Chapter 79
Extra 1
ယွင်ချင်းစီ နန်းတော်သို့ ပြန်ရောက်လာပြီးနောက် လီယင်းက လီဟန့်ကို ခေါ်လာလိုက်၏။
သူ၏ ကလေးများအပေါ် မနှစ်မြို့သည့်စိတ်ကြောင့် ယွင်ချင်းစီက မေးခွန်းများစွာ မေးမြန်းလေ့ မရှိသော်လည်း လီယင်းကမူ လီဟန့်အတွက် တစ်ခုခု စီစဉ်လေတိုင်း သူထင်မြင်ချက်ကို တောင်းခံလေ့ရှိသည်။
"ကိုယ် သူ့ကို ကျန်းရှန်းနန်းဆောင်ကို ခေါ်ပြီး ကိုယ်တိုင် ပျိုးထောင်ပေးချင်တယ် ..."
ယွင်ချင်းစီကလည်း အနည်းနှင့်အများ နားလည်နေပေသည်။ လီယင်းသည် အတိတ်ဘဝက လီဟန့်ကို ၁၂ နှစ်ကျော် ပြုစုစောင့်ရှောက်ခဲ့ရာ ဤကလေးအပေါ် သံယောဇဉ်ရှိနေကြောင်း သိသည့်အတွက် ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။
"မင်းပြောသလိုပဲ လုပ်ကြရအောင်လေ ..."
နှစ်ဦးသား နေရောင်အောက်တွင် အတူတူ ရပ်နေလိုက်ကြသည်။ ညီလာခံ ပြီးလေတိုင်း လီယင်းသည် နဂါးဝတ်ရုံနှင့် ကျောက်စိမ်းသရဖူကို ဖယ်ရှားကာ ပြီးခဲ့သည့်နှစ်က ယွင်ချင်းစီ ချုပ်ပေးခဲ့သည့် အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသည်။
ယွင်ချင်းစီက သူ့ကို အနက်ရောင်ဖြင့်သာ မြင်လေ့မြင်ထရှိခဲ့ရာ အဖြူရောင်များ ပြောင်းလဲဝတ်ဆင်လိုက်သည့်အခါ လီယင်း၏ တစ်ကိုယ်လုံးမှာ ထိန်းချုပ်ထားသည့် နူးညံ့မှု အရိပ်အငွေ့များ ထုတ်လွှတ်နေပြီး လေးနက်မှုတို့ လျော့နည်းကာ ပိုမို တင့်တယ်လာတော့သည်။
နာကျင်မှုကြောင့်လေလားတော့ မသိ၊ တစ်ယောက်တည်း ရှိနေချိန်တိုင်း လီယင်းသည် သူ့အနားသို့သာ ကပ်လာလေ့ ရှိပေသည်။ ပန်းပင်တို့ကို ရေလောင်းနေသည့်တိုင် လက်တစ်ဖက်က ယွင်ချင်းစီ၏ ခါးကိုဖက်ကာ လက်ချင်း တွဲထားလေ့ ရှိသည်။
နန်းဆောင်အစေခံများက အကြောင်းပြချက်ကို မသိသည့်အတွက် ဧကရာဇ်သည် ဧကရီကို လွန်စွာ ကပ်တွယ်လွန်းကာ နွေလယ်ခေါင်ပူပူပြင်းပြင်းတွင်ပင် လူချင်းကပ်နေတတ်ပြီး ဧကရီကလည်း လုံးဝ ငြင်းဆန်ခြင်း မပြုဟုသာ ထင်မြင်ကြသည်။
"ဒါဆို ရှေ့လျှောက် ကိုယ် ညီလာခံပြီးရင် သူ့အိမ်စာတွေ အရင်စစ်ပေးလိုက်မယ် ပြီးမှ မင်းကို အဖော်လုပ်ပေးမယ် ..."
"ကောင်းပြီ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"သူက မင်းရဲ့ သားပဲဟာ မင်းမှာ တာဝန်ရှိတာပေါ့ ..."
လီယင်းက ပြုံးကာ သူ့မျက်နှာကို နမ်းရှိုက်လိုက်၏။
ဤအခြေအနေက လဝက်ခန့်အထိ တည်မြဲနေခဲ့သည်။ ထိုနေ့ သူ နိုးထလာသည့်အခါ ဘေးတွင် လီယင်း ရှိမနေတော့။ သူသည် ယခင်ကလည်း ဤကဲ့သို့ပင်။ ယွင်ချင်းစီဘက်မှ တောင်းဆိုမှသာ သူနှင့်အတူ အနည်းငယ်ခန့် ပိုအိပ်ပေးကာ ထိုသို့ မဟုတ်ပါလျှင် ညီလာခံ မရှိသည့်တိုင် ဓားရေး သို့မဟုတ် လက်ရေးလှ လေ့ကျင့်ရန် မနက်စောစောထလေ့ ရှိပေသည်။
ယွင်ချင်းစီကလည်း အကြိမ်အချို့ခန့် သူ့နောက် လိုက်လေ့ရှိသော်ငြား နှစ်ပေါင်းများစွာ စွဲကပ်နေသည့် အကျင့်ကို ပြင်ဆင်နိုင်ရန် မလွယ်ကူ။ သူသည် သက်တောင့်သက်သာ နေရသည့် ဘဝနှင့် အသားကျနေရာ အကယ်၍ မနက်စောစော ထခဲ့ပါလျှင် မနက်စာ စားပြီးသည်နှင့် တစ်ပြိုင်နက် ပြန်လည်အိပ်စက်မိရာ နေ့ခင်းတစ်ရေးတစ်မော အိပ်ချိန်၊ ညနေခင်း အနားယူချိန်တို့ ကမောက်ကမ ဖြစ်သွားပြီး ညအိပ်ယာဝင်ချိန်လည်း နောက်ဆုတ်သွားရသည့်အတွက် အကြိမ်အနည်းငယ် အကြာတွင် လက်လျော့လိုက်တော့သည်။
တစ်ခါတစ်ရံ လီယင်းကိုပါ စောစောမထစေရန် တမင်တကာ ဆွဲထားလေ့ရှိ၏။
လီယင်းသည် ချောင်ယန်နန်းဆောင်တွင် မရှိပါလျှင် ညီလာခံ၌သာ ရှိနေတတ်သည်။ နန်းပြင်ထွက်ရန် ယွင်ချင်းစီ၏ လွတ်လပ်ခွင့်ကို မတားမြစ်သည့်အပြင် အမတ်ချုပ်အိမ်တော်သို့ ပြန်ကာ ဖခင်ဖြစ်သူနှင့် တွေ့ဆုံရန် သို့မဟုတ် သူငယ်ချင်းများနှင့် တွေ့ဆုံရန်ပင် အားပေးလေ့ ရှိသေးသည်။
သို့သော် ယွင်ချင်းစီကမူ စိတ်ချလက်ချ မနေနိုင်။ ယခု သူသည် လီယင်း၏ နာကျင်မှုကို သက်သာစေရာ ဆေးဝါးတစ်လက် ဖြစ်နေရာ အကယ်၍ ညီလာခံကို လိုက်လာလျှင် လီယင်းအတွက် မကောင်းသည့် သက်ရောက်မှုတို့ ရှိလာနိုင်၍သာ မဟုတ်ပါလျှင် ရင်ချင်းဆက် အမြွာကဲ့သို့ တစ်နေကုန် ပူးကပ်နေမိမည်ဖြစ်သည်။
ယခု လီယင်းက မပြီးပြတ်သေးသည့် ရုံးတော်ကိစ္စအဝဝကို သူ့နန်းဆောင်သို့ သယ်ဆောင်လာတတ်၏။ ယွင်ချင်းစီ၏ စားပွဲတစ်ဝက်ခန့်မှာ သူ့ပစ္စည်းများဖြင့် ပြည့်နှက်နေကာ မနက်စာ စားသောက်၊ စားပွဲကို သန့်ရှင်းရေး လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်အတူတူ လဲလျောင်းကာ ချင်နယ်မြေမှ အစီရင်ခံစာနှင့် ညီလာခံ မှတ်ချက်များကို ဖတ်ရှုလိုက်ကြသည်။ နင့်နင့်သည်းသည်း ကျေနပ်အားရစိတ်တို့က သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာတော့သည်။
လီယင်း ညီလာခံမှ ပြန်လာလောက်ပြီဟု တွေးကာ ယွင်ချင်းစီက ကျန်းရှန်းနန်းဆောင်စီသို့ တိတ်တဆိတ် ထွက်လာလိုက်၏။ သူ ရောက်ရှိလာကြောင်း အစီရင်ခံမည့် မိန်းမစိုးအား တားမြစ်ကာ ကန့်လန့်ကာအနီးသို့ ခြေဖျားထောက်ကာ သွားပြီး ခေါင်းကိုသာ ထုတ်ကာ ချောင်းကြည့်လိုက်သည်။
လီယင်း၏ စားပွဲဘေးတွင် ကောင်းမွန်ကြော့ရှင်းလှသည့် ခုံစောင်းနှင့် ထိုင်ခုံတစ်လုံး နေရာချထားကာ ထိုအပေါ်တွင် ဖက်ထုပ်လေးက ထိုင်နေသည်။
လီယင်းက ရုံးတော်မှ ပြန်ရောက်နှင့်နေပြီးဖြစ်ကာ သူ့ကို အကျဉ်းချထားသည့်နှယ် ခံစားရသည့် နဂါးဝတ်ရုံကို လွန်စွာ ငြီးငွေ့နေသည့်ဟန်၊ ညီလာခံမှ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သာမန်ဝတ်စုံကိုသာ ပြောင်းလဲဝတ်ဆင်ထားလိုက်သည်။
ဖက်ထုပ်လေး၏ ဘေးတွင်ထိုင်ကာ အစီရင်ခံစာများ ဖတ်ရှုနေပြီး ဖက်ထုပ်လေးကမူ စုတ်တံကို အလေးအနက် ကိုင်ထားပေသည်။ ယွင်ချင်းစီက လီဟန့်ကို တစ်ခဏမျှ အကဲခတ်နေလိုက်၏။ ထိုကလေးမှာ ကြီးပြင်းလာသည့်အခါ လွန်စွာ ချောမောခန့်ညားလှကြောင်း သိသည့်တိုင် ကလေးဘဝတွင် ဤမျှ ချစ်စဖွယ် ကောင်းလိမ့်မည်ဟု ထင်မထားခဲ့ချေ။
လီယင်းက ချက်ခြင်း မော့လာကာ သူရှိနေရာဘက်ဆီသို့ စိုက်ကြည့်လိုက်၏။ ယွင်ချင်းစီလည်း ချက်ခြင်းပင် နောက်ပြန်ဆုတ်လိုက်သည်။ ကန့်လန့်ကာနောက်တွင် တစ်ခဏမျှ ရပ်နေကာ လီယင်းထံမှ စာရွက်လှန်သံများကို ကြားလိုက်ရကာမှ တစ်ဖန် ပြန်ကြည့်လိုက်၏။ ထိုအခါ ရယ်မြူးရိပ်လွှမ်းသော အကြည့်တစ်စုံကို ရင်ဆိုင်လိုက်ရတော့သည်။
သူ့ကို အစောကြီးကတည်းက ရှာတွေ့နှင့်ပြီးဖြစ်သည်။
သူက လီယင်းကို စိုက်ကြည့်လိုက်သည်။
ထို့နောက် ရှေ့သို့တိုးကာ အခန်းထဲသို့ ဝင်လာလိုက်၏။ တွေးဆဆဖြင့် မျက်နှာကို မော့လာသော ဖက်ထုပ်လေးကလည်း သူ့ကို တွေ့လိုက်ရသည့်အခါ တစ်ခဏမျှ ကြောင်အသွားတော့သည်။ ထို့နောက်တွင်မှ ချက်ခြင်း မတ်တပ်ရပ်ကာ ချိုမြိန်လှသည့် အသံလေးဖြင့် နှုတ်ဆက်လိုက်၏။
"ဧကရီအရှင် ..."
"သူ့ကို ခမည်းတော်ဧကရီလို့ ခေါ် ..."
လီယင်းက ပြန်ပြင်ပေးလိုက်သည့်အခါ လီဟန့်က ကိုယ်ကိုရို့လျက် တီးတိုးပြောလိုက်သည်။
"Fath Impress..."
(ဒီမှာ သူ ဆိုလိုချင်တာကလေ ခမည်းတော်ဧကရီလို့ ပြောတာကို အသံထွက် မပီဘူးလို့ ပြောချင်တာပါ)
"အသုံးမကျလိုက်တာ ..."
ယွင်ချင်းစီက နှုတ်ခမ်းတို့ကို ကွေးတွန့်ကာ ပြောလိုက်သည်။
"စကားတောင် ပီအောင် မပြောနိုင်ဘူး ..."
လီဟန့်က ကြောင်အသွားကာ အလစ်တိုက်ခံလိုက်ရသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာတော့သည်။
လီယင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"သူ့ကို မခြောက်နဲ့လေ..."
"ဟမ့် ..."
ယွင်ချင်းစီက ထိုင်ခုံတစ်ခုံဆွဲကာ ဝင်ထိုင်လိုက်ပြီးနောက် ဖက်ထုပ်လေး၏ မျက်ရည်ဝဲနေသော အကြည့်တို့နှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူ့စိတ်တစ်ခုလုံး အချက်ပေးသံတို့ဖြင့် ဆူညံသွားတော့သည်။
"ဘာ .. ဘာလို့ ငိုနေရတာလဲ ..."
လီယင်းက ဖက်ထုပ်လေး၏ အမူအယာကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ခမည်းတော်က မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး မကြောက်နဲ့ ..."
လီဟန့်က အမြန် ခေါင်းငြိမ့်ပြလိုက်သည်။
သူ၏ ယွင်ချင်းစီအပေါ် သိကျွမ်းမှုမှာ ကောလဟာလများတွင်သာ အခြေခံကာ ကိုယ်တိုင် မကြုံတွေ့ရသေးသည့်အတွက် ဧကရီက သူ့ကို ဂရုမစိုက်ဟုသာ သိထားပေသည်။ သူ မလာခင်ကလည်း အဖွားဖြစ်သူက သူသာ ဧကရာဇ်၏သားတော် ဖြစ်လိုပါလျှင် ဧကရီယွင်၏ စိတ်တိုင်းကျ နေကာ သူ့ကို မပျော်မရွှင် ဖြစ်စေ၍ မရဟု မှာကြားခဲ့ပေသည်။
နှုတ်ခမ်းတို့ကို တင်းတင်းစေ့ကာ အားတင်းလျက် သူ့ဘေးရှိ အချိုဌာပနာမုန့်ကို ကောက်ယူပြီး ယွင်ချင်းစီကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
"ချို .. ချိုတယ် ..."
ယွင်ချင်းစီသည် ခက်ထန်သူနှင့်တွေ့လျှင် ခက်ထန်ကာ အားနည်းသူနှင့် တွေ့လျှင် အားနည်းပြီး မကောင်းသူကို မကောင်းသည့် နည်းအတိုင်း၊ ကောင်းသူကို ပို၍ ကောင်းမွန်သည့် နည်းလမ်းဖြင့် တုန့်ပြန်တတ်သူဖြစ်ပေသည်။ သူ့အမြင်တွင် ဤအရွယ် ကလေးများမှာ အရိပ်အကဲ မသိတတ်လှ။ ဖခင်ဖြစ်သူ၏ ခေါင်းပေါ်ခွ၍ ဆံပင်ကိုဆွဲကာ "သွား သွား" ဟု မအော်လျှင် ကလေးမဟုတ်ပေ။
သူကိုယ်တိုင်ကလည်း ထိုကဲ့သို့သော ကလေးမျိုး မဟုတ်သည့်တိုင် အလားတူ ကလေးမျိုးကိုသာ တွေ့ခဲ့ရသည်။
သို့သော် လီဟန့်၏ ချဉ်းကပ်မှုက သူ့အတွက် များစွာ အံ့ဩရစေ၏။ တစ်ခဏမျှ ကြောင်အနေပြီးနောက် လက်ကို ဆန့်ထုတ်ကာ ချိုချဉ်ကို လှမ်းယူလိုက်သည်။ မျက်နှာတစ်ခုလုံး နီမြန်းလာကာ စကားပြန်မပြောနိုင်သည့်အတွက်လည်း သူ့ကိုယ်သူ လှောင်ရယ်မိသွားတော့၏။
"ကျေးဇူးပါ ..."
ဖက်ထုပ်လေးက နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်လုံး ကော့တက်လာသည်အထိ နှစ်ခြိုက်စွာ ပြုံးပြလိုက်သည်။
ယွင်ချင်းစီက တစ်ခဏမျှ ရပ်တန့်သွားကာ ဤကလေးသည် ငယ်ရွယ်သည့်တိုင် သူနှင့် လီယင်းသည် မိဘရင်းမဟုတ်ကြောင်း သိနေသည်ဟု သဘောပေါက်သွားတော့သည်။ သူသည် သူတို့၏ ကြင်နာသနားစိတ်အပေါ် မှီခိုနေရသည်ဟု ခံစားနေရပေလိမ့်မည်။
မုန့်အချိုကို တစ်ကိုက်ကိုက်ကာ စားပွဲပေါ် ပြန်တင်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"ထိုင်ပြီး စာရေးကျင့်တော့လေ ..."
လီဟန့်က သူ့ကို ဦးညွတ်ကာ နာနာခံခံဖြင့် သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်တော့၏။
ယွင်ချင်းစီကလည်း သူ့ဘေးမှ ဖြတ်သွားကာ စားပွဲ၏ အခြားတစ်ဖက်တွင် ဝင်ထိုင်ပြီး လီယင်း၏ အင်္ကျီစကို တိတ်တဆိတ် ဆွဲလိုက်သည်။ လီယင်း အနား တိုးလာကာမှ တီးတိုး မေးလိုက်၏။
"ဒီပေါက်စလေးက ဘာလို့ တအား လိမ္မာနေတာလဲ ..."
"သူက သူ့အဖွားနဲ့အတူ နန်းတော်ထဲ လိုက်နေခဲ့ရတာလေ ပိုပြီး ကောင်းကောင်းသိတာပေါ့ ..."
ယွင်ချင်းစီက ကိုယ်လုပ်တော်ဝေ့နှင့် ပထမဧကရီမှာ ညီအစ်မများဖြစ်ကြကြောင်း သတိရသွားတော့သည်။ ကျန်းရှစ်ရွှယ်က ဧကရီဝေ့ကို လွန်စွာ မုန်းတီးရာ သူမ၏ ညီမအပေါ်တွင်လည်း ကောင်းပေးလိမ့်မည် မဟုတ်ချေ။ ကိုယ်လုပ်တော်ဝေ့က ဤကလေးကို မွေးကင်းစအရွယ်ကတည်းက မည်သည့် ပေါက်ကရလုပ်ရပ်ကိုမှ လက်ခံမည် မဟုတ်ကြောင်း ပြောထားပြီး ဖြစ်ပေလိမ့်မည်။
ယွင်ချင်းစီက အနည်းငယ် သနားသွားသည့်ဟန်၊ တီးတိုးပြောလိုက်သည်။
"ကိုယ်လုပ်တော်ဝေ့ သူမကရော မင်းအမေအကြောင်း သိလား ..."
"ကိုယ် မပြောရသေးဘူး ..."
လီယင်းက ပြောလိုက်သည်။
"ကျန်းမိသားစုကို အပြစ်ပေးတဲ့နေ့ကျ သိပါလိမ့်မယ် ..."
ယွင်ချင်းစီက ခေါင်းငြိမ့်ပြကာ သူ့လက်မောင်းကို ခေါင်းဖြင့် ပွတ်သပ်ရင်း လက်ချောင်းတို့ကို ဆုပ်ကိုင်လိုက်သည်။ လီယင်းက ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူ့ကို ဖက်ရင်း ပြောလိုက်သည်။
"ဘာလို့ ဒီနေ့ အားလပ်နေရတာလဲ ..."
"သူ မင်းကို ဒုက္ခပေးမှာ ကြောက်လို့ ..."
"ကလေးတွေက အုပ်ထိန်းဖို့ မလွယ်ဘူးလို့ ဘယ်ကနေများ ကြားလာတာလဲ .. ဟမ် ..."
"ဘာလို့ ဂရုစိုက်နေမှာလဲ ..."
ယွင်ချင်းစီ၏ အမူအယာမှာ အပြစ်မကင်းရိပ်တို့ အနည်းငယ် လွှမ်းလာတော့သည်။ လီယင်းကလည်း တစ်ခုခု မှားနေကြောင်း သတိပြုမိသွားသည့်ဟန်။
"အားဟန့် ဒီနေ့ ဒီမှာပဲ ရပ်လိုက်တော့ လူကြီးမင်းလျှိုနဲ့အတူ ညစာသွားစားလိုက် ..."
လီဟန့်က သူ့ကို မတ်တပ်ရပ် ဦးညွတ်ကာ နာနာခံခံဖြင့်ပင် လျှိုကျီရူ၏ အနောက်သို့ လိုက်သွားလိုက်သည်။
ယွင်ချင်းစီက ကလေးကို ဘာကြောင့် ပြန်လွှတ်လိုက်ကြောင်း စဉ်းစားနေစဉ် ခါးထက်မှ တင်းကြပ်သည့် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာသည့် လီယင်းကို ချက်ခြင်း တွန်းထုတ်ကာ လီဟန့် ထွက်သွားခြင်း ရှိမရှိ အမြန် စစ်ဆေးလိုက်သည်။ ထို့နောက်တွင်မှ ပြောလိုက်၏။
"မင်း ဘာတွေ လုပ်နေတာလဲ ..."
"ကိုယ့်ကို ဖုံးကွယ်ထားတာ ရှိတယ်မဟုတ်လား ..."
"ဟင့်အင်း ..."
"ဟင့်အင်း ဟုတ်လား ..."
လီယင်းက သူ့အနားသို့ တစ်ဖြည်းဖြည်း တိုးလာလိုက်သည်။ အလှတရား၏ ဖမ်းစားမှုကို ခံလိုက်ရသည့် ယွင်ချင်းစီက အလိုလိုပင် အနမ်းခံရရန် စောင့်စားနေသည့် အမူအယာမျိုး လုပ်လိုက်သော်ငြား ထိုအစား သူ့ခါးကိုသာ ကုတ်ခြစ်ခံလိုက်ရ၏။ ချက်ခြင်း ခါးကို အုပ်လိုက်သည့်တိုင် ရယ်ချင်စိတ်ကို ထိန်းချုပ်၍ မရတော့ချေ။
"ဘာတွေ လုပ်နေတာလဲလို့ ..."
"ပြောလေ ဘာလို့ ကလေးတွေကို ဒီလောက်အထိ အမြင်ကပ်နေရတာလဲ ဟမ် ..."
ယွင်ချင်းစီက နောက်တစ်ကြိမ် အကုတ်ခံရမည်ကို စိုးရိမ်စိတ်ကြောင့် သူ့လက်ကို ဆွဲထားလိုက်သည်။
"မြန်မြန်ပြောလေ ..."
လီယင်းက ခြိမ်းခြောက်လိုက်သည်။
"မဟုတ်ရင် ကိုယ် နမ်းလိုက်မှာနော် ..."
"ငါ့ကို နမ်းချင်နေတာ မဟုတ်လား ..."
ယွင်ချင်းစီက လုံးဝ မကြောက်။
"လာလေ ..."
လီယင်း "..."
နှစ်ကြိမ်သုံးကြိမ်ခန့် ဖိကာ အနမ်းခံလိုက်ရပြီးနောက် ယွင်ချင်းစီ၏ တစ်ကိုယ်လုံး ပျော့ခွေလာတော့သည်။ နမ်းပြီးနောက် လီယင်းက ကိုယ်ချင်း ခွါလိုက်သော်လည်း ယွင်ချင်းစီက ပြန်ဆွဲထားလိုက်၏။ လီယင်းက သူ့နှုတ်ခမ်းတို့ကို တို့ထိကာ ပြောလိုက်သည်။
"ထပ်မနမ်းတော့ဘူး ကိုယ့်အတွက် အဆင်မပြေလို့ ..."
ယွင်ချင်းစီက မယုံသင်္ကာဖြင့် မေးလိုက်သည်။
"ဘာအဆင်မပြေတာလဲ ..."
"ပင်ပန်းရမယ့်သူက ငါပါနော် မင်းမှ မဟုတ်တာ ..."
"..ဒီဟာ ..."
ယွင်ချင်းစီက သူ့စကား၏ အဓိပ္ပါယ်ကို သဘောပေါက်သည့်ဟန်။ လည်ပင်းကို ဆွဲဖက်ကာ ပုခုံးထက်တွင် မျက်နှာအပ်ရင်း သုန်မှုန်စွာဖြင့် ပြောလိုက်သည်။
"ကိစ္စကြီး မဟုတ်ပါဘူး ငါ့ဘာသာ လုပ်လို့ရတယ် ..."
လီယင်းက ရယ်မောကာ သူ့ကို တင်းကြပ်စွာ ပွေ့ဖက်ရင်း ပါးကို နှစ်နှစ်ခြိုက်ခြိုက် နမ်းရှိုက်ပြီး တီးတိုးပြောလိုက်သည်။
"အရှက်မရှိလိုက်တာ ..."
ကိုယ့်လူနဲ့ကိုယ့်ကြားထဲမှာ ဘယ်လိုလုပ်ပြီး ရှက်နေစရာ လိုမှာလဲ ...
ယွင်ချင်းစီက လှောင်ရယ်လိုက်သည်။
"ကောင်းပြီ စကားလမ်းကြောင်းမလွှဲနဲ့ ..."
လီယင်းက မျက်နှာကို မော့ထားကာ ပြောလိုက်သည်။
"ကိုယ့်ကို ဘာတွေ ဖုံးကွယ်ထားတာလဲ မြန်မြန်လေးပြော ..."
*ငါ ..."
လီယင်းက အမှန်တကယ် သိချင်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ တစ်ခဏမျှ တွေးကာ မသဲမကွဲ ပြောလိုက်သည်။
"မင်းကို ဖွင့်မပြောခင် ဆုံးဖြတ်လိုက်တာ ဘာလို့ဆို ငါတို့ကြားမှာ ကလေး ရှိမလာနိုင်တော့ စမ်းသပ်ကြည့်ချင် ..."
"စမ်းသပ်ကြည့်တယ် ..."
"သားအဖတွေ အများကြီးကို လိုက်ကြည့်ခဲ့တာ ..."
ယွင်ချင်းစီက ခက်ထန်စွာ ပြောလိုက်သည်။
"ဟိုးအရင် အဖေနဲ့ ငါရဲ့ ဆက်ဆံရေးက ဘယ်လိုဆိုတာ မင်းလည်း အသိပဲလေ အဲဒါကြောင့် သားအဖတွေက ဘယ်လိုဆိုတာကို ငါ မသိဘူး အနာဂတ်မှာ ငါ နောင်တရလောက်လား ဆိုတာကိုရောပဲ ငါ့အဖေနဲ့ ဆက်ဆံရေး မကောင်းပေမယ့် အနာဂတ်မှာ ကလေးလိုချင်လာရင်ရော ဘယ်လိုလုပ်မလဲ မင်းကို ဝန်ခံဖို့ဆို အရင်ဆုံး ငါ့ကိုယ်ငါ ကလေးမလိုချင်မှန်း၊ ကလေးတွေကို သဘောမကျမှန်း သေချာအောင် လုပ်ရမယ်လေ အဲဒါကြောင့် နားလည်အောင် ကြိုးစားကြည့်တော့ .. ဆယ်ယောက်မှာ ကိုးယောက်လောက်က အတော်လေး စိတ်ပျက်ဖို့ကောင်းတယ် ..."
လီယင်း "..."
သူက အမှန်တကယ်ပင် မျှော်လင့်မထားမိချေ။
ယွင်ချင်းစီက သူ့ကို ပြင်းထန်စွာ တွန်းထုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။
"မင်းလည်း ငါ့ကို အရမ်းဆိုးတယ်လို့ ထင်နေတာ မဟုတ်လား ဒါမျိုးကိုတောင် ရှင်းရှင်းလင်းလင်း တွေးနိုင်လောက်တဲ့ အကြံသမားလို့လေ ..."
"မင်းက ကိုယ်တို့ အနာဂတ်အတွက် တာဝန်ယူချင်ရုံပါ ..."
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်လိုက်သည်။
လီယင်းကလည်း မရယ်ဘဲပင် မနေနိုင်တော့။
"အားစီ မင်းလုပ်ရပ်က မှန်ပါတယ် ..."
ယွင်ချင်းစီက တစ်ခဏမျှ တုန့်ဆိုင်းသွားတော့သည်။
"ငါက တစ်ကိုယ်ကောင်းဆန်တယ်လို့ မထင်ဘူးလား အားလုံးကို ရှင်းရှင်းလင်းလင်း စဉ်းစားပြီးမှ မင်းကို ဖွင့်ပြောခဲ့ ..."
"ကိုယ် မထင်ဘူး ..."
လီယင်းက ပြောလိုက်သည်။
"မင်းက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘူး ကိုယ့်အတွက် တာဝန်ယူချင်တဲ့စိတ် ရှိတာ အဲဒါကြောင့်လည်း မင်းအတွေးတွေကို သေချာ စိစစ်ခဲ့တာလေ အားစီ မင်းက တကယ်ကို အံ့ချီးလောက်စရာပဲ ..."
ထိုအချိန်ကတည်းက ယွင်ချင်းစီသည် အနာဂတ်အတွက် စိတ်ပိုင်းဖြတ်ထားခဲ့ဟန်ပင်။ ထိုအနာဂတ်မှာလည်း လီယင်းတစ်ဦးတည်းနှင့်သာ သက်ဆိုင်ခဲ့၏။
ခေါင်းပူနေစဉ်အတွင်း လီယင်းထံ အပြေးလာကာ ခံစားချက်ကို ဝန်ခံရမည့်အစား ဂရုတစိုက် တွေးတောခဲ့၏။ လီယင်းကို အနည်းငယ်မျှပင် အနှောင့်အယှက် မပေးခဲ့။
လီယင်းဘက်မှ ခံစားချက်ကို မသေချာသည့်တိုင် သူ့ကို လာမရှာမီ အားလုံး ပြီးပြည့်စုံအောင် ပြင်ဆင်ခဲ့ပေသည်။
သူက ယွင်ချင်းစီ၏ မျက်နှာကို ပွတ်သပ်လိုက်သည်။ တစ်ဖက်သူက ချက်ခြင်း ရှက်သွေးဖြန်းကာ သူ့ရင်ဘက်ကြား ခေါင်းထားလျက် အလိုမကျစွာဖြင့် ပြောလိုက်သည်။
"ငါ့ကို အံ့ဩဖို့ကောင်းတယ်လို့ မပြောနဲ့ .. ငါက ဒီတိုင်း တစ်ကိုယ်ကောင်းဆန်တာလေ အနာဂတ်မှာ နောင်တရတဲ့အခါ မင်းက ငါ့ကို လွှတ်မပေးတော့မှာ ကြောက်ခဲ့တာ ..."
"အဲဒီ့ကတည်းက ကိုယ် မင်းကို သဘောကျနေမှန်း သိခဲ့သလိုပဲနော် ..."
"အခွင့်အရေးဆိုတာ တစ်ခုမဟုတ်တစ်ခု ရှိနေတာလေ ပြီးတော့ ငါက အရမ်းကောင်းတာကို မင်းက ဘာဖြစ်လို့ မကြိုက်မှာလဲ ..."
လီယင်းက အသံတစ်သံမှ ထွက်မလာတော့။
ယွင်ချင်းစီက သူ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဘာ ရယ်တာလဲ ..."
"မင်း ပြောတာ မှန်လို့လေ မင်းက တကယ်ကို ကောင်းတဲ့ဟာ ကိုယ့်အနေနဲ့ မင်းကို ဘယ်လိုလုပ် သဘောမကျဘဲ နေနိုင်မှာလဲ ..."
ယွင်ချင်းစီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ဟန်မဆောင်နိုင်လောက်အောင် ကော့တက်လာတော့သည်။
"ဒါဆို ငါ့ကို ဘယ်လိုလုပ် သဘောကျသွားတာလဲ ..."
"ဗိုက်ဆာနေပြီလား ..."
ယွင်ချင်းစီက အလိုလိုပင် ဗိုက်ကို ပွတ်သပ်မိသွားကာ ခေါင်းငြိမ့်ပြလိုက်သည်။
"နည်းနည်းလေး ..."
လီယင်းက လက်တို့ကို သူ့ခေါင်းအနောက်သို့ပို့ကာ ဂရုတစိုက် နမ်းရှိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။
"ဘာစားချင်လဲ ..."
ယွင်ချင်းစီက သူ့ကို မျက်တောင်တဖျတ်ဖျတ်ခတ်ကာသာ ကြည့်နေလိုက်၏။
သူက အလေးအနက် မေးလိုက်သည်။
"မင်းကို စားလို့ရလား ..."
လီယင်းက တစ်ခဏမျှ စဉ်းစားလိုက်သည်။
ဒါမျိုး တွေးနေဖို့ လိုသေးလို့လား ...
ယွင်ချင်းစီက လွန်စွာ မကျေမနပ်ဖြစ်ကာ လီယင်း၏ နားရွက်နှစ်ဖက်လုံးကို ဆွဲလိုက်တော့၏။
လီယင်း၏ အကြည့်တို့ အနည်းငယ် လင်းလက်သွားကာ မျက်မှောင်ကို တမင်ကျုံ့လျက် တုန့်ဆိုင်းစွာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
"ကျွန်တော့်ဘဝကို စွန့်စားပြီး ဒီလူကြီးမင်းကို အဖော်ပြုပေးပါ့မယ် ..."