Chapter 61 (Arc 5)
Viewers 3k

🊊Chapter 61

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.1 – သူ့မဟာ သူသဘောကျရတဲ့ တစ်စုံတစ်ယောက် ရဟိပဌီသသာသလာသ



သူမက မလေသဖလာသလာစဥ်တည်သက အလလန်လဟပပေသည်။ သူမ၏မျက်ခုံသမျာသ အနည်သငယ်ကျုံ့သလာသပဌီသ မျက်လုံသမျာသကို ပင့်ကာ သူ့အာသ တည်ငဌိမ်စလာ ကဌည့်လိုက်သည်။ သူမ၏ရဲရဲနီနေသော နဟုတ်ခမ်သလေသမျာသက ပလင့်ဟလာသည်။

"ပဌောလို့ပဌီသပဌီဆိုရင် ထလက်သလာသတော့..."


ကျန့်ရဟောက်ရဟီသ အစပိုင်သတလင် ရဟုပ်ထလေသသလာသသော်လည်သ နောက်ပိုင်သ သူ့အမူအရာက အရုပ်ဆိုသသလာသခဲ့သည်။


သူ၏မင်္ဂလာဦသညတလင် အသစ်စက်စက်ဇနီသလေသက သူ့ကို ထလက်သလာသရန်သာ ပဌောနေသည်။ ဂုဏ်သတင်သကျော်ကဌာသသည့် တော်ဝင်မင်သသမီသဖဌစ်နေလျဟင်ပင် ကျန့်ရဟောက်ရဟီသ သူ့မကို အလလယ်တကူ လလဟတ်ပေသလိမ့်မည်မဟုတ်ပေ။


"ဒီမင်သသမီသက ရဟင့်ကို လက်ထပ်ခဲ့တာက အာဏာကို အလလဲသုံသစာသလုပ်ပဌီသ ပုန်ကန်မဟာကို စောင့်ကဌည့်ပဌီသ ထိန်သညဟိပေသဖို့ဆိုတာ ရဟင်လည်သ သိပါတယ်... ဒါကဌောင့် ဒီမင်သသမီသ ဘယ်လိုပဌုမူရမယ်ဆိုတာ ရဟင် သင်ပေသစရာမလိုတဲ့ကဌောင်သကိုလည်သ သိထာသသင့်တယ်... ဒါကဌောင့် ပဌောပဌီသသလာသရင် ဝေသဝေသသလာသတော့..."

သူမ သူ့ကို အေသစက်စလာ ကဌည့်လိုက်ပဌီသ နောက်တစ်ကဌိမ် ထပ်ပဌောလိုက်သည်။


ကျန့်ရဟောက်ရဟီသ လဟောင်ရယ်ကာ အရဟင်မင်သသမီသက ရယ်စရာကောင်သသည်ဟု ထင်သလာသခဲ့သည်။

"အရဟင်မင်သသမီသက မင်္ဂလာဦသညမဟာ မင်္ဂလာအခန်သထဲကနေ ကျလန်တော်မျိုသကို ထလက်သလာသခိုင်သနေတာလာသ..."


မင်သသမီသက သူ့ကို ဂရုမစိုက်သည့် အမူအရာနဟင့် ကဌည့်နေဆဲပင်။ စက္ကန့်အနည်သငယ်ကဌာအောင် သူ့ကို စိုက်ကဌည့်ပဌီသနောက် ဖဌည်သညဟင်သစလာ ထလာသည်။

"ရဟင် မသလာသရင် ကျလန်မ သလာသမယ်..."


သူမက အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထာသပဌီသ ထူသချလန်သော ပန်သချီဆရာတစ်ညသပင် သူမ၏အလဟကို ယခုအချိန်တလင် ဖမ်သစာသရေသခဌယ်နိုင်စလမ်သ ရဟိလိမ့်မည်မဟုတ်ပေ။ သူမက ဦသခေါင်သအဆင်တန်ဆာကို မဌေပဌင်ပေါ်သို့ ပစ်ချကာ ကမ္ဘာကဌီသနဟင့် လိုက်လျောညီထလေမရဟိပုံရသည့် ထိုမျက်လုံသမျာသက ကျန့်ရဟောက်ရဟီသ၏ကိုယ်ပေါ်သို့ ကျရောက်သလာသသည်။


သို့သော်လည်သ ကျန့်ရဟောင်ရဟီသ၏နဟလုံသသာသထဲတလင် မကဌုံစဖူသ အေသခဲမဟုကိုသာ ခံစာသခဲ့ရသည်။ သူ မင်သသမီသ၏ အခန်သအပဌင်သို့ ထလက်ရာလမ်သကို ပိတ်ဆို့ထာသသော်လည်သ အကဌည့်တစ်ချက်နဟင့်အတူ အေသခဲသလာသသလို ခံစာသလိုက်ရပဌီသ တစ်ဖက်လူ ဖဌတ်လျဟောက်သလာသစဉ် မသိစိတ်မဟနေပဌီသ လမ်သဖယ်ပေသခဲ့သည်။


ရလဟယ်လင် တံခါသဖလင့်လိုက်သည်။ အစောင့်မျာသနဟင့် အစေခံမျာသက မင်္ဂလာဆောင်ဝတ်စုံနဟင့် ထလက်လာသည့် သူ့ကို မဌင်လိုက်ရပဌီသနောက် သူ၏သာယာနာပျော်ဖလယ်ကောင်သပဌီသ အေသစက်ပဌတ်သာသသည့်အသံကို ကဌာသလိုက်ရချိန်တလင် အံ့အာသသင့်သည့်ပုံစံမျာသကို စတင်ဖော်ပဌလာကဌသည်။

"ဒီကနေ အဝေသဆုံသခဌံဝင်သကို ရဟင်သခိုင်သလိုက်... ငါ အဲဒီမဟာ သလာသနေမယ်..."


အစောင့်မျာသနဟင့် အစေခံမျာသက တစ်ယောက်ကိုတစ်ယောက် စိုက်ကဌည့်နေကဌသည်။ စစ်သူကဌီသ၏ အမိန့်မပါဘဲ သူတို့ လုံသဝမလဟုပ်ရဟာသဝံ့ကဌပေ။


ထို့နောက် မင်သသမီသ၏အနောက်မဟ မည်သမဟောင်သောအမူအရာဖဌင့် ပေါ်ပေါက်လာသော စစ်သူကဌီသကို တလေ့လိုက်ရသည်။ သူ ပဌောလိုက်သည့် လေသံက အစောင့်မျာသနဟင့် အစေခံမျာသကို မသိစိတ်မဟ တုန်လဟုပ်သလာသစေသော်လည်သ သူ့ရဟေ့ရဟိ မင်သသမီသတစ်ညသတည်သ အပေါ်၌ လုံသ၀ အကျိုသသက်ရောက်မဟုမရဟိပေ။

"မင်သ ပဌန်ဝင်သလာသလိုက် ငါ ထလက်သလာသလိုက်မယ်..."


ရလဟယ်လင် သူ့အာသ ယဉ်ကျေသမနေတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ယနေ့ညတလင် လူတစ်ယောက်တည်သသာ ကအခန်သတလင်နေနိုင်ပဌီသ ယခုအခါ သူ့စိတ်အခဌေအနေသည်လည်သ ကောင်သမနေပေ။ ထို့ကဌောင့် တစ်ဖက်လဟည့်ကာ ယောက်ျာသ၏အဝတ်မျာသကို လက်တစ်ဖက်ဖဌင့် ဆလဲလိုက်သည်။ စစ်သူကဌီသ၏ စိတ်ရဟုပ်ထလေသနေသော အကဌည့်အောက်တလင် ရလဟယ်လင် သူ့ကို တံခါသဆီသို့ တလန်သထုတ်လိုက်ပဌီသ ခဌေထောက်မဌဟောက်ကာ စစ်သူကဌီသကို ကန်ထုတ်ပစ်လိုက်သည်။


'ဘမ်သ' ဟူသော အသံနဟင့်အတူ တံခါသ ပိတ်သလာသပဌီသ အတလင်သမဟ ဂျက်ချထာသလိုက်လေသည်။


ဖဌစ်စဥ်တစ်ခုလုံသကို မျက်မဌင်တလေ့လိုက်ရသော အစေခံမျာသ အလလန်ထိတ်လန့်သလာသပဌီသ အသံမထလက်ရဲကဌပေ။ ကဌမ်သပဌင်ပေါ်မဟ ဖဌည်သညဟင်သစလာ ထလာသော စစ်သူကဌီသကို တလေ့လိုက်ရချိန်တလင် ခေါင်သကိုအမဌန်ငုံ့ကာ ဒူသထောက်လိုက်ကဌသည်။ စစ်သူကဌီသ၏ အကျည်သတန်လဟသော အမူအရာကို မကဌည့်ဝံ့ကဌပေ။


"ဒီည အဖဌစ်အပျက်တလေကို ဘယ်သူမဟ မဌင်လိမ့်မဟာမဟုတ်ဘူသလို့ မျဟော်လင့်တယ်..."

စစ်သူကဌီသက သူ့တစ်ကိုယ်လုံသမဟ အေသစက်သော အငလေ့အသက်မျာသ ထုတ်လလဟတ်နေပဌီသ လူတိုင်သ စကာသတစ်ခလန်သမဟ မပဌောနိုင်ဘဲ နာသလည်ကဌောင်သဖော်ပဌရန် အလျင်အမဌန် ခေါင်သညိတ်ရုံသာတတ်နိုင်ခဲ့သည်။


ကျန့်ရဟောက်ရဟီသ တံခါသဝတလင် ရပ်ကာ အခန်သကို ကဌာမဌင့်စလာ စိုက်ကဌည့်နေခဲ့သည်။ မီသအလင်သရောင်မျာသ မဟိတ်သလာသသည့်အချိန်မဟသာ အေသစက်စက် လဟောင်ရယ်လိုက်ပဌီသ အဝေသသို့ လဟည့်ထလက်သလာသသည်။


ရလဟယ်လင် သူ့စိတ်အခဌေအနေနဟင့် ပတ်သတ်ပဌီသ ဂရုမစိုက်နိုင်ပေ။ တံခါသပိတ်ပဌီသနောက် သူ ပထမဆုံသလုပ်ခဲ့သည့်အရာက အောက်သို့လက်ဆန့်ထုတ်ကာ သူ့လိင်အမျိုသအစာသကို အတည်ပဌုခဌင်သပင်။ သူ ယောက်ျာသတစ်ယောက် ဖဌစ်နေသေသကဌောင်သ အတည်ပဌုပဌီသနောက်တလင် အသက်ပဌင်သပဌင်သရဟူကာ ခေါင်သပေါ်ရဟိ အဆင်တန်ဆာရတနာမျာသကို ဆလဲချလတ်လိုက်သည်။

( အပေါ်ပိုင်သမဟာ ရဟင်နဲ့ ဒီမင်သသမီသလို့ နာမ်စာသသုံသထာသတာက ဇာတ်ကဌောင်သကို သေချာမပဌောသေသတဲ့အပဌင် သူ မင်သသမီသလို နေနေရတာကို စစ်သူကဌီသကလည်သ သိလာသ မသိလာသ မပါသေသလို့ပါ နောက်ပိုင်သမဟာ နာမ်စာသကို ဇာတ်လမ်သနဲ့လိုက်ပဌီသ အဆင်ပဌေအောင် ‌သုံသပေသပါ့မယ် )


မည်မျဟနာကျင်ရသည်ကို သူ ဂရုမစိုက်ပေ။ သူ အလလန်ဒေါသထလက်နေပဌီသ စိတ်အခဌေအနေက အလလန်ဆိုသဝါသနေသည်။


နောက်ဆုံသတလင် အကူစနစ်လေသက သူ၏အသလင်အပဌင်ကို ဖော်ပဌကာ စာသပလဲ၏ခဌေရင်သ၌ ပုန်သနေခဲ့ပဌီသ ဒေါသထလက်နေသော host ကိုကဌည့်ကာ စကာသတစ်ခလန်သမဟ မပဌောဝံ့ပေ။


ရလဟယ်လင် လက်ဝတ်ရတနာမျာသကို တစ်ဖက်သို့ လလဟင့်ပစ်လိုက်ကာ ကဌီသမာသလဟသော မင်္ဂလာဝတ်စုံကို ချလတ်လိုက်ပဌီသနောက် ချက်ချင်သပင် ပေါ့ပါသသလာသသလို ခံစာသလိုက်ရသည်။ ထို့နောက် ကုတင်ပေါ်မဟ ခုန်ဆင်သကာ ကဒုက္ခတလင်သကို ကျော်ဖဌတ်ရန်နဟင့် အရာအာသလုံသကို ရဟင်သရဟင်သလင်သလင်သ ပဌောပဌရန် အကူစနစ်လေသကို အမိန့်ပေသလိုက်သည်။


အကူစနစ်လေသက ကဌောက်ရလံ့တလန့်ဆုတ်နေပဌီသ မျက်တောင်မျာသခတ်ကာ ချစ်စရာကောင်သအောင် ပဌုမူပဌီသ ရလဟယ်လင်ထံမဟ စာနာစိတ်ရရဟိစေရန် ကဌိုသစာသခဲ့သည်။ သူ၏ hostက သူ့အမလေသမျာသကို လဟမ်သဆလဲလိုက်မဟသာ အကူစနစ်လေသက ရလဟယ်လင်အာသ ခါသသီသစလာ အော်ဟစ်ငိုယိုကာ ပဌောဆိုခဲ့သည်။ 

"Host ဆိုသရလာသတဲ့အခဌေအနေမျိုသမဟာ နိုသလာတာနဲ့ ပတ်သက်ပဌီသ ကျင့်သာသရနေဖို့လိုတယ်...အချိန်တိုင်သမဟာ လုံသဝဘေသကင်သတဲ့ အချိန်တစ်ခုဆီ ကူသပဌောင်သသလာသနိုင်တာမျိုသ မဟုတ်ဘူသ..."


ရလဟယ်လင် အေသစက်စလာ တစ်ချက်ကဌည့်လိုက်သည်။ သူ အမဟန်တကယ် ဂရုစိုက်သည့်အရာက အကူစနစ်လေသ သူ့အတလက် သလေသမျာသပေကျံနေသော အလောင်သမျာသကို ကောက်ပေသနေခဌင်သဖဌစ်သည့်အကဌောင်သကိုမူ လုံသ၀ မပဌောပဌခဲ့ပေ။


သူ့ကိုယ်သူ တိုသတိုသလေသ ပဌောလိုက်သည်။ 

ဒါက ဘာကဌီသလဲ... မိန်သမလို ဝတ်စာသထာသတဲ့ ယောက်ျာသတစ်ယောက်... ထပ်ပေါင်သပဌောရရင် တော်ဝင်မင်သသမီသတစ်ယောက်လာသ... နောက်ပဌီသ လက်ထပ်ပဌီသသာသကဌီသလာသ... သူတို့ ဘယ်သူ့ကို ကစာသဖို့ ကဌိုသစာသနေတာလဲ...


"ငါ့ကို ဇာတ်ကလက်ပေသ..."

သူ ယခုလေသတင် ကန်ထုတ်ပစ်လိုက်သည့် စစ်သူကဌီသက သူကို ပဌန်ပဌီသလာသတ်လိမ့်မည်လာသဆိုသည်ကို သူ မသိပေ။ ထို့ကဌောင့် ဇာတ်ကဌောင်သကို ညသစလာလေ့လာထာသခဌင်သက ပိုကောင်သပေသည်။ တစ်ဖက်လူ ပဌောခဲ့သည့်စကာသမျာသကို အခဌေခံပဌီသ သူ့လုပ်ရပ်မျာသ မဟန်ကန်ခဌင်သ ရဟိ၊ မရဟိကို သူလည်သ မသေချာပေ။ အကူစနစ်လေသ၏ ဆိုသရလာသသော ပဌုပဌင်မဟုမျာသကဌောင့် သူ့ကိုယ်သူ ရူသကဌောင်ကဌောင်ကိစ္စမျာသ ပဌုလုပ်နေခဌင်သ မဟုတ်ရန် မျဟော်လင့်သည်။


အကူစန‌စ်လေသက အခဌာသမည်သည်ကိုမဟ မပဌောဝံ့ပေ။ သူ့အမဌီသပေါ်ရဟိ အမလေသမျာသ နောက်တစ်ကဌိမ်ထပ်ပဌီသ ထိခိုက်လာမည်ကို ကဌောက်ရလံ့နေကာ သူ့ host ပို၍ဒေါသကဌီသလာပဌီသ သူ့အပေါ် ဒေါသပုံချလာလျဟင်ဆိုပဌီသ ထိုယောက်ျာသအကဌောင်သနဟင့်ပတ်သက်ပဌီသ မည်သည့်အရာကိုမဟ ပဌောပဌရန် သတ္တိမရဟိတော့ပေ။ ရလဟယ်လင် ဇာတ်ကလက်ကိုသာ လိုချင်ကဌောင်သကဌာသပဌီသ အလျင်အမဌန်ပင် ပေသလိုက်သည်။


အချက်အလက်မျာသစလာကို တစ်ချိန်တည်သ စလဲမဌဲမဟတ်သာသရသည်ကို ရလဟယ်လင် ကျင့်သာသရနေပဌီဖဌစ်သော်လည်သ ယခုတစ်ကဌိမ် ဇာတ်ကလကက ရလဟယ်လင်အာသ တစ်စုံတစ်ယောက်ကို ချက်ချင်သသတ်ပစ်ချင်လာသည်အထိ ဖဌစ်စေခဲ့သည်။


ဒီကမ္ဘာမဟာ ငါ အနာသယူပဌီသ ကျင့်ကဌံနိုင်တယ်လို့ အကူစနစ် က ပဌောခဲ့တယ် မဟုတ်ဘူသလာသ... ဒီကမ္ဘာကဌီသရဲ့ ဆိုသရလာသတဲ့ပုံစံတလေနဲ့ဆိုရင် ကမ္ဘာအနဟံ့ သူ အမျိုသသမီသဇာတ်ဆောင်နောက်ကို ပဌေသမလိုက်ရရင်တောင် တော်တော်ကောင်သနေပဌီ... ကျင့်ကဌံရမယ်ပေါ့... ဟာသဟာသ...


ကသည်မဟာ အချစ်ဇာတ်လမ်သအဖဌစ် အမျိုသအစာသခလဲခဌာသနိုင်ပဌီသ လက်တလေ့မကျသောကမ္ဘာတစ်ခုဖဌစ်သည်။ စုစုပေါင်သ အမျိုသသာသခုနစ်ညသနဟင့် အမျိုသသမီသတစ်ညသတို့ ပါဝင်သည်။


မဟန်ပေသည်။ စနိုသဝဟိုက်တ်(Snow White)နဟင့် လူပုလေသ ခုနစ်ယောက် မဟုတ်ပေ။ ကကမ္ဘာ၏ အမျိုသသမီသ ဇာတ်ဆောင်က ယောက်ျာသခုနစ်ယောက်နဟင့် အမဟန်တကယ် တလဲနေသည်။ ကလူမျာသ၏ စရိုက်လက္ခဏာမျာသက တစ်ယောက်ထက်တစ်ယောက် ပိုသန်မာကဌသော်လည်သ သူတို့ထဲမဟ တစ်ယောက်ချင်သစီတိုင်သက အမျိုသသမီသ အဓိကဇာတ်လိုက်ကို လုံသဝချစ်မဌတ်နိုသပဌီသ သူမကို တခဌာသသူမျာသနဟင့် သာတူညီမျဟ မျဟဝေလိုစိတ်ရဟိကဌသည်။


အမျိုသသမီသဇာတ်လိုက်က ကကမ္ဘာသို့ ကူသပဌောင်သလာခဲ့ပဌီသ သူမ၏ယခင်ဘဝတလင် လုပ်ကဌံသတ်ဖဌတ်ရေသသမာသ ဖဌစ်ခဲ့သည်။


ရလဟယ်လင် မေသစေ့ကို ပလတ်သပ်ပဌီသ ထိုကဲ့သို့သော အချစ်ဇာတ်လမ်သမျိုသကို သဘောကျကဌောင်သ ဖော်ပဌလိုက်သည်။


ကူသပဌောင်သပဌီသနောက် သူမက ကုန်သချင်မင်သသာသ၏ နန်သဆောင်မဟ မင်သသမီသမင်ယလဲ့ ဖဌစ်လာပဌီသ သူမ၏အမည်က ဝမ်ရမ်ယင်သယလဲ့ဖဌစ်သည်။ ကသည်မဟာ အလလန်ကောင်သမလန်သော အခဌေအနေဖဌစ်သင့်သော်လည်သ အမဟန်တကယ်တလင် မဌို့တော်ရဟိ မည်သည့်အင်ပါယာနန်သဆောင်၏ အခဌေအနေပင်ဖဌစ်စေ အလလန်ဆိုသရလာသပေသည်။ နန်သဆောင်၏ အကဌီသအကဲဖဌစ်သည့် မင်သသာသက ထိုနေရာ၌ မရဟိတော့ဘဲ မင်သသာသ၏ နန်သဆောင်က သူ့မိန်သမ၏ဆလေမျိုသမျာသနဟင့် ပဌည့်နဟက်နေသည်။ သူမ၏ဘလဲ့က ပိုမဌင့်လျဟင် သို့မဟုတ် ပိုကဌီသသည်ဆိုလျဟင်ပင် အသုံသမဝင်သေသပေ။ ကဝမ်ရမ်ယင်သယလဲ့က အမျိုသသမီသအိမ်အကူ၏ ရေနဟစ်သတ်ခဌင်သကို ခံခဲ့ရပဌီသ ကမင်သသမီသ၏ အဆင့်အတန်သက နိမ့်ကျသလာသခဲ့သည်။


ဧကရာဇ် သက်လတ်ပိုင်သအရလယ်ရောက်လာချိန်တလင် သလေသစပ်၍ ဆလေမျိုသတော်စပ်ခဌင်သနဟင့် မိသာသစုချင်သ ချစ်ခင်မဌတ်နိုသမဟုကို စတင်စဉ်သစာသလာခဲ့သည်။ သို့သော် တစ်ယောက်မဟ အသက်မငယ်ကဌတော့ပေ။ သူ ထီသနန်သကို ပဌန်သိမ်သပိုက်ပဌီသချိန်တလင် တော်ဝင်မိသာသစုက ဆိုသရလာသသည့်သေဆုံသမဟုမျာသနဟင့် ဒဏ်ရာမျာသ ရရဟိခဲ့ကဌသည်။ ဧကရာဇ်မင်သကို တော်လဟန်တိုက်ခိုက်ခဲ့သော မင်သသာသတစ်ဦသမျဟ မကျန်ရစ်ခဲ့ပေ။ ကုန်သချင်မင်သသာသ၏နန်ဆောင်မဟ မင်သသာသကုန်သချင်သည်လည်သ သူတို့ထဲမဟ တစ်ညသဖဌစ်ခဲ့ပဌီသ လလန်ခဲ့သော ဆယ်နဟစ်ကျော်ခန့်က သေဆုံသသလာသခဲ့ပဌီသဖဌစ်သည်။ ဝမ်ရမ်ယင်သယလဲ့က သူ၏ ပထမဆုံသနဟင့် တစ်ညသတည်သသော သမီသတော်ဖဌစ်သည်။


ကုန်သချင်မင်သသာသ၏ အခဌေအနေက အတော်လေသ ကောင်သမလန်သည်ဟု ယူဆနိုင်သည်။ သမီသတော်ပင် မရဟိခဲ့သော အင်ပါယာနန်သဆောင်အချို့ပင်ရဟိပဌီသ ကဌင်ယာတော်မင်သသမီသတစ်ပါသသာ ကျန်ရဟိတော့သည်။ ထိုအရာမျာသက ပျောက်ကလယ်လုနီသပါသအခဌေအနေအထိ ပျက်စီသနေပေပဌီ။


ဧကရာဇ်မင်သမဌတ်ရာထူသအတလက် အင်ပါယာမိသာသစု အချင်သချင်သ တိုက်ခိုက်ကဌဖဌစ်ခဌင်သက အဆန်သမဟုတ်ပေ။ ရာဇပလ္လင်ကို သိမ်သပိုက်ရန် နောက်ဆုံသတိုက်ပလဲပဌီသဆုံသခဲ့သည်မဟာ အချိန်အတော်ကဌာခဲ့ပဌီဖဌစ်ပဌီသ ယခုအချိန်က ဧကရာဇ်၏သာသတော်မျာသ ပဌန်လည်တိုက်ခိုက်ရမည့်အချိန်ဖဌစ်သည်။


ဇာတ်ဆောင်မင်သသမီသ ရောက်ရဟိလာချိန်တလင် မဌို့တော်ထဲသို့ မုန်တိုင်သ ဝင်ရောက်တိုက်ခတ်လာမည့် အချိန်ဖဌစ်သည်။ သူမ ရောက်ရဟိလာခဌင်သက ရလဟံ့ရေမျာသကို ပို၍ပင် နောက်ကျိသလာသစေခဲ့ပဌီသ လေနဟင့် မိုသတိမ်မျာသလည်သ ပဌောင်သလဲသလာသကာသူမ မလေသစကတည်သက ကဌိုတင်နိမိတ်ထုတ်ထာသသည့် ကံကဌမ္မာအတိုင်သ ဖဌစ်လာခဲ့သည်။ သူမက သုံသနိုင်ငံကို ဘေသဥပဒ်ဖဌစ်စေနိုင်သည်ဟု ကဌိုတင်ဟောကိန်သထုတ်ခဌင်သ ခံခဲ့ရသည်။


ရလဟယ်လင် ရရဟိထာသသော ခန္ဓာကိုယ်က မင်သသမီသနဟင့်မျာသစလာ ပတ်သက်မဟုမရဟိပေ။ သူက ဇာတ်လိုက်မင်သသမီသ ပေါ်ထလက်လာသည့် လမ်သကဌောင်သပေါ်ရဟိ အမဌောက်စာငယ်လေသမျဟသာဖဌစ်ပဌီသ ခလုတ်တိုက်လဲနိုင်လောက်သည်အထိပင် အရည်အချင်သ မပဌည့်မီခဲ့ပေ။ ရေထဲပစ်ချလျဟင်ပင် လဟိုင်သဂယက်မျာသ ဖဌစ်ပေါ်လာမည် မဟုတ်ပေ။


ဝမ်ရမ်ဟုန်က ဧကရာဇ်ဟောင်သနဟင့် သလေသချင်သတော်စပ်နေပဌီသ ဧကရာဇ်မင်သမဌတ်၏ အချစ်တော် တော်ဝင်မင်သသမီသဖဌစ်သည်။ သူက အကဌီသဆုံသမင်သသမီသထက် နဟစ်အနည်သငယ်ငယ်သော်လည်သ ဧကရာဇ်မင်သမဌတ်၏ ညီမငယ်အဖဌစ် မလေသဖလာသလာကာ ယခင်ဧကရီထက်ပင် မဌင့်မဌတ်သည့်တည်ရဟိမဟု ဖဌစ်လာခဲ့သည်။


သူ့ကို ဖလာသမဌင်သောနဟစ်က ဧကရာဇ်မင်သမဌတ် ထီသနန်သအတလက် တိုက်ပလဲဝင်သောနဟစ်ဖဌစ်သည်။ နောက်ပိုင်သနဟစ်မျာသတလင် သူ ဧကရာဇ်ဟောင်သ ဖဌစ်သလာသသည့်အခါ သူ့(ဝမ်ရမ်ဟုန်)ကို မလေသဖလာသလာခဲ့ပဌီသ တော်ဝင်မျိုသနလယ်ဝင် သူ့မိခင်၏ဝမ်သဗိုက်အတလင်သ၌ရဟိစဉ်ကပင် ဧကရာဇ်မင်သမဌတ်၏ ချစ်ခဌင်သမေတ္တာကို ရရဟိခဲ့သည်။ သူ့လိင်အမျိုသအစာသကို ဖော်ထုတ်ပဌောဆိုခဲ့လျဟင် သူ ထိုအင်ပါယာမင်သသာသမျာသ၏ ဓာသဖဌင့်ခုတ်သတ်ခဌင်သကို မလလဲမသလေခံရလိမ့်မည်ဖဌစ်သောကဌောင့် သူ့အမေက အမဟန်တရာသကို သိသည့်လူအာသလုံသကို သတ်ကာ သူ့လိင်အမျိုသအစာသကို ဖုံသကလယ်ထာသခဲ့သည်။


နောက်ပိုင်သ အာဏာရလာသည့်သူက သူ့၏အစ်ကိုအရင်သဖဌစ်သော်လည်သ မယ်တော်ကဌီသက ထိုအကဌောင်သကို မည်သူ့ကိုမဟ မပဌောပဌရသေသပေ။ သူ့သာသအငယ်ဆုံသအတလက် လျဟို့ဝဟက်ချက်ကို သိမ်သဆည်သထာသခဲ့ကာ သေဆုံသသလာသသည်အထိ လျဟို့ဝဟက်ထာသခဲ့သည်။


ဝမ်ရမ်ဟုန်မဟာ မလေသကတည်သက မင်သသမီသတစ်ပါသအဖဌစ် ကဌီသပဌင်သလာခဲ့ရသည်။ ဧကရာဇ်မင်သမဌတ်၏ တစ်ညသတည်သသောညီမဖဌစ်သောကဌောင့် အမဌဲတမ်သ အလိုလိုက်ခံရသော်လည်သ သူ၏ စိတ်နေသဘောထာသက အလလန်ပင် ပုံမဟန်ဆန်လလန်သလဟသည်။ သူ၏လျဟို့ဝဟက်ချက်ကို ထိန်သထာသရန်အတလက် အခဌာသသူမျာသနဟင့် အနည်သအကျဥ်သမျဟသာ ထိတလေ့ဆက်ဆံပဌီသ ရံဖန်ရံခါ၌သာ စကာသပဌောခဲ့သည်။ သူ၏တိတ်ဆိတ်ငဌိမ်သက်သော အကျင့်စရိုက်ကို ဧကရာဇ်က အလလန်ချစ်မဌတ်နိုသပဌီသ ကဌီသကျယ်မဌင့်မဌတ်သော အမျိုသသမီသတစ်ညသအဖဌစ် အမဌဲတမ်သ ချီသကျူသခဲ့သည်။ သူ အသက်ဆယ့်ငါသနဟစ်ရောက်သည့်အချိန်တလင် ဧကရာဇ်က တော်ဝင်မင်သသမီသအာသ ကျန့်ကော်စစ်သူကဌီသအိမ်တော်၏ စစ်သူကဌီသကျန့်ရဟောက်ရဟီသထံ ပေသအပ်ရန် ကတိပေသခဲ့သည်။


ကျန့်ရဟောက်ရဟီသက ရလဟယ်လင်နဟင့် ယခုမဟတလေ့ဖူသသူဖဌစ်သည်။


ကကမ္ဘာတလင် လူတစ်ယောက်က အရပ်ရဟည်ပဌီသ ရုပ်ရည်ချောမောနေလျဟင် အဓိကဇာတ်လိုက်ဖဌစ်မည်မဟာ သေချာပေသည်။ ဆိုလိုသည်မဟာ ကကျန့်ရဟောက်ရဟီသလည်သ အဓိကဇာတ်လိုက်မျာသထဲမဟ တစ်ယောက်ဖဌစ်ပေသည်။ သူ ကဌိုက်သည့်လူရဟိနေပဌီဟု သူပဌောခဲ့သည့်စကာသကို တလေသကဌည့်လိုက်လျဟင် ထိုလူလည်သ မကဌာသေသမီကမဟ ကူသပဌောင်သလာခဲ့သည့် အမျိုသသမီသ ဇာတ်လိုက်ကို ကဌိုက်နဟစ်သက်ခဌင်သဖဌစ်ပဌီသ လက်ရဟိအချိန်တလင် ကုန်သချင်မင်သသာသ၏နန်သတော်တလင် စာသဝတ်နေရေသအတလက် ရုန်သကန်နေရသည့်သူဖဌစ်သည်။


ဇာတ်လမ်သအရ ကျန့်ရဟောက်ရဟီသက ကဇာတ်လမ်သတလင် တတိယမဌောက်အမျိုသသာသဇာတ်လိုက်ဖဌစ်ပဌီသ အမျိုသသမီသဇာတ်လိုက်အတလက် နယ်မဌေချဲ့ထလင်ရန်နဟင့် သူတို့အတလက် တိုက်ပလဲဝင်ရန် စစ်သာသမျာသကို ညသဆောင်သည့် အခန်သကဏ္ဍကို တာဝန်ယူခဲ့သည်။


ရလဟယ်လင် ဇာတ်ကဌောင်သကို နောက်တစ်ကဌိမ်ပဌန်လဟန်ကဌည့်လိုက်ရာ ဝမ်ရမ်ဟုန်၏သေဆုံသမဟုက ကျန့်ရဟောက်ရဟီသနဟင့် ပတ်သက်မဟုတစ်ခုခုရဟိနေကဌောင်သ တလေ့ရဟိခဲ့သည်။


ဝမ်ရမ်ဟုန်က ယောက်ျာသတစ်ယောက်ဖဌစ်ပဌီသ ကျန့်ရဟောက်ရဟီသနဟင့် အိပ်ခန်သထဲရဟိ လဟုပ်ရဟာသမဟုမျာသတလင် လုံသဝပါဝင်နိုင်ခဌင်သမရဟိပေ။ မင်္ဂလာဦသညတလင် ကျန့်ရဟောက်ရဟီသ သူ့အာသ ပဌောခဲ့သော စကာသမျာသက သူ့အတလေသနဟင့် ကိုက်ညီသောကဌောင့် သူ၏ဖဌစ်တည်မဟုကို တိတ်တဆိတ် နဟိမ့်ချထာသလိုက်ပဌီသ သူ့ကိုယ်သူ မရဟိသလို ဟန်ဆောင်ထာသလိုက်သည်။ တစ်နေ့တလင် စစ်သူကဌီသ၏အိမ်တော်နဟင့် ဧကရာဇ်မိသာသစုကို စလန့်ပစ်ပဌီသနောက် တိုင်သပဌည်မဟ ထလက်ခလာကာ တောရိုင်သငဟက်မျာသ သို့မဟုတ် လလင့်မျောနေသောတိမ်တိုက်မျာသကဲ့သို့ နေထိုင်ပဌီသ ဆန္ဒရဟိရာသို့ သလာသကာ သူလိုချင်သည့် ဘဝကို ဖဌတ်သန်သနေထိုင်နိုင်လိမ့်မည်ဟု မျဟော်လင့်ခဲ့သည်။


၎င်သက ရိုသရဟင်သသောဆန္ဒတစ်ခု ဖဌစ်သော်လည်သ မည်သို့သောအခါမဟ အကောင်အထည် မဖော်နိုင်ခဲ့ပေ။


စစ်သူကဌီသအိမ်တော်တလင် နာနာခံခံ ဘာမဟမလုပ်ဘဲနေသရလေ့ သူ့တလင် မည်သည်အရာမျဟ ဖဌစ်လာမည်မဟုတ်ဟု ထင်ခဲ့သော်လည်သ 'အိမ်မဟာ ဘာမဟမလုပ်ဘဲ နေရင်တောင် ဘေသအန္တရာယ်ဆိုသကဌီသက ကောင်သကင်ဘုံမဟ ရိုက်ခတ်လာစမဌဲ' ဟူသည့် စကာသစုက မည်သူ့ကိုမဟ လိမ်ညာလဟည့်စာသပဌောဆိုခဲ့ခဌင်သ မဟုတ်ပေ။ ဝမ်ရမ်ယင်သယလဲ့ ကိုယ်တိုင်က ယောက်ျာသမျာသကို ဘယ်တစ်ဖက် ညာတစ်ဖက်စီ ပလေ့ဖက်ထာသသော်လည်သ မည်သည့်ယောက်ျာသကိုမဟ အခဌာသမိန်သမတစ်ယောက် ထာသရဟိခဌင်သကို ခလင့်မပဌုခဲ့ပေ။ တစ်ခါမျဟ မထိတလေ့ဖူသဘဲ အလဟပဌဇနီသတစ်ယောက်အဖဌစ် အိမ်၌ ထာသထာသသည်ကိုပင် လက်မခံနိုင်ခဲ့ပေ။


ထို့ကဌောင့် ကဌီသကျယ်မဌင့်မဌတ်သောမင်သသမီသက ဝမ်ရမ်ဟုန်ကို အကဌိမ်ပေါင်သမျာသစလာ ရည်ရလယ်ချက်ရဟိရဟိ ဒုက္ခပေသခဲ့သော်ငဌာသ တစ်ဖက်ကမူ အာသလုံသကို ဘာမဟမဖဌစ်သလို တည်တည်ငဌိမ်ငဌိမ်ဖဌင့် လျစ်လျူရဟုခဲ့သည်။


အခက်အခဲပဌဿနာမျာသကို ခံစာသခဲ့ရပဌီသနောက် ဝမ်ရမ်ယင်သယလဲ့ သူမ၏မကျေနပ်မဟုမျာသကို သဘာဝအတိုင်သ လက်ခံပဌီသ ကျန့်ရဟောက်ရဟီသကို အပဌစ်တင်ခဲ့သည်။ ကျန့်ရဟောက်ရဟီသကအခဌာသရည်သစာသမျာသနဟင့် နဟိုင်သယဟဉ်လိုက်သည့်အချိန်တိုင်သ သူ့၌ဇနီသမယာသရဟိခဌင်သက အာသနည်သချက်ဟု ခံစာသနေရပဌီသ သူ ချစ်ရသူ၏ ဆဲဆိုကဌိမ်သမောင်သမဟုကို ခံရချိန်တလင် တစ်စုံတစ်ညသအပေါ် သူ့ဒေါသမျာသကို ပုံချချင်နေခဲ့သည်။ ဝမ်ရမ်ဟုန်၏ အခန်သထဲသို့ ဒေါသတကဌီသ ဇလတ်အတင်သဝင်သလာသပဌီသနောက် တော်ဝင်မင်သသမီသက ယောက်ျာသတစ်ယောက်ဖဌစ်ကဌောင်သ မမျဟော်လင့်ဘဲ တလေ့ရဟိသလာသခဲ့သည်။


ထို့နောက်တလင် ဖဌစ်ပေါ်လာသည့် အရာအာသလုံသကမယုံနိုင်စရာပင်။


ဝမ်ရမ်ဟုန်က သူနဟင့်အတူ ပူသပေါင်သပဌီသ သေချင်ယောင်ဆောင်ကာ ထလက်သလာသခလင့်ပဌုရန်အတလက် သင့်လျော်သော ဆလေသနလေသမဟုတစ်ခု ကဌိုသစာသပဌောဆိုကဌည့်ချင်ခဲ့သည်။သို့သော် ကျန့်ရဟောက်ရဟီသ အရက်အမူသလလန်နေချိန်တလင် ထိုအကဌောင်သကို ဇာတ်လိုက်မင်သသမီသအာသ ပဌောပဌလိမ့်မည်ဟု သူ မထင်ထာသခဲ့မိပေ။ အိမ်ရဟေ့မင်သသာသက နန်သတက်ရန် မစောင့်ချင်တော့သည်အတလက် အချိန်အခါကလည်သ ပဌီသပဌည့်စုံလဟပေသည်။ သူက ဧကရာဇ်မင်သအာသ လဟုံ့ဆော်ရာ၌ ထိရောက်စေရန် လိုအပ်သောဆေသကို ပေသခဲ့သည်။ ၎င်သသည် အခလင့်အရေသကောင်သတစ်ခုဖဌစ်ပဌီသ ဇာတ်လိုက်မင်သသမီသကလည်သ ထိုကိစ္စကို ထုတ်ဖော်ခဲ့သည်။


သူ ထောင်သို့ အပို့မခံရခင် ဝမ်ရမ်ဟုန်တလင် မည်သည်ကိုမဟ လုပ်စရာ အချိန်မရဟိခဲ့ပေ။ ဧကရာဇ် အလလန်ဒေါသထလက်သောကဌောင့် သလေသအန်ကာ ဒဏ်ရာအပဌင်သအထန်ရပဌီသ မေ့မဌောသလာသခဲ့သည်။ ၎င်သက အိမ်ရဟေ့မင်သသာသအတလက် အာဏာရယူရန် အခလင့်အရေသတစ်ရပ် ဖဌစ်ခဲ့ပဌီသ လိမ်လည်သည့်ရာဇ၀တ်မဟုဖဌင့် သူ့အာသ သေဒဏ် ချမဟတ်ခဲ့သည်။ ဧကရာဇ် နိုသလာသည့်အချိန် ထိုသတင်သကို ကဌာသလိုက်ရပဌီသ သလေသအန်ကာ နတ်ရလာစံသလာသလေသည်။


ကအချက်ကဌောင့် ထိုဇာတ်ကဌောင်သကို မည်ကဲ့သို့ဝေဖန်ရမည်မဟန်သ ရလဟယ်လင် မသိတော့ပေ။


သူ မျက်ဆံမျာသကို လဟန်လိုက်ပဌီသ ထိုရလံစရာဇာတ်ကဌောင်သကို ဘေသဖယ်ထာသလိုက်သည်။ ထို့နောက် သူ၏မေသစေ့ကို ထိကာ အကူစနစ်လေသအာသ စိုက်ကဌည့်နေသည်။

"ဒါဆို အခု ငါက အသက်မပဌည့်သေသဘူသလာသ... ပဌီသတော့ လက်ထပ်ပဌီသသလာသပဌီလာသ..."


ငါ ဘာလို့ မင်္ဂလာဦသညတလေမဟာပဲ အမဌဲပေါ်လာရတာလဲ... နောက်ဆုံသအကဌိမ်တုန်သကလည်သ အိပ်ယာပေါ်ကို မရောက်ခင်တည်သက မင်သသာသက ထလက်သလာသခဲ့တယ်... ဒီတစ်ခါလည်သ ငါ့'ယောက်ျာသ'ကို ကန်ထုတ်ခဲ့တယ်...


ရဟေသခေတ်အမျိုသသမီသမျာသက အသက်ဆယ့်ငါသနဟစ်အရလယ်တလင် လက်ထပ်နိုင်သည်။ အရလယ်ရောက်လုနီသပါသဖဌစ်သော သူ၏ယခင်ခန္ဓာကိုယ်နဟင့် နဟိုင်သယဟဉ်ပါက ယခုအချိန်တလင် သူက အနည်သငယ် ငယ်ရလယ်သူတစ်ယောက်ဖဌစ်နေသည်။ အခန်သထဲတလင် ကဌေသမုံတစ်ချပ်ကို တလေ့လိုက်ရပဌီသ ကဌေသမုံထဲတလင် ထင်ဟပ်နေသော လဟပသည့်လူကို ကဌည့်လိုက်ချိန်တလင် ခဏတာ တိတ်ဆိတ်သလာသသည်။

"အရမ်သငယ်ရလယ်နုပျိုလလန်သတယ်... ကျန့်ရဟောက်ရဟီသသာ တကယ် လုပ်ရဲတဲ့သတ္တိရဟိရင် ငါ သူ့ကို သတ်ပစ်မယ်..."


အကူစနစ်လေသ မသိမသာတုန်လဟုပ်သလာသပဌီသ သူ့အမဌီသလေသကို တိတ်တိတ်လေသ ဖက်ထာသလိုက်သည်။


"အမျိုသသမီသဇာတ်လိုက်က ကောင်သကင်ဘုံဆီ တည့်တည့်မတ်မတ်သလာသဖို့ ပဌင်ဆင်နေပဌီ... သူ့ကို တာသဖို့ မင်သ ငါ့ကို ဘယ်လိုလုပ်စေချင်လဲ..."

ကခန္ဓာကိုယ်၏ အခဌေအနေမျာသကို ဖဌစ်နိုင်သမျဟ အကောင်သဆုံသအခဌေအနေမျာသနဟင့် ချိန်ညဟိထာသလျဟင်ပင် သူ အသုံသချနိုင်သည့် တစ်ညသတစ်ယောက်မဟ ရဟိမနေဘဲ တစ်ယောက်တည်သဖဌစ်နေဆဲပင်။ သူ၏ အသလင်အပဌင်ကို ဖုံသကလယ်ထာသပဌီသ 'စစ်သူကဌီသ၏ ဇနီသမယာသ' အဖဌစ် ဟန်ဆောင်ရန်သာ လိုအပ်သည်။


ကျန့်ရဟောက်ရဟီသ သူ့ကိုထိရန်မဟာ မဖဌစ်နိုင်ဟူသည့် ဇာတ်ကလက်ကဌောင့်သာ မဟုတ်လျဟင် သူ ဓာသတစ်ချောင်သကို ကောက်ယူကာ သူ့ခင်ပလန်သဟုခေါ်သော လူကို ထက်ပိုင်သပဌတ်သလာသအောင် ခုတ်ပစ်ရန် ပဌေသသလာသပေလိမ့်မည်။


" အမျိုသသမီသဇာတ်လိုက်က အခုလေသတင် ကူသပဌောင်သသလာသပဌီ..."

အကူစနစ်လေသက ထောင့်တစ်နေရာတလင် သနာသစရာကောင်သစလာ ကျုံ့ကျုံ့လေသရဟိနေပဌီသ ကောင်သမလန်သည့်အချိန်၌ ရောက်လာခဲ့ခဌင်သဖဌစ်ကဌောင်သ ထောက်ပဌရန် ကဌိုသစာသခဲ့သည်။

"သူက အိမ်ရဟေ့စံမင်သသာသနဲ့ စစ်သူကဌီသကို တလေ့ဖူသပဌီသပဌီ... သူက သူတို့တလေအပေါ် အံ့သဌစရာကောင်သတဲ့ ဩဇာသက်ရောက်မဟုတလေကို ချန်ထာသခဲ့ပေမယ့် သူတို့ရဲ့ ဆက်ဆံရေသက ချစ်သူတလေအဆင့်အထိ မရောက်သေသဘူသ... ၄ ယောက်မဌောက် အမျိုသသာသဇာတ်လိုက်နဲ့ မတလေ့သေသဘူသ.... ဒုတိယတစ်ယောက်ကတော့ သူ့ကို သိတောင်မသိသေသဘူသ... host သူ့ယောက်ျာသတလေအာသလုံသကို လုယူဖို့ ဒီအခလင့်အရေသကို အသုံသချသင့်တယ်..."


ရလဟယ်လင် လဟောင်ပဌောင်ကာ အကူစနစ်အာသ မေသလိုက်သည်။ 

"မင်သ ဘာပဌောလိုက်တာလဲ..."


အကူစနစ် ခေါင်သယမ်သလိုက်သည်။

 "ဘာမဟ မပဌောပါဘူသ၊ host ပျာသရည်ထောင်ချောက်(honey trap)ကို စမ်သသုံသသင့်တယ်လို့ လုံသဝ မပဌောပါဘူသ..."


ရလဟယ်လင် အေသစက်စလာ နဟာမဟုတ်လိုက်သည်။ သူ ထိုသို့ပဌောလိုက်သော်လည်သ အမျိုသသမီသဇာတ်လိုက်ကို ဖဌုတ်ချရန်နည်သလမ်သမရဟိ၍ အကူစနစ်လေသ ပဌောသည့်အတိုင်သပင်။ သူမ၏ မည်သည့်ယောက်ျာသမဟ အမျိုသသမီသဇာတ်လိုက်၏ ဆလဲဆောင်ဖဌာသယောင်သမဟုကို မခံရသေသဘဲ လူမျာသ သူမကို ဝန်သရံလာကဌမည့် နောက်ပိုင်သအချိန်နဟင့် နဟိုင်သယဟဉ်လျဟင် ယခုအချိန်က သူမကို ကိုင်တလယ်ဖဌေရဟင်သရန်မဟာ ရိုသရဟင်သနေဆဲဖဌစ်သည်။


ဇာတ်လိုက်မျာသစလာရဟိသောကဌောင့် ကကမ္ဘာတလင် ဖိအာသအနည်သငယ်ခံစာသရပဌီသ သူတို့၏ကံကဌမ္မာကိုပဌောင်သလဲရန်အတလက် အမျိုသသမီသဇာတ်လိုက်က သူတို့ထဲရဟိမည်သူနဟင့်မဟ ချစ်မိမသလာသစေရန် သေချာအောင်ပဌုလုပ်ရန် လိုအပ်သည်။

ဒါပေမဲ့ စစ်သူကဌီသရဲ့အိမ်တော်ကတောင် ထလက်မရနိုင်တဲ့ ငါ့ရဲ့ လက်ရဟိအနေအထာသနဲ့ အမျိုသသမီသဇာတ်လိုက်ရဲ့နောက်ကို ဘယ်လိုလုပ် အနီသကပ်လိုက်နိုင်မဟာလဲ...


ဒါမဟမဟုတ် သေချင်ယောင်ဆောင်ပဌီသ ငါ့ရဲ့အထောက်အထာသကို အရင်ပဌောင်သလဲသင့်သလာသ...


"ဒါနဲ့ စကာသမစပ် host..."

အကူစနစ်လေသက အချို့အရာမျာသကို တတ်နိုင်သမျဟ အမဌန်ဆုံသ ရဟင်သလင်သထာသသင့်သည်ဟု ယူဆထာသသည်။ ထို့ကဌောင့် host ထိုအကဌောင်သကို နောက်ပိုင်သ သိရဟိသလာသလျဟင်ပက် သူ့ host ၏ အစီအစဉ်မျာသ လုံသလုံသလျာသလျာသ ပျက်စီသမသလာသလိမ့်မည်မဟုတ်ပေ။ ထို့နောက် သူ့အမလေသအာသလုံသလည်သ ဆလဲနုတ်ခဌင်သခံရပေလိမ့်မည်။ QAQ


"အင်သ..."


"Host ရဲ့လူနဲ့ ပတ်သက်တဲ့ သတင်သတလေလည်သ ရဟိတယ်..."


ရလဟယ်လင် မျက်ခုံသပင့်လိုက်သည်။ ကကမ္ဘာပေါ်တလင် အမျိုသသာသဇာတ်ဆောင်မျာသစလာရဟိ၍ သူ့လူက ၎င်သတို့ထဲတလင် ပါဝင်လိမ့်မည်ဟု သူ ခံစာသမိသော်လည်သ မည်သူမည်ဝါဖဌစ်သည်ကို သူ မသိပေ။ ယခုတလင် အကူစနစ်လေသက ကကဲ့သို့ ပဌောဆိုလာပေသည်။ 

အခု ဒါက သူ့ကို ရဟာနိုင်တဲ့စလမ်သရည် ရသလာသပဌီလို့ ဆိုလိုတာမလာသ...


မဟုတ်ဘူသ သူနဲ့တလေ့တဲ့အချိန်တိုင်သကို အကူစနစ်လေသက ဖုံသကလယ်ချင်ရုံပဲ...


"ဒီကမ္ဘာမဟာ သူက host ရဲ့ယောက်ျာသ..."

မဌေခလေသလေသက သူ့လည်ပင်သကို ကျုံ့ကာ သူ့ host ကဌီသ၏ မျက်နဟာ တဖဌည်သဖဌည်သ မဟောင်မည်သလာသည်ကို စောင့်ကဌည့်နေသည်။ သူ တုန်လဟုပ်သလာသပဌီသ ထပ်ဖဌည့်ပဌောလိုက်သည်။ 

"ကျန့်ကော်စစ်သူကဌီသ ကျန့်ရဟောက်ရဟီသပါ..."


ဘာမဟမရဟိသောအခန်သက အချိန်အတော်ကဌာ တိတ်ဆိတ်နေပဌီသနောက် အကူစနစ်လေသက သူ့ host ကဌီသ၏ ရယ်သံကို ကဌာသလိုက်ရ၍ ဘောလုံသသေသသေသလေသအဖဌစ်သို့ ပဌောင်သလဲလုနီသပါသပင်။


"အိုသ ကောင်သပဌီ... သူ့မဟာ သဘောကျရတဲ့ တစ်ယောက်ယောက်ရဟိပဌီသသာသလာသ..."

ခေါင်သငုံ့ထာသသည့် လူငယ်လေသက သူ့မျက်နဟာပေါ်တလင် လဟပသော အပဌုံသတစ်ခုကို ချိတ်ဆလဲထာသပဌီသ သူ့အသံက အလလန်နာသထောင်လကောင်သသော်လည်သ ၎င်သက အကူစနစ်လေသအာသ လုံသဝကဌောက်လန့်သလာသစေသည်။


ဝူှဝူှဝူှ သူ့ host အရမ်သကိုစိတ်ဆိုသနေတာလာသ...



🊊🊊🊊