အပိုင်း ၈၉
Viewers 13k

Chapter 89
Extra 11



လီယင်းနှင့် ဤကိစ္စကို တစ်ညတည်းအပြီး ဆွေးနွေးနိုင်ကာ အားလုံး ချောချောမွေ့မွေ့ ပြီးသွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ဖူးချေ။ လီယင်းဘက်မှ စိတ်လိုက်မာန်ပါ ဆုံးဖြတ်လိုက်မည်ကို စိုးရိမ်စိတ်ကြောင့် တီးတိုးပြောလိုက်သည်။

"မင်း ထပ်စဉ်းစားလို့ ရ‌တယ်နော် ..."

"မလိုပါဘူး ..."

ယွင်ချင်းစီက စိတ်ကို ဆုံးဖြတ်ထားပြီးဖြစ်ရာ အကယ်၍ သူသာ နောက်တစ်ကြိမ် တုန့်ဆိုင်းနေပါလျှင် အပျက်သဘောဆောင်သွားပေလိမ့်မာ်။

ယွင်ချင်းစီက ထိုကိစ္စနှင့် စပ်လျဉ်း၍ လပေါင်းများစွာ စဉ်းစားပြီး ရှင်းရှင်းလင်းလင်း တွေးတောပြီးကာမှ လီယင်းကို လာဖွင့်ပြောခြင်းဖြစ်သည်။  လီယင်းဘက်မှ အဖြေကို လျင်မြန်စွာ ပေးလာသည့်အခါ သူ့ကိုယ်သူ လီယင်းကို လှည့်စားမိသည်ဟုပင် ခံစားလာရတော့သည်။ 

သိူ့သော် လီယင်းကို သူ အချိန်အကြာကြီး စဉ်းစားခဲ့ရကြောင်း ထုတ်ပြောမည်မဟုတ်။

ဘာပဲဖြစ်ဖြစ် သူက လီယင်းကို လိုချင်တယ် လီယင်းကလည်း သူနဲ့ အတူ ရှိချင်တယ်ဆို ဘာလို့ ချက်ခြင်း အပေးအယူ မတည့်ရမှာလဲ ...

သူ့ကိုယ်သူ အကျိုးအမြတ်ကြီးကြီးမားမား ရခဲ့သည်ဟု ယူဆသည့်အတွက် လီယင်း ဘာကြောင့် ချက်ခြင်း သဘောတူခဲ့ကြောင်းကို မမေးတော့ချေ။ သူ့အဖို့ သူကသာလျှင် စတင်ကာ ချစ်ကြိုက်ရသူ ဖြစ်ခဲ့ကာ လီယင်းကလည်း ထိုသို့သော အကြောင်းများအား ပြောရသည်ကို နှစ်သက်လှသူ မဟုတ်သည့်အတွက် အတိတ်ဘဝတစ်လျှောက် လီယင်းက သူ့ကို စတင်သဘောကျခဲ့ကြောင်း မသိခဲ့ချေ။

လီယင်း၏ ထိမ်းမြားသတင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် မယ်တော်ကြီးက သူ့ကို ချက်ခြင်း ကြိုဆိုခဲ့၏။ ယွင်ချင်းစီကလည်း သူ့အား လီယင်းကို သွားရှာရန် ညွှန်ကြားပေးခဲ့သူမှာ မယ်တော်ကြီးဖြစ်ကြောင်း ထုတ်မပြောခဲ့။ ထို့ကြောင့် လီယင်းက ယွင်ချင်းစီသည် သူ့ပင်ကိုယ်သဘောအရ လာဖွင့်ပြောခြင်းဟုသာ ထင်နေခဲ့တော့သည်။

ယွင်ချင်းစီကို ဦးဆောင်လမ်းပြပေးသူမှာ မယ်တော်ကြီးဖြစ်ကြောင်း အစောပိုင်းကတည်းက သိခဲ့ပါလျှင် အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။

ထိုကိစ္စကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီ၏ ဖခင်နှင့် အစ်ကိုများက သူ့ထံ ရောက်လာကာ လီယင်းနှင့် လက်မထပ်ရန် ဖျောင်းဖျကြသည်။ ယွင်ချင်းစီက သူတို့နှင့် ဆက်ဆံရမည်ကို မုန်းတီးသည့်အပြင် ပုန်ကန်တတ်သည့် စိတ်သဘောထားကိုပါ ပေါင်းထည့်လိုက်သည့်အခါ လီယင်းနှင့် အတူရှိလိုသည့် ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာသွားတော့သည်။

သူက လီယင်းထံ အပြေးသွားကာပင် အကြောက်အလန့်မရှိ တောင်းဆိုလိုက်သေးသည်။

"အခုပဲ မင်းဆီ ပြောင်းပြီး လာနေချင်တယ် ..."

လီယင်းကလည်း သူနှင့်အတူ အမြန်ဆုံး နေလိုသော်ငြား ယွင်ချင်းစီ၏ ဂုဏ်သတင်းကိုလည်း အရေးစိုက်ရချေဦးမည်။ အကယ်၍ သူ နန်းတော်ထဲ ဝင်လာသည့်သတင်း ပျံ့နှံ့သွားပါလျှင် အမတ်ချုပ်အိမ်တော်ရော ယွင်ချင်းစီပါ လက်ညှိုးငေါက်ငေါက်ထိုးကာ ပြစ်တင်ဝေဖန်ခံရမည်ဖြစ်သည်။

"လျှောက်မလုပ်နဲ့ ..."

"ငါ့ကို မကြိုက်ဘူးလား ..."

ထိုစဉ်က ယွင်ချင်းစီသည် ဤသိူ့သော မေးခွန်းများကို လွန်စွာ နှစ်သက်ခဲ့သည်။ လီယင်းက သူ့ကို အကျိုးအပြစ်တို့အား ဝေဖန်ပိုင်းခြားပြသည့်တိုင် ယွင်ချင်းစီကမူ ခေါင်းကိုသာ ခါယမ်းပြ၏။

"သူတို့ ဘာတွေးလဲ ဂရုမစိုက်ဘူး ..."

"ဒါပေမယ့် ကိုယ်ကတော့ စိုက်တယ် ..."

လီယင်းက သူ့ခေါင်းကို ပွတ်သပ်ပေးကာ စိတ်ရှည်ရှည်ထား၍ ပြောပြလိုက်သည်။

"နည်းနည်းလောက် စောင့်ပေး ဟုတ်ပြီလား ..."

ဒါပေမယ့် မင်းကို နေ့တိုင်း တွေ့ချင်တယ်လေ ..."

ယွင်ချင်းစီက သူ့ရင်ခွင်ထဲ တိုးဝင်ကာ ခါးကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။

သူသည် အများ၏ ဝေဖန်လိုစိတ်ကို လုံးဝ နားမလည်။ ပြန်လည်မွေးဖွားလာသည့်တိုင် အခြားသူများ၏ အရေးကိစ္စကို စိတ်ဝင်တစား ဝေဖန်နေသူများအား နားလည်မပေးနိုင်ခဲ့ချေ။

ထို့ကြောင့် ထိုနှစ်များက လီယင်း ပြုလုပ်ခဲ့သမျှ ချုပ်တည်းချက်အားလုံးကို နားမလည်ခဲ့။ လွန်စွာ ဂရုစိုက်လွန်းသည့်အတွက် သတိမပြုမိခင်မှာပင် များစွာ ဆုံးရှုံးလိုက်ရတော့သည်။

သူ့နှလုံးသားထဲတွင် အပြည့်အဝ နေရာယူထားသည့် ချစ်ရသူကို ဆုံးရှုံးလိုက်ရသည့် နေ့တွင်မှ ထိုနှစ်များအတွင်း သူ့ကို တားဆီးခဲ့သမျှတိုင်းသည် အပြင်သူ၏ သစ္စာဖောက်မှုနှင့် နှိုင်းယှဉ်ပါလျှင် စာမဖွဲ့လောက်ကြောင်း သဘောပေါက်သွားတော့သည်။

ဖခင်ဖြစ်သူ၏ မျက်နှာသာပေးမှုကို ရလိုသည့်အတွက် ထူးချွန်သူတစ်ဦး ဖြစ်လာရန် အတင်းအကြပ် ကြိုးစားခဲ့ရသည်။ တိုင်းပြည်ကို လွန်စွာ ကာကွယ်လိုလွန်းသည့်အတွက် အမျှော်အမြင်ကြီးမားသည့် အုပ်စိုးသူတစ်ဦး ဖြစ်လာစေရန် ကြိုးစားခဲ့သည်။ ရုံးတော်၏ မှူးမတ်အင်အား တစ်ဖက်စောင်းနင်း မဖြစ်စေရေးအတွက် သူတို့၏ အင်အားကို ထာဝစဉ် စုံစမ်းချိန်ညှိခဲ့ရသည်။

ထို့ကြောင့် သူ့ကို အမြဲ ချစ်ခင်ကာ ရင်းနှီးပူးကပ်နေလေ့ရှိသည့် ယွင်ချင်းစီကို လျစ်လျူရှုမိသွားတော့၏။

ပြန်လည်မွေးဖွားလာခဲ့သည့်တိုင် ချစ်ရသူကို ပြန်ရှာတွေ့သည့်တိုင် ထိုဆုံးရှုံးမှုကြောင့် ရလာသည့် နောင်တကို ရင်ဝယ်ပိုက်ထားရဆဲပင်။

ဘာလို့များ သူကရော ယွင်ချင်းစီလိုမျိုးပဲ အားလုံးကို နောင်တကင်းကင်းနဲ့ မစွန့်လွှတ်နိုင်ခဲ့ရတာလဲ ...

သို့သော် သူ့အတွက် နောင်တတရားသာ ရရှိခဲ့သည်။

ယွင်ချင်းစီ၏ ကမ္ဘာမှာ အဖြူနှင့်အမည်း နှစ်ခုသာရှိသည်။ အာရုံစိုက်မှု အလုံးစုံကို လီယင်းထံသို့သာ ‌စုပုံထားသည့်အတွက် အခြားသူတို့၏ အမြင်က သူ့အပေါ် မသက်ရောက်နိုင်။ သို့သော် အမြင့်တစ်နေရာတွင် ထိုင်နေရသည့် လီယင်းအဖို့ ထိုသူတို့၏ အကြည့်စူးစူးကပင်လျှင် သူ့ကို သေစေနိုင်လောက်ပေသည်။

ယွင်ချင်းစီက လီယင်း၏ စကားကို နားထောင်ကာ နာနာခံခံဖြင့် ပြန်သွား၏။ အမတ်ချုပ်ယွင်က လက်ထပ်ပွဲကို သဘောမတူသည့်အတွက် အမတ်ချုပ်စံအိမ်သို့ ပြေးသွားကာ ကြိမ်ဖန်များစွာ ပြဿနာရှာခဲ့သည်။ ရက်စက်သော စကားလုံးများဖြင့် တိုက်ခိုက်ပြီးနောက်တွင်တော့ ဖခင်ဖြစ်သူ၏ အလျော့ပေးမှုကို ရရှိလိုက်တော့သည်။

သို့သော် သူ့တွင်လည်း အနေအထားတစ်ရပ် ရှိနေ၏။ လက်ထပ်သည့်နေ့တွင် အမတ်ချုပ်စံအိမ်မှ စတင်ထွက်ခွါရန် လိုအပ်ပေသည်။

သားအဖနှစ်ဦးလုံး တစ်လှမ်းစီ နောက်ဆုတ်လိုက်ကြရသည်။ ‌

ကောင်းကင်ဘုံသားတော်နှင့် လက်ထပ်ရမည် ဖြစ်သည့်အတွက် အမတ်ချုပ်ယွင်သည် သူ့အတွက် ကျွမ်းကျင်သူတစ်ဦးကို ဖိတ်ကြားကာ မည်သည့်နေရာတွင် ဒူးထောက်ပြီး မည်သည့်နေရာတွင် ခေါင်းငြိမ့်ရမည် မည်သည့်နေရာတွင် ရပ်ရုံသာ ရပ်နေရမည်ဟူသည့် ကျင့်ဝတ်များကို သင်ယူစေခဲ့၏။ အပြုအမူ တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင် ရိုးရာ‌ဓလေ့များ ထုံမွှမ်းထားပေသည်။

ယွင်ချင်းစီက လွန်စွာ ဉာဏ်ကောင်းလှသည့်အတွက် လိုအပ်သည့် အချက်အားလုံးကို မလွဲမသွေ မှတ်သားနိုင်ခဲ့သည်။

လက်ထပ်ပွဲမတိုင်မီညတွင် အမတ်ချုပ်ယွင်က သူ့ခြံဝင်းထဲ ရောက်လာကာ ဘီးတစ်ချောင်း ပေးလိုက်၏။

"ဒါက မင်းအမေရဲ့ .. အရင်တုန်းက သူမ အရမ်း သဘောကျခဲ့တဲ့ ဘီးပေါ့ အဖေ့ကိုလည်း မကြာခဏ ဖြီးခိုင်းခဲ့တာ အဖေ့ရဲ့ သူမအပေါ် ထားတဲ့ နှလုံးသားက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး ဒီဘီးလေးက မင်းအပေါ် ထားတဲ့ အရှင်ရဲ့ သဘောထားတွေ ထာဝရ မပြောင်းလဲအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ် ..."

သူ့ကို ပေးရသည့် အကြောင်းပြချက်မှာ လွန်စွာ စိတ်ကူးယဉ်ဆန်လွန်းလှ၏။

သို့သော် သူနှင့် လီယင်း၏ အနာဂတ်နှင့် ပတ်သက်နေသည့်အတွက် အသာတကြည်သာလျှင် လက်ခံယူထားလိုက်သည်။

အမတ်ချူပ်ယွင်က ဘီးကို အသာချကာ သူ့ကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် ချက်ခြင်း လှည့်ထွက်သွားတော့သည်။

ယွင်ချင်းစီထံမှ လှည့်ထွက်လာပြီးနောက် အင်္ကျီစကို မြှောက်လျက် မျက်ရည်စတို့ကို သုတ်လိုက်၏။

ယွင်ချင်းစီက ထိုဘီးကို လက်ခံခဲ့သည့်တိုင် လီယင်းကို ဖြီးပေးရန် တစ်ကြိမ်တစ်ခါမှ မတောင်းဆို။ ထိုညက အကြောင်းကိုလည်း တစ်ခွန်းမှ မပြောခဲ့ချေ။ ဖခင်ဖြစ်သူ၏ နှလုံးသားမှာ မပြောင်းလဲသည့်တိုင် သူ့အမေကို မတော်တဆ သေစေခဲ့သည်မှာလည်း အမှန်တရားပင်ဖြစ်ရာ လီယင်းနှင့် ထိုအနေအထားအထိ မရောက်လို။

သူက တစ်ခုခု သတိရသွားဟန်ဖြင့် လီယင်း၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ ဗီရိုထဲရှိ ဘီးကို ထုတ်ကာ သူ့လက်ထဲသို့ အမြန်ထည့်ပေးလိုက်သည်။

"အခုကနေစပြီး ငါ့ရဲ့ ခေါင်းကို မင်းလက်ထဲ ယုံယုံကြည်ကြည်နဲ့ ထည့်ပေးလိုက်ပြီ ..."

လီယင်းကလည်း ၎င်းကို ယူကာ လေးနက်စွာ ပြောလိုက်သည်။

"ကောင်းပါပြီ ..."

အတိတ်က ယွင်ချင်းစီသည် ကြမ္မာဆိုးကို ကြောက်ရွံ့စိတ်ကြောင့် ကောင်းချီးမင်္ဂလာကို စွန့်ပစ်ထားခဲ့သည်။ ယခုမူ မည်သည်ကိုမှ မကြောက်တော့သည့်အတွက် မိခင်ဖြစ်သူ ချန်ရစ်ခဲ့သည့် ဘီးမှာလည်း နေရောင်အောက်သို့ ပြန်လည်ထွက်ပေါ်ခွင့် ရလာတော့၏။

လီယင်းက သူ့ကို အနားသို့ ဆွဲယူကာ လက်ကို ဆုပ်ကိုင်ရင်း ကြည့်နေပြီးကာမှ ခပ်တိုးတိုး ရယ်မောလိုက်သည်။

ယွင်ချင်းစီမှာ ရှုပ်ထွေးသွားသည့်ဟန်။

"ဘာရယ်တာလဲ ..."

"ကိုယ်တို့ လက်ထပ်တဲ့နေ့ကို သတိရသွားလို့ပါ ..."

ယွင်ချင်းစီ "..."

သူ့မျက်နှာတစ်ခုလုံး ရဲရဲနီသွားတော့သည်။ 

ထိုနေ့က လီယင်း သူနှင့် မည်သည့်အရာကို လုပ်လိုသလဲ မှန်းဆနိုင်စေရန် ယွင်ချင်းစီသည် မထိမ်းမြားမီကတည်းက တမင်တကာ အိမ်စာလုပ်လာခဲ့သည်။ နည်းလမ်း ၃၆ သွယ်ကို ကြိမ်ဖန်များစွာ လေ့လာပြီးနောက် ထိုနေ့က လီယင်း ဆိုလိုချင်သည့်အရာကို ကောင်းစွာ သဘောပေါက်သွားတော့သည်။

လက်ထပ်သည့်ညက မင်္ဂလာကုတင်ပေါ်ထိုင်ကာ လီယင်း ရောက်လာမည်ကို စောင့်နေရင်း နည်းလမ်း ၃၆ သွယ်အနက် သူအကြိုက်ဆုံး အနေအထားကို ရေးမှတ်ထားသည့် စာရွက်အား ကြည့်နေလိုက်သည်။ လီယင်းကို မြင်သည်နှင့် တစ်ပြိုင်နက် အားလုံးကို မေ့လျော့သွားမည်ကို စိုးရိမ်စိတ်ကြောင့် စာအုပ်ထဲမှ တမင် ဖြဲကာ ယူလာခဲ့ခြင်း ဖြစ်ပေသည်။

ထိုစာရွက်များနှင့်သာ ဆိုပါလျှင် သူသည် လီယင်းကို ရူးသွပ်အောင်ပင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်မိနေ၏။ မှန်မမှန် မသိရ၊ စာအုပ်ထဲတွင်တော့ ဤအတိုင်း အာမခံထားပေသည်။

စာမေးပွဲ ဝင်ဖြေမည့် စာသင်သားသဖွယ် စာရွက်ထဲမှ အကြောင်းအရာများကို နောက်တစ်ဖန် အလေးအနက်ထားကာ ပြန်ကြည့်နေလိုက်သည်။

ထိုစဉ် အခန်းတံခါး ပွင့်လာ၏။

လီယင်းက အထဲသို့ ဝင်လာသည်။

ပောက်းကင်ဘုံသားတော် ဖြစ်သည့်အလျောက် မည်သူကမှ သူ့ကို အတင်းအကြပ် မသောက်ခိုင်းရဲ။ သို့သော် သူ့စိတ်ထဲ လွန်စွာ ပျော်ရွှင်နေသည့်အတွက် အနည်းငယ်ခန့် ပိုသောက်လာရာ ပါးနှစ်ဖက်မှာ မသိမသာ နီမြန်းနေတော့သည်။

ယွင်ချင်းစီက စာရွက်ကို နောက်သို့ဖွက်ကာ သူ့ကို မော့ကြည့်၍ ပြောလိုက်သည်။

"ပြန်လာပြီလား ..."

လီယင်းက တစ်ခုခု မှားနေကြောင်း သတိပြုမိသော်လည်း ဆက်မမေး။ နူးညံ့စွာသာ ပြောလိုက်သည်။

"ကိုယ် ပို့ထားတာတွေ စားပြီးပြီလား ..."

"ပြီးပြီ ..."

တော်ဝင်မိသားစု၏ အချို့သော စည်းမျဉ်းများကြောင့် လူတိုင်းက ယွင်ချင်းစီ ဗိုက်ဆာနေမည်ကို စိုးရိမ်ခဲ့ကြသည်။ အမတ်ချုပ်ယွင်က သူနန်းတော်သို့ သွားရာလမ်း‌တစ်လျှောက် သက်တောင့်သက်သာ ဖြစ်စေရန် အစာသွပ်မုန့်အချို့ ‌ပို့ပေးလိုက်သည်။ ယွင်ချင်းစီကိုယ်တိုင်ကလည်း စည်းမျဉ်းတို့ကို လိုက်နာတတ်သူ မဟုတ်သည့်အလျောက် ဝေါယာဉ်ပေါ်မှ လိုက်ပါလာရင်းပင် ထိုမုန့်တို့ကို ကုန်စင်အောင် စားသောက်လိုက်တော့သည်။  ဘိုးဘေးကန်တော့စဉ်အတွင်း ခေတ္တခဏ အနားယူချိန်တွင်လည်း လီယင်း ယူ‌လာပေးသည့် ပဲစိမ်းကိတ်များကို စားသောက်လိုက်သည်။

လီယင်းက သူ့ဘေးနား လျှောက်လာကာ ဝင်ထိုင်လိုက်သည်။  စောင်အောက်မှ တစ်စွန်းတစ်စ ထွက်နေသည့် စာအုပ်ထံ အကြည့်ရောက်သွားသည့်အခါ မသိမသာ ရပ်တန့်သွားပြီးကာမှ မေးလိုက်သည်။

"ဘာလဲ ..."

".. အိုး ..."

ယွင်ချင်းစီက ချက်ခြင်း စာရွက်တို့ကို လုံးခြေကာ ပြောလိုက်သည်။

"ပျင်းတဲ့အချိန် ဖတ်ရအောင် ကဗျာစာရွက် နည်းနည်းလောက် ဖြဲလာခဲ့တာ ..."

လီယင်းမှာ လွန်စွာ အံ့အားသင့်သွားသည့်ဟန်။

"ဘယ်တုန်းက စာကို ဒီလောက်အထိ ကြိုးစားသွားရတာလဲ ..."

ယွင်ချင်းစီမှာ ပုံမှန်အားဖြင့် မကြိုးစားလေသယောင် အပြောခံလိုက်သည့် မကျေမနပ် ဖြစ်သွားတော့သည်။

"ပျင်းမနေချင်လို့လေ ..."

လီယင်းက မျက်ခုံးတို့ကိုပင့်ကာ ရယ်မောလိုက်၏။

ယွင်ချင်းစီက စာဖတ်ရသည်ကို မနှစ်သက်။ မဖတ်နိုင်ခြင်း မဟုတ်ဘဲ မကြိုက်ခြင်းသာ ဖြစ်ပေသည်။ အတိတ်တွင် လီယင်း၊ လင်းဟွိုက်ကျင်းတို့နှင့် အတူ ရှိလေတိုင်းလည်း သူတို့ စာဖတ်သည့်အခါ သူက ဘေးမှ အိပ်ငိုက်နေတတ်သည်။

လီယင်းက သူ့ကို ပြုံးပြကာ စားပွဲပေါ်ရှိ ဝိုင်နှစ်ခွက်ကို ယူပြီးနောက် သူ့လက်ထဲ ထည့်ပေးပြီး ပြောလိုက်သည်။

"မင်္ဂလာသေရည်..."

ယွင်ချင်းစီက ထူးထူးခြားခြား ရှက်ရွံ့နေဟန်ဖြင့် လှမ်းကာ ယူလိုက်၏။ လီယင်းကလည်း မဝံ့မရဲ ဖြစ်နေကာ မျက်နှာများ နီမြန်းလျက်ပင် အတူတူ သောက်လိုက်ကြတော့သည်။

သောက်ပြီးနောက် ယွင်ချင်းစီ၏ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားကာ သူ ဖတ်ခဲ့သည်များအားလုံး မေ့လျော့သွားတော့သည်။ 

လီယင်းက တစ်ခဏမျှ ထိုင်နေပြီးကာမှ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"အနာဂတ်မှာ ကိုယ်တို့တွေ အတူတူ နေထိုင်ပြီး အတူတူပဲ သေဆုံးကြမယ် ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အတွေးတို့မှာ နောက်ထပ်ဆက်လုပ်ရမည့် အရာတို့ဖြင့်သာ ပြည့်နှက်နေကာ စာအုပ်ထဲက နည်းလမ်းများကို လက်တွေ့ကျင့်သုံးရန် တွေးနေသည့်အတွက် လီယင်း၏ စကားများကို ကောင်းစွာ မကြားလိုက်တော့ချေ။

ထိုနေ့က ယွင်ချင်းစီသည် တောင်ပံများဖြန့်ကာ ပျံသန်းနေသည့် ဇာမဏီပုံ ချည်ထိုးထားသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားရာ တောက်ပလှသည့် အနီရောင်ကြောင့် သူ့မျက်နှာမှာ ပို၍ပင် ထင်ရှားဖြူဖွေးကာ ပုံမှန်ထက် ပို၍ပင် လှပလာတော့သည်။ 

လီယင်းက သူ့ကို စိုက်ကြည့်နေရင်း တစ်ခုခု လုပ်ချင်လာသော်လည်း ယွင်ချင်းစီမှာ လွန်စွာ ငယ်ရွယ်‌လွန်းသေးကြောင်း သတိရသွားသည့်အတွက် သူ့ကို နာကျင်စေမိမည်ကို စိုးရိမ်မိတော့သည်။

သူက ပြောလိုက်သည်။

"အရင်ဆုံး အဝတ်အစားလဲပြီး အိပ်ယာဝင်ကြရအောင် ..."

မတ်တပ်ထရပ်ကာ သူ့ဝတ်ရုံကို ကိုယ်တိုင် ချွတ်လိုက်သည်။

ယွင်ချင်းစီကလည်း ချက်ခြင်း ဝတ်ရုံကို ချွတ်ချလိုက်၏။ လီယင်းက ဝတ်ရုံကို ကန့်လန့်ကာပေါ် တင်ပြီး ပြန်လှည့်ကြည့်လာသည့်အခါ နာနာခံခံဖြင့် သူ့ဝတ်ရုံကို ကမ်းပေးနေသည့် ဧကရီကို တွေ့လိုက်ရသည်။

သူက ၎င်းတို့ကိုပါ ယူကာ ကန့်လန့်ကာပေါ် တင်လိုက်သည်။

နူးညံ့လှသည့် အနီရောင် အတွင်းဝတ်ရုံကို ဝတ်ဆင်ထားရင်း ကန့်လန့်ကာရှေ့ ထိုင်နေကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားကြသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း အကြည့်လွှဲလိုက်ကြတော့သည်။

ယွင်ချင်းစီက လက်ကို အောက်ချကာ မေးလိုက်သည်။

"အိပ်တော့မလို့ အိပ်ချင်ပြီလား ..."

"ကောင်းပြီလေ ..."

"ဒါ .. ဒါဆို ..."

ယွင်ချင်းစီက သူ့လက်မောင်းကို မြှောက်ကာ ပြောလိုက်ပြန်သည်။

"ငါ့ ငါ့ကိုချီ ..."

လီယင်း၏ ဦးရေပြားတို့ တောင့်တင်းသွားတော့၏။ သူ့ကို ပွေ့ချီကာ အိပ်ယာပေါ်သို့ အသာချပေးလိုက်သည်။

ယွင်ချင်းစီက အိပ်ယာပေါ် ထိုင်နေရင်း သူ့ကို စိတ်လှုပ်ရှား မျှော်လင့်စွာဖြင့် ကြည့်နေလိုက်သည်။

မင်္ဂလာဦးည၏ လုပ်ငန်းစဉ် အားလုံးနီးပါးကို သိနေသည့်တိုင် လီယင်းနှင့်အတူ လက်တွေ့ လုပ်ရမည်ဟု တွေးမိသည့်အခါ မသက်မသာ ဖြစ်လာတော့သည်။ 

လီယင်းက အနည်းငယ် စတင်လှုပ်ရှားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အတော်ကြာ အချိန်ဖြုန်းနေပြီးနောက် လီယင်းက ပြောလိုက်သည်။

"ဒီည ကောင်းကောင်း အနားယူလိုက် တစ်ခြားအဆင့်တွေကိုတော့ နောက်နှစ်နှစ်အကြာ မင်း အသက်ပိုကြီးလာကာမှ ပြောကြတာပေါ့ ..."

ယွင်ချင်းစီက ကြောင်အသွားတော့သည်။ 

သူက လီယင်းမှာ ဟာသပြောနေခြင်းလာဟုပင် ထင်လိုက်မိတော့၏။

ဒါအတွက် ရက်တွေအကြာကြီးတောင် ပြင်ဆင်ခဲ့ရတာလေ ဒါကို လီယင်းက မလုပ်ဘူးလို့ ပြောတယ် ဟုတ်လား ဘယ်သူ့ကို လာနောက်နေတာလဲ ...

လီယင်းကို ဆွဲလိုက်သည့်အခါ နှစ်ဦးလုံး မင်္ဂလာကုတင်ပေါ်သို့ လဲကျသွားတော့သည်။  ခြေထောက်ကိုမြှောက်ကာ ခန်းဆီးစအား ကန်လိုက်သည့်အခါ အိပ်ယာပေါ်ရှိ မြင်ကွင်းအားလုံးကို ဖုံးကွယ်ပေးလိုက်တော့သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်သာ ရှိနေသည့် ကုတင်ထက်ဝယ် သူက လီယင်းကို ပြင်းထန်စွာ နမ်းရှိုက်ပြီး ပြောလိုက်သည်။

"အရူး ..."

"မင်းကို နာကျင်စေမိမှာ ကြောက်လို့ ..."

ယွင်ချင်းစီက ဟမ့်ခနဲ အသံပေးကာ သူ့ကို ကိုက်၍ ထပ်ပြောလိုက်သည်။

"မင်း စီစဉ်တာကို လိုအပ်တယ်များ ထင်နေလား ..."

"အားစီ ..."

"ယောကျာ်းမဟုတ်ဘူးလား ..."

"..."

သူ့မျက်စိရှေ့ရှိ ကောင်းကင်ကြီး ကျွမ်းထိုးမှောက်ခုန်ဖြစ်ကာ သူ့အပေါ် အုပ်မိုးထားသည့် လီယင်း၏ မျက်နှာချောချောကို တွေ့လိုက်ရသည်။

ဒါက လုံးဝကို ပွင့်ပွင့်လင်းလင်း အနိုင်ကျင့်တာပဲ ...

ထိုစဉ် ကုတင်ထက်မှ စာရွက်လုံးတစ်ခု ပျံ့လွင့်လာ၏။ လီယင်းက သူ့ကို လွှတ်ပေးလိုက်သော်လည်း ယွင်ချင်းစီမှာမူ ငေးမှိုင်နေသည့်အတွက် သူ့ကိုယ်ပေါ် အုပ်မိုးထားသူက ထိုစာရွက်ကို အေးအေးဆေးဆေး ဖတ်ကြည့်နေသည်ကိုပင် သတိမပြုမိချေ။

အသိပြန်ဝင်လာသည့်အခါ သူ့ကို စိုက်ကြည့်နေသည့်လီယင်း၏ အကြည့်တို့နှင့် ရင်ဆိုင်လိုက်ရ၏။

သူ့ကိုတစ်လှည့် စာရွက်ကိုတစ်လှည့် ကြည့်ပြီးနောက် မလုံမလဲ အမူအယာတစ်ရပ် ထွက်ပေါ်လာတော့သည်။

လီယင်းက သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးကာမှ ပွေ့ထူကာ ပြောလိုက်သည်။

"အိမ်စာကို ကောင်းကောင်း လုပ်လာတာဆိုတော့ ဆုမချလို့ ဘယ်ဖြစ်မလဲ ..."

ထိုညက ယခင်ထက်ပိုပြီး ခန္ဓာကိုယ်ချင်း ရင်းနှီးသွားသော်ငြား ချက်ခြင်း မျက်ရည်ကျလာသူတစ်ဦးကြောင့် လမ်းဆုံးအထိ မရောက်လိုက်ရပေ။

လီယင်းက သူ့ကို ဆေးပေးကာ ပွေ့ဖက်ထားလျက် ကျီစယ်လိုက်သည်။

"အခု ဘယ်သူက အရူးလေးလဲ ..."

ယွင်ချင်းစီက မျက်လုံးတို့ကို ပွတ်သပ်ရင်း ခက်ထန်စွာ ပြောလိုက်သည်။

"မင်း ..."

လီယင်းက သူ့ကို နမ်းလိုက်သည်။

"နောက်တစ်ခေါက် ပြန်ပြောကြည့် ..."

"မင်း မင်း မင်းပဲလို့ ..."

လီယင်းက သူ့ကို ဆက်တိုက် နမ်းလိုက်၏။ ယွင်ချင်းစီကလည်း သူ့ကို အနည်းငယ်မျှပင် မကြောက်ရွံ့။ လီယင်းဘက်မှ အမှန်တကယ် လှုပ်ရှားလာကာမှာသာလျှင် ပါးစပ်ပိတ်သွားတော့သည်။ 

ထိုညက ယွင်ချင်းစီသည် နောက်ပြန်ဆုတ်ခဲ့ရသည့်တိုင် သူသည် အရှုံးမပေးလိုသူ ဖြစ်သည့်အတွက် နာကျင်မှု ပျောက်ကင်းသွားသည်နှင့် တစ်ပြိုင်နက် ‌တစ်ဖန် တိတ်တိတ်လေး အကဲစမ်းလာပြန်တော့သည်။

လက်ထပ်ပြီးစက လီယင်းသည့် ညတိုင်း သူ့နန်းဆောင်သို့ ပြေးလာကာ စားသောက်စရာများ ယူဆောင်လာပေးခြင်း သို့မဟုတ် သူ့ကို အဖော်ပြုကာ ကစားပေးလေ့ရှိသည်။  ယွင်ချင်းစီကလည်း နေ့တိုင်း ကျန်းရှန်းနန်းဆောင်သို့ သူကိုယ်တိုင် လုပ်ထားသည့် အချိုပွဲများ ပေးရန်၊ တစ်ဖန် အခြားသူလုပ်ထားသည့် အဆာသွပ်မုန့်ကို ပေးရန် စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ နေ့စဉ် ရောက်လာလေ့ ရှိပေသည်။

တစ်ခါက လီယင်းသည် နေ့အချိန်အတွင် ပင်ပန်းသည်ဟု ခံစားရ၍ ဧကရီကို ထွေးပွေ့ရန် ယွင်ချင်းစီ နေထိုင်ရာ ‌နန်းဆောင်သို့ ကြွချီလာ၏။ နေ့ခင်း တစ်ရေးတစ်မော အိပ်နေကြောင်း သိလိုက်ရသည့်အခါ အကြောင်းမကြားစေတော့ဘဲ ကန့်လန့်ကာနောက်သို့ တစ်ကိုယ်တည်း ဝင်လာခဲ့လိုက်သည်။

ယွင်ချင်းစီ အိပ်စက်ရာ ဇာမဏီကုတင်ကို ကန့်လန့်ကာစတို့ဖြင့် တင်းတင်းကြပ်ကြပ် ကာရံထားသည့်တိုင် အထဲမှ လှုပ်ရှားမှုတစ်ရပ်ကို မသိမသာ ကြားလိုက်ရသည်။