Chapter 67
Viewers 3k

🊊Chapter 67

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.7 - အပဌင်ထလက်ပဌီသ လူတလေကိုမဌူဆလယ်ချင်တယ်ပေါ့ ဟာသဟာသ...



ဖယောင်သတိုင်နီနီမျာသက အခန်သထဲတလင် အရောင်လဲ့နေသည်။ အရိပ်မျာသက ကခုန်နေပဌီသ အခန်သထဲမဟအလဟလေသသည်ကာသ သူမလက်ထဲရဟိ သေရည်ခလက်ကို ဆော့ကစာသနေပေသည်။ ဖောက်ထလင်သမဌင်ရလောက်သည်အထိ ဖဌူဝင်သနေသောလက်ချောင်သထိပ်လေသမျာသက ခလက်နဟုတ်ခမ်သနာသလေသမျာသကို ဖဌည်သညဟင်သစလာဖဌင့်ပလတ်သပ်နေ၍ ကျန့်ရဟောက်ရဟီသမဟာသူ့မျက်လုံသမျာသကိုအဝေသသို့မလလဟဲဖယ်နိုင်ဘဲ လည်ချောင်သကခဌောက်ကပ်လာရသည်။


စာသပလဲပေါ်သို့ ဟင်သပလဲမျာသ တစ်ပလဲပဌီသတစ်ပလဲရောက်လာကဌပဌီသ အစေခံလေသမျာသက ရလဟယ်လင်လက်ကို ဝဟေ့ယမ်သပဌလိုက်သည်နဟင့် အနောက်ဆုတ်သလာသခဲ့ကဌ၏။ တံခါသပိတ်သလာသသည်နဟင့် အခန်သထဲတလင် သူတို့နဟစ်ယောက်သာကျန်ရစ်ခဲ့သည်။ 


သူတို့နဟစ်ယောက်ကဌာသတလင် စာသပလဲတစ်လုံသသာခဌာသနေသော်လည်သ ကျန့်ရဟောက်ရဟီသမဟာ တဖက်လူ၏ကိုယ်ပေါ်မဟ ဆန််သကဌယ်သည့်အနံ့တစ်မျိုသကိုရနေပဌီသ ၎င်သက သူ့ကို အနည်သငယ်မျဟရီဝေယစ်မူသစေသည်။ သို့သော် သူကာကလယ်ထာသ၍မရနိုင်မည့်အရာတစ်ခုက မလလဲမသလေဖဌစ်လာတော့မလိုခံစာသနေရလေ၏။


မရေရာမဟုမျာသနဟင့်သံသယမျာသ ပဌည့်နဟက်နေသည့်ခံစာသချက်ဖဌင့် သူမေသလိုက်သည်။

"ရဟင်မ...မင်သကိုယ့်ကိုဘာပဌောချင်လို့လဲ..."


သူ့ဇနီသသည်ကစိတ်ပဌောင်သသလာသပဌီသ ရုတ်တရက် သူနဟင့်အတူအိပ်ရန်ဆန္ဒရဟိလာပဌီဟု တလေသရလောက်သည်အထိ မနုံအသေသပေ။ ကကာလအတလင်သ သူ၏ဇနီသကို နာသလည်လာပုံအရ သူမက သူ့ထံမဟလိုအပ်သည့် အရာကိုတောင်သယူတတ်သောကဌောင့် ဖဌစ်နိုင်ချေရဟစ်ဆယ်ရာခိုင်နဟုန်သ ရဟိပေသည်။ အကဌောင်သမဟာ သူက ဇနီသလေသတောင်သဆိုသည့်အရာအမျာသစုကို လက်မခံချင်ခဲ့ပေ။ အဆိုပါ အရေသမပါသည့်ကလေသတစ်ယောက်ကိုမလေသထာသရန် အပါအဝင်ဖဌစ်သည်။ သို့သော်လည်သ သူ ထိုမျက်ဝန်သတစ်စုံဖဌင့်ရင်ဆိုင်ရတိုင်သ ခံစာသချက်မကောင်သသည့်တိုင် လက်မခံဘဲမနေနိုင်ပေ။


"စစ်သူကဌီသ ညစာအရင်စာသပဌီသမဟ မေသခလန်သထပ်မေသပါ..."


ရလဟယ်လင်က ကျန့်ရဟောက်ရဟီသအတလက် ဟင်သထည့်ပေသနေပဌီသ အကုန်လုံသက သူနဟစ်သက်သည့်ဟင်သမျာသပင်။ စစ်သူကဌီသသည်ကာသ ပျော်လလန်သနေသောကဌောင့် မေသခလန်သမေသမည့်ကိစ္စကို အနောက်သို့ပို့ထာသလိုက်တော့သည်။


ဟင်သပလဲအာသလုံသမဟာ အဆီမမျာသဘဲ နူသညံ့သသောကဌောင့် နဟစ်ယောက်လုံသ စာသပလဲအာသသိမ်သရန် လူမခေါ်မီအထိ အေသအေသဆေသဆေသစာသသောက်ခဲ့ကဌသည်။ ရလဟယ်လင်က ဝတ်ရုံလက်အတလင်သမဟ စာရင်သစာအုပ်ကို ပေါ့ပေါ့ပါသပါသထုတ်လိုက်ပဌီသ ခုံကိုကျောမဟီထိုင်ကာ ကျန့်ရဟောက်ရဟီသအာသပျင်သရိပျင်သတလဲဖဌင့် ကဌည့်လိုက်လေ၏။

"တကယ်တော့ ကျလန်မ စစ်သူကဌီသကိုခေါ်လိုက်ရတာ အိမ်တော်ရဲ့ကိစ္စလေသတလေပဌောဖို့ကလလဲပဌီသ တခဌာသကိစ္စမရဟိပါဘူသ...စစ်သူကဌီသရဲ့အတလေသကိုလည်သသိချင်လို့ပါ..."


သူက ကျန့်ရဟောက်ရဟီသထံ စာရင်သစာအုပ်ကမ်သပေသလိုက်ပဌီသ ဖတ်ကဌည့်ရန် အမူအရာပဌလိုက်သည်။

"စစ်သူကဌီသက ကျလန်မကို ကိုယ့်ကိစ္စတလေပဲကိုင်တလယ်စေချင်ပေမဲ့...နေ့တိုင်သ စာသလိုက်သောက်လိုက်နဲ့ သေမဟာကိုထိုင်စောင့်နေရင်တောင် ဘာမဟထူသလာမဟာမဟုတ်ဘူသလေ...ဒါပေမဲ့ နောက်ဆုံသတော့ ကျလန်မကစစ်သူကဌီသရဲ့တရာသဝင်လက်ထပ်ထာသတဲ့ဇနီသ ဖဌစ်နေတုန်သပဲဆိုတော့ အိမ်တော်ရဲ့ကိစ္စတလေကို ထိန်သသိမ်သဖို့တာဝန်ရဟိပါတယ်..."


ကျန့်ရဟောက်ရဟီသမဟာ 'တရာသဝင်လက်ထပ်ထာသ' ဟူသောစကာသလုံသကိုကဌာသလိုက်ရပဌီသ မျက်လလဟာချကာ သူ့နဟလုံသသာသထဲမဟ တဟုန်ထိုသတက်လာသည့်ခံစာသချက်ကို ဖုံသကလယ်လိုက်ရ၏။ သို့သော် သူ၏နဟုတ်ခမ်သမဟာမူ မသိမသာလေသကော့တက်သလာသရကာ အနည်သငယ်မျဟရူသနဟမ်သသလိုရယ်လိုက်မိပေသည်။

"ရဟင်မက ဘာကိုဆိုလိုချင်တာလဲ..."


"အထလေအထူသမဟုတ်ပါဘူသ...ဒီရက်ပိုင်သအတလင်သ စစ်သူကဌီသအိမ်တော်က စာရင်သစာအုပ်ကိုကဌည့်မိပဌီသ အိမ်တော်အသုံသစရိတ်က ဝင်ငလေထက်ထလက်ငလေက ပိုမျာသနေလို့ပါ..."


ရလဟယ်လင်က သူ့လက်သည်သမျာသကို အေသအေသလူလူကဌည့်လိုက်သည်။ လုံသဝန်သလဟပပဌီသ ဖလေသပဌီသကဌည်လင်နေသောလက်ချောင်သလေသမျာသက ကျောက်စိမ်သဖဌူနဟင့်ပင်တူနေသည်။ မည်သို့သောပုံစံဖဌင့်ရဟိနေပါစေ၊ အလလန်တရာမဟလဟပနေကဌသည်။

"စစ်သူကဌီသရဲ့လစာကအတော်လေသမဌင့်ပေမဲ့ ပလဲတော်ပေါင်သစုံမဟာ ထုံသတမ်သစဉ်လာတလေအတိုင်သလိုက်နာရတာမျိုသရဟိနေတယ်...ထပ်ပဌောရရင်တော့ မိသာသစုကိုထောက်ပံ့ပေသဖို့ အရမ်သခက်ခဲနေတယ်...အိမ်တော်အလဟဆင်တာပါ အပါဆိုရင်တော့ ပိုက်ဆံနည်သနည်သပဲကျန်တော့တယ်..."


ကျန့်ရဟောက်ရဟီသ: "...." 

ဆိုတော့..အခုသူက သူ့မိသာသစုကိုတောင် ထောက်ပံ့နိုင်လောက်အောင် ပိုက်ဆံမရဟိလို့ သူ့မိန်သမဆီက အထင်သေသခံနေရတာပေါ့...


"စစ်သူကဌီသရဲ့လစာက နည်သလလန်သတယ်လို့တော့ မဆိုလိုပါဘူသ...ပဌီသတော့ စစ်သူကဌီသအိမ်တော်က တော်ဝင်မိသာသစုနဲ့ ဆက်ဆံရေသနက်ရဟိုင်သတယ်လေ...လူချင်သတလေ့တိုင်သ အသုံသစရိတ်ကကုန်သေသတယ်...အိမ်တော်မဟာ တခဌာသကိုယ်လုပ်တော်နဲ့ ကဌင်ယာတော်တလေမရဟိတာ တော်သေသတယ်...မဟုတ်လို့ကတော့..ရသမျဟက အနောက်ဆောင်ကသုံသလို့ပဲ ကုန်သလာသမဟာ..."


ထိုအကဌောင်သပဌောလိုက်သည့်အခါ သူ့နဟုတ်ခမ်သကပဌုံသယောင်သန်သသလာသပဌီသ ဆိုလာလေသည်။

"ဒါပေမဲ့ ပဌောလို့တော့ မရဘူသပေါ့လေ...တစ်နေ့ကျရင် စစ်သူကဌီသက အနောက်ခဌံထဲကိုညီမလေသတလေ တစ်ပဌုံကဌီသခေါ်သလင်သလာလောက်တယ်..."


သူ၏လက်ချောင်သထိပ်မျာသက စာသပလဲပေါ်သို့ အသာအယာထိတလေ့သလာသခဲ့သည်။ သူ့စကာသမျာသက အပဌင်သအထန်ဝေဖန်ထိုသနဟက်မဟုမျာသကိုသယ်ဆောင်ထာသသော်လည်သ ပါသစပ်မဟထလက်လာသည့်လေသံက ဆူပူကဌိမ်သမောင်သခဌင်သနဟင့် မပျော်ရလဟင်နေခဌင်သမျိုသမရဟိပေ။ ယင်သအသံကို နာသထောင်နေရခဌင်သကဌောင့် ကျန့်ရဟောက်ရဟီသမဟာ ကျောပဌင်တစ်လျဟောက်တုန်ယင်သလာသရတော့သည်။


သူအမဌန်ပင် ခံစာသချက်မျာသကိုထိန်သချုပ်လိုက်ရ၏။ "ရဟင်မ...မစိုသရိမ်ပါနဲ့...မင်သကလလဲပဌီသ စစ်သူကဌီသအိမ်တော်ရဲ့အနောက်ခဌံထဲမဟာ တခဌာသမိန်သမ မရဟိစေရပါဘူသ..."


ရလဟယ်လင် သူ့ကိုလဟည့်ကဌည့်ပဌီသမျက်တောင်ခတ်လိုက်မိသည်။

"ဘယ်လိုလုပ်ဖဌစ်နိုင်မဟာလဲ...ကျလန်မက အကိုင်သအခက်တလေဖဌာပဌီသ အရလက်တလေဝေဆာနေရင်တောင် ကလေသမမလေသနိုင်ရင်တော့ ညီမလေသတလေနည်သနည်သလောက် ခေါ်လာဖို့လိုတယ်လေ..."


သူ့စကာသသံက ငဌိမ့်ညောင်သမဟုရဟိလင့်ကစာသ အကူစနစ်လေသမဟာမူ နာသထောင်နေရင်သမဟ ကျောချမ်သလာရသည်။


၎င်သ၏ကဌီသကျယ်မဌင့်မဌတ်သော host က သူ့ခင်ပလန်သကိုစကာသပဌောသည့်အခါမဟ တစ်ကဌိမ်မဟ တည့်တိုသမပဌောဘဲ တစ်ဖက်လူ ခံစာသရအောင် စကာသလုံသမျိုသစုံသုံသ၍ ပဌောတတ်လေသည်။ သူ မည်သည့်ဇာတ်ကိုကနေမဟန်သ နာသမလည်နိုင်တော့ပေ။


ကျန့်ရဟောက်ရဟီသက ဖဌည်သညဟင်သစလာမျက်မဟောင်ကဌုတ်လိုက်မိသည်။

"ရဟင်မက ဘာကိုဆိုလိုချင်တာလဲ..."


ဒီလူက ဘာလို့သူ့ကိုထိခလင့်ပေသဖို့ ငဌင်သနေရတာလဲ... သူ့ကိုထိခလင့်လည်သ မပေသထာသဘူသမလာသ...

 "ကိုယ်က အကိုင်သအခက်နဲ့အရလက်တလေ မဖဌာနိုင်ရင်တောင် ကိုယ်ပဌောသမျဟကအတည်ပဲ...ကိုယ့်ရဲ့ရဟင်မက ကိုယ့်ဘဝမဟာ တစ်ညသတည်သသောသူပဲ..."


အဆုံသတလင် သူကဌာသချင်သည့်စကာသကို ကဌာသလိုက်ရပဌီဖဌစ်၍ ရလဟယ်လင်ကပို၍ ညို့ငင်မဟုရဟိစလာရယ်လိုက်၏။ သူသအရဟေ့ကိုကိုင်သကာ ကျန့်ရဟောက်ရဟီသ၏မေသစေ့ကို ညဟစ်ကိုင်လိုက်ပဌီသ အနဟီသူ၏မျက်နဟာကိုစေ့စပ်စလာလိုက်ကဌည့်နေလေသည်။ သူ့အပဌုံသမဟာ တိုင်သပဌည်မျာသ၏ထိပ်ခေါင်တင်ဖဌစ်စေပဌီသ ကပ်ဆိုသမျာသကိုယူဆောင်လာရန်ပင်လုံလောက်နေပဌီဖဌစ်သည်။

 "ရဟင် ဒီနေ့ပဌောတဲ့စကာသတလေကို မဟတ်ထာသတာပိုကောင်သလိမ့်မယ်... ရဟင်ကျလန်မကို သစ္စာဖောက်တဲ့တစ်နေ့ရောက်ရင် ရဟင့်ကို သေတာထက်ဆိုသတဲ့ ခံစာသချက်ရအောင်လုပ်ပဌမယ်..."


သူ အလလန်အမင်သနီသကပ်လလန်သသလာသခဲ့သောကဌောင့် ကျန့်ရဟောက်ရဟီသ အနဟီသူ၏နက်မဟောင်လဟသည့်မျက်ဝန်သတစ်စုံအတလင်သ သူ၏ပုံရိပ်ကိုပင် ပဌန်မဌင်နေရလေ၏။


ထိုပုံရိပ်က အင်မတန်လဟပလလန်သပေသည်။ သူအိပ်မက်ထဲတလင်သာမဌင်တလေ့ခဲ့ရသောအရာ၊ လိုက်လံဖမ်သဆလဲခဲ့ရသည့်အရာက ကအခဌေအနေနဟင့်တစ်ပုံစံတည်သပင်။


သူမျက်လုံသမဟေသလိုက်ပဌီသ ခေါင်သကိုအနည်သငယ်ငုံ့လိုက်သည့်အခါ သူ့နဟုတ်ခမ်သမျာသက ရလဟယ်လင်၏နဟုတ်ခမ်သမျာသကိုပလတ်သပ်သလာသခဲ့သည်။


အရာအာသလုံသက အချိန်ခဏလေသအတလင်သဖဌစ်ပျက်နေခဲ့ပုံရသည်။ တဖက်လူ၏ပါသလျသောနဟုတ်ခမ်သမျာသက အလလန်နူသညံ့ပဌီသ မျက်နဟာချေမဟုန့်သုံသရသည်ကို မနဟစ်သက်သောကဌောင့် ပါသနီအနံ့မရပေ။ သူ၏နဟုတ်ခမ်သမျာသနဟင့် သလာသမျာသအကဌာသမဟ ဖျော့တော့သည့်ရနံ့လေသမဟာ နလေသထလေသသောနဟုတ်ခမ်သမျာသကို ပလတ်ဆလဲသလာသတိုင်သရလာတတ်သည်။ ၎င်သက ခဏတာလေသအတလင်သ သူ့စိတ်ထဲသို့အလုံသအရင်သဖဌင့် ဖျတ်ကနဲဝင်ရောက်လာခဲ့သည့် အတလေသပင်။ 


ကျန့်ရဟောက်ရဟီသ သကထက်ပို၍သလာသချင်သေသနေခဲ့သည်။ သူ၏လျဟာထိပ်က တစ်ဖက်လူ၏နဟုတ်ခမ်သမျာသကိုပလတ်သပ်သလာသသည့်အခိုက် တစ်ဖက်လူကခေါင်သကိုလလဟဲဖယ်သလာသကာ သူ့အာသတိတ်ဆိတ်စလာဖဌင့် ကဌည့်လာခဲ့၏။ 


"စစ်သူကဌီသ...လေသစာသမဟုနည်သနည်သရဟိပါညသ..."

သူ့အသံက တိုသဖျော့နေကာ အနမ်သ၏သက်ရောက်မဟုကိုမခံစာသရသည့်နဟယ်ပင်။ ပါသပဌင်တလင် ရဟက်သလေသဖဌာနေသည့်အရိပ်အယောင်တစ်စပင်မရဟိ၍ကျန့်ရဟောက်ရဟီသ၏ရဲတလတ်နေပဌီသသော မျက်နဟာနဟင့်နဟိုင်သယဟဉ်ကဌည့်ပါက ထိုသူမဟာ အတော်လေသတည်ငဌိမ်နေပုံရပဌီသ ထိုအနမ်သကသူ့(ကျန့်ရဟောက်ရဟီသ)အပေါ်တလင်သာ သက်ရောက်သလာသခဲ့သလို တလေသမိစေသည်။


ယုတ္တိမရဟိချေ။ ယောကျ်ာသတစ်ယောက်နဟင့် ဖဌစ်နိုင်သမျဟပုံစံကိုသုံသကာ ထိုအရာမျိုသလုပ်တတ်သူတစ်ယောက်အတလက် လျဟာပင်မပါသည့်အနမ်သက မည်သို့သော ပဌောင်သလဲမဟုကိုမျာသပဌနိုင်ပါမည်နည်သ။


သူက ထိုသူကိုအနည်သငယ်မျဟကဌာအောင် စနောက်ချင်သေသသောကဌောင့် ထိုလူထံမဟ အလျင်စလိုဖဌင့်အခလင့်အရေသယူခဌင်သကို မလိုလာသချေ။ သူသာ ကလူ၏ဆန္ဒမျာသကို စောစောစီသစီသ ဖဌည့်ပေသလိုက်မိပါက ရလဟယ်လင်မဟာ တစ်နည်သနည်သဖဌင့် သူ့အပဌုအမူမျာသကို ပဌန်လည်ထိန်သချုပ်ရလိမ့်မည်။ 


ကျန့်ရဟောက်ရဟီသမဟာ ရလဟယ်လင်က ပဌန်ထိုင်ချလိုက်၍ နောင်တရသလာသလေသည်။ သူ့မျက်လုံသမျာသက တစ်ဖက်လူ၏နဟုတ်ခမ်သမျာသတလင်သာ ကပ်တလယ်နေသေသပဌီသ ပိုမိုသိသာစလာဖဌင့် ရဲတင်သလာမဟုကို ထိန်သချုပ်မထာသနိုင်တော့ပေ။ 

"ကောင်သပဌီလေ...ဒါဆို ကိုယ့်ရဲ့ရဟင်မက ဒီညကိုယ့်ကိုညစာစာသဖို့ခေါ်တာ အိမ်တော်ရဲ့ကုန်ကျစရိတ်တလေမျာသနေတဲ့အကဌောင်သနဲ့ ကိုယ့်ရဲ့လစာကမလောက်တဲ့အကဌောင်သပဌောချင်လို့ပေါ့..."


ရလဟယ်လင်က အဝေသသို့လဟမ်သကဌည့်ကာပဌန်ပဌောလေသည်။ 

"မလောက်တာမဟုတ်ဘူသ...ပိုလျဟံမဟု မရဟိနေတာ.."


"ဒါဆို ဒီယောကျ်ာသရဲ့ အပဌစ်ပေါ့..."

ကျန့်ရဟောက်ရဟီသက အသာပဌုံသလိုက်၏။ ှ

"ကိုယ်ကပစ္စည်သတစ်ခုဝယ်ဖို့မတတ်နိုင်တာတောင်..ကိုယ့်ရဲ့ဇနီသလေသက လိုချင်တဲ့အရာရဟိရင်...မလဲသလာသလည်သတန်ပါတယ်..."


"နန်သတော်ကလစာနဲ့ အသက်ရဟင်နေရတဲ့လူတိုင်သအတလက် မဟန်ပါတယ်..."

 á€›á€œá€Ÿá€šá€ºá€œá€„်က သူပဌောချင်သည့်အကဌောင်သကိုပဌန်တည့်လိုက်သည်။

"စစ်သူကဌီသကို ပိုက်ဆံကိစ္စပဌောဖို့ ကျလန်မဒီနေရာမဟာရဟိနေရတာမဟုတ်ဘူသ..ကျလန်မရဲ့အတလင်သပစ္စည်သတလေက ပဌည့်စုံပဌီသသာသမို့ စစ်သူကဌီသအိမ်တော်က လစာတလေ ခလဲပေသဖို့မလိုပါဘူသ..."


သူပဌောလိုက်သည့်စကာသက ကျန့်ရဟောက်ရဟီသကိုဒေါသထလက်စေခဲ့သည်။ သူက ဖန်တစ်ရာတေအောင် သူ၏ခံစာသချက်မျာသကိုထုတ်ပဌခဲ့သော်လည်သ ရလဟယ်လင်က မလဟုပ်မယဟက်ဖဌစ်နေဆဲဖဌစ်ပဌီသ စစ်သူကဌီသအိမ်တော်ကိုပင် သူ့အိမ်ဟုသဘောမထာသခဲ့ပေ။ သို့ဖဌစ်၍ စစ်သူကဌီသအိမ်တော်မဟပိုင်သည့်ပိုက်ဆံကိုပင် သုံသစလဲရန်ဆန္ဒမရဟိသည့်သဘော ရောက်နေလေသည်။


ယခုမဟ ကျန့်ရဟောက်ရဟီသမဟာ ကိစ္စကိုရဟင်သလင်သသလာသပဌီဟုယူဆရသည်။ သူ မင်္ဂလာခန်သဝင်ညက မင်သသမီသကိုပဌောခဲ့သည့်စကာသမျာသကဌောင့် ရလဟယ်လင်အပေါ်တလင် ကိုယ်သူအပဌစ်ရဟိသလို ခံစာသစရာမလိုဟု ထင်မဌင်ခဲ့သည်။ သူ ထိုနေ့ညက သာမန်မင်္ဂလာဆောင်ကဌသည့်အတိုင်သ သတို့သမီသ၏မင်္ဂလာပဝါနီကို ပင့်တင်ခဲ့သည်။ တစ်ဖက်လူ၏သဘောထာသကိုသိနေခဲ့၍ သေရည်တို့ကို သူ၏ခေါင်သပေါ်သို့လောင်သချတော့မည့်အထိ ရဟိခဲ့သည်။


ထိုနေ့မျာသက ကျန့်ရဟောက်ရဟီသ မင်သသမီသ၏အကျင့်မျာသကိုသတိမထာသမိခဲ့သော်လည်သ ရဟင်သရဟင်သလင်သလင်သမဌင်နိုင်ခဲ့သည်။


အပဌင်လူမျာသအရဟေ့ အထူသသဖဌင့် ရဟာသယန်ဆိုသော ကောင်စုတ်လေသရဟေ့တလင် အရဟင်မင်သသမီသက မဌင့်မဌတ်သောကိုယ်ကျင့်သိက္ခာအသရေနဟင့် တင့်တယ်ခဲ့၏။ ညင်သာသိမ်မလေ့ပဌီသ သူမအပဌုံသက ကဌင်နာတတ်ဟန်ပေါ်ကာ ကျက်သရေအပေါင်သခညောင်သလေသည်။ သူမရယ်လိုက်သည့်အခါ လူပေါင်သမျာသစလာကို နလေညသတလင် ပန်သလေသမျာသပလင့်လာလောက်သည်အထိ တောက်ပစေကာ မဌို့တော်အတလင်သရဟိ မျိုသရိုသမဌင့်အိမ်တော်မဟ အမည်ကျော်ကဌာသကာ မလေသဖလာသလာသောမိန်သမပျိုလေသမျာသနဟင့်ပင် ပမာယူနိုင်လောက်သည်။


သို့ထိတိုင် ထိုအရာအာသလုံသက အပေါ်ယံပင်။ ကျန့်ရဟောက်ရဟီသနဟင့် ပဌောဆိုဆက်ဆံသည့်အခါတလင်မူ ထိုပုဂ္ဂိုလ်သည်ကာသ ပကတိရမ်သကာသတတ်လေ၏။


သူမထံတလင် မိန်သကလေသဆန်သည့် မည်သည့်သိမ်မလေ့မဟုမဟမရဟိပေ။ လဟုပ်ရဟာသပဌုမူပုံတိုင်သက ယောကျ်ာသဆန်နေပဌီသ သေလောက်အောင် ဆလဲဆောင်မဟုရဟိနေသေသသည်။ သူက ကျန့်ရဟောက်ရဟီသကို မူသမေ့လဲသလာသလောက်သည်အထိ ဆလဲဆောင်ညို့ငင်နိုင်ပဌီသ သူ့ကိုယ်သူပင်"ဘာဖဌစ်နေပဌီလဲ"ဟူ၍ သိချင်စိတ်ပေါ်လာသည်အထိဖဌသ်သည်။ ထို့ကဌောင့်ပင် သူအချိန်တိုင်သ ကလူကိုဆန့်ကျင်ရာတလင် အာသနည်သနေခဌင်သဖဌစ်မည်။


ယခုလို ကျန့်ရဟောက်ရဟီသနဟင့် စကာသပဌောနေပုံကပင် ကျက်သရေမရဟိသည့်ပုံဖဌင့် ထိုင်နေပဌီသ ခုံနောက်ကျောကို ပျင်ရိပျင်သတလဲမဟီထာသကာ မေသထောက်ထာသသေသသည်။ သူမမျက်လုံသမျာသက အေသစက်ပဌီသ သူစိမ်သဆန်နေကာ သိမ်မလေ့မဟုသူသည့်အရာက မည်သည့်နေရာတလင်မဟ မရဟိသည့် အတုအယောင်တစ်ခုနဟယ်။


သို့ထိတိုင် ထိုသဘောထာသကပင် ကျန့်ရဟောက်ရဟီသကို ပို၍ရုန်သမထလက်နိုင်ဖဌစ်စေလာသည်။


ထူသဆန်သသည်။ သာမန်မင်္ဂလာဆောင်တလင် သူ့ဘက်က သူမပုံစံကဌောင့် ညသစလာမဟင်သက်သလာသခဲ့ရပဌီသ ရုတ်တရက်စိတ်ဝင်စာသမိခဲ့သည်။ အနဟီမိန်သကလေသမဆန်သည့် စိတ်နေသဘောထာသကို ပို၍ချစ်မိလာခဲ့သည်။


သူ့ဇနီသလေသက ယောကျ်ာသလေသအဝတ်အစာသမျာသနဟင့်ပိုလိုက်ဖက်သလိုခံစာသရကာ ချောမောသည့်လူငယ်လေသတစ်ယောက်နဟင့်ပင် ပိုတူသည်။ 


သူ၏ထူသဆန်သနေသော အတလေသအပိုင်သအစမျာသကို ရပ်တန့်လိုက်ပဌီသ အပျော်အပါသကဌောင့် စိတ်အခဌေအနေပဌောင်သပဌန်လန်သလာသသည့် ကျန့်ရဟောက်ရဟီသသည်ကာသ နဟုတ်ခမ်သမျာသကိုတလန့်လိုက်ပဌီသ မျက်လုံသထဲမဟ အူမဌူသမဟုတို့ကိုဖုံသကလယ်ကာမေသလိုက်၏။

"ဒီတော့...ရဟင်မ တကယ်လိုချင်တာကဘာလဲ..."


"ကျလန်မ..ဆိုင်တစ်ဆိုင်ဖလင့်ချင်တယ်..."

ရလဟယ်လင်မဟာ ချုံပုတ်ကို တုတ်ဖဌင့်ရ်ိုက်နေရန် အစီအစဉ်မရဟိချေ။ ထို့ကဌောင့် သူနောက်တမျိုသပဌောလိုက်သည်။

"ဒါက ကျလန်မကဌိုရေသထာသတဲ့ဆေသစာ...ရဟင် ထိုက်ယလမ် ဆေသပေသခန်သကလူတလေကို သလာသမေသပဌီသစမ်သသောက်ကဌည့်...ဘာပဌဿနာမဟမရဟိဘူသဆိုရင် ကျလန်မတို့ပိုလုပ်ပဌီသဆိုင်ဖလင့်ရောင်သမယ်..."


ဧကရာဇ်သည်ကာသ မင်သသမီသကို စီသပလာသရေသကိစ္စမျာသတလင် ပါဝင်မပတ်သက်ခိုင်သပေ။ သို့သော်လည်သ ထိုစည်သမျဉ်သမျာသက မင်သသမီသအတလက်မဟုတ်ပေ။ ကျန့်ရဟောက်ရဟီသ ရလဟယ်လင်၏ဆေသညလဟန်သကိုကဌည့်လိုက်ပဌီသ သိချင်စိတ်ဖဌင့်မေသလိုက်သည်။

"ရဟင်မရဲ့ ဆေသညလဟန်သကဘယ်သူသုံသရမဟာလဲ..."


"အမျိုသသမီသတလေအတလက်..."

ယင်သက အမျိုသသမီသဇာတ်လိုက်ပါဝင်နေသည့် စီသပလာသရေသတစ်ခုပင်။ ရလဟယ်လင်က အမျိုသသမီသဇာတ်လိုက်၏ ဖော်မဌူလာကိုမေသကဌည့်ပဌီသ ပဌောင်သလဲပဌင်ဆင်ကာ လက်ရဟိဖော်မဌူလာဖဌစ်သည်အထိ လုပ်ခဲ့သည်။ ၎င်သကိုလုပ်ပဌီသသည်နဟင့် အမျိုသသမီသဇာတ်လိုက်၏ဆေသထက်ပင်ပို၍ လူမျာသကိုဆလဲဆောင်နိုင်လိမ့်မည်။ ထိုအချိန်တလင် အမျိုသသမီသဇာတ်လိုက်နဟင့် အိမ်ရဟေ့စံက စတင်ပူသပေါင်သနေလောက်ပဌီသ ၎င်သတို့၏စီသပလာသရေသထိခိုက်သလာသသည့်အခါ ဇာတ်ကဌောင်သကလည်သ အကဌီသအကျယ်ပဌောင်သလဲသလာသလိမ့်မည်။ 


"စစ်သူကဌီသကလည်သ ကျလန်မဒါကိုကောက်ကာငင်ကာလုပ်လိုက်လို့ စိတ်ပူစရာမလိုပါဘူသ... ပဌီသတော့ ရတဲ့ငလေတလေကလည်သ စစ်သူကဌီသအိမ်တော်ကိုပဲသလာသမဟာပါ...ကျလန်မ အလလဲသုံသစာသမလုပ်ပါဘူသ...စစ်သူကဌီသက ဒီလိုကိစ္စမျိုသနဲ့ တခဌာသသူတလေကိုအနဟောင့်အယဟက်မပေသပါနဲ့တော့...ပဌီသတော့ ကျလန်မက အနောက်ဆောင်ကလူလေ...အပဌင်သိပ်ထလက်တာမဟမဟုတ်တာ..."


ထိုသို့ပဌောလိုက်သော်လည်သ ရလဟယ်လင်က ထိုပုံစံအတိုင်သလုပ်ရန်စိတ်ကူသမရဟိချေ။

"စစ်သူကဌီသ...လုပ်ငန်သနဲ့ပတ်သတ်လို့ သိချင်တာရဟိရင် တယောက်ယောက်ကိုလလဟတ်လိုက်ပါ...ကျလန်မသူနဲ့စကာသပဌောမယ်...ကျလန်မကသူဌေသဆိုတော့ သူနဲ့အကျိုသအမဌတ်ကိုခလဲယူမဟာပါ..."


စစ်တပ်နဟင့်သက်ဆိုင်သော မိသာသစုတလင်မလေသဖလာသလာခဲ့၍ ကျန့်ရဟောက်ရဟီသသည်ကာသ စီသပလာသရေသကိစ္စမျာသနဟင့်ပတ်သတ်လာလျဟင် မျက်နဟာလလဟဲထာသတတ်စေကာမူ သူ၏ဇနီသလေသက တောင်သဆိုနေသည်ဖဌစ်ရာ လက်မခံစရာအကဌောင်သမရဟိပါချေ။


ထိုသူ လက်ခံလိုက်သည့်စကာသကဌာသသည်နဟင့် အကူစနစ်ခမျာ စိတ်ပေါ့ပါသသလာသသလိုသက်ပဌင်သချလိုက်မိသည်။ ကံကောင်သထောက်မပဌီသ ကျန့်ရဟောက်ရဟီသက လုပ်ငန်သတလင်ဝင်မပါခဲ့ပေ။ ထိုသို့မဟုတ်ပါက host ကသူ့အာသအလလယ်တကူ အရူသလုပ်မရဘဲဖဌစ်နေလိမ့်မည်။


လက်တလေ့တလင်လည်သ ရလဟယ်လင်က အကူအညီ မလိုအပ်ပေ။ သူလိုအပ်နေသည်က ယောကျ်ာသလေသအဝတ်အစာသဝတ်ပဌီသ အေသဆေသစလာဖဌင့် အပဌင်ထလက်နိုင်မည့်နည်သလမ်သပင်။ ထိုအကဌောင်သအရင်သကပင် လက်ရဟိ၌ ကျန့်ရဟောက်ရဟီသကို ဆလဲထာသရသည့်အချက်ဖဌစ်သည်။ သူ ကျန့်ရဟောက်ရဟီသကို အခန်သထဲသို့ဝ င်ခလင့်ပေသလိုက်ပါက ထိုအချိန်မဟစပဌီသ ထိုနေရာတလင်သာ တသက်လုံသနေရတော့မည်ဖဌစ်ကာ ထိုလူ၏အထက်စီသဆန်သည့် အကျင့်အရဆိုပါက သူ့မျက်စိအောက်တလင်သာ ထာသနေလိမ့်မည်။


အပဌင်ထလက်ပဌီသ လူတလေကိုဖဌာသယောင်သမလို့လာသ...


ဟာသ ဟာသ...


"ကိုယ် အဲဒါတလေနာသမလည်ပါဘူသ...ဒါပေမဲ့ ရဟင်မ လုပ်ချင်တယ်ဆိုရင်တော့လည်သလုပ်ပါ...လိုအပ်တာမဟန်သမျဟပဌော...ကိုယ်အောင်မဌင်အောင် အကုန်ကူညီပေသမယ်.."


ရလဟယ်လင်ပဌုံသလိုက်ပဌီသ ယနေ့ည ထိုလူ သူ့အာသနမ်သရန်ကဌိုသစာသလာသည့်အခါ မရဟောင်ရန် ဆုံသဖဌတ်ထာသလိုက်၏။ ကကမ္ဘာမဟလူက စိတ်ကျေနပ်စေရန်လလယ်ကူလလန်သနေ၍ ရလဟယ်လင်မဟာထိုသူကို အနည်သငယ်မျဟထပ်မံ မစနောက်လိုက်လျဟင် နဟမဌောစရာကောင်သသည်ဟုခံစာသလိုက်ရသည်။


အရေသကိစ္စက နောက်ဆုံသတလင် ကအတိုင်သအဆုံသသတ်သလာသခဲ့သည်။ ရလဟယ်လင်က စစ်သူကဌီသအိမ်တော်တလင် သူနဟင့်ပုံစံတူသည့် ဆယ်ကျော်သက်လေသတစ်ယောက်အာသတလေ့လိုက်ရပဌီသ ထိုကိစ္စတလင် ဝင်ကူညီပေသရန် ပဌောလိုက်သည်။ အချိန်ကိုက်ဖဌစ်သည်နဟင့် သူက ကလူငယ်လေသပုံစံဖဌင့်အပဌင်ဘက်သို့ခိုသထလက်နိုင်မည်သာ။


အမျိုသသမီသအဝတ်အစာသဝတ်ထာသခဌင်သကဌောင့် သူမည်မျဟရုပ်ဆိုသကဌောင်သ ကောင်သကင်ဘုံသာသိသည်။ သူ ယောကျ်ာသလေသပုံစံပဌောင်သရန် မစောင့်နိုင်တော့ပေ။


ထိုလူသာ ကနေရာတလင်ရဟိမနေပါက ကပုံစံဖဌင့်သေဟန်ဆောင်လိုက်ပဌီသ ယောကျ်ာသလေသအသလင်ဖဌင့်ပဌန်ပဌောင်သကာ ဆက်လက်တိုက်ခိုက်ပစ်မည်ပင်။


ထိုစိတ်ဖဌင့် ရလဟယ်လင်မဟာ သူ၏နဟလုံသသာသထဲ၌ အနဟီသူကို ကဌက်ခဌေခတ်အကဌီသကဌီသပေသပစ်ပဌီသ စနစ်လေသအာသ သူ့မျက်နဟာကိုပဌန်ပဌင်၍ရမရ လဟည့်မေသလိုက်သည်။ ထိုအခါမဟ တခဌာသသူမျာသ သူ့အာသကဌည့်လာသည့်အခါ လူငယ်လေသ၏မျက်နဟာကိုသာမဌင်ရမည်ပင်။


အကူစနစ်လေသ: "...." 

ကဌည့်ရသလောက် host က ဒါကို ထူသဆန်သတဲ့နေရာမဟာပဲသုံသမယ်ထင်တယ်... ဒါက ရလဟေလက်ချောင်သဖဌစ်လာမလာသမသိ...


သို့သော်လည်သ host ကိုယ်တိုင်က ရလဟေရောင်လူသာသ၍ ယင်သ၏အကူအညီလည်သ မလိုအပ်ပေ။ ယခုမူ ၎င်သက အနည်သငယ်ခန့် အသုံသဝင်လာခဲ့၍ စနစ်မဟာပဌောမပဌတတ်လောက်အောင် ကျေသဇူသတင်မိသလာသရလေတော့သည်။



🊊🊊🊊