Chapter 84
Extra 6
သူ ဆက်တိုက်ငိုနေခဲ့သောကြောင့် သတိမေ့မျောသွားမည်စိုး၍ လီယင်းက သူ့ကို ဆက်ငိုခွင့် မပြုတော့ပေ။ ယွင်ချင်းစီကို အိပ်ရာပေါ် ပြန်ပွေ့လာပြီးနောက် ဓားဖြင့် အထိုးခံထားရသည့်နေရာပေါ် လက်အသာတင်လိုက်ကာ ပြောသည်။
" ဆက်ငိုနေရင် ဒဏ်ရာက နာလာလိမ့်မယ်... မင်းအမေက မင်းအတွက် ထပ်ပြီး စိတ်ပူနေရမှာပေါ့..."
" သူ ဘာကိုမှ မသိနိုင်တော့ဘူးလေ..."
" သူသိပါတယ်... မင်း ငါ့ကို မယုံဘူးဆိုရင် ကိုယ့်ကိုကိုယ်မေးကြည့်လေ... တကယ်လို့ မင်းသေသွားပြီး မင်းအမေက အသက်ရှင်နေဦးမယ်ဆိုရင် သူ။မင်းကြောင့် မစားမသောက်ပဲ ငိုယိုနေရင် မင်း စိတ်မပူဘူးလား..."
ယွင်ချင်းစီ သူ့စိတ်ထဲတွင် ထိုမေးခွန်းပြန်မေးကြည့်လိုက်သည့်အခါ စိတ်ပူပန်နေမည်ဟုသာ အဖြေထွက်လာသည်။
ထို့နောက် သူ့မျက်ရည်များကို သုတ်ပစ်ပြီး လိမ်လိမ်မာမာဖြင့်နေကာ မငိုတော့ပေ။
ထိုနောက်ပိုင်းတွင် ယွင်ချင်းစီက သူ့ကို တမင်တကာ ရွံရှာစက်ဆုပ်နေဟန်မဆောင်တော့ပေ။ သူ နေ့တိုင်း အိပ်ရာမှ ထလာပြီးသည်နှင့် အဝတ်အစားများလဲဝတ်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးသင်ကာ လီယင်းရောက်လာမည့်အချိန်ကို မျှော်နေတော့သည်။
ရံဖန်ရံခါတွင်မူ သူ စောင့်နေခဲ့ရသည်မှာ အလဟဿဖြစ်သွားလေ့ရှိသည်။
အကယ်၍ လီယင်းက ယနေ့၊ မနက်ဖြန်နှင့် သန်ဘက်ခါများတွင် မလာလျှင်လည်း တစ်နေ့နေ့တွင် လာလိမ့်မည်ကို သူ သိနေခဲ့သည်။
လီယင်းက သူ့ကို မည်သည့်အခါမှ သုံးရက်ထပ် ပိုစောင့်ရအောင်မလုပ်ပေ။
ထိုအကြောင်းများမှာ ကျန်းရှိရွှယ်က သူနှင့် ယွင်ချင်းစီ၏ ရင်းနှီးမှုကို အသုံးချပြီး အမတ်ချုပ်စံအိမ်ကို ထိန်းချုပ်မည့်အကြောင်းကို မသိခင်အချိန်ထိသာဖြစ်လိုက်သည်။
လီယင်းက အဆုံးမဲ့တားမြစ်မြို့တော်တွင် နေထိုင်ရသူဖြစ်သည်။ သူက အိမ်ရှေ့စံမင်းသားတစ်ယောက် ဖြစ်သော်လည်း သူ့အတွက် အလင်းရောင်မရှိဟု အမြဲခံစားနေရသည်။ သူ၏ အနာဂတ်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် မြင်နိုင်ပြီး ၎င်းအနာဂတ်မှာလည်း ထီးနန်းဆက်ခံကာ ထိုအမျိုးသမီး၏အာဏာကို တောင့်တင်းခိုင်မာစေသည့် ပစ္စည်းတစ်ခု ဖြစ်လာရန်သာ။
သို့မဟုတ်လျှင် ထီးနန်းအတွက် ပြိုင်ဆိုင်နေလျက် သေဆုံးရမည်ဖြစ်သည်။
သူ၏ မယ်တော်ဟူသည့်လူကို မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ကျန်းရှိရွှယ်ကို ယွင်ချင်းစီအနား မကပ်စေလိုသကဲ့သို့ ယွင်ချင်းစီကိုလည်း သူအာဏာရလာရန် အသုံးချခံ မဖြစ်လာစေချင်ပေ။
သို့ဖြစ်၍ ကျန်းရှိရွှယ်က ယွင်ချင်းစီကို နန်းတော်ထဲ လာရောက်ကစားခွင့်ပြုသည်ဟု ပြောသည့်အချိန်တိုင်းတွင် သူ ယဉ်ကျေးစွာဖြင့် ခေါင်းညိတ်ပြရုံသာ ရှိခဲ့ပြီး သူ့ကိုနန်းတွင်းထဲ မခေါ်ခဲ့ပေ။
သို့ရာတွင် ၎င်းက အချိန်ကြာကြာထိန်းထားနိုင်မည့် ဖြေရှင်းချက် မဟုတ်သည်ကို သူသိသည်။မှူးမတ်များအကြားတွင် အမတ်ချုပ်ယွင်ကဲ့သို့ လူမျိုးများကသာ တိုင်းပြည်ရေးနှင့်ပတ်သက်ပြီး အထိမခံကြသူများဖြစ်သည်။ မူလအစတွင်မူ သူက ယွင်ချင်းစီကို အမတ်ချုပ်စံအိမ်သို့ ပြန်လာအောင် ဖျောင်းဖျရန် လီယင်းကိုတောင်းဆိုမည်ဟု အမှန်ပင် တွေးထားခဲ့သော်လည်း လီယင်းက အကြိမ်ကြိမ်အခါခါ ငြင်းဆန်ခဲ့၍ သူ့စိတ်ထဲတွင် မူမမှန်ဟု ထင်လာမိသည်။
သူ့ကို အခြားလူတစ်ယောက်ယောက်က ညွှန်ကြားသောကြောင့် ယွင်ချင်းစီနှင့် ရင်းနှီးအောင်နေသည်ဟုလည်း စိုးရိမ်လာမိသည်။ ထိုအကြောင်းပြချက်ကြောင့် လီယင်းနှင့် အထူးတလည်တွေ့ဆုံပြီး ဤကိစ္စကို လိမ္မာပါးနပ်စွာ မေးခဲ့ဖူသည်။ လီယင်းက သူ့ကို ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး တည့်တိုးသာပြောခဲ့သည်။
" သူက ခမည်းတော်ကြောင့် ဒဏ်ရာရခဲ့တာဆိုတော့ ... သူ့ဘာသူ တစ်ယောက်တည်းလှောင်ပိတ်ပြီး စိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့ ကူညီချင်လို့ပါ... ဆရာလည်း သူ စိတ်ညစ်ပြီး ဝေဒနာခံစားနေရတာ မကြည့်ချင်ဘူးမလား..."
သူက အမတ်ယွင်၏ စိတ်ထဲရှိနေသည့် စကားများကိုသာ ပြောသွားခဲ့ခြင်းဖြစ်သည်။
လီယင်းက သူ့ကို ဆက်ပြောပြသည်။
" သူ အခု ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးတဲ့သူလို့တောင် ခေါ်နေပြီ အရင်ကလိုမျိုး ကျွန်တော့်ကို အနားမှာ မရှိတဲ့သူလိုမျိုး မဆက်ဆံတော့ဘူး ဒါ ကိစ္စကောင်းပဲမလား..."
ယွင်ယွီက လီယင်း၏အကျင့်စရိုက်ကို ယုံကြည်သော်လည်း ဧကရာဇ်ကဲ့သို့ပင် သူလည်း ဧကရီကျန်းကို မယုံပေ။
လီယင်းက သူ၏စိုးရိမ်ပူပန်မှုများကိုသိ၍ တည်ကြည်စွာပြောလိုက်သည်။
" သူ အပြင်ထွက်ချင်စိတ်ရှိလာရင် ကျွန်တော်သူ့ကို အပြင်ခေါ်သွားပြီး တခြားလူတွေနဲ့ မိတ်ဆွေဖွဲ့ခိုင်းပါ့မယ်... သူ့မှာ သူငယ်ချင်းအသစ်တွေရှိလာရင် ကျွန်တော့်ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး..."
ထိုအချိန်တွင် သူ၏အကြံကလည်း အောင်မြင်သွားမည်ဖြစ်သည်။ သူ့အတွက်မူ ယွင်ချင်းစီက စိတ်သစ်လူသစ်နှင့် လူငယ်လေးဖြစ်သွားပြီး ယွင်ချင်းစီအတွက်မူ သူက လူသောင်းချီအထက်မှ အိမ်ရှေ့စံမင်းသားတစ်ယောက်သာ ဖြစ်တော့ပေမည်။
သူ့ဆရာလည်း စိတ်ချလက်ချ နေနိုင်သွားမည်ဖြစ်သည်။ သူ့မယ်တော်၏ မကောင်းသော အတွေးများကို လက်တွေ့ဖြစ်လာခွင့်မပြုပေ။
သို့သော် သူ ယွင်ချင်းစီကို စိမ်းစိမ်းကားကားဆက်ဆံပြီး စတင်ဖယ်ခွာတော့မည့်အချိန်တွင် သူ့နှလုံးသားက တုံ့ဆိုင်းနေသည်ကို သိလိုက်ရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ယွင်ချင်းစီက သူ့ကိုလိုအပ်သည့် တစ်ဦးတည်းသောလူဖြစ်သောကြောင့်ဟု ထင်လိုက်မိသည်။ သူက စာဖတ်တော်ခြင်း၊ အသုံးချ၍ကောင်းခြင်းနှင့် နန်းတွင်းထဲတွင် အရည်အချင်းရှိသူတစ်ယောက်ဖြစ်သောကြောင့် မဟုတ်ခဲ့ပေ။
သူ ယွင်ချင်းစီကို လိုအပ်ရခြင်းမှာ ယွင်ချင်းစီကလည်း လီယင်းကို လိုအပ်သောကြောင့်ပင်
......
" အဲဒါကြောင့်မို့ နောက်ပိုင်းကျ ကျွန်တော့်ကို လူအုပ်ကြီးထဲ ပစ်ထားလိုက်တာလား..."
အခုက ဆောင်းရာသီအလယ်သို့ ထပ်မံရောက်ရှိလာပြန်ပြီး ယွင်ချင်းစီက လီယင်း၏အနားကပ်လျက် မီးလှုံနေသည်။ သူတို့နှစ်ယောက်လုံးက ရာထူးအဆင့်အတန်းကိုဖော်ပြနေသည့် ဝတ်ရုံထူများကို မဝတ်ဆင်ထားပဲ အစိမ်းရောင်ဝတ်ရုံများကိုသာ ဝတ်ထား၍ သာမန်လူချမ်းသာမိသားစုမှ လူကြီးလူကောင်းများနှင့် တူနေသည်။
ယွင်ချင်းစီ မကျေမနပ်ဖြစ်သွားကြောင်းသိလိုက်၍ လီယင်းက ဌာပနာမုန့်တစ်ခုကိုယူပြီး သူ့ပါးစပ်ထဲလှမ်းထည့်ကာ တီးတိုးပြောလိုက်သည်။
" ကိုယ် အရမ်းနောက်ကျမှ တောင်းပန်မိတဲ့အတွက် အားစီ ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..."
" ထားလိုက်ပါတော့ ထားလိုက်ပါတော့..."
ယွင်ချင်းစီကလည်း စိတ်သဘောထားသေးသိမ်သူ တစ်ယောက်မဟုတ်ပေ။
လီယင်းက တိုင်းပြည်ရေးကိစ္စများကို ခဏဘေးဖယ်ထားပြီး သူနှင့်အတူ အချိန်ကုန်ဆုံးကာ အတိတ်အကြောင်းများ ပြန်ပြောနေခြင်းက ရှားရှားပါးပါးဖြစ်၍ သူ စိတ်မဆိုးရက်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က လီယင်းမှာလည်း သူ့ကိုတစ်ချိန်လုံး အဖော်ပြုနေရမည့် တာဝန်မရှိပေ။
ထိုအချိန်က လီယင်းမှာ သူနှင့်တဖြည်းဖြည်း အနေဝေးသွားသည်ကို ယွင်ချင်းစီ သတိမပြုမိပေ။ သူ့အမြင်တွင်မူ လီယင်းက သူ့မိတ်ဆွေများနှင့် ရံဖန်ရံခါ အချိန်ဖြုန်းရန် မိတ်ဆက်ပေးခဲ့ရုံသာဖြစ်သည်။ လီယင်းက သူ့ဘဝကို ပြဿပေးပြီး ထိုအသိုက်အဝန်းထဲကို သူ့အား ဝင်ရောက်စေခဲ့သည်ဟုသာ သူ တွေးခဲ့ခြင်းဖြစ်သည်။
ယွင်ချင်းစီက အကောင်းဆုံးကြိုးစားပြီး ထိုလူများနှင့် အဆင်ပြေအောင်နေခဲ့သော်လည်း သူတို့အတူတကွ ကစားချိန်တွင် သူ လီယင်းကိုပိုပြီး ကပ်တွယ်လာမိခဲ့သည်။ မည်မျှပျော်စရာကောင်းသည့်ကိစ္စဖြစ်စေ လီယင်းမပါဝင်ပါက သူလည်းမသွားပေ။ မည်မျှကောင်းသောအချိန်ဖြစ်ပါစေ လီယင်းပါလာပါက သူ မဖြစ်မနေသွားသည်။
လင်းဟွိုက်ကျင်း ဦးဆောင်သော သူငယ်ချင်းများအားလုံးက သူ့ကို တွယ်ကပ်သည့်သရဲလေးဟု ခေါ်ကြသည်။
လီယင်းက ယွင်ချင်းစီကို ထိုသို့မခေါ်ရန် သူတို့အား အလေးအနက်ပြောထားသည်။ ယွင်ချင်းစီက အမှန်တွင် အလွန်အံ့အားသင့်သွားသော်လည်း သူ့စိတ်ထဲတွင်မူ နွေးထွေးသွားရသည်။
သူ လီယင်းကို တီးတိုးပြောခဲ့သည်။
" ငါ ဘာမှမဖြစ်ပါဘူး..."
" ငါကတော့ဖြစ်တယ်..."
ယွင်ချင်းစီက အနည်းငယ်စိတ်လှုပ်ရှားသွားခြင်းကို ဖိနှိပ်ထားလိုက်ပြီး လက်နောက်ပစ်ကာ ခြေထောက်ကိုရှပ်တိုက်လျှောက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဘာမှမဖြစ်ပါဘူး မင်းက စိတ်အနှောင့်အယှက်ပေးတဲ့သရဲ ငါကတွယ်ကပ်တတ်တဲ့ သရဲလေးလေ... သဘာဝကျတဲ့စုံတွဲပေါ့..."
လီယင်း ရယ်လိုက်မိသည်။
ထိုအချိန်က စုံတွဲဟူသောအရာကို သူသဘောမပေါက်ခဲ့ပဲ သူငယ်ချင်းမိတ်ဆွေများအကြားမှ အသုံးအနှုန်းတစ်ခုဟုသာ ထင်ခဲ့သည်။ ယွင်ချင်းစီအတွက်မူ "မင်းက ငါ့အပေါ်ကောင်းလို့ ငါလည်း မင်းအပေါ်ကောင်းမယ် ... ငါတို့နှစ်ယောက်က ဒီလောကမှာ အကောင်းဆုံးပဲ" ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။
ယွင်ချင်းစီက လီယင်းကို လက်ထပ်ရလိမ့်မည်ဟု တစ်ကြိမ်မှ မတွေးခဲ့မိသည့်အပြင် လီယင်းကလည်း သူ၏ဧကရီက ယွင်ချင်းစီဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။
ယွင်ချင်းစီက ရုပ်ရည်ချောမောပြေပြစ်ခြင်းနှင့် အကျင့်စရိုက်ကောင်းမွန်မှုကြောင့် ရွယ်တူများအကြားတွင် အလွန်နာမည်ကြီးသည်။ သူက ပိန်ပိန်ပါးပါးနှင့် လူကောင်သေးသောကြောင့် အားလုံးက သူ့ကိုဂရုစိုက်ပြီး ချစ်ခင်ကြပေသည်။
နောက်ဆုံးတွင် လင်းဟွိုက်ကျင်းက သူ့ကိုခေါ်သရွေ့ လီယင်းကလည်း ထိုနေရာတွင်ရှိမည်ဟူသောအချက်ကို သူ အသားကျသွားသည်။
သူ အပြင်ထွက်ချိန်၌ လီယင်းကို ပထမဆုံးအကြိမ် မတွေ့ခဲ့ရချိန်မှာ ထိုစဉ်က အခြားသော ကလေးများနှင့် အတူတကွစုဝေးပြီး လယ်ကွင်းထဲတွင် ယုန်သွားဖမ်းကြမည့်အချိန်ဖြစ်သည်။ ယွင်ချင်းစီ ပျော်ပျော်ရွှင်ရွှင်ဖြင့် ရောက်လာချိန်တွင် သူ ဘေးပတ်ပတ်လည်ကို စူးစမ်းလေ့လာကြည့်လိုက်သည်။
လင်းဟွိုက်ကျင်းက သူ့ကိုပြောလာသည်။
" အရှင့်သားက လုပ်စရာတစ်ခုခုရှိတာထင်တယ် ငါတို့ဘာသာ အရင်ကစားကြမယ်လေ..."
ယွင်ချင်းစီ ခေါင်းညိတ်ပြလိုက်သည်။
သူ ထိုတစ်နေ့လုံး စိတ်ပါလက်ပါ မဆော့ခဲ့သည့်အပြင် စိတ်နှင့်လူနှင့် မကပ်စွာဖြင့် အဝေးကို အမြဲလှမ်းကြည့်နေခဲ့သော်လည်း လီယင်းကို တစ်နေကုန် မတွေ့ခဲ့ရပေ။
သူ့အဖော်များ၏ စိတ်လှုပ်ရှားမှုကို မဖျက်ဆီးလိုသော်ကြောင့် လီယင်းကို တမျှော်မျှော်ဖြင့်သာ တစ်နေကုန်နေခဲ့ပြီး အိမ်ပြန်ချိန် ရောက်သောအခါ မနည်းအားတင်းပြီး အားလုံးကို နှုတ်ဆက်ခဲ့ရသည်။
လင်းဟွိုက်ကျင်း သူ့ကို ဒုတိယအကြိမ် ခေါ်ချိန်တွင်လည်း ထိုနေရာ၌ လီယင်း ရှိမနေခဲ့ပေ။ တတိယအကြိမ်ဖြစ်လာသည့်အခါ ယွင်ချင်းစီ မမေးပဲ မနေနိုင်တော့ပေ။
" အိမ်ရှေ့မင်းသားရော လာမှာလား..."
အဖြေက "မသိဘူး" ဟူ၍သာဖြစ်သည်။
အသက်၉နှစ်အရွယ် ယွင်ချင်းစီကို လီယင်းက သူ့အကျင့်စရိုက်နှင့် အလွန်အမင်းကွဲလွဲစွာဖြင့် စိတ်ဓာတ်ကျနေမှုများထဲမှ ဆွဲထုတ်ပေးခဲ့သူဖြစ်သည်။ လီယင်း ထိုနေရာတွင် မရှိကြောင်း သိသော်လည်း ထိုလူများနှင့် သွားရောက် ဆော့ကစားရခြင်းမှာ သူတို့ကို လီယင်းက သူ့အတွက် ရှာပေးထားသောကြောင့်ဖြစ်သည်။ ထို့အပြင် သူက လီယင်းမရှိသည်နှင့် မည်သည့်အရာမှ မလုပ်နိုင်သူ မဟုတ်ကြောင်း သူတို့ကိုမသိစေချင်သောကြောင့်ဖြစ်သည်။
ပြီးတော့ သူ နောက်တစ်ခေါက်သွားတဲ့အချိန် လီယင်း အဲ့မှာရှိရင်လည်း ရှိနေမှာပဲလေ...
နောက်ပိုင်းတွင် လင်းဟွိုက်ကျင်း သူ့ကိုခေါ်သည့်အချိန်တိုင်း ယွင်ချင်းစီက မေးဖြစ်ခဲ့သည်။
" အိမ်ရှေ့စံမင်းသားရော လာမှာလား..."
လင်းဟွိုက်ကျင်းက အမြဲတမ်း သူ မသိကြောင်း ဖြေခဲ့သည်။
ထိုသို့ အကြိမ်ပေါင်းများစွာဖြစ်ပြီး ယွင်ချင်းစီက လီယင်းကို တစ်လနီးပါး မတွေ့ရပြီးသည့်နောက်တွင် ထိုလူများအပေါ်၌ စိတ်ဝင်စားမှု လျော့နည်းသွားသည်။
မည်သူခေါ်သည်ဖြစ်စေ သူ မသွားတော့ပေ။
လီယင်းက သူ့ကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်ကိုလည်း သူ မသိပေ။ ယွင်ချင်းစီက သူမပါပဲ အခြားလူများနှင့် အဆင်ပြေပြေနေနိုင်ကြောင်း သိခဲ့စဉ်က သူ အနည်းငယ်စိတ်ပျက်သွားခဲ့ရသည်။ သို့ရာတွင် သူက ယွင်ချင်းစီထက်ပို၍ တည်ငြိမ်ရင့်ကျက်သူဖြစ်၍ သူ့စိတ်အခြေအနေကို လျင်မြန်စွာ ထိန်းနိုင်ခဲ့သည်။
၎င်းမှာ ယွင်ချင်းစီက သူ့အိမ်ထဲတွင်သာ ပိတ်လှောင်နေပြီး မည်သူနှင့်မှ မတွေ့ဟု လင်းဟွိုင်ကျင်းလာပြောချိန်ထိဖြစ်သည်။
လီယင်း တစ်နေ့ခန့် ထိုင်စောင့်နေပြီးသည့်နောက်တွင် သည်းမခံနိုင်တော့ပေ။ ညနေစောင်းတွင် မြင်းလှည်းခေါ်ပြီး မြို့စွန်မှ ခြံဝင်းရှိရာ သွားတော့သည်။
ထိုနေ့က နွေဦးမိုးရွာသွန်းခဲ့၍ လေထုက အနည်းငယ် အေးတိအေးစက်ဖြစ်နေသည်။ တံခါးဝမှ အစေခံက သူ့ကိုမြင်သည်နှင့် အထဲကို အမြန်ဝင်ခိုင်းသည်။ အန်တီလျှိုက သူ့ကိုပြောလာသည်။
" အရှင့်သား ရောက်လာပြီပဲ... သခင်လေးက အခုရက်ပိုင်း စိတ်မကြည်မလင်ဖြစ်နေတော့ အစားလည်း နည်းနည်းပဲစားတယ် တဖြည်းဖြည်းလည်း ပိန်လာပြန်ပြီ ဒီအစေခံလည်း အရမ်းစိုးရိမ်နေရတယ်..."
ယွင်ချင်းစီက မိုးရွာချိန်တွင် ဆင်ဝင်အောက်ရှိ ခုံပေါ်တွင် လှဲနေကာ စောင်အသေးတစ်ထည်ခြုံထားပြီး မိုးသံကို တိတ်ဆိတ်စွာ နားထောင်နေလေ့ရှိသည်။
ကောင်းကင်ကြီးက မည်းမှောင်နေပြီး တံစက်မြိတ်မှ တဖြည်းဖြည်းကျလာသော မိုးရေစက်များကို နားထောင်နေလျက် ယွင်ချင်းစီက ခုံပေါ်တွင် ကွေးနေပြီး မီးခိုးရောင်ကောင်းကင်ကြီးကို ငေးငိုင်ကြည့်နေသည်။
သူ မည်သည့်အကြောင်းများ တွေးတောနေသည်ကို လီယင်း မသိသော်လည်း ယခုအချိန်တွင် သူ အလွန်စိုးရိမ်နေမိသည်။
" သခင်လေး ဘယ်သူရောက်လာလဲ ကြည့်လိုက်ပါဦး..."
အန်တီလျှို လှမ်းခေါ်လိုက်သည့်အထါ ယွင်ချင်းစီက တစ်ဖက်သို့ လှည့်လာသည်။
သူ အမှန်တကယ်ပင် ပိန်ကျသွားပြီး မျက်နှာက ခပ်ချွန်ချွန်ဖြစ်ကာ မျက်လုံးများက ပိုမိုကြီးမားလာသည်။
လီယင်းကိုမြင်ချိန်တွင် ယွင်ချင်းစီ၏မျက်လုံးများ ရုတ်ချည်းနီရဲသွားသည်။ သူ ခုံပေါ်မှ ဆင်းလာပြီး အိမ်ထဲကို ခြေဗလာဖြင့် ပြေးဝင်သွားကာ တံခါးကို ဆောင့်ပိတ်လိုက်သည်။
ထိုအချိန်တွင် သူနှင့်လီယင်းမတွေ့သည်မှာ နှစ်လခန့်ရှိပြီဖြစ်သည်။ သူ့ကိုတမင်တကာ လျစ်လျူရှု့နေကြောင်း ယွင်ချင်းစီသဘောပေါက်သွား၍ ဒေါသထွက်ပြီး မကျေမနပ်ဖြစ်သွားမိသည်။
တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။ ယွင်ချင်းစီက အိပ်ရာပေါမ လှဲချလိုက်ပြီးနောက် မျက်ရည်များ စီးကျလာသည်။
လီယင်း တံခါးထပ်ခေါက်ပြန်သည်။
ယွင်ချင်းစီ လျစ်လျူရှု့ထားလိုက်သည်။
လီယင်း နောက်တစ်ကြိမ် တံခါးထပ်ခေါက်သော်လည်း ယွင်ချင်းစီက လျစ်လျူရှု့ထားဆဲဖြစ်သည်။
လီယင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" ဟွိုက်ကျင်း ပြောတာတော့ မင်းသူတို့နဲ့ အခုနောက်ပိုင်း လာမကစားဘူးတဲ့... အဲဒါကြောင့် ငါမင်းကို လာတွေ့တာ..."
အခန်းက ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လီယင်းက နှုတ်ခမ်းများ တင်းတင်းစေ့ထားပြီး ပြောလိုက်သည်။
" အားစီ စိတ်မဆိုးပါနဲ့..."
ယွင်ချင်းစီက မျက်ရည်များ သုတ်ပစ်လိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။
" ငါ မင်းအတွက် အရသာရှိတာတွေ ဝယ်လာပေးတယ်... တည်သီးကိတ် လာစားကြည့်ပါဦး..."
“……”
လီယင်းက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့သော်လည်း ယွင်ချင်းစီက တံခါးမဖွင့်ပေးခဲ့ပေ။ သူ သက်ပြင်းချရုံသာချလိုက်ပြီး ပစ္စည်းများကို တံခါးနားချထားပြီး ပြောလိုက်သည်။
" ဒါဆိုရင်လည်း ငါအရင်ပြန်လိုက်ဦးမယ် နောက်နေ့မှ မင်းကို လာတွေ့တော့မယ်..."
သူ တစ်ဖက်သို့လှည့်ပြီး ထွက်သွားသည်။ သူ ဆင်ဝင်အောက်မှ ထွက်လာသည်နှင့် နောက်မှ အသံတစ်သံကို ကြားလိုက်ရပြီး ယွင်ချင်းစီက တံခါးကိုအထဲမှ ထုရိုက်လိုက်သည်။
လီယင်း ရပ်တန့်သွားပြီး သူ့မျက်ဝန်းထဲတွင် ပြုံးရိပ်သန်းလာကာ တစ်ဖက်ကိုပြန်လှည့်သွားပြီး ချော့မြူသံဖြင့် ပြောလိုက်သည်။
" တံခါးဖွင့်ပေးပြီး မင်းရဲ့ကောကောကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် ဟုတ်ပြီလား..."
ယွင်ချင်းစီက တံခါးဖွင့်ပေးပြီး ခက်ထန်စွာ ပြောလိုက်သည်။
" မင်းက ဘယ်သူ့ကောကောလဲ..."
" မင်းရဲ့ကောကောလေ..."
လီယင်း ပြုံးလိုက်မိသည်။ သူပြုံးရယ်လိုက်ချိန်တိုင်းတွင် မျက်ဝန်းထဲ၌ နူးညံ့နွေးထွေးပြီး ညင်သာသော အလင်းတန်းများပေါ်လာ၍ ဤမျှကြင်နာတတ်သော လီယင်းကို ယွင်ချင်းစီ မတောင့်ခံနိုင်ပေ။ သူ နှုတ်ခမ်းစူထားပြီးနောက် လမ်းဖယ်ပေးလိုက်သည်။
လီယင်းက တံခါးရှေ့မှ တည်သီးကိတ်ကို ယူလိုက်ပြီးနောက် သူ့အကြည့်များက ယွင်ချင်းစီ၏ ခြေဗလာအပေါ် ကျရောက်သွားသည်။
" မင်း ဖိနပ်တောင် မစီးထားရအောင် အပြင်မှာ ဘယ်လိုရာသီဥတုမျိုးမို့လဲ..."
" ငါ့ကို မင်းစီမံပေးနေဖို့ လိုတယ်ထင်နေလား..."