အပိုင်း ၈၆
Viewers 13k

Chapter 86
Extra 8



" အဖေ..."

သူ ရှေ့သို့လျှောက်နေစဉ် မျက်လုံးများက မှင်သက်ငေးငိုင်နေသကဲ့သို့ဖြစ်လာသည်။

" ရှင်မနဲ့ ရှောင်စီက ခြံဝင်းကိုသွားတယ် မင်းတို့အမေနဲ့ညီလေးကို ငါသွားရှာရမယ်..."

" ကျွန်တော် တစ်ယောက်ယောက်ကို မြင်းလှည်းပြင်ခိုင်းလိုက်ပါ့မယ်အဖေ..."

ယွင်ချင်းရှောင်က သူ့ကိုလှမ်းဆွဲထားသည်။

" ငါ့ဘာသာသွားမယ်... မလိုက်လာကြနဲ့ သူတို့ကို ငါ့ဘာသာရှာမယ်... သူတို့ငါ့ကိုစောင့်နေတာ..."

ထိုအချိန်တွင် သူ နာမကျန်းဖြစ်နေခဲ့သည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ သူရုတ်တရက် အိပ်ရာမှထလာပြီး လမ်းလျှောက်နိုင်ချိန်က အမှောင်ထုအစမပျိုးမီ အလင်းတန်းတစ်ခု ဖျတ်ခနဲပေါ်လာချိန် ဖြစ်ပေမည်။

သူ ထိုခြံဝင်းကို မသွားနိုင်ခဲ့ပေ။

လတ်လတ်ဆတ်ဆတ် အသားဌာပနာမုန့်များ ရောင်းချသည့် ယွင်ချင်းစီအနှစ်သက်ဆုံး စားသောက်ဆိုင်ရှေ့တွင် သူလဲကျသွားသည်။

သူ ရုတ်ချည်းထရပ်လိုက်ပြီး ထိုဆိုင်းဘုတ်ကိုကြည့်ကာ ပြုံးလိုက်သည်။

" ငါ အားစီအတွက် ‌ဌာပနာမုန့်နှစ်ခု ဝယ်သွားရမယ်... ငါ့သားလေးအားစီက ဒီမုန့်တွေကို အရမ်းသဘောကျတာ..."

ထို့နောက် သူ နှင်းထု‌ထဲ လဲကျသွားတော့သည်။

သူ့သားသုံးယောက်က မီးအိမ်များကိုင်လျက် လိုက်လာပြီး သူ့ဘေးနားတွင် ထိုင်ချလိုက်သည်။

သို့ရာတွက် သူတို့‌၏ခေါ်သံများကို သူ မကြားနိုင်တော့ပေ။

သူ့ မျက်လုံးများပွင့်ကာ ပြံးရယ်လျက်နှင့်ပင် လုံးဝငြိမ်ကျသွားတော့သည်။

သူ၏ အသိစိတ်မပျောက်ဆုံးမီ နောက်ဆုံးအခိုက်အတန့်တွင် မည်သည့်အကြောင်းများကို တွေးတောခဲ့ကြောင်း မည်သူမှ မသိခဲ့ပေ။
ငယ်ငယ်တုန်းက ဦးလေးတင်းနောက်မှာ အမြဲတမ်း တိတ်တိတ်လေးပုန်းနေခဲ့တဲ့ ယွင်ချင်းစီအကြောင်းကိုများလား... ချင်ဖေးလောနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ လူငယ်ဘဝကိုများလား... ဒါမှမဟုတ် ချင်ဖေးလောက ယွင်ချင်းစီကိုချီပြီး မြင်းလှည်းပေါ်တက်သွားတဲ့အချိန်မှာ " ရှင် အားစီကို လျစ်လျူရှု့လိုက်တုန်းက ရင်ထဲမှာ မနာကျင်ခဲ့ဖူးလား..." လို့ မေးခဲ့တဲ့ အချိန်ကိုများလား...

လီယင်းကလည်း ဈာပနကို တက်ရောက်ခဲ့သည်။

သို့သော် အမတ်ချုပ်ယွင်၏အုတ်ဂူကိုမူ သူအလွန်သွားခဲလှသည်။

သို့ဖြစ်၍ ယွင်ချင်းစီ၏ ဝိညာဉ်က သူနှင့်အတူ လွန်ခဲ့သည့် နှစ်နှစ်တာလုံး ရှိနေခဲ့သော်လည်း သူ့အဖေက သေသလား ရှင်သလားကို မသိခြင်းဖြစ်သည်။

လီယင်းနှင့်လီဟုန်တို့ ခဏတာ စကားစမြည်ပြောခဲ့ချိန်ကို ပြန်တွေးမိသွားခဲ့သည်။  ထိုအချိန်က ယွင်ချင်းစီလည်း ကျန်းရှန်းနန်းဆောင်သို့ ရောက်လာချိန်ဖြစ်သည်။  ဧကရာဇ်ကိုမြင်သည့်အခါ သူ အနည်းငယ်စိတ်လှုပ်ရှားသွားသော်လည်း ဦးညွှတ်အရိုအသေပြုခဲ့သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."

လီဟုန်က ပြုံးရယ်လျက်ဖြင့် သူ့ကို အနားခေါ်လိုက်ပြီး ပြောလာသည်။

" တကယ်လို့ နောက်တစ်ခါလာတဲ့အချိန် အိမ်ရှေ့စံက သူ့နန်းဆောင်မှာ မရှိဘူးဆိုရင် ကိုယ်တော့်နန်းဆောင်ကိုလာပြီး သူ့ကိုရှာလို့ရတယ်..."

ယွင်ချင်းစီက ဟိုဟိုသည်သည် မျက်လုံးကစားပြီးသည့်နောက်တွင် ကျန်းရှန်းနန်းဆောင်၏ အပြင်အဆင်ကို တွေ့မြင်သွားပြီး နာခံစွာဖြင့် ပြောလိုက်သည်။

" ကျေးဇူးကြီးမားလှပါတာ် အရှင်မင်းကြီး..."

မူလအစတွင်မူ ယွင်ချင်းစီက လီဟုန်ကို အမှန်ပင် မုန်းတီးခဲ့မိသည်။ ဤလူကိုကယ်တင်ရန်အတွက် သူ့အဖေက သူ့ကိုစွန့်ပစ်ခဲ့ခြင်းဖြစ်သော်လည်း လီယင်းထံမှ ကြားသိရသည့်အကြောင်းများကြောင့် ဧကရာဇ်က အခြားလူများနှင့်ကွာခြားကြောင်း စတင်သဘောပေါက်လာခဲ့သည်။

လီယင်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
" မင်း ဘာလို့ မြို့ထဲကို မပြောင်းလာတာလဲ အဲဒါဆိုရင် နန်းတော်ကို လာရတာ ပိုအဆင်မပြေဘူးလား..."

အဘယ့်ကြောင့်ဆိုသော် ‌ဆင်ခြေဖုံးအနားမှ ခြံဝင်းက အနည်းငယ်အလှမ်းဝေးသောကြောင့်ဖြစ်သည်။ ယွင်ချင်းစီက လီယင်းထံသို့ လာသည်ဖြစ်စေ လီယင်းက ယွင်ချင်းစီထံသို့ လာသည်ဖြစ်စေ အချိန်အတော်အတန်ယူရပေသည်။

သို့ဖြစ်၍ ယွင်ချင်းစီကို မြို့ထဲပြောင်းလာခိုင်းပြီး သူနေမည့်နေရာကို ရွေးချယ်စေလိုခြင်းဖြစ်သည်။

ယွင်ချင်းစီ၏ ပုံစံက မွန်းကြပ်သွားပုံပေါ်၍ လီယင်းက သူစကားပြောမှားသွားကြောင်းသိပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။
" တကယ်လို့ မင်း အဲဒီခြံဝင်းထဲမှာပဲ နေချင်တယ်ဆိုလည်း ဘာမှမဖြစ်ပါဘူး ငါတို့အရင်ကနဲ့ အတူတူပါပဲ..."

သို့ဖြစ်၍ ယခင်ကကဲ့သို့ပင် ဆက်လက်နေထိုင်နေကြသည်။

အချိန်က ဆောင်းဦးမှ ဆောင်းရာသီသို့ လျင်မြန်စွာရောက်ရှိလာခဲ့သည်။

နှစ်သစ်ကူးရက်များအတွင်းတွင် ယွင်ချင်းစီက သူ့မိခင်ကို အလွန်လွမ်းဆွတ်နေမိသည်။

ထိုအချိန်မျိုးတွင် သူ့အမေ၏ အမှတ်တရ ကျောက်ပြား ရှေ့တွင်ထိုင်ပြီး ယခင်ကကဲ့သို့ သူ့အမေ၏ရင်ခွင်ထဲမှီပြီး စာဖတ်နေသည့်အချိန်များကို ပြန်လည်စိတ်ကူးယဉ်နေမိသည်။

ယမန်နှစ်က အမတ်ယွင်က နှစ်သစ်ကူးတွင် လူလွှတ်ပြီး သူ့ကိုအခေါ်လွှတ်ကာ  စားစရာသောက်စရာများ ပြင်ဆင်ပေးထားသော်လည်း သူက အရာအားလုံးကို လွှင့်ပစ်ခဲ့သည်။

ယခုနှစ်တွင်လည်း အမတ်ချုပ်ယွင်က သူ့အတွက် ပစ္စည်းများပို့ပေးခဲ့သော်လည်း ယွင်ချင်းစီက တစ်ချက်မှ မကြည့်ခဲ့ပေ။ သို့သော် အန်တီလျှိုက သူ့ကိုဖျောင်းဖျထားသောကြောင့် ထိုပစ္စည်းများကို မလွှင့်ပစ်ခဲ့ပေ။

၂၈ရှစ်ရက်မြောက်နေ့တွင် လီယင်းရောက်လာပြီ သူ့အတွက် စားစရာအချို့ယူလာသည်။ ယွင်ချင်းစီက သူ့နောက်မှလိုက်လာပြီး မှုန်ကုပ်ကုပ်ဖြင့် မေးလိုက်သည်။
" မင်းသားက နှစ်သစ်ကူးဆိုရင်ရော အလုပ်ရှုပ်နေမှာလား..."

" ဟုတ်တယ်..."

လီယင်းက သူ့အတွက် စားစရာများကို ထုတ်ပေးနေလျက်ဖြင့် ပြောလာသည်။
" နှစ်သစ်ကူးဆိုရင် နန်းတွင်းမှာ ပွဲတော်တွေအများကြီး ရှိတယ်လေ... မင်းသားတွေအားလုံး တက်ဖို့လိုတယ်..."

ယွင်ချင်းစီက "ကျွန်တော်လည်း မင်းသားနဲ့တူတူ နှစ်သစ်ကူးညစာစားချင်တယ်" ဟု ပြောလိုသော်လည်း သူ့စကားလုံးများကို တိတ်ဆိတ်စွာဖြင့် ပြန်မျိုချလိုက်သည်။

လီယင်းက သူ့ကိုမေးလာသည်။
" မင်း ငါ့ကို တစ်ခုခု ပြောမလို့လား..."

" မဟုတ်ပါဘူး..."

ယွင်ချင်းစီက သူ့ကိုပြုံးပြလိုက်သည်။
" ‌ဒါဆိုရင်လည်း နှစ်သစ်ကူးပြီးသွားမှ မင်းသားနဲ့တူတူ လာဆော့တော့မယ်လေ..."

လီယင်းက သူ့ခေါင်းကိုပုတ်ပြီး ပြောလိုက်သည်။
" ကဲပါ မင်းဒီနှစ်မှာ အစားကောင်းကောင်းစားရမယ်နော် အဲဒါမှ အရပ်ရှည်လာမှာ..."

" မင်းသားကိုတော့ မမှီသေးဘူးပေါ့..."

" ဘာလို့လဲဆိုတော့ မင်းအရပ်ရှည်လာရင် ငါလည်း အရပ်ရှည်လာလို့လေ..."

လီယင်း မထွက်သွားမီတွင် သူ့ကိုပြောခဲ့သည်။
" နှစ်သစ်မှာ ထမင်းနပ်မှန်အောင် စားရမယ်နော်...ငါ မင်းဆီကို နောက်အကျဆုံး နှစ်သစ်ကူးပြီးငါးရက်လောက်ဆို လာနိုင်ပါပြီ..."

" သိပါပြီ..."

ယွင်ချင်းစီက တံခါးဘောင်တွင်မှီပြီး မြင်းလှည်းက တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုကြည့်ကာ ခြောက်သွေ့နေသည့် မျက်လုံးများကို ပွတ်လိုက်ပြီး ခြံဝင်းထဲ ပြန်ဝင်လာခဲ့သည်။

၃၁ရက်နေ့တွင် အန်တီလျှိုကလည်း သူမ မိသားစုနှင့် ညစာအတူတူသွားစားမည်ဖြစ်၍ သူမက အားလုံးပြင်ဆင်ပေးခဲ့ပြီးနောက် ယွင်ချင်းစီထမင်းစားပြီးသည်နှင့် ပန်းကန်ကို ထားထားရန်‌ မှာခဲ့သည်။ သူမ ပြန်ရောက်ချိန်တွင်မှ ထိုပန်းကန်များကို ဆေးပေးမည်ဟု ပြောခဲ့သည်။

ယွင်ချင်းစီက နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမက အခြားသော အစေခံများကိုလည်း မှာကြားထားခဲ့ပြီး ယွင်ချင်းစီကို အလှည့်ကျ စောင့်ရှောက်ခိုင်းခဲ့သည်။

သို့ဖြစ်၍ နှစ်သစ်ကူးအကြိုညတွင် ယွင်ချင်းစီမှာ ထမင်းပန်းကန်လုံးကိုကိုင်ပြီး ဘိုးဘေးခန်းမရှိရာသို့ တစ်ယောက်တည်း လျှောက်လာခဲ့သည်။ သူ့အမေ၏ အမှတ်တရကျောက်ပြားရှေ့မှ စားပွဲတွင် ထိုင်ချလိုက်ပြီး ဖက်ထုပ်တစ်ပန်းကန်ကို စားလိုက်သည်။

ထိုညတွင် သူ စားထားသမျှအားလုံး ပြန်အန်ထွက်ခဲ့သည်။ အန်တီလျှိုက အမြန်ပြန်ရောက်လာပြီး လီယင်းကိုခေါ်ရန် တစ်ယောက်ယောက်ကို ပြောလိုက်မည်ဟု ဆိုသော်လည်း ယွင်ချင်းစီက တားမြစ်ခဲ့သည်။

လီယင်းမရှိပဲ သူ မနေနိုင်ဟု ထင်မသွားစေလိုပေ။ သူ ကြီးပြင်းလာသည်နှင့်အမျှ သူ့ကဲ့သို့ အလွန်တွယ်ကပ်ပြီး ပြဿနာရှာတတ်သူများက သဘောကျစရာမကောင်းကြောင်း သူ နားလည်သဘောပေါက်လာခဲ့သည်။

လီယင်းကလည်း သူ့ကိုတစ်နေကုန် အဖော်ပြုပေးနေရန် တာဝန်ရှိသူ မဟုတ်ပေ။

သူက ထိုရက်ပိုင်းများတွင် အဖျားကြီးနေခဲ့၍ နှစ်သစ်ကူးပြီးနောက် ငါးရက်မြောက်နေ့တွင်မှ ပြန်လည်ကောင်းမွန်လာခဲ့သည်။

လီယင်းက သူ့ကတိကိုမဖျက်ပဲ ထိုနေ့တွင် သူ့ကိုလာတွေ့ခဲ့သည်။

တံခါးမှ ပြန်ဝင်လာသည့်အခါ အန်တီလျှိုကို ယွင်ချင်းစီ၏ အခြေအနေအကြောင်း မေးမြန်းသည့်အခါ သူမက တွန့်ဆုတ်နေခဲ့သည်။

" သူ ထပ်ပြီးတော့ နေမကောင်းဖြစ်တယ် ဒါပေမဲ့ အရှင့်သားကိုတော့ မသိစေချင်ဘူးထင်တယ်..."

လီယင်းက မသိချင်ယောင်ဆောင်နေခဲ့သည်။

သူ တံခါးမှ ဝင်လာသည်နှင့် ယွင်ချင်းစီကို ပွေ့ဖက်လိုက်သည်။ ယွင်ချင်းစီက သူ့ကိုတိုးဝှေ့ဖက်ထားလိုက်ပြီးမှ ခေါင်းမော့၍ ပြောလာသည်။

" ညနေမှ လာမယ်ထင်နေတာ..."

ဤနည်းဖြင့် သူက လီယင်းနှင့်အတူ နှစ်သစ်ကူးအကြိုညစာ အသေးစားလေး စားဖြစ်ခဲ့သည်။

လီယင်းက ပြောလာသည်။
" ငါဒီည လုပ်စရာရှိတယ်..."

ယွင်ချင်းစီ၏ မျက်လုံးများက သိသိသာသာ အရောင်မှိန်သွားသည်။ လီယင်းကို ကျော်ကြည့်လိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

" ဒီတစ်ခါ ကျွန်တော့်အတွက် ဘာယူလာတာလဲ..."

အစေခံများက ပစ္စည်းအားလုံးကို စားပွဲပေါ်တင်ထားပြီးဖြစ်၍ လီယင်းက ထိုနေရာကိုလျှောက်သွားသည်။

" ငါ့ခမည်းတော်ပေးလိုက်တဲ့ ပစ္စည်းတွေ ယူလာခဲ့တာ ဖန့်အိုးလေး ပြီးတော့ ဒီဝတ်စုံ.. မင်းအတွက် ငါ လူလွှတ်ပြီး ချုပ်ခိုင်းထားတာ အရင်နှစ်က မယူလာခဲ့ရဘူး အခုစမ်းဝတ်ကြည့်ပါဦး..."

၎င်းက လီယင်း သူ့ကို ပထမဆုံးပေးဖူးသည့် ဝတ်စုံဖြစ်သည်။  ယွင်ချင်းစီက ချက်ချင်းပြေးသွားပြီး ဝတ်ကြည့်လိုက်သည်။ သူ ပြန်ထွက်လာချိန်တွင် သူ၏ နူးညံ့သောမျက်နှာလေးက ပိုးထည်အင်္ကျီကြောင့် ပိုမိုတောက်ပနေပုံပေါ်သည်။

လီယင်း သူ့ကို ခဏခန့် ငေးကြည့်နေမိသည်။

" ကျွန်တော်ကြည့်ကောင်းလား..."

" ကြည့်ကောင်းတယ်..."

ယွင်ချင်းစီက ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ပြီး ပြောလိုက်သည်။

" ကျွန်တော် ဒီအဝတ်အစားတွေကို သဘောကျတယ်..."

လီယင်း၏နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး ယွင်ချင်းစီကို ခုံတွင်ထိုင်ခိုင်းပြီး မေးလိုက်သည်။

" ဒီရက်ပိုင်း ထမင်းကောင်းကောင်းစားရဲ့လား..."

" စားပါတယ်..."

" အားလုံးစားတာလား..."

" ကျွန်တော် အားလုံးစားတာပါ..."

ယွင်ချင်းစီက ဖန်အိုးလေးကိုကိုင်ပြီး နှစ်သက်စွာဖြင့် ဆော့ကစားနေသည်။ နေရောင်က ထိုဖန်သားကို ထိုးဖောက်သွားချိန်တွင် ပိုမိုတောက်ပလာသောကြောင့် နတ်သမီးတစ်ပါးပိုင်ဆိုင်သည့် ပစ္စည်းတစ်မျိုးနှင့်ပင် တူနေသည်။

သူ နေမကောင်းဖြစ်ခဲ့ကြောင်း လီယင်းကို မပြောပြပေ။ တွယ်ကပ်တတ်သောသရဲလေးက အဘယ့်ကြောင့် သူ့ကို မတွယ်ကပ်တော့သည်ကို လီယင်းနားမလည်နိုင်ပေ။ သူ အနည်းငယ်စိတ်ဓာတ်ကျသွားပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" မီးပုံးပွဲတော်ရောက်ရင် ငါမင်းနဲ့ အချိန်တူတူဖြုန်းပေးမယ်..."

ယွင်ချင်းစီက တအံ့တဩဖြစ်သွားသည်။
" တကယ်လား..."

" အင်း... အခုချိန်ကစပြီး မီးပုံးပွဲတော်ရောက်တိုင်း ငါမင်းနဲ့ အဖော်လုပ်ပေးမယ်..."

သို့ဖြစ်၍ ယွင်ချင်းစီမှာ နောက်နှစ်များ၏ မီးပုံးပွဲတော်ကိုပါ မျှော်လင့်နေမိတော့သည်။

သူတို့နှစ်ယောက် မီးပုံးပွဲတော်ကို ပထမဆုံးအကြိမ် အတူသွားခဲ့စဉ်က ယွင်ချင်းစီက အဝတ်အစားသစ်လေးများဝတ်ပြီး အမြန်ထွက်လာခဲ့သော်လည်း ချိန်းဆိုထားသည့်နေရာရောက်သည်နှင့် သူ့မျက်နှာက ပြောင်းလဲသွားသည်။

လီယင်းက သူတို့နှင့်အတူကစားရန် လူပေါင်းများစွာပို ခေါ်ထားခဲ့သည်။

လမ်းတစ်လျှောက်လုံး သူ ငြိမ်နေခဲ့စဉ်တွင် အခြားလူများက ပဟေဠိဝှက်ခြင်း မြစ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် မီးပုံးများမျှောခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ သူတစ်ယောက်တည်းသာ လီယင်းပေးထား‌သော နဂါးမီးပုံးလေးကိုကိုင်ပြီး စကားတစ်ခွန်းမှမပြောဘဲ ရပ်နေခြင်းဖြစ်သည်။

လင်းဟွိုင်ကျင်းက သူ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ပထမဆုံး သတိပြုမိသူဖြစ်၍ သူ့အနားကို ကပ်လာပြီး မေးလိုက်သည်။
" အားစီ ဘာဖြစ်လို့လဲ..."

" ကျွန်တော် မသက်မသာဖြစ်မိလို့ပါ..."

" မင်းရဲ့ဒဏ်ရာဟောင်းကလား..."

အနောက်မှ လီယင်း၏အသံ ထွက်ပေါ်လာသည်။ ယွင်ချင်းစီက သူ့ကိုလှည့်ကြည့်လိုက်ချိန်တွင် မျက်ဝန်းက အရည်လဲ့သွားသည်။ သူ ပြန်မဖြေပဲ အမြန်ပြေးထွက်လာခဲ့သည်။ လင်းဟွိုက်ကျင်းက သူ့နောက်ကိုလိုက်တော့မည့်အချိန်တွင် လီယင်းက လက်ကာပြီး တားလိုက်သည်။

" ငါ တစ်ချက်သွားကြည့်လိုက်မယ် မင်းတို့ ကစားနှင့်ကြပါ..."

လင်းဟွိုက်ကျင်းက ပါးစပ်ဟလိုက်သော်လည်း တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

" သွားနှင့်ပါ..."

ယွင်ချင်းစီက မီးပုံးကို လွှင့်ပစ်ပြီး တစ်လမ်းလုံးပြေးလာခဲ့သည်။ မကြာမီအချိန်၌ မည်သည့်မီးပုံးမှ မချိတ်ဆွဲထားသည့်နေရာသို့ ရောက်လာတော့သည်။ သူ့ရှေ့တွင် နက်ရှိုင်းလှသော အမှောင်ထုကြီးတစ်ခု တည်ရှိနေ၍ ကြောက်လန့်တကြားဖြင့် ရပ်လိုက်သည်။ လီယင်းက သူ့နောက်ကို လိုက်မှီလာပြီး သူ့ကိုမြင်သည်နှင့် ပြုံးလိုက်သည်။

" မင်း ‌အသက်ကြီးလာပြီလေ အမှောင်ကြောက်တုန်းပဲလား..."

ယွင်ချင်းစီက ရှေ့တိုးသွားသည့်အခါ လီယင်း လက်ကမ်းပေးလိုက်သည်။
" ဟုတ်ပါပြီ ထပ်မပြေးနဲ့တော့နော် မင်းဒဏ်ရာက နာနေလို့လား ငါမင်းကို ‌ကုန်းပိုးမယ်လေ..."

" ကျွန်တော် အိမ်ပြန်ချင်တယ်..."

" ငါမင်းကို အိမ်အထိ ကုန်းပိုးသွားမယ်လေ..."

ယွင်ချင်းစီက သူ့ကို ခဏကြည့်လိုက်ပြီးနောက် မျက်လုံးများနီရဲလျက် သူ့ကျောပေါ်တက်လိုက်သည်။

လီယင်းက သူ့ကိုကျောပိုးပြီး လမ်းလျှောက်သွားသည်။ မူလက ယွင်ချင်းစီ စကားတစ်ခွန်းမှ မပြောသော်လည်း မြို့စွန်နားရောက်သည့်အခါ ယွင်ချင်းစီက မေးလာသည်။
" ပင်ပန်းနေပြီလား..."

" မင်းက ကြောင်ပေါက်လေးတစ်ကောင်လိုမျိုး ပေါ့တာကို ဘာလို့ပင်ပန်းရမှာလဲ..."
လီယင်းက သူ့ကိုကျောပေါ်ပင့်တင်လိုက်ပြီး ပြောလိုက်သည်။

" ဒီနေ့ဘာလို့ မပျော်မရွှင်‌ဖြစ်နေရတာလဲ..."

" ဘာလို့ လူတွေအများကြီး ခေါ်လာတာလဲ..."

" မင်း ပျင်းနေမှာစိုးလို့လေ..."

" မင်းသားနဲ့ဆိုရင် ကျွန်တော် မပျင်းပါဘူး..."

ယွင်ချင်းစီက တစ်ချက်ငိုရှိုက်လိုက်ပြီးနောက် ပြောလာသည်။

" ကျွန်တော်က သူတို့နဲ့အတူတူ မီးပုံးပွဲတော် သွားချင်တာမှ မဟုတ်တာ... မင်းသားပြောတော့ ကျွန်တော်နဲ့ပဲသွားမယ်ဆို ဘာလို့ ကျွန်တော်တစ်ယောက်တည်းနဲ့ မသွားတာလဲ..."

လီယင်း တွန့်ဆုတ်သွားမိသည်။
" မင်း အဲကိစ္စကြောင့် စိတ်ဆိုးနေတာလား..."

ယွင်ချင်းစီက ဆက်လက်ငိုရှိုက်နေသည်။
" မရဘူး နောက်ဆိုရင် ကျွန်တော့်ကိုပေးတဲ့ အချိန်တွေကို သူတို့ကိုပါ ခွဲမပေးနဲ့..."

၎င်းက ယွင်ချင်းစီ၏ သူ့အပေါ် အစွဲအလန်းကြီးမှုကို ပထမဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် ထိုအချိန်က သူတို့နှစ်ယောက်လုံး အလွန်ငယ်ရွယ်သေးသဖြင့် ဤစွဲလန်းမှုတွင် မည်သည့်အရာများ ပါဝင်နေသည်ကို မည်သူမှ မတွေးခဲ့ကြသည့်အပြင် ဤဆက်ဆံရေးက မှန်ကန်သည် မှားယွင်းသည်ကိုလည်း မည်သူကမှ သူတို့ကို မပြောခဲ့ကြပေ။

လီယင်း၏နှလုံးသားထဲတွင် ဖော်ညွှန်းမပြနိုင်သည့် ပျော်ရွှင်ဝမ်းမြောက်မှုတစ်မျိုးကို ခံစားလိုက်ရသည်။ ယွင်ချင်းစီက သူ့ကို အမှန်တကယ်ပင် ဂရုစိုက်ပုံရသည်။

သို့ရာတွင် ယွင်ချင်းစီ၏ သူ့အပေါ်အစွဲအလန်းကြီးမှုက သူတို့သူငယ်ချင်းများဖြင့်သာ ဆက်နွယ်နေပုံရသည်။ သူတို့ ရံဖန်ရံခါတွင် မိန်းကလေးများအကြောင်း ပြောကြပြီး အနာဂတ်တွင် လက်ထပ်ပြီးချိန်၌ သူတို့နှစ်ယောက်ကလေးချင်း ခေါင်းကိုင်ဖခင်ပြုလုပ်ကြရန် ပြောတတ်ကြသည်။ ထိုအချိန်ကလည်း ယွင်ချင်းစီမှာ သူ၏ ဧကရီဖြစ်လာမည်ဟု မတွေးခဲ့ပေ။

ဆန့်ကျင်ဘက်အားဖြင့် လီယင်းမှာမူ မိန်းကလေးများအကြောင်းပြောချိန်တွင် စိတ်မသက်မသာဖြစ်ပြီး စိတ်ဝင်စားမှုလည်း မရှိပေ။

သူ ယွင်ချင်းစီကို တမင်တကာပြောလိုက်သည်။
" ငါ လက်ထပ်လိုက်မယ်ဆို မင်းက ငါ့အတွက် အရေးကြီးဆုံးလူ မဟုတ်တော့ဘူးလေ..."

ယွင်ချင်းစီက သူ့ကိုပြင်ပြောလိုက်သည်။
" မဟုတ်ဘူး ကျွန်တော်က မင်းသားရဲ့ အရေးကြီးဆုံးယောက်ျားလေးဖြစ်လာပြီး သူက အရေးကြီးဆုံး။မိန်းကလေးဖြစ်မှာပေါ့..."

ထို့အပြင် ရံဖန်ရံခါ၌ ယွင်ချင်းစီက သူယူမည့် မိန်းကလေးများအတွက်ပါ စိုးရိမ်ပူပန်တတ်သေးသည်။
" မင်းသား အနာဂတ်မှာ ဧကရာဇ်ဖြစ်လာရင် မိန်းကလေးတွေ အများကြီးကို လက်ထပ်မှာလား..."

" ငါ့မှာ ဇနီးကတော့ တစ်ယောက်တည်းရှိမှာပေါ့..."
သူက ဗြောင်ကျကျပြောလိုက်သည်။

" ဒါဆိုရင် ကိုယ်လုပ်တော်တွေ မထားတော့ဘူးလား..."

" မင်းနဲ့ဘာဆိုင်လို့လဲ..."

" တခြားမိန်းကလေးတွေအတွက် မတရားဘူးလို့ ထင်မိလို့ပါ..."

လီယင်းနှာမှုတ်လိုက်မိသည်။

သူတို့ ရေကန်တွင် အတူတူရေသွားကူးမည့်နေ့၌ ကျန်းရှိရွှယ်၏ အခေါ်ခံရသောကြောင့် ယွင်ချင်းစီထံသို့ နောက်ကျပြီးမှ ရောက်သွားခဲ့သည်။ ထိုအချိန်မှသာ  ယွင်ချင်းစီအပေါ် သူ့ခံစားချက်များကို သဘောပေါက်သွားခဲ့သည်။

သူက အစောပိုင်းတည်းက စိတ်ယိုင်နေခဲ့သော်လည်း သတိမပြုမိခဲ့ပေ။

ထိုနောက်ပိုင်းတွင် လီယင်း၏ အိပ်မက်ထဲ၌ ယွင်ချင်းစီ မကြာခဏပေါ်လာခဲ့သည်။ သို့ဖြစ်၍ ညလည်ခေါင်တွင် အိပ်ရာမှ လန့်နိုးလာခဲ့သောကြောင့် စာအုပ်တစ်အုပ် ထိုင်ဖတ်နေပြီး မနက်မိုးလင်းမှသာ ညီလာခံသို့ သွားရတော့သည်။

ကျန်းရှိရွှယ်က သူ့ခံစားချက်များကို သိရှိသွားခဲ့သည်မှာ မိုးရွာနေသော ညတစ်ညတွင် ယွင်ချင်းစီက ကျန်းရှန်းနန်းဆောင်တွင် လီယင်းနှင့် အတူတူနေခဲ့ရသောကြောင့်ဖြစ်သည်။

ယွင်ချင်းစီက ထိုမတိုင်မီတွင် ကျန်းရှန်းနန်းဆောင်၌ ညမအိပ်ခဲ့ဖူးခြင်းမဟုတ်ပေ။ သို့ရာတွင် ထိုည၌ သူတို့နှစ်ယောက် အတူတကွစာလေ့လာနေစဉ် ယွင်ချင်းစီက စားပွဲပေါ်တွင် အိပ်မောကျသွားခဲ့သည်။ လီယင်းကိုယ်တိုင် သူ့ကိုမွေ့ရာပေါ်ချီလာပြီးနောက် ဘေးနားတွင်ထိုင်ကာ သူ့ကို အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်စွာကြည့်နေခဲ့သည်။

ထို့နောက် သူအနားတိုးလာပြီး ယွင်ချင်းစီကိုနမ်းရန် ပြင်လိုက်သည်။

ကျန်းရှိရွှယ်က ရုတ်တရက်ဝင်လာပြီး အပြုံးလေးနှင့် ပြောလိုက်သည်။
" ဧကရာဇ် မယ်တော်ဘာယူလာလဲ ကြည့်လိုက်ပါဦး..."

ဧကရာဇ်ငယ်လေးက ယွင်ချင်းစီကို စောင်အမြန်ခြုံပေးလိုက်ပြီး သူမကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" မယ်တော် သူ အိပ်ပျော်နေတယ်လေ ကျေးဇူးပြုပြီး အသံတိုးတိုးနဲ့ ပြောပေးပါလား..."

ကျန်းရှိရွှယ်က ပြုံးလိုက်ပြီးနောက် ထမင်းဘူးကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။
" ညဘက်မှာပါ စာလေ့လာနေရတာ ပင်ပန်းမှာပေါ့ အရသာရှိတာလေး စားပါဦး..."

" မယ်တော်လည်း မိုးရွာနေတဲ့ညမှာ တစ်ယောက်တည်းလာရတာ ပင်ပန်းသွားပါပြီ ကျေးဇူးပြုပြီး စောစောပြန်အနားယူလိုက်ပါ..."
လီယင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။

သူ နန်းတက်ပြီးသည့်နောက်တွင် သူတို့သားအမိနှစ်ယောက် အနေဝေးသွားကြသည်။ ထိုအချိန်တည်းက ကျန်းရှိရွှယ်က ဘေးအန္တရာယ်တစ်ခုကို ခံစားမိခဲ့သည်။ အသက်ဆယ့်လေးနှစ်အရွယ်ရှိပြီဖြစ်သော ကောင်းကင်ဘုံ၏သားတော်မှာ သူမ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လုပြီဖြစ်သည်။

မကြာမီအချိန်၌ ယွင်ချင်းစီက လီယင်းထံသို့ အလည်ရောက်လာသည့်အခါ သူမက လူလွှတ်ပြီး လမ်းတစ်ဝက်မှ အခေါ်လွှတ်လိုက်သည်။ သူမက ထိုအချိန်က ကောင်းမွန်စွာဆက်ဆံပြီး စကားပြောချိုသာလှ၍ ယွင်ချင်းစီက သူမကို လူကောင်းဟုသာ ထင်ခဲ့မိသည်။ သူမက ယွင်ချင်းစီကို သရေစာမုန့်အချို့ကျွေးပြီး သူနှင့် အေးအေးလူလူသာ စကားပြောနေခဲ့သည်။ သို့သော် မကြာမီအချိန်တွင် လီယင်းက သူမထံ ပစ္စည်းများပို့ဆောင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ရောက်ရှိလာပြီး ယွင်ချင်းစီကိုမြင်သည်နှင့် အံ့ဩဟန်ဆောင်ကာ အမြန်ခေါ်ထုတ်သွားခဲ့သည်။

သူတို့အပြင်ရောက်သည်နှင့် လီယင်းက မျက်မှောင်ကြုတ်လိုက်သည်။
" သူ့နန်းဆောင်ကို ခေါ်တိုင်းမသွားနဲ့လို့ ငါမပြောထားဘူးလား..."

" သူ ကျွန်တော့်ကိုခေါ်တာနဲ့ ငြင်းရမှာ နေရခက်လို့လေ..."