အပိုင်း ၈၃
Viewers 13k

Chapter 83
Extra 5


ထိုအချိန်က ယွင်ချင်းစီမှာ လီယင်း၏ စကားတစ်ခွန်းနှစ်ခွန်းဖြင့် ချော့မြူနိုင်သောလူတစ်ယောက် မဟုတ်ခဲ့ပေ။

သူက လူအားလုံးနီးပါးကို ရန်လိုနေခဲ့သည်။ အထူးသဖြင့် ယွင်မိသားစုနှင့် ဆက်ဆံရေးကောင်းသော လီယင်းကို ဖြစ်သည်။

လက်တစ်ချက်ယမ်းပြီး စပျစ်သီးကို ခါထုတ်လိုက်ကာ ဂေါ်ပြားကိုပစ်ချပြီး တစ်ဖက်သို့လှည့်ကာ အော်ဟစ်လိုက်သည်။

" တစ်ယောက်ယောက် လာခဲ့စမ်း... သူ့ကိုမောင်းထုတ်လိုက်စမ်း..."

သူ့‌ဒဏ်ရာက အပြည့်အဝ မကောင်းမွန်သေး၍ အဆုတ်နေရာမှ စူးခနဲနာကျင်လာသည်။  သူ နှစ်ကြိမ်ခန့် ချောင်းဆိုးသွားပြီးနောက် အမောတကောဖြင့် အသက်ရှုနေရသည်။ လီယင်းက သူ့ကိုထူပေးရန် ရှေ့တိုးသွားသော်လည်း ယွင်ချင်းစီက ဝတ်ရုံလက်ကိုခါလိုက်ပြီး တွန်းထုတ်လိုက်သည်။

" လာမထိနဲ့..."

လီယင်းက ရွေးချယ်စရာမရှိတော့ပေ။
" ဒေါသမထွက်ပါနဲ့ ငါသွားပါ့မယ်..."

ယွင်ချင်းစီ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဒူးကိုရင်ဘတ်နားကပ်၍ ကွေးညွတ်ထားကာ လုံးဝမလှုပ်ရှားတော့ပဲ ခေါင်းငုံ့ထားသည်။

သူ လီယင်းကို အောင်အောင်မြင်မြင်ဖြင့် မောင်းထုတ်နိုင်ခဲ့သည်။

အန်တီလျှိုက သူ့ကို အမြန်လာပွေ့ချီပြီး သမားတော်ပင့်ထားလိုက်သည်။ သူ့လည်ချောင်းက ခြောက်သွေ့နာကျင်နေပြီး နာလန်ပြန်ထူနိုင်ရန်ပင် ရက်အနည်းငယ်ခန့် ကြာမြင့်တော့မည်ဖြစ်သည်။

လီယင်းက နံရံကိုတွယ်တက်ပြီး ထပ်မလာရဲတော့၍ ပစ္စည်းအချို့ကိုသာ အချိန်တိုင်းပေးပို့နေသည်။ သူ့အပြင် ယွင်မိသားစု၏ အစ်ကိုကြီးများက ယွင်ချင်းစီကို လာတွေ့ကြသော်လည်း ယွင်ချင်းစီကမူ သူတို့ကို စကားမပြောချင်ခဲ့ပေ။

တံခါးအပြင်ဘက်တွင်ရပ်နေလျက် လီယင်းက အန်တီလျှိုကို မေးလိုက်သည်။

" သူ ညဘက်တွေဆို ကောင်းကောင်းအိပ်ရဲ့လား..."

အန်တီလျှိုက ပြုံးပြလိုက်ပြီးနောက် ‌‌ခေါင်းညိတ်ပြသည်။
" ကောင်းကောင်းအိပ်ပါတယ်..."

" သူ ငိုနေသေးလား..."

၎င်းက သူတို့အားလုံး အစိုးရိမ်ဆုံးကိစ္စဖြစ်သည်။ ယွင်ချင်းစီက ချစ်ခင်အလိုလိုက်ခံရသော ကလေးတစ်ယောက်ဖြစ်၍ ယခုအခါ သူ ဒဏ်ရာရထားသောအခါ အားလုံးက သူ နာမကျန်းဖြစ်သည်အထိ ငိုယိုနေမည်ကို စိုးရိမ်နေကြသည်။

အန်တီလျှိုက သက်ပြင်းချ၍ ပြောလိုက်သည်။
" သူသာငိုချလိုက်မယ်ဆိုရင် အရာအားလုံးက ပိုလွယ်ကူသွားမှာပဲ..."

ဤသို့ဖြင့် ယွင်ချင်းစီမှာ သူ့မိခင်သေဆုံးသွားချိန်မှစ၍ မျက်ရည်တစ်စက်မှ မကျခဲ့ကြောင်း လီယင်း သိသွားခဲ့ရသည်။

" သခင်လေးက ဘာလို့တောင့်ခံနေမှန်း အစက သတိမပြုမိဘူး... သခင်မကြီးရှိတုန်းကဆိုရင် သခင်လေးက လမ်းလျှောက်နေရင်း ချော်လဲတာနဲ့ ငိုတာပဲ..."

အန်တီလျှိုက ဝတ်ရုံလက်ကိုပင့်ပြီး မျက်ရည်များသုတ်လိုက်ကာ သူမအသံက စို့နင့်လာသည်။
" သူက မငိုတဲ့အပြင် ပြဿနာလည်းမရှာဘူး ဒီအစေခံလည်း ဘာလုပ်ရမယ်မှန်းမသိတော့ပါဘူး... သူနေမကောင်းဖြစ်နေရဲ့သားနဲ့ ကိုယ့်ကိုကိုယ်မွန်းကြပ်အောင်လုပ်နေတော့ ဒီအစေခံလည်း အရမ်းစိုးရိမ်နေပါပြီ မင်းသားလေး..."

လီယင်းက ယွင်ချင်းစီကို မတွေ့နိုင်သော်လည်း သူ့စိတ်အခြေအနေကို နားလည်သဘောပေါက်သွားသည်။

အချစ်မခံရသော ကလေးအများစုက မျက်ရည်မလွယ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ငိုလျှင်လည်း အသုံးမဝင်သည့်အပြင် ပိုမိုမုန်းတီးခံရမည်ကို သိကြသောကြောင့်ဖြစ်သည်။

ယွင်ချင်းစီက အချစ်ခံအလိုလိုက်ခံရသော ကလေးတစ်ယောက် ဖြစ်ခဲ့သည်။ မည်သူ့ကမှ သူ့ကိုဂရုမစိုက်ဟူသော ကံတရားကို ဤမျှငယ်ရွယ်သော အသက်အရွယ်လေးဖြင့် မည်သို့ လွယ်ကူစွာလက်ခံနိုင်သည်ကို လီယင်း မသိတော့ပေ။ လီယင်းအတွက်မူ အရွယ်ရောက်ပြီးသူများထံမှ အချစ်က အရေးမပါပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအချစ်မျိုးကို သူတစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရသောကြောင့်ဖြစ်သည်။ သူ့ခမည်းတော်၏ သူ့အ‌ပေါ်ချစ်ခင်မှုကပင် သူ၏ ဝီရိယနှက့် ကြိုးစားအားထုတ်မှုအပေါ်တွင် မူတည်နေပေသည်။

မည်သူတစ်ဦးတစ်ယောက်ကမှ အခြားလူတစ်ယောက်အပေါ်  အကြောင်းအရင်းမဲ့ ချစ်ခင်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် ယွင်ချင်းစီကမူ ယခင်က ထိုသို့အချစ်ခံခဲ့ရပေသည်။

တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ခဲ့ရသောအရာကို ဆုံးရှုံးရခြင်းထက် တစ်ကြိမ်ရရှိပြီး နောက်တစ်ကြိမ်မရနိုင်တော့သည်က ပိုမိုနာကျင်ရပေသည်။

အပြင်လူတစ်ယောက်၏ ရှု့ထောင့်မှ ကြည့်လျှင်ပင် လီယင်းမှာ ထိုအချိန်က ယွင်ချင်းစီ ၏ ဆုံးဖြတ်ချက်ကို နားလည်ပေးနိုင်ခဲ့ပေသည်။ ထိုသို့သော ကလေးတစ်ယောက်နှင့် နှိုင်းစာလျှင် ကောင်းကင်ဘုံသားတော်၏ ဘေးကင်းလုံခြုံရေးက ပိုအရေးကြီးသည်မှာ သဘာဝဖြစ်သည်။ သို့ရာတွင် အမတ်ချုပ်ယွင်က သူ့ခမည်းတော်ကို ကယ်တင်ပေးခဲ့သောကြောင့် သူသည်လည်း အကျိုးခံစားခွင့် ရရှိခဲ့သူတစ်ယောက်ဟု ခေါ်ဆိုနိုင်ပေသည်။

ထိုအကြောင်းအရင်းကြောင့် သို့မဟုတ် လီယင်းမမြင်တွေ့နိုင်သော အကြောင်းအရင်းတစ်ခုခုလည်း ရှိကောင်းရှိနိုင်ပေသည်။ အကယ်၍ ဤလောကကြီးတွင် သူ့အသက်နှင့်ရင်းပြီး ချစ်ခင်ရမည့် တစ်စုံတစ်ယောက် ရှိရမည်ဆိုပါက ထိုသူက ယွင်ချင်းစီဖြစ်ရမည်ဟုသာ လီယင်းမျှော်လင့်ခဲ့မိသည်။

ထိုသင်္ဘောပေါ်တွင် သူ့ရင်ခွင်ထဲ ရောက်လာခဲ့သော ကောင်လေး၏အကြောင်းများကို သူ အမြဲတမ်း တွေးမိနေခဲ့ခြင်းဖြစ်သည်။ သူ့မျက်ဝန်းများမှာ လီယင်းဘဝတစ်လျှောက်တွင် မြင်တွေ့ခဲ့ဖူးသည့် မျက်ဝန်းများအနက် အကြည်လင်ဆုံးဖြစ်သည်။

သို့ရာတွင် ယခုချိန်၌မူ ယွင်ချင်းစီ၏ မျက်ဝန်းထဲတွင် အမြဲတစေ မြူများရှိနေသည်။

သူ့ခြံဝင်းထဲကို မကြာခဏသွားပြီး သူနှင့်အတူ ပုစွန်သွားဖမ်းရန်၊ ငှက်အမဲလိုက်ရန် သို့မဟုတ် မြို့ထဲသို့သွားပြီး ရှု့ခင်းကြည့်ရန် အစရှိသဖြင့်ပြောပြီး ဖိတ်ခေါ်ခဲ့သည်။ သို့ရာတွင် သူ မည်သည့်အကြောင်းပြချက်ဖြင့် ရောက်လာသည်ဖြစ်စေ ယွင်ချင်းစီက ဂရုမစိုက်ဆဲဖြစ်သည်။

ယွင်ချင်းစီက သူ့အမေ၏ အုတ်ဂူရှိရာသို့  လတစ်လ၏ ပထမဆုံး‌နေ့နှင့် ၁၅ရက်မြောက်နေ့များတွင် သွားလေ့ရှိသည်။ လီယင်းက ထိုအချိန်ကို အခွင့်အရေးယူပြီး "အားစစ် အားစစ်"ဟု ဘေးမှ လိုက်ခေါ်လေ့ရှိသည်။

ကောင်းကင်ကြီးက ပြာလဲ့နေကြောင်း၊ ရေက အလွန်ကြည်လင်သည့်အကြောင်း ပြောသည့်အပြင် လမ်းပေါ်တွင် လှပသည့် ကျောက်တုံးတစ်တုံးတွေ့လျှင်လည်း သူ့ကိုခေါ်ပြီး ကြည့်ခိုင်းလေ့ရှိသည်။

ဤသို့ဖြစ်နေခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယွင်ချင်းစီက လှည်းပေါ်တွင်ထိုင်နေကာ သူ့ကို အကြိမ်တိုင်းတွင် လျစ်လျူရှု့ထားမိသည်။  မူလက သူ စိတ်မယိုင်သော်လည်း အချိန်အတန်ကြာလာသည်နှင့် သူ့နှလုံးသားက ယိမ်းယိုင်လာခဲ့သည်။ အိမ်ရှေ့စံမင်းသားမှာ သူတို့ ပထမဆုံးစတွေ့စဉ်က မြင့်မြတ်ချင်ဟန်ဆောင်ထားသော်လည်း ယခုအခါ ငတုံးတစ်ယောက်နှင့် ပိုတူလာပေသည်။

ထိုအချိန်ကမူ မြင်းလှည်းမောင်းသူက အန်တီလျှို၏သား လုကုန်းဖြစ်သည်။ ယွင်ချင်းစီ လမ်းမလျှောက်နိုင်ချိန်တွင် ကုန်းပိုးခေါ်လာသူကလည်း သူသာဖြစ်သည်။ သို့ရာတွင် ထိုနေ့၌မူ သူ အုတ်ဂူရှိရာသို့ သွားရာလမ်း၌ ရုတ်တရက် အစာအိမ်နာလာ၍ နှစ်ကြိမ်တိတိခန့် လမ်းတွင်ရပ်လိုက်ရသည်။ အုတ်ဂူသို့ရောက်ချိန်တွင်လည်း မြင်းလှည်းပေါ်မှ အမြန်ဆင်းပြီး အိမ်သာပြေးရတော့သည်။

ယွင်ချင်းစီက အန်တီလျှိုနှင့်အတူ တဖြည်းဖြည်းချင်းလျှောက်သွားသည်။ သူတို့လမ်းတစ်ဝက်အရောက်တွင် ဒဏ်ရာက စတင်၍နာကျင်လာပြန်သည်။ သူ ရပ်လိုက်ပြီး နောက်လှည့်ကြည့်သော်လည်း လုကုန်းက ပြန်မရောက်လာသေးပေ။

အန်တီလျှိုက ပြောလာသည်။
" အန်တီ ချီမယ်လေ..."

" ရတယ်..."

ယွင်ချင်းစီက လမ်းကို တဖြည်းဖြည်းချင်း ဆက်လျှောက်နေသည်။ သူ့အန်တီကလည်း တဖြည်းဖြည်းအသက်ကြီးလာပြီဖြစ်၍ သူမကို မမောပန်းစေလိုပေ။

လီယင်းက သူ့နောက်မှလိုက်လာပြီး ပြောလိုက်သည်။

" ငါမင်းကို ချီမယ်လေ..."

ယွင်ချင်းစီက သူ့ကိုချက်ချင်းပင် ခက်ထန်စွာကြည့်လိုက်သည်။
" ငါမင်းကို မလိုဘူး...".

ခက်ထန်ခြင်းက ကောင်းသော်လည်း ချစ်စရာကောင်းခြင်းက ပိုကောင်းပေသည်။ ၎င်းက ယခင်ကဲ့သို့ မှိုင်းညှို့ပြီး ဂရုမစိုက်သည့် အမူအရာထက် ပိုကောင်းပေသည်။ လီယင်းက စိတ်ကြည်လင်နေသည့်အပြင် ‌စိတ်ကောင်းရှိသူတစ်ယောက်လည်းဖြစ်သည်။

" ဒါဆိုရင် မင်း ပင်ပန်းတာနဲ့ လှမ်းခေါ်လိုက်လေ..."

ယွင်ချင်းစီ လမ်းဆက်လျှောက်သွားချိန်တွင် ပြောလာသည်။
" မင်းက တော်တော် စိတ်အနှောင့်အယှက်ဖြစ်စရာပဲ ငါ့နားမလာနဲ့... ဘာလို့ ငါနဲ့သွားချင်ရတာလဲ... အဲဒါငါ့အမေလေ မင်းအမေမှ မဟုတ်တာ..."

" မင်းအမေက ငါ့အမေပဲပေါ့..."

" မင်းအမေက နန်းတွင်းမှာလေ..."

" အဲဒါကမယ်တော်... အမေ မဟုတ်ဘူး..."

ဤအရွယ်ကလေးငယ်များက အရူးလုပ်ရလွယ်ပေသည်။ လီယင်းက တည်ကြည်လေးနက်သည့် အမူအရာဖြင့်ပြောလိုက်သောကြောင့် ယွင်ချင်းစီ ခဏတာ အေးခဲတောင့်တင်းသွားသည်။

သူ စကားပြန်ပြောရန် အချိန်အတန်ကြာသွားသည်။

" လူလိမ်..."

သူ့အမေကို ရှိခိုးပြီး ပြန်လာချိန်တွင် ယွင်ချင်းစီ၏မျက်လုံးများက နီရဲနေသည်။ သူ ဂူဗိမာန်ထဲမှ တိတ်ဆိတ်စွာ ထွက်လာပြီးချိန်တွင် သူ့ရင်ဘတ်ကိုဖိပြီး အမောတကောဖြင့် အသက်ရှုနေရသည်။ ထို့နောက် နံရံကိုမှီပြီး ခဏရပ်လိုက်ရသည်။

အန်တီလျှိုက ဝင်ပေါက်ကို မကြာခဏကြည့်နေပြီး သူ့သားက အဘယ့်ကြောင့် သခင်လေးကို လာမခေါ်ရခြင်းကို စိုးရိမ်နေသည်။

လီယင်းက ယွင်ချင်းစီ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။
" ကဲ ခေါင်းမမာပါနဲ့တော့ ဒဏ်ရာအဟောင်းက ပြန်ဟလာရင် မင်းပဲ နာနေရမှာ..."

ယွင်ချင်းစီက ခေါင်းမာနေဆဲဖြစ်သည်။

လီယင်းက ပြောလိုက်သည်။
" ငါမင်းကို စိတ်အနှောင့်အယှက်ပေးနေခဲ့တာ တော်တော်ကြာပြီလေ လျော်ကြေးပြန်မလိုချင်ဘူးလား..."

၎င်းက ယွင်ချင်းစီအတွက် ထွက်ပေါက်တစ်ခုဖြစ်သည်။ ယွင်ချင်းစီက သူ့ကို မူလအစကလောက် မမုန်းတီးတော့သည်ကို လီယင်းသိသည်။

ယွင်ချင်းစီက မတိုးသာ မဆုတ်သာ အနေအထားတွင် ခဏနေလိုက်ပြီးနောက် လေးလံစွာဖြင့် လီယင်းအပေါ်မှီလိုက်ပြီးမှ ခါးသက်စွာပြောလိုက်သည်။

" သေအောင်ဖိသတ်ပစ်မယ်..."

သူ့အမေ ဆုံးပါးသွားခဲ့သည့်နှစ်မှစ၍ သူ ယခင်ကထက် ပိုပိန်သွားခဲ့သည်။ သူ အနည်းငယ် အရပ်ရှည်လာသော်လည်း လီယင်း၏ မျက်လုံးထဲတွင် အကောင်သေးသေးလေးဖြစ်နေဆဲဖြစ်ရာ သေအောင်ဖိသတ်ပစ်ရန်က မဖြစ်နိုင်ပေ။

သို့ရာတွင် လီယင်းက စောဒကတက်ဟန်ဆောင်ပြီး မြေကြီးကို လက်ဖြင့်ထောက်ထားလိုက်သည်။
" မင်းက တော်တော်ဉာဏ်များတာပဲ..."

ယွင်ချင်းစီက သူ့ကို နောက်တစ်ကြိမ် ခပ်ပြင်းပြင်းဖိလိုက်၍ လီယင်းက သူ့ကိုချော့မြူဟန်ဖြင့် ပြောလိုက်သည်။

" ဖြည်းဖြည်းလုပ်ပါ မင်းလုပ်တာနဲ့ ငါ့အရိုးတွေ ကျိုးကုန်ပြီထင်တယ်..."

" ဟမ့်..."

ယွင်ချင်းစီက သူ့ကျောပေါ်မှီနေပြီး အနည်းငယ် အေးအေးဆေးဆေးဖြစ်သွားကာ မေးလိုက်သည်။
" လုကုန်းကို တမင်တကာ အပြင်မှာ နေခိုင်းထားတာလား..."

" မင်း အပြင်မထွက်သရွေ့ သိမှာ မဟုတ်ဘူး..."

" မင်းလုပ်တာပဲ နေမှာပေါ့... မင်း ဘာတွေကြံစည်နေလဲဆိုတာ မသိဘူးထင်နေလား..."

ယွင်ချင်းစီ စကားပြောရပ်သွားသည်။

လုကုန်းက အိမ်သာတွင်သာ ရှိနေသေးပုံပေါ်သည်။ လီယင်းက သူ့ကိုတားမြစ်ရန် တစ်ယောက်ယောက်လွှတ်ထားခြင်း မဟုတ်ပေ။ ယွင်ချင်းစီ အိမ်ပြန်ရောက်ချိန်တွင် လီယင်းကို အိမ်ထဲအထိ မဝင်ခိုင်းပဲ ခြံဝင်းတံခါးဝတွင် ရပ်လိုက်သည်။

သူက နှင်းဖြူရောင်ဝတ်ရုံဝတ်ထားပြီး သူ၏ကော်လံမြင့်မြင့်က နူးညံ့ပြီး ကျောက်စိမ်းသဖွယ်ဖြူဖွေးသည့်မျက်နှာနှင့် လိုက်ဖက်လွန်းပေသည်။ သူ လီယင်းကို လှည့်ကြည့်လိုက်ချိန်တွင် သူ့ပုံစံလေးက အလွန်တန်ဖိုးထားချင်စရာကောင်းလှသည်။

" ဟေး အနှောင့်အယှက်ပေးတဲ့လူကြီး..."

လီယင်း မျက်ခုံးပင့်သွားမိသည်။
" မနက်ဖြန်ရော ဖမ်းစရာ ငါးရှိဦးမှာလား..."

လီယင်း၏ မျက်လုံးများ တောက်ပလာသည်။

ထိုအချိန်က " ရှိသေးတယ် " ဟု သူဖြေလိုက်ပုံရသည်။

အဘယ့်ကြောင့်ဆိုသော် သူ့မှတ်ဉာဏ်ထဲတွင်မူ ယွင်ချင်းစီက မသိမသာ နှုတ်ခမ်းကွေးညွတ်သွားပြီးသည့် ပုံရိပ်လေးက နေရာယူသွားသောကြောင့်ဖြစ်သည်။ ယွင်ချင်းစီက ထို့နောက်တွင် နောက်ကို တစ်ချက်မှ ပြန်လှည့်မကြည့်ပဲ ခြံဝင်းထဲ ပြန်ဝင်သွားသည်။

ထိုနောက်ပိုင်းမှ၍ ယွင်ချင်းစီက သူ့ကို မည်သည်အခါမှ မဟန့်တားတော့ပေ။ သူ့အစေခံများနှင့် သူ့ကိုယ်သူ ပေးထားသည့် အကြောင်းပြချက်မှာ ဤသို့ဖြစ်သည်။

" အိမ်ရှေ့စံမင်းသားက အဆင့်အတန်းမြင့်တဲ့သူဆိုတော့ သူ့ကို မတားရဲပါဘူး..."

သို့ဖြစ်၍ လီယင်းက သူ့ကို အနှောင့်အယှက်ပေးရန် အကြောင်းပြချက်များစွာ ထပ်ရလာခဲ့သည်။

ယွင်ချင်းစီက ပြင်းထန်သည့် လှုပ်ရှားမှုများ မပြုလုပ်နိုင်သေးသော်လည်း စာအုပ်ဖတ်ခြင်း၊ စစ်တုရင်ကစားခြင်းနှင့် အိုးထဲကို မြှားပစ်ထည့်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သေးပေသည်။ သူတို့နှစ်ယောက် အတူတူ ရှိနေချိန်တွင် အမြဲတမ်း အငြင်းအခုံဖြစ်လေ့ရှိသည်။ သူတို့က စစ်တုရင်မည်သို့ကစားရခြင်း၊ စကားလုံးများကို မည်သို့မှန်ကန်အောင် သုံးနှုန်းရမည်ကို အမြဲစကားအခြေအတင်များကြပြီး ယွင်ချင်းစီကသာ အမြဲတမ်း အော်သည့်လူဖြစ်သည်။

" အဲဒါ ဒီလိုပဲဖြစ်ရမှာ..."

ထိုအခါ လီယင်းက တွန့်ဆုတ်စွာဖြင့် လက်ခံရတော့သည်။

လီယင်းက နန်းတွင်းထဲတွင် စာသင်ကြားမှုပြီးဆုံးချိန်တွင် သူ့ခမည်းတော်နှင့်အတူ နိုင်ငံရေးကိစ္စများ ဆွေးနွေးတိုင်ပင်ပြီးမှ ဤနေရာသို့ လာရခြင်းဖြစ်သည်။ သူက နေ့လယ်ပိုင်းတွင် ရောက်လာပြီး ညမိုးချုပ်မှ ပြန်သွားလေ့ရှိသည်။ ရံဖန်ရံခါတွင် ထိုအချိန်ထက်စောအောင် လာလေ့ရှိပြီး တစ်ခါမှ နောက်မကျတတ်ပေ။ ယျေဘုယျအားဖြင့်ဆိုရသော် နေ့လယ်ဘက်တွင် မလာဖြစ်ပါက တစ်နေ့လုံး မလာတော့ပေ။

တစ်ခါတစ်ရံတွင် ရက်ပေါင်းများစွာ ဆက်တိုက်လာပြီး တစ်ခါတစ်ရံတွင်မူ ‌ရက်ပေါင်းများစွာတိုင်အောင် မလာတတ်ပေ။

သို့ရာတွင် သူရောက်လာသည့်အချိန်တိုင်း ယွင်ချင်းစီက စက်ဆုပ်ရွံရှာနေသည့်ပုံ ဖြစ်နေတတ်သည်။

ပထမဆုံးအကြိမ် သူတို့ရက်ပေါင်းများစွာ စကားအခြေအတင်ဖြစ်ကြသည်မှာ ချင်ဖေးရို့ ၏ သေဆုံးသွားခြင်းကြောင့်ဖြစ်သည်။ ယွင်ချင်းစီက အချိန်အတန်ကြာသည်အထိ စိတ်ညစ်ညူးနေခဲ့သည်။ လီယင်းရောက်လာချိန်တိုင်းတွင် သူ့ကိုတိတ်ဆိတ်စွာ အဖော်ပြုပေးခဲ့ပြီး ထမင်းမှန်မှန်စားအောင်သာ စီမံပေးခဲ့သည်။

သို့ရာတွင် ယွင်ချင်းစီက ထိုနေ့၌ ထမင်းအနည်းငယ်သာစားခဲ့ပြီး စားပွဲမှ ထသည်နှင့် ပြန်အန်ထွက်တော့သည်။ လီယင်းက အခြားလူများကို ဂရုစိုက်ပေးရခြင်းကို အတွေ့အကြုံမရှိသူဖြစ်၍ ထိုအခါမှသာ ယွင်ချင်းစီက အဖျားအနည်းငယ်ရှိနေကြောင်း သိခဲ့ရသည်။

လီယင်းက နန်းတွင်းမှ သမားတော်သွားပင့်ရန် လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။ သမားတော်က ဆေးအချို့စပ်ပေးခဲ့သော်လည်း ယွင်ချင်းစီက မည်သည့်အရာကိုသောက်သည်ဖြစ်စေ ပြန်အန်ထွက်ခံ့သည်။ သို့ဖြစ်၍ ထိုညတွင် လီယင်းက ခြံဝင်းထဲ၌သာ နေရတော့သည်။

ယွင်ချင်းစီက ချင်ရို့ဖေး၏အခန်းထဲတွင်နေသည်။ အိပ်ရာကပင် မပြောင်းလဲရသေးပေ။ လီယင်းက အိပ်ရာနားမှ ခုံရှည်တွင်ထိုင်ပြီး စာအုပ်ဖွင့်ဖတ်ကာ သူ့ကိုတစ်ညလုံး စောင့်နေခဲ့သည်။

ညလယ်ခေါင်တွင် ယွင်ချင်းစီနိုးလာခဲ့သည်။

သူ လီယင်းကို ဦးစွာမြင်လိုက်ရသည်။ လီယင်းက သူ့ကိုကျောပေးထိုင်နေပြီး စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည်။ အိပ်ရာဘေးမှ မီးအိမ်က မလင်းလွန်း မမှိန်လွန်းပဲ အနေတော်ဖြစ်နေပေသည်။

တိတ်ဆိတ်နေသည့် အခန်းထဲတွင် အသံတစ်သံထွက်ပေါ်လာသည်။

" သူက မင်းကို လာခိုင်းထားတာလား..."

"ဘယ်သူလဲ..."

လီယင်း တစ်ဖက်သို့ လှည့်လာလိုက်ပြီးမှ သူမေးသည်ကို သဘောပေါက်သွားသည်။

" မဟုတ်ပါဘူး..."

" တကယ်လို့ သူ လာခိုင်းတာဆိုရင် နောက်ဆို မလာပါနဲ့တော့..."

လီယင်းက စာအုပ်ကိုချထားလိုက်ပြီး တစ်ဖက်သို့လှည့်ကာ လက်တစ်ဖက်ဖြင့် အိပ်ရာပေါ်ထောက်ထားလိုက်၍ ချောမောခံ့ညားသောမျက်နှာကို မြင်လိုက်ရသည်။

" တကယ်လို့ သူ မလာခိုင်းဘူးဆိုရင်ရော..."

" တကယ်လို့ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ငါတို့တွေ အခုချိန်ကစပြီး သူငယ်ချင်းကောင်းဖြစ်ပြီ..."

ယွင်ချင်းစီက အဖျားကြီးနေခဲ့ပြီး ယခုမှ နိုးလာခြင်းဖြစ်၍ သူ့မျက်တောင်များက စိုစွတ်နေပြီး သူ၏နူးညံ့ညေ မျက်နှာလေးက အဖျားကြောင့် နီရဲနေပေသည်။ လီယင်းက လက်တစ်ဖက်ဆန့်ထုတ်ပြီး ဖရိုဖရဲဖြစ်နေသည့် ဆံပင်များကို ပါးပြင်ပေါ်မှ ဖယ်ပေးလိုက်ပြီး ပြောလာသည်။

" သူငယ်ချင်းကောင်းတွေပဲလား..."

ယွင်ချင်းစီ : ဟမ်...

" မင်းရင်ထဲမှာ ငါ့ကို အစ်ကိုကြီးတစ်ယောက်လို သဘောထားတယ်လို့ ထင်နေတာ..."

ယွင်ချင်းစီ မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ပြောလိုက်သည်။

" ငါမှ အစ်ကိုတစ်ယောက် မလိုတာ..."

" ငါက မင်းထက် အသက်ကြီးတယ်နော်..."

ယွင်ချင်းစီက သူ့ကို နီရဲစိုစွတ်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လီယင်း စကားပြောရပ်သွားသည့်အခါမှ သူ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောတော့သည်။
" မင်းကရော ငါ့ကို သူနဲ့တူတူအိမ်ပြန်ဖို့ ဖျောင်းဖျချင်နေတာလား..."

" မင်းအိမ်ပြန်ဖို့ ဖျောင်းဖျပြီး ဘာလို့အချိန်ကုန်ခံရမှာလဲ..."

" ဒါဆိုရင် ဘာလို့ ငါ့ကိုကောင်းကောင်းဆက်ဆံနေတာလဲ..."

လီယင်းက ထိုမေးခွန်းကြောင့် တစ်ခဏတာခန့် ကြောင်အသွားရသည်။

ယွင်ချင်းစီ၏ မျက်လုံးထဲတွင် မျက်ရည်စများ တွဲလွဲခိုလာပြန်သည်။ သူ လီယင်း၏ အင်္ကျီစကိုဆွဲပြီး ပြောလိုက်သည်။

" ငါ ငိုချင်တယ်..."

" ဒါဆိုရင်လည်း ငိုလေ..."

" မင်း ငါ့မေးခွန်းကို ပြန်မဖြေရသေးဘူးလေ..."

" ငါ မဖြေရင် မင်း မငိုတော့ဘူးလား..."

" ငါ ငိုချင်ပါတယ် ဒါပေမဲ့ မင်းနောက်ကွယ်မှာပဲ ငိုတော့မယ်..."

သူ့မျက်ဝန်းထဲတွင် မျက်ရည်စများ ပိုမိုစုဝေးလာသည်မှာ လှပသော မျက်ဝန်းထဲတွင် ပူစီဖောင်းများဖြင့် ပြည့်လာသကဲ့သို့ ထင်ရပေသည်။

လီယင်း၏နှလုံးသားထဲ ဆို့နင့်လာပြီး သူ့အလိုလို တီးတိုးပြောမိသွားသည်။

" ဘာလို့လဲဆိုတော့ ငါ မင်းအပေါ် ကောင်းချင်လို့လေ..."

ယွင်ချင်းစီ မျက်ရည်များစီးကျလာသည်။

သူ ရုတ်တရက် ထိန်းမနိုင်အောင်ဖြစ်သွားပြီး လီယင်း၏ ရင်ခွင်ထဲဝင်ကာ ငိုကြွေးတော့သည်။

" ငါ့အမေကို အရမ်းလွမ်းတယ်... ငါ သူ့ကို အရမ်းလွမ်းတယ်... ငါ သူ့ကိုလွမ်းတယ် သူ့ကိုလွမ်းတယ်..."

ထိုအချိန်က လီယင်းမှာ ယခုကဲ့သို့ အရပ်မရှည်သေးသည့်အပြင် ပခုံးများကလည်း မကျယ်သေးပေ။ သို့ရာတွင် ၎င်းက ယွင်ချင်းစီမှီခိုနိုင်သည့် အနွေးထွေးဆုံးသော ရင်ခွင်တစ်ခု ဖြစ်ခဲ့သည်။