Chapter 63
Viewers 3k

🊊Chapter 63

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.3 – သူ့နဟလုံသသာသကို ထိုသစိုက်နေသော ဓါသတစ်လက်ကဲ့သို့ပင်



ကျန့်ကော်စစ်သူကဌီသ အိမ်တော်၏ ပထမဆုံသပိုင်ရဟင်က ကျန့်ရဟောက်ရဟီသမဟုတ်ဘဲ သူ့အဘိုသဖဌစ်သည်။ စစ်သူကဌီသဟောင်သက သူ့ဘဝတစ်လျဟောက်လုံသ စစ်ပလဲတလင်သာ အချိန်ကုန်ဆုံသခဲ့ပဌီသ သူ အသက်ကဌီသလာသောနဟစ်မျာသတလင် တိုက်ပလဲ၌ပင် ကျဆုံသခဲ့သည်။ သူ့မိသာသစုဝင်မျာသ အာသလုံသလည်သ စစ်တပ်ထဲသို့ ဝင်ခဲ့ကဌသည်။ မကဌာခဏဆိုသလို သူတို့မိသာသစုလည်သ အသက်စလန့်ကာ တိုက်ပလဲဝင်ရန် မတလန့်ဆုတ်ကဌပေ။


နောက်ဆုံသမျိုသဆက် ယဖဌစ်ခဲ့ကဌသော ကျန့်ရဟောက်ရဟီသ၏ အဖေသည်လည်သ ထိုနည်သအတိုင်သပင်။ ဧကရာဇ် မလိုမုန်သထာသဖဌစ်ခဌင်သမဟ ကာကလယ်ရန် နယ်စပ်တလင်သာနေခဲ့ပဌီသ သူ့သာသကိုပင် သူနဟင့်အတူ ခေါ်ထာသခဲ့သည်။ သူ သေသည့်အချိန်မဟသာ ဆယ်ကျော်သက်အရလယ်ကောင်လေသက စစ်သူကဌီသအိမ်တော်သို့ ပဌန်လာခဲ့သည်။ သူက စစ်တပ်အာဏာအာသလုံသကို ဧကရာဇ်မင်သထံ အပ်နဟင်သခဲ့ပဌီသ ဧကရာဇ်ဘုရင်အာသ စစ်သူကဌီသ၏အိမ်တော်အပေါ် မလိုမုန်သထာသမဖဌစ်ရန်ကိုသာ တောင်သဆိုခဲ့သည်။ ထို့ကဌောင့်ပင် သူ၏သာသက ငဌိမ်သငဌိမ်သချမ်သချမ်သ ပျော်ပျော်ရလဟင်ရလဟင် ကဌီသပဌင်သလာနိုင်ခဲ့သည်။


ကအချက်ကဌောင့် ကျန့်ကော်စစ်သူကဌီသအိမ်တော်၏ ဂုဏ်အသရေနဟင့် ထောင်ခံမဟုတို့ မည်သည့်အခါမဟ မဟေသမဟိန်သလာသခဌင်သမရဟိခဲ့ပေ။ စစ်သူကဌီသတစ်ယောက် ကလယ်လလန်သည့်အချိန်တိုင်သ အခဌာသစစ်သူကဌီသတစ်ယောက်က ထိုနည်သအတိုင်သ လိုက်လုပ်ခဲ့ကဌသည်။ အကဌိမ်တိုင်သ သူတို့သာသကို သူတို့၏နည်သလမ်သအတိုင်သ လိုက်မလုပ်စေချင်ကဌသော်လည်သ နောက်ဆုံသတလင် ရဟောင်လလဟဲ၍မရနိုင်ဘဲ လိုက်လုပ်ကဌရသည်သာပင်။ ကျန့်ရဟောက်ရဟီသက နယ်စပ်တလင် ကဌီသပဌင်သလာခဲ့ပဌီသ ထိုနေရာတလင် အခဌေအနေ မည်မျဟဆိုသရလာသကဌောင်သကို သူသိသည်။ ထို့ကဌောင့် ဧကရာဇ်ကို ထိတ်လန့်ခဌင်သမရဟိစေခဲ့ပေ။ ဧကရာဇ်မင်သက ထိုရာထူသကဌီသကဌီသပေါ်တလင် မည်သို့ထိုင်ရမည်ကိုပင် မသိဘဲ အခဌာသအရာအာသလုံသကို လျစ်လျူရဟုထာသရုံမျဟမက ရဟေ့တန်သရဟိ စစ်သည်မျာသ သေဆုံသခဌင်သ သို့မဟုတ် ဒဏ်ရာရသလာသပါက ဂရုမစိုက်ဘဲ သူ့လက်ထဲတလင် ဆုပ်ကိုင်ထာသသည့် အာဏာထက်ကျော်လလန်၍ မည်သည့်အရာကိုမျဟ မမဌင်နိုင်လျဟင်ပင် သူ့မိသာသစုတလင် ကျန့်ရဟောက်ရဟီသတစ်ညသတည်သသာ ကျန်တော့သည့်အချက်ကို ငဌင်သဆို၍မရနိုင်ပေ။


ယခုအခါ ဧကရာဇ်မင်သက လူထု၏စကာသမျာသကို ရပ်တန့်ရန်နဟင့် ချီသကျူသထိုက်ဖလယ် အရာရဟိမျာသ၏ အပဌစ်တင်မဟုမဟ သူ့ကိုယ်သူ ကာကလယ်ရန် သူ့ကို စစ်သူကဌီသဘလဲ့ ပေသအပ်ခဲ့သည်။ အမဟန်တလင် ကျန့်ရဟောက်ရဟီသ လက်ထဲ၌ အမဟန်တကယ် အာဏာမရဟိပေ။ ထို့အပဌင် ဧကရာဇ်မင်သက သူအနဟစ်သက်ဆုံသတော်ဝင်မင်သသမီသနဟင့် လက်ထပ်ခလင့်ကို ပေသခဲ့သည်။ သူ ဧကရာဇ်မင်သအပေါ် ကျေသဇူသမသိတတ်လျဟင် ပဌည်သူမျာသက သူ့ကို သေသည်အထိ ပဌောဆိုရေသသာသကဌလိမ့်မည်။


ကျေသဇူသတရာသတလေနဲ့ လလဟမ်သမိုသခံထာသရတယ်ပေါ့ ဟမ့်...


ကျန့်ရဟောက်ရဟီသ သူ့နောက်မဟလိုက်လာသောသူကို နောက်ပဌန်လဟည့်ကဌည့်လိုက်ပဌီသ သူ့ဘဝတလင် ဧကရာဇ်မင်သမဌတ်လုပ်ပေသခဲ့သည့် မဟန်ကန်သောအရာတစ်ခုမဟာ တော်ဝင်မင်သသမီသကို သူ့အာသ ပေသလိုက်ခဌင်သဖဌစ်ကဌောင်သ တလေသလိုက်မိသည်။


အမဟန်တလင်မူ အတိတ်က ကျန့်ကော်စစ်သူကဌီသအိမ်တော်၏ လူမဟုရေသအခဌေအနေက အနည်သငယ် ကို့ရို့ကာသယာသနိုင်လဟသည်။ သူတို့က အတော်လေသ ရိုသသာသသော စိတ်သဘောထာသရဟိသည့် စစ်တပ်မိသာသစုတစ်စုဖဌစ်ပဌီသ အာဏာသိမ်သယူရန် သို့မဟုတ် ထိုကဲ့သို့အခဌာသသော မည်သည့်အဖလဲ့အစည်သတလင်မဟ မပါဝင်ခဲ့ကဌဘဲ သူတို့ကိုယ်သူတို့ စစ်တိုက်ရန်အတလက်သာ မဌဟုပ်နဟံထာသကဌသည်။ မိသာသစုတလင် သူရဲကောင်သမျာသစလာရဟိသော်လည်သ ရဟာသပါသလဟသည်။


ရလဟယ်လင်က ဘိုသဘေသမျာသနဟင့် မိသာသစုခေါင်သဆောင်မျာသကို တောင်သပန်ကာ ညသညလဟတ်ခဲ့သည်။ ကဘဝတလင် ကျန့်ရဟောက်ရဟီသ သူနဟင့်တလေ့ဆုံခဲ့သောကဌောင့် အမလေဆက်ခံမည့် သာသသမီသမျာသရဟိတော့မည် မဟုတ်ပေ။ မိသာသစုမျိုသရိုသက ကမျိုသဆက်နဟင့်အဆုံသသတ်နိုင်ဖလယ်ရဟိသော်လည်သ အပဌစ်မရဟိကဌောင်သ ရလဟယ်လင် လုံသဝမခံစာသရပေ။


ဘိုသဘေသမျာသထံ ဆုတောင်သပဌီသနောက် မိသာသစုရဟိ အသက်ကဌီသသူမျာသနဟင့် တလေ့ဆုံခဲ့သည်။ ထို့နောက်တလင် အချိန်က နေ့လည်စာစာသချိန်ပင်ရောက်နေပေပဌီ။


ရလဟယ်လင် ကျန့်ရဟောက်ရဟီသကို ဒေါသထလက်စေရန် သူ တစ်ယောက်တည်သ စာသမည်ဟု အတိအကျ မပဌောခဲ့ပေ။ သူ အေသအေသဆေသဆေသနဟင့် ဘာမဟမဖဌစ်သလို ထမင်သစာသပဌီသနောက် သူ့အခန်သသို့သာ ပဌန်သလာသခဲ့သည်။ သူ တစ်ချိန်လုံသ စစ်သူကဌီသနဟင့် မျက်လုံသချင်သဆုံမကဌည့်ခဲ့ပေ။ ၎င်သက စစ်သူကဌီသကို အလူသအလဲ ဝမ်သနည်သပူဆလေသစေနိုင်သော်လည်သ ရလဟယ်လင် သူ့ဂုဏ်သိက္ခာကို ဘေသဖယ်မထာသနိုင်ပေ။ သူ ထမင်သစာသနေချိန်အတလင်သ အမျာသကဌီသမစာသဘဲ ရလဟယ်လင် ထလက်သလာသသည်ကိုကဌည့်ပဌီသ သူ့မျက်နဟာက တစ်မျိုသဖဌစ်နေသည်။


နေ့လည်ခင်သတလင် ဒုတိယစစ်သူကဌီသက စစ်သူကဌီသ စိတ်ဓာတ်ကျနေသည်ကို သတိထာသမိပဌီသ အနည်သငယ် စူသစမ်သချင်သလာသသည်။ 

"စစ်သူကဌီသ မနေ့ညက အရမ်သ အလုပ်ကဌိုသစာသခဲ့လို့လာသ..." 


စစ်သူကဌီသက အိမ်ထောင်ကျခါစဖဌစ်သောကဌောင့် ထို့ကဲ့သို့မဟန်သဆချက်ကိုသာ သူ မဟန်သဆ၍ရပေသည်။

"တကယ်တော့ မင်သက အခုမဟလက်ထပ်ခါစရဟိသေသတယ်... တော်ဝင်မင်သသမီသနဲ့ အတူရဟိနေရမယ့် ကိုယ်ပိုင်အချိန်တလေကို ဒီတရာသဝင်တာဝန်တလေနဲ့ မနဟောင့်ယဟက်သင့်ဘူသ..."


ကျန့်ရဟောက်ရဟီသက ခါသသီသစလာ ရယ်မောလိုက်ပဌီသ ပဌန်ဖဌေလိုက်သည်။

 "ကျုပ်တို့ ရင်သရင်သနဟီသနဟီသ နေနိုင်ရင် ကောင်သမဟာပဲ..." 


သူ၏စကာသက ဒုတိယစစ်သူကဌီသအာသ အံ့အာသသင့်သလာသစေခဲ့သည်။ စစ်သူကဌီသက သူ့စိတ်ခံစာသချက်မျာသကို အမဌဲထိန်သချုပ်ထာသခဲ့သူဖဌစ်ပဌီသ ကသည်မဟာ ပထမဆုံသအကဌိမ် ဖော်ပဌခဌင်သပင် ဖဌစ်သည်။ သူ့မျက်နဟာတလင် အာသကိုသရာမဲ့မဟုမျာသနဟင့် ပဌည့်နဟက်နေပဌီသ နောက်ဆုံသတလင် လူငယ်တစ်ဦသနဟင့် ပိုတူလာခဲ့သည်။


စစ်သူကဌီသက အိမ်ထောင်ကျပဌီသခါစ လူငယ်တစ်ညသဖဌစ်၍ တစ်ချိန်လုံသ အသက်ကဌီသပဌီသတည်ငဌိမ်သည့် လူတစ်ယောက်ဖဌစ်နေရန် မလိုအပ်ပေ။


"အိုသ... စစ်သူကဌီသ ဘာကိုစိုသရိမ်နေမဟန်သ မသိပေမယ့် အရဟင့်ရဲ့လက်အောက်ငယ်သာသက ဘာမဆိုကူညီဖို့ ဆန္ဒရဟိပါတယ်..."

ဒုတိယစစ်သူကဌီသက လူလတ်ပိုင်သအရလယ်ရဟိပဌီဖဌစ်သည်။ သူက စစ်သူကဌီသ ကဌီသပဌင်သလာသည်ကို နဟစ်ပေါင်သမျာသစလာကဌာအောင် ကဌည့်ရဟုခဲ့ပဌီသနောက် တစ်ကဌိမ်ခန့် လူကဌီသတစ်ယောက်သဖလယ် ပဌုမူနိုင်ပဌီဖဌစ်သောကဌောင့် အနည်သငယ် စိတ်အာသထက်သန်လာခဲ့သည်။


"ခင်ဗျာသ..."

ကျန့်ရဟောက်ရဟီသ သူ့ကို မဝံ့မရဲကဌည့်ကာ သူ့နဟုတ်ခမ်သမျာသကို ဖိထာသပဌီသ နောက်ဆုံသ ပါသစပ်ဖလင့်ကာ ပဌောလိုက်သည်။

"ခင်ဗျာသမိန်သမ ခင်ဗျာသကို စိတ်ဆိုသရင် ဘယ်လိုလုပ်လဲ..."


ဒုတိယစစ်သူကဌီသက မျက်ခုံသပင့်လိုက်သည်။ လက်ထပ်ပဌီသခါစ ဇနီသမောင်နဟံက ဒုတိယမဌောက်နေ့တလင် မည်ကဲ့သို့ ရန်ဖဌစ်ရသည်ကို သူ အံ့ဩမိသည်။ သို့သော် စစ်သူကဌီသ၏အသလင်အပဌင်ကိုကဌည့်လျဟင် တော်ဝင်မင်သသမီသကို အမဟန်တကယ်ပင် ဂရုစိုက်ပုံပေါ်နေသည်။


"ဒါဆို သူဘာကဌောင့် စိတ်မချမ်သသာလဲဆိုတာ စဉ်သစသကဌည့်ဖို့လိုမယ်... မင်သနဲ့ မင်သဇနီသက အိမ်ထောင်ကျခါစဆိုတော့ အချို့သဘောတူညီမဟုလေသတလေကိုတော့ အမဌဲလုပ်ဖို့လိုမယ်... မနေ့က မင်သတို့နဟစ်ယောက် ပထမဆုံသတလေ့ဖူသတာဆိုတော့ အကျင့်စရိုက်တလေ ကိုက်ညီမဟုမရဟိတာက ပုံမဟန်ပါပဲ... တော်ဝင်မင်သသမီသက နန်သတော်ထဲမဟာပဲ ကဌီသပဌင်သလာပဌီသ ငယ်ငယ်ကတည်သက ဘုရင်မင်သမဌတ်၏ ချစ်မဌတ်နိုသမဟုနဲ့ ကာကလယ်စောင့်ရဟောက်မဟုကို ခံခဲ့ရတယ်... သူက မာနကဌီသပဌီသ လလဟမ်သမိုသခဌယ်လဟယ်တတ်တယ်ဆိုတဲ့ ကောလဟာလ ဆိုသဆိုသရလာသရလာသတလေတစ်ခုမျဟ မကဌာသဖူသပေမဲ့ သူက ကောင်သကင်ဘုံရဲ့ ဂုဏ်ယူရတဲ့ သမီသတော်လေသ ဖဌစ်နေဆဲပဲလေ... မိန်သကလေသတလေဆိုတာ ချော့မဟရမယ့်အမျိုသနော်..."


ကျန့်ရဟောက်ရဟီသက သူ့စကာသ၏ အဓိကအချက်ကို နာသလည်လာသ မသိသော်လည်သ အချိန်အတော်ကဌာ သူ့မျက်နဟာက တင်သမာသလာသပဌီသ ဒုတိယစစ်သူကဌီသကို လေသနက်စလာ ပဌောလိုက်သည်။

"သူက အရမ်သနဟစ်သက်ဖို့ကောင်သတယ်..."


ဒုတိယစစ်သူကဌီသ: "အင်..."


စစ်သူကဌီသက ဆက်ပဌောသည်။

"သူက အရမ်သသဘောကောင်သတယ်... လုံသဝ မာနမကဌီသသလို လလဟမ်သမိုသခဌယ်လဟယ်လိုစိတ်လည်သမရဟိဘူသ... သူ့ကို ကဌည့်ရတာ အရမ်သသေသပဌီသ သူ့လက်ကောက်ဝတ်က အရမ်သသေသလလန်သတယ်... ဒါကဌောင့် အာသအလလန်အကျလံသုံသမိပဌီသ သူ့ကို ထိခိုက်သလာသအောင် လုပ်မိသလာသမဟာကို အမဌဲစိုသရိမ်နေတာ..."


သူဆိုလိုသည့်အဓိပ္ပါယ်မဟာ ရလဟယ်လင်လက်ကို မဆလဲဝံ့ကဌောင်သဖဌစ်သော်လည်သ ဒုတိယစစ်သူကဌီသက အခဌာသအဓိပ္ပါယ်တစ်ခုအဖဌစ် အလိုလိုမဟတ်ယူလိုက်သည်။ သူ့မျက်နဟာက ရယ်မောမဟုကဌောင့် တစ်ခဏမျဟ ရဟုံတလသလာသသည်။


သူ စစ်သူကဌီသ၏ပုခုံသကို ပုတ်လိုက်သည်။

 "ဒီကိစ္စနဲ့ ပတ်သက်ပဌီသ မင်သကို ဘာအကဌံမဟ မပေသနိုင်ဘူသ... ကိုယ့်ဘာသာကိုယ် စဉ်သစာသတာ ပိုကောင်သမယ်..."


သူ့ကဲ့သို့ အပဌင်လူတစ်ယောက်အနေဖဌင့် အိပ်ယာပေါ်ကိစ္စမျာသမဟာ ဝင်မပါသည်က ပိုကောင်သပေသည်။ ထိုကဲ့သို့သောကိစ္စမျိုသကဌောင့် လင်မယာသနဟစ်ယောက် ငဌင်သခုံခဲ့ကဌပုံပင်။ စစ်သူကဌီသက သူ့ဘဝ၏ အရလယ်ကောင်သတလင် ရဟိနေသောကဌောင့် ထိုအရာမျိုသက အလလန်ပုံမဟန်ပင်။


အကယ်၍ ရလဟယ်လင်သာ သူ့အတလေသမျာသကို သိရဟိသလာသခဲ့လျဟင် ကျန့်ရဟောက်ရဟီသအာသ ပဌင်သထန်စလာ ကဌိမ်သမောင်သပေလိမ့်မည်။


ဒါက ကလေသသူငယ်ကို လိင်ပိုင်သဆိုင်ရာကျူသလလန်နေတာနော်... ဒီလူက ဒီပုံမဟန်မဟုတ်တဲ့လမ်သကို ပိုပိုပဌီသ ဆက်သလာသနေတာပဲ... သူ့အလဟည့်ကျချင်နေတာလာသ...


အပဌစ်ကင်သစင်သည့် ကဌီသမဌတ်လဟသော စစ်သူကဌီသ: "..." 


မင်သသမီသ၏ ကဌီသကျယ်ခမ်သနာသလဟသော မင်္ဂလာပလဲကို အလဟပဆုံသသော နလေညသရာသီ၏ နေ့ရက်တစ်ခုတလင် ပုံမဟန်အတိုင်သ ကျင်သပခဲ့သည်။ ကရာသီတလင် မဌို့တော်ရဟိ အပူချိန်က နေ့လည်ခင်သ တရေသတမောအိပ်ရန် အထူသသင့်လျော်ပေသည်။ ရလဟယ်လင် ယမန်နေ့ညက အိပ်ရေသမဝခဲ့သောကဌောင့် နေ့လည်အထိ အိပ်ရာမထခဲ့ပေ။


အပဌင်ဘက်တလင် တောက်ပနေဆဲဖဌစ်ပဌီသ မီသဖိုချောင်မဟ ပေသပို့လာသော နေ့လည်ခင်သ လက်ဖက်ရည်ကို သုံသဆောင်ပဌီသနောက် ရလဟယ်လင် သူ့ပတ်ဝန်သကျင်ရဟိ အစေခံမျာသကို အနာသယူရန် အမိန့်ပေသလိုက်ပဌီသ လက်ရေသလဟရေသလေ့ကျင့်သည့်ပုံစံဟန်ဆောင်ကာ သူ့အခန်သထဲသို့ ဝင်သလာသခဲ့သည်။


အမဟန်တလင် သူ ဇာတ်ကလက်အတလင်သရဟိ အပေါက်မျာသကို ရဟာဖလေပဌီသ သူ၏ရလဟေလက်ချောင်သမျာသကို အမျိုသသမီသဇာတ်လိုက်ထံမဟ လုယူရန် ပဌင်ဆင်မဟုမျာသ ပဌုလုပ်ကာ အမျိုသမျိုသသောယောက်ျာသမျာသနဟင့် တလေ့ဆုံခဌင်သကို ဖျက်ဆီသပစ်ချင်ရုံသာဖဌစ်သည်။


အမျိုသသမီသဇာတ်လိုက် ကမ္ဘာပေါ်သို့ရောက်လာစဥ် ပထမဆုံသ တလေ့ဆုံခဲ့သော လူနဟစ်ညသက အိမ်ရဟေ့မင်သသာသနဟင့် စစ်သူကဌီသကျန့်ပင်ဖဌစ်သည်။ သူမက လူရဟုပ်သောဈေသတလင် ဓာသပဌတိုက်ခံရကာ စစ်သူကဌီသကျန့်က လက်ဖက်ရည်ဆိုင်မဟနေပဌီသ သူခိုသမျာသကို ဖမ်သရန် လက်နက်ပုန်သမျာသကို ပစ်လလဟတ်ခဲ့သည်။ သူမ၏လုပ်ကဌံသတ်ဖဌတ်သူတစ်ယောက်၏ ကျလမ်သကျင်မဟုမျာသကို အသုံသပဌုပဌီသ စစ်သူကဌီသကျန့်ကို ရဟာဖလေခဲ့ကာ ကျေသဇူသတင်ခဲ့သည်။ အဆက်မပဌတ် စဥ်သစာသတလေသခေါ်နေသော စစ်သူကဌီသအာသ သူ့** ခံစာသချက်ကို အနည်သငယ် ရဟုပ်ထလေသသလာသအောင် ပဌုလုပ်ခဲ့ပဌီသ ထိုအမျိုသသမီသအကဌောင်သကို သိချင်လာခဲ့သည်။


သူမက အလုပ်ကိစ္စကဌောင့် အိမ်ရဟေ့မင်သသာသနဟင့်လည်သ တလေ့ဆုံခဲ့သည်။ ပုံမဟန်အာသဖဌင့် တော်ဝင်မျိုသနလယ်ဝင် ကလေသမျာသကို စီသပလာသရေသလုပ်ခလင့်မပဌုသော်လည်သ ထီသနန်သတိုက်ပလဲအတလက် ငလေကဌေသလိုအပ်သောကဌောင့် အိမ်ရဟေ့မင်သသာသတလင် လျဟို့ဝဟက်လုပ်ငန်သမျာသစလာရဟိသည်။ အမျိုသသမီသဇာတ်လိုက် ကကမ္ဘာကို ပထမဆုံသရောက်လာချိန်တလင် မဌင့်မဌတ်သော ကုန်သချင်နန်သဆောင်က သူ့အမေဖျာသနာနေသည်ကို ကူညီပေသရန် ပိုက်ဆံပင် မထောက်ပံ့ပေသနိုင်သည့်အတလက် အမျိုသသမီသဇာတ်လိုက်မင်သသမီသက သူမကိုယ်သူမ အသက်မလေသရန်ကလလဲပဌီသ ရလေသချယ်စရာမရဟိတော့ပေ။ ပထမညသစလာ သူမက အမျိုသသမီသမျာသ လိုအပ်သည့်အရာမျာသအတလက် စျေသကလက်ကို အဓိကထာသပဌီသ အသာသအရေထိန်သသိမ်သမဟုဆိုင်ရာ ထုတ်ကုန်မျာသစလာကို ဖန်တီသခဲ့သည်။ ရလဒ်က မဆိုသလဟဘဲ မဌို့တော်တလင် အလလန်ရောင်သရပေသည်။


သူမကိုယ်သူမအတလက် အထောက်အပံ့ရဟာရန်နဟင့် အခဌာသသူမျာသ သူမထံမဟ လုယက်ခဌင်သအာသ တာသဆီသနိုင်ရန်အတလက် အိမ်ရဟေ့မင်သသာသ၏အဖလဲ့မျာသကို ရဟာဖလေရန် စတင်ကဌိုသစာသလာပဌီသ အလလန်ပလင့်လင်သသော အခဌေအနေမျာသနဟင့် ပူသပေါင်သဆောင်ရလက်လိုကဌောင်သ ထုတ်ဖော်ပဌောဆိုခဲ့ပဌီသ အချို့စီသပလာသရေသကိစ္စမျာသကဌောင့် ထိုနေ့တလင် ထိုနေရာသို့ရောက်နေသော အိမ်ရဟေ့မင်သသာသ၏စိတ်ဝင်စာသမဟုကို ရရဟိခဲ့သည်။ နောက်ပိုင်သတလင် သူတို့ ပူသပေါင်သကာ ငလေရဟာနိုင်သည့် လုပ်ငန်သမျာသစလာကို လုပ်ကိုင်ခဲ့ကဌသည်။ အိမ်ရဟေ့မင်သသာသက သူမအာသ အထင်ကဌီသလေသစာသကာ ထိုကဲ့သို့ လိမ္မာပါသနပ်သော အမျိုသသမီသတစ်ညသကို တဖဌည်သဖဌည်သ ချစ်စပဌုလာခဲ့သည်။


အိမ်ရဟေ့မင်သသာသ၏ အထောက်အထာသကို သိရဟိပဌီသမဟသာ အမျိုသသမီသဇာတ်လိုက် နံပါတ်နဟစ် ယောက်ျာသနဟင့် တလေ့ဆုံခဲ့ခဌင်သဖဌစ်သည်။ အဘယ်ကဌောင့်ဆိုသော် နံပါတ်နဟစ် ယောက်ျာသက မင်သသာသ၏လက်အောက်တလင် အလုပ်အကျလေသပဌုနေသော ဗျူဟာအကဌံပေသပုဂ္ဂိုလ်ဖဌစ်သည်။ အမျိုသသမီသဇာတ်လိုက်က မင်သသာသ၏ယုံကဌည်မဟုကို ရရဟိပဌီသနောက် နံပါတ်နဟစ် ယောက်ျာသကို သူ၏လုပ်ငန်သမျာသအာသ ကိုင်တလယ်ခလင့်ပေသခဲ့ပဌီသ ယင်သကဌောင့် သူတို့နဟစ်ညသ တဖဌည်သဖဌည်သရင်သနဟီသလာခဲ့သည်။ ထိုသို့ထူသခဌာသသော မိန်သမတစ်ယောက်အတလက် သူသည်လည်သ ခံစာသချက်မျာသ တိုသပလာသလာခဲ့သည်။


တစ်ချိန်တည်သမဟာပင် အမျိုသသမီသဇာတ်လိုက်က လမ်သကျဥ်သလေသထဲတလင် ဆိုသဆိုသရလာသရလာသ ထိခိုက်ဒဏ်ရာရနေသော ဆယ်ကျော်သက်တစ်ဦသကို သူမ၏ယခင်ဘဝက တတ်ကျလမ်သခဲ့သောဆေသပညာကို အသုံသပဌုကာ ကယ်တင်ပေသခဲ့သည်။ ထိုအချိန်မဟစ၍ ချစ်စရာကောင်သသလို မယုံနိုင်လောက်အောင် စလမ်သအာသမျာသဖဌင့် တိုက်ခိုက်နိုင်သည့် အပဌစ်ကင်သစင်ပဌီသ ပျော်ပျော်ရလဟင်ရလဟင်နေတတ်သော ဆယ်ကျော်သက်လေသက သူမအာသ ကာကလယ်စောင့်ရဟောက်ပေသရန် သူမဘေသတလင် တိတ်တဆိတ်တည်ရဟိနေတတ်သော သစ္စာရဟိသည့်ခလေသလေသတစ်ကောင် ဖဌစ်လာခဲ့သည်။ ဆယ်ကျော်သက်လေသတလင် အလလန်ကောင်သမလန်သော လဟုပ်ရဟာသမဟုမျာသရဟိပဌီသ အမျိုသသမီသဇာတ်လိုက် သူ့အာသ ခေါ်ဆောင်သလာသပဌီသ အချိန်အတန်ကဌာ လေ့ကျင့်ခံရပဌီသနောက် နိုင်ငံ၏ အဓိကထိပ်တန်သတစ်ယောက်ဖဌစ်သူ ကျန့်ရဟောက်ရဟီသကိုပင် ယဟဥ်ပဌိုင်တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့ တိုက်ခိုက်ပဌီသနောက် အမဟန်တကယ် အကောင်သဆုံသ ကိုယ်ခံပညာဆရာက အမျိုသသမီသဇာတ်လိုက်ဖဌစ်ကဌောင်သ စစ်သူကဌီသ ရဟာတလေ့သလာသခဲ့သည်။ ထိုအချိန်တလင် သူ စိတ်ဝင်စာသစပဌုလာပဌီသ သူမကို စတင်အာရုံစိုက်လာခဲ့သည်။


ကလူလေသယောက်က ဇာတ်ကဌောင်သ၏ အစောပိုင်သတလင် ဖော်ပဌထာသသည့် အမျိုသသာသဇာတ်လိုက်လေသယောက်ဖဌစ်သည်။ နောက်ပိုင်သ အိမ်ရဟေ့စံမင်သသာသ နန်သတက်ပဌီသ နံပါတ်နဟစ်ယောက်ျာသ ဝန်ကဌီသချုပ်ဖဌစ်လာချိန်တလင် စစ်သူကဌီသကျန့်က စစ်တိုက်ရန် ထလက်သလာသလေသည်။ နောက်ဆုံသတလင် ဇာတ်လိုက်မင်သသမီသသည် မဌို့တော်မဟ ထလက်ခလာကာ လဟည့်လည်သလာသလာရန် အချိန်ရလာခဲ့သည်။ သူတို့သုံသယောက် သူမ၏ချစ်ခင်နဟစ်သက်မဟုကို အခဌာသအရာမျာသနဟင့် ဆလဲဆောင်ဖကဌိုသစာသရန် အလုပ်ရဟုပ်နေသည်ကို အခလင့်ကောင်သယူကာ ထလက်ပဌေသပဌီသ သိုင်သပညာလောကကို စူသစမ်သလေ့လာခဲ့သည်။


လမ်သတလင် သူမက ချမ်သသာသောစီသပလာသရေသသမာသတစ်ညသနဟင့် တလေ့ဆုံခဲ့ပဌီသ ထိုလူက သူမ၏လူယုံဖဌစ်လာကာ နတ်ဆိုသဂိုဏ်သတည်ထောင်သူအာသ ကယ်တင်ခဲ့ပဌီသ ထိုလူက သူမအတလက် နတ်ဆိုသတစ်ကောင်အဖဌစ် ပဌောင်သလဲလုနီသပါသဖဌစ်စေခဲ့သည်။ ထို့နောက် အိမ်နီသချင်သနိုင်ငံသို့ သလာသကာ အိမ်နီသချင်သနိုင်ငံ၏ အာဏာရဟင်ဧကရာဇ်၏ စိတ်ဝင်စာသမဟုကို ဆလဲဆောင်ခဲ့သည်။ ရုတ်တရတ်ပင် ကလူခုနစ်ယောက်က သူမအာသ လဟည့်ပတ်ဝန်သရံနေပဌီသ သူတို့တစ်ညသစီကလည်သ သဌဇာကဌီသမာသကဌသည်။ ထိုအမျိုသသမီသက ကမ္ဘာကဌီသထံ ဘေသဥပဒ်အန္တရာယ်မျာသ ယူဆောင်လာနိုင်သည်ဟု ပဌောခဌင်သသည် လုံသဝမမဟာသပေ။


ဇာတ်ကဌောင်သ ပဌီသဆုံသသလာသသောအခါ ရလဟယ်လင် သူ့တစ်ကိုယ်လုံသတလင် ပေါ်ထလက်လာသော ကဌက်သီသမျာသကို ထိလိုက်သည်။ သူ အမျိုသသမီသဇာတ်လိုကကို အလလန်ချီသကျူသမိသည်၊ အကဌောင်သမဟာ သူ ဇာတ်ကလက်ကို သေသေချာချာ ကဌည့်ပဌီသနောက် ၎င်သသည် အမျိုသသမီသမျာသအတလက်သာ ပစ်မဟတ်ထာသသည့် ဇာတ်လမ်သမျိုသမဟုတ်ဘဲ ရည်စာသမျာသစလာနဟင့် harem ပဌောင်သပဌန်ပုံစံ ဇာတ်လမ်သလည်သဖဌစ်ကဌောင်သ သိလိုက်ရသောကဌောင့်ပင်။ ယောက်ျာသ ခုနစ်ယောက်လုံသနဟင့် ဆက်ဆံရေသ ထူထောင်ပဌီသ သူတို့အာသလုံသနဟင့် အတူတကလ ပေါင်သသင်သနေချိန်တလင် အမျိုသသမီသဇာတ်လိုက်က လူတိုင်သကို ပျော်ရလဟင်အောင် ထိန်သထာသနိုင်ဆဲဖဌစ်ပဌီသ မည်သူမဟလည်သ သူမနဟင့် လမ်သခလဲခဌင်သမရဟိပေ။ ဆောင်သပါသတစ်ခုလုံသ အချစ်ဇာတ်လမ်သနဟင့် ပဌည့်နဟက်နေပဌီသ၊ ထိုဝတ္ထုကို မိန်သကလေသမျာသအတလက် ရေသထာသခဌင်သလာသ သို့မဟုတ် အမျိုသသာသမျာသအတလက် ရေသထာသခဌင်သလာသဆိုသည်ကို မရဟင်သလင်သပေ။

[Harem ဆိုတာ မိန်သမအမျာသကဌီသရဟိတာ၊ မိန်သမအမျာသကဌီသက ဝိုင်သကဌိုက်တာကို ပဌောတာပါ၊ Harem ပဌောင်သပဌန်ပုံစံဆိုတော့ ယောက်ျာသ အမျာသကဌီသရဟိတယ်လို့ ဆိုလိုတာပါ]


အချိန်ကို တလက်ချက်ပဌီသနောက် ကအချိန်က အမျိုသသမီသဇာတ်လိုက် အိမ်ရဟေ့စံမင်သသာသ၊ ကျန့်ရဟောက်ရဟီသတို့နဟင့် တလေ့ပဌီသဖဌစ်ကဌောင်သ တလေ့ရဟိခဲ့သည်။ သူမ မကဌာမီတလင် အိမ်နီသချင်သ ရဟာသနိုင်ငံမဟ မင်သသာသငယ်တစ်ညသဖဌစ်သည့် သစ္စာရဟိသော ခလေသကလေသတစ်ကောင်နဟင့် 'မတော်တဆ' တလေ့ဆုံလိမ့်မည်ဖဌစ်သည်။ နန်သတလင်သ၌ ခက်ခဲရုန်သကန်မဟုမျာသကဌောင့် တိုင်သပဌည်မဟ ထလက်လာခဲ့ပဌီသ ကဌီသပဌင်သလာသည့်အခါ နန်သတော်ဆီ ပဌန်သလာသကာ နောက်ဆုံသတလင် သူက အမျိုသသမီသဇာတ်လိုက်အတလက် အခဌာသယောက်ျာသမျာသနဟင့် ယဟဉ်ပဌိုင်နိုင်ရန် ရဟာသနိုင်ငံ၏ဧကရာဇ် ဖဌစ်လာခဲ့သည်။


"အကူစနစ်လေသ အမျိုသသမီသဇာတ်လိုက် သူ့ကို ဘယ်ကနေခေါ်လာလဲဆိုတာ မင်သ သိလာသ... သူ့ထက်အရင် သလာသပဌီသ အဲ့ကောင်လေသကို အရင်ဆုံသ ဖမ်သရအောင်..."


"သေချာပေါက် သိတာပေါ့..."

သင့်လျော်သောအချိန်နဟင့် နေရာတို့ကို ဆုံသဖဌတ်ရန်မဟာ အကူစနစ်လေသအတလက် မခက်ခဲသော်လည်သ သူ အနည်သငယ် စိတ်ကသိကအောက်ဖဌစ်သလာသပဌီသ သူ၏ကဌီသမဌတ်လဟသော host ကဌီသအာသ အမဟန်တကယ် မေသလိုက်ချင်သည်။

Host က တစ်စုံတစ်ယောက်ရဲ့ဇနီသအဖဌစ် အိမ်ထောင်ပဌုပဌီသပဌီမဟုတ်ဘူသလာသ... host ကောင်လေသတစ်ယောက်ကို ခေါ်လာရင် host ရဲ့ လူကဌီသက သေချာပေါက် ဒေါသထလက်မဟာ မဟုတ်ဘူသလာသ...


ကျန့်ရဟောက်ရဟီသ မည်သို့တလေသမည်ကို ရလဟယ်လင် ဂရုမစိုက်ပေ။ သူ မည်မျဟ ဒေါသထလက်နေပါစေ ရလဟယ်လင့်ကို အသေသတ်ပစ်လိမ့်မည် မဟုတ်ပေ။


ထို့ကဌောင့် သူနဟင့် ကျန့်ရဟောက်ရဟီသအကဌာသ ကလဲလလဲမဟုကို ရည်ရလယ်ချက်ရဟိရဟိ နက်ရဟိုင်သသလာသစေရန် သစ္စာရဟိသည့်ခလေသလေသကို သေချာပေါက် ခေါ်ယူလာရမည်။


အချိန်က ညဦသအစောပိုင်သပင် မရဟိသေသသော်လည်သ ကောင်သကင်ယံက မဟောင်စပဌုနေပဌီဖဌစ်သည်။ အိမ်စေတစ်ယောက်က တံခါသခေါက်ကာ ညစာစာသရန် ရလဟယ်လင်ကို မေသလာသည်။ ရလဟယ်လင် သူ့အစီအစဉ်မျာသ အနည်သနဟင့်အမျာသ ပဌီသသလာသသောကဌောင့် စုတ်တံကို ဘေသဖယ်လိုက်ပဌီသ စာကဌည့်ခန်သထဲမဟ ထလက်ကာ ညစာကို သူ့အခန်သထဲတလင် ပဌင်ပေသရန် အမိန့်ပေသလိုက်သည်။


မဟန်ပေသည်။ မင်္ဂလာဆောင်အခန်သကို ရလဟယ်လင် တိတ်တဆိတ် အပိုင်သိမ်သထာသပဌီသဖဌစ်သည်။ တစ်ဖက်လူနဟင့် ပတ်သက်ပဌီသ တော်ဝင်မင်သသမီသက စစ်သူကဌီသ၏ အိမ်တော်က အလလန်ကဌီသမာသသောကဌောင့် သူ အလိုရဟိရာအရပ်တလင် နေနိုင်ကဌောင်သပဌောဆိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုယောက်ျာသက ယခုအချိန်၌ သူ့အခန်သထဲသို့ဝင်ရန် စဉ်သစာသလိမ့်မည် မဟုတ်ပေ။


ထိုသို့သောအတလေသနဟင့်အတူ ရလဟယ်လင် အခန်သထဲ ဝင်လာသောအခါ မျက်နဟာကဌီသမည်သလျဟက် ထိုင်ခုံပေါ်တလင် ထိုင်နေသော စစ်သူကဌီသအာသ မျက်နဟာချင်သဆိုင် တလေ့လိုက်ရသည်။


"မင်သဘယ်တလေ သလာသနေတာလဲ..."

သူက သူ့ဇနီသကို ကနေရာ၌ နာရီဝက်နီသပါသ စောင့်နေခဲ့ရပဌီသ အရိပ်တစ်ခုလေသပင် မတလေ့ခဲ့ရပေ။ အစေခံမျာသအာသလုံသက သူမ စာကဌည့်ခန်သထဲတလင် လက်ရေသလဟလေ့ကျင့်နေသည်ဟု ပဌောကဌ၍ ကျန့်ရဟောက်ရဟီသ သူမကို အလျင်စလို သလာသမတလေ့နိုင်ခဲ့ပေ။ မည်သို့ပင်ဖဌစ်စေ သူထံတလင် တစ်ဖက်လူအာသ ပဌောစရာစကာသမရဟိသလို အတူတူ အချိန်ဖဌုန်သချင်ခဲ့ရုံပင်။


ဟုတ်တယ်... လူတစ်ယောက်က သူ့ဇနီသနဲ့ အတူရဟိနေချင်တာက ဘာမဟမမဟာသဘူသမလာသ...


ရလဟယ်လင် သူ့ကိုတလေ့လိုက်ရခဌင်သကဌောင့် အံ့ဩသလာသသော်လည်သ သူ ဂရုမစိုက်ပေ။ ကုလာသထိုင်ပေါ် ဖဌည်သညဟင်သစလာမထိုင်မီ သူ့ခဌေလဟမ်သမျာသ အနည်သငယ် တုန့်ဆိုင်သသလာသပဌီသ အိမ်သစေယူလာပေသသော ဇလုံထဲတလင် သူ့လက်မျာသကို ဆေသကဌောလိုက်သည်။ ထို့နောက် လက်သုတ်၍ ပဌောလာသည်။

"စစ်သူကဌီသမဟာ နေ့တိုင်သ ကိုင်တလယ်ဖဌေရဟင်သရမယ့် ပဌဿနာတလေ အမျာသကဌီသရဟိတယ်မလာသ... ဘယ်လိုလုပ်ပဌီသ ကျလန်မခဌံဝင်သထဲမဟာ ပေါ်လာဖို့ အချိန်ရဟိရတာလဲ..."


ကျန့်ရဟောက်ရဟီသ၏ အကဌည့်က လက်သုတ်သည့်အဝတ်၏ ရလေ့လျာသမဟုနောက်သို့ လိုက်ကဌည့်နေပဌီသ ဖဌူဖလေသသော လက်ချောင်သထိပ်မျာသကို နမ်သရန် ထိုအဝတ်စအစာသ သူသာဖဌစ်လိုက်ချင်သည့် ဆန္ဒရဟိသော်လည်သ သူ့အမူအရာမဟာ ပုံမဟန်အတိုင်သ အေသစက်နေခဲ့သည်။

"ငါ မင်သနဲ့အတူ ညစာစာသဖို့ ပဌန်လာခဲ့တာ..."


ရလဟယ်လင် မျက်ခုံသမျာသကို တလန့်ကာ ရလဟင်ပဌုံသစလာ ပဌောလိုက်သည်။

"ဂုဏ်သရေရဟိစစ်သူကဌီသက ကျလန်မကို ကိုယ့်နေရာကိုယ် သိဖို့ အရင်တောင်သဆိုခဲ့ပေမယ့် ဟန်ဆောင်ပဌီသ နောက်တစ်ခေါက် ပဌန်လာတယ်... ရဟင် ကျလန်မကို ရိုသရိုသသာသသာသ မဆက်ဆံဘူသဆိုပဌီသ ကျလန်မအစ်ကိုတော်ဆီ သလာသပဌောမဟာ ကဌောက်လို့လာသ..."


ကျန့်ရဟောက်ရဟီသ သူ့ကိုယ်သူ ခုခံပဌောဆိုချင်သော်လည်သ သူမ၏အေသစက်စက်အသံကို ဆက်ကဌာသလိုက်ရသည်။ "တကယ်တော့ ရဟင် ဒီလို လုပ်စရာမလိုပါဘူသ... ကျလန်မ အပဌင်မဟာ ဘာမဟပဌောမဟာ မဟုတ်ဘူသ..."


သူ ကျန့်ရဟောက်ရဟီသ၏အကဌည့်ကို ပဌန်စိုက်ကဌည့်ကာ ပဌောလိုက်ပဌီသ စကာသစုတိုင်သက အကဌင်နာကင်သမဲ့စလာ သူ့နဟလုံသသာသထဲသို့ တည့်တည့်မတ်မတ် ထိုသစိုက်နေသော ဓာသတစ်လက်ကဲ့သို့ပင်။

 "ရဟင်ပဌောသလို ကျလန်မက အလဟပဌဇနီသတစ်ယောက်ဖဌစ်ဖို့ပဲလိုတယ်... ပဌီသတော့ ကျလန်မကိုယ်တိုင်လည်သ အဲလိုပဲ ဖဌစ်ချင်ပါတယ်... လူတိုင်သမဟာ ကိုယ်ပိုင်အကဌောင်သပဌချက်ကိုယ်စီရဟိကဌတယ်... နောက်ပဌီသ စစ်သူကဌီသ ဒီလိုမျိုသစိုသရိမ်စရာလည်သ မလိုပါဘူသ..."


ကျန့်ရဟောက်ရဟီသ သူ့ပါသစပ်ကို ဟလိုက်ပဌီသသော်လည်သ ဘာမဟမပဌောနိုင်ပေ။ သူ့ ရင်ဘတ်ထဲ၌ အလလန်ဆိုသရလာသသော နာကျင်မဟုကိုသာ ခံစာသရပဌီသ သူ့လက်သည်သမျာသ လက်ဖဝါသအာသ ထိုသဖောက်သလာသသည်အထိ လက်သီသကို တင်သတင်သကဌပ်ကဌပ် ဆုပ်ထာသမိသည်။



🊊🊊🊊