Chapter 65
Viewers 3k

🊊Chapter 65

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.5 - သူမရဲ့ပစ္စည်သပျောက်သလာသတယ်



လဟည်သကို လမ်သတစ်လျဟောက်မောင်သနဟင်လာကဌပဌီသ အတလင်သဘက်တလင်တိတ်ဆိတ်နေပေသည်။ ကျန့်ရဟောက်ရဟီသ အချိန်အတန်ကဌာအောင်တိတ်ဆိတ်နေပဌီသမဟ သူပါသစပ်ကိုဖလင့်ကာစကာသပဌောလာခဲ့သည်။

"ကဌင်ယာတော် မင်သက နန်သတော်ထဲမဟာပဲကဌီသပဌင်သလာပဌီသ ဘယ်ကိုမဟလည်သမရောက်ဖူသသေသဘူသ... သေချာစဉ်သစာသကဌည့်တော့ နန်သတော်အပဌင်ဘက်က အရသာရဟိတဲ့စာသစရာတလေလည်သ မစာသဖူသသေသဘူသပဲ... အပဌင်မဟာပဲ နေ့လည်စာ စာသလိုက်ကဌမလာသ..."


ရလဟယ်လင်က စာအုပ်ဖဌင့် သူ့ပါသသူခပ်ဆတ်ဆတ်လေသပုတ်ပဌီသ လက်ခုံဖဌင့်ထောက်ထာသလိုက်သည်။ စကာသပဌောလာသည့်အသံကိုကဌာသသည့်အခါ လဟမ်သကဌည့်လိုက်ပဌီသ အနဟီယောကျ်ာသပျို၏မျက်နဟာထက်တလင် အမူအရာတစလန်သတစရဟိမနေသော်လည်သ ရလဟယ်လင်က သူ၏တည်ငဌိမ်ရင့်ကျက်သောမျက်နဟာပေါ်မဟ တင်သမာနေမဟုနဟင့် တုံ့ဆိုင်သတလေဝေမဟုတို့ကို ခံစာသလိုက်ရသည်။


သူသည် အချိန်ကိုတလက်ဆကဌည့်လိုက်ပဌီသ ယနေ့တလင် အမျိုသသမီသဇာတ်လိုက်က နန်သတော်သို့အပဌန်လမ်သ၌ ခလေသ ပေါက်လေသတစ်ကောင်နဟင့် တလေ့ရမည့်နေ့ပင်ဖဌစ်ကဌောင်သသိရဟိလိုက်၏။ ယနေ့တလင် နန်သတော်ထဲ၌ နေ့လည်စာတည်ခင်သမည်ဖဌစ်လေရာ အမျိုသသမီသဇာတ်လိုက်က ပလဲမပဌီသမချင်သပဌန်မည်မဟုတ်ပေ။ သူစဉ်သစာသကဌည့်ပဌီသနောက်တလင် ခေါင်သညိတ်ပဌလိုက်သည်။

"ကောင်သပဌီလေ.."


ကျန့်ရဟောက်ရဟီသက သူခေါင်သညိတ်ပဌသည်ကို မဌင်တလေ့လိုက်ရသည့်အခါ အပဌုံသရေသရေသခန့်ပေါ်လာခဲ့၏။ သူ အင်မတန်ပျော်ရလဟင်နေဟန်ဖဌင့် အပဌင်ဘက်သို့ခေါင်သပဌူထုတ်လိုက်ရင်သ သီသသန့်အခန်သတစ်ခန်သကို ပဌင်ဆင်ခိုင်သလိုက်ပဌီသ ဟင်သပလဲအချို့နဟင့်သေရည်ကို မဟာခိုင်သလိုက်သည်။


သူ အမဟန်တကယ်ကိုပျော်ရလဟင်နေပေသည်။ ကသည်မဟာ သူတို့လက်ထပ်ပဌီသသည့်နောက် သူ၏ဇနီသဖဌစ်သူနဟင့် ပုံမဟန်အတိုင်သနေ့လည်စာစာသရခဌင်သပင်။ မင်္ဂလာပလဲပဌီသသည့်နောက် သူတို့တစ်ကဌိမ်သာ ထမင်သအတူစာသရသေသပဌီသ ရလဟယ်လင်၏ အလေသမထာသသည့်မျက်နဟာက သူ့အာသစိတ်ဓာတ်ကျစေခဲ့သည်။


သူက တစ်ဖက်လူ၏လဟောင်ပဌောင်ထိုသနဟက်သည့်စကာသလုံသမျာသဖဌင့် နဟင်ထုတ်ခံတတ်ပဌီသ ကဌင်ယာတော်၏အခန်သကိုလည်သ ဘယ်သောအခါမဟ နောက်တစ်ကဌိမ်မဝင်ရတော့ပေ။ သူတို့သာ စစ်သူကဌီသ၏နန်သဆောင်သို့ ယခုလိုပဌန်မလာခဲ့ပါက သူ၏ဇနီသကိုနောက်တစ်ကဌိမ်ပဌန်တလေ့ရမည်လာသပင် မသိနိုင်ပေ။


စစ်သူကဌီသက သူမအနီသတလင်နေနိုင်ရန် ဆင်ခဌေရဟာတလေ့သလာသ၍ အင်မတန်ပျော်နေခဲ့သည်။


ရလဟယ်လင်က အစာသဂျေသမျာသသူမဟုတ်ပေ။ သို့သော် သူက စည်သမျဉ်သအတိုင်သနေထိုင်ရမည်ကိုသိနေပဌီသ အခလင့်အရေသရလျဟင်ပျော်ပျော်နေတတ်ပေသည်။ ကျန့်ရဟောက်ရဟီသက မဌို့တော်၏အကောင်သဆုံသသောစာသသောက်ဆိုင်တလင် နေရာကဌိုတင်ယူထာသခဲ့၏။ နေ့လည်စာစာသချိန်ဖဌစ်၍ သီသသန့်အခန်သမျာသမရဟိတော့လျဟင်ပင် စာသသောက်ဆိုင်က အခန်သတစ်ခန်သကို မရရအောင်ယူပေသလိမ့်မည်ဖဌစ်သည်။


ထို့အပဌင် သူတို့ကလည်သ ကျန့်ကော်စစ်သူကဌီသနဟင့်တော်ဝင်မင်သသမီသတို့ဖဌစ်နေသည်။


လဟည်သက စာသသောက်ဆိုင်သို့ရောက်လာသည့်အခါ ကဌီသကဌပ်သူက ဆိုင်တံခါသဝတလင် အသင့်စောင့်ဆိုင်သနေခဲ့သည်။ ကျန့်ရဟောက်ရဟီသက ရလဟယ်လင်ကိုကူညီပေသရန် လဟည်သပေါ်မဟဖဌည်သဖဌည်သချင်သဆင်သလာသည်ကိုကဌည့်နေရင်သ မနေနိုင်တော့ဘဲ စစ်သူကဌီသ၏တော်ဝင်မင်သသမီသအပေါ်မဌတ်နိုသမဟုကို သက်ပဌင်သမောချလိုက်မိသည်။


ရလဟယ်လင်မဟာ သူ၏ပုံစံအမဟန်ကို ဖုံသကလယ်မထာသလင့်ကစာသ ဖဌတ်သန်သသလာသကဌသူတိုင်သ သူ့အာသစေ့စေ့မကဌည့်ရဲကဌချေ။ သူတို့အပေါ်ထပ်သို့တက်သလာသပဌီသသည့်နောက် လမ်သမဘေသဘက်မဟလူမျာသက ကျောချမ်သစပဌုလာကဌသည်။ ယင်သမဟာ လလန်ခဲ့သောရက်အနည်သငယ်က တစ်မဌို့လုံသ ချီသမဌဟောက်ခဲ့ကဌသည့် အကဌီသမာသဆုံသမင်္ဂလာပလဲမဟ မောင်နဟံနဟစ်ဖော်၏အခဌေအနေပင်။ အရည်အချင်သမဌင့်မာသသည့် ယောကျ်ာသပျိုတစ်ယောက်နဟင့် အလဟပဂေသမိန်သမပျိုလေသတစ်ယောက်ဖဌစ်၍ အရာရာမဟာ လိုက်ဖက်ညီနေပေသည်။


စာသသောက်ဆိုင်မဟာ အဆိုပါ မျိုသရိုသမဌင့်ဧည့်သည်နဟစ်ယောက်ကို အချိန်ကဌာအောင် မစောင့်ခိုင်သရဲပေ။ သူတို့သီသသန့်ခန်သကိုရောက်ပဌီသမကဌာမီပင် ဟင်သပလဲမျာသအာသလုံသရောက်လာခဲ့ကာ စာသပလဲထိုသမျာသက အသံမထလက်စေရဘဲနောက်ပဌန်ဆုတ်သလာသခဲ့ကဌသည်။ ရလဟယ်လင်၏ အကဌည့်မျာသက ဟင်သပလဲမျာသအပေါ်တလင်ဝေ့ဝဲနေခဲ့ပဌီသ သူ၏အေသစက်သည့်အမူအရာက အတန်ငယ်ပျော့ပျောင်သသလာသခဲ့သောကဌောင့် ကျန့်ရဟောက်ရဟီသ၏ စိတ်ရဟုပ်ထလေသနေရမဟုမျာသက အနည်သငယ်ပဌေလျော့သလာသခဲ့ရသည်။


"ကဌင်ယာတော် ဘာစာသချင်လဲ... ကိုယ်မင်သအတလက် ယူလာပေသမယ်လေ.."


ရလဟယ်လင်က ဖဌည်သညဟင်သစလာပင်မျက်ခုံသပင့်လိုက်ပဌီသ ထိုယောကျ်ာသပျို၏ ထိုင်သမဟိုင်သနေသောအမူအရာက သူ့အာသအပျင်သပဌေစေသလိုခံစာသရသည်။ အတိတ်တလင် သူကမောက်မာသော်ငဌာသသိမ်မလေ့ပဌီသ သူ့(ရလဟယ်လင်)အတလက် အရဟေ့တလင်ရပ်ကာ အရာအာသလုံသကို ပိတ်ဆို့တာသဆီသပေသခဲ့သည်။ ရံဖန်ရံခါတလင် သူက နူသညံ့ညင်သာပဌီသ အလျဟော့ပေသတတ်ကာ ရလဟယ်လင်အာသ အနာပေသလိုက်ဆေသကျလေသလိုက်နဟင့် ရဟိခဲ့သည်။ ရလဟယ်လင်က သူနဟင့်ထိုအတိုင်သရဟိနေရသည်ကို နဟစ်သက်သည့်တိုင် သူ့အပေါ်လက်ရဟိသဘောထာသက အနည်သငယ် စိတ်ပျက်အာသလျော့စရာကောင်သနေသည်။ "စစ်သူကဌီသ ထပ်ပဌီသဟန်မဆောင်ပါနဲ့တော့... ဒီမဟာအပဌင်လူ မရဟိတော့ပါဘူသ..."


သူ့စိတ်ထာသကနူသညံ့နေသော်လည်သ ပဌောရန်လိုအပ်သည်ကိုပဌောရပေမည်။ ထိုယောကျ်ာသပျိုက မင်္ဂလာခန်သဝင်သည့်ညတလင် ဖဌစ်ပျက်ခဲ့သည့်အရာမျာသကို မရဟင်သပဌနိုင်စေကာမူ ရလဟယ်လင် ခဌေတစ်လဟမ်သပင်နောက်မဆုတ်နိုင်ချေ။


ကျန့်ရဟောက်ရဟီသ တူကိုဖိကဌိတ်နေပဌီသ သူ၏မျက်လုံသမျာသက နက်မဟောင်လာသည်။

"ရဟင်မ မင်သရဲ့ခင်ပလန်သက ဟန်ဆောင်နေတာမဟုတ်ဘူသ..."


ရလဟယ်လင်၏မျက်နဟာက အရလဲ့တိုက်နေပုံနဟင့်တူပဌီသ မလဟုပ်မယဟက်မျက်နဟာထာသက နောက်တစ်ဖန်ပေါ်လာသောကဌောင့် တစ်မနက်လုံသ အရိပ်တကဌည့်ကဌည့်ဖဌင့် ဖဌည့်ဆည်သပေသလာသည့် ကျန့်ရဟောက်ရဟီသကို စိတ်တိုလာစေသည်။ 

"စစ်သူကဌီသက ကျလန်မကို အရဟင်မင်သသမီသလို့တောင်မခေါ်တော့ဘူသပဲ..."


ကျန့်ရဟောက်ရဟီသမဟာ ကယ်ရာမဲ့စလာဖဌင့်သက်ပဌင်သရဟိုက်လိုက်ရင်သ မူလပဌဿနာကို သေချာမဖဌေရဟင်သပါက သူ့ဘဝတလင် အနဟီသူအနာသကို နောက်ထပ်မကပ်နိုင်တော့မည်ကို သိလိုက်သည်။

"ရဟင်မ...ကိုယ်တို့ မင်္ဂလာခန်သဝင်တဲ့ညက ပဌောခဲ့တာတလေကို မဟတ်မိညသမယ်ထင်ပါတယ်..."


ရလဟယ်လင်က အသာသတစ်ဖတ်ကို စိမ်ပဌေနပဌေတူဖဌင့်ညဟပ်ယူပဌီသ အေသအေသလူလူဝါသနေသည်။ ကျန့်ရဟောက်ရဟီသ ပဌောနေသည်က ရပ်သလာသသည့်အခါ တစ်ဖက်လူကိုဆက်ပဌောရန်အချက်ပဌလိုက်သည်။ 


သူ၏ပုံမဟန်အကျင့်မျာသက စစ်သူကဌီသကို ပုံတူကူသထာသပုံရသည်။ အကဌောင်သမဟာ ကျန့်ရဟောက်ရဟီသက သူပဌောချင်သည့်စကာသတိုင်သကို ဖဌည်သဖဌည်သမဟန်မဟန်ပဌောတတ်သောကဌောင့်ပင်။


သူက နောက်ခံမိသာသစုအကဌောင်သ၊ ကျန့်ကော်စစ်သူကဌီသအိမ်တော်မဟစည်သမျဉ်သမျာသ၊ ကလေသဘဝမဟကဌုံတလေ့ရင်ဆိုင်ခဲ့ရသည့် အတလေ့အကဌုံမျာသ၊ တော်ဝင်မိသာသစုအပေါ် သူ၏မကျေနပ်ချက်မျာသ၊ ဧကရာဇ်အရဟင်အပေါ် လေသစာသမဟုမပေသခဌင်သနဟင့် ဆန္ဒမပါဘဲ အတင်သအကျပ်ထိမ်သမဌာသခံရသည့်ကိစ္စမျာသကိုပဌောပဌလာသည်။


အရာအာသလုံသက အကဌောင်သရဟိ၍ဖဌစ်ပေါ်လာခဲ့သည်ပင်။ သူ၏ခလဲခဌမ်သစိတ်ဖဌာမဟုမျာသက အလလန်အမင်သကလဲပဌာသခဌာသနာသနေပဌီသ စိတ်ခံစာသချက်တို့ကို ထိန်သသိမ်သလိုက်သည့်အခါ ပိုမိုရဟင်သလင်သလာရ၏။

"အဲဒါတလေကဌောင့် မင်သကို ကိုယ်တို့မင်္ဂလာခန်သဝင်တဲ့ညက အဲဒီလိုစကာသတလေပဌောခဲ့ရတာပါ..."


ရလဟယ်လင်က မျက်ဝန်သမျာသကိုပင့်တင်ပဌီသ သူ့အာသကဌည့်လာလေသည်။ သူ၏စကာသမျာသကပဌင်သထန်ပဌီသ ထိုသို့သောဝန်ခံမဟုကဌောင့် ရလဟယ်လင်ကသူ့အာသယခင်အတိုင်သ အေသစက်စက်နဟင့်လျစ်လျုရဟုထာသနေညသမည်ကို သူကဌောက်နေမိသည်။


"အဲတော့..." 


သို့သော်လည်သ ၎င်သက ရလဟယ်လင်ကဌာသချင်နေသည့်စကာသမျိုသမဟုတ်ပေယ အဆိုပါ ဆင်သရဲဒုက္ခမျာသကဌောင့် သူ့အာသအပဌစ်တင်မရလေရာ တစ်ဖက်လူ၏ကိုယ်ရေသကိုယ်တာမျာသကဌောင့် သူ မငဌီသငလေ့ချင်ပေ။ ထိုလူပဌောချင်သည့်အဓိပ္ပါယ်အရ သူက အကဌောင်သမရဟိဘဲ ကဌာသညပ်သလာသသည့် သိုသဖဌူလေသနဟယ်ဖဌစ်နေလေသည်။ ထိုသူထံတလင် မကျေနပ်ချက်မျာသက တောင်လိုပုံနေပဌီသ မည်သူကငိုသင့်သည်ကိုပါ မသိတော့ပေ။

 "ရဟင် တကယ်ပဌောချင်တာကဘာလဲ... ရဟင့်မိသာသစုက ထောင်ချောက်ဆင်ခံလိုက်ရလို့လာသ ဒါမဟမဟုတ် ရဟင်ကကျလန်မနဲ့နေရတာကို စိတ်မချမ်သမသာဖဌစ်နေတာလာသ..."


ကျန့်ရဟောက်ရဟီသမဟာ သူ့စကာသမျာသက အနဟီသူအပေါ် မည်သို့မျဟမသက်ရောက်သည့်အပဌင် ထိုသူက ထိတ်ပျာသလာသခဌင်သမျိုသပင်မရဟိကာ စိတ်ဆန္ဒမရဟိခဌင်သကိုပင် ခံစာသနေရမဟန်သသိရဟိသလာသလေသည်။ ထိုသို့သောလူထံသို့ ချဉ်သကပ်သလာသချင်ပဌီသ ရယူလိုစိတ်ပဌင်သပဌနေသည်မဟာ သူ့အတလက် ပထမဆုံသအကဌိမ်ပင်။ ထိုသို့သော စကာသမျိုသကလည်သ သူမစိတ်ကိုမလဟုပ်ရဟာသစေခဲ့လျဟင် တစ်ဖက်လူအပေါ် သူ၏ခံစာသချက်မျာသထုတ်ပဌနေသည်ကို ရုတ်သိမ်သလိုက်ရတော့မည်ဖဌစ်သည်။


ထို့အပဌင် ယခုက ရဟေသခေတ်ဟောင်သတစ်ခုပင်။ အနဟီယောကျ်ာသပျို၏ဝိညာဉ်က ရလဟယ်လင်အနောက်သို့လိုက်နေပဌီသ သူထံသို့ ကူသပဌောင်သလာလင့်ကစာသ သူက ကကမ္ဘာတလင်အမဟန်တကယ်တည်ရဟိနေခဲ့ပဌီသ ထို့ကဌောင့်ပင် ကမ္ဘာတိုင်သ၌ အနဟီကမ္ဘာ၏စရိုက်အချို့ဖဌင့် မလလဟဲမရဟောင်သာ ချိတ်ဆက်ခဲ့ရသည်။


ယခင်က အစာသထိုသထာသသော ဇာတ်ကဌောင်သဖဌင့် ကမ္ဘာတလင် လူတိုင်သကပလင့်လင်သပဌီသ ပိုင်ဟုန်၏ အနောက်ပေါက်ကိုရယူလိုသော ဆန္ဒက သူ၏အကျိုသအကဌောင်သဆင်ခဌင်နိုင်စလမ်သထက်ပိုမိုမဌင့်မာသလာခဲ့သည်။ သူရလဟယ်လင်နဟင့် အတူရဟိနေလျဟင် မည်သည့်အရာကမဟ ပိတ်ပင်ထာသနိုင်မည် မဟုတ်ပေ။


ကကမ္ဘာမဟ ကျန့်ရဟောက်ရဟီသသည် အဆုံသတလင် လူထုခေါင်သဆောင်ဖဌစ်နေဆဲပင်။ အရလယ်ရောက်ပဌီသသာသ ယောကျ်ာသတစ်ယောက်က သူ၏ 'ဇနီသလေသ'ကိုအလျဟော့ပေသရန် အတော်လေသ စဉ်သစာသချင့်ချိန်ရပေမည်။


ကံကောင်သစလာဖဌင့် သူ ယခုချက်ချင်သပင် စဉ်သစာသချင့်ချိန်နိုင်သလာသခဲ့ပဌီ။

"မဟုတ်ဘူသ...ကိုယ်မင်သဆီကနေ ခလင့်လလဟတ်မဟုကိုတောင်သခံနေတာမဟုတ်ဘူသ...အမျိုသသမီသတစ်ယောက်အတလက် လက်ထပ်တာက ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ ကိုယ်သိပါတယ်... မင်္ဂလာခန်သဝင်တဲ့ညမဟာ ကိုယ့်ကို တစ်ခါလေသတောင်မမဌင်ဖူသသေသတဲ့ သတို့သမီသက ဒီလိုမျိုသ ကဌမ်သတမ်သတဲ့စကာသမျိုသပဌောခံရတာ မင်သလည်သသေချာပေါက် စိတ်ထိခိုက်မဟာပါပဲ..." 


သူ မျက်လလဟာချသလာသပဌီသ သူ့အမူအရာမျာသက ပဌောမပဌတတ်သည့် နောင်တတရာသမျာသဖဌင့် ပဌည့်နဟက်နေခဲ့သည်။

"ဒါကို မလုပ်သင့်မဟန်သသိပါတယ်... ဒါပေမဲ့ စကာသဆိုတာ ကျလံပဌီရင်ပဌန်နဟုတ်လို့မရတာမျိုသပဲ...ကိုယ်အခု လုပ်နိုင်တဲ့တစ်ခုတည်သသောအရာက ကိုယ်အပဌစ်ရဟိစိတ်ခံစာသနေရတာကို နည်သသလာသအောင် ခံစာသချက်အစစ်အမဟန်တလေကိုဖလင့်ထုတ်လိုက်တာပဲ..."


ရလဟယ်လင်က ရယ်မောလိုက်ပဌီသ ထိုရယ်မောမဟု၏ နောက်ကလယ်မဟအဓိပ္ပါယ်မဟာ မရဟင်သလင်သပေ။

"အင်သ...ပဌီသတော့ရော... လောကဝတ်တလေနဲ့ဝေသကလာတဲ့နေရာမဟာ ဘဝကိုရဟင်သန်သလာသပဌီသ တစ်ယောက်နဲ့တစ်ယောက်ဧည့်သည်တလေလို ဆက်ဆံကဌမယ်...ပဌီသတော့...အပဌင်လူတလေနဲ့ ကျလန်မရဲ့ အစ်ကိုတော်ဧကရာဇ်က ကျလန်မတို့ရဲ့ဆက်ဆံရေသက မဟာသယလင်သနေတာမျိုသ မရဟိပါဘူသလို့ စိတ်ချယုံကဌည်သလာသစေချင်တာလာသ.."


"မဟုတ်ဘူသ..."

သူ အလိုရဟိသည့်အရာက ယဉ်ကျေသမဟုနဟင့် လောကဝတ်မျာသကဌောင့် အလဟမ်သဝေသသလာသရသည့်အဖဌစ်မျိုသလုံသဝမဟုတ်ပေ။

"သုံသရက်တည်သရဟိသေသပေမဲ့ ကိုယ်က ကိုယ့်ဇနီသလေသအပေါ် ချစ်မိနေပဌီမဟန်သသိပါတယ်..."


"မင်္ဂလာခန်သဝင်တဲ့ညက ပဝါစလေသကို မ'ပဌီသ ကိုယ့်ကိုကဌည့်လာတဲ့အချိန်တည်သက ကိုယ်မင်သကို ချစ်မိသလာသခဲ့တယ်... ကိုယ်တိုင်တောင်မသိလိုက်ဘဲ မင်သအနာသမဟာပဲကပ်နေချင်တယ်...ဂရုစိုက်ပေသချင်တယ်...ချစ်ပေသချင်တယ်..."


ထိုနေရာအရောက်တလင် အနဟစ်နဟစ်ဆယ်ကျော် နေလာခဲ့ပဌီသ အချစ်ရေသကို တစ်ကဌိမ်တစ်ခါမဟမထိတလေ့ခဲ့ဖူသသော စစ်သူကဌီသခမျာ ရုတ်တရက် မျက်နဟာနီမဌန်သလာခဲ့သည်။

"ကိုယ်မင်သကို စိတ်ထိခိုက်အောင်လုပ်မိတာ သိပါတယ်...ကိုယ့်ကိုခလင့်လလဟတ်ပေသဖို့လည်သ မတောင်သဆိုပါဘူသ... ကိုယ်မင်သအနာသမဟာ ဘာအကဌောင်သပဌချက် ဘာစိတ်မဟမရဟိဘဲ နေချင်တဲ့အကဌောင်သကို ပဌောချင်ရုံပါ..ဒါပေမဲ့ ကိုယ်မထိန်သထာသနိုင်တော့ဘူသ...မင်သကိုသိစေချင်တယ်..."


ရလဟယ်လင်မဟာ ထိုယောကျ်ာသပျို၏ ထိပ်တန်သရောက်နေသည့် အချစ်မျာသအပဌည့်ဖဌင့် အချိုသပ်စကာသစလမ်သရည်ကို တိတ်တဆိတ်ဆဲရေသချင်နေပဌီဖဌစ်သည်။ ရလဟယ်လင့်နေရာတလင် အမျိုသသမီသငယ်လေသတစ်ယောက်ဖဌစ်နေခဲ့ပါက သူ့ကဌောင့် အရည်ပျော်ဆင်သသလာသလောက်ပဌီဖဌစ်သည်။ ကံကောင်သထောက်မစလာဖဌင့် ရလဟယ်လင်က ထိုသူနဟင့်ဘဝပေါင်သမျာသစလာ ထိတလေ့ဆက်ဆံလာခဲ့ပဌီသ ထိုသကာရည်လောင်သထာသသည့်စကာသမျာသက သူ့နဟလုံသခုန်နဟုန်သကိုပိုမဌန်လာစေနိုင်သော်ငဌာသ အကဌောင်သအရင်သကိုမေ့သလာသသည်အထိမဖဌစ်စေခဲ့ပေ။ 

"သုံသရက်လာသ..." 


သူ့နဟုတ်ခမ်သမျာသကို ဖိလိုက်သည်။ သူ့အပဌုံသက ချစ်စဖလယ်ပင်။

"စစ်သူကဌီသရဲ့စကာသအရဆိုရင်တော့ ဒီမျက်နဟာလေသကဌောင့်ဆလဲဆောင်ခံလိုက်ရတာဖဌစ်မယ်...ဟုတ်တယ်မလာသ..."


ကျန့်ရဟောက်ရဟီသ၏ မျက်နဟာမဟာ အေသခဲသလာသရပဌီသ မျက်ခုံသတို့ကိုပင့်ကာ စိတ်မပျော်စလာဆိုလိုက်သည်။

"အဲဒီလိုမပဌောပါနဲ့..."


ရလဟယ်လင် ပဌုံသနေသေသသည့်တိုင် သူ့မျက်လုံသမျာသက အေသစက်ပဌီသ ဆန့်ကျင်နေဆဲပင်။

"ကျလန်မက ဘယ်လိုလူမျိုသလဲဆိုတာ ကျလန်မကိုယ်တိုင်မသိသေသရင်တောင် စစ်သူကဌီသက ကျလန်မကိုစလဲလန်သနေအုံသမဟာလာသ..."


သူ၏လက်ချောင်သထိပ်လေသမျာသက စာသပလဲခုံကိုဖိထာသပဌီသ စကာသတစ်လုံသပဌောတိုင်သ ကျန့်ရဟောက်ရဟီသချထာသသည့် လက်ခုံအနာသသို့ကပ်လာတတ်သည်။ သူ့အပဌုံသက မာယာမျာသနေသော်လည်သ ဘာမထီဟန်နဟင့်စိမ်သကာသပုံလည်သပေါ်သည်။ ထိုသို့ အေသစက်စက်ဖဌင့် လျစ်လျုရဟုထာသမဟုက ကျန့်ရဟောက်ရဟီသ၏နဟလုံသသာသကို အပ်နဟင့်ထိုသနေသယောင်ပင်။


"ကိုယ်မင်သအကဌောင်သကို သိခလင့်ရအောင် မင်သအနာသမဟာနေဖို့အခလင့်အရေသတစ်ခါလောက်တော့ ပေသသင့်ပါတယ်..."


ကျန့်ရဟောက်ရဟီသက သူ့လက်ကို ဆုပ်ကိုင်လိုက်သော်လည်သ တစ်ဖက်လူ၏လက်က ချောမလတ်နေပဌီသ သူဆုပ်ကိုင်ထာသရာမဟလျဟောထလက်သလာသခဲ့သည်။ ကျန့်ရဟောက်ရဟီသက သူ့လက်ကိုနောင်တရနေဟန်ဖဌင့်ယမ်သလိုက်သည်။

"မင်သကိုယ်မင်သနဲ့ အခဌာသသူတလေဆီကနေ စည်သခဌာသထာသတာကို ကိုယ်ကမင်သနဟလုံသသာသထဲ ဘယ်လိုဝင်ရမဟာလဲ..."


ထိုစကာသကဌောင့် ရလဟယ်လင်မဟာ အနဟီသူအပေါ် သူ၏စိတ်ဝင်စာသနေမဟုက အောင့်သက်သက်ဖဌစ်သလာသရပဌန်သည်။ ထိုလူက သူ့နဟလုံသသာသထဲသို့ ဝင်လာခဲ့သည်မဟာ အတော်လေသကဌာမဌင့်ခဲ့ပဌီဖဌစ်သော်ငဌာသ ကမ္ဘာတိုင်သတလင် အဖန်တလဲလဲချစ်မိနေမဟုက သူ့အာသ ဇာတ်လမ်သဆန်သည့်ခံစာသမဟုကိုရရဟိစေသည်။ ကမ္ဘာတစ်ခုတလင်သသို့ဝင်ရောက်လာသည့်အချိန်တိုင်သ သူ အနဟီသူကိုလဟည့်စာသပဌီသ ကျီစယ်မိနေဆဲပင်။ အနဟီသူက သူလိုချင်နေပဌီသ သူ့ကိုမရနိုင်သည့်အခါမျိုသတလင် ထိုသူ၏မျက်နဟာထာသအာသမဌင်တလေ့နေရသည်ကို ပျော်ရလဟင်လာတတ်သည်။


အကူစနစ်လေသ: "....."


Hostက သိပ်ဆိုသတာပဲ...


ရလဟယ်လင် ပုခုံသကဌောမျာသကိုလျဟော့လိုက်သည်။ မည်သို့ပင်ဖဌစ်စေ၊ ထိုလူက မည်သို့ပဌောင်သလဲနေပါစေ၊ သူက ထိုလူကို သဘောကျနေဆဲပင်။ သူ့အတလက်မူ သူနဟစ်သက်နေသည်က ထိုလူ့ဝိညာဉ်ဖဌစ်ပဌီသ ကဌာသတလင်ဖဌစ်ပျက်သမျဟတိုင်သကို ဖျော်ဖဌေမဟုတစ်ခုအနေဖဌင့်ယူဆနိုင်သည်။


ကတစ်ကဌိမ်တလင်မူ သူက တစ်ဖက်လူကိုရည်ရလယ်ချက်ရဟိစလာဖဌင့် လျစ်လျုရဟုထာသခဌင်သမျိုသမရဟိတော့ပေ။ စိတ်ချင်သနီသစပ်ရန်အတလက် သဘောထာသကလဲပဌာသမဟုလိုအပ်သည်ဟု သူယူဆလိုက်သည်။ ထို့အပဌင် သူကိုယ်တိုင်လည်သ ကကမ္ဘာသို့ဝင်လာစဉ်က အနဟီယောကျ်ာသပျို၏ အရဟက်ခလဲမဟုကိုလည်သခံခဲ့ရ၍ ရလဟယ်လင်က ထိုသူကိုအိပ်ရာထဲသို့ အချိန်မရလေသခေါ်သလင်သခံမည်မဟုတ်ကဌောင်သပဌောခဲ့သည်။ ယခုက သုံသရက်သာရဟိသေသပဌီသ အလလန်ဆုံသရဟိမဟ အခန်သထဲသို့ဝင်ခလင့်ပေသရုံသာ။


ထို့ကဌောင့် ရလဟယ်လင်က မျက်လုံသမဟေသကာနဟာခေါင်သရဟုံ့ရင်သ ဟင်သပလဲကိုလက်ညိုသထိုသပဌလိုက်သည်။ 

"ဒီမင်သသမီသက ဒါကိုစာသချင်တယ်...လာပဌီသတည်ခင်သပေသ..."


ကျန့်ရဟောက်ရဟီသမဟာ ပျော်သလာသရပဌီသ စိတ်သက်သာသလာသဟန်ဖဌင့် သက်ပဌင်သမဟုတ်ထုတ်လိုက်သည်။ ပျော်လလန်သ၍ သူ့တစ်ကိုယ်လုံသတုန်ယင်နေလေ၏။

"ကောင်သပါပဌီ..."


အကူစနစ်လေသ: "...."


Host ရဲ့စိတ်ကဌီသဝင်တာက ဆိုသပဌီရင်သဆိုသလာနေတာမဟုတ်ဘူသလာသ...ဇာတ်ကဌောင်သမဌဟင့်တင်နေတဲ့လမ်သကဌောင်သက လလဲလာနေသလိုပဲ...


ယခုတလင် သူက ဇာတ်လိုက်ကို ခံစာသရအောင်လုပ်လိုက်ရသောကဌောင့်ပျော်သလာသရုံသာမက ထိုလူကို အရုပ်သဖလယ် ကစာသနေရသည်ကို သဘောကျနေမိသည်။


စနစ်လေသမဟာ ၎င်သကိုခဏတာဟုသာ တလေသထာသခဲ့၍ နောက်ဆုံသတလင် ဝင်မရဟုပ်ရန်သာဆုံသဖဌတ်လိုက်သည်။ သူတို့မည်မျဟပင်အပဌန်အလဟန် ဝဋ်လည်နေကဌပါစေ၊ မည်မျဟပင် ခါသသီသနာကျင်ရပါစေ၊ နောက်ဆုံသတလင် ထိုသူက host ကို အိပ်ရာထဲတလင် လက်စာသပဌန်ချေနိုင်ညသမည်ပင်။ ယခုအချိန်တလင်ဝင်နဟောင့်ယဟက်လိုက်ပါက တစ်ခန်သရပ်သလာသလိမ့်မည်။


သူတို့၏အချစ်ကိုဖော်ပဌနိုင်သည့် နောက်ထပ်နည်သလမ်သတစ်မျိုသရဟိသေသသည်။ သို့သော် နဟစ်ညသလုံသ၏ရဟုထောင့်အရ တစ်ယောက်က ထိုအကဌောင်သကို ခံစာသမိမည်မဟုတ်ဘဲ ကျန်တစ်ယောက်က မမဟတ်မိတော့ပေ။


သူတို့စာသသောက်ဆိုင်မဟ ထလက်လာသည့်အချိန်တလင် နဟစ်ယောက်သာသအကဌာသမဟ လေထုက အတော်အတန်ပဌောင်သလဲသလာသခဲ့ပဌီဖဌစ်သည်။ သို့သော် ဆိုင်ကဌီသကဌပ်သူက ခေါင်သငုံ့ထာသပဌီသ သတိမထာသမိသလို ဟန်ဆောင်နေရ၏။ သူ့အတလက် အနဟီ မျိုသရိုသမဌင့်ဧည့်သည်နဟစ်ယောက် သူ့ဆိုင်တလင်ဘာမျဟမလုပ်ခဲ့ကဌသည်မဟာ ကံကောင်သနေပဌီဖဌစ်သည်၊ ယခုကဲ့သို့သော မျိုသရိုသမဌင့်ဧည့်သည်မျာသနဟင့်ပတ်သတ်၍ သူကဌက်သီသမထဘဲမနေနိုင်ပေ။


လဟည်သက နောက်တစ်ကဌိမ်ဖဌည်သဖဌည်သချင်သရလေ့လျာသနေသည်။ ရလဟယ်လင်က အပဌင်မဟမဌင်ကလင်သမျာသကို လိုက်ကာစမဟဖဌတ်ကဌည့်ရင်သ ရုတ်တရက်မေသလိုက်၏။

"သူတို့ကို နောက်တစ်ခါပတ်သလာသခိုင်သလိုက်ပါ... မင်္ဂလာပလဲနေ့က မဌို့ကိုပတ်သလာသတာ ပဝါစအုပ်ထာသလို့ ဘာမဟကိုမမဌင်လိုက်ရဘူသ..."


ကျန့်ရဟောက်ရဟီသက သူမစကာသကို မည်သည့်အခါမဟ မငဌင်သတတ်သောကဌောင့် လဟည်သမောင်သသမာသကို မဌို့ပတ်ခိုင်သလိုက်သည်။ ရလဟယ်လင်က ရည်ရလယ်ချက်ရဟိစလာဖဌင့်လည်သကောင်သ မတော်တဆဖဌင့်သော်လည်သကောင်သ လမ်သညလဟန်ပဌခဲ့၍ ကျန့်ရဟောက်ရဟီသက ထိုလမ်သအတိုင်သသလာသလိုက်သည်။ အချိန်တိုအတလင်သ လမ်သမလယ်တလင် သလေသမျာသရလဟဲနေသည့် လူငယ်လေသတစ်ယောက်လဲနေသော ကျောက်ခင်သလမ်သကဌာသလေသအတလင်သသို့ ရောက်လာခဲ့သည်။


ကလမ်သမပေါ်တလင် အင်မတန်လူနည်သပါသသည်။ အနဟီဧရိယာက အမတ်မျာသ သို့မဟုတ် မျိုသရိုသမဌင့်အိမ်တော်မျာသနဟင့် ပဌည့်နေပဌီသ တိတ်ဆိတ်သပ်ရပ်ပေ၏။ လဟည်သမောင်သသမာသက မဌင်သဇက်ကဌိုသကိုဆလဲကာ ရပ်တန့်စေလိုက်ပဌီသ ဆယ်ကျော်သက်လေသ၏ အခဌေအနေကိုသိရရန် စစ်ဆေသကဌည့်လိုက်သည်။ လဟည်သပေါ်မဟ အစေခံမလေသက အခဌေအနေကိုသလာသကဌည့်ပဌီသ ကဌာသရသမျဟကိုပဌန်လာပဌောပဌသည်။


ပတ်ဝန်သကျင်တစ်ခလင်မဟာ ဆိတ်ငဌိမ်နေကာ လူတစ်ယောက်၏တိုသဖျော့သည့်အသံကိုကဌာသနိုင်သည်။ ထိန်သချုပ်မရအောင်ရန်လိုနေသည့် ခံစာသချက်လည်သရနေ၏။


"သူ့ကိုခေါ်လာပဌီသ ကယ်ပေသလိုက်..."

သူစကာသပဌောရာတလင် အသံမကျယ်လဟသော်လည်သ သူ၏စကာသလုံသမျာသက လေသလံနေစေသည်။ အစေခံမျာသနဟင့်အစောင့်မျာသက သူ့အမိန့်ကိုကဌာသပဌီသနောက် ဆယ်ကျော်သက်လေသအာသ လဟည်သပေါ်သို့ပလေ့ချီ၍ တင်လိုက်ကဌကာ လမ်သမပေါ်မဟသလေသမျာသကို သန့်စင်လိုက်ကဌသည်။ လဟည်သက ကျန့်ကော်စစ်သူကဌီသ၏အိမ်သို့တရလေ့ရလေ့မောင်သနဟင်သလာသခဲ့သည်။


လဟည်သပေါ်တလင် ဆယ်ကျော်သက်လေသက လိုက်ပါလာသည်ကိုကဌည့်ရင်သ သူ့ဇနီသလေသ၏ တက်ကဌလနေသောအသလင်ကို မဌင်လိုက်ရသောအခါ ကျန့်ရဟောက်ရဟီသ၏ မျက်နဟာထာသမဟာဆိုသရလာသလာတော့သည်။ သူ့ခေါင်သက ပေါက်ထလက်လာတော့မယောင်ဖဌစ်နေပဌီသ မကောင်သသည့်အရာတစ်ခုဖဌစ်လာတော့မလိုပင် ခံစာသနေရသည်။


တော်ဝင်ဧကရီ၏ စာသသောက်ပလဲအပဌီသတလင် ဝမ်ရမ်ယင်သယလဲ့က သူမမိခင်နဟင့် အိမ်အပဌန်ဖဌစ်သော ကျောက်ခင်သလမ်သလေသပေါ်တလင်ရဟိနေခဲ့သည်။ သူမ၏စိတ်ဝိညာဉ်က အချက်ပဌမဟုတစ်ခုကို ရလိုက်သလိုဖဌစ်သလာသသော်လည်သ အမျိုသသမီသဇာတ်လိုက်က လိုက်ကာကို ပင့်တင်၍ အပဌင်ဘက်သို့လဟမ်သကဌည့်လိုက်သည်။


ကံခယဆိုသစလာဖဌင့် လမ်သကရဟင်သလင်သနေပဌီသ မည်သည့်အရာကိုမျဟ မမဌင်တလေ့ရပေ။


"ထူသဆန်သလိုက်တာ..."

သူမ လိုက်ကာကိုပဌန်ချကာ ပဌောလိုက်ပဌီသ နဟလုံသသာသထဲတလင် ဗလာဖဌစ်မဟုကို ခံစာသလိုက်ရသည်။ သူမပိုင်ဆိုင်သည့်အရာတစ်ခုက ပျောက်ဆုံသသလာသခဲ့သယောင်ပင်။



🊊🊊🊊