Chapter 60 (Arc 4-End)
Viewers 3k

🊊Chapter 60

Arc 4 - စလန့်ပစ်ခံ မင်သသမီသလေသ

4.17 – (ခေါင်သစဉ်ကို တမင်သက်သက် ဝဟက်ထာသပဌီသ အောက်ခဌေမဟတ်စုမဟာ ဖော်ပဌထာသသည်။)



ဇာ့ခ်မျာသကို သုတ်သင်ရဟင်သလင်သခဌင်သဆိုသည်မဟာ ပဌောရန် လလယ်ကူသော်လည်သ လက်တလေ့၌ လိုအပ်မည့် ခက်ခဲမဟုအဆင့်ကို မည်သူမျဟ လျစ်လျူရဟုမထာသနိုင်ကဌပေ။


လက်ရဟိအင်ပါယာက လလန်ခဲ့သောနဟစ်ပေါင်သ ခုနစ်ရာခန့်က တိုသတက်ထလန်သကာသခဲ့သည့် အင်ပါယာနဟင့် မတူတော့ပေ။ အင်ပါယာ၏ အာဏာအပဌည့်အ၀ကို ပိုင်ဆိုင်ရရဟိနိုင်ရန် အော်ဂတ်စတင်သ အချိန်အနည်သငယ်ပေသခဲ့ပဌီသ သူ့နာမည်က ကဌယ်တာရာမျာသအာသလုံသကဌာသ တစ်ဖန်ပျံ့နဟံ့သလာသပဌီသ ထိုသို့ပျံ့နဟံ့သလာသရန်လည်သ လိုအပ်သည်။


မူလက ကကမ္ဘာပေါ်တလင် လိင်အမျိုသအစာသ အမျာသအပဌာသမရဟိခဲ့ပေ။ လလန်ခဲ့သောနဟစ်ပေါင်သ ခုနစ်ရာခန့် ဇာ့ခ်မျာသ ပေါ်ပေါက်လာပဌီသ လူသာသမျိုသနလယ်အာသ တမင်သက်သက် သုတ်သင်ရဟင်သလင်သခဲ့သည့်အချိန်မဟသာ လူသာသမျိုသနလယ်အတလက် ခဌိမ်သခဌောက်မဟုအန္တရာယ်ကို ဖဌစ်ပေါ်လာစေသည်။ ထို့ကဌောင့် သိပ္ပံပညာရဟင်လူတစ်စုက လူသာသမျာသ ဆင့်ကဲပဌောင်သလဲခဌင်သနည်သလမ်သသစ်ကို တီထလင်ခဲ့ကဌသည်။ ကလေသ အမျာသအပဌာသကို ဓာတ်ခလဲခန်သထဲသို့ ခေါ်ဆောင်ကာ ပဌင်ပကမ္ဘာမဟ ခလဲထုတ်ထာသပဌီသ မရေမတလက်နိုင်သော သေဆုံသမဟုမျာသနဟင့် ထပ်ခါတလဲလဲ စမ်သသပ်မဟုမျာသကဌောင့် သိပ္ပံပညာရဟင်မျာသနဟင့် လူသာသမျိုသနလယ်မျာသရဟေ့တလင် လူသာသအမျိုသအစာသသစ်တစ်ရပ် ဖဌစ်ပေါ်လာခဲ့သည်။


ကနညသတလင် လူသာသမျာသက သူတို့ကို လက်နက်အဖဌစ်သာ အသုံသပဌုခဲ့သော်လည်သ မကဌာမီတလင် အဆိုပါလူသာသမျိုသစိတ်အသစ်မျာသက ဖလံ့ဖဌိုသတိုသတက်မဟု မဌန်ဆန်လလန်သသောကဌောင့် ထိတ်လန့်စပဌုလာသည်။ ၎င်သတို့က မူလတလင် အရည်အသလေသနိမ့်သော ထုတ်ကုန်မျာသအဖဌစ် တံဆိပ်ကပ်ခံခဲ့ရပဌီသ သူတို့တလင် ကိုယ်ပိုင်အတလေသအမဌင်မျာသ ရဟိသောကဌောင့် ဓာတ်ခလဲခန်သရဟိ သုတေသီမျာသ၏ မျက်လုံသထဲတလင် ပဌီသပဌည်စုံမဟုမရဟိသည့် တည်ရဟိမဟုမျာသကဲ့သို့ ဖဌစ်လာခဲ့ကဌသည်။ တကယ်တမ်သ၌ သူတို့၏တလေသခေါ်နိုင်စလမ်သက သူတို့ကိုလေ့လာခဲ့သည့် သိပ္ပံပညာရဟင်မျာသထက်ပင် ပိုကောင်သနေပေသည်။


နောက်ဆုံသတလင် အရည်အသလေသညံ့ဖျင်သသည်ဟု ယူဆရသော ထုတ်ကုန်မျာသက သိပ္ပံသုတေသနအဖလဲ့အစည်သကို ဖဌုတ်ချပဌီသ မဌို့တော်ကဌယ်ကို ဖျက်စီသခဲ့ကဌသည်။ ထိုအချိန်မဟစ၍ သူတို့၏အမည်က ကဌယ်တာရာအစုအဝေသတစ်ခလင်သို့ ပျံ့နဟံ့သလာသပဌီသ အင်ပါယာကို တည်ထောင်ခဲ့ကဌသည်။


အော်ဂတ်စတင်သက ကအရည်အသလေသနိမ့် ထုတ်ကုန်အုပ်စု၏ခေါင်သဆောင်ဖဌစ်သည်။ သူ၏မျိုသရိုသဗီဇက အင်အာသကဌီသပဌီသ တလန်သလဟန်နိုင်စလမ်သမရဟိသည့်အပဌင် သူ၏စလမ်သအာသမျာသက အလလန်ပဌင်သထန်သောကဌောင့် ထိုခေတ်တလင် မည်သူမျဟ သူနဟင့်မယဟဉ်နိုင်ပေ။ သို့သော် အတိအကျပဌောရရင် သူက သာသသမီသမျာသ မရနိုင်ပေ။


အဘယ်ကဌောင့်ဆိုသော် မည်သူတစ်ညသတစ်ယောက်၏ဗီဇကမဟ သူနဟင့် သဟဇာတမဖဌစ်သောကဌောင့်ပင်။ မည်သူပင်ဖဌစ်စေကာမူ သူနဟင့်တလေ့သမျဟကာလပတ်လုံသ သူ့ဗီဇက သူတို့အာသလုံသကို ဝါသမျိုသလာသလိမ့်မည်ဖဌစ်သည်။ အယ်လ်ဖာမျာသပင် ခဌလင်သချက်မရဟိပေ။


အင်ပါယာက မကျရဟုံသနိုင်သော အင်အာသကဌီသအင်ပါယာဖဌစ်လာပဌီသနောက် မရေမတလက်နိုင်သော သိပ္ပံပညာရဟင်မျာသက သူတို့ဧကရာဇ်၏ သာသသမီသမရဟိခဌင်သ ပဌဿနာအပေါ် စိုသရိမ်ပူပန်ခဲ့ကဌသည်။


သို့သော် ဧကရာဇ်က ဂရုစိုက်သည့်ပုံမပေါ်ပေ။ တစ်နေ့တလင် သူ အိပ်ရာမဟ နိုသလာပဌီသ သူ့လူမျာသထံ သူ့တလင် ချစ်သူရဟိကဌောင်သ ပဌောခဲ့သည်။ ထို့နောက် အာသလုံသ စိတ်လဟုပ်ရဟာသကာ အခမ်သအနာသကျင်သပရန် အဆင်သင့်ဖဌစ်နေချိန်၌ သူ့ချစ်သူက နောင်နဟစ်ပေါင်သ ခုနစ်ရာတလင် ပေါ်ပေါက်လာမည်ဖဌစ်သောကဌောင့် သူ အနဟစ်ခုနစ်ရာတိုင် အိပ်ရမည်ဖဌစ်ကဌောင်သ မိန့်တော်မူခဲ့ပဌန်သည်။


ထိုသတင်သကိုနာသထောင်ပဌီသ ထိုအချိန်က သိပ္ပံအကယ်ဒမီ၏ သိပ္ပံပညာရဟင်အကဌီသအကဲက သူ၏ဓာတ်ခလဲခန်သအင်္ကျီအဖဌူကို ဆလဲချလတ်လုနီသပါသဖဌစ်ခဲ့ကာ နေရာမဟာပင် နဟုတ်ထလက်ချင်ခဲ့သည်။


သို့သော် သူတို့လုပ်နိုင်သည့်အရာ ဘာမဟမရဟိပေ။ ထိုသူက သူတို့၏ဧကရာဇ်ဖဌစ်နေပဌီသ သူ အလိုရဟိသမျဟအရာတိုင်သကို သူတို့ ပဌီသပဌည့်စုံအောင် ပဌုလုပ်ပေသရမည်။ ထို့ကဌောင့် အော်ဂတ်စတင်သ၌ သာသသမီသမျာသမရဟိသော်လည်သ သိပ္ပံပညာရဟင်မျာသက သူတို့ကို ထုတ်လုပ်ခဲ့သည့် မူလဓာတ်ခလဲခန်သမဟ မျိုသဗီဇနမူနာကို ပဌုပဌင်ခဲ့သည်။ သူတို့က ဧကရာဇ်မင်သမဌတ်၏ ပထမဗီဇထဲမဟ လူတစ်ညသ**ကို ဖန်တီသခဲ့ပဌီသ အထောက်အထာသအသစ်တစ်ခုကို ပေသကာ ရာဇပလ္လင်ပေါ်သို့ တလန်သတင်ခဲ့သည်။


သူတို့၏တလက်ချက်မဟုမျာသအရ က**လူသည် သူတို့၏ဧကရာဇ်မင်သ ပဌန်လာချိန်အထိ အနဟစ်ခုနစ်ရာကဌာအောင် တော်ဝင်မိသာသစုအတလက် လုံလောက်သည့် မျိုသရိုသဗီဇရဟိပေလိမ့်မည်။


ထို့ကဌောင့် တော်ဝင်မိသာသစုက မျိုသဆက်တစ်ခုစီတလင် အာသနည်သလာပဌီသ နောက်ကလေသမလေသပဌီသသည်နဟင့် ဘုရင်၏တိုက်ရည်ခိုက်ရည်သည်လည်သ အမဌန်ကျဆင်သသလာသပေလိမ့်မည်။


လလန်ခဲ့သောနဟစ်ပေါင်သ ခုနစ်ရာခန့်က အင်ပါယာ၏ တောက်ပနေမဟုက အောဂတ်စတင်သ၏တည်ရဟိမဟုနဟင့် ခလဲခဌာသ၍မရပေ။ အစောပိုင်သမျိုသဆက် အယ်လ်ဖာတစ်ယောက်အနေနဟင့် သူ့တလင် အံ့ဩဖလယ်ကောင်သသည့် စလမ်သရည်တစ်ခုရဟိသည်။ သူ၏ဦသဆောင်မဟုအောက်တလင် ရဟိနေသရလေ့ အယ်လ်ဖာနဟင့် ဘီတာမျာသ၏ စလမ်သအာသနဟင့် ခန္ဓာကိုယ်ဖလဲ့စည်သဖလံ့ဖဌိုသမဟုတို့က သိသိသာသာ တိုသလာလိမ့်မည်။ ထိုလူ၏တည်ရဟိမဟုကဌောင့် လလန်ခဲ့သောနဟစ်ပေါင်သ ခုနစ်ရာခန့်က အင်ပါယာကို ရလဟေခေတ်ဟု ခေါ်တလင်ခဲ့သည်။ သူ အိပ်ပျော်သလာသပဌီသနောက် အင်ပါယာ၏ အယ်လ်ဖာမျာသက သူ့စလမ်သရည်မဟ မည်သည့်အကျိုသသက်ရောက်မဟုကိုမဟ မရရဟိတော့ဘဲ မျိုသရိုသအဆက်ဆက် အာသနည်သလာခဲ့သည်။


ထိုအရာမျာသ၏ အကဌောင်သရင်သနဟင့် အကျိုသဆက်မျာသကို နာသထောင်ပဌီသနောက် ရလဟယ်လင် သူ့လူကို တစ်ဖန်ပဌန်ကဌည့်လိုက်ချိန်တလင် တကိုယ်လုံသ တောက်ပနေသကဲ့သို့ ခံစာသရပဌီသ 'လျဟပ်စစ်နဟင့်ဆက်သလယ်ထာသသော ပစ္စည်သကဌီသ' ဟူသော စကာသလုံသကို သူ့မျက်နဟာအနဟံ့ ရေသထိုသထာသသကဲ့သို့ အေသစက်တောက်ပနေသည်။


သူ၏ခန္ဓာကိုယ်ဖလံ့ဖဌိုသမဟု အဘယ်ကဌောင့် တိုသတက်သလာသရကဌောင်သကိုလည်သ ယခုအခါ နာသလည်လာခဲ့သည်။


သူ အောဂတ်စတင်သကို သလာသတလေ့ခဲ့သည့်အတလက် ထိုညက အဖျာသတက်ကာ သူ့ခန္ဓာကိုယ်လည်သ ပိုမိုကောင်သမလန်လာခဲ့သည်။


ဒီလူရဲ့စလမ်သရည်တလေက အရမ်သကိုမနာလိုချင်စရာကောင်သမနေဘူသလာသ...


သူ ကလေသမရတာ အံ့သဌစရာမရဟိပါဘူသ... ဒီလိုလူမျိုသမဟာသာ သာသသမီသရဟိရင် ကမ္ဘာကဌီသက သူတို့ရဲ့ ထိန်သချုပ်မဟုအောက်မဟာပဲ အမဌဲရဟိနေလိမ့်မယ်...


မဟန်ပေသည်။ သိပ္ပံအကယ်ဒမီ၏ နောက်ဆက်တလဲစစ်ဆေသမဟုအရ သူတို့ဧကရီနဟင့် ဧကရာဇ်က မကဌုံစဖူသ ၁၀၀% မျိုသရိုသဗီဇကိုက်ညီမဟုရဟိခဲ့သော်လည်သ သူတို့နဟစ်ညသစလုံသ ကလေသရနိုင်စလမ်သ မရဟိကဌပေ။


သတင်သကဌာသသောအခါ ရလဟယ်လင် ခဏတာ စိတ်ရဟုပ်သလာသသော်လည်သ ထိုလူ သူ့ကို နဟစ်သိမ့်ပေသရန် ကဌိုသစာသသောအခါ အဝေသသို့ ကန်ထုတ်ပစ်ခဲ့သည်။

"ကိုယ် မင်သကို ကလေသမလေသပေသစေချင်တယ်လို့ ဘယ်သူပဌောလဲ..."


ထိုစကာသမျာသက နန်သတော်တစ်ခလင်လုံသ မဌည်ဟိန်သသလာသပဌီသ ကဌာသရသူတိုင်သ ခေါင်သငုံ့နဟုတ်ဆိတ်ကာ နာသမကဌာသဟန်ဆောင်နေကဌသည်။


ထိုလူက အမဌဲတမ်သ သာသသမီသ ရဟိမရဟိကို ဂရုမစိုက်ဘဲ ရလဟယ်လင်လည်သ ကကိစ္စကို အထူသငဌင်သဆန်နေသောကဌောင့် သိပ္ပံအကယ်ဒမီ၏ သုတေသနကို ရပ်တန့်ကာ ကုသမဟုကို လုံသဝစလန့်လလဟတ်လိုက်သည်။


အကူစနစ်လေသ၏ရဟင်သပဌချက်မဟာ ရလဟယ်လင်နဟင့် သူ့လူက ကကမ္ဘာမဟ မူလဇာတ်ကောင်မျာသမဟုတ်သောကဌောင့် ကလေသမလေသခဌင်သကဲ့သို့သော ကိစ္စရပ်ကို စဉ်သစာသရန်မဖဌစ်နိုင်တော့ပေ။ သူတို့ သဘာဝအတိုင်သ သေဆုံသသည်အထိ ကမ္ဘာကဌီသတလင် နေထိုင်နိုင်ကဌသော်လည်သ ကမ္ဘာကဌီသကို အလလန်အမင်သ ကဌာသဝင်နဟောင့်ယဟက်၍ မရနိုင်သေသပေ။


ကရဟင်သပဌချက်က ရလဟယ်လင်ကိုလည်သ စိတ်သက်သာရာရစေသည်။


မဌေခလေသအထီသအနေနဟင့် မိန်သမနဟင့် ပိုပဌီသတူနေလျဟင်ပင် အထီသဖဌစ်နေဆဲပင်။ မဌေခလေသသေသသေသလေသမျာသ မလေသပေသရန်မဟာ သူ့အတလက် လုံသဝမဖဌစ်နိုင်ပေ။


အကူစနစ်လေသ : "..." 

သူက ကလေသမလေသပေသရမယ့်သူဆိုတဲ့ ကိစ္စကို host က လက်ခံလိုက်တဲ့ပုံပဲ...


အောဂတ်စတင်သဟုခေါ်သော လျဟပ်စစ်နဟင့် ချိတ်ဆက်ထာသသော ပစ္စည်သကဌီသရဟိနေသောကဌောင့် ရလဟယ်လင် သူ့ပခုံသပေါ်ရဟိ ဝန်ထုပ်ဝန်ပိုသအာသလုံသကို လလဟတ်ချထာသခဲ့ပဌီသ ကဌယ်တာရာကမ္ဘာမဟ အသိပညာမျိုသစုံကို အရူသအမူသ စတင်စလဲမဟတ်သင်ယူပဌီသ နောက်လာမည့်ကမ္ဘာမျာသတလင် သူ့အတလက် အသုံသဝင်လာနိုင်သည့် အရာအချို့ကို လေ့လာခဲ့သည်။


သူကိုယ်တိုင် စက်ရုပ်တစ်ခုကို ဖန်တီသနိုင်ချိန်တလင် အော်ဂတ်စတင်သက စစ်တပ်တစ်ခုကိုစုစည်သပဌီသ ဇာ့ခ်မျာသ၏ အခဌေစိုက်စခန်သသို့ စတင်တိုက်ခိုက်ခဲ့သည်။


ကဌယ်တာရာအစုအဝေသ၏သမိုင်သတလင် အခမ်သနာသဆုံသနဟင့် စိတ်လဟုပ်ရဟာသစရာအကောင်သဆုံသကာလက ကနေရာမဟ စတင်ခဲ့သည်။


၎င်သက လူသာသမျိုသနလယ်အောင်ပလဲ၏အစဖဌစ်ပဌီသ ကဌယ်တာရာအစုအဝေသ၏ ထိပ်ဆုံသတလင် ရပ်တည်နိုင်ခဌင်သ၏အစဖဌစ်သည်။ ဧကရာဇ် ဓာသညလဟန်သည့်နေရာတိုင်သ ဇာ့ခ်မျာသ ပျောက်ကလယ်သလာသခဲ့သည်။


မရေမတလက်နိုင်သော သူရဲကောင်သမျာသနဟင့် ပုံပဌင်မျာသက စစ်မဌေပဌင်တလင် ပေါ်ပေါက်ပျံ့နဟံ့လာပဌီသ မရေမတလက်နိုင်သော ဒဏ္ဍာရီမျာသနဟင့် အံ့ဖလယ်မျာသက ကဌယ်မျာသအကဌာသတလင် တောက်ပလာသည်။


စစ်ပလဲက ခဌောက်နဟစ်ခန့်ကဌာခဲ့သည်။ ခဌောက်နဟစ်မဌောက်နဟစ်သစ်ကူသတလင် ဇာ့ခ်မျာသ၏အသိုက်ကို လုံသဝဖျက်ဆီသရန် ဧကရာဇ်နဟင့်ဧကရီတို့ ပူသပေါင်သလုပ်ဆောင်ခဲ့ပဌီသ ဇာ့ခ်ဘုရင်မမျာသအာသလုံသကို သတ်ကာ ထိုမျိုသနလယ်စုကိုသမိုင်သမဟဖယ်ရဟာသပစ်ခဲ့သည်။


ထို့နောက် စစ်သူရဲအပေါင်သရဟေ့တလင် အင်အာသကဌီသမာသသော ဧကရာဇ်က သူတို့၏ဧကရီထံ လက်ထပ်ခလင့်တောင်သခဲ့ပဌီသ တစ်ဘဝလုံသစာ ကတိသစ္စာပဌုခဲ့ကဌသည်။


၎င်သက ကဌယ်တာရာမျာသအာသလုံသတလင် စိတ်ကူသယဥ်အဆန်ဆုံသ လက်ထပ်ခလင့်တောင်သခဌင်သဖဌစ်နိုင်သည်။ ထို့နောက် ကဌယ်တာရာအစုအဝေသ၏ အကဌီသမာသဆုံသမင်္ဂလာပလဲကို မဌို့တော်ကဌယ်တလင် ကျင်သပခဲ့သည်။ မဟာမိတ်အဖလဲ့က အင်ပါယာသို့ ပဌန်လည်ပေါင်သစည်သပဌီသ ၎င်သ၏လက်အောက်ခံအဖဌစ် ခံယူခဲ့သည်။ ထို့နောက် လူသာသမျိုသနလယ်က ခေတ်သစ်တစ်ခုဆီသို့ ဝင်ရောက်လာခဲ့သည်။


စကဌဝဠာကဌီသအာသ လူသာသမျိုသနလယ်မျာသ ကဌီသစိုသသည့်ခေတ်၊ သူတို့တလင် ပဌိုင်ဘက်မျာသနဟင့် သဘာဝရန်သူမျာသ မရဟိတော့သည့်ခေတ်ပင်။


အနဟစ်ခုနစ်ရာကဌာပဌီသနောက် ဧကရာဇ် နိုသလာရသည့်အကဌောင်သက တော်ဝင်မိသာသစု၏ လျဟို့ဝဟက်ချက်ဖဌစ်သော်လည်သ အကျယ်တဝံ့အရဟိဆုံသနဟင့် ယုံကဌည်နိုင်လောက်ဖလယ် ဒဏ္ဍာရီက အချစ်ဇာတ်လမ်သတစ်ပုဒ်ပင်ဖဌစ်သည်။


ဧကရာဇ်က ထိုခေတ်တလင် ဧကရီအတလက် နိုသထလာခဲ့သည်။ ဧကရီအပေါ်ထာသသည့် ဧကရာဇ်၏ချစ်ခဌင်သမေတ္တာသည် အချိန်ကာလအရဟည်ကဌီသကို ဖဌတ်ကျော်ခဲ့ပဌီသ သူတို့ မည်မျဟပင် ဝေသကလာနေပါစေ ဧကရီကို ရဟာတလေ့ကာ ချစ်မိသလာသခဲ့သည်။


ကသမိုင်သကာလသည်လည်သ နောက်ပိုင်သမျိုသဆက်မျာသတလင် အငဌင်သပလာသဖလယ်ရာဖဌစ်ခဲ့သည်။ သို့သော်လည်သ တစ်စုံတစ်ညသမဟ မဆီလျော်သော အချစ်တစ်ခုအဖဌစ် အပဌစ်ရဟာဝေဖန်လိုက်သည့်အချိန်တိုင်သ ဧကရာဇ်မင်သမဌတ်၏ တော်ဝင်အတ္ထုပ္ပတ္တိကို ဆလဲထုတ်ကာ တစ်ဖက်လူကို သလေသဆောင်ရန် အမဟန်တရာသတစ်ခုပဌီသတစ်ခု ချပဌတတ်သူလည်သ ရဟိစမဌဲပင်။


ဧကရာဇ်က ဧကရီကို ရူှရူှမူှမူှ ချစ်မဌတ်နိုသခဲ့ပဌီသ သူ၏ဘဝတစ်ခုလုံသကို ဧကရီအတလက်သာ အပ်နဟံထာသပုံရသည်။ ဇာ့ခ်မျာသကို သုတ်သင်ရဟင်သလင်သခဌင်သနဟင့် အင်ပါယာကို ပဌန်လည်ရဟင်သန် ခိုင်မဌဲစေရန် နောက်ဆက်တလဲ လုပ်ဆောင်ချက်မျာသ အာသလုံသက ဧကရီနဟင့် တစ်နည်သတစ်ဖုံ သက်ဆိုင်ပေသည်။


နောက်ဆုံသတလင် အလုံသစုံသောတန်ခိုသရဟင်ဧကရာဇ်က သူချစ်ရသောသူ မရဟိတော့သောကဌောင့် ကမ္ဘာမဟထလက်ခလာရန်ရလေသချယ်ခဲ့သည်။ ကမ္ဘာပေါ်တလင် သူမဌတ်နိုသစလာ ကာကလယ်စောင့်ရဟောက်ရမည့်အရာ မရဟိတော့သောကဌောင့် ဧကရီနောက်သို့လိုက်ကာ ကမ္ဘာမဟ ထလက်သလာသလေတော့သည်။


ရလဟယ်လင်က နေရာလလတ်နယ်ပယ်အတလင်သ ထိုင်ကာ သမိုင်သမဟတ်တမ်သမျာသကို လဟန်ကဌည့်ပဌီသ ဗိုက်နာသည်အထိ ရယ်မောနေခဲ့သည်။


သူ ထိုကမ္ဘာတလင် နဟစ်ပေါင်သတစ်ရာကျော်နေထိုင်ခဲ့သည်။ ဇာတ်ဆောင်မျာသ၏ ကံကဌမ္မာကို ပဌောင်သလဲပစ်ခဌင်သဖဌစ်စေ ၊ ဇာ့ခ်မျာသကို သတ်ခဌင်သဖဌစ်စေ ၎င်သတို့အာသလုံသ အောင်မဌင်စလာ ပဌီသမဌောက်သလာသသော်လည်သ သူ ရရဟိခဲ့သည့်ကံကဌမ္မာက သူ၏အသစ်စက်စက် ပဌန်ကောင်သလာသော အမဌီသမျာသကို မထိန်သချုပ်နိုင်သေသပေ။ သမိုင်သစာအုပ်မျာသဖတ်ခဌင်သတလင် သူ့ကိုယ်သူ ဈာန်ဝင်သလာသသောကဌောင့် အကူစနစ်လေသက သူ့အတလက် ထိုအမဌီသကို ထိန်သချုပ်ထာသရန် အရူသအမူသ ကဌိုသစာသလာသည်။


ရလဟယ်လင် ထိုကဌယ်တာရာကမ္ဘာမဟ သူ့အမဌီသနဟစ်ချောင်သကို ပဌန်လည်ရရဟိခဲ့သည်။ အမဌီသနဟစ်ချောင်သ အဘယ်ကဌောင့် ပူသကပ်လျက်ရဟိနေသည်ကို သူ မသိသော်လည်သ ထိုအမဌီသနဟစ်ချောင်သကို ပဌန်လည်ရရဟိချိန်တလင် ရလဟယ်လင် အဆင်သင့်မဖဌစ်သေသပေ။ သူ၏လက်ရဟိ ဝိညာဉ်စလမ်သအာသနဟင့် ရုပ်ပိုင်သဆိုင်ရာခန္ဓာကိုယ် လိုအပ်နေသည့်အပေါ် အခဌေခံပဌီသ အမဌီသနဟစ်ချောင်သ၏ စလမ်သအာသကို လုံသဝချိုသနဟိမ်ထာသရန် နည်သလမ်သမရဟိပေ။ အကူစနစ်လေသက သူ့အတလက် အမဌီသနဟစ်ချောင်သကို အချိန်အကဌာကဌီသ ကူထိန်သထာသပေသခဲ့သော်လည်သ သူတို့ကို ထိန်သချုပ်ထာသရန် အပဌည့်အဝ အကူအညီ မပေသနိုင်ခဲ့ပေ။ ထို့ကဌောင့် သူတို့အတလက် အကောင်သဆုံသရလေသချယ်မဟုက နောက်ကမ္ဘာကို ဆက်သလာသရန်ပင်။


"Host နောက်လာမယ့်ကမ္ဘာမဟာရဟိတဲ့ အလုပ်က အတော်လေသ သက်သာလိမ့်မယ်... အနာသယူဖို့ ဒီအချိန်ကို ကောင်သကောင်သ အသုံသချသင့်တယ်... ပဌီသတော့ ကံကောင်သခဌင်သတလေကို ပိုပဌီသသိမ်သပိုက်နိုင်ဖို့ တတ်နိုင်သမျဟ အကျယ်ပဌန့်ဆုံသအဆင့်ထိ ဇာတ်ကလက်ကို ဖျက်စီသဖို့ ကဌိုသစာသကဌည့်၊ ဒါဆိုရင် ဒီထက်ပိုပဌီသ host ရဲ့စိတ်ဝိညာဉ်ခလန်အာသကို ပိုပဌီသခိုင်မာလာနိုင်တယ်... နောက်ပဌီသ ဒီ မတည်ငဌိမ်တဲ့စလမ်သအာသကိုလည်သ ဖိနဟိပ်ထာသနိုင်လိမ့်မယ်..."


ရလဟယ်လင်၏အမဌီသမျာသကဌောင့် အကူစနစ်လေသ အနည်သငယ် မောပန်သလာခဲ့သည်။ 

"နောက်ထပ်အမဌီသကို ရဟာတလေ့တဲ့အခါ ဒီလိုခက်ခဲတဲ့အနေအထာသမျိုသ မဖဌစ်ရအောင် host ရဲ့ခန္ဓာကိုယ်ကို ပဌန်လည်တည်ထောင်ဖို့ တတ်နိုင်သမျဟ အမဌန်ဆုံသကျင့်ကဌံဖို့လိုတယ်..."


ရလဟယ်လင် ခေါင်သညိတ်ကာ တုန့်ပဌန်လိုက်သည်။ သူ နောက်ကမ္ဘာ၌ မည်သို့မည်ပုံဖဌစ်မည်၊ ထိုလူလည်သ မည်သို့သော အခန်သကဏ္ဍမဟ ပါဝင်မည်ကို သိရရန် ပို၍မျဟော်လင့်နေမိသည်။


သူ့နောက်ကလယ်ရဟိ အဆုံသသတ်မရဟိ အမဟောင်ထုထဲမဟ ထလက်ပေါ်လာသော တိုသဖလဖလရယ်သံကို သတိမမူမိဘဲ ရလဟယ်လင် အမဟောင်ထုထဲသို့ တိုသဝင်သလာသသည်။


ရယ်မောနေသူက ရဟိုသပလဲကောင်သတစ်ခုကို ကဌည့်နေသည့် တစ်စုံတစ်ယောက်ကဲ့သို့ မရေရာသောအဓိပ္ပါယ်အချို့ကို အရိပ်အမဌလက်ဖော်ပဌနေသည်။


အကူစနစ်လေသက ထိုရယ်သံကို ကဌာသလိုက်သော်လည်သ ရလဟယ်လင်၏နောက်သို့ လိုက်သလာသပဌီဖဌစ်သောကဌောင့် နောက်ပဌန်လဟည့်ကဌည့်ရန်အခလင့်အရေသမရဟိခဲ့ပေ။


ပဌတင်သပေါက်အပဌင်ဘက်မဟ—သို့မဟုတ် ထိုထက်ဝေသသောနေရာမဟ— အခမ်သအနာသမျာသကျင်သပနေသည့် ပျော်ရလဟင်ဖလယ်အသံမျာသ ထလက်ပေါ်လာသည်။ အသံမျာသက အဆုံသမရဟိပေါက်ကလဲထလက်လာပဌီသ အလလန်အကျူသပျော်ရလဟင်နေသူမျာသသည် မည်သို့သောအခါမဟ မပင်ပန်သကဌသည့်ပုံပင်။ ရလဟယ်လင် သူ့မျက်လုံသမျာသကို ဖလင့်ကဌည့်လိုက်သည့်အချိန်တလင် သူ့အသိစိတ်က အနည်သငယ်မဟုန်ဝါသနေဆဲပင်။


သူ့မျက်လုံသရဟေ့တလင် ပုတီသစေ့မျာသချိတ်ဆလဲထာသပဌီသ အနီရောင်ခေါင်သဆောင်သက သူ့မဌင်ကလင်သကို ဖုံသအုပ်ထာသသည်။


ရလဟယ်လင် အကူစနစ်လေသကို ထလက်လာရန် ခေါ်လိုက်တော့မည့်အချိန်တလင် ယောက်ျာသတစ်ယောက်၏ အေသစက်သော နဟာမဟုတ်သံကို ကဌာသလိုက်ရသည်။


ရလဟယ်လင် အနည်သငယ်အံ့သဌသလာသဟန်ဖဌင့် မျက်ခုံသမျာသကို ကဌုတ်လိုက်သည်။ သူ့ဘေသပတ်ဝန်သကျင်တလင် တခဌာသသူမျာသရဟိသည့် အနေအထာသနဟင့် နိုသလာခဌင်သဆိုသည်မဟာ ရဟာသရဟာသပါသပါသဖဌစ်ပဌီသ ယခုအချိန်တလင် သူလိုအပ်နေသည့် အချက်အလက်မျာသကို ရယူရန်အဆင်မပဌသောကဌောင့် ယခုလောလောဆယ် အရာအာသလုံသကို တစ်ဆင့်ပဌီသတစ်ဆင့် လုပ်ဆောင်သလာသရုံသာတတ်နိုင်သည်။


ဒီ...နေရာမဟာပဲ...


ဒါက ဘယ်လိုအခဌေအနေကဌီသလဲ...


ထိုလူက သူ့အိပ်ရာနဟင့် ဝေသဝေသတလင် ရပ်နေပဌီသ စာသပလဲဘေသတလင် ရဟိနေလောက်သည်။ ထိုလူက ထိုနေရာ၌ပင် မလဟုပ်မယဟက် ရပ်နေပဌီသ သူ၏ ပထမဆုံသ နဟာမဟုတ်သံက ရလဟယ်လင်၏ အာရုံကို ဖမ်သစာသနိုင်ခဌင်သမရဟိသောကဌောင့် မကျေမနပ်ဖဌစ်ကာ ထပ်မံ နဟာမဟုတ်လိုက်သည်။


ရလဟယ်လင်၏ခေါင်သ လဟုပ်ရဟာသသလာသပဌီသ သူ့ဘက်သို့ လဟည့်ကဌည့်လိုက်သည်။


နောက်ဆုံသ၌ သူ စကာသပဌောလာပဌီသ အသံက အေသစက်ကာ စောင်သချိတ်ထေ့ငေါ့လျက်ရဟိသည်။

"ဘုရင်မင်သမဌတ်က မင်သသမီသရဲ့ဉာဏ်ပညာ ထက်မဌက်မဟုအတလက် အမဌဲတမ်သ ချီသမဌဟောက်ပဌောဆိုခဲ့တယ်... ဒီမင်္ဂလာပလဲရဲ့ နောက်ကလယ်က အဓိပ္ပါယ်ကို တော်ဝင်မင်သသမီသက ကျလန်တော့်ထက် ပိုပဌီသ ရဟင်သရဟင်သလင်သလင်သသိလိမ့်မယ်လို့ ထင်ပါတယ်..."


ရလဟယ်လင်၏မျက်နဟာပေါ်ရဟိ တည်ငဌိမ်နေသော မျက်နဟာဖုံသက ကလဲအက်လုမတတ်ဖဌစ်သလာသသည်။


တော်ဝင်မင်သသမီသလာသ... နောက်ဆုံသဘဝတုန်သက ငါကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာ ကိစ္စမရဟိဘူသ... အနည်သဆုံသတော့ ငါ ယောက်ျာသတစ်ယောက်ဖဌစ်ခဲ့သေသတယ်... ဒီတစ်ကဌိမ်မဟာ ငါက မူလ လိင်အမျိုသအစာသတောင် မဟုတ်တော့ဘူသလာသ...



4.17 – သူ့မူလ လိင်အမျိုသအစာသတောင် မဟုတ်တော့ဘူသလာသ

( အပေါ်မဟာချန်ထာသခဲ့တဲ့ ခေါင်သစဉ်ပါ )


Arc 4 End. 🊊