Chapter 82
Extra 4
အမတ်ချုပ်ယွင်နှင့် လီယင်း၏အဖေတို့က မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုဟုခေါ်ပြီး မည်သည့်အကြောင်းကိစ္စကိုမဆို ပြောကြပေသည်။
သူတို့က ဆယ်ကျော်သက်အရွယ်တည်းက သူငယ်ချင်းများဖြစ်ခဲ့ကြခြင်းပင်။
မည်သူကမှ ကောင်းကင်ဘုံသားတော်၏ရှေ့တွင် မသင့်တော်သည့်ကလေးကို မခေါ်လာရဲသော်လည်း အမတ်ချုပ်ယွင်ကမူ ချွင်းချက်ဖြစ်သည်။
လီယင်းက သူ့ကို ဦးညွတ်လိုက်သည်။
" ဆရာ..."
" အရှင်..."
အမတ်ချုပ်ယွင်က ပြန်ဦးညွတ်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။
" ဒါ ကျွန်တော်မျိုးရဲ့ အငယ်ဆုံးသားလေးပါ... ချင်းစီ ထွက်လာပြီးတော့ အရှင့်ကို ဂါရဝပြုလိုက်ဦး..."
ယွီချင်းစီက တည်ကြည်စွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အရှင်မင်းသားကို ဂါရဝပြုပါတယ်..."
ထို့နောက်တွင် ရယ်သံတစ်သံ ရုတ်ချည်းထွက်ပေါ်လာပြီး လီဟုန်က ပြောလိုက်သည်။
" ဘာ အရှင်မင်းသားလဲ မင်းက အပြင်လူမို့လား... တစ်ယောက်နဲ့တစ်ယောက် ချင်းစီနဲ့ ယင်းကောကောလို့ခေါ်လေ..."
" အရှင်မင်းကြီး စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှု့ထားလို့ မရပါဘူး..."
အမတ်ချုပ်ယွင်က ဦးညွတ်ပြီးပြောလိုက်သည်။
" ငါတို့တွေက အပြင်ကို စိတ်ပြေလက်ပျောက်ထွက်လာတာလေ နန်းတော်ထဲမှာမှ မဟုတ်တာ ဒီလိုစည်းမျဉ်းစည်းကမ်းတွေ မလိုပါဘူး..."
သူ ယွင်ချင်းစီကို လက်ယပ်ခေါ်ပြီး ပြောလိုက်သည်။
" ရှောင်စီ လာပါဦး... အဲ့မှာ အရသာရှိတဲ့ စားစရာတွေ အများကြီးပဲ ယင်းကောကောကို ခေါ်သွားခိုင်းလိုက်..."
ညွှန်ကြားချက်ရသည်နှင့် လီယင်းက ယွင်ချင်းစီကို လက်ကမ်းပေးလိုက်သည်။
ယွင်ချင်းစီက သူ့အဖေကို တွန့်ဆုတ်စွာဖြင့်ကြည့်ပြီးနောက်တွင် ခွင့်ပြုချက်ရလိုက်သည်နှင့် လီယင်း၏လက်ကို ပြန်ကိုင်လိုက်သည်။
အမတ်ချုပ်ယွင်က သတိပေးရန်လည်း မမေ့ပေ။
" အေးတဲ့စားစရာတွေ မစားနဲ့နော်..."
ထိုအချိန်က ရာသီဥတုအလွန်ပူပြင်းလှ၍ ယွင်ချင်းစီက အေးသည့်စားစရာများ စားရသည်ကို အလွန်နှစ်သက်လှသော်လည်း အမတ်ချုပ်ယွင်၏စကားကြောင့် လီယင်းက အခန်းအပူချိန်နီးနီး ပူနွေးသောစားစရာများကိုသာ ယွင်ချင်းစီထံယူလာရန် အမိန့်ပေးလိုက်သည်။
ယွင်ချင်းစီက စပျစ်သီးနှစ်လုံးကို စားပြီးနောက် လှေပေါ်တွင် ရေခဲဘူးမပါလာဟု တွေးလိုက်မိသော်လည်း ခဏအကြာတွင် လီယင်း၏ရှေ့တွင် အေးစက်နေသည့် စပျစ်သီးနှစ်ပန်းကန်လာချထားသည်အား တွေ့လိုက်ရသည်။ ယွင်ချင်းစီက လီယင်းစားနေသည်ကိုကြည့်ပြီး သူ့လက်ထဲက အရာကို "ဘာကြီးလဲ" ဟူသောပုံစံဖြင့် ကြည့်နေလိုက်သည်။
ယွင်ချင်းစီ : “…”
သူ့လက်ထဲမှ စပျစ်သီးနှင့် လီယင်း၏လက်ထဲမှ စပျစ်သီးကိုကြည့်ပြီး မသိမသာတံတွေးမျိုချကာ တိုးတိုးလေး ပြောလိုက်သည်။
" ကျွန်တော်လည်း အဲဒါစားချင်တယ်..."
" မင်းကို အေးတာတွေမစားနဲ့လို့ ဆရာက မှာထားတယ်လေ..."
" စားလို့ရတယ်..."
" သကြားကိတ်စားရင်ရော..."
" မစားဘူး..."
ယွင်ချင်းစီက သူ့ကို စတင်မုန်းတီးလာတော့မည့်အချိန်မှာပင် လီယင်းက သူ့အပြုအမူကို မတရားကြောင်း သဘောပေါက်သွားသည်။ သူ့ရှေ့မှ ရေခဲစပျစ်သီးပန်းကန်ကို ဖယ်လိုက်ရန် တစ်ယောက်ယောက်အား အမိန့်ပေးလိုက်သည်။
" မင်း အေးတဲ့စားစရာမဟုတ်ဘဲ တခြားတစ်ခုခုစားရင် ငါလိုက်စားပေးမယ်လေ ဟုတ်ပြီလား..."
ယွီချင်းစီက အလွန် မကျေမနပ်ဖြစ်သွားသည်။
လီယင်းက ကလေးများနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိပေ။ ဤကလေးက သူ့ထက်တစ်နှစ်သာ ငယ်သော်လည်း အလွန်ငယ်ရွယ်ပုံပေါ်နေသည်။ စောစောစီးစီး အရွယ်ရောက်ရင့်ကျက်လာရန် သင်ကြားပေးခံခဲ့ရသောလီယင်းမှာ သူ့ရှေ့မှ သခင်လေးကို သက်တူရွယ်တူအဖြစ် သဘောထားရန် ခက်ခဲနေသည်။
သူ စာအုပ်ကိုချထားလိုက်ပြီး စပျစ်သီးကို အခွံခွာကာ ယွီချင်းစီ၏ ပါးစပ်နား ကပ်ပေးလိုက်သည်။
" စားလေ..."
ယွီချင်းစီက မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။
သူ့အဖေက သူ့ကိုအေးစက်သည့် စားစရာများမကျွေးရန် အခြားလူများကို အမြဲသတိပေးလေ့ရှိသော်လည်း သူ အနည်းငယ်ဂျီကျပြလိုက်သည်နှင့် သူတို့က စိတ်ပျော့သွားပြီး သူ့ကိုအနည်းငယ်ခန့်စားခိုင်းလေ့ရှိသည်။ သို့ရာတွင် လီယင်းက စပျစ်သီးများစွာကို သူတစ်ယောက်တည်းစားသွားပြီး သူ့အတွက် တစ်လုံးမှ မချန်ထားခဲ့ပေ။
သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်နေဆဲဖြစ်သော်လည်း တစ်ဖက်လူ၏ ကြင်နာမှုကြောင့် သူ့လက်တစ်ဖက်ကိုဖြန့်လိုက်သည်။ လီယင်းက သူ့လက်ကိုရှောင်ပြီး ပြောလိုက်သည်။
"သစ်သီးရည်တွေပါတယ် မထိနဲ့..."
သူက ရိုးရိုးရှင်းရှင်းသာ ပြောလိုက်ခြင်းဖြစ်သော်လည်း ယွင်ချင်းစီ၏မျက်နှာက အနည်းငယ်နီရဲသွားရသည်။ သူ တွန့်ဆုတ်စွာဖြင့် ပါးစပ်ဟပြီး လီယင်း၏လက်ချောင်းများကြားမှ စပျစ်သီးကို ကိုက်လိုက်သည်။
" မင်းအတွက် ပြန်လျော်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ စိတ်မဆိုးပါနဲ့..."
လီယင်းက သူ့အတွက် စပျစ်သီးနှစ်လုံး ထပ်ခွာပေးလိုက်ပြီး ကိုယ်တိုင်ခွံ့ကျွေးလိုက်သည်။ သူ့အပြုအမူက အလွန်ညင်သာပြီး လေးနက်လှသောကြောင့် ယွင်ချင်းစီက နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားကာ သူ့ကိုခွင့်လွှတ်ပေးလိုက်သည်။
လီယင်းကို မုန်းတီးရန်က အနည်းငယ်နောက်ကျသွားသည့်အပြင် သူ့ကိုအနည်းငယ်ခန့် သဘောကျလာခဲ့သည်။
လှပသော လှေကြီးက ဆိပ်ကမ်းမှ ထွက်ခွာသွားသည်။ ညအချိန်တွင် အမတ်ချုပ်ယွင်က ကောင်းကင်ဘုံ၏သားတော်နှင့် စစ်တုရင်ကစားသည်။ လီယင်းနှင့် အမတ်ချုပ်၏အစေခံများက တစ်ဖက်မှ ကြည့်ရှု့နေကြသည်။ ယွင်ချင်းစီကလည်း စစ်တုရင် ကစားတတ်သော်လည်း သူ ထိုအကြောင်းကို မတွေးနေမိပေ။ သူ့အဖေဘေးနားကို အတင်းကပ်ထိုင်ပြီး သူ့အသိုက်လေးထဲမှတစ်ဆင့် လီယင်းကို ချောင်းကြည့်နေသည်။
လီယင်းက အလွန်ကျက်သရေရှိပြီး နူးညံ့ညင်သာကာ လိမ္မာရေးခြားရှိသူဖြစ်သည်။ သူက အသက်ရှစ်နှစ်အရွယ်သာ ရှိသေးသော်လည်း သေသပ်စွာ ဝတ်စားဆင်ယင်ပြီး နဂါးတစ်ကောင်၏ ကိုယ်နေဟန်ထားနှင့် ဇာမဏီငှက်၏ ပုံပန်းသွင်ပြင်မျိုး ရှိပေသည်။
သူ့ကိုလှမ်းကြည့်နေသည်ကို ခံစားမိသောအခါ လီယင်းက တစ်ဖက်သို့လှည့်ကြည့်လိုက်မိသည်။ ယွငိချင်းစီက ချက်ချင်း အမတ်ချုပ်ယွင်၏နောက်ကို ပြန်ကျုံ့ဝင်သွားသောကြောင့် သူ့မျက်နှာကို မမြင်ရတော့ပေ။
လှေပေါ်တွင် ကလေးနှစ်ယောက်သာ ပါလာသည်။ ခနည်းတော်က သူ့ကို အလွန်မျှော်လင့်ထားသောကြောင့် လီယင်းက အတွေ့အကြုံရရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ယွင်ချင်းစီကမူ အမတ်ချုပ်ယွင်က သူ့ကို အလွန်ချစ်ခင်သောကြောင့်သာ ဆော့ကစားရန် ခေါ်လာခဲ့ခြင်းဖြစ်သည်။
လီယင်း ခဏတာခန့် အလေးအနက်တွေးတောနေသည်။ ယွင်ချင်းစီက စစ်တုရင်အကြောင်း နားမလည်သောကြောင့် ပျင်းရိပြီး ပျာယာခတ်နေသည်ဟု ထင်လိုက်၍ သူ မတ်တပ်ရပ်ပြီး သူ့အနားလျှောက်လာသည်။ ယွင်ချင်းစီက သူ့အဖေ၏ အဝတ်စများကို ဆွဲထားလျက် ခေါင်းလေးငုံ့ပြီး ပုန်းနေသည်။ သူ့ပေါ်ကို အရိပ်တစ်ခု အုပ်မိုးလာသည့်အခါ အလိုလိုခေါင်းမော့လိုက်မိသည်။
လီယင်း သူ့ကိုပြုံးပြလိုက်သည်။
" ကုန်းပတ်ပေါ် သွားရအောင်..."
ယွင်ချင်းစီက သူ့အဖေထံမှ ခွင့်တောင်းလိုက်ပြီး နောက်မှ တစ်လှမ်းချင်းလိုက်သွားသည်။
လှေဝမ်းထဲမှ မထွက်သွားမီတွင် လျှိုကျီရှုကိုယ်တိုင် လီယင်းကို ဝတ်ရုံခြုံပေးလိုက်သည်။ ယွင်ချင်းစီ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ့အဖေခေါ်လာသည့်လူများက အနားတွင် ရှိမနေပေ။ သို့ဖြစ်၍ ဝတ်ရုံချိတ်ထားသည့်နေရာသို့ သူ့ဘာသာလျှောက်သွားလိုက်ပြီး ခြေဖျားထောက်၍ ယူလိုက်သည်။
လီယင်း မေးငေါ့ပြလိုက်သည့်အခါ လျှိုကျီရှုက ယွင်ချင်းစီ၏ရှေ့ကို ချက်ချင်းရောက်သွားပြီး ပြောလိုက်သည်။
" ကလေးလေး လာလေ မင်းကို ကူဝတ်ပေးမယ်..."
" မ မလိုဘူး ရပါတယ်..."
ယွင်ချင်းစီက သူစိမ်းများထံမှ ဂရုစိုက်ခံရခြင်းနှင့် အသားမကျသေးပေ။ ဝတ်ရုံကို သူကိုယ်တိုင်ယူလိုက်ပြီး ကိုးရို့ကားယားဖြင့် သူ့ကိုယ်ပေါ်ခြုံလိုက်ကာ လက်သေးသေးလေးဖြင့် စမ်းနေသော်လည်း သိုင်းကြိုးကို ရှာမတွေ့ဖြစ်နေသည်။
သူ ဝတ်ရုံကိုပြန်ချွတ်ပြီး ပြန်ဝတ်မည်အပြုတွင် လီယင်းကလျှောက်လာပြီး ကော်လံကိုပြန့်အောင် ပြုလုပ်ပေးလိုက်သည်။ ယွင်ချင်းစီ၏လက်ထက်ညအလွန်မကြီးသော လက်လေးတစ်စုံက သွက်လက်စွာဖြင့် ကြိုးကိုယူလိုက်ပြီး ရင်ဘတ်တွင် ချည်ပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ် မင်းသားကိုကြီး..."
ယွင်ချင်းစီ၏ အသံက ခြင်တစ်ကောင်ပျံနေသကဲ့သို့ တိုးညှင်းလှပေသည်။ လီယင်းက သူ့ပခုံးကိုပုတ်ပြီး တည်ကြည်စွာဖြင့် ပြန်ပြောလိုက်သည်။
" ကျေးဇူးတင်စရာမလိုပါဘူး..."
ကုန်းပတ်ပေါ်တွင် အလွန်လေပြင်းလှသည်။ ယွင်ချင်းစီ ထွက်လာသည်နှင့် လေတိုက်ပြင်းသောကြောင့် သူ့မျက်နှာက ရှုံ့တွသွားရသည်။ လီယင်းက ရယ်မောလိုက်ပြီး သူ့ကို အနားဆွဲခေါ်ပြီး လေကိုခန္ဓာကိုယ်ဖြင့် ကွယ်ပေးလိုက်သည်။
" ငါ့ကိုဆွဲထားလေ လွင့်ထွက်သွားဦးမယ်..."
ယွင်ချင်းစီက မှုန်ကုပ်ကုပ်ဖြင့် သူ့ကိုကပ်တွယ်နေပြီး လက်ရန်းရှိသည့်နေရာသို့ ရောက်လာသည်။ အမတ်ကြီးယွင်က သူ ထိုနေရာပေါ်တက်မည်ကို စိတ်မပူခြင်းမှာ ထိုလှေကားက သူ့အရပ်ထက် မြင့်နေသောကြောင့်ဖြစ်သည်။ ယွင်ချင်းစီက မနည်းခြေဖျားထောက်လိုက်မှသာ အောက်ဘက်မှ မြစ်နက်ကြီး၏ မြင်ကွင်းကိုတွေ့ရတော့သည်။
လီယင်း မရယ်ပဲ မနေနိုင်တော့ပေ။
" မင်း ထမင်းကောင်းကောင်းမစားဘူးလား..."
ယွင်ချင်းစီက အလိုလို ပြန်ဖြေလိုက်မိသည်။
" အဲ့လိုမဟုတ်ပါဘူး..."
" ဒါဆိုရင် ဘာလို့ အရပ်အရမ်းပုနေတာလဲ..."
ယွင်ချင်းစီ : “…”
အကောင်ပေါက်စလေးမှာ မပျော်မရွှင်ဖြစ်လာပြန်သည်။
သူက အစားရွေးသော်လည်း ချင်ဖေးရို့က သူ့ကို အတင်းစားခိုင်းလေ့ရှိသည်။ ထိုသို့မစားခိုင်းသည့် နေ့များတွင်မူ ဘာမှမစားလေ့ရှိသောကြောင့် သူ့ပုံစံက ပိန်ပါးသေးသွယ်နေရခြင်းဖြစ်သည်။
လီယင်းက သူ့ထက် ခေါင်းတစ်လုံးစာ ပိုရှည်နေသည်။
ထိုကောင်လေး အထိမခံနိုင်သည့်အကြောင်းကို သွားပြောမိကြောင်း သဘောပေါက်သွား၍ လီယင်းက ခေါင်းစဉ်ပြောင်းလိုက်သည်။
" ကောင်းကင်ကြီးကိုကြည့်လိုက်..."
ယွင်ချင်းစီက စိတ်မသက်မသာဖြစ်သွားသည်ကို ဘေးဖယ်ထားလိုက်ပြီး ချက်ချင်းမော့ကြည့်လိုက်သည်။
" ကြယ်တွေနဲ့ လမင်းကြီး..."
" သူတို့က ငါတို့နောက်ကို လိုက်နေတာလေ ငါတို့ကို သဘောကျလို့ထင်တယ်..."
လီယင်းက သူ့ကို ကျီစယ်လိုက်သည်။
" ကျွန်တော်တို့လှေက ရွေ့နေလို့လေ သူတို့က အားလုံးနောက်ကို လိုက်နေတာပဲ..."
ယွင်ချင်းစီက အမှန်ပြင်ပေးလိုက်သည်။
လီယင်း မျက်ခုံးပင့်မိသွားသည်။
" မင်း တော်တော်သိတာပဲ..."
" ဟုတ်..."
" လမင်းကြီးကို သဘောကျလား..."
" သဘောကျတယ်..."
" ဘာလို့သဘောကျတာလဲ..."
" ဘာလို့လဲဆိုတော့ လမင်းကြီးရှိရင် အလင်းရောင်ရှိတယ် အလင်းရောင်ရှိရင် မမှောင်တော့ဘူး..."
" မင်းက အမှောင်ကြောက်တာလား..."
ယွင်ချင်းစီက အမှောင်ကြောက်သည်ဟု လီယင်းတွေးလိုက်မိသည်။ သို့ရာတွင် အမှောင်မကြောက်သည့် ကလေးငယ် အများစုလည်း ရှိပေသည်။ ယွင်မိသားစု၏ သခင်ငယ်လေးက အလိုလိုက်ခံထားရသောကြောင့် အမှောင်ကြောက်သည်မှာ ဖြစ်သင့်ပေသည်။
ထိုအချိန်ကမူ ယွင်ချင်းစီ အမှောင်ကြောက်ခြင်းကို လီယင်းက အလေးအနက်မထားခဲ့မိပေ။
ယွင်ချင်းစီ၏ မှတ်ဉာဏ်ထဲတွင်မူ လီယင်းနှင့် အတူတကွ ကုန်ဆုံးခဲ့ရသော နေ့ရက်အချို့က မကောင်းလွန်း မဆိုးလွန်းလှပေ။ တစ်ဖက်လူက ရံဖန်ရံခါတွင် သူ့အမြှီးပေါ် မတော်တဆတက်နင်းပြီး သူ့ကိုစိတ်ဆိုးအောင်လုပ်ခြင်းမှလွဲ၍ မည်သည့်အရာမှ မဖြစ်ခဲ့ပေ။
သို့ရာတွင် ထိုစိတ်အနှောင့်အယှက်ဖြစ်မှုများက လျင်မြန်စွာဖြင့် ပပျောက်သွားသည်ကပိုများသည်။
ထိုခရီးစဉ်နှင့်ပတ်သက်ပြီး စိတ်ထဲတွင် အကပ်ငြိစေဆုံးသောအရာမှာ လုပ်ကြံသူများ၏ တိုက်ခိုက်မှုဖြစ်သည်။ ထိုနေရာက သူတို့လှေပေါ်မှ ဆင်းသည့် တတိယမြောက်နေရာဖြစ်သည်။ ထိုအချိန်က လမ်းပေါ်တွင် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကိုပင် ယွီချင်းစီ သေချာမသိလိုက်ပေ။ လက်ဖက်ခြောက်ရောင်းသောဦးလေးကြီးက ရုတ်တရက် သူ့မီးဖိုကို တစ်ဖက်လှန်လိုက်ပြီး ကောင်းကင်ဘုံ၏သားတော်ကိုထိုးရန် ဓားတစ်ချောင်းဆွဲထုတ်လိုက်ခြင်းကိုသာ သူသိလိုက်သည်။ ယွင်ချင်းစီ ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားမိပြီး သူ့အဖေကို ရှာလိုက်သော်လည်း သူ့အဖေက စိတ်လေးလံစွာဖြင့် သူ့ကိုတစ်ချက်သာလှမ်းကြည့်ပြီး ဓားသွားဖြင့် ဖိအားပေးခံနေရသော ဧကရှာဇ်ရှိရာသို့ တစ်ဟုန်ထိုး ထွက်သွားလိုက်သည်။
သူ တစ်ဖက်ကိုလှည့်၍ အားကိုးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေရန် ကြိုးပမ်းလိုက်သော်လည်း သူ့ရှေ့တွင် လေအေးများသာ တိုက်ခတ်နေသည်။ လီယင်းကလည်း သူ့ကိုဂရုမစိုက်နိုင်ဖြစ်နေသည်။ သို့ရာတွင် သူက သိုင်းပညာ ကျွမ်းကျင်သူဖြစ်၍ ဓားသမားအချို့ကို ရှောင်ရှားလိုက်ပြီး မြေကြီးပေါ်မှ ကျောက်ခဲတစ်ခဲကိုကောက်ကာ ပစ်လိုက်သည်။ ထိုကျောက်ခဲက လုပ်ကြံသူ၏ ဓားသွားကို ထိသွားသည်။
သူ့နှလုံးသားကို ထိုးဖောက်သွားတော့မည့် ဓားသွားက သူ့အဆုတ်ကိုသာ ဖြတ်သွားတော့သည်။
ယွင်ချင်းစီက အလွန်နာကျင်လွန်းသောကြောင့် စတင်ငိုယိုလာချိန်တွင် လီယင်းက သူ့နားကို တစ်ဟုန်ထိုးပြေးလာပြီး အော်ဟစ်တော့သည်။
" ဆရာ အားစီဒဏ်ရာရသွားပြီ..."
ကိစ္စများက မည်သို့ဖရိုဖရဲကမောက်ကမဖြစ်ခဲ့သည်ကို ယွင်ချင်းစီ မမှတ်မိတော့ပေ။ သူ၏ အသိစိတ်က တဖြည်းဖြည်းနစ်မြုပ်သွားပြီး သူ့ဘေးနားမှ အသံများက ရံဖန်ရံခါတွင် တဖြည်းဖြည်းကြည်လင်ပြတ်သားလာကာ ရံဖန်ရံခါတွင် ဝေးသွားသည်ကို ခံစားနေရပေသည်။ သူပြန်နိုးလာချိန်တွင် သူ့အမေ၏ အေးစက်နေသောအလောင်းက သူ့အိပ်ရာဘေးတွင် ရှိနေသည်ကို မြင်လိုက်ရသည်။
ယွင်ချင်းစီ၏ ကောင်းကင်ကြီးက ခေတ္တခဏ မည်းမှောင်သွားပြီး အချိန်အတန်ကြာသောအခါ သူ့ပုံစံက အုံ့မှိုင်းပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တော့သည့်ပုံစံ ဖြစ်လာပြီး အားလုံးကို အေးစက်စက်ဖြင့်သာ ကြည့်တော့သည်။
အဖေရင်းကပင် သူ့ကိုအလွယ်တကူ စွန့်ပစ်သွားခဲ့သောကြောင့် သူ့အမြင်တွင်မူ ဤလောကကြီး၌ သူ ယုံကြည်ရသူတစ်ယောက်မှ မရှိပေ။
ဈာပနအပြီး နောက်တစ်နေ့တွင်မှ ယွင်ချင်းစီက လီယင်း၏နာမည်ကို ထပ်ကြားလိုက်ရသည်။
ထိုရက်က စံအိမ်တံစက်မြိတ်များတွင် မိုးရေစက်များ တွဲလွဲခိုနေခဲ့ပြီး သေးငယ်သော ခြံဝင်းလေးကို သန့်စင်အောင် ဆေးကြောလိုက်သကဲ့သို့ ဖြစ်သွားသည်။ တံခါးမှ အဖြူရောင်မီးအိမ်များနှင့် သစ်ရွက်ခြောက်များအကြားရှိ အဝါရောင်စက္ကူငွေများကြောင့်သာ ဤနေရာတွင် ဈာပနပြုလုပ်ခဲ့ကြောင်း သိနိုင်ပေသည်။
သူ့အမေကို အမြဲပြုစုပေးနေကျဖြစ်သော အန်တီလျှိုက သူ့ကိုလာပြောသည်။
" အိမ်ရှေ့စံမင်းသားက သခင်လေးကို လာတွေ့ပါတယ်..."
" မတွေ့ချင်ဘူး..."
အသက်ရှစ်နှစ်အရွယ် ယွင်ချင်းစီက ဆံပင်များဖရိုဖရဲဖြင့် ဖဲမွှေ့ရာပေါ်လှဲနေပြီး ဧည့်သည်ကို နှင်ထုတ်ခိုင်းနေသည်။
လီယင်းက နေ့တိုင်းလာသော်လည်း ယွင်ချင်းစီက သူ့ကို နေ့တိုင်းနှင်ထုတ်သည်။ ဤသို့ဖြစ်နေသည်မှာ တစ်လကျော်ခန့် ကြာမြင့်သွားခဲ့သည်။ နေ့လည်ခင်းတစ်ခုတွင် ယွင်ချင်းစီက သူ့အမေစိုက်ပျိုးထားခဲ့သော ပန်းဥယျာဉ်ထဲတွင်ထိုင်ပြီး ဂေါ်ပြားငယ်လေးဖြင့် မြေကြီးကို တူးဆွနေစဉ်တွင် နံရံပေါ်မှ လှုပ်ရှားသံကို ကြားလိုက်ရသည်။
သူ မော့ကြည့်လိုက်သည့်အခါ အတွင်းသို့ အထုပ်တစ်ထုပ်ပစ်ထည့်လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက်တွင် သေသပ်စွာ ဝတ်စားထားသော အိမ်ရှေ့မင်းသားက နံရံပေါ်မှ တွယ်တက်လာပြီး အောက်သို့ ခုန်ချလိုက်ပေသည်။
ယွင်ချင်းစီ ချက်ချင်း မျက်နှာပျက်သွားသည်။
လီယင်း အထုပ်ကိုကောက်ယူလိုက်ချိန်၌ သူ့ကိုမြင်သည့်အခါ မျက်ဝန်းထဲတွင် အံ့အားသင့်မှုအချို့ ဖြတ်ပြေးသွားသည်။
ယွင်ချင်းစီက ယခက်ကထက် ပိုပိန်သွားပြီး သူ့မျက်နှာက ဖြူဖျော့နေကာ ငရဲမှ တွားသွားတက်လာသော မိစ္ဆာငယ်လေးတစ်ကောင်က အခြားလူများ၏ အသက်ကိုယူရန် ကြိုးစားနေသည့်ပုံဖြင့် သူ့ကို ကြည့်နေကာ အုံ့မှိုင်းနေသည့်အော်ရာများဖြင့် ပြည့်နေသည်။
အကြည့်ချင်းဆုံသွားသည့်အခါ ယွင်ချင်းစီက ကြောက်စရာကောင်းသောပုံကြီးဖြင့် မေးလိုက်သည်။
" ဘယ်သူက ဝင်ခွင့်ပြုလိုက်တာလဲ..."
" ငါ မင်းကို လာတွေ့ချင်လို့ပါ..."
အမှန်တွင် သူ အားလပ်ချိန်၌ ယွင်ချင်းစီကို များများအဖော်ပြုပေးသင့်သည် သူ့ခမည်းတော်က ပြောထားသောကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယွင်ချင်းစီက အဖေနဲ့ အစ်ကိုများဖြင့်လည်း ဆက်ဆံရေးမကောင်းသောကြောင့်ဖြစ်သည်။ သူ့ဆရာနှင့် ခမည်းတော်က ယွင်ချင်းစစ်၏ အခြေအနေကို စိုးရိမ်နေကြသည်။
ထို့အပြင် သူ့ကို အထူးတလည်အရေးမစိုက်တတ်သော မယ်တော်ကပါ သူမ အကျင့်စရိုက်နှင့် မကိုက်ညီစွာဖြင့် ယွင်ချင်းစီကို သူနှင့် ရင်းနှီးစေချင်နေသည်။
လူပေါင်းများစွာ၏ လွှမ်းမိုးမှုအပြင် သူ့နှလုံးသား၏ စေခိုင်းမှုကြောင့် လီယင်း ရောက်လာခဲ့ခြင်းဖြစ်သည်။
ယွင်ချင်းစီက မတုံးအပေ။ ဤရက်ပိုင်းထဲတွင် လီယင်းအပြင် သူ့အဖေနှင့် အစ်ကိုများကလည်း သူ့ဆီလာခဲ့ကြ၍ ထိုလူက မည်သူ့ဘက်မှဖြစ်ကြောင်း သိနေခဲ့သည်။
သူ ဂေါ်ပြားလေးကို တင်းကြပ်စွာကိုင်ထားပြီး လီယင်းကို သတ်ဖြတ်လိုစိတ်ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
" ထွက်သွား..."
လီယင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" နံရံက မြင့်လွန်းတယ် ထွက်သွားဖို့ခက်မယ်ထင်တယ်..."
" ဒါဆိုလည်း ဝင်လာတုန်းကအတိုင်း ပြန်တက်လေ..."
"အားစီ..."
လီယင်းက သူယူလာသည့် အထုပ်ကိုဖွင့်ပြပြီး ပြောလိုက်သည်။
" ငါ မင်းအတွက် အရသာရှိတဲ့ ရေခဲစိမ်စပျစ်သီးယူလာတယ် မမြည်းကြည့်ချင်ဘူးလား..."
" မမြည်းချင်ဘူး အခုထွက်သွား..."
" ဘယ်လိုပဲဖြစ်ဖြစ် ငါက အိမ်ရှေ့စံမင်းသားလေ..."
" ဘယ်သူက မင်းကိုကြောက်လို့လဲ..."
ယွင်ချင်းစီက ယခုချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကိုပါ မကြောက်ရွံ့နိုင်တော့ပေ။ သူ့အမေကို ဆုံးရှုံးပြီးသည့်နောက်တွင် သူတစ်ယောက်တည်းသာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တော့မည်ဖြစ်ကြောင်း သူသဘောပေါက်သွားရသည်။ အကယ်၍ မကာကွယ်နိုင်တော့လျှင်လည်း သေပစ်လိုက်မည်သာဖြစ်သည်။ သူ့အတွက် အသက်ရှင်ရန် အကြောင်းပြချက်လည်း မရှိတော့ပေ။
တစ်နှစ်ဟူသည့် အချိန်ကာလအတွင်းမှာပင် လိမ္မာရေးခြားရှိသော ကောင်ငယ်လေးက ယခုကဲ့သို့ဖြူကောင်သဖွယ်ဖြစ်သွားလိ့မ်မည်ဟု မထင်ထားခဲ့မိပေ။
သူ ရှေ့ကိုလျှောက်သွားသည့်အခါ ယွင်ချင်းစီက ဂေါ်ပြားကိုကိုင်ပြီး သတိပေးလိုက်သည်။
" ရှေ့တိုးလာရင် ရိုက်မှာနော်..."
လီယင်းက ခဏရပ်သွားပြီး စပျစ်သီးကို အခွံခွာကာ လက်ကမ်းပြီးပြောလိုက်သည်။
" စားကြည့်ပါဦး..."
ဖြူဖွေးပိန်သွယ်သော လက်ချောင်းလေးများက ဂေါ်ပြားကို တင်းကြပ်စွာကိုင်ထားပြီး သူ့ရှေ့မှ အခွံခွာထားသော စပျစ်သီးက ခရမ်းရောင်တောက်နေသည်။
ယွင်ချင်းစီက ခေါင်းမာမာဖြင့် ပြောလိုက်သည်။
" မစားဘူး..."
" ဒါက ရေခဲ..."
" ဂရုမစိုက်ဘူး..."
" ဒါ ချိုတယ်နော်..."
လီယင်းက ရှေ့တစ်လှမ်းထပ်တိုးလာပြီး စပျစ်သီးကို သူ့ပါးစပ်ထဲထည့်ကာ ချော့မြူလိုက်သည်။
" တကယ်ချိုတယ်..."