အပိုင်း ၇၈
Viewers 12k

Chapter 78 [END]




"သွားရအောင် ညီလာခံ တက်ရဦးမှာ ..."

ယွင်ချင်းစီက ဖခင်၊ အစ်ကိုဖြစ်သူတို့နှင့်အတူ လှည်းတစ်စီးတည်းစီးကာ နန်းမြို့တော်သို့ ထွက်လာလိုက်သည်။

လှည်းပြတင်းပေါက်မှ မျက်နှာထွက်ကြည့်လိုက်သည့်အခါ ကြယ်ရောင်တို့ ထွန်းလင်းနေဆဲဖြစ်သည့် ခရမ်းရောင်နှင့် အနက်ရောင်တို့ ရောယှက်နေသော ကောင်းကင်ပြင်ကို တွေ့လိုက်ရသည်။ နန်းမြို့တော်သို့ မရောက်ခင်မှာပင် ထိုကောင်းကင်ပြင်မှာ တစ်ဖြည်းဖြည်း ပုလဲအသွင် ဖြူဖွေးဝင်းလက်လာတော့သည်။ ယွင်ချင်းစီက ထိုမြင်ကွင်းကို အံ့ဩတကြီး ငေးကြည့်ရင်း ရေရွတ်လိုက်သည်။

"ဒီလိုအချိန်မျိုးမှာ ကောင်းကင်ကို မတွေ့ဖူးသေးဘူး ..."

မြင်းစီးကာ လိုက်ပါလာသည့် ဒုတိယအစ်ကိုက ထိုစကားများ ကြားလိုက်ရသည့်အခါ သူ့ကို လှည့်ကြည့်လျက် ပြောလိုက်သည်။

"အရင်က မတွေ့ဖူးတာတွေ အများကြီး ရှိသေးတယ် မဟုတ်လား ..."

အမတ်ချုပ်ယွင်ကလည်း ပြောလိုက်သည်။

"အနာဂတ်မှာ စာများများဖတ်၊ များများသင်ယူ နေ့ရက်တွေက ရှည်ကြာလွန်းတယ် ..."

"အမ်း ..."

ယွင်ချင်းစီက အလေးအနက် ခေါင်းငြိမ့်ပြကာ ဖခင်ဖြစ်သူကို မမေ့မလျော့ ပြောလိုက်သည်။

"အခုကနေစပြီး နှစ်သစ်ကူး အားလပ်ရက်တိုင်း ကျွန်တော် အိမ်‌ပြန်လာခဲ့မယ် သူကတော့ လိုက်ချင်ရင် လိုက်ခဲ့ပေါ့ မလိုက်ချင်လည်း သူ့ဘာသာသူ နန်းတော်ထဲမှာပဲ အချိန်ဖြုန်းနေပေါ့ ..."

အမတ်ချူပ်ယွင်က ထိုစကားကို စိတ်တိုင်းကျဟန်မတူ။

"သူက ဘာလို့ မလိုက်ရမှာလဲ ..."

ယွင်ချင်းစီက မျက်နှာကို အုပ်ထားလျက် တစ်ခဏမျှ ပြုံးလိုက်၏။

ဖခင်ဖြစ်သူနှင့် အစ်ကိုက မနက်ခင်းညီလာခံအတွက် ပင်မနန်းဆောင်သို့ ထွက်ခွါသွားကြကာ သူကမူ အရှေ့ဘက်ဂိတ်တံခါးမှတစ်ဆင့် ချောင်ယန်နန်းဆောင်ဆီသို့ ထွက်လာလိုက်သည်။

အတိတ်ဘဝကဲ့သို့ပင် နန်းဆောင်တွင် အစေခံများ ရှိနေဆဲ ဖြစ်သည်။ သူ ထွက်သွားသည့်တိုင် လီယင်း အလုပ်ရှုပ်၍ ဤနန်းဆောင်သို့ ရောက်လာချိန် မရှိသည့်တိုင် အ‌ခစားဝင်ရန် အစေခံများကို အဆင်သင့် ထားရှိထားဆဲဖြစ်သည်။

နန်းဆောင်အစေခံများကလည်း သူ့ကို တွေ့လိုက်ရ၍ လွန်စွာ အံ့ဩနေကြ၏။ ချက်ခြင်း သူ့အနားသို့ ဝိုင်းအုံကာ‌ ရောက်လာကြတော့သည်။

"ဧကရီ ပြန်လာတာ ကောင်းလိုက်တာ ကျွန်တော်တို့မှာ သခင် ပြန်ရှိလာပြီ ..."

ချောင်ယန်နန်းဆောင်တွင် သခင်မရှိတော့ပါလျှင် အစေခံအားလုံးကို ပြန်လည်ကာ နေရာချထားတော့မည်ဖြစ်ရာ ယခင်ကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံခံရပါမည်ဟု မည်သူမှ တပ်အပ်မပြောနိုင်ချေ။

ထို့အပြင် ‌ယခုအချိန်တွင် အနောက်ဆောင်၌ ယွင်ချင်းစီ တစ်ဦးတည်းသာ ကျန်ရစ်တော့သည့်အတွက် သူ၏ မျက်နှာသာပေးမှုကို ရလိုသူများ တိုးပွားလာတော့သည်။

သူကမူ ယခင်အတိုင်း မည်သူနှင့်မှ ရင်းနှီးစွာ မနေ။ လက်ကို ယမ်းပြကာ အားလုံးကို နေရာသို့ ပြန်သွားစေလိုက်ပြီး ရင်ရှီနှင့် ကျင်းဟွမ်တို့ကိုသာ အိပ်ယာကို ရှင်းလင်းစေလျက် ကောင်းမွန်စွာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

လီယင်းထံသို့ မသွားလို၍ မဟုတ်၊ များစွာ အိပ်ငိုက်နေသည့်အပြင် လီယင်းသည်လည်း ညသန်းခေါင်ကျော်ကာမှ သူ့အခန်းထဲက ထွက်သွားခြင်းဖြစ်ကာ ယခုအချိန်တွင် ညီလာခံအတွက် အဝတ်အစားလဲကာ ပြင်ဆင်နေလောက်ပြီဖြစ်သည်။

ထို့ကြောင့် အိပ်ယာထဲ လဲလျောင်းရင်းသာ အိပ်မက်ကမ္ဘာထဲသို့ အလည်သွားလိုက်တော့သည်။

သူက အိပ်ပျက်ညများအတွက် ပြန်လည်ဖြည့်တင်း၍ ရသော်ငြား လီယင်းကမူ မရပေ။ သူသည် ညတိုင်း အမတ်ချုပ်အိမ်တော်သို့ ရောက်လာကာ မနက်မိုးမလင်းခင် အဝတ်အစားလဲရန် နန်းတော်သို့ ပြန်ရသေးသည့်အတွက် အဆင်ပြေဟန်မတူ။

သို့သော် လျှိုကျီရူကမူ များစွာ စိတ်သက်သာရာ ရသွားတော့၏။ ဧကရီ၏ လျစ်လျူရှုမှုကို ခံရစဉ်ထက် များစွာ ‌သာလွန်ကောင်းမွန်နေပြီး ဖြစ်ပေသည်။ 

ပင်မခန်းမဆောင်ရှေ့တွင် အမတ်များက တန်းစီကာ စစ်ဆေးမှုကို ခံယူနေကြ၏။ ထို့နောက်တွင်မှ ခန်းမထဲဝင်ကာ သတ်မှတ်ထားသော ရာထူးအလိုက် နေရာယူကြရမည်ဖြစ်သည်။

အမတ်ချုပ်ယွင်က ပထမဆုံး ဝင်ရသူတစ်ဦးဖြစ်ကာ သူနှင့် ဘေးချင်းကပ်လျက် ဝင်လာသည့် စစ်သူကြီးချုပ်က သူ့မျက်နှာကို အကဲခတ်ကာ ပြောလိုက်သည်။

"ဘာတွေ မပျော်မရွှင် ဖြစ်နေတာလဲ ပြောစမ်းပါ ဒါမှ ဒီအမတ်ကြီးလည်း ဝမ်းသာနိုင်မှာ ..."

အမတ်ချုပ်ယွင် "မင်းရဲ့သားက ငါ့သားကို အိမ်အထိလာပြီး ချစ်ခွင့်ပန်သွားတယ် ..."

စစ်သူကြီးချုပ်ချိုး ".. ဘာတွေ ပြောနေတာလဲ ..."

"စစ်သူကြီးချုပ် ..."

မိန်းမစိုးတစ်ဦးက အနားသို့ ချက်ခြင်း ရောက်လာကာ သတိပေးလိုက်သည်။

"ဆူညံသံတွေ မလုပ်ပါနဲ့ ..."

စစ်သူကြီးချုပ်ချိုးလည်း စိတ်ကိုထိန်းကာ အမတ်ချုပ်ယွင်နှင့်အတူ ခန်းမဆောင်ထဲသို့သာ ဝင်လာလိုက်ရတော့သည်။ သို့သော် အမတ်ချုပ်ယွင်ကိုမူ ခဏခဏ အကဲခတ်‌မိနေဆဲပင်။

ငါ့ရဲ့ ဘယ်သားနဲ့ မင်းရဲ့ ဘယ်သားပါလိမ့်နော် ...

အမတ်ချုပ်ယွင်က နဂါးပုလ္လင်ပေါ်ရှိ ကောင်းကင်ဘုံသားတော်ကိုသာ ငေးကြည့်နေလိုက်၏။

ထို့နောက် အကြည့်တို့ကို လွှဲဖယ်လိုက်ပြန်သည်။

လီယင်း၏ မျက်နှာမှာ ထာဝစဉ် ဖြူရော်နေကာ အမတ်ချူပ်တစ်ဦး အနေဖြင့် သူ မည်သည့်ဝေဒနာကို ခံစားနေရကြောင်း မခန့်မှန်းတတ်ချေ။

ရှောင်စီက စိတ်ကို ပြင်ဆင်ပြီး ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်မှလွဲရော လီယင်းရဲ့ နောက်ဆုံးခရီးကို အဖော်ပြုပေးချင်လို့လား ...

သူ့နှလုံးသားတစ်ခုလုံး တင်းကြပ်သွားကာ ဧကရာဇ်၏ ချောင်ကျနေသော မျက်နှာကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိသည့်အခါ စာနာသနားစိတ်တို့ အနည်းငယ် ထွက်ပေါ်လာတော့၏။ လီယင်းမှာ သူ့မျက်စိရှေ့တွင် ကြီးပြင်းလာသည့် ကလေးတစ်ဦးဖြစ်ရာ ဤပုံစံမျိုးကို မြင်ရသည့်အခါ ရင်မနာပါဟု ပြောလျှင် မုသားသာ ဖြစ်ပေလိမ့်မည်။

ဘာလို့ ဒီလို ဖြစ်ရတာလဲ ...

အမတ်ချုပ်ယွင်၏ စိတ်နှလုံး လွန်စွာ လေးလံနေ၏။

လီယင်းကလည်း သူ့အကြည့်တို့ကို သတိပြုမိရာ ညီလာခံ ရုတ်သိမ်းပြီးနောက် အမတ်ချုပ်ယွင်ကို ဆွဲခေါ်ရန် ကြံနေသည့် စစ်သူကြီးချုပ်ကို မျက်ကွယ်ပြုကာ သူ့ဆရာကို နေခဲ့ရန် အချက်ပြလိုက်သည်။

ဆရာတပည့်နှစ်ဦး အကြည့်ချင်း ဆုံသွားပြီးနောက် လီယင်းက စပြောလိုက်သည်။

"ဆရာ ကျန်းရှန်းနန်းဆောင်ကိုသွားပြီး စကားပြောကြမလား ..."

"ဧကရီက ချောင်ယန်နန်းဆောင်ကို ပြန်ရောက်လာတဲ့အတွက် အရှင့်ကို စောင့်မျှော်နေမှာ သေချာပါတယ် ..."

အမတ်ချုပ်ယွင်က ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။

"အရှင်အနေနဲ့ ဒီအမတ်အိုကြီး မစိုးရိမ်ရအောင် သူနဲ့ပဲ ပိုပြီး အချိန်တွေ ကုန်ဆုံးပေးပါ ..."

လီယင်းက သူ့ကို ဤကဲ့သို့ ကျိုးကြောင်းဆီလျော်တတ်လိမ့်မည်ဟု တစ်ခါမှပင် မတွေးခဲ့ဖူး။ အမတ်ချုပ်ယွင်သည် သူနှင့် ယွင်ချင်းစီကို အတတ်နိုင်ဆုံး ဝေးဝေး နေစေလိုသူ ဖြစ်ပေသည်။

သတင်းကောင်းကို ကြားလိုက်ရသည့်အတွက် သူ့မျက်ဝန်းတို့ ချက်ခြင်း ဝင်းလက်တောက်ပသွားတော့၏။

"တကယ်ပြောနေတာလား ..."

လျှိုကျီရူ၏ မျက်နှာမှာလည်း ပျော်ရွှင်မှုတို့ ပြည့်နှက်သွားရာ အမတ်ချူပ်ယွင်ကလည်း သူတို့အား ရက်အနည်းငယ်ခန့် ဆက်လက်ပျော်ရွှင်ခွင့် ပြုထားရန် ဆုံးဖြတ်လိုက်သည်။

"အရှင် ပြန်ရောက်တဲ့အခါ သိပါလိမ့်မယ် အဲဒါကြောင့် အမြန်ဆုံး သွားကြည့်ပါတော့ ..."

လီယင်းက ချက်ခြင်း မတ်တပ်ရပ်ကာ ညီလာခံခန်းမထဲမှ ပြေးထွက်သွားလိုက်၏။

နဂါးဝတ်ရုံကို ရွှေသားဖြင့် ရက်လုပ်ထားသည့်အပြင် ခါးတွင်လည်း လေးလံလှသည့် ကျောက်စိမ်းခါးပတ်ကို ဆင်ယင်ထားရရာ အမတ်ချုပ်ယွင်အနေဖြင့် ကိူယ်တိုင်ကိုယ်ကျ ဝတ်ဆင်ဖူးခြင်း မရှိသည့်တိုင် လွန်စွာ လေးလံလှမည်ဖြစ်ကြောင်း သိနေပေသည်။

ကောင်းကင်ဘုံသားတော်က အရမ်းကို နာမကျန်းဖြစ်နေတာဆို ဘာလို့ ဒီလောက်မြန်မြန်ကြီး ပြေးသွားနိုင်ရတာလဲ ...

မျက်မှောင်ကြုတ်ကာ ထွက်လာစဉ်မှာပင် စစ်သူကြီးချုပ်ချိုးက သူ့ကို တားလိုက်ပြန်၏။

"ယွင်ယွီ အဲဒီမှာ ရပ်ပြီး ရှင်းအောင်ပြော ..."

အမတ်ချုပ်ယွင်၏မျက်နှာ တင်းမာသွားတော့သည်။

.........

လီယင်းက လမ်းလျှောက်နေရင်းမှာပင် ကျောက်စိမ်းသရဖူကို ဆွဲချွတ်လိုက်ကာ ဘေးသို့ ပစ်ထုတ်လိုက်ပြီး ၎င်းကို အနီးရှိ မိန်းမစိုးငယ်တစ်ဦးက ဖမ်းယူထားလိုက်သည်။ လျှိုကျီရူလည်း သူ့ကို မတားမြစ်နိုင်တော့။ ကျောက်စိမ်းခါးပတ်ကိုပါ ချွတ်ရန် ပြင်နေကြောင်း တွေ့လိုက်ရသည့်အခါ အလောတကြီး လျှောက်တင်လိုက်သည်။

"အရှင် မသွားခင် ဝတ်စုံကို အရင်လဲသင့်ပါတယ် ..."

သူ့စကား အဆုံးမှာပင် ကျောက်စိမ်းခါးပတ်က မြည်သံတစ်ခုနှင့်အတူ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

လီယင်းက လမ်းလျှောက်နေရင်းပင် နဂါးဝတ်ရုံကိုပါချွတ်ကာ မြေပေါ် ချထားခဲ့လိုက်၏။

လျှိုကျီရူက သက်ပြင်းရှိုက်လျက် ယွမ်ပေါင်နှင့်အတူ အားလုံးကို လိုက်လံ သိမ်းဆည်းနေရတော့သာ်။

"ဘာအတွက်လဲ ဧကရီက အရှင့်ကို နဂါးဝတ်ရုံနဲ့ တစ်ခါမှ မတွေ့ဘူးတာမှ မဟုတ်တာ ..."

ယွမ်ပေါင်က တီးတိုးပြောလိုက်သည်။

"တကယ်တော့ ဧကရီကလည်း နည်းနည်းလေး ကြိုက်တယ်တဲ့ အရှင့်ရဲ့ ပုံစံက နည်းနည်းလေး ကြောက်စရာကောင်းပေမယ့် အရမ်းကိုလည်း ကျက်သရေနဲ့ ပြည့်စုံတယ်လို့တောင် ပြောခဲ့သေးတယ် ..."

လျှိုကျီရူမှာ အံ့ဩသွားရတော့သည်။

လီယင်းက လေးလံလှသည့် အရာအားလုံးကို ချန်ထားခဲ့ကာ ချောင်ယန်နန်းဆောင်ဆီသို့ တစ်ရှိန်ထိုး ထွက်လာလိုက်သည်။

တိုင်းပြည်ဖြစ်စေ သရဖူဖြစ်စေ ဤတစ်ခဏ၌ မည်သည့်အရာကမှ မလုံလောက်တော့။

သူ့ကိုယ်ပေါ်တွင် ရှိသမျှတိုင်းကို ဖြုတ်ချကာ မြန်သည်ထက် မြန်အောင်သာ ပြေးသွားလိုက်ချင်တော့သည်။ 

သို့မှသာ ချစ်ရသည့် အမျိုးသားကို အဆောတလျင် ထွေးပွေ့နိုင်ပေမည်။

နန်းတော်သို့ ပြန်လာသည့် ယွင်ချင်းစီမှာ မည်သည်ကို ဆိုလိုကြောင်း ကောင်းကောင်း သဘောပေါက်ပေသည်။

ယွင်ချင်းစီသည် ခံစားချက်အားလုံးကို စစ်ထုတ်ကာ အကျိုးဆက်ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီး အားလုံးကို ချန်ထားကာ သူနှင့်အတူ အတိတ်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သူသည် ယခင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။ လူတစ်ဦးတစ်ယောက်ကို သဘောကျသည့်အခါ ထိုသူ မခံစားမိမည်ကို စိုးရွံ့စိတ်ကြောင့် သူ့ခံစားချက်အားလုံး ထုတ်ပြတတ်မြဲပင်။

သူက လီယင်းကို သူသာ လုံလုံလောက်လောက် တုန့်ပြန်ခဲ့ပါလျှင် တစ်ဖက်သူကလည်း ပို၍ပင် များပြားစွာ တုန့်ပြန်မည်ဖြစ်ကြောင်း သူ့လုပ်ရပ်ဖြင့် သာဓက ပြခဲ့သည်။

လီယင်းက ချောင်ယန်နန်းဆောင်ဆီသို့ ခြေကုန်သုတ်ကာ လျှောက်လာလိုက်သည်။

နန်းဆောင်တံခါးကို ကျယ်ကျယ်ဖွင့်ထားကာ မှန်လုံအိမ်ထဲမှ ဖယ်ထားခဲ့သည့် ပန်းများမှာလည်း အရိုင်းဆန်စွာ ဖူးပွင့်နေကြသည်။

မြင့်တက်လာသည့် နေရောင်ကြောင့် လောကဓာတ်တစ်ခွင် လင်းထိန်နေကာ လီယင်း၏ နဖူးတွင်လည်း ချွေးစက်တို့ တန်းစီထွက်လာသည်။

ရိုးရှင်းသည့် ဆံထိုးတစ်ချောင်းဖြင့်သာ ထုံးဖွဲ့ကာ ရိုးရှင်းသည့် ဝတ်ရုံကိုသာ ဆင်မြန်းထား၏။ ခြေထောက်တွင်လည်း နဂါးဖိနပ် မရှိ၊ ခြေအိတ်တစ်စုံကိုသာ ဝတ်ဆင်ထားသည်။ 

ထိုတစ်ခဏ၌ သူသည် ကောင်းကင်ဘုံ၏ သားတော်လည်း မဟုတ်၊ ရေမြေ့သခင် ရှင်ဘုရင်လည်း မဟုတ်။

ယွင်ချင်းစီထံ အပြေးသွားနေသည့် လီယင်းသာ ဖြစ်ပေသည်။




Xxxxxxxx ပြီးပါပြီ xxxxxxx