက ခပ်သေးသေးလှေကို လက်ညှိုးထိုးပြကာ အနည်းငယ် စိတ်ဝင်စားစွာဖြင့် ပြောလိုက်သည်။

"ကိုယ့်ဘာသာကိုယ် လှော်လို့ရလား ..."

"ရတာပေါ့ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ကို သေချာပေါက် ဂရုစိုက်ရမယ် ..."

"မင်းကရော မလိုက်ဘူးလား ..."

ယွင်ချင်းစီက လှေထဲသို့ ဝမ်းသာအားရ ခြေချလိုက်သည့်အခါ လှေတစ်စီးလုံး ဘယ်ညာယိမ်းနွဲ့သွားတေု့သည်။ လီယင်းက သူ့ကို ကူထိန်းပေးရင်း ပြောလိုက်၏။

"‌ဖြည်းဖြည်း ..."

ယွင်ချင်းစီက သူနှင့် မျက်နှာချင်းဆိုင်တွင် ခပ်ဖြည်းဖြည်း ဝင်ထိုင်ကာ လှော်တက်အသေးတစ်ခုကို ကောက်ယူလိုက်သည်။

နွေရာသီ မရောက်သေးသည့်အတွက် ကန်ဘေးရှိ မိုးမခပင်၏ အရွက်တို့မှာ စိမ်းစိုနေဆဲဖြစ်ကာ ကန်ထဲရှိ ငါးတို့ မြူးထူးပျော်ပါးကာ ဝန်းကျင်တစ်ခုလုံး ထိန်လင်းနေသည်။

ယွင်ချင်းစီက ရေထဲတွင် ဝမ်းသာအားရ လှော်ခတ်ကြည့်ပြီးနောက် ချက်ခြင်း ရပ်တန့်ကာ ထိုကဲ့သို့သော ပင်ပန်းသည့် အလုပ်မျိုးကို ဧကရာဇ်လီ၏ လက်ထဲသို့သာ လွှဲထားလိုက်တော့သည်။

လှေအစွန်းတွင် ထိုင်ကာ ရေထဲသို့ လက်ကို နှစ်ကြည့်လိုက်၏။ ရေမှာ အနည်းငယ် အေးစက်နေသည်။ ငါးပေါက်စလေးများက သူ့လက်ချောင်းကိုဖြတ်ကာ အုပ်စုလိုက် ကူးသန်းသွားကြရာ အနည်းငယ် ယားကျိကျိ ဖြစ်မိသည့်တိုင် သက်တောင့်သက်သာဖြစ်မှုကိုလည်း ခံစားရပေသည်။

သူ့အမူအယာက တစ်ဖြည်းဖြည်းချင်း တည်ငြိမ်လာ၏။

လီယင်းကို အချိန်အကြာကြီး သိလာခဲ့ရာ တစ်ခါတစ်ရံတွင် သူနှင့် တစ်သားတည်း ဖြစ်နေပြီဟုပင် ခံစားရသည်။ လီယင်းက သူ့ဘေးတွင် ရှိနေသည့်အခါ လွန်စွာ သက်တောင့်သက်သာ ရှိလှပြီး လီယင်း ရှိမနေပါလျှင်မူ သူ့စိတ်ဝိဉာဉ်တစ်ခြမ်း ပျောက်ဆုံးသွားသည်ဟုပင် ခံစားမိလာတော့၏။

သူ့ခြေထောက်များက လက်ကို တည်ငြိမ်စွာ ဆန့်ထားသည့် လီယင်းအနီးသို့ တစ်ဖြည်းဖြည်း နီးကပ်လာသည်။ ရေထဲသို့ လက်နှစ်ထားသူကို တွေ့လိုက်ရသည့်အခါ မမေ့မလျော့ သတိပေးလိုက်၏။

"နွေဦးမှာဆို ရေက အေးနေသေးတယ် အကြာကြီး မဆော့နဲ့ ..."

ယွင်ချင်းစီက နာနာခံခံဖြင့်ပင် လက်ကို ပြန်ရုတ်လိုက်သည်။ လီယင်းက လက်ကိုင်ပဝါတစ်ထည်ကို ထုတ်၍ လက်ဖဝါးပေါ် ဖြန့်တင်လိုက်သည်။

ယွင်ချင်းစီက လက်ကို အမြန် ရှေ့ထုတ်ကာ သူ့ကို သုတ်ပေးရန် တောင်း‌ဆို‌လိုက်၏။

ပိုးထည်လက်ကိုင်ပဝါဖြင့် သူ့လက်ဖဝါးမှအစ လက်ချောင်းများပါမကျန် ဂရုတစိုက် သုတ်ပေးလိုက်သည်။ ယွင်ချင်းစီက လီယင်း၏ အမူအယာကိုသာ ငေးကြည့်နေလိုက်၏။

အတိတ်ဘဝက လီယင်းသည်လည်း သူ့ကို ဤကဲ့သို့ပင် ဂရုစိုက်ပေးခဲ့သည်။ ထိုစဉ်က အချစ်ခံရသည့် ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရကာ နောက်ပိုင်းတွင် မကြာခဏ သွေးအေးတိုက်ပွဲနှင့် ရန်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ထိုခံစားချက်များ တစ်ဖြည်းဖြည်း လျော့ပါးသွားတော့သည်။

ပြန်လည်မွေးဖွားလာပြီးသည်အထိ သူ့အဖို့ လီယင်းမှာ စက်ဆုပ်ဖွယ်ရာ လူတစ်ဦး ဖြစ်နေဆဲပင်။ သဘောကျသည့်အခါ ထိုလူမှာ ခြွင်းချက်မရှိ ကောင်းမွန်သော်ငြား မုန်းတီးသည့် အခါတွင်မူ ထိုသူကို အမြဲလိုလို အဆိုးမြင်လာပေတော့သည်။ 

လီယင်းက ရေစိုနေသော လက်ချောင်းများကို ဂရုတစိုက် သုတ်ပေးကာ အေးစက်နေသော လက်ဖျားထိပ်ကို သူ့လက်ဖဝါးကြား ထည့်ထားလိုက်သည်။

လှေက တိတ်တဆိတ် မျောနေရင်း ကြာရွက်များ အနီးသို့ တစ်ဖြည်းဖြည်း နီးကပ်လာတော့သည်။  ကြာပင်မှာ ပန်းမပွင့်သေး၊ အဖူးများသာ ဖူးနေဆဲ ဖြစ်ပေသည်။ ခပ်ဝိုင်းဝိုင်း အရွက်များအကြား ပန်းရောင်ထိပ်ဖျားနှင့် စိမ်းပြာရောင် ကြာဖူးလေးများကိုသာ မြင်တွေ့နေရသည်။

လီယင်း၏ လက်ဖဝါးမှာ လွန်စွာ နွေးထွေးလှသည့်အတွက် လက်ဖျားထိပ်ရှိ အေးစက်မှုအားလုံး တစ်မဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။ ယွင်ချင်းစီ၏ အကြည့်တို့က ဖြူရော်သေးသွယ်သည့် ဝါးပင်သဖွယ် လက်ဆစ်များထံ ကျရောက်သွားတော့၏။

လီယင်းကို အစားပိုစားရန် မကြာခဏ သတိပေးသည့်တိုင် သူတို့ အတူမရှိသည့် နေ့များ၌ ကောင်းကောင်းစားမစား မသိရချေ။

အကောင်တွေ အများကြီး ကိုက်တာကို ခံနေရရင်း အေးအေးဆေးဆေး စားသောက်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ ...

ယွင်ချင်းစီ၏ မျက်တောင်တို့ တုန်ရီကာ နှာထိပ်ဖျားလည်း ချဉ်စူးလာပြန်တော့၏။

"ငါ့ကို အများကြီး မကြိုက်နဲ့ ..."

သူက ပြောလိုက်သည်။

"ရှက်တယ် ..."

လီယင်းက သူ့မျက်နှာကို တည့်တည့်မတ်မတ် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဘာလို့ ဒီ‌လိုပြောရတာလဲ ..."

"မင်းကို အရင်ကလောက် မချစ်တော့ဘူး အဲဒါကြောင့် ငါ့ကိုလည်း အများကြီး မကြိုက်နဲ့ မင်းကို ပြန်ပြီး ထပ်တူညီအောင် မတုန့်ပြန်နိုင်ဘူး ..."

လီယင်းကလည်း သူဆိုလိုချင်သည်ကို နားလည်ပေသည်။

"ကိုယ်လည်း မင်းကို ပြန်ပေးဆပ်ဖို့ မတောင်းဆိုပါဘူး ..."

"ဒါပေမယ့် ငါမကြိုက်ဘူးလို့ ..."

လီယင်း၏ အမူအယာမှာ အနည်းငယ် ကြောင်အသွားသည့်ဟန်။ လေသံကို နူးညံ့စေလျက် ပြောလိုက်သည်။

"အားစီ မင်း ကိုယ့်ကို ဒီလိုမျိုးပဲ ကြိုက်ခဲ့တာလေ ..."

"ဒါပေမယ့် အခု ငါ မင်းကို ပုံမှန်လေးပဲ ကြိုက်တော့မှာ မင်းလည်း ဒါမျိုး လုပ်နေစရာမှ မလိုအပ်တာ ... ဒါက မျှတတယ်လို့ မခံစားရဘူး ..."

လီယင်းက မျက်လွှာချလိုက်သည်။ 

သူ့လက်ဖဝါးမှာ‌ နွေးထွေးရုံမျှသာ ဖြစ်သည့်အတွက် ယွင်ချင်းစီ၏ အေးစက်နေသော လက်ချောင်းများကို အနွေးဓာတ်ပေးနိုင်ရန် မလွယ်ကူလှချေ။ သူက ယွင်ချင်းစီ၏ လက်ချောင်းများကို စိတ်ရှည်လက်ရှည်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ 

"ခံစားချက်မှာ သာတယ်နာတယ်လို့မှ မရှိတာ ကိုယ်က မင်းအပေါ် ကောင်းပေးချင်တယ် ဒါလေးပဲလေ ..."

"မင်းရဲ့ တွေးပုံတွေးနည်းက မှန်တယ်လို့ မထင် ..."

"ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီနေရင် ရပြီမဟုတ်လား ..."

လီယင်းက ပြောလိုက်သည်။

"မင်း ကိုယ့်အတွက် လက်ကောက်ဝတ်ကို လှီးခဲ့တော့ရော မကောင်းဘူးလို့ တွေးခဲ့လို့လား ..."

ယွင်ချင်းစီက တစ်ခဏမျှ ရုန်းကန်စဉ်းစားလိုက်ပြီးကာမှ ဆက်ပြောလိုက်သည်။

"မကောင်းမှန်း သက်သေပြခဲ့ပြီးသားလေ ..."

"ကိုယ် အရှုံးပေးလိုက်ပြီ ..."

"မရည်ရွယ်ပါဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"မင်းကိုလည်း ငါ့လမ်းဟောင်းအတိုင်း မလိုက်စေချင်ရုံတင်ပါ .. ငါ ငါ မင်းကို မနာကျင်စေချင်ဘူးလေ ဒီလိုမျိုးအတွက် မင်းကို ပြန်ပေးနိုင်မှာမှ မဟုတ်တာ ..."

"ဒါဆို ကိုယ့်ကို နည်းနည်းလောက် ပိုချစ်ပေး ..."

ယွင်ချင်းစီက သူ့ကို ကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းတို့ထဲမှ မျှော်လင့်စောင့်စားနေသော အရိပ်အယောင်များကို တွေ့လိုက်ရသည်။

နှလုံးသားကြိုးမျှင်တို့ ခပ်တင်းတင်း အဆွဲခံလိုက်ရပြန်ကာ မျက်ဝန်းတစ်ခုလုံး အနည်းငယ် နီမြန်းလာတော့သည်။

"ဒါပေမယ့် ငါ စိတ်ပင်ပန်းတယ် ပြီးတော့ ဘာကိုမှ မပြောင်းလဲနိုင်ဘူးလေ ဒီလိုသာဆို မင်းလည်း တစ်ခြားသူတွေနဲ့ အတူတူပဲ ..."

လီယင်းက နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်သည်။

ယွင်ချင်းစီ၏ လက်ကို လွှတ်ပေးလိုက်ကာ သူ့ခြေထောက်ကိုလည်း အသာ ပြန်ဆုတ်ရင်း တီးတိုးပြောလိုက်သည်။

"ဒါဆို ဘာလို့ ကိုယ့်ကို အဲဒီ့ နာကျင်မှုတွေနဲ့ တစ်ယောက်တည်း ချန်မထားခဲ့ရတာလဲ ..."

ယွင်ချင်းစီက ချက်ခြင်း သူ့အနားသို့ တိုးလာကာ ...

"ငါ မဆိုလို ..."

လီယင်းက လက်ကို ဆန့်ထုတ်ကာ သူ့ကို တွန်းလိုက်၏။ လှေက လူးလိမ့်သွားကာ ယွင်ချင်းစီကလည်း သတိလက်လွတ်ဖြင့် လှေဦးအထိ တွန်းထုတ်ခံလိုက်ရတော့၏။

လီယင်းက ခွန်အားကို ချိန်ညှိကာ လူးလွန့်သွားသော လှေကို ထိန်းချုပ်လိုက်သည်။ ထိတ်လန့်သွားသည့် ယွင်ချင်းစီ၏ ‌ဦးခေါင်းကို အသာ ပွတ်သပ်ပေးကာ ပြောလိုက်သည်။

"တကယ်တော့ ကိုယ့်ရဲ့ ကျိန်စာအတွက် ဖြေရှင်းချက်တစ်ခုတော့ ရှိတယ် ..."

ယွင်ချင်းစီက မစောင့်နိုင်စွာ မေးလိုက်သည်။

"ဘာတဲ့လဲ ..."

"ကိုယ် မင်းကို မချစ်ရင် မနာကျင်တော့ဘူး ..."

လီယင်းက ပြောလိုက်သည်။

"တကယ်လို့ ချီလူကြီးမင်းကို တွေ့ခဲ့ရင်တောင် ဖြေရှင်းနည်းက တစ်ခုပဲ ..."

ယွင်ချင်းစီမှာ စကားပင် ပြန်မပြောနိုင်တော့။

"ဒါက ကိုယ် မင်းကို ရှာတွေ့နိုင်ဖို့ ပေးခဲ့ရတဲ့ တန်ကြေး ပြီးတော့ ကိုယ့်ဘာသာကိုယ် ပြန်ပေးခဲ့တဲ့ အပြစ်ပဲ နားလည်ရဲ့လား မင်းကို မချစ်တော့အောင်မှ လုပ်လို့ မရတာ ဘယ်လိုလုပ်ပြီး နာကျင်မှုကို ဟန့်တားလို့ ရမှာလဲ ..."

လီယင်းက ယွင်ချင်းစီနှင့် နဖူးချင်းတေ့ကာ ပြောလိုက်သည်။

သူ့နဖူးမှာ အေးစက်နေသော်ငြား ယွင်ချင်းစီမှာမူ ခြစ်ခြစ်တောက် ပူနေ၏။ လီယင်းက ဤအခြေအနေအတိုင်းပင် ယွင်ချင်းစီ၏ အပူချိန်ကို စစ်ဆေးကာ ပြောလိုက်သည်။

"အရင်က မင်း ကိုယ့်ကြောင့် အများကြီး ခံစားခဲ့ရပြီး မင်းရဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကရော ပြီးတော့ မင်းပတ်ဝန်းကျင်က လူတွေကပါ မင်းကို ပိုပြီး စဉ်းစားတတ်ဖို့ တွန်းအားပေးနေတယ်ဆိုတာ ကိုယ် သိတယ် ..."

"အားစီ ဒါက ကောင်းတဲ့ကိစ္စပါ မင်းက ဘယ်လိုမျိုး လက်လျော့ရမယ်ဆိုတာကို သိသွားပြီး သာမန်သူလိုမျိုး တစ်ဖြည်းဖြည်း ပြောင်းလဲလာတာက မကောင်းတဲ့ ကိစ္စမှ မဟုတ်တာ ..."

ယွင်ချင်းစီသည် ပိုင်စိုးလိုစိတ်အပြည့်ဖြင့် ရူးသွပ်စွာ ချစ်တတ်သူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ လီယင်းက သူ့ကိုယ်သူ ချစ်ရန် အရှုံးပေးလိုက်သည့်အတွက် ယွင်ချင်းစီအား သူ့ကိုသာ ဆက်ပြီး အရူးအမူးချစ်အောင် လုပ်ရန် အရည်အချင်း ပြည့်မီနေဆဲဖြစ်ကြောင်း ခံစားရသည်အထိ အရှက်မမဲ့တော့ချေ။

နှစ်ဦးလုံး ပြောင်းလဲသွားခဲ့ကြ၏။

အမြဲ ကျိုးကြောင်းဆီလျော်ကာ တွက်ချက်တတ်သည့် လီယင်းက အရူးတစ်ယောက် ဖြစ်လာပြီး အရူးဖြစ်ခဲ့သည့် ယွင်ချင်းစီက ထက်ထက်မြတ်မြတ် နေထိုင်ရန် သင်ယူနေတော့သည်။ လီယင်းက ထိုအရာအားလုံးနှင့် ထိုက်တန်ပေသည်။

ဘယ်သူကများ သူ့ကို အားလုံး ပိုင်ဆိုင်ပြီးတာတောင် ယွင်ချင်းစီအနား ပြန်လာခွင့် ပြုလို့လဲ တစ်ဘဝလုံး အရူးထခဲ့တဲ့ အရူးကောင်က ဘယ်လိုဖြစ်လို့ သူ့သင်ခန်းစာတွေကနေတစ်ဆင့် နောက်တစ်ခေါက် ရူးသွားရပြန်တာလဲ ...

"အားစီ ..."

သူက ပြောလိုက်သည်။

"ကိုယ် ကျေနပ်ပါတယ် ကိုယ်က မင်းနဲ့ ပတ်သက်သမျှ အားလုံးကို တကယ်ကို အလေးထားတာ ..."

"ကောင်းတယ် ဒါဆို လုံလောက်ပြီ ..."

ယွင်ချင်းစီ၏ နဖူးထက်သို့ အနမ်းတစ်ပွင့် ခပ်ဖွဖွ ကျဆင်းလာ၏။

ယွင်ချင်းစီ၏ လက်ချောင်းတို့က သူ့မျက်ဝန်းထောင့်စွန်းကို ပွတ်သပ်လိုက်လျှင် မျက်ရည်တစ်ပေါက် ကျဆင်းလာ၏။ ထိုမှတစ်ဆင့် ရေကန်ထဲသို့ စီးကျကာ ရေလှိုင်းများ ဖြစ်ပေါ်လာပြီး တိတ်တဆိတ်ပင် ပြန်လည်ပျောက်ကွယ်သွားတော့သည်။


.....

နောက်တစ်နေ့ မနက်ခင်း ...

အမတ်ချုပ်ယွင် နိုးလာသည့်အခါ စောစောစီးစီး ဝတ်စားဆင်ယင်ပြီး အရှေ့ဘက်ခန်းမဆောင်တွင် တိတ်ဆိတ်စွာ ထိုင်နေသည့် ယွင်ချင်းစီကို တွေ့လိုက်ရသည်။

မိုးပင် မလင်းသေး။ ခန်းမထဲရှိ မီးအိမ်မှ မှိန်ဖျော့ဖျော့ အလင်းရောင်က ယွင်ချင်းစီ၏ အင်္ကျီပေါ်သို့ ကျရောက်နေသည်။

ယွင်ချင်းရှောင်က သူ့ခေါင်းပေါ်ရှိ အနက်ရောင်ဦးထုပ်ကို ပြန်ပြင်ရင်း သူ့အဖေကို လှမ်းကြည့်လိုက်၏။ သားအဖနှစ်ဦးလုံး ယွင်ချင်းစီ၏ မူမမှန်မှုကို ခံစားမိနေပေသည်။

"ဒီနေ့ ..."

အမတ်ချုပ်ယွင်က စကားစလိုက်ကာမှ တွေဝေငေးမောနေဟန်ရှိသည့် ယွင်ချင်းစီက မော့ကြည့်လာသည်။ သူ့မျက်လုံးတို့မှာလည်း အနည်းငယ် မှုန်ရီနေ၏။ သူ့ကို ကြင်နာစွာ ပြောနေသည့် ဖခင်ဖြစ်သူ၏

စကားသံကို အသာ ငေးကြည့်ရင်း နားထောင်နေလိုက်သည်။

"ဒီနေ့ ရှောင်စီက ဘာလို့ အစောကြီး နိုးနေတာလဲ ..."

ယွင်ချင်းစီက မျက်လုံးကို ပွတ်လိုက်သည့်အခါ ယွင်ချင်းရှောင်က သဘောကျစွာဖြင့် ရယ်မောလိုက်၏။

"မင်းက တစ်ခုခုကို အတွေးလွန်နေတယ် ထင်နေတာ ငိုက်နေတယ်လို့ တကယ်ကို မထင်ထားဘူး ..."

အမတ်ချုပ်ယွင်ကလည်း ပြုံးကာ ပြောလိုက်သည်။

"ထိုင်နေတာ ဘယ်လောက်တောင် ကြာပြီလဲ အေးနေပြီလား ... ဟေး လက်တွေက အရမ်းအေးနေပြီနော် လာကြစမ်း မီးဖို ယူလာခဲ့ကြ ..."

ဆောင်းရာသီ ကုန်ဆုံးသွားပြီ ဖြစ်သည့်အတွင် မီးသွေးမီးဖိုဖြင့် လက်ကို နွေးထွေးအောင်လုပ်ရန် မဖြစ်နိုင်တော့။ သို့သော် နေ့နှင့်ည အပူချိန်မှာ လွန်စွာ ကွာခြားလှရာ အမတ်ချုပ်ယွင်ကဲ့သို့သော သက်ကြီးပိုင်းများအဖို့ အိပ်စက်ချိန်တွင် မီးဖိုရန် လိုအပ်နေဆဲပင်။

အမတ်ချုပ်ယွင်က သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ယွင်ချင်းရှောင်ကလည်း တစ်ခြားတစ်ဖက်တွင် ဝင်ထိုင်ကာ ပြောလိုက်၏။

"ဘာလဲ ကောတို့နဲ့အတူ ညီလာခံကို လိုက်ချင်လို့လား ..."

".. မဟုတ်ပါဘူး ..."

ယွင်ချင်းစီက ရေနွေးကရားငယ်ကို ကိုင်ထားရင်း ပြောလိုက်သည်။

"ကျွန်တော် နန်းတော်ကို ပြန်ချင်လို့ ..."

သူ့အဖေနှင့် အစ်ကိုက တစ်ပြိုင်တည်း ပြုံးလိုက်ကြသည်။

ယွင်ချင်းစီကလည်း သူတို့ကို ချက်ခြင်း သဘောတူကြလိမ့်မည်ဟု ထင်မှတ်မထား။ သို့သော် ဆက်၍ ပြောလိုက်ဆဲပင်။

"ကျွန်တော် သေချာစဉ်းစားကြည့်ပြီးပြီ နှလုံးသားထဲမှာ သူ .. သူ ရှိနေတုန်းပဲ အဲဒါကြောင့် တစ်ခြားသူတွေ သိသွားမှာ ကြောက်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ရော သူ့ကိုရော နှိပ်စက်နေစရာ မလိုဘူးလို့ တွေးမိတယ် ..."

သူက ဖခင်နှင့် အစ်ကိုဖြစ်သူကို မျက်နှာချင်း မဆိုင်ရဲသည့်အတွက် ခေါင်းကိုငုံ့လျက်သာ တိတ်တဆိတ် ပြောလိုက်သည်။

"ဒီနေ့ အဖေတို့ ထွက်လာမှာကို စောင့်နေတာက .. မကွာရှင်းတော့ဘူးလို့ ပြောချင်လို့ပါ .. အဖေတို့က ကျွန်တော်ကောင်းဖို့ လုပ်ပေးတာမှန်း သိပေမယ့် ကျွန် .. ကျွန်တော်ကလည်း အရင်လို မဟုတ်တော့ဘူးလေ သူသာ ဆိုးဆိုးဝါးဝါး ဆက်ဆံရဲရင် ချက်ခြင်း အိမ်ပြန်လာမှာ သူ့အတွက် မိုက်ရူးရဲ မဆန်တော့ဘူး ..."

"မယုံကြမှန်း သိပေမယ့် ...ကျွန်တော်က တကယ်ကို ရှင်းရှင်းလင်းလင်း တွေးထားတာပါ အဖေ အာ့ကော တောင်းပန်ပါတယ် မနက်အစောကြီး ဒီလိုစကားတွေကို ကြားစေမိလို့ ..  အခု သူရော ကျွန်တော်ရော နားလည်မှု လွဲ‌တာတွေကို ဖြေရှင်းပြီးနေပြီပဲဟာ ဘာလို့ ခံစားချက်နဲ့ သွေဖယ်ပြီး နေနေကြဦးမှာလဲလို့ တွေးမိလို့ ..."

သူ့လေသံမှာ လွန်စွာ ခိုင်မာပြတ်သားနေသည့်တိုင် စိတ်ထဲတွင်မူ အနည်းငယ် မသက်မသာ ဖြစ်နေဆဲပင်။

အမတ်ချုပ်ယွင်က မပြောသေး၊ ယွင်ချင်းရှောင်က သူ့ကို စပြောလိုက်သည်။

"ကော မင်းကို ယုံတယ် ..."

ယွင်ချင်းစီက သူ့ကို ကြောင်အစွာဖြင့် ငေးကြည့်နေလိုက်သည်။


"အခု မင်းက စိတ်ထဲမှာ ရှိတာကိုလည်း အဖေနဲ့ အစ်ကိုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြီး အကြံတောင်းချင်စိတ် ရှိလာပြီလေ ဒါပေမယ့် ဒီအကြံက မဖြစ်မနေ လိုက်လုပ်ရမယ်လို့ မဆိုလိုဘူးနော် ကိုယ့်ကိုယ်ပိုင်ဘဝ ဖြစ်တဲ့အတွက် အခုလက်ရှိ အခြေအနေအတိုင်း ရေစုန်မျောနေမယ့်အစား ကိုယ့်ကိုယ်ကို မှီခိုအားကိုးတတ်ရမယ် ကောတို့ကြောင့် လက်တွေခြေတွေကို ချည်နှောင်ထားပြီး နှလုံးသားကို ရင်မဆိုင်ရဲတော့ဘူးဆိုရင် အရှင့်နောက်ကို တကောက်ကောက်လိုက်ပြီး အဖေနဲ့ အစ်ကိုတွေကို နောက်ချန်ခဲ့၊ စကားလည်း နားမထောင်၊ ဂရုလည်း မစိုက်တဲ့ အရူးလေးနဲ့ ဘာထူးတော့မှာလဲ ..."

"အိုး တစ်ခုတော့ မတူတာ ရှိသားပဲ ..."

ယွင်ချင်းရှောင်က ပြောလိုက်သည်။

"တစ်ယောက်က ဦးနှောက်မရှိတဲ့ အရူးလေး နောက်တစ်ယောက်ကတော့ ဦးနှောက်ရှိပေမယ့် ခြေတွေလက်တွေကို အသုံးချရမှာ ကြောက်တဲ့ အရူးလေးပေါ့ ..."

ယွင်ချင်းစီ၏ ပါးများ ဖောင်းမို့လာတော့သည်။

ယွင်ချင်းရှောင်က အမတ်ချုပ်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။

"အဖေရော ဘယ်လိုထင်လဲ ..."

အမတ်ချုပ်ယွင်က သူ့ကို ခက်ထန်လှသည့် အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။

သူက ယွင်ချင်းစီ ပြန်သွားမည့်အရေးကို အကြိမ်ပေါင်း ထောင်သောင်းမက ဆန္ဒမရှိသော်ငြား ယွင်ချင်းရှောင်က သူ ပြောလိုသည့် စကားများကို တမင်တကာ ပိတ်ဆို့ထားခဲ့သည်။ အကယ်၍ သူသာ ယွင်ချင်းစီကို တားပါလျှင် သားဖြစ်သူကို အရူးတစ်ယောက်အဖြစ်သာ ဆက်လက်၍ သဘောထားလိုသည်ဟု အဓိပ္ပါယ်‌သက်ရောက်သွားချေမည်။

စိတ်မပါလက်မပါဖြင့် ပြောလိုက်သည်။

"အဖေက သူနဲ့ ပြန်ပေါင်းဖို့ ခွင့်မပြုချင်တာ မဟုတ်ပါဘူး စိုးရိမ်လို့ ..."

"အဖေက ကျွန်တော် ဖြစ်လာမယ့် အကျိုးဆက်တွေကို မခံနိုင်မှာ စိုးရိမ်တာ မဟုတ်လား ..."

ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားကာ ပြောလိုက်သည်။

"ကျွန်တော်သိပါတယ် အဖေ မစိုးရိမ်ပါနဲ့ ကျွန်တော်က တစ်ဖြည်းဖြည်း ပိုကောင်းလာပါပြီ သူ့ကိုပဲ အမြဲ အာရုံစိုက်မနေဘဲ ကိုယ့်ဘဝနဲ့ကိုယ် နေမှာပါ .. ဒီတိုင်း အခုလောလောဆယ် သူနဲ့အတူ နေချင်ရုံလေးတင် ..."

"အခုလောလောဆယ်" ဟူသည့် ကာလမှာ တစ်နှစ်နှစ်နှစ်လည်း ဖြစ်နိုင်သလို ဘဝတစ်သက်တာလုံးလည်း ဖြစ်နိုင်သည်။ သူတို့ မည်ကဲ့သို့ နေထိုင်သွားမည်ဟူသည့် အပေါ်တွင်သာ မူတည်ပေသည်။

နောက်ဆုံးတွင်တော့ အမတ်ချုပ်ယွင်လည်း အလျော့ပေးလိုက်ရတော့သည်။