Chapter 80
Extra 2
ထိုအခါမှ ယွင်ချင်းစီလည်း အတော်လေး ကျေနပ်သွားတော့သည်။ သူ မည်သည်ကို အလိုရှိပါစေ လီယင်းက အကောင်းဆုံး ကြိုးစားပေးမည်ဖြစ်ရာ ယခင်က သူ များစွာ လိုချင်ခဲ့ပါသည့်၊ အနှစ်သက်ဆုံးဟုပင် ပြော၍ရသော ပွေ့ဖက်နမ်းရှိုက်မှုများမှာ ယခုမူ သာမညသာ ဖြစ်သွားတော့သည်။
လီဟန့်၏ သူ့ကို အလိုက်သိတတ်မှုများကြောင့် ယွင်ချင်းစီမှာ ထိုကလေးကို တစ်စထက်တစ်စ ဂရုစိုက်ပေးမိစ ပြုလာတော့သည်။ ကောင်းစွာ ပြုမူနေထိုင်တတ်ကာ ချစ်စရာကောင်းလှသည့် ကလေးမျိုးကို သဘောမကျသည့်သူဟူ၍ ရှိအံ့မထင်။
ကလေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ လီယင်း၏ အခက်အခဲများကို ကူညီထမ်းပိုးပေးရန် အလို့ငှာ နေ့တိုင်း ကျန်းရှန်းနန်းဆောင်သို့ ရောက်လာစ ပြုလာတော့၏။ အမှန်တကယ်တွင်မူ သူသည် ဖက်ထုပ်လေး၏ ချစ်စဖွယ် အမူအယာများကို စောင့်ကြည့်ရင်း ခင်ပွန်းဖြစ်သူ၏ အလှတရားကို ခံစားကာ ရံဖန်ရံခါ တို့ဟူးစားနေခြင်းသာ ဖြစ်ပေသည်။
(တို့ဟူးစား=အသားယူ)
ပြန်လည်မမွေးဖွားခင်က လီယင်းနှင့်အတူ တစ်ယောက်ယောက်၏ ကလေးကို မွေးစားကာ သူ့အနေဖြင့် မနှစ်သက်သည့်တိုင် ထိုကလေးကို ကောင်းစွာ ပျိုးထောင်ပေးမည်ဟု တွေးခဲ့ဖူးသော်ငြား ဤမျှအထိ လိမ္မာရေးခြားရှိကာ ပျိုးထောင်ရ လွယ်ကူသည့် ကလေးမျိုးကို ရလာလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ဖူးချေ။
ယွင်ချင်းစီက လွန်စွာ သဘောတွေ့ကာ ကြီးစွာသော စိတ်ကျေနပ်မှုတို့က သူ့နှလုံးသားအောက်ခြေမှ ယိုဖိတ်ကျလာတော့သည်။
သို့သော် မပျော်ရွှင်ရသည့် အကြောင်းအရင်းများလည်း အနည်းငယ် ရှိနေဆဲပင်။ ဤသည်မှာ လီယင်း၏ အိပ်မက်ဆိုးများ ဖြစ်ပေသည်။
နန်းတော်သို့ ပြန်ရောက်ပြီး တစ်လအကြာတွင် ယွင်ချင်းစီသည် လီယင်း၌ အိပ်မက်ဆိုးများ ကျန်ရစ်နေဆဲဖြစ်ကြောင်း သတိပြုမိသွားတော့၏။ သူနှင့် လီယင်းသည် အိပ်စက်ချိန်တိုင်း ထွေးထွေးပွေ့ပွေ့ အိပ်စက်လေ့ရှိသည့်အတွက် တစ်ဦး၏ လှုပ်ရှားမှုတိုင်းကို ကျန်တစ်ဦးက အလိုလို ခံစားရပေသည်။
ဦးစွာပထမ လက်မောင်းတွင် ကုတ်ခြစ်ရာတစ်ခုကို ခံစားလိုက်ရကာ နာကျင်မှုက ဦးနှောက်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လန့်နိုးလာတော့သည်။ လီယင်း၏ မျက်နှာမှာ မူမမှန်ကြောင်း သတိပြုမိသွားပြီးနောက် စကားပင် မပြောနိုင်သေးခင် တစ်ဖက်သူက ချွေးများ စိုရွှဲလျက် လန့်နိုးလာတော့သည်။
အချိန်မည်မျှပင် ကြာမြင့်ပါစေ အိပ်မက်ဆိုးမှ နိုးလာသည့် လီယင်း၏ အခေါင်းပေါက်သဏ္ဍာန် မျက်ဝန်းများနှင့် ကြုံရလေတိုင်း ကြောက်လန့်မိဆဲပင်။
ချက်ခြင်း တုန့်ပြန်ကာ မျက်လုံးကို လက်ဖြင့် အုပ်ပေးထားလိုက်၏။
သူ့လက်ဖဝါး၏ နူးညံ့မှုကြောင့် လီယင်း ခံစားနေရသော မသက်မသာဖြစ်မှုအားလုံး ပျောက်ကွယ်သွားတော့သည်။
"မျက်လုံးကို မှိတ်ထားလိုက် ..."
လီယင်းက မောဟိုက်စွာဖြင့် အသက်ရှူနေလိုက်သည်။ မျက်တောင်တို့က ယွင်ချင်းစီ၏ လက်ဖဝါးကို အသာပွတ်တိုက်သွားကာ နာနာခံခံဖြင့် မျက်လုံးကို မှိတ်ထားလိုက်သည်။
ယွင်ချင်းစီက သူ့ဖက်လှည့်ကာ လက်ဖဝါးကို ဖယ်ချ၍ တဒိတ်ဒိတ်ခုန်နေသော နားထင်ကို အသာ ဖိပေးထားလိုက်သည်။ အိပ်ယာမှ နိုးလာခါစဖြစ်သည့်အတွက် သူ့အသံမှာ ထူးထူးခြားခြား မပြတ်မသား ဖြစ်နေကာ လီယင်း၏ နားထဲတွင် ထူးကဲသည့် နွေးထွေးမှုတစ်ရပ် ခံစားလိုက်ရတော့သည်။
"အိပ်မက်ဆိုးတွေပဲလား ..."
"အမ်း ..."
"အဲဒီ့အိပ်မက်ပဲလား ..."
မျက်တောင်တို့ တဖျတ်ဖျတ် ခတ်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ပြောလိုက်၏။
"မျက်လုံးမဖွင့်နဲ့ ..."
လီယင်း၏ လက်ချောင်းတို့ တင်းကြပ်သွားကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။
"အင်း ..."
ယွင်ချင်းစီက သူ့ကို ငုံ့နမ်းကာ ပြောလိုက်သည်။
"ငါ အခု အဆင်ပြေနေတယ်လေ ခံစားမိတယ် မဟုတ်လား ..."
"အမ်း ..."
လီယင်းက ပြန်ဖြေလိုက်သော်ငြား မျက်ခုံးနှစ်ခုအကြားရှိ သွေးကြောတို့မှာ တဒိတ်ဒိတ် ခုန်နေဆဲပင်။ ယွင်ချင်းစီက လက်ထိပ်ဖျားတို့ဖြင့် သူ့မျက်ခုံးကို နှိပ်ပေးလိုက်သည်။ လက်ချောင်းထိပ်ဖျားတို့မှာ နူးညံ့သည့်တိုင် သန်မာလှကာ မျက်ခုံးအလယ်ကို ဂရုတစိုက် နှိပ်ပေးရင်း ပြောလိုက်သည်။
"မင်းကို ခွင့်လွှတ်ပေးပြီးပြီလေ ထပ်မတွေးနဲ့တော့ ..."
ယွင်ချင်းစီသည် သူ့ကို ယခင်ကလည်း ဤကဲ့သို့ ဂရုစိုက်ပေးခဲ့ဖူးပေသည်။ တိုင်းပြည်အရေးကိစ္စများကြောင့် စိတ်ညစ်ညူးရလေတိုင်း သူ၏ မသက်သာမှုများကို ဤကဲ့သို့ ကူညီဖြေရှင်းပေးလေ့ ရှိပေသည်။
အားလုံးကို အစအဆုံး ပြန်လုပ်ခဲ့ရသည့်တိုင် လီယင်းမှာ နာကျင်မှုကို ခံစားရဆဲပင်။ မည်သို့ပင်ဖြစ်စေ ယွင်ချင်းစီကို ဆုံးရှုံးခဲ့ကာ သူ မည်မျှပင် ပေးဆပ်ခဲ့ပါစေ ယွင်ချင်းစီကို တစ်ကြိမ်တစ်ခါ သတ်ခဲ့မိပြီး ဖြစ်ပေသည်။
ယွင်ချင်းစီက နက်မှောင်လှသည့် မျက်တောင်တို့ စိုစွတ်လာသည်ကို ငေးကြည့်ရင်း လီယင်းနှင့် နှာခေါင်းထိပ်ဖျားချင်း ပွတ်တိုက်လိုက်သည်။ သူ့နှလုံးသားတစ်ခုလုံး ပျော့ပြောင်းကာ နာကျင်မှုကိုပါ ခံစားလိုက်ရတော့သည်။
"အားလုံး ပြီးသွားပြီလေ ငါတောင် ဂရုမစိုက်တော့တာကို မင်းက ဘာလို့ ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်နေရတာလဲ ..."
လီယင်းမှာ ပို၍ပင် နာကျင်လာသည့်ဟန်၊ ကိုယ်ကို တစ်ပတ်လည်ကာ ယွင်ချင်းစီကို သူ့အောက်ဖိပြီး ရင်ခွင်ထဲသို့ မျက်နှာအပ်ထားလိုက်တော့သည်။
ယွင်ချင်းစီ၏ ခါးကို တင်းကြပ်စွာ ဖက်တွယ်ကာ တစ်ဖက်သူကလည်း သူ့ခေါင်းကို ပွေ့ဖက်ထား၏။ လက်ဖဝါးတို့က လီယင်း၏ ရှည်လျားလှသော ဆံနွယ်များအကြား ညင်သာစွာဖြင့် ရွေ့လျားနေသည်။
လီယင်း၏ ပျော့ညံ့သည့် ပုံရိပ်ကို မြင်နိုင်ရန် ခဲယဉ်းလှရာ သူ့ရှေ့တွင် အားနည်းချက်ကို လိုလိုလားလား ထုတ်ပြလာသည့် လီယင်းကြောင့် သူ့ကို အလိုရှိသည်ဟူသည့် ခံစားချက်ကို ရရှိလိုက်တော့သည်။
သို့မဟုတ်ပါလျှင် သူ့ကိုယ်သူ လီယင်း၏ ဘဝကို တန်ဆာဆင်သည့် အလှပြပစ္စည်းတစ်ခု သို့မဟုတ် အဖြည့်ခံပစ္စည်းတစ်ခုဟုသာ ခံစားနေရမည်ဖြစ်သည်။
"ဆောက်လို့ ပြီးတော့မယ် ..."
လီယင်းကလည်း ခံစားချက်တို့ကို မည်သို့မည်ပုံ ထိန်းချုပ်ရမည်ဖြစ်ကြောင်း ကောင်းစွာ သိရှိရာ တစ်ဖြည်းဖြည်း တည်ငြိမ်လာတော့၏။ သို့သော် ယွင်ချင်းစီ၏ ရင်ငွေ့ကိုမူ ခိုလှုံနေဆဲပင်။
"မျှော်စင် ဆောက်ပြီးသွားရင် နန်းတော်ခြံဝင်းထဲက မက်မွန်ပန်းတွေကို သေချာ ကြည့်လို့ရသွားပြီ ..."
"သိပါတယ် ဒါပေမယ့် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြီးသား မဟုတ်လား ..."
"အင်း ..."
လီယင်းက ပြောလိုက်သည်။
"ဒီဘဝမှာ ကိုယ် မင်းကို နောင်တရခွင့် မပြုဘူး ..."
"ဒါဆို မင်း ..."
"မျှော်စင်ကြောင့် မဟုတ်ဘူး ..."
ယွင်ချင်းစီက သူ့ကို ယုံကြည်ခဲ့သည်။
ထိုညက တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ကာ အိပ်စက်လိုက်ကြသည်။ ယွင်ချင်းစီသည် ဆေးပညာနှင့် စပ်လျဉ်း၍လည်း အနည်းငယ် သိထားပေသည်။ ၎င်းမှာ လီယင်းက သူ့အပေါ် တွယ်ကပ်မနေစေရန် သင်ယူစေခဲ့ခြင်း ဖြစ်သည့်တိုင် အသုံးဝင်သည့် အရည်အချင်းအချို့ ရှိနေခြင်းမှာ အမှန်တကယ် ကောင်းမွန်လှပေသည်။
သို့မဟုတ်ပါလျှင် လီယင်းအတွက် စိတ်တည်ငြိမ်စေသည့် အမွှေးနံ့သာအချို့ကို ကိုယ်တိုင် ပြုလုပ်နိုင်မည် မဟုတ်ချေ။ သိူ့သော် အမှားမလုပ်မိစေရန် တော်ဝင်ဆေးကုဆောင်သို့ သွားရောက်အကြံတောင်းခံပြီးမှသာ လက်တွေ့ အကောင်အထည် ဖော်ခဲ့သည်။
သူက စိတ်ကို အေးငြိမ်းစေသည့် အမွှေးနံ့နှင့် လန်းဆန်းစေသော အမွှေးအိတ်ကို ပြုလုပ်ခဲ့သည်။ လီယင်းကို ပေးသည့်အခါ သူ့ဖခင်နှင့် အစ်ကိုများအတွက်ပါ မမေ့မလျော့ ပို့ပေးလိုက်သေး၏။
ဖက်ထုပ်လေးလီဟန့်ပင်လျှင် ဝေပုံကျ ရခဲ့သေးသည်။
နန်းတော်ထဲတွင် ကိုယ်လုပ်တော် တစ်ဦးတစ်ယောက်မှ မရှိသည့်အတွက် လွန်စွာ အေးဆေးတိတ်ဆိတ်နေ၏။ ဆောင်းဦးရောက်သည့်အခါ လီယင်းက ကျန်းမိသားစုကို ဆွဲချနိုင်မည့် သက်သေများကို လုံလောက်စွာ စုဆောင်းနိုင်ခဲ့တော့သည်။ သက်သေများမှာ ဖုံးကွယ်၍ မရနိုင်လောက်အောင်ပင် လွန်စွာ ထင်ရှားလှသည့်အတွက် ကျန်းမိသားစုတစ်ခုလုံး သေဒဏ်ပေးခံလိုက်ရတော့သည်။
ယွင်ချင်းစီက မယ်တော်ကြီးကို မမြင်ခဲ့ရ။ တစ်ညတွင် ထိုက်ချီနန်းဆောင်မှ ပြန်လာသည့် လီယင်းကို တွေ့လိုက်ရသည်။ အနက်ရောင်ကိုသာ ဝတ်ဆင်ထားသည့် သူ့သွင်ပြင်မှာ လွန်စွာ တည်ငြိမ်အေးဆေးနေကာ ယွင်ချင်းစီကို မြင်လိုက်ကာမှ အနည်းငယ် ရွှင်လန်းလာတော့သည်။
နောက်တစ်နေ့တွင် ထိုက်ချီနန်းဆောင်မှ မယ်တော်ကြီး၏ ပြင်းထန်စွာ သေဆုံးသည့် သတင်းကို ကြားလိုက်ရသည်။ လီယင်းက လွန်စွာ တည်ငြိမ်နေကာ ဤသို့သာ ပြောလိုက်သည်။
"အားလုံး နေရာတကျ ပြန်ဖြစ်သွားတာပဲ ..."
သူက မွေးမိခင်ရင်းကို ကွယ်လွန်ပြီးနောက် ချီးမြှင့်သည့် ဂုဏ်ပုဒ်တစ်ခု အပ်နှင်းကာ မယ်တော်ကြီးကျန်းကိုလည်း သင်္ဂြိုဟ်လိုက်သည်။
ကောင်းကင်ဘုံသားတော်၏ ဇစ်မြစ်ကြောင့် ကျင်းပြည်ထောင်စု တစ်ခွင်လုံး ဆူညံပွက်လောရိုက်သွားတော့သည်။ သူသည် မယ်တော်ကြီးကျန်း၏ နှိပ်စက်ခြင်းကို ကလေးဘဝကတည်းက ခံခဲ့ရသည်ဟူသည့် အတွင်းသတင်းများလည်း ထွက်ပေါ်လာ၏။ ထိုအခါ အားလုံးက ဧကရာဇ်ကို စာနာသနားလာကာ ကျန်းမိသားစုမှာမူ ပုန်းအောင်းစရာ နေရာမရှိသည့် မြေကြွက်ဘဝသို့ ရောက်ရှိသွားတော့သည်။
ယွင်ချင်းစီက လီယင်းကို အကဲခတ်မေးမြန်းနေစဉ်မှာပင် တန်ပြန် အမေးခံလိုက်ရတော့သည်။
"မင်းအမြင်မှာရော ကိုယ်က အနိုင်ကျင့်ခံရတဲ့ ကလေးနဲ့ တူလို့လား ..."
ယွင်ချင်းစီကလည်း လီယင်းကို ဤကဲ့သို့ မတွေးမိ။ သိူ့သော် သူသည် အနိုင်ကျင့်ခံရကောင်း ခံရနိုင်ပေသည်။
သူသည် လွန်စွာ အထိမခံ သံသယများလှသူ ဖြစ်သော်ငြား လီယင်းမှာမူ အတိတ်ဘဝတစ်လျှောက် နူးညံ့ညင်သာခဲ့သူဖြစ်သည်။ ရံဖန်ရံခါ အေးစက်တတ်သည့်တိုင် သူ့အောက်ခြေစည်းကို မကျော်လာသရွေ့ ချော့မော့ရန် လွယ်ကူလှပေသည်။
ယွင်ချင်းစီက စိတ်ထားကောင်းလှသူတစ်ဦးအဖို့ ဤသိူ့သော နစ်နာမှုများကို သည်းခံရန် မဖြစ်နိုင်ဟု တွေးခဲ့မိသည်။ ဥပမာအားဖြင့် သူ့ကိုသာ တစ်ယောက်ယောက်က အနိုင်ကျင့်လာပါလျှင် သေသည်အထိ ပြန်လည်ကာ လက်စားချေမည်ဖြစ်သည်။
လီယင်းက ထိုဝမ်းနည်းဖွယ် အတိတ်များအကြောင်း ပြန်မပြောချင်ကြောင်း သိနေသည့်အတွက် များများစားစား မမေးခဲ့။ ဘဝဟူသည် လွန်စွာ ရှည်ကြာလှရာ သူ ပြောချင်လာသည့် တစ်နေ့တွင် ထုတ်ပြောလာမည်ဖြစ်သည်။
ယွင်ချင်းစီက သူ့အမာရွတ်များကို ဖော်ထုတ်ရန် မကြိုးစား။ လီယင်းတွင်လည်း ကိုယ်ပိုင်မာနရှိနေကြောင်း သိထားပေသည်။ ဤသည်မှာ လီယင်းကို ခွင့်မလွှတ်နိုင်သေး၍ မဟုတ်။ ပြန်လည်အဆင်ပြေပြီးနောက်ပိုင်း လီယင်းထံမှ အကြွေးရစရာ ရှိသေးသည်ဟု မတွေးတော့ရာ သူ့လက်တွဲဖော်ကို အပြည့်အဝ လေးစားမှု ပေးထားမည်ဖြစ်သည်။
သူက လီယင်းကို သူ့ကို အကြောင်းပြကာ နူးညံ့ညင်သာ၍ အလိုက်သင့် နေထိုင်တတ်သူတစ်ဦးအဖြစ်သို့ မပြောင်းလဲစေလို။
ရာသီဥတု တစ်ဖြည်းဖြည်း အေးလာကာ ချီဖန့်နန်းဆောင် အပြီးသတ်ချိန် နီးလာသည်နှင့် တစ်ပြိုင်နက် လီယင်း၏ အိပ်မက်ဆိုးမက်သည့် အကြိမ်ရေတို့လည်း ပိုမိုများလာတော့သည်။
သူက အတိတ်ဘဝတွင် ပါးလွှာသည့် အင်္ကျီတစ်ထည်နှင့် ကျဉ်းကြပ်လှသည့် ဖိနပ်တစ်ရံကို ဝတ်ဆင်ကာ ရေခဲနှင့် နှင်းလွှာတို့ ထိပ်ဖျားရှိ မျှော်စင်ပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်သွားသည့် ယွင်ချင်းစီကိုသာ အမြဲ အိပ်မက်မက်နေခဲ့သည်။ လှပကာ ဝမ်းနည်းဖွယ် ဇာတ်သိမ်းတို့က ရုတ်ချည်း ရက်စက်ခက်ထန်လာကာ အကြိမ်ပေါင်း ထောင်သောင်းမက မြင်မက်ပြီးသည့်တိုင် တုန်လှုပ်ခြောက်ခြားနေမိဆဲပင်။
ယွင်ချင်းစီမှာ ဆက်တိုက် မရေမတွက်နိုင်လောက်အောင် အနှိုးခံလိုက်ရပြီးနောက် လီယင်းသည် သူ့အနားသို့ ကပ်၍ပင် မအိပ်ရဲတော့ကြောင်း သတိပြုမိသွားတော့သည်။ ကြောင်အသွားကာ သူ့ဘက်မှ အရင်စ၍ လီယင်းအနားတိုးကာ လက်ချောင်းချင်း ယှက်ကိုင်လျက် သူ့ကို နှစ်သိမ့်ပေးလိုက်ရသည်။
သိူ့သော် တစ်နေ့တွင် သူ့ဘေးရှိ အိပ်ယာခင်းကို ထိကြည့်လိုက်သည့်အခါ နွေးနေသေးသည့်တိုင် လီယင်းကို ရှာမတွေ့တော့။
မျက်လုံးကို ပွတ်ကာ အိပ်ယာပေါ်မှ ထထိုင်ပြီး လှမ်းခေါ်လိုက်သည်။
"အားယင်း ..."
ပြန်ထူးသံ မကြားရသည့်အတွက် အိပ်ယာထဲမှ ထွက်လာကာမှ တစ်ဝက်တစ်ပျက် ဖွင့်ထားသော တံခါးမှတစ်ဆင့် ခြံထဲတွင် မတ်တပ်ရပ်နေသော လီယင်းကို တွေ့လိုက်ရသည်။
ယွင်ချင်းစီက သူ့အကြည့်တို့၏ လားရာနောက်သို့ လိုက်ကြည့်လိုက်သည့်အခါ မိုးပေါ်သို့ လှပစွာ ပျံတက်နေသည့် ချီဖန့်နန်းဆောင်၏ ပန်းပုပန်းဆွဲများကို တွေ့လိုက်ရသည်။
လီယင်းက မလှုပ်မယှက် ရပ်ကြည့်နေမြဲပင်။
အတိတ်ဘဝတွင်လည်း အိပ်မက်ဆိုးမှ လန့်နိုးလာလေတိုင်း ဤအတိုင်းပင် ချီဖန့်နန်းဆောင်ကိုသာ ငေးကြည့်လေ့ ရှိပေသည်။ ရံဖန်ရံခါ ထိုသို့ ကြာမြင့်စွာ ငေးကြည့်နေသည့်တိုင် အတွေးနွံထဲ နစ်မြောနေသည့်ဟန်။
ယွင်ချင်းစီက တံခါးကိုဖွင့်ကာ သူ့ကို တစ်ခဏမျှ ကြည့်နေပြီးနောက် တိတ်တိတ်လေး အခန်းထဲသို့ ပြန်ကာ အိပ်ယာခေါင်းရင်းရှိ အနက်ရောင်အိတ်ထဲမှ ညလင်းပုလဲကို ဂရုတစိုက် ထုတ်လိုက်သည်။
ချီဖန့်နန်းဆောင်တွင် တံစက်မြိတ်ခြောက်ခု ရှိကာ ချောင်ယန်နန်းဆောင်မှ လှမ်းကြည့်ပါလျှင် တစ်ခုကိုသာလျှင် မြင်ရပေသည်။ ယွင်ချင်းစီက အခြားနန်းဆောင်များ၏ ရှုထောင့်ကို မသိသည့်တိုင် ချောင်ယန်နန်းဆောင်မှ မြင်ကွင်းနှင့် ကျန်းရှန်းနန်းဆောင်မှ မြင်ကွင်းမှာမူ မတူညီကြောင်း သိထားပေသည်။
နှစ်ရက်အကြာတွင် လီယင်းသည် နောက်တစ်ကြိမ် အိပ်မက်ဆိုးကြောင့် လန့်နိုးလာပြန်၏။ ယွင်ချင်းစီကို မနှိုးတော့ဘဲ နဖူးပေါ်ရှိ ချွေးများကို အသာသုတ်ကာ ဧကရီကိုသာ ငေးကြည့်နေလိုက်တော့သည်။
ယွင်ချင်းစီကိုယ်တိုင် ပြုလုပ်ထားသည့် စိတ်ကို ကြည်လင်စေသော အမွှေးတိုင်ကို ထွန်းညှိထားသော်လည်း လီယင်းမှာမူ မူးဝေမိန်းမောကာ သူ ကြုံနေရသမျှတိုင်းမှာ အစစ်အမှန်မဟုတ်၊ သွေးလေချောက်ခြားနေခြင်းဟုသာ ခံစားလိုက်ရတော့သည်။
အကျင့်အတိုင်း စောင်ကိုလှပ်ကာ အိပ်ယာမှထ၍ ချီဖန့်နန်းဆောင်၏ တံစက်မြိတ်တို့ကို ငေးကြည့်နေလိုက်သည်။
ယွင်ချင်းစီက ဆောက်လုပ်ရေးကို ရပ်တန့်လိုက်ရန် ပြောခဲ့စဉ်က အဆင်ပြေပါသည်ဟု ပြောခဲ့သော်လည်း တည်ဆောက်ပြီးကာမှ ထိုအမိုးမှာ လွန်စွာ ရင်းနှီးနေလွန်း၍ ကြောက်ရွံ့မှုကို ခံစားလာရတော့သည်။ ယွင်ချင်းစီကို ဆုံးရှုံးကာ ဇာတ်သိမ်းကို မပြောင်းလဲနိုင်သည့် ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။
ဖြစ်နိုင်ပါလျှင် ဤဘဝတွင် ချီဖန့်နန်းဆောင်ကို တစ်ကြိမ်တစ်ခါမျှပင် ပြန်မတွေ့လိုတော့။
သို့သော် ယွင်ချင်းစီကို မည်သို့ ပြောရမည်မှန်းလည်း မသိချေ။
ထိုနန်းဆောင်ကို တည်ဆောက်ရန် လူအင်အားပစ္စည်းအင်အား အများအပြား သုံးခဲ့ရကာ သူသည် ကောင်းကင်ဘုံ၏ သားတော်တစ်ပါး ဖြစ်သည့်တိုင် ထင်ရာစိုင်း၍ မရကြောင်းလည်း ကောင်းကောင်း သိထားပေသည်။
ရင်းနှီးနေသည့် နန်းတော်တံခါးဝကို ဖွင့်လိုက်စဉ်မှာပင် အပြင်ဘက်ရှိ အစေခံ၏ တီးတိုးစကားသံကို ကြားလိုက်ရသည်။
"ကြည့်ပါဦး ဟိုမှာ ဘာကြီးလဲ ..."
"လလား အရမ်းကို လင်းနေသလိုပဲနော် ..."
"တကယ်ကြီးကို ထိန်လင်းနေတာ ညလင်းပုလဲများလား ..."
လီယင်းထွက်လာသည့်အခါ မည်သူမှ စကားဆက်မပြောရဲ၊ ရုတ်ချည်း ငြိမ်သက်သွားတော့သည်။
အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ကောင်းကင်ဘုံသားတော်က ခြံထဲသို့ ဆင်းကာ ရပ်နေကျနေရာတွင် ရပ်၍ မော့ကြည့်လိုက်သည်။
တစ်ကိုယ်လုံး အေးခဲသွားတော့သည်။
ထိုအရာမှာ ယွင်ချင်းစီကို မတွေ့ရသည်နှင့် တစ်ပြိုင်နက် သူ့ကို သွေးပျက်သွားစေနိုင်သည့် တံစက်မြိတ်များပင် ဖြစ်နေဆဲ ဖြစ်သော်ငြား ပုံစံမှာမူ ချက်ခြင်း ပြောင်းလဲသွားတော့သည်။
စက်ဝိုင်းပုံ မီးအိမ်တစ်လုံးကို ချိတ်ဆွဲထား၏။ အေးစက်လှသည့် ရာသီဥတု၊ မြင့်မားလှသည့် တံစက်မြိတ်အစွန်းတွင် အထဲရှိ ဖယောင်းတိုင် မီးမငြိမ်းနိုင်စေရန် မဖြစ်နိုင်လှချေ။
အထဲတွင် ထည့်ထားသည်မှာ ညလင်းပုလဲ ဖြစ်သည့်အတွက် ညသန်းခေါင်တွင် လေယူရာ ယိမ်းနွဲ့သည့် လမင်းငယ်တစ်ခုသဖွယ် ထွန်းလင်းတောက်ပနေပေသည်။
မီးအိမ်၏ အောက်တွင် ခေါင်းလောင်းများကိုလည်း ချိတ်ဆွဲထားဟန်ပင်။ လေတစ်ချက် မြူးလိုက်သည်နှင့် တစ်ပြိုင်နက် နဝမကောင်းကင်ဘုံထက်မှ ဂီတသံနှယ် တချွမ်ချွမ် ထွက်ပေါ်လာကာ လီယင်းကို ချက်ခြင်း အသိပြန်ကပ်လာစေတော့သည်။
ဤသည်မှာ ပုံရိပ်ယောင်မဟုတ်။ အမှန်တကယ် ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်ကာ ထိုမျှော်စင်မှာ အတိတ်ဘဝနှင့် တစ်ထပ်တည်း ဖြစ်သည့်တိုင် သူ ရောက်နေသည့် ကမ္ဘာမှာ အတိတ်ဘဝက ကမ္ဘာ မဟုတ်ချေ။
အမှောင်ကို ခွင်းပေးနိုင်မည့် မီးအိမ်ကို အသုံးပြုကာ တစ်စုံတစ်ယောက်က သူ့ကို အတိတ်နှင့် လက်ရှိဘဝအား ပိုင်းခြားမြင်စေနိုင်ခဲ့၏။
ဤသည်မှာ သူတစ်ဦးတည်းအတွက် ရည်ရွယ်ကာ ချိတ်ဆွဲထားသည့်၊ သူတစ်ဦးတည်းသာ ပိုင်ဆိုင်နိုင်သည့် လမင်းငယ်ပင်ဖြစ်သည်။
လီယင်း၏ နှလုံးသား တုန်ဟီးကာ ချက်ခြင်း နန်းတော်ထဲသို့ ပြန်လာလိုက်၏။ ထိုစဉ် ယွင်ချင်းစီကလည်း အကျင့်ဖြစ်နေသည့်အတိုင်း လူးလှိမ့်ရင်း အိပ်ယာခင်းကို စမ်းလိုက်မိတော့သည်။
လီယင်း နောက်တစ်ကြိမ် ထသွားပြန်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်၏။ အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေမှာပင် လက်တစ်ဖက်က သူ့လက်ချောင်းများကို ဆုပ်ကိုင်ကာ အနည်းငယ် အေးစက်နေသည့် လူတစ်ဦးက သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ယွင်ချင်းစီက မျက်ဝန်းတို့ကို တစ်ဖန် ပြန်မှိတ်ကာ နူးညံ့စွာ ပြောလိုက်သည်။
"အပြင် ထွက်ပြန်ပြီလား ..."
"အင်း ..."
လီယင်းက တင်းကြပ်စွာ ပွေ့ဖက်ရင်း တီးတိုးပြောလိုက်သည်။
"ကိုယ် တံစက်မြိတ်အစွန်းမှာ ချိတ်ထားတဲ့ မီးအိမ်ကို တွေ့လိုက်တယ် ..."
"အဲဒီ့တော့ ..."
"မင်းချိတ်ထားတာလား ..."
"အမ်...ဟမ်..."
လီယင်းက သူ့နှုတ်ခမ်းတို့ကို သည်းထန်စွာ နမ်းရှိုက်လိုက်သညိ။
ကောင်းကောင်း မနိုးလာသေးသည့် ယွင်ချင်းစီ၏ နှုတ်ခမ်းတို့မှာ လွန်စွာ နူးညံ့လှကာ တိုးဖွဖွ ညဉ်းနေသည့်အတွက် လီယင်းလည်း သူ့စိတ်ကို ပြန်ထိန်းရင်း အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။
"အားစီ ..."
"ဘာလဲ ..."
"ကိုယ့်ကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံပေးမှာလား ..."
ယွင်ချင်းစီ၏ မျက်ဝန်းတို့ ကွေးတက်သွားကာ ရယ်မောလျက် ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"မင်းရဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်တယ် ..."
"ဒါဆို ကိုယ့်ကို အမြဲတမ်း သဘောကျသွားမှာလား ..."
"အိုး ..."
ယွင်ချင်းစီက သူ၏ လေးလံနေသော စိတ်ကို သတိပြုမိသွားသည့်ဟန်။ မျက်လုံးကို ချက်ခြင်းဖွင့်ကာ ချိုမြိန်စွာ နမ်းရှိုက်လိုက်သည်။
"သေချာပေါက်ပဲပေါ့ ..."
"တကယ်လား ..."
"တကယ် ..."
ယွင်ချင်းစီသည် သူနှစ်သက်သည့် စားစရာကို တစ်သက်လုံး မငြီးမငွေ့ စားနိုင်သော၊ လူတစ်ယောက်ကို သေတစ်ပန်သက်တစ်ဆုံး သဘောကျသွားနိုင်သော သူမျိုး ဖြစ်ပေသည်။
လီယင်းက ခေါင်းကိုငုံ့ကာ ယွင်ချင်းစီ၏ နဖူးထက်တွင် ကပ်ထားလိုက်သည်။ မျက်ဝန်းတို့ စိုစွတ်လာပြန်ကာ မျှော်တလင့်လင့်ဖြင့် တောင်းဆိုလိုက်၏။
"ကိုယ့်ကို ချစ်တယ်လို့ ပြောပေးပါ ..."
"မင်းကိုချစ်တယ်
ထပ်ကြားချင်သေးတယ် ..."
ယွင်ချင်းစီ၏ မျက်နှာမှာ ပို၍ပင် ချိုမြိန်လာ၏။ သူက လီယင်းကို နမ်းရှိုက်ကာ ချိုမြိန်စွာဖြင့် ပြောလိုက်သည်။
"မင်း .. ကို .. ချစ်တယ် .. အားယင်း ..."
လီယင်းက သူ့ကို အားကုန်သုံးကာ တင်းတင်း ပွေ့ဖက်လိုက်စ။ သူ့လည်ပင်းကြား မျက်နှာထားကာ အမောတကော အသက်ပြင်းပြင်းရှူလိုက်သည်။
ကိုယ်ရောပဲ ..
ကိုယ်က အားစီကို အချစ်ဆုံးပဲ ...
ကိုယ့်ရဲ့ နတ်ဘုရားလေး ...
ကိုယ့်ကို လိုလိုလားလား ကယ်တင်ပေးခဲ့တဲ့အတွက်ကိုယ့်ကို ခွင့်လွှတ်ပေးခဲ့တဲ့အတွက် ပြီးတော့ ကိုယ့်ကို ချစ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ...