အပိုင်း ၈၅
Viewers 13k

Chapter 85
Extra 7



သူ လမ်းလျှောက်ဝင်လာပြီး ခုံတွင်ထိုင်လိုက်သည်။ လီယင်းက တည်သီးကိတ်ကို စားပွဲပေါ် တင်ထားလိုက်ပြီး သူ့ကိုဖိနပ်ယူလာပေးလျက် ပြောလိုက်သည်။

" ဖိနပ်စီး..."

" မစီးဘူး..."

သူက ဖိနပ်မစီးရုံသာမက ခြေထောက်မြှောက်ပြီး ဖိနပ်များကို အဝေးသို့ ကန်ထုတ်ပစ်လိုက်သည်။

လီယင်းက ဖိနပ်ကို တစ်ဖက်ချင်းလိုက်ကောက်ပြီး သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းမော့ပြီး သူ့ကို စူးစူးနင့်နင့်ကြည့်လိုက်သည်။

" မင်းကိုယ်တိုင်စီးပေးရင် စီးမယ်လေ..."

" ငါ မင်းကို အရင်ဘဝက အကြွေးတင်ခဲ့လို့များလား..."
လီယင်းက ပြောပြောဆိုဆိုနှင့် သူ့ခြေထောက်‌များကို သုတ်ပေးနေသည်။

သူက ယွင်ချင်းစီထက် အသက်တစ်နှစ်သာကြီးသော်လည်း သူ၏အကျင့်စရိုက်က ပိုတည်ငြိမ်ရင့်ကျက်ပေသည်။

နူးညံ့ပြီး ချစ်စရာကောင်းသည့် ခြေချောင်းလေးများကို ခြေအိတ်စွပ်ပေးလိုက်ပြီးနောက် ဖိနပ်စီးပေးလိုက်သည်။

အိမ်ရှေ့စံမင်းသားမှာ အခြားတစ်ယောက်ကို ပြုစုပေးဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုအချိန်က သူကိုယ်သူ ယွင်ချင်းစီ၏ အစ်ကိုကြီးအဖြစ် အမှန်တကယ် သတ်မှတ်ထားခဲ့သောကြောင့် ယွင်ချင်းစီက အနာဂတ်တွင် သူ၏လက်တွဲဖော်ဖြစ်လာခဲ့လိမ့်မည်ဟု အမှန်တကယ် စိတ်ကူးမယဉ်ခဲ့မိပေ။

သူ့ကို ဖိနပ်စီးပေးပြီးသည့်အခါ အိမ်ရှေ့စံမင်းသားက မတ်တပ်ထရပ်ပြီး အပြင်ထွက်သွားသည်။ ယွင်ချင်းစီက သူ့နောက်မှ ချက်ချင်းလိုက်လာသော်လည်း လီယင်းက တံခါးဝမှ ရေဇလုံထဲရှိ ဝါးပိုက်အောက်တွင် လက်ဆေးနေသည်ကို မြင်လိုက်သောကြောင့် ရပ်တန့်သွားသည်။

လီယင်း လက်ဆေးပြီး တစ်ဖက်သို့ ပြန်လှည့်လာသည့်အခါ ယွင်ချင်းစီက တံခါးဘောင်တွင်မှီပြီး သူ့ကို သနားစရာပုံစံလေးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ သနားမိသွားသော်လည်း တစ်ချိန်တည်းတွင် ရယ်စရာကောင်းသည်ဟု ထင်မိသွားသည်။

" ငါ မပြန်သေးပါဘူး..."

ယွင်ချင်းစီ၏မျက်နှာက ရှူံ့တွသွားပြီးနောက် အိမ်ထဲပြန်ဝင်သွားသည်။

လီယင်းက သူ့နောက်မှလိုက်လာပြီး လက်ကိုအခြောက်ခံလိုက်ကာ တည်သီးကိတ်ထည့်ထားသည့် စက္ကူစာရွက်ကို ဖြည်လိုက်သည်။
" ငါ မင်းအတွက် တစ်ခုခု ဝယ်လာတဲ့အပြင် အထုပ်ပါဖြေပေးထားတာ... မင်းကို ခွံ့ကျွေးရဦးမလား..."

သူ တည်သီးကိတ်ကိုယူလိုက်သည့်အခါ ယွင်ချင်းစီက အရှက်မဲ့စွာဖြင့် ပါးစပ်ဟထားသည်။

လီယင်း သူ့ကို ခွံ့ကျွေးလိုက်ရသည်။

ယွင်ချင်းစီက တစ်ကိုက်ကိုက်လိုက်ပြီးနောက် အနားမယူပဲ မေးခွန်းတစ်ခု မေးလာသည်။
" ကျွန်တော့်ကို ဘာလို့ပစ်ထားတာလဲ..."

" အခုနောက်ပိုင်း အလုပ်များနေလို့ပါ..."

" ဟမ့်..."

ယွင်ချင်းစီက မုန့်ကို နောက်တစ်ကိုက်ကိုက်လိုက်ပြီး ထပ်မေးသည်။
" ကျွန်တော်က စိတ်ရှုပ်စရာကောင်းတယ်ထင်လို့ တမင်တကာ လျစ်လျူရှု့ထားတာလား..."

" အဲ့လိုမဟုတ်ပါဘူး... ငါ မင်းကို တစ်ခါမှ စိတ်ရှုပ်စရာလို့ မတွေးခဲ့ဖူးဘူး..."

" ကျွန်တော်က တအားကပ်လွန်းတယ်လို့ သူတို့အားလုံးပြောကြတယ်လေ... ကျွန်တော့်ကို သဘောမကျတော့တာများလား..."

" ငါ မင်းကို သဘောမကျတာ မဟုတ်ပါဘူး... ငါ မင်းကို သဘောမကျရင် ဘာလို့ တည်သီးကိတ် ဝယ်လာမှာလဲ..."

သူ ယွင်ချင်းစီကို နောက်တစ်ကိုက် ထပ်ကျွေးပြီး ပြောလိုက်သည်။

" ဒါပေမဲ့ ငါမရှိရင်လည်း ဟွိုက်ကျင်းက မင်းကို အပြင်ထွက်ကစားဖို့ နေ့တိုင်းလာခေါ်တာပဲမလား... အိမ်မှာပဲ တစ်နေကုန် မပျင်းနေရတော့ဘူးပေါ့..."

" ကျွန်တော်မှ သူတို့နဲ့ မကစားချင်တာ..."

ယွင်ချင်းစီက ထိုအကြောင်းကိုပြောချိန်တွင် ပျာယာခတ်သွားသည်။

" အမေက သူတို့နဲ့သွားဆော့တာသိရင် ကြိုက်မှာမဟုတ်ဘူး..."

" အားစီ..."

" ကျွန်တော်က မင်းသားနဲ့ပဲ နေချင်တာလေ..."

ယွင်ချင်းစီက ခေါင်းငုံ့လိုက်ပြီးနောက် သူ့မျက်ရည်များက စားပွဲပေါ် စီးကျလာသည်။ လီယင်းက သူ့ကို အနားဆွဲခေါ်လိုက်ပြီး မျက်ရည်များသုတ်ပေးကာ ပြောလိုက်သည်။

" ငါ့မှာက လုပ်စရာကိစ္စတွေ အများကြီးပဲလေ မင်းနဲ့ တစ်ချိန်လုံး မနေနိုင်ဘူး..."

" ဒါဆိုရင်လည်း ကျွန်တော်အဖော်လုပ်ပေးရမလား..."

မျက်တောင်ရှည်များ ပင့်တက်သွားပြီး လီယင်းကိုကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" နောက်တစ်ခါ မင်းသား အချိန်မရဘူးဆိုရင် ကျွန်တော် နန်းတွင်းမှာ လာရှာမယ်လေ ရလား..."

" နန်းတွင်းမှာက စည်းမျဉ်းတွေအများကြီးရှိတာ... မင်း နေရခက်မှာ ငါစိုးရိမ်လို့ပါ..."

လီယင်းက သူ့ကို နန်းတွင်းထဲ မဝင်လာစေလိုပေ။ သူကိုယ်တိုင်က နန်းတွင်းကို သဘောမကျသည့်အပြင် ၎င်းကလည်း နေရာကောင်းမဟုတ်၍ ယွင်ချင်းစီကို မလာစေလိုခြင်းဖြစ်သည်။

သို့ရာတွင် ယွင်ချင်းစီ၏မျက်နှာထက်၌ နာကျင်မှုအရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။

လီယင်းက သူ့ဘဝကို မချပြချင်ဟု သူတွေးလိုက်မိသည်။ သူ့အတွက်မူ နန်းတွင်းက ခမ်းနားထည်ဝါပြီး ကြီးကျယ်မြင့်မြတ်သောနေရာဖြစ်၍ သူနှင့်မထိုက်တန်ဟု လီယင်းတွေးနေခြင်း ဖြစ်နိုင်သည်။

သူတို့နှစ်ယောက် ခဏတာ တိတ်ဆိတ်ငြိမ်သက်နေပြီးသည့်နောက်တွင် ယွင်ချင်းစီက ပြောလာသည်။
" ပြန်လို့ရပါပြီ..."

" အားစီ..."

" မင်းသားက ကိုယ့်ကိုကိုယ်ပဲ အရေးကြီးတယ်လို့ ထင်နေတာမလား ကျွန်တော်လည်း မင်းသားကို ဂရုမစိုက်တော့ပါဘူး..."

ယွင်ချင်းစီက ခေါင်းမော့ကြည့်ပြီး ပြောလိုက်သည်။

လီယင်းက ခဏတာ အံ့အားသင့်သွားမိပြီးမှ ပြန်ဖြေလိုက်သည်။

" အန်တီလျှိုပြောတာတော့ မင်းအခုနောက်ပိုင်း အစကောင်းကောင်းမစားဘူးဆို..."

" အဲဒါ မင်းသားနဲ့ ဘာဆိုင်လို့လဲ..."

" အားစီ..."

" ကျွန်တောိ မင်းသားကို သဘောမကျတော့ပါဘူး..."

ယွင်ချင်းစီက စားပွဲမှ ထသွားပြီး ပြောလိုက်သည်။
" ကျွန်တော် မင်းသားကို သတိလည်းမရတော့ပါဘူး အတူတူလည်း အချိန်မဖြုန်းချင်တော့ဘူး..."

သူ ဒေါသ‌ထွက်သွားသည်ကိုသိ၍ လီယင်းက ချော့မော့ရန် ကြိုးစားလိုက်သည်။

" စိတ်မဆိုးပါနဲ့..."

" မင်းသားက ကျွန်တော့်အိမ်ကိုကျ အမြဲစိတ်တိုင်းကျလာပြီး ကျွန်တော့်ကိုကျ မင်းသားရဲ့အိမ်ကို သွာားခွင့်မပြုဘူး... ဒါကို စိတ်မဆိုးရရင်တော့ တော်တော်လေး သဘောထားကြီးမှဖြစ်မယ်..."

ယွင်ချင်းစီက သူ့ကို ခက်ထန်စွာ ဝေဖန်လိုက်သည်။ လီယင်းက သူ့ကိုယ်သူ ကိစ္စများကို ရှုပ်ထွေးစွာ တွေးလိုက်မိကြောင်း သိလိုက်သည်။ ယွင်ချင်းစီက နန်းတော်ကိုလာချင်သည်မှာ သူနှင့်ကစားလိုသောကြောင့်သာဖြစ်သည်။ သို့ဖြစ်၍ ယွင်ချင်းစီကို တံဆိပ်ပြားတစ်ခု ပေးထားလိုက်ပြီး နန်းတော်ထဲတွင် သူ့ကို လာရှာလိုပါက သုံးရန် ပြောလိုက်သည်။

ယွင်ချင်းစီက သူ့ကို သင်္ကာမကင်းစွာဖြင့် ပြောလိုက်သည်။

" တကယ်လာလို့ရတာလား..."

" တကယ်ပေါ့..."

ယွင်ချင်းစီက တံဆိပ်ပြားကို သိမ်းထားလိုက်ပြီး သူ့မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်လာသည်။ လီယင်းက နောက်ဆုံးတွင် သူ စိတ်ပြေအောင် ချော့နိုင်သွားပြီဖြစ်၍ စိတ်အေးသွားပြီး မေးလိုက်သည်။
" မင်း ငါနဲ့တူတူရှိချင်သေးလား..."

" ဒါပေါ့..."
ယွင်ချင်းစီက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြုံးပြလိုက်သည်။

" မင်းသားနဲ့ အတူရှိရတာ ဒီလောကကြီးမှာ အကောင်းဆုံးပဲ..."

ထို့နောက်တွင် ယွင်ချင်းစီက လီယင်းပေးသည့် တံဆိပ်ပြားကိုယူ၍ နန်းတော်သို့ စတင်လာရောက်ခဲ့သည်။

လီဟုန်က လီယင်းကို သဘောကျနှစ်ခြိုက်သောကြောင့် မကြာခဏ သူကိုယ်တိုင် စာသင်ကြားပေးလေ့ရှိပြီး သူ၏စာရွက်များကိုလည်း စီစစ်ပေးလေ့ရှိသည်။ ယွင်ချင်းစီ ပထမဆုံးအကြိမ်လာရောက်စဉ်က လီယင်းက ကျန်းရှန်နန်းဆောင်တွင် အိမ်စာလုပ်နေချိန် ဖြစ်သည်။ ယွင်ချင်းစီရောက်လာသည်ဟု ကြားသောအခါ အစေခံကို ပြောလိုက်သည်။

" သူ့ကို ခဏစောင့်ခိုင်းလိုက်ပါ..."

လီဟုန်က အလွန်အံ့အားသင့်သွားခဲ့သည်။
" ရှောင်စီက သားတော်ကို လာတွေ့တာလား..."

" ဟုတ်ပါတယ်... သူ မနေ့ကမတိုင်ခင်တစ်ရက်က ငိုယိုပြီးတော့ သားတော်က သူ့ကို လျစ်လျူရှု့ထားတယ်ဆိုပြီးပြောတာနဲ့ သူပျော်အောင်လို့ တံဆိပ်ပြားပေးထားခဲ့တာပါ ခမည်းတော်..."

လီဟုန်က ရယ်မောလိုက်ပြီး နွေးထွေးစွာဖြင့် ပြောလိုက်သည်။

" ရပါတယ် ဘာမှမဖြစ်ဘူး... အဲဒီကိစ္စဖြစ်ပြီးတည်းက ယွင်ယွီက သူ့ကိုအရမ်းစိတ်ပူနေတာ... သားတော် စောင့်ရှောက်ပေးနေတော့ သူလည်း စိတ်ချလက်ချ နေလို့ရတာပေါ့..."

အနာဂတ်တွင်လည်း အိမ်ရှေ့စံမင်းသား၏ နန်းဆောင်တွင် စောင့်နေရန် မလိုအပ်ပဲ ကျန်းရှန်နန်းဆောင်သို့ လာရောက်ပြီး လီယင်းစာလေ့လာနေသည်ကို အဖော်ပြုပေးနိုင်သည်ဟု အမိန့်ပေးခဲ့သည်။ အကယ်၍ သူ့ထံတွင် တံဆိပ်ပြား မပါလာလျှင်ပင် မည်သူကမှ မဟန့်တားရဟု ထပ်မံပြောကြားလိုက်သည်။

အားလုံးကို စီစဉ်ပေးပြီးသည့်အခါ လီယင်းက တစ်စုံတစ်ခု ပြောချင်နေကြောင်း မြင်လိုက်ရသည်။

" ဘာဖြစ်လို့လဲ သားတော်..."

" ဆရာက သားတော်ကို မယုံမကြည်ဖြစ်နေတယ်ထင်ပါတယ်..."

လီဟုန်၏အကြည့်များက  လေးနက်သွားပြီးနောက် ခဏတာတွေးတောကာ ပြောလိုက်သည်။

" သူအခုလည်း ခမည်းတော်နဲ့ တော်တော်အနေဝေးသွားပါပြီ ကြည့်ရတာ အားလောရဲ့စကားတွေက သူ့ရင်ထဲတော်တော်ထိသွားတယ် ထင်ပါတယ်... ဒီလိုကိစ္စမျိုးက အတင်းလုပ်ယူလို့လည်း မရဘူးလေ... ဒါပေမဲ့ ယွင်မိသားစုက မျိုးရိုးစဉ်ဆက်အလိုက် သစ္စာရှိခဲ့ကြတာပါ... သူတို့က အခုချိန်မှာ တော်ဝင်မိသားစုနဲ့ အရင်ကလောက် အကျွမ်းတဝင် မရှိတော့ပေမယ့် သစ္စာရှိလက်အောက်ငယ်သားဆိုတဲ့သွေးက သူတို့သွေးကြောထဲမှာ စီးဆင်းနေတုန်းပဲ..."

သူ ပြောနေသည်မှာ ယွင်ချင်းစီ အပြင်းအထန်ဒဏ်ရာရခဲ့ပြီး သတိမေ့မျောသွားသည့်ရက်ကအကြောင်း ဖြစ်သည်။

ချင်ဖေးလောက ယွင်ချင်းစီဒဏ်ရာရရှိသည့်သတင်းကို မနက်စောစောတွင် ကြားသိရပြီးသည့်နောက် ဆိပ်ကမ်းသို့ တစ်ဟုန်ထိုးရောက်လာခဲ့သည်။ သူမက ရိုးစင်းသည့်ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး မျက်နှာကလည်း ဖြူဖျော့နေပေသည်။ ဧကရာဇ်ကို မြင်သည့်အခါ အတတ်နိုင်ဆုံး သူမစိတ်ကိုထိန်းထားပြီး တရိုတသေဖြင့် ဂါရဝပြုခဲ့သည်။ ဧကရာဇ်က တောင်းပန်သည့်အခါတွင်လည်း သူမက ပြုံးပြပြီး ခေါင်းခါခဲ့သည်။

သို့ရာတွင် ယွင်ချင်းစီကို သစ်သားလှည်းတစ်ခုပေါ်တင်ပြီး ခေါ်လာချိန်တွင် သူမ ရုတ်တရက် မူးလဲကျသွားတော့သည်။

လီဟုန်က ချင်ဖေးလော၊ ယွင်ယွီ၊ ဧကရီဝေ့ တို့နှင့်အတူ ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူမကို ဤသို့မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ နောင်တများဖြင့် ပြည့်နှက်သွားခဲ့ပြီး ယွင်ယွီမှာမူ ပို၍ဆိုးရွားစွာ ခံစားနေရသည်။

ချင်ဖေးလော့၏တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး မျက်ရည်များ စီးကျလာသည်။

ယွင်ယီက သူမကို ရှင်းပြရန် ကြိုးစားသော်လည်း ချင်ဖေးလော့က နားထောင်ရန် ငြင်းဆန်ခဲ့သည်။ သူမ ခေါင်းခါနေသည်။

" အမတ်ချုပ်ကြီးက ဘာမှပြောစရာ မလိုပါဘူး ကျွန်မက မိန်းမတစ်ယောက်ဆိုတော့ အခြေအနေအလုံးစုံကို နားမလည်တဲ့အပြင် နားလည်း မလည်ချင်တော့ပါဘူး..."

သူမလည်း ယခင်က စစ်မြေပြင်တွင် ရန်သူကို သတ်ဖြတ်ခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့သည်။ သူမ ထိုသို့သောစကားမျိုး ပြောသည့်အခါ အမတ်အချို့က ရှုတ်ချကြပြီး  သူမစကားများက မသင့်တော်ဟု ထင်မိသွားသည်။  အဘယ့်ကြောင့်ဆိုသော် သူမက စစ်သူကြီးတစ်ယောက်၏ သမီးဖြစ်၍ သစ္စာရှိမှုများဖြင့် ပြည့်နှက်နေသူဖြစ်သည်။
သူ ဘာလို့ အဲ့လိုအသိတရားမရှိတဲ့ မှတ်ချက်မျိုး လုပ်ရတာလဲ... ဒါက မဆီလျော်ဘူးလေ...

‌ဦးစွာ ထွက်ခွာ‌သွားတော့မည့် လီဟုန်က မြင်းလှည်းနားတွင် ရပ်တန့်သွားရသည်။

ချင်ဖေးလော့က သရော်လိုက်သည်။

" ကျွန်မ စစ်မြေပြင်ကနေ ထွက်လာပြီးတည်းက ဇနီးတစ်ယောက်ဖြစ်ပြီးတော့ ကလေးတွေကို ဆယ်နှစ်ကျော်ကြာအောင် ပျိုးထောင်ခဲ့တယ်... ရှင်က သစ္စာရှိမှုနဲ့ ဖြောင့်မတ်မှန်ကန်မှုတွေ ရှိနေတဲ့ တော်ဝင်ရုံးတော်မှာ နေရချိန် ကျွန်မကတော့ ခြံဝင်းထဲမှာပဲ နေရတာလေ... ဘာကိစ္စနဲ့ ကျွန်မကလေးကို အရင်မကယ်နိုင်ရတာလဲ... ရှင်တောင်မှ ရည်မှန်းချက်တွေနဲ့ပြည့်နေပြီး တိုင်းပြည်ကိုပဲ ဦးစားပေးနေတာ ကျွန်မကရော သားကို ဦးစားမပေးရတော့ဘူးလား... ရှင်တို့တွေက မိန်းမတွေကို တံခါးနောက်ကွယ်မှာပဲထားပြီး ဘယ်လိုဇနီးကောင်းဖြစ်ရမယ် မိခင်ကောင်းဖြစ်သင့်တယ် ဆိုတာတွေပဲ ပြောနေကြတာလေ... အဲဒါအပြင်ကို ရှင်တို့ရဲ့ သစ္စာရှိမှု၊ ဖြောင့်မတ်မှုတွေကိုပါ နားလည်ပေးစေချင်သေးတာလား... ‌ဒါဆိုရင်ရော ကျွန်မကို ဘယ်သူနား‌လည်ပေးမှာလဲ... ကျွန်မရဲ့နာကျင်မှုတွေကရော... ကျွန်မသားအခြေအနေက သေရေးရှင်ရေးဖြစ်နေပြီ... သူက ကျွန်မသွေးသားဆိုတာရော ရှင် နားလည်ရဲ့လား..."

သူမ ယွင်ယွီနှင့် အခြားအမတ်များကို ကြည့်လိုက်သည်။

" ရှင်တို့ နားလည်ကြလား..."

" ရှင်ရော နားလည်လား..."

သူမက အမတ်တစ်ယောက်ချင်းစီကို မေးလိုက်ပြီးနောက် ခါးသီးစွာပြုံးလိုက်သည်။

" ရှင်တို့ ဘယ်သူမှ နားမလည်ကြပါဘူး... တကယ်လို့ နားလည်တယ်ဆိုရင် ကျွန်မက အသိဉာဏ်မရှိဘူးလို့ ပြောမှာလည်း မဟုတ်သလို ဒီနေ့ ကျွန်မလုပ်ရပ်တွေကလည်း မဆီလျော်ဘူးလို့ ပြောမှာ မဟုတ်ဘူး..."

" ရှင်တို့ထဲက တစ်ယောက်ကမှ ကျွန်မကို နားမလည်မှတော့ ကျွန်မကရော ဘာကြောင့် နားလည်ပေးရမှာလဲ..."

သူမက အက်ရှရှအသံဖြင့် ပြောလိုက်သည်။

မည်သူမှ စကားတစ်ခွန်းမှ မပြောရဲကြတော့ပေ။

လီဟုန်နှင့်လီယင်းက ထိုနေရာတွင်ရပ်နေပြီး ထိုအမျိုးသမီးက အမတ်များကို ပြောဆိုပြီးနောက် ယွင်ချင်းစီကို ချီလိုက်သည်ကို ကြည့်နေကြသည်။ ယွင်ယွီ သူမရှေ့၌ ရပ်လိုက်ချိန်တွင် သူမက တီးတိုးပြောလိုက်သည်။

" ထွက်သွား..."

သူမ အသံက အလွန်တိုးပြီး လက်များက ငြိမ်လွန်းလှသည်။ သူမက ရင်ခွင်ထဲမှ ကလေးကို လန့်အောင်ပြုလုပ်မိမည်ကို ကြောက်နေပုံရသည်။

သူမက နားမလည် လက်မခံနိုင်သည့်အပြင် မည်သူကမှ သူမကို မစွပ်စွဲရဲကြပေ။

ညီလာခံမှ အဆင့်မြင့်အမတ်များအတွက်မူ တိုင်းပြည်နှင့် တိုင်းသူပြည်သားများက အရာအားလုံးဖြစ်သော်လည်း သူမအတွက်မူ သူမကလေးများကသာ အရာအားလုံးဖြစ်သည်။
ယွင်ယွီက သူမနှင့်အထိ မြင်းလှည်းနားအထိ လိုက်သွားသည်။

ချင်ဖေးလောက သစ်သားခြေနင်းပေါ်တက်လိုက်ပြီးနောက် ယွင်ယွီကို တီးတိုးမေးလိုက်သည်။

" ရှင် အားစီကို လျစ်လျူရှု့လိုက်တုန်းက ရင်ထဲမှာ မနာကျင်ခဲ့ဖူးလား..."

ယွင်ယွီ၏မျက်နှာက ဖြူဖျော့သွားသည်။

ချင်ဖေးလောက ပြောလိုက်သည်။
" အရှင်မင်းကြီးနဲ့သာ ရင်းနှီးအောင် ဆက်နေလိုက်ပါ..."

သူမက သားဖြစ်သူကို ရင်ခွင်ထဲ ပွေ့ချီထားပြီး မြင်းလှည်းပေါ်တက်ကာ ထွက်ခွာသွားတော့သည်။

ထို့နောက်ပိုင်းတွင် ယွင်ယွီက သစ္စာရှိအမတ်တစ်ယောက်ဖြစ်နေဆဲ ဖြစ်သော်လည်း သူနှင့်လီဟုန်အကြားတွင် ညီအစ်ကိုသဖွယ် ရင်းနှီးမှုမျိုး မရှိတော့ပေ။ ထိုအချိန်က အခြေခံအကြောင်းရင်းတစ်ခုကြောင့်သာ လီဟုန်ကို ရွေးချယ်ခဲ့ရခြင်းဖြစ်ပေသည်။

သို့ဖြစ်၍ နောက်ပိုင်းတွင် လီယင်းနန်းတက်ပြီးချိန်၌လည်း သူ့ကို သက်ဦးဆံပိုင်ဘုရင်တစ်ယောက်သဖွယ်သာ ဆက်ဆံပြီး ယခင်ကဲ့သို့ တပည့်တစ်ယောက်သဖွယ် မဆက်ဆံတော့ပေ။

ချင်ဖေးလော့၏စကားများက သူ့နှလုံးသားထဲ ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့သည်။

ယွင်ချင်းစီက ငယ်စဉ်ကတည်းက အမေဖြစ်သူနှင့်သာ အတူတကွကြီးပြင်းလာခဲ့ပြီး အဖေကို အလွန်တွေ့ရခဲပေသည်။ သူမ ယွင်ယွီကို မုန်းတီးသည်မှာ ယွင်ချင်းစီမရွေးပဲ ဧကရာဇ်ကို ရွေးချယ်ခဲ့သောကြောင့်မဟုတ်ပဲ ယွင်ယွီက ယွင်ချင်းစီအပေါ် ချစ်မြတ်နိုးမှု မရှိသောကြောင့်ဖြစ်သည်။

ယွင်ချင်းစီအစား ဧကရာဇ်ကို ရွေးချယ်ခဲ့ချိန်တွင် သူ့နှလုံးသားထဲ၌ အနည်းငယ်မှပင် နာကျင်မနေဟု သူမ ယုံကြည်သည်။ သူမ တန်ဖိုးထားရသော သားဖြစ်သူကို အညှာအတာမဲ့စွာဖြင့် ဖယ်ကြဉ်လိုက်ခြင်းကို မကြည့်ရက်ပေ။

ယွင်ယွီကလည်း နာကျင်မှုကို ခံစားရပေသည်။

ချင်ဖေးလော့ ထိုစကားများကိုပြောချိန်တွင် သူကိုယ်တိုင်လည်း တွေဝေမိန်းမောသွားမိသည်။
အဲ့အချိန်မှာ သစ္စာစောင့်သိမှုကြောင့် သူ့ကလေးကို စွန့်ပစ်ခဲ့မိတာလား ဒါမှမဟုတ် ကလေးထက် ညီအစ်ကိုက ပိုအရေးကြီးနေလို့လား...

သူက ယွင်ချင်းစီကို အလွန်ကြင်နာပေသည်။ ဤကလေးကို သူချစ်ခင်ကြောင်း သက်သေပြလိုခဲ့သည်။  ယခင်က သူ့ကိုလျစ်လျူမရှု့ထားမိသော်လည်း သူ့ကို မျက်နှာလွှဲလိုက်ချိန်တွင် အမှန်တကယ်နာကျင်ခဲ့ရသည်။

သူ သေဆုံးချိန်အထိ ဤကလေးကို လုံလောက်အောင် မချစ်ခင်ခဲ့ဟု ခံစားမိပြီး သေဆုံးသွားချိန်တွင်လည်း ဤကလေးကို အမှန်တကယ် ချစ်ခင်‌ခြင်း ဟုတ်မဟုတ် မေးခွန်းထုတ်ခဲ့သည်။

သို့ရာတွင် နှစ်ပေါင်းများစွာကြာပြီးနောက် ယွင်ချင်းစီက သူ့ကိုယ်သူသေကြောင်းကြံမည့် ကိစ္စမျိုးဖြစ်အောင် သူ တွန်းအားပေးခဲ့မိပြန်သည်။ သူနှင့် လီယင်းက အရာအားလုံးကို လျှို့ဝှက်စွာကြံစည်ခဲ့ပြီး ဖုံးကွယ်ထားမှသာ ဤကလေးက လုံခြုံဘေးကင်းကာ သူသည်လည်း ဖခင်ကြောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု တွေးခဲ့သည်။

၎င်းက အမှားတစ်ခုဖြစ်လာပြီး သူတွေးထားသည်နှင့် လုံးဝဆန့်ကျင်သွားခဲ့သည်။ သူ၏လုပ်ရပ်များက သူချစ်ခင်ရန် ကြိုးစားနေသောကလေးကို သတ်ပစ်ခဲ့မိသည်။
.......


ယခု ပစ္စုပ္ပန်အချိန်တွင်

ဆောင်းဥတု၏ နွေးထွေးလာသော မီးဖိုရှေ့တွင် ယွင်ချင်းစီက လီယင်း၏ရင်ခွင်ထဲတိုးဝင်ပြီး တီးတိုးပြောလိုက်သည်။

" ကျွန်တော့်ကို ဒီအကြောင်းတွေ တစ်ခါမှလည်း မပြောဖူးဘူး..."

လီယင်းက ထပ်မတောင်းပန်တော့ပဲ ယွင်ချင်းစီကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

" အနာဂတ်မှာ ဘာကိစ္စတွေပဲ ရှိလာရှိလာ ကိုယ်မင်းဆီကနေ ဖုံးကွယ်မထားတော့ပါဘူး..."

" ဒီနှစ်နှစ်အတွင်း ကျွန်တော်အရှင့်နောက်လိုက်လာတာ အဖေ့ကို တစ်ခါမှ မတွေ့ခဲ့ရဘူး သူ..."

" မင်း သေကြောင်းကြံပြီးတဲ့နောက် သူ နေမကောင်းဖြစ်တယ်လေ..."

လီယင်းက အတိတ်ဘဝအကြောင်း ပြန်တွေးမိသည့်အခါ သူ့အသံက အက်ရှရှဖြစ်သွသည်။
" နောက်တော့..."

......

တစ်ညတွင် ယွင်ယွီ အိမ်မက်မှ ရုတ်ချည်းနိုးထလာပြီးနောက် ခြေဗလာဖြင့် တံခါးနားကို ပြေးသွားသည်။

ယွင်ချင်းစီ၏ အစ်ကိုများကလည်း အိပ်ရာမှနိုးလာပြီး မီးအိမ်များကိုင်ကာ သူ့နောက်လိုက်ကြလေသည်။

" အဖေ..."