Chapter 88
Extra 10
လီယင်း၏ ဦးနှောက်တစ်ခုလုံး ချာချာလည်သွားတော့သည်။
ယွင်ချင်းစီက ဤကိစ္စကို အစပြုလာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင် တွေးမထားမိ။
"မင်းကို သဘောကျတယ်" "ငါ့ကို သဘောကျလား" ဟူသည့် မေးခွန်းများကို ကျော်ချကာ "မင်းကို လက်ထပ်ချင်တယ် ငါနဲ့ လက်ထပ်မလား" ဟု တိုက်ရိုက် မေးလာ၏။
ပျော်ရွှင်မှုကြောင့် မိုးပေါ်အထိ ခုန်တက်သွားပြီးကာမှ မြေပေါ်သို့ ပြန်ပြုတ်ကျလာသည့်နှယ်။ ယွင်ချင်းစီ၏ အမူအယာကို တွေ့လိုက်ရသည့်အခါ ချက်ခြင်း သတိပြန်ကပ်သွားတော့သည်။
ယွင်ချင်းစီ.. သူ့စကားတွေရဲ့ အဓိပ္ပါယ်ကို သူကိုယ်တိုင်တောင် နားမလည်သေးဘူး ထင်တယ် ...
"ဘာလို့လဲ ..."
လီယင်းက သူ့ကို ငေးစိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းကို ဘယ်သူက ပြောခိုင်းလိုက်တာလဲ ..."
"ဘယ်သူမှ မဟုတ်ဘူး ..."
ယွင်ချင်းစီက မလိမ်။ အမှန်တကယ်လည်း သူ့ကို မည်သူကမှ ပြောခိုင်းခြင်း မဟုတ်ပေ။ အသေအချာ စဉ်းစားပြီးမှသာ လီယင်းထံ ရောက်လာခြင်း ဖြစ်သည့်အတွက် သူ့အတွေးတို့မှာ လွန်စွာ ကြည်လင်ပြတ်သားနေပေသည်။
"ငါ မင်းနဲ့ အတူတူ ရှိချင်တယ် တစ်သက်လုံး အတူတူ ..."
လီယင်းက သူ့လက်ကို လွှတ်ချလိုက်၏။
ထို့နောက် မတ်တပ်ထရပ်လိုက်သည်။
ယွင်ချင်းစီကလည်း သူနှင့်အတူ ထရပ်လိုက်၏။
အားလုံး ထုတ်ပြောပြီးဖြစ်သည့်အတွက် နောက်ဆုတ်ရန်နေရာ မရှိတော့ချေ။ သူက လီယင်း၏ အမူအယာကို အကဲခတ်ကာ နှလုံးသားထဲမှ တင်းကြပ်လာမှုများကို ဖိနှိပ်ရင်း ပြောလိုက်သည်။
"အားယင်း ..."
လီယင်းက သူ့ကို လှည့်မကြည့်။ စကားသံမှာမူ ယခင်အတိုင်း ညင်သာနေဆဲပင်။
"ငါ့ကို ကြိုက်လား ..."
"ကြိုက်တယ် ..."
ယွင်ချင်းစီက ချက်ခြင်း ပြန်ဖြေလိုက်၏။ လီယင်းကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေကာ အလေးအနက် ပြောလိုက်သည်။
"အားယင်းကို သဘောကျတယ် အားယင်းကိုပဲ သဘောအကျဆုံး ပြီးတော့ အားယင်းတစ်ယောက်တည်းကိုပဲ သဘောကျတာ ..."
လီယင်းအဖို့လည်း ယွင်ချင်းစီက သူ့ကို သဘောကျပါသည်ဟု ပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ယွင်ချင်းစီက သူ့ကို မည်မျှ သဘောကျပါကြောင်း အတုန့်အဆိုင်းမရှိ ပြောသည်ကို ကြားဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။
သိလိုသည့် အရိပ်အယောင်လည်း မရှိ၊ တုန့်နှေးခြင်းလည်း မရှိ၊ သူ့ခံစားချက်ကို ပွင့်လင်းစွာ ဖော်ပြခဲ့တော့သည်။
လီယင်း၏ နှလုံးခုန်သံမှာ ဗုံသံသဖွယ် အထိန်းအကွပ်မဲ့စွာ မြည်ဟီးလာတော့သည်။
အတော်ကြာသည်အထိ စကားမပြောတော့ရာ ယွင်ချင်းစီလည်း အနေခက်လာတော့၏။
"မင်း .. ငါ့ကို မကြိုက်ဘူးလား ..."
"မဟုတ်ပါဘူး ..."
လီယင်းက ချက်ခြင်း ပြန်ဖြေလိုက်သည်။ ထို့နောက်တွင်တော့ မည်ကဲ့သို့ ဆက်ပြောရမည် မသိသည့်အတွက် တစ်ဖန် ပြန်လည်ကာ တိတ်ဆိတ်သွားတော့သည်။
ယွင်ချင်းစီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်ကာ သူ့အနားသို့ တိုးပြီး နူးညံ့စွာ မေးလိုက်သည်။
"ဒါဆို ငါ့ကို သဘောကျတယ်လား ..."
"အင်း ..."
လီယင်းကလည်း ဝန်ခံလိုက်ရတော့သည်။
"ဒါပေမယ့် ငါ သဘောကျတယ်ဆိုတာက မင်းနဲ့ မတူလောက်ဘူး ..."
"သဘောကျတယ်ဆို သဘောကျတယ်ပေါ့ ဘာတွေ မတူနေတာလဲ ..."
ယွင်ချင်းစီက အမှန်တကယ်လည်း ခြားနားချက်ကို မသိပေ။ လီယင်းကို သဘောကျကာ သူနှင့်အတူ ထာဝရ နေသွားလိုသည်။ အကယ်၍ လက်ထပ်ခြင်းက အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ပါလျှင် လီယင်းကို လက်ထပ်မည်ဖြစ်သည်။ လီယင်းဘက်က ဆန္ဒရှိသရွေ့ နှစ်ဦးသား ထာဝရ အတူ နေသွားနိုင်မည်ဖြစ်သည်။
လီယင်းက ပြောလိုက်သည်။
"ငါ သဘောကျတယ်ဆိုတာက လက်ထပ်ချင်လို့ သဘောကျတာမျိုး ..."
ဒါလည်း မဟုတ်သေးဘူး ...
ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားသည်။
"ငါလည်း မင်းကို သဘောကျတယ် ပြီးတော့ လက်လည်း လက်ထပ်ချင်တယ် ..."
"အားစီ မင်းနားမလည်ပါဘူး ..."
လီယင်းက တီးတိုးပြောလိုက်သည်။
"ယောကျာ်းတစ်ယောက်ကို သဘောကျတယ်လို့ပြောဝာာ ဘာအဓိပ္ပါယ်မှန်းရော သိရဲ့လား ..."
"မင်းနဲ့ ထာဝရ အတူနေသွားချင်တယ်ဆိုတဲ့ အဓိပ္ပါယ်လေ ..."
ယွင်ချင်းစီက သူ့အနားသို့ တိုးလာ၏။ သူ့လက်မောင်းကို ဖက်ကာ ဖြူဖွေးလှသည့် မျက်နှာလေးကို ပုခုံးပေါ်တင်၍ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလိုက်သည်။
လီယင်း၏ နှလုံးသား တဒိတ်ဒိတ် ခုန်သွားကာ ၎င်းကို သည်းမခံနိုင်တော့။
ယွင်ချင်းစီရဲ့ အကြည့်တွေက အရမ်း ရိုးရှင်းပြီး အမူအယာကလည်း တအ အပြစ်ကင်းစင်လွန်းတယ် သူက တကယ် နားလည်တာရော ဟုတ်ရဲ့လား ...
လီယင်းလည်း မသိတော့သည့်တိုင် ထိုတစ်ခဏ၌ ယွင်ချင်းစီကို တွန်းထုတ်လိုက်မိတော့သည်။
ယွင်းချင်းစီ၏ နက်မှောင်လှသော ဆံပင်တို့က နဂါးကုတင်ထက်သို့ ပြန့်ကြဲကျသွားကာ အကြည့်တို့ကမူ လီယင်းထံမှ မဖယ်ခွါသေး။ တစ်ဖက်သူကလည်း အသံကို နှိမ့်ကာ ပြောလိုက်သည်။
"မင်းကို နမ်းချင်တယ် အဆင်ပြေတယ်လို့ ထင်လား ..."
ယွင်ချင်းစီက တစ်ခဏမျှ ရှက်သွေးဖြန်းသွားပြီးကာမှ ပြောလိုက်သည်။
"လက်ထပ်ရင် ငါက မင်းရဲ့လူ ဖြစ်လာမှာပဲလေ မင်း လုပ်ချင်တာ လုပ်လို့ ရပါတယ် ..."
လီယင်း၏ ရင်အုပ်တို့ နိမ့်ချည်မြင့်ချည် ဖြစ်လာကာ မျက်ဝန်းထောင့်စွန်းတို့လည်း နီရဲလာတော့သည်။
"အားစီ မင်း ဘာတွေ ပြောနေလဲဆိုတာကို သေချာရော သိလို့လား ..."
ယွင်ချင်းစီက သူ့အပေါ် ပိုင်စိုးလိုစိတ် ပြင်းထန်ကြောင်း သိထားသည့်တိုင် ထိုပိုင်စိုးလိုစိတ်ကြောင့် သူ့ဘဝ ပျက်စီးသွားရမည်ကို မလိုလား။ ယွင်ချင်းစီကို အရာအားလုံး နားလည်သွားစေလိုသည့်အတွက် အနားသို့ တမင် တိုးလာလိုက်သည်။
"ဒါဆိုရင်တောင် ကိစ္စမရှိဘူးလား ..."
ယွင်ချင်းစီက အသက်ရှူအောင့်ကာ မလှုပ်မယှက် နေနေလိုက်သည်။
လီယင်းလည်း ဆက်မထိန်းနိုင်၊ သူ့နှုတ်ခမ်းကို ဖိကပ်လိုက်မိတော့သည်။
လွန်စွာ ထူးဆန်းကာ သိမ်မွေ့လှသည့် ထိတွေ့မှု တစ်ရပ်ပင်။
ယွင်ချင်းစီ၏ မျက်ဝန်းတို့ ပြူးကျယ်သွားတော့၏။
လီယင်းက ရှေ့ဆက်မတိုး။ သူကိုယ်သူ ပြန်လည်ထိန်းချုပ်ကာ အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။
"ဒါကို မုန်းလား ..."
".. ဟင့်အင်း ..."
ယွင်ချင်းစီက ထိုသို့ ပြောလိုက်သည့်အပြင် သူ မမုန်းကြောင်း သက်သေပြသည့် အနေဖြင့် လီယင်း၏ နှုတ်ခမ်းတို့ကို ပြန်လည်ကာ နမ်းရှိုက်လိုက်သည်။
လီယင်းကလည်း သူ့အနား ပိုတိုးလာကာ တစ်ဖန် ထပ်မံ နမ်းရှိုက်လိုက်ပြန်တော့သည်။
နက်ရှိုင်းလှသည့် အနမ်းတစ်ပွင့် ဖြစ်ခဲ့၏။
နက်ရှိုင်းရုံသာမက အချိန်အားဖြင့်လည်း ကြာရှည်လွန်းလှသည်။
အစောပိုင်းက ထူးဆန်းလှသည့် နူးညံ့မှုနှင့် နှိုင်းယှဉ်ပါလျှင် ယခုတစ်ကြိမ်မှာ အနည်းငယ် ဆန်းကြယ်လှပေသည်။
ယွင်ချင်းစီမှာ ထိတ်လန့်လွန်း၍ အသက်ရှူရမည်ကိုပင် မေ့လျော့သွားတော့၏။ လီယင်း သူ့ကို လွှတ်ပေးသည့် အချိန်တွင် အောက်စီဂျင် ပြတ်တောက်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူရော်သွားတော့သည်။
"..အရူးလေး အသက်ရှူလေ ..."
လီယင်းက ရင်ဘက်ကို ပွတ်ပေးလိုက်ကာမှ ယွင်ချင်းစီလည်း အသက်ရှူရန် သတိရသွားတော့သည်။ အလောတကြီး အသက်ရှူလိုက်သည့်အခါ အဆုတ်ထဲမှ စပ်ဖျဉ်းဖျဉ်း ခံစားချက်ကို ရုတ်ချည်း သတိပြုမိလိုက်တော့သည်။
လီယင်းက ဒဏ်ရာဟောင်း ရှိရာနားသို့ လက်ဖြင့်ဖိကာ ပြောလိုက်သည်။
"ဖြည်းဖြည်းချင်း ..."
ယွင်ချင်းစီက သူ့လမ်းညွှန်ချက်အတိုင်း အသက်ရှူသံကို ထိန်းညှိနေရင်း သူ့အမူအယာတို့ကိုပါ တစ်ပါတည်း အကဲခတ်လိုက်သည်။
လီယင်း၏ နဖူးမှအစ မျက်ခုံးမျက်လုံး၊ နှာတံထိပ်ဖျားနှင့် အစောလေးကမှ သူနှင့် ထိတွေ့ခဲ့သော နှုတ်ခမ်းတို့ပါမကျန် ပထမဆုံးအကြိမ် စေ့စေ့စပ်စပ် ကြည့်လိုက်မိတော့သည်။
လီယင်း၏ မျက်နှာအစိတ်အပိုင်း တစ်ခုစီတိုင်းကို အကဲဖြတ်နေလိုက်သည်။
ပါးပြင်မှာ ပူပြင်းနေသည့်တိုင် အသက်ရှူသံမှာမူ တိုးညှင်းလှ၏။
သူ့စိတ်တစ်ခုလုံးကိူ လီယင်းက အပြည့်အဝ နေရာယူထားသည်။
သူက လှလိုက်တာ မျက်လုံးလေးရော နှာတံရော ပြီးတော့ အကောင်းဆုံး ပါးစပ်လေးရော ...
မနမ်းခင်က ဖြူဖွေးနေသော လီယင်း၏ နှုတ်ခမ်းတို့မှာ နမ်းရှိုက်ပြီးနောက် ပတ္တမြားသွေးသဖွယ် ရဲရဲစိုလာကြောင်း တွေ့လိုက်ရသည်။ ထိုနီရဲရွှန်းစိုနေသော နှုတ်ခမ်းတို့ကြောင့် လီယင်း၏ အသားအရေမှာ ပို၍ပင် ဖြူဖွေးကာ မျက်ခုံးတို့မှာလည်း လွန်စွာ နက်မှောင်လာတော့သည်။
ပန်းချီကားထဲမှ ခုန်ဆင်းလာသည့် နတ်သားတစ်ပါးနှယ်။
သူ့စိတ်ထဲတွင် ငှက်ထောင်သောင်းများစွာတို့က တောင်ပံတဖျတ်ဖျတ်ခတ်ကာ ရစ်ဝဲပျံသန်းနေကြသည့်နှယ်။ လီယင်းကိုသာ အကြောင်သား ငေးကြည့်နေကာ အတော်ကြာသည်အထိ စကားမပြောတော့။
လီယင်းက သူ့ကို ထပ်ကာထပ်ကာ ခေါ်လိုက်သော်ငြား ယွင်ချင်းစီကမူ သူ့ကိုသာ ရူးကြောင်ကြောင်ဖြင့် ငေးကြည့်နေသည်။
ပိုင်စိုးလိုစိတ်ကြောင့်သာ လက်ထပ်လိုခြင်း ဖြစ်ရမည်ဟူသော သူ၏ အစောပိုင်း မှတ်ချက်နေရာတွင် မယုံကြည်နိုင်မှုနှင့် စိတ်လှုပ်ရှားမှုတို့က တစ်ဖြည်းဖြည်း အစားထိုး ဝင်ရောက်လာတော့သည်။
"အားစီ ..."
အကြိမ်အနည်းငယ် ထပ်ခေါ်လိုက်ပြီးကာမှ ယွင်ချင်းစီက သတိပြန်ကပ်လာတော့သည်။
"ဟမ် ..."
"ဘာတွေ ကြည့်နေတာလဲ ..."
"အားယင်းကို ..."
".. ဘာလို့ ကြည့်နေတာလဲ ..."
"အားယင်းက အရမ်းကို ကြည့်ကောင်းလို့ ..."
လီယင်း၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်ကာ နူးညံ့စွာ ပြောလိုက်သည်။
"တကယ် ကြည့်ကောင်းတာလား ..."
"တကယ် ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"အားယင်းက ကမ္ဘာပေါ်မှာ ကြည့်အကောင်းဆုံးပဲ ..."
လီယင်း၏ နှလုံးသားတစ်ခုလုံး မျောလွင့်သွားကာ ယွင်ချင်းစီကို နောက်တစ်ကြိမ် ငုံ့နမ်းလိုက်ပြန်သည်။ ထိုတစ်ခဏ၌ သူ့ကိုယ်သူ အိပ်မက်မက်နေသည့်အလား ထင်မြင်မိတော့သည်။
"တကယ် ငါနဲ့ လက်ထပ်မှာလား ..."
"ဟုတ်တယ် ..."
"ဒီလိုဆိုရင်တောင် ကိစ္စမရှိဘူးပေါ့ ..."
ယွင်ချင်းစီက တစ်ခဏမျှ အတွေးလွန်သွားသည်။
သူနှင့် လီယင်းသည် မကြာခဏ အတူတူ အချိန်ဖြုန်းလေ့ ရှိကြသည့်တိုင် လီယင်းသည် ကလေးဘဝကတည်းက စာဖတ်ကောင်းသူတစ်ဦးဖြစ်ကာ အခြားကလေးများကဲ့သို့ လွန်လွန်ကဲကဲ ကြမ်းတမ်းလှသည့် ကစားနည်းများကို မကစားခဲ့။ သို့သော် ယနေ့တွင်မူ လီယင်းက သူ့ကို တစ်ခုခု လုပ်ခဲ့သည်။
နမ်းခြင်းကဲ့သို့ မဟုတ်ဘဲ ယွင်ချင်းစီမှာ ချက်ခြင်း မသက်မသာ ဖြစ်သွားတော့သည်။ သူက ခက်ခက်ခဲခဲ နေရာရွှေ့ကာ ပြောလိုက်၏။
"ဘာ .. ဘာကို ဆိုလိုတာလဲ ..."
လီယင်းက သူ့ကိုသာ မျက်ခြည်မပြတ် အကဲခတ်နေရာ ခုခံလိုဟန်တို့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လက်ကို လွှတ်ပေးလိုက်၏။ သူ့ခံစားချက်တို့မှာ ရှုပ်ထွေးသွားသည့်ဟန်။ သက်ပြင်းချကာ ပြောလိုက်သည်။
"မင်း .. အာ . ကောင်းကောင်းနားလိုက် ..."
အိပ်ယာပေါ်မှ ထသွားသည့်အခါ ယွင်ချင်းစီကလည်း သူ့နောက်လိုက်၍ ခါးပတ်ကို ဆွဲထားကာ မေးလိုက်သည်။
"ဘယ်သွားမလို့လဲ ..."
"စာအုပ်သွားဖတ်မလို့ ..."
"မဖတ်နဲ့ ဒီနားလာ ..."
"လက်ထပ်တာက ဘာဆိုတာ နားမလည်ဘူး မဟုတ်လား မင်းက ငါနဲ့ အတူတူ ရှိနေချင်ရုံလေးပဲ အားစီ ..."
"ငါသိတယ် လက်ထပ်ရင် မင်းမှာ ကလေးတွေ ရှ်ိလာရမှာ ငါ့မှာ ကလေးမရှိနိုင်ဘူး တကယ်လို့ မင်း ကလေးတွေကို သဘောကျရင် ငါ အခုပဲ ထွက်သွားပေးမယ် ..."
"အဲဒါနဲ့ ဘာမှ မဆိုင်ဘူး ..."
"ဒါဆို ရှင်းရှင်းလင်းလင်းပြော ..."
ယွင်ချင်းစီက ဒေါသတကြီး ပြောလိုက်သည်။
"ဒီနားလာခဲ့ ..."
လီယင်းက သူ့ကို လှည့်ကြည့်လိုက်သည်။ ယွင်ချင်းစီ၏ မျက်နှာတစ်ခုလုံး နီရဲကာ သူ့ကို ခေါင်းအုံးဖြင့် ပစ်ပေါက်လိုက်၏။
လီယင်းလည်း ၎င်းကို ဖမ်းကာသာ ပြန်လျှောက်လာရတော့၏။ ကုတင်ခေါင်းရင်းတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီက သူ့ခါးကိုဖက်ကာ ဒေါသတကြီး မေးလိုက်တော့သည်။
"မင်းက ငါ့ကို လက်မထပ်ချင်ဘူးလား ..."
"ကိုယ်က .. မင်းက ငယ်သေးတော့ လမ်းမှားရောက်သွားမှာကို ကြောက်လို့ပါ ..."
"မင်း ငါ့ကို နာကျင်စေမှာလား ..."
"ဘယ်လိုလုပ် နာကျင်စေနိုင်မှာလဲ ..."
"ဒါဆို ကျန်တဲ့ဘဝတစ်လျောက် မင်းနဲ့အတူတူ ရှိနေချင်တယ် မင်း ငါ့ကို အမြဲတမ်း သဘောကျပေး၊ ကာကွယ်ပေးပြီး ကောင်းကောင်း ဆက်ဆံပေးနိုင်မှာလား ..."
"အမ်း ..."
"ဘာ အမ်းလဲ မင်း ပြောတာကို ကြားချင်တာ ..."
".. တကယ်လို့ ကိုယ်တို့ရဲ့ လက်ကျန်ဘဝတစ်ခုလုံးကိုသာ အတူတူ ဖြတ်သန်းခွင့် ရမယ်ဆိုရင် ကိုယ် မင်းကို ထာဝရ သဘောကျပေးမယ် ကာကွယ်ပေးမယ် ပြီးတော့ ကောင်းကောင်း ဆက်ဆံပေးမယ် ..."
သူက ပြောလိုက်သည်။
"ဒါပေမယ့် ကိုယ်တို့အတွက် မဖြစ်နိုင် ..."
"ဘာလို့ မဖြစ်နိုင်ရမှာလဲ ..."
"ဘာလို့ဆို .. ကိုယ် မင်းအပေါ် တစ်ခုခု အမှားလုပ်မိမှာကို စိုးရိမ်လို့ ကိုယ်က ဧကရာဇ်လေ အနာဂတ်မှာ မောင်းမဆောင်ဆိုတာ ရှိလာမှာ ကိုယ် ..."
"ဒါဆို ငါ့ကို အမှားမလုပ်နဲ့လေ..."
ယွင်ချင်းစီက အင်္ကျီအနားစကို လှမ်းဆွဲကာ ပြောလိုက်သည်။
"မင်းမှာ ငါ ရှိနေတာပဲဥစ္စာ မောင်းမဆောင်ဆိုတာ မလိုအပ်ပါဘူး ကလေးတွေကိုမှ သဘောမကျတာ ဒီလောက် ကိုယ်လုပ်တော် အများကြီး ဘာလုပ်ဖို့ လိုအပ်မှာလဲ အားယင်း ငါ့ကို အမှားမလုပ်နဲ့ ပြီးတော့ မောင်းမဆောင်ကိုလည်း မလိုချင်နဲ့ ငါကလည်း မင်းကိုပဲ လိုအပ်သလို မင်းကလည်း ငါ့ကိုပဲ လိုအပ် ဟုတ်ပြီလား ..."
ထိုစဉ်က ယွင်ချင်းစီသည် လီယင်း၏ စကားကို နားမလည်။ လီယင်း ဘာကြောင့် သူ့အား အမှားလုပ်မိမည်ကို စိုးရိမ်နေကြောင်းလည်း နားမလည်ပေ။
ကြောက်ရင် ဒီတိုင်း ဒါကို မလုပ်နဲ့လေ ...
လီယင်းကလည်း အကျယ်တဝံ့ ထုတ်မပြောရဲ။
တကယ်လို့ တစ်နေ့နေ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ တစ်ခုခု လုပ်လိုက်မိရင် ဘယ်လိုလုပ်မလဲ ...
ထိုတစ်ခဏ၌ ယွင်ချင်းစီ၏ စကားများမှာ မှန်ကန်သည်ဟုပင် တွေးလာမိတော့သည်။
ကြောက်ရင် ဒါကို မလုပ်နဲ့လေ ...
သူက ရိုးစင်းလွန်းခဲ့၍လား မသိ၊ ပြုံး၍သာ ယွင်ချင်းစီကို နားချလိုက်တော့သည်။ တစ်ဖက်သူ၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးကာ ပြောလိုက်သည်။
"ကောင်းပြီ ကိုယ်တို့ အတူတူ ရှိကြတဲ့အခါ မင်းတစ်ယောက်တည်းကိုပဲ လိုချင်တယ် ..."
"ဒါဆို အတူနေကြမလား ..."
လီယင်းက သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေလိုက်သည်။
ယွင်ချင်းစီက ထပ်ပြောလိုက်ပြန်၏။
"ကျိန်ဆိုပါတယ် ငါ့ဘဝတစ်ခုလုံးမှာ အားယင်းကိုပဲ လိုအပ်တယ် အားယင်းကို ကောင်းကောင်းဆက်ဆံပေးပြီး သူတစ်ယောက်တည်းကိုပဲ သဘောကျသွားမယ် အားယင်းကိုပဲ ပထမဆုံးနေရာ ထားပြီး သူ့အတွက် ဘာမဆို လုပ်သွားပေးမယ် .. အားယင်း ငါနဲ့အတူ ရှိနေပေးပါ ဟုတ်ပြီလား ..."
".. ဒါပေမယ့် မင်း ကိုယ့်ကို တကယ်ကို လက်ခံလို့ မရဘူး ..."
လီယင်းက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"ထိမ်းမြားတာ ... ပြီးတော့ လက်ထပ်ပွဲ .. ဒါတွေကို နားလည်ရဲ့လား ..."
မည်သူကမှ ယွင်ချင်းစီကို ဤအကြောင်းများနှင့် စပ်လျဉ်း၍ ပြောမပြခဲ့ဖူးသည့်အတွက် နားမလည်ချေ။
သူက လီယင်း၏ လက်ချောင်းတို့ကို စိုက်ကြည့်နေပြီးနောက် လက်ကို ဆွဲပြီး သူ ထိသွားသည့် နေရာသို့ ပြန်ထားပေးလိုက်၏။
"ဒါ မဟုတ်လား တကယ်လို့ မင်း အထဲထည့်ချင်တယ် ဆိုရင်လည်း ငါ ငါလုပ်နိုင်တယ် ..."
သူ့အကြည့်တို့မှာ လွန်စွာ သန့်စင်လွန်းလှ၏။
လီယင်း၏ နှလုံးသား တင်းကြပ်သွားတော့သည်။ သူက ယွင်ချင်းစီကို ဆွဲဖက်ကာ စောင်ကို ခြုံပေးလျက် မျက်လွှာချပြီး ပြောလိုက်သည်။
"ကောင်းပြီ လက်ထပ်ကြရအောင် ..."
"ဒါဆို အားယင်း မင်း ထည့်ချင် ..."
"မလိုဘူး ..."
လီယင်းက ပြောလိုက်သည်။
"အခုကနေစပြီး ကိုယ် မင်းကို ဖြည်းဖြည်းချင်း သင်ပေးသွားမယ် ..."
ယွင်ချင်းစီက လွန်စွာ ဝမ်းမြောက်သွားကာ တစ်ဖက်သူ၏ ရင်ခွင်ထဲ မျက်နှာအပ်လျက် ပြောလိုက်သည်။
"အနာဂတ်မှာ မင်း ငါ့ကို အမှားလုပ်မှာလား ..."
"မလုပ်ဘူး ..."
"အမြဲတမ်း သဘောကျသွားမှာလား ..."
"အင်း ..."
"ဒါဆို ငါ့အပြင် တစ်ခြားတစ်ယောက်ကို လိုချင်သေးလား ..."
"ဘယ်သူ့ကိုမှ မလိုအပ်ဘူး ..."
လီယင်းက ပြောလိုက်သည်။
"ကိုယ်လိုချင်တာ မင်းတစ်ယောက်တည်း ..."
ယွင်ချင်းစီက ဝမ်းသာအားရ ပြုံးလိုက်သည်။