အပိုင်း ၈၁
Viewers 13k

Chapter 81
Extra 3



လီယင်းသည် ကြင်နာတတ်သည့် ဖခင်နှင့် သူ့အပေါ် တစ်ခါတစ်ရံတွင် လွန်စွာ ခက်ထန်သည့်တိုင် များစွာ ချစ်ပေးတတ်သည့် မိခင်ဖြစ်သူကို ပိုင်ဆိုင်ခဲ့သည်။

ကျန်းရှစ်ရွှယ်မှာ သူ၏‌ မိခင်ရင်းမဟုတ်ဟု မသိခင်အထိ ဤသို့သာ ခံစားခဲ့ရသည်။

သူသည် ပဏာမဇနီးမှ မွေးဖွားသည့် အကြီးဆုံးသား ဖြစ်သည့်တိုင် ထီးမွေနန်းလျာမဟုတ်။ ညီအစ်ကိုများအကြား တတိယမြောက်နေရာတွင် ရှိနေသဖြင့် အားလုံးက သူ့ကို တတိယမင်းသားဟုသာ ခေါ်ကြသည်။

တတိယမင်းသားအဖြစ် နေထိုင်ခဲ့စဉ်က ကျန်းရှစ်ရွှယ်သည် သူ့အပေါ် လွန်စွာ စည်းကမ်းတင်းကြပ်ခဲ့သည်။

ဒါပေမယ့် သူမက ဘာလို့ ဒီလောက် တင်းကြပ်ခဲ့ရတာလဲ ...

နှစ်နှစ်သားအရွယ်တွင် ကဗျာတစ်ပုဒ်ကို အလွတ်မဆိုနိုင်သည့်အတွက် လက်ဖဝါးကို ပေတံဖြင့် အရိုက်ခံခဲ့ရသည်။ သုံးနှစ်အရွယ်တွင် မြင်းထိုင်ထိုင်ခြင်းကို ဟန်ချက်မထိန်းနိုင်သည့်အတွက် အချက်ရေ တစ်ဒါဇင်ခန့် အရိုက်ခံခဲ့ရသည်။

ဖခင်ဖြစ်သူကလည်း ကျန်းရှစ်ရွှယ်ကို သဘောမကျသည့်အတွက် သူမ၏ နန်းဆောင်သို့ ခြေဦးပင် မလှည့်ရာ ထိုအကြောင်း မသိခဲ့ချေ။

ဒါဆို သူမက သူ့ကို ဘယ်လို ချစ်ပေးတာလဲ ...

သူ့ကို ဒဏ်ပေးပြီးလေတိုင်း သူမက မျက်ရည်လည်ရွှဲဖြင့်‌ ရောက်လာကာ ကိုယ်တိုင်ကိုယ်ကျ‌ ဆေးလိမ်းပေးပြီး ဤသို့ ပြောလေ့ရှိသည်။

"အမေက သား ကောင်းစားဖို့အတွက် လုပ်ခဲ့တာပါ တကယ်လို့ သားသာ စာမကြိုးစားရင် သားရဲ့ ထူးချွန်မှုတွေကို မင်းအဖေ မမြင်နိုင်ခဲ့ရင် ဘယ်လိုလုပ်ပြီး အိမ်ရှေ့စံ ဖြစ်လာနိုင်မှာလဲ ..."

လီယင်းပေါက်စလေးက သူမကို ယုံကြည်ကာ သတိထားလျက် ပြောလိုက်သည်။

"ဒါပေမယ့် နာတယ် ..."

ကျန်းရှစ်ရွှယ်က သူ့လက်ဖဝါးကို လေမှုတ်ပေးကာ ညင်သာစွာ ပြောလိုက်သည်။

"နောက်တစ်ခေါက်ကျ အမေ သာသာလေးပဲ ရိုက်ပါ့မယ် ..."

မူလက ယုံကြည်ခဲ့သေး၏။

သို့သော် သူ့အသက် ကြီးလာလေလေ ပြစ်ဒဏ်မှာ ပိုမိုပြင်းထန်လာလေဖြစ်ကာ ထို "နောက်တစ်ကြိမ်ကျ သာသာလေးပဲ ရိုက်ပါ့မယ်" ဟူသည့် စကားမှာလည်း သူ့ကို ချော့မော့ရန် ပြီးစလွယ် ပြောလိုက်သည့် မုသားစကား တစ်ခွန်းမျှသာဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ထို့ကြောင့် မည်မျှပင် နာကျင်ပါစေ မငိုကြွေးတော့။

လီယင်းမှာ လွန်စွာ စိတ်ထားကောင်းသည့် ကလေးတစ်ဦး ဖြစ်ပေသည်။ ငယ်စဉ်ကတည်းက အမူအကျင့်ကောင်းများ ပိုင်ဆိုင်ကာ သူ့နှလုံးသားမှာလည်း အလွယ်တကူ နူးညံ့လွယ်၏။ မည်မျှပင် အရိုက်ခံရပါစေ ကျန်းရှစ်ရွှယ်က ငိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ‌ ကောင်းစားရန် လုပ်ပေးခြင်းဟုသာ သတ်မှတ်လိုက်တော့သည်။

ငါးနှစ်သားအရွယ်တွင် ဖခင်၏ မွေးနေ့ပွဲ ကျင်းပရန်အတွက် အခြားကလေးများနှင့်အတူ ဖခင်နေထိုင်ရာ နန်းဆောင်သို့ ထွက်လာလိုက်၏။ သူ မှတ်မိသည့် ကဗျာအပုဒ်ရေမှာ အခြားသူများထက် များပြားကာ မည်သူကမှ သူ့ကို မယှဉ်နိုင်။ သက်တူရွယ်တူများအကြား ပထမဆုံးအကြိမ် ဝင့်ကြွားနိုင်ခဲ့ခြင်းဖြစ်ရာ ထိုညက ညဉ့်နက်သည်အထိ အိပ်မပျော်နိုင်ခဲ့။ ထိုစဉ် ကျန်းရှစ်ရွှယ်က သူ့ထံ လူလွှတ်ကာ ဆင့်ခေါ်လိုက်သည့်အတွက် အမြန် ထွက်လာခဲ့ရသည်။

နန်းဆောင်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် မိခင်ဖြစ်သူသည် သူ့ကို နောက်ကျောပေးထားကြောင်း တွေ့လိုက်ရသည်။ သူမက တင့်တယ်စွာဖြင့် ပြောလိုက်၏။

"ဒီနေ့ အားယင်းက ထင်ပေါ်ကျော်ကြားမှုတွေ အများကြီး ရလာခဲ့တာပဲ ..."

သူက အနည်းငယ် သတိကပ်သွားတော့၏။ ကလေးအသံလေးဖြင့် နူးညံ့စွာ ပြောလိုက်သည့်တိုင် စကားလုံးများမှာမူ ပြတ်သားနေပေသည်။

"သူတို့က ကျွန်တော်လောက် မတော်ကြဘူး ..."

ကျန်းရှစ်ရွှယ်က သူ့အတွက် ဂုဏ်ယူလိမ့်မည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်သူက အထင်အမြင်သေးစွာ လှောင်ရယ်လိုက်သည်။

"မင်းရဲ့ ရည်မှန်းချက်က နာမည်ကောင်းရဖို့ မဟုတ်ဘူး မင်းတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူ မင်းတို့ရဲ့ ခမည်းတော် စိတ်ကျေနပ်အောင် လုပ်ပေးဖို့ပဲ ..."

လီယင်းက ချက်ကျလက်ကျ ပြန်လည်ချေပလိုက်သည်။

"ကျွန်တော်သာ လုံလုံလောက်လောက် ထူးချွန်ရင် ခမည်းတော်လည်း ..."

ကျန်းရှစ်ရွှယ်က သူ့ကို လက်ပြန်ရိုက်လိုက်၏။

သူ့အဖို့ အရိုက်ခံရသည်မှာ မဆန်းလှတော့ရာ ချက်ခြင်း ဒူးထောက်ချလိုက်တော့သည်။

သူမက ပြောလိုက်သည်။

"လီယင်း မင်းကို အိမ်စာတွေ လုပ်ဖို့ တွန်းအားပေးတယ်ဆိုတာ မင်း အရည်အချင်း ရှိလာဖို့ပဲ မင်းကို ကျော်ကြားအောင် လုပ်ပေးတာလည်း မဟုတ်ဘူး မင်းရဲ့ မာနတွေ တောက်ပလာအောင်လည်း မဟုတ်ဘူး မင်းကို အိမ်ရှေစံ ဖြစ်စေချင်တာ နားလည်လား ..."

လီယင်းက မျက်လွှာချကာ ပြန်ဖြေလိုက်သည်။

"အားယင်း မှားသွားပါတယ် ..."

"ငါက ဧကရီဝေ့နဲ့ တစ်ချိန်တည်း ကိုယ်ဝန်လွယ်ခဲ့ရတယ်ဆိုတာ သိလား ပြီးတော့ မင်းအဖေက သူမကိုပဲ သဘောကျလို့ သူမရဲ့ ကလေးကို မွေးမလာခင်ကတည်းက အိမ်ရှေ့စံနေရာ ပေးခဲ့တာ အသေလေး မွေးခဲ့တာတောင် သူက ဒုတိယမင်းသား ဖြစ်နေတုန်းပဲ မင်းက သူ့ထက် ၁၅ မိနစ်ပဲ နောက်ကျပေမယ့် တတိယအဆင့်ပဲ ရခဲ့တယ်လေ ..."

လီယင်းသည် ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခြင်း ခံရသည့် ဧကရီဝေ့မှာ မည်မျှအထိ ကောက်ကျစ်ရက်စက်လှကြောင်း နားနှင့် မဆန့်လောက်အောင်ပင် ကြားခဲ့သည့်အတွက် ခေါင်းငုံ့ထားလျက်သာ နားထောင်နေလိုက်တော့သည်။

"မင်းရဲ့ ခမည်းတော်အတွက် ငါတို့ ကျန်းမိသားစု တစ်ခုလုံး သေလုအောင် ကြိုးစားခဲ့ရတယ် ငါကလည်း သူ့အတွက် ကိုယ်ဝန်လွယ်ပေးရတယ် ဒါပေမယ့် ဘာပြန်ရခဲ့လဲ အားယင်း ဒီအမေက ဘာပြန်ရခဲ့လဲ ရင်အနာခံပြီး ငါ့‌ကလေးကို အရည်အချင်းရှ်ိတဲ့သူ ဖြစ်လာအောင် တွန်းအားပေးရတယ် ပြီးတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ရဲ့ အသိအမှတ်ပြုတာကို နည်းနည်းလေးတောင် မရခဲ့ဘူးလေ ..."

"မင်းကို ရိုက်တိုင်းရိုက်တိုင်း ဒီအမေရဲ့ အသည်းနှလုံးတွေလည်း အရမ်းကို နာကျင်ခဲ့ရတာ ..."

သူမက ပြောလိုက်သည်။

"အားယင်း သားက အမေ့အတွက် တိုက်ခိုက်ပေးရမယ် အဲဒီ့ ငနုံလေးတွေနဲ့ မပေါင်းနဲ့ မင်းရဲ့ ပန်းတိုင်က ခမည်းတော် တစ်ယောက်တည်းပဲ နားလည်လား ..."

"ဒါပေမယ့် တကယ်လို့ အိမ်ရှေ့စံ ဖြစ်လာရင် အနာဂတ်မှာ သူတို့နဲ့ အလုပ်တွဲလုပ်ရမှာလေ ရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေ ရထားရင် ဆိုးကျိုးရယ်လို့မှ မရှိနိုင်တာ ..."

လီယင်းမှာ နားမလည်နိုင်။

"ဘာလို့ အမေက ဒီသားကို မိတ်ဆွေဖွဲ့ခွင့် မပြုရတာလဲ ကျွန်တော့်ကို တကယ်ပဲ အိမ်ရှေ့စံ ဖြစ်စေချင်တာရော ဟုတ်ရဲ့လား ..."

ပါးရိုက်ခံလိုက်ရပြန်ကာ နာကျင်မှုက တစ်ဖန် ထွက်ပေါ်လာပြန်၏။ သူမက ပြောလိုက်သည်။

"မင်း ပိုင်ဆိုင်ထားသမျှ အရည်အချင်းတွေအကုန် ငါပေးထားတာဆိုတာကို မြဲမြဲမှတ်ထား ငါက အတင်းအကြပ် တွန်းအားပေးပြီး စာလေ့လာခိုင်းလို့သာ မဟုတ်ရင် ဒီလိုမျိုး ထင်ပေါ်ကျော်ကြားလာမတဲ့လား ..."

"ဒီသားက အမေ့ရဲ့ သင်ပြမှုကို မငြင်းဆန်ပါဘူး ကိစ္စတွေကို အရှိအတိုင်း ဝေဖန်ပိုင်းခြားနေတာပါ အမေသာ ကျွန်တော့်ကို တကယ်ပဲ အိမ်ရှေ့စံ ဖြစ်စေချင်ရင် တော်ဝင်မိသားစု အသိုင်းအဝိုင်းထဲမှာ ဝင်ဆန့်ဖို့ ကျိန်းသေ အားပေးမှာလေ ရုံးတော်က အဖေ့ရဲ့ နောင်ဖေးခြံဝန်းမှ မဟုတ်တာ အဖေ့ကို စိတ်ကျေနပ်စေချင်ရင် တစ်ခြားတစ်နည်း ရှာတာက ပိုကောင်းပါတယ် ကျွန်တော့်မှာသာ ဂုဏ်သတင်းကောင်း ရှိလာရင် ခမည်းတော်လည်း ..."

"လာကြစမ်း ..."

သူမက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"ပေတံယူလာခဲ့ ...

သူမက သုန်မှုန်နေသော မျက်နှာဖြင့် အနားသို့ တိုးလာသည်။

"လက်ကို ရှေ့ထုတ်ထား ..."

လီယင်းက ချက်ခြင်း လက်ကို နောက်ပို့လိုက်မိတော့သည်။

"ထုတ်ထားစမ်း ..."

သူက နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။

"အားယင်းက အမှားကို သိပါပြီ ..."

ထိုအမျိုးသမီးက သူ့ပါးကို ပေတံဖြင့် ကြမ်းတမ်းစွာ ရိုက်ပြီး အော်ပြောလိုက်သည်။

"လက်ပေးစမ်း ..."

လီယင်းက တုန်ရီစွာဖြင့် လက်ကို ဆန့်ထုတ်ပေးလိုက်သည်။

ထိုစဉ်က သူ့အတွေးတို့ကို လမ်းကြောင်းမှန်စေရန် အလို့ငှာ ကျန်းရှစ်ရွှယ်က အကြိမ်ပေါင်းများစွာ ရိုက်ခဲ့၏။ အကြိမ်ရေ များပြားလွန်း၍ တိတိကျကျပင် မမှတ်မိတော့ချေ။ လက်တစ်ခုလုံး သွေးချင်းချင်းနီကာ မူးမေ့လဲသွားသည်ကိုသာ သတိရနေတော့သည်။

ထို့နောက် သုံးရက်သုံးညတိုင်တိုင် ပြင်းစွာ နာဖျားခဲ့၏။

နိုးလာသည့်အခါ ပုံမှန်အားဖြင့် တွေ့ရခဲသည့် ဖခင်ဖြစ်သူက နူးညံ့ကြင်နာသော အကြည့်တို့ဖြင့် သူ့ကို ကြည့်နေပေသည်။

"နိုးလာပြီလား ..."

ဧကရာဇ်က နွေးထွေးစွာ ပြောလိုက်သည်။

"ဘယ်လိုနေသေးလဲ နေလို့ သက်သာလား ..."

"အမ်း ..."

သူက ဂရုတစိုက် ရွေ့လျားလိုက်သည်။ သူ့လက်ဖဝါးတစ်ခုလုံးကို ပတ်တီးတို့ဖြင့် တင်းကြပ်စွာ စည်းနှောင်ထား၏။ ဖခင်ဖြစ်သူက မည်းမှောင်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ 

"ဒီအဆိပ်ပြင်းတဲ့ မိန်းမကတော့ .. ကိုယ့်ကလေးကိုတောင် ဒီလိုမျိုး ရက်ရက်စက်စက် အပြစ်ပေးရက်တယ် အားယင်း မကြောက်နဲ့ ခမည်းတော်က သားအတွက် တရားမျှတမှုကို ပြန်ရှာပေးမယ် ..."

‌ကျန်းရှစ်ရွှယ်မှာ သုံးရက်တိုင် အကျယ်ချုပ် ချခံထားရကာ သူမ ထွက်လာသည့်အခါ ကြိမ်ဒဏ်ပေးခံထားရကြောင်း တွေ့လိုက်ရသည်။  ထိုတစ်ခဏ၌ လီယင်းက ခမည်းတော်သည် သူ့အတွက် ကြိမ်ဒဏ်ပေးသည်ဟု ထင်ခဲ့မိသေးသော်ငြား ကျန်းရှစ်ရွှယ်က ဧကရီဝေ့အကြောင်း ပြောမိ၍ဟု ရှင်းပြလာသည်။ သူမက ဧကရာဇ်၏ ဒေါသကို တမင်တကာဆွကာ လီယင်းကို ပြောရန် အရှိုးရာအပြည့်ဖြင့် ပြန်လာခြင်းဖြစ်သည်။

"မင်းအမေအတွက် မပူနဲ့ အမေက တကယ် ပျော်နေတာ နောက်ဆုံး နောက်ဆုံးတော့ မင်းရဲ့ ခမည်းတော်က အမေ့ကို သတိပြုမိသွားပြီ ..."

သူမက လီယင်းသည် ငယ်စဉ်ကတည်းက ကျမ်းဂန်စာပေများနှင့် ရင်းနှီးကာ သဘောမနောကောင်းပြီး သားသမီးဝတ္တရား ကျေပွန်သည့်တိုင် လွန်စွာ ကျိုးကြောင်းဆင်ခြင်တတ်ကြောင်း သိပေသည်။ သူမ လုပ်သမျှတိုင်းမှာ သူ့အနာဂတ်အတွက်ဟု ပြောနေသရွေ့ ရန်သူ၏ ယုံကြည်မှုကို ရရှိရန် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်သည့် ခါးသီးသော ပရိယာယ်တစ်ခုအဖြစ် မြင်ကာ သူမနှင့် ခပ်ဝေးဝေး နေတော့မည် မဟုတ်ချေ။

လီယင်းက အမှန်တကယ်လည်း ထိုအတိုင်းပင် လုပ်ခဲ့သည်။

ဖခင်ဖြစ်သူ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်းမှာ ဘေးဒုက္ခကြားမှ ကောင်းချီးတစ်ပါးပင်။ သူသည်လည်း ဖခင်ဖြစ်သူကဲ့သို့ပင် ကျန်းရှစ်ရွှယ်ကို များစွာ သဘောမကျလှသည့်တိုင် သားတစ်ဦး၏ တာဝန်ကို ကျေပွန်အောင် အကောင်းဆုံး ကြိုးစားကာ မိဘနှစ်ပါးအကြား သွေးထိုးရန် စိတ်ပင်မကူးခဲ့။

ဖခင်ဖြစ်သူက သူ့ကို စိတ်ပူ၍ မေးမြန်းလေတိုင်း အဆင်ပြေသည်ဟုသာ ဖြေခဲ့တော့သည်။

အမှန်တကယ်မှာ သည်းခံနိုင်လောက်သည့် အရာများအတွက် မိခင်ဖြစ်သူကို အပြစ်ပေး မခံစေလို၍ ဖြစ်သည်။

နောက်ပိုင်းတွင် ကျန်းရှစ်ရွှယ်က ကိုယ်ဝန် ရလာပြန်၏။ မူလက လီယင်းမှာ လွန်စွာ ဝမ်းသာကာ ညီလေး သို့မဟုတ် ညီမလေး ရလာတော့မည်ဟု တွေးနေခဲ့မိသည်။

‌ကျန်းရှစ်ရွှယ်၏ လီယန်အပေါ် သဘောထားမှာ သူ့အပေါ် သဘောထားနှင့် လွန်စွာ ကွာခြားလှကြောင်း သတိပြုမိသွားတော့၏။ လီယန်က ငယ်ရွယ်သေး၍ သူ့ကို နာနာကျင်ကျင် ဆုံးမရန် တုန့်ဆိုင်းနေခြင်းဟု တွေးခဲ့သည်။ တစ်ဖန် လီယန်သည် အငယ်ဖြစ်၍ မိခင်၏ မျက်နှာသာပေးမှုကို ရထိုက်သည်ဟု တွေးလိုက်ပြန်၏။ ထို့နောက် သူသည် ထီးနန်းကို ဆက်ခံခွင့် ရထားပြီးဖြစ်ရာ ကျန်းရှစ်ရွှယ်တွင် လီယန့်ကို ခက်ထန်စွာ ဆက်ဆံရန် မလိုဟု တွေးလိုက်ပြန်သည်။

မည်သို့ပင် တွေးပါစေ သူ့ကိုယ်သူ အယုံသွင်းနေခြင်းသာ ဖြစ်ကာ ကျန်းရှစ်ရွှယ်သည် သူ့ကို တစ်ကြိမ်တစ်ခါမျှပင် မချစ်ခဲ့ကြောင်း လက်ခံရပေတော့မည်။

ထို့ကြောင့် တစ်ဖြည်းဖြည်း မျှော်လင့်ချက်များကို ဖက်တွယ်မနေတော့။ အဆုံး၌ သူ့တွင်လည်း နတ်ဘုရားငယ်လေး ရှိလာနေပြီဖြစ်သည်။ ထိုနတ်ဘုရားငယ်လေးသည်လည်း နောက်ပိုင်းတွင် သံသယလွန်ကဲကာ အစွန်းရောက်လာသည့်တိုင် သူ့နှလုံးသား၏ တစ်ဦးတည်းသောပိုင်ရှင် ဖြစ်ပေသည်။

ဤဘဝမှာ ပြီးပြည့်စုံပြီဟု တွေးလိုက်၏။

လီယင်းနှင့် ယွင်ချင်းစီတို့သည် ခရီးထွက်ကာမှ စတင်တွေ့ဆုံကြခြင်းဖြစ်သည်။ ထိုစဉ်က သူသည် အိမ်ရှေ့စံအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကာ ချင်ဖေးလောကလည်း အမတ်ချုပ်ယွင်နှင့် ပြတ်စဲပြီး ယွင်ချင်းစီကို ဖခင်ဖြစ်သူနှင့် တွေ့ဆုံရန် ယွင်စံအိမ်သို့ ပို့ပေးမည်ဟု ကတိပေးခဲ့သည့်အချိန်ဖြစ်သည်။

ယွင်ချင်းစီမှာ ရှိရင်းစွဲအသက်ထက် လွန်စွာ ငယ်ရွယ်ကာ ခုနစ်နှစ်အရွယ် ဖြစ်သည့်တိုင် ငါးနှစ်သားဟုသာ ထင်ရသည်။ မတိုင်ခင်ညတွင် ချင်ဖေးလောက သူ့ကို သစ်သားရေစည်ထဲ ထည့်၍ ရေချိုးပေးလိုက်၏။ ရေထဲပေါ်နေသည့် သူ့ကိုယ်လုံးမှာ အဖြူရောင် ကျောက်စိမ်းဖက်ထုပ်တစ်ခုနှယ်ပင်။

ချင်ဖေးလောက သူ့ကို ဆေးကြောပေးရင်းပင် သင်ပြနေလိုက်၏။

"ပြန်ရောက်တဲ့အခါ တစ်ယောက်ယောက်က အနိုင်ကျင့်ရင် အမေ့ကို ပြောရမယ်နော် သိလား ..."

"အဖေနဲ့ ကောကောတို့က အနိုင်မကျင့်လောက်ပါဘူး ..."

"အမေက သူတို့မဟုတ်တဲ့ တစ်ခြားသူတွေကို ပြောတာ ..."

သူမက သတိပေးလိုက်သည်။

"ဘာကိုမှ ကြိတ်မခံစားနဲ့ ထုတ်ပြော သိလား ပြဿနာရှာတဲ့ ကလေးတွေပဲ သကြားလုံး စားရမှာ ..."(ငိုတဲ့ကလေးမုန့်စားရတယ်)

"ဒါဆို ရေခဲစိမ်ကြာစေ့ကို စားချင်တာကရော ပြဿနာ ရှာတာပဲလားဟင် ..."

ချင်ဖေးလော၏ မျက်နှာမှာ တင်းမာသွားတော့သည်။

"ရေခဲ စားလို့ မရဘူး ..."

"အိုး ..."

ယွင်ချင်းစီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ ချက်ပေါက်ကို လက်ဖြင့် နှိုက်နေလိုက်သည်။ ချင်ဖေးလောက သူ့လက်ကို ဖြန်းခနဲ ရိုက်လိုက်၏။

"အဲဒီ့လို လျှောက်ပြီး မနှိုက်ရဘူး ဗိုက်နာလာလိမ့်မယ် ..."

ယွင်ချင်းစီကလည်း လိမ်လိမ်မာမာဖြင့် လက်ကို နောက်ပြန်ဆုတ်လိုက်သည်။ သူ့ကို ဆေးကြောပေးပြီးနောက် ချင်ဖေးလောက ပုဝါဖြင့်ပတ်ကာ ကုတင်ပေါ် ခေါ်သွားပြီး ခြောက်သွေ့အောင် သုတ်ပေးလိုက်သည်။

ယွင်ချင်းစီက လက်မောင်းသေးသေးလေးကို မြှောက်ကာ နှာတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်သည်။ ချင်ဖေးလောမှာ မပျော်ရွှင်တော့။

"ဘာတွေ အနံ့ခံနေတာလဲ ..."

"အဖေ့ကို တွေ့တဲ့အခါကျ မွှေးနေချင်လို့ ..."

"မနက်ဖြန်ကျမှ အမွှေးနံ့သာတွေ ယူပေးမယ် ..."

ချင်ဖေးလောက သူ့ကို အိပ်ယာထဲသို့ ထိုးထည့်လိုက်သည်။ ယွင်ချင်းစီ ပေါက်စလေးက မျက်လုံးကို လှိမ့်ကာ အနားတိုးရန် ငြင်းဆန်လိုက်၏။ သူမလည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။

"ဒီလောက်တောင် ပျော်လား ..."

ယွင်ချင်းစီသည် ဖခင်ဖြစ်သူကို ကလေးဘဝကတည်းက မတွေ့ခဲ့ရ၊ သားအဖနှစ်ဦးတွဲလေးများကို ‌တွေ့လေတိုင်း အားကျခဲ့ရသည့်အတွက် ပျော်သည်ဟု ပြောလိုက်ချင်သော်လည်း မိခင်ဖြစ်သူ၏ အကြည့်တို့နှင့် ရင်ဆိုင်လိုက်ရသည့် တစ်ခဏ၌ စကားလုံးတို့ကို ပြန်မျိုချလိုက်တော့သည်။ သူမ၏ လည်ပင်းကိုဖက်ကာ ပွတ်သီးပွတ်သပ်ဖြင့် ပြောလိုက်သည်။

"ဘာလို့ဆို အမေနဲ့ မခွဲနိုင်လို့ ..."

"ပါးစပ်လေးကတော့ ချိုနေတာပဲ ..."

ချင်ဖေးလောက သူ့မျက်နှာနုနုကို နမ်းကာ သက်ပြင်းချလိုက်သည်။

"ရှောင်စီက ဘာလို့ တအား လိမ္မာနေရတာလဲ .. ဟမ် ကောင်‌မလေးတွေရှေ့မှာ စကားကို ဒီလို ချိုချိုလေး ပြောခွင့်မပြုဘူးနော် နားလည်လား ..."

"သိပါတယ် ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ကျက်သရေရှိရှိ တည်တည်ငြိမ်ငြိမ်နဲ့ လိမ်လိမ်မာမာ နေရမယ် ..."

"တော်လိုက်တဲ့ ကလေးလေး ..."

ချင်ဖေးလောက သူ့မျက်နှာကို ထပ်နမ်းလိုက်ပြန်သည်။

နောက်တစ်နေ့တွင် ဦးလေးတင်းက မွှေးကြိုင်နေအောင် ဝတ်စားထားသည့် ယွင်ချင်းစီအား အမတ်ချုပ်အိမ်တော်သို့ ခေါ်ဆောင်လာလိုက်သည်။ မိခင်ဖြစ်သူ၏ ရှေ့တွင် ရင်ထဲ ရှိသမျှ ထုတ်ပြောရဲသော်ငြား ဖခင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လွန်စွာ ရှက်ရွံ့သည့်အတွက် ဦးလေးတင်း၏ အနောက်သို့ အမြန် ဝင်ပုန်းလိုက်တော့သည်။ အမတ်ချုပ်ယွင်က သူ့ကို အချိန်ကြာမြင့်စွာ ချော့မော့ပြီးမှသာ ခေါင်းထုတ်ကြည့်လျက် တုန့်ဆိုင်းစွာ ထွက်လာပြီး အ‌ဖက်ခံလိုက်ရတော့သည်။

ယွင်ချင်းစီက အနည်းငယ် ရှက်လည်းရှက်၊ ကြောက်လည်း ကြောက်နေပေသည်။

အမတ်ချုပ်အိမ်တော်သို့ ပြန်ရောက်လာသည့်နေ့က ဖခင်ဖြစ်သူနှင့်ဖြစ်စေ၊ အစ်ကိုများနှင့်ဖြစ်စေ ပူးကပ်နေသည့်အတွက် အားလုံးက သူ့ကို ဖြုတ်ချ၍ မရသည့် အမြီးလေးဟုပင် စနောက်လိုက်ကြတော့သည်။

မိသားစုတွင် အငယ်ဆုံး ဖြစ်သည့်အတွက် အမတ်ချုပ်ယွင်ကလည်း သူ့ကို လွန်စွာ ချစ်ခင်ကာ အလိုရှိသမျှတိုင်းကို ပေးခဲ့၏။ အခြားခြံဝင်းများတွင် စားခွင့်မရှိသည့် စားစရာများကိုပင် စားသောက်ခွင့် ရသည့်အတွက် ဖခင်ဖြစ်သူကို ပို၍ပင် သဘောကျလာတော့သည်။ ဖခင်ဖြစ်သူ ရုံးတော်မှ ပြန်လာသည်နှင့် တစ်ပြိုင်နက် မခွါတမ်း ကပ်နေတော့၏။

အမတ်ချုပ်ယွင်ကလည်း ရုံးကိစ္စများ ဖြေရှင်းရင်းဖြစ်စေ၊ ဧည့်သည်များနှင့် တွေ့ဆုံစဉ်ဖြစ်စေ သူ့ကို မပြတ်ချီပိုးထားတတ်သည်။ သိူ့သော် ယွင်ချင်းစီကမူ လူသူအထိအတွေ့ နည်းပါးသည့်အတွက် လူအများအပြားနှင့် တွေ့လိုက်ရလေတိုင်း ဖခင်ဖြစ်သူ၏ နောက်တွင် ပုန်းအောင်းကာ မျက်နှာပင် မပြတော့။

သူ၏ လူကပ်မှုကြောင့်အပြင် အမတ်ချုပ်ယွင်ကလည်း သူနှင့် မခွဲနိုင်သည့်အတွက် ခရီးထွက်ရာတွင် ယွင်ချင်းစီကိုပါ ခေါ်ဆောင်လာခဲ့ရတော့သည်။

ရှန့်ယန်မြို့အပြင်ဘက်သို့ လှေခရီးဖြင့် လှည့်လည်ရမည်ဟု သိလိုက်ရသည့်အခါ ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားတော့သည်။

မိခင်ဖြစ်သူထံ ထိုသတင်းကို အပြေးသွားကာ ပြောပြလိုက်၏။ ချင်ဖေးလောမှာ စိတ်ပျက်မှုကို သည်းမခံနိုငိ။ သို့သော် ဤသည်မှာ ယွင်ချင်းစီအတွက် အမတ်ချူပ်စံအိမ်တော်နှင့် ပိုမိုကာ အသားကျပြီး ယွင်ယွီနှင့် ပိုမိုရင်းနှီးနိုင်မည့် အခွင့်အရေး ဖြစ်သည့်အတွက် သဘောတူလိုက်ရတော့သည်။

ခရီးထွက်ရမည့်နေ့‌၌ တံတားအောက်တွင် စောင့်နေသော ယွင်ချင်းစီသည် ဤမျှ ကြီးမားလှပသည့် လှေမျိူး တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသည့်အတွက် လှေပေါ်တက်ရန် မစောင့်နိုင်တော့ချေ။

ထိုစဉ် လူတစ်ယောက်ကို ဝင်တိုက်မိလိုက်၏။

မော့ကြည့်လိုက်သည့်အခါ အတိုက်ခံလိုက်ရသူ၏ ရှည်လျားသည့် နှာတံ၊ နက်‌ရှိုင်းသည့် မျက်ဝန်း၊ ဖြူဖွေးသည့် အသားအရေ၊ ဖျော့တော့သည့် နှုတ်ခမ်းနှင့် ထင်းထွက်နေသော အရှိန်အဝါတို့ကို ဦးစွာ သတိပြုမိလိုက်တော့သည်။

ဒီနတ်သားကိုကိုက ဘယ်က ရောက်လာတာလဲ ...

ဒုတိယအတွေးမှာ ...

သွားပါပြီ ဘယ်သူ့ကို ဝင်တိုက်မိလိုက်တာလဲ မသိဘူး ...

ချက်ခြင်း လှည့်ပြေးသွားကာ အမတ်ချုပ်ယွင်၏ အင်္ကျီစကို ခပ်တင်းတင်း ဆွဲကိုင်ထားတော့သည်။

လီယင်း၏ တုန့်ပြန်ပုံမှာလည်း သူနှင့် ဆင်တူလှ၏။

ဒီကလေးလေးက ဘယ်က ရောက်လာတာလဲ ကွမ်ရင်မယ်တော်ရဲ့ သားလို့တောင် ထင်ရတယ် ချောလိုက်တာ .. 

ဒုတိယတုန့်ပြန်ပုံမှာ ..

ဒီသင်္ဘောက ဧကရာဇ်ရဲ့ သင်္ဘောဆိုတာကို သိရဲ့နဲ့ ဘယ်အမတ်ကများ ဒီလောက် ချစ်စရာကလေးလေးကို အတင့်ရဲပြီး ခေါ်လာရဲရတာလဲ ...

သင်္ဘောခန်းဆီးကို လှပ်ကာ အမတ်ချုပ်ယွင်ကို မတွေ့ရခင်အထိ ဤသို့သာ တွေးနေလိုက်သည်။

.. အိုး ဒါလေးက ဆရာ့မိသားစုက အငယ်ဆုံးလေး ဖြစ်နေတာကိုး ....