အပိုင်း ၈၇
Viewers 13k

Chapter 87
Extra 9



ယွင်ချင်းစီ၏ အမြင်တွင်မူ လီယင်းနှင့် ကျန်းရှိရွှယ်တို့က ဝိရောဓိဖြစ်နေသည်များ ရှိသော်လည်း အလွန်မသိသာလှပေ။ အဘယ့်ကြောင့်ဆိုသော် လီယင်းက သူမကို မြင်တွေ့ချိန်တိုင်းတွင် ရိုသေလေးစားစွာဆက်ဆံသည့်အပြင် သူတို့အခြား ကွာခြားချက်များရှိသော်လည်း အမုန်းတရား မပါရှိပေ။

ထို့အပြင် ကျန်းရှိရွှယ်က သူမ လီယင်းအပေါ် အလွန်တင်းကြခဲ့မိ၍ လီယင်းက သူမနှင့် အနေဝေးသွားရသည့်အတွက် ကိုယ့်ကိုကိုယ်အပြစ်တင်မိကြောင်း ယွင်ချင်းစီကို ပြောပြခဲ့သည်။ သူမ စကားပြောနေစဉ်တွင် မျက်ရည်များပါ စီးကျလာသည်။ ယွင်ချင်းစီက သူ့အမေကို ပြန်တွေးမိပြီး သူမက သနားစရာကောင်းသည်ဟု ထင်ခဲ့မိသည်။

သူ ငယ်ရွယ်စဉ်က သူ့အ‌မေက အလွန်စည်းကမ်းတင်းကြပ်လွန်းသောကြောင့် ကြောက်လန့်ပြီး အကြိမ်ပေါင်းများစွာ ငိုခဲ့မိဖူးသည်။

သို့ရာတွင် သူ့အပေါ် သူ့အမေ၏မေတ္တာက အတုအယောင် မဟုတ်ခဲ့ပေ။

လီယင်းနှင့် ကျန်းရှိရွှယ်၏အကြားမှ ဆက်ဆံရေးက သူ ထင်ထားသည်နှင့် အလွန်ကွာခြားသည့်အပြင် ကျန်းရှိရွှယ်က လီယင်းကို မည်မျှကောင်းမွန်စွာကိုင်တွယ်နိုင်သည်ကိုလည်း မသိပေ။

လီယင်းအတွက်မူ  ကျန်းရှိရွှယ်က အတိတ်၌ သူ့ကိုမည်သို့ဆက်ဆံခဲ့စေကာမူ သူ့ကိုမွေးဖွားပေးခဲ့သည့် မိခင်ဖြစ်နေသည်။ ယွင်ချင်းစီ၏အရှေ့တွင် သူ၏မွေးမိခင်မကောင်းကြောင်းပြောနိုင်သည်အထိ သူ အရှက်မမဲ့ပေ။

ထိုအချိန်ကမူ မည်သို့ပစ်ဖြစ်စေ သူမကို သူ့မွေးမိခင်ဟု မှတ်ယူထားခဲ့သည်။  သူမက သူ့ကိုရိုက်နှက်နှိပ်စက်ခဲ့သော်လည်း သွေးက ရေထက်ပျစ်ပေသည်။ သူမ အာဏာလိုချင်သရွေ့ သူ့ကိုထိခိုက်အောင် ပြုလုပ်လိမ့်မည်မဟုတ်ပေ။

သူ ငယ်ရွယ်စဉ်ကမူ လူများက ရိုးစင်းပြီး ကြင်နာလွန်းသည်ဟု တွေးခဲ့ဖူးသည်။

တစ်ခါကမူ ကျန်းရှိရွှယ်က လီယင်းကိုခေါ်ပြီး တည့်တိုးမေးခဲ့ဖူးသည်။
" သားတော် ယွင်ချင်းစီကို သဘောကျလား..."

လီယင်းက သူမနှင့် အကြည့်ချင်းဆုံအောင်ကြည့်လိုက်ပြီး စကားလုံးများက ခက်ထန်လာသည်။
" မယ်တော် ပြောစရာတစ်ခုခုရှိရင် ပြောလိုက်ပါ..."

ကျန်းရှိရွှယ်က သူ၏အေးစက်သောမျက်ဝန်းများကြောင့် ထိတ်လန့်သွားရပြီး ပြောလိုက်သည်။
" မယ်တော်က သားတော်သူ့ကို ထိခိုက်အောင်လုပ်မိမှာ စိတ်ပူလို့ပါ... သားတော်က ကောင်းကင်ဘုံရဲ့သားတော်ဆိုတော့ အနာဂတ်မှာ နန်းဆောင်သုံးခုနဲ့ ခြံဝင်းခြောက်ခုရှိလာမှာ... တကယ်လို့ သူ့ကို မောင်းမဆောင်ထဲမှာထားမယ်ဆိုရင် နည်းနည်းမသင့်တော်ဘူးလို့ မထင်ဘူးလား..."

လီယင်းက သူ၏တပ်မက်စွဲလန်းမှုကြောင့် ယွင်ချင်းစီ၏ဘဝကို အန္တရာယ်မပေးမိစေရန် သူမက သတိပေးနေခြင်းဖြစ်သည်။ သူမ၏ စကားအခွန်းတိုင်းတွင် ယွင်ချင်းစီအကြောင်းကိုသာပြောနေ၍  စကားလုံးတိုင်းက လီယင်း၏နှလုံးသားကို ထိခတ်သွားပြီး ဧရာမလှိုင်းကြီးဖြင့် ရိုက်ပုတ်သွားသကဲ့သို့ပါ ခံစားလိုက်ရသည်။

လီယင်း ထိုအချိန်က အက်ရှရှအသံဖြင့် ဤသို့ပြောခဲ့သည်ကို မှတ်မိသည်။
" သင်ကြားပြသပေးတာ ကျေးဇူးတင်ပါတယ်မယ်တော်... သားတော် ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်..."

ယွင်ချင်းစီက အရွယ်မရောက်သေးသည့်အပြင် မည်သည့်အရာကိုမှ နားမလည်သေးသည့်အချက်ကို အခွင့်ကောင်းယူကာ သူနှင့်ညအနေဝေးအောင်နေပြီး လမ်းမှားသို့ မတော်တဆ ဆွဲမခေါ်မိစေရန် ရှောင်ရှားရမည်ဖြစ်သည်။

ဤရက်ပိုင်းများတွင် မနက်ခင်းညီလာခံပြီးချိန်တိုင်း သူ နဂါးပလ္လင်ပေါ်မှာ ဆင်းသွားပြီး လှေကားထစ်များပေါ် ထိုင်ချကာ လက်နှစ်ဖက်တွင် မျက်နှာအပ်ထားပြီး အမတ်ချုပ်ယွင်ကို စိတ်ထဲမှ ပြောနေမိသည်။
" ဆရာ ကျွန်တော် ဧကရာဇ်မဖြစ်ချင်တော့ဘူး..."

ဧကရာဇ်ဖြစ်ရသည်မှာ လွတ်လပ်ခွင့်မရှိသည့်အပြင် သူ ချစ်ခင်လိုသည့်လူကိုလည်း ချစ်ခွင့်မရှိပေ။

သို့ရာတွင် သူ့ဆရာဟောင်းက သူ့ကို နှစ်သိမ့်မပေးနိုင်တော့ပေ။

လျှိုကျီရှုတစ်ယောက်တည်းသာ သူ့အနားတွင်ရှိနေပြီး သူ နေ့ဘက်တွင် တိုင်းရေပြည်ရေးကိစ္စများကိုင်တွယ်ဖြေရှင်းသည်နှင့် ‌ဓားရေးလေ့ကျင့်သည်ကို စောင့်ဆိုင်းပေးနေသည်။ လီယင်း သူ့ကိုလည်း မေးခဲ့သည်။
" မယ်တော်ပြောတာတော့ အားစီရဲ့ကောင်းကျိုးအတွက် ကိုယ်တော် သူနဲ့ မပတ်သက်သင့်တော့ဘူးတဲ့ မောင်မင်းရော ဘယ်လိုထင်လဲ အဓိပ္ပါယ်ရှိတယ်လို့ တွေးလား..."

သူ စိတ်ရှုပ်ထွေးပြီး နာကျင်နေရသည်။

သို့ရာတွင် ညီလာခံမှ အခြေအနေကလည်း အချိန်မရွေး ပျက်စီးဆုတ်ယုတ်စေနိုင်ပြီး နန်းတွင်းကလည်း လူအများ တစ်ယောက်နှင့်တစ်ယောက် အရိုးပါမကျန်အောင် ဝါးမျိုတတ်သည့်နေရာမျိုးဖြစ်သည်။ နည်းလမ်းကျကျစဉ်းစားမည်ဆိုပါက ယွင်ချင်းစီကို မခေါ်လာသင့်ပေ။

တစ်ယောက်ယောက်က သူ့အတွေးကို အငြင်းအခုံပြုပြီး ယွင်ချင်းစီနှင့်သူ မည်သည့်အရာကိုမှ မကြောက်ရွံ့ပဲ ပွင့်လင်းစွာ နေထိုင်ဆက်ဆံခွင့်ပြုရန် မျှော်လင့်နေမိသည်။

လျှိုကျီရှု၏ စိတ်သဘောထားက ဧကရာဇ်နှင့်တူညီပြီး ကျန်းရှိရွှယ်ကဲ့သို့ မဟုတ်ပေ။ သူ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက သခင်လေးယွင်နဲ့ မိတ်ဆွေဖြစ်ချင်ရုံပဲဆိုရင်တော့ အဆင်ပြေပါတယ် ဒါပေမဲ့ သူ့ကို နာကျင်စေမိမှာလည်း စိုးရွံ့မိတယ်..."

လီယင်းမှာ မူလက ယွင်ချင်းစီနှင့် သူငယ်ချင်းဖြစ်လိုသော်လည်း သူ့ဆရာက သဘောမတူခဲ့သည်ကို ပြန်အမှတ်ရသွားသည်။

ဒီလိုကိစ္စမျိုးဆိုရင် ပြောမနေပါနဲ့တော့...

ယခုနောက်ပိုင်းတွင် သူက ယွင်ချင်းစီကို အလွန်ကြင်နာစွာ ဆက်ဆံခဲ့သောကြောင့် သူနှင့် တမင်တကာ ဝေးကွာအောင်နေခြင်းက အလွန်သိသာခဲ့သည်။ ယွင်ချင်းစီကလည်း အလွန်အမင်း ထိရှလွယ်သူဖြစ်၍ တစ်ခဏတာခန့် သူ့စိတ်ထဲ မသက်မသာခံစားခဲ့ရသည်။

လင်းဟွိုက်ကျင်းက ရံဖန်ရံခါတွင် သူနှင့်လာကစားပြီး ပြောပြသည်။
" သူကအခု ဧကရာဇ်ဖြစ်သွားပြီလေ အရင်နဲ့ ဘယ်တူတော့မလဲ... သူ မင်းနဲ့ အနေဝေးသွားမှာ ဧကန်မုချပဲလေ..."

ယွင်ချင်းစီက ထိုအကြောင်းကို နားလည်ပေးနိုင်သော်လည်း သူ့ခံစားချက်သူ နားမလည်နိုင်ပေ။ သူ အချိန်အတန်ကြာသည်အထိ ဝမ်းနည်းနေခဲ့မိသည်။

လီယင်းက ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ...

ထိုအချိန်တွင် ကျန်းရှိရွှယ်က သူနေထိုင်နေရာကို ကိုယ်တိုင်ရောက်လာခဲ့သည်။

လီယင်းနှင့် ပဋိပက္ခဖြစ်ထားလောဟု စိုးရိမ်တကြီးဖြင့် မေးမြန်းသောအခါ ယွင်ချင်းစီက ခေါင်းခါလိုက်သည်။

သူက လီယင်း၏မယ်တော်ကို အကောင်းမြင်သူဖြစ်သည်။  သူ့စိတ်ထဲတွင် မှားယွင်းနေသည်ဟု ခံစားရပြီး မျက်ရည်များ စီးကျလာသည်။ ကျန်းရှိရွှယ်သက်ပြင်းချလိုက်ပြီး သူ့ကိုဖက်ထားလိုက်သည်။
" လိမ္မာပါတယ် မငိုနဲ့တော့နော်..."

ယွင်ချင်းစီ၏ဦးခေါင်းထက်မှ လက်ဖဝါးပြင်က အလွန်နူးညံ့ညင်သာလှသည်။ ယွင်ချင်းစီခဏတာ ငိုရှိုက်ပြီးသည့်အခါ ဆို့နင့်နေသည့်အသံဖြင့် မေးလိုက်သည်။
" သူ ဘာလို့ အရင်လိုမဟုတ်တော့တာလဲ..."

" သူက အရွယ်ရောက်လာတဲ့အပြင် ဧကရာဇ်ဖြစ်သွားပြီလေ... မင်းကို အရင်လိုတော့ ဆက်ဆံပေးနိုင်ပေမယ့် တစ်ချိန်လုံးတော့ မင်းနဲ့ ရှိမနေနိုင်တော့ဘူး... သူက ရှေ့ကို တဖြည်းဖြည်းလျှောက်လှမ်းသွားပြီး တချို့အရာတွေကို နောက်မှာ ချန်ထားရစ်ခဲ့တော့မှာ အခုမဟုတ်ရင်တောင် အနာဂတ်မှာတော့ ဒီလိုမျိုး ဖြစ်လာမှာပဲ..."

ယွင်ချင်းစီက နားလည်ပုံရသော်လည်း အမှန်တွင် နားမလည်နိုင်ပေ။

" ပြောချင်တာက သူကအခု နန်းတွင်းထဲမှာ သူ့ခမည်းတော်က မရှိတော့တဲ့အပြင် တိုင်းပြည်ရေးတွေကို စီမံရသေးတယ် အဲ့တော့ သူ အရမ်းအလုပ်ရှုပ်နေတာ... နန်းတွင်းအပြင်ထွက်ပြီး မင်းကိုရှာနိုင်ဖို့ ဘယ်လိုလုပ်အချိန်ရှိမလဲကွယ်..."

" ကျွန်တော်နေတဲ့နေရာက အရမ်းဝေးလို့လား..."

ကျန်းရှိရွှယ် ခေါင်းညိတ်ပြလိုက်သည်။

ယွင်ချင်းစီ စိတ်မချမ်းမသာဖြစ်သွားရသည်။
" ဒါပေမဲ့ ကျွန်တော် အမတ်ချုပ်အိမ်ကို မပြန်ချင်ဘူး..."

" ‌ဒါဆိုရင် နန်းတော်ထဲ လာနေချင်လား.... မင်း နန်းတော်ထဲမှာ နေမယ်ဆို သူ့ကိုမကြာခဏတွေ့လို့ရမယ်..."

ယွင်ချင်းစီက တွန့်ဆုတ်နေသည်။
" အဆင်ပြေပါ့မလား..."

" ဒါပေါ့..."
ကျန်းရှိရွှယ်က သူ့ကို နည်းလမ်းတစ်ခု ပြောပြသည်။

" ဒီလောကမှာ အချိန်အကြာဆုံး အတူတူရှိနိုင်တဲ့ အပေါင်းအသင်းဆိုတာ ဇနီးနဲ့ ခင်ပွန်းပဲ... မင်း သူ့ကိုလက်ထပ်ရင် သူ မင်းကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ဘူး..."

ယွင်ချင်းစီထိတ်လန့်သွားရသည်။

သူ ခေါင်းအမြန်ခါလိုက်သည်။
" ကျွန်တော် သူ့ကို လက်ထပ်လို့မဖြစ်ဘူး... ကျွန်တော်က မိန်းကလေးမှ မဟုတ်တာ..."

ကျန်းရှိရွှယ် သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။

" တကယ်တော့ အားယင်းက ဒီရက်ပိုင်း နေသိပ်မကောင်းဘူး... မနေ့ကမတိုင်ခင်တစ်ရက်ကဆို သူ  အရုဏ်တက်ချိန်အထိ ခုံပေါ်မှာလှဲပြီး အိပ်ပျော်သွားလို့ လွန်ခဲ့တဲ့နှစ်ရက်မှာ အပြင်းဖျားနေတာ..."

ယွင်ချင်းစီ ထိတ်လန့်သွားရသည်။

သူ လီယင်းကိုတွေ့ဆုံရန် အမြန်ထွက်သွားတော့သည်။ တစ်ဖက်လူမှာ အမှန်တကယ် အအေးမိထားသော်လည်း သူ့ကို လက်ခံတွေ့ဆုံသည်။ သို့ရာတွင် ယွင်ချင်းစီကို အဖျားကူးသွားမည်စိုး၍ အဝေးတွင်သာ ထိုင်နေသည်။

ယွင်ချင်းစီ မတ်တပ်ရပ်ပြီး သူ့အနားကပ်လိုသော်လည်း လီယင်းကာ လက်ကာပြကာ ချောင်းဆိုးနေလျက်ဖြင့် ပြောလိုက်သည်။
" ဘာလို့ ဒီကိုရောက်လာတာလဲ..."

" အရှင် နေမကောင်းဘူးဆိုလို့ လာကြည့်တာပါ..."

" ရာသီအကူးအပြောင်းကြောင့်ပါ... အသေးအဖွဲ့လေးပါပဲ စိတ်ပူစရာမလိုဘူး..."

သူတို့က မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ယွင်ချင်းစီက လီယင်းကိုကြည့်နေပြီး လီယင်းကလည်း သူ့ကိုပြန်ကြည့်နေသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံချိန်တွင် ယွင်ချင်းစီကပြုံးပြီး ပြောလာသည်။
" အရှင် ကိုယ်အလေးချိန်ကျသွားတာလား..."

လီယင်းကလည်း ပြုံးလိုက်သည်။
" ကိုယ်တော် အရပ်ပိုရှည်လာလို့လေ..."

ယွင်ချင်းစီက သူယူလာသည့်ပစ္စည်းများကို ကိုင်နေလျက် ပြောလိုက်သည်။
" ကျွန်တော် လက်အိတ်တစ်စုံချုပ်လာတယ် ရာသီဥတုကအေးပေမယ့် အရှင်က ညအထိ လျှောက်တင်လွှာတွေဖတ်ရတာဆိုတော့ အအေးမမိအောင်ပါ..."

သူ မတ်တပ်ရပ်လိုက်သော်လည်း လီယင်းက ထပ်မံလက်ကာပြလိုက်၍ ယွင်ချင်းစီ ထိုင်နေလိုက်ရသည်။

လျှိုကျီရှုက ရှေ့တိုးလာပြီး လက်အိတ်များကို ယူလိုက်သည်။ လီယင်းက ချောင်းဟန့်နေလျက်ဖြင့် ၎င်းတို့ကိုလက်ခံပြီး မေးလိုက်သည်။
" မင်းလက်ချောင်းတွေ အပ်စူးထားတာလား..."

" မဟုတ်ပါဘူး..."
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်နေသည်။
" ကျွန်တော် ငယ်ငယ်တုန်းက အမေ့ဆီကနေ သင်ခဲ့တာ... အမေပြောတာတော့ ကျွန်တော်က အနာဂတ်မှာ မိဘတစ်ယောက်ဖြစ်လာမှာ ဒီလိုကိစ္စတွေက အမြဲတမ်းမိန်းကလေးတစ်ယောက်ကိုပဲ လုပ်ခိုင်းနေလို့ မရဘူးတဲ့..."

လီယင်း၏ မျက်တောင်များ တဖျတ်ဖျတ်ဖြစ်သွားသည်။ သူ့နှလုံးသားကို ရုတ်တရက် ဓားဖြင့်အမွှမ်းခံလိုက်ရသကဲ့သို့ ခံစားရပြီး ဒဏ်ရာတစ်ခုဖြစ်လာပေသည်

" အားစီက အနာဂတ်မှာ ကျိန်း‌ပေါက် တစ်ယောက်ယောက်ကို စောင့်ရှောက်ရမှာပဲ..."
ဟု သူပြောခဲ့သည်။

" ကျွန်တော် အခုရော အရှင့်ကို မစောင့်ရှောက်ရလို့လား... အရှင်က ဧကရာဇ်ဖြစ်နေတာတောင် ကိုယ့်ကိုကိုယ် မစောင့်ရှောက်နိုင်ဘူး... အနာဂတ်မှာ တိုင်းသူပြည်သားတွေကို ဘယ်လိုစောင့်ရှောက်မှာလဲ..."
ယွင်ချင်းစီ ရေရွတ်လိုက်သည်။

ယွင်ချင်းစီက နှုတ်ခမ်းထထော်ထော်နှင့် စောဒကတက်သည်ကို လီယင်း အနှစ်သက်ဆုံးဖြစ်သည်။ သူ အနည်းငယ်ပြုံးမိသွားပေသည်။
" ကိုယ်တော် သတိလက်လွတ်ဖြစ်သွားလို့ပါ... မနေ့ညက ပြတင်းပေါက်ဖွင့်လိုက်တော့ တော်တော်အေးလွန်းတယ်..."

" ဒါဆို ဘာလို့ဒီလောက်နောက်ကျမှ ပြတင်းပေါက်ဖွင့်တာလဲ..."

" ဘာလို့လဲဆိုတော့..."
မင်းအကြောင်းတွေတွေးနေရင်း အိပ်မပျော်လို့လေ...
သူ့စိတ်ထဲ ထိုသို့ပြောချင်နေခြင်းဖြစ်သည်။

" တိုင်းပြည်ရေးအကြောင်းတွေ တွေးနေရတော့ အိပ်မရလို့ပါ..."

" အနာဂတ်အတွက် တွေးပူနေတာလား... ဘာများစိတ်ပူစရာရှိလို့လဲ... အရှင်မလုပ်နိုင်တာလည်း မဟုတ်ပဲနဲ့..."

လီယင်း၏မျက်နှာထက်မှ အပြုံးက ပိုမိုနက်ရှိုင်းသွားပြီး မျက်ဝန်းထဲတွင်လည်း ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်လာသည်။ သူ တီးတိုးပြောလိုက်သည်။
" မင်းကိုယ်ကိုလည်း ဂရုစိုက်သင့်တယ်နော်..."

" ကျွန်တော်က အရှင့်ထက် သာပါသေးတယ်..."
ယွင်ချင်းစီက ထိုသို့ပြောပြီးနောက် သူ့ကို မေးလိုက်သည်။
" အရှင် မရီးတော်တစ်ယောက်နဲ့ ဘယ်တော့လက်ထပ်မှာလဲ... အဲဒါဆို အရှင့်ကို ဂရုစိုက်မယ့်သူ ရှိပြီဆိုတော့ ကျွန်တော်လည်း စိတ်ချလက်ချ နေလို့ရတာပေါ့..."

" အင်း..."
လီယင်း၏ မျက်လုံးများ မှေးကျဉ်းသွားပြီး လေသံကပျော့သွားသည်။
" စောစောပြန်တော့လေ နန်းတွင်းကို ခဏခဏမလာလည်း ရပါတယ်... အရမ်းဝေးလွန်းတယ် ကိုယ်တော်လည်း မင်းကို အဖော်မပြုပေးနိုင်ဘူး..."

" ကျွန်တော် အရှင့်ကို အဖော်လုပ်ပေးလို့ ရတယ်လေ..."

လီယင်း ရယ်မောလိုက်ပြီးနောက် ခေါင်းခါ၍ ပြောလိုက်သည်။
" ကိုယ်တော်က အလုပ်ရှုပ်တော့မှာ..."

သူ အတွင်းဆောင်ထဲ ဝင်သွားသည့်အခါ ယွင်ချင်းစီက တီးတိုးပြောလိုက်သည်။
" ဒါ ရေးကြီးခွင်ကျယ်ကိစ္စမှမဟုတ်တာ ကျွန်တော် ဘေးနားမှနေပြီး အရှင့်ကို ကြည့်နေလို့ရတာပဲ..."

ဤသို့ဖြင့် သူတို့နှစ်ယောက်ကြား အနေဝေးသွားခဲ့သည်။

လီယင်းက အလွန်နူးညံ့သိမ်မွေ့သူတစ်ယောက်ဖြစ်သည်။ သူက တစ်ကြိမ်တစ်ခါမှ စိတ်ဆိုးဒေါသထွက်ခြင်း မရှိခဲ့ဖူးသော်လည်း အနေဝေးအောင် ဖယ်ခွာသွားပြီး သူနှင့်နီးစပ်ရန် မကြိုးစားတော့ပေ။

ထိုနောက်ပိုင်းတွင် ယွင်ချင်းစီ အချိန်အတော်အတန်ကြာသည်အထိ တွေးတောခဲ့မိသည်။ ဘုရင့်မယ်တော်၏စကားများကလည်း သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ငါ အရှင်နဲ့လက်ထပ်ရင် သူနဲ့ အမြဲအတူရှိနေနိုင်မှာလား...

ရှန်းယန်မြို့တွင် အမျိုးသားတစ်ယောက်ကို လက်ထပ်သည့် ဓလေ့ထုံးတမ်းက လုံးဝမရှိခြင်းမျိုး မဟုတ်ပေ။ ယခင်ဧကရာဇ်များက ထိုသို့ပြုလုပ်ခဲ့ခြင်းမျိုး မရှိသော်လည်း မယ်တော်ကြီးက ထိုသို့ပြောခြင်းဖြစ်၍ ဖြစ်နိုင်ချေရှိပေမည်။

သူ နောက်ပိုင်းတွင် မယ်တော်ကြီးထံသို့သွားပြီး ထိုကိစ္စအကြောင်းမေးမြန်းခဲ့သော်လည်း လီယင်းက ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့တွေးတောမည်ကို သူမ မသိ၍ သူကိုယ်တိုင်လီယင်းကိုမေးရန် ပြန်ပြောခဲ့သည်။

သို့ဖြစ်၍ ယွင်ချင်းစီက ‌သတ္တိမွေးပြီး လီယင်းကို နောက်တစ်ကြိမ် ထပ်သွားရှာသည်။

သူတို့နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ နှစ်လခန့်ရှိပြီဖြစ်ပြီး ပြတင်းပေါက်အပြင်ဘက်တွင်လည်း နှင်းများ သိပ်သည်းစွာကျနေပြီဖြစ်သည်။ ယွင်ချင်းစီက လက်ဖက်ရည်ပူပူတစ်ခွက်ကိုကိုင်ထားလျက် လီယင်းနှင့် မျက်နှာချင်းဆိုင်တွင် မသက်မသာဖြင့် ထိုင်နေသည်။

လီယင်းက စားပွဲပေါ်မှ လျှောက်တင်လွှာများကို စီနေသည်။ ယွင်ချင်းစီက စကားတစ်ခွန်းမှ မပြောသည့်အခါ သူ့ဘက်လှည့်လိုက်သည်။

သူ ယွင်ချင်းစီကို အလွန်လွမ်းနေခဲ့သော်လည်း ယွင်ချင်းစီက သူ့ဘဝနှင့်သူ နေထိုင်နိုင်ရန်လည်း မျှော်လင့်နေခဲ့မိသည်။ သူ ကို မတွေ့ရသည်မှာ နှစ်လခန့်ရှိခဲ့ပြီဖြစ်၍ သူ့ကိုမေ့သွားပြီး နောက်ထပ်လာရှာမည်ဟု မတွေးထားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဤတစ်ကြိမ်တွင်မူ ယွင်ချင်းစီက အနည်းငယ် မသက်မသာဖြစ်နေကြောင်း သူ ရှင်းလင်းစွာ သတိပြုမိလိုက်သည်။

အရာအားလုံးက အချိန်နှင့်အတူ လွင့်ပြယ်သွားခဲ့ပြီး သူနှင့် ယွင်ချင်းစီ အတူကုန်ဆုံးခဲ့ချိန်များလည်း လွင့်ပြယ်သွားခဲ့ပြီဖြစ်သည်။

သူက အနေအထားကိုထိန်းညှိပြီး ပြောလိုက်သည်။
" လက်ဖက်ရည် အေးသွားလို့လား..."

ယွင်ချင်းစီက လက်ဖက်ရည်တစ်ငုံသောက်ပြီး ပြောလိုက်သည်။
" မဟုတ်ပါဘူး အနေတော်ပါပဲ..."

" ‌ဒါဆို မင်းဘာလို့ ငေးနေတာလဲ..."
လီယင်းက စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်လိုက်သည်။

ယွင်ချင်းစီ တွန့်ဆုတ်နေပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" အ အရှင် ဘယ်လို မိန်းကလေးမျိုးကို သဘောကျတာလဲ..."

သူက အရာအားလုံးကို ရှင်းလင်းစွာ တွေးထားခဲ့ပြီးဖြစ်သော်လည်း လီယင်းကမူ ထိုသို့တွေးတောချိန် မရှိပေ။ သူ တစ်ဖက်လူ၏ စိတ်အခြေအနေကို စစ်ဆေးရန် လိုအပ်နေသေးသည်။
လီယင်းက သူ့ကိုလက်ထပ်ချင်ပါ့မလား...

လီယင်းက အေးအေးဆေးဆေးသာ ပြန်ဖြေသည်။
" ဘာလို့ ရုတ်တရက်ကြီး သိချင်ရတာလဲ..."

" ကျွန်တော် ‌ဒီတိုင်းသိချင်လို့ပါ အရှင် မိန်းကလေးတွေကို စိတ်ဝင်စားလား ပြီးတော့ကလေး... အရှင် ကလေးချစ်လား..."

လီယင်းက ထိုမေးခွန်းကို မဖြေချင်ပေ။
" မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ..."

" ကျွန်တော် ပြောချင်တာက..."
ယွင်ချင်းစီက အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" တကယ်လို့ ကျွန်တော် အရှင့်ရဲ့ဧကရီဖြစ်လာရင် အရှင် သဘောကျမှာလား..."

သူ့အသံက တိုးလွန်းလှသည်။ လီယင်းက နားမကောင်းသူ မဟုတ်သော်လည်း ရှင်းလင်းစွာ မကြားလိုက်ရ၍ မျက်ခုံးပင့်ပြီး မေးလိုက်သည်။
" ဘာပြောလိုက်တာလဲ..."

" ကျွန်တော်ပြောတာ..."
လျှိုကျီရှုက သူတို့ကို ဒင်ဆမ်းများ လာချပေး၍ ယွင်ချင်းစီက သူ့စကားလုံးများကို ခေတ္တမျိုချထားလိုက်ပြီး ဒင်ဆမ်းတစ်ခုကိုယူကာ မှုန်ကုပ်ကုပ်ဖြင့် ‌ဝါးနေလိုက်သည်။

သူ့စကားလုံးနှစ်လုံးကြောင့် လီယင်း၏စိတ်ထဲတွင် ဗြောင်းဆန်နေပြီဖြစ်သည်။

သူ ယွင်ချင်းစီကို စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ခဏတာ ကြည့်နေလိုက်ပြီးနောက် အကြည့်လွှဲကာပြောလိုက်သည်။
" ဘာကိစ္စမှ မရှိတော့ရင် ပြန်နိုင်ပြီ..."

" အပြင်ဘက်မှာ နှင်းကျနေပြီ..."

လီယင်း သူ့ကိုလှမ်းကြည့်လိုက်သည်။

ယွင်ချင်းစီက သူ့ကိုအတင်းကပ်တွယ်ထားပြီး အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
" ကျွန်တော် ဒီည ဒီမှာပဲနေလို့ရလား..."

" မင်း ဘယ်မှာ အိပ်မှာလဲ..."

ယွင်ချင်းစီက လီယင်းအိပ်စက်ရာ အိပ်ရာရှိသည့် ပုတီးလိုက်ကာကို လက်ညှိုးထိုးပြလိုက်သည်။

လီယင်းက သူ့စကားများကြောင့် စိတ်မဆိုးသွားသော်လည်း လေသံခပ်တင်းတင်းဖြင့် ပြောလိုက်သည်။
" မင်း ကိုယ်တော့်ရဲ့ နဂါးသလွန်ကိုပါ အပိုင်စီးချင်နေပြီပေါ့လေ..."

ယွင်ချင်းစီ ရယ်လိုက်မိသည်။

လီယင်းက သူ့ကို ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

ထိုနေ့ညက ယွင်ချင်းစီ အိပ်ရာပေါ်တွင် စောင့်နေသောကြောင့် လီယင်းက စားပွဲမှ စောစောထပြီး ရေချိုးပြီးသည်နှင့် အိပ်ရာဝင်ခဲ့သည်။

သူတို့ ယခင်ကလည်း အိပ်ရာတစ်ခုတည်းပေါ်တွင် အတူတူအိပ်ခဲ့ဖူးသော်လည်း ယခုက အနည်းငယ်ကွဲပြားနေသည်။

သူတို့နှစ်ယောက်လုံး ပက်လက်အနေအထားဖြင့် လှဲနေကြခြင်းဖြစ်သည်။ လီယင်းက အိပ်ရာအစွန်ဘက်တွင်အိပ်ပြီး ယွင်ချင်းစီက အတွင်းဘက်တွင်အိပ်ရာ ဂွမ်းစောင်တစ်ထည်တည်းကို အတူတူခြုံထားကြသည်။

စောင်အောက်မှ လက်တစ်ဖက်က တိတ်တဆိတ် လှုပ်ရှားပြီး အခြားလက်တစ်ဖက်ကို ထိလိုက်သည်။

လီယင်း၏ မျက်တောင်များ တစ်ချက်လှုပ်ခတ်သွားပြီး အသက်ရှုအောင့်ထားမိသည်။

ထိုလက်ကို သူ့ကို ဆုပ်ကိုင်ထားပြီးနောက် ဆက်လက်မလှုပ်ရှားတော့ပေ။

ထိုအချိန်တွင် လီယင်း ယွင်ချင်းစီကို လှမ်းကြည့်လိုက်မိသော်လည်း ယွင်ချင်းစီက သူ့ကိုကြည့်မနေပေ။

သူက အိပ်ရာထက်ကိုသာ ကြည့်နေပြီး တဖြည်းဖြည်းပြောလိုက်သည်။
" တကယ်လို့ ကျွန်တော်က အရှင့်ကို လက်ထပ်ချင်တယ်လို့ပြောရင် အရှင် ဘယ်လိုထင်လဲ..."

လီယင်း မှင်သက်သွားမိသည်။
" ဘ ဘာ..."

"ကျွန်တော်ပြောတာက..."
ယွင်ချင်းစီက သူ့ဘက်တည့်တည့်လှည့်လာပြီး အလေးအနက်ပြောလိုက်သည်။

" ကျွန်တော် အရှင့်ကိုလက်ထပ်မယ်ဆို အရှင်ရော လက်ထပ်ချင်လားလို့..."