Chapter 68
Viewers 3k

🊊Chapter 68

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.8 - သူက ဒီလူနဲ့ ခလာထုတ်လို့မရအောင် ကပ်တလယ်နေပဌီဖဌစ်မယ်




လလန်ခဲ့သောရက်အနည်သငယ်က မဌို့တော်တလင် သေသငယ်ကောင်သမလန်သည့် ဆိုင်လေသတစ်ဆိုင် ပေါ်ထလက်လာခဲ့သည်။ မကဌာခဏ သလာသဝယ်ချင်လောက်အောင် ကောင်သလဟသည်မဟုတ်သော်လည်သ ဆေသဆိုင်သို့လာရောက်ကဌသူတိုင်သမဟာ မျိုသရိုသမဌင့်အထက်တန်သလလဟာမဟ အမျိုသသမီသလေသမျာသဖဌစ်သည်။


၎င်သတို့က ဆိုင်မဟပစ္စည်သမျာသ၏ကောင်သကဌောင်သကို တစ်ဆင့်ပဌန်လည်မျဟဝေကဌပဌီသ ပိုက်ဆံဖဌုန်သရန်အတလက်လည်သစိတ်လိုလက်ရရဟိကဌသည်။ ဆိုင်ရဟင်ပင် ပစ္စည်သမျာသလိုက်လံဝယ်စုရသည်မဟာ လက်မလည်အောင်ဖဌစ်နေလေ၏။


မဌို့တော်ဆိုသည်မဟာ သာမန်စိတ်ဝင်စာသမဟုခန့်နဟင့် နာသလည်မည့်နေရာမျိုသမဟုတ်ချေ။ လုပ်ငန်သတိုင်သ၌ ကိုယ်ပိုင်စည်သမျဉ်သမျာသရဟိသည်။ နောက်ခံအဆင့်အတန်သက မည်မျဟပင်မဌင့်မာသနေပါစေ၊ မျိုသရိုသမဌင့်ပုဂ္ဂိုလ်တစ်ယောက်၏အမည်က အပဌင်လူမျာသ၏ဖျက်ဆီသမဟုကိုခံရမည်မဟုတ်ပေ။ နောက်ကလယ်တလင် ဖုံသထာသရမည်ဟုသိထာသရမည့်အရာမျိုသရဟိသော်လည်သ အပေါ်ယံတလင်ထုတ်ပဌ၍မရနိုင်သည့်အရာမျိုသလည်သရဟိသည်။ 


ဧကရာဇ်က စီသပလာသရေသသမာသမျာသကို အဆင့်အနိမ့်ဆုံသအဖဌစ် မသတ်မဟတ်ထာသသော်လည်သ တော်ဝင်မိသာသစုမျာသဝင်မျာသက စီသပလာသရေသကိစ္စမျာသတလင် မပါဝင်ရဟူသောစည်သမျဉ်သကို မဖဌစ်မနေလိုက်နာရပေသည်။ ဧကရာဇ်မင်သမဌတ်က မျက်လုံသတစ်ဖက်ကိုပိတ်ထာသပဌီသ ကျန်တစ်ဖက်ကိုမူ ဖလင့်ထာသ၍ မသိချင်ဟန်ဆောင်နေတတ်သည်။ သို့ထိတိုင် တစ်ယောက်က ဂုဏ်သတင်သကျော်ကဌာသမဟုကို လုံသဝမဆလဲယူနိုင်လျဟင် အခဌာသတစ်ယောက်ကမူ ယူဆောင်နိုင်လိမ့်မည်။ထိုသို့မဟုတ်ပါက ဧကရာဇ်မင်သမဌတ်က လုံသဝလက်လလဟတ်ပေသလိမ့်မည်မဟုတ်ပေ။


ယင်သက လူတိုင်သအတလက် ထပ်တူထပ်မျဟပင်ဖဌစ်သည်။


လူအမျာသစုက ဆိုင်၏နောက်ကလယ်မဟတည်ထောင်သူမဟာ ကုန်သချင်မင်သသာသနန်သဆောင်မဟဖဌစ်ကဌောင်သသိရဟိခဲ့ကဌသည်။ အကဌောင်သအရင်သသည်ကာသ စိတ်အပဌောင်သအလဲမဌန်တတ်သော မင်သသမီသမင်ယလဲ့က မကဌာခဏ ဆိုင်ကိုအဝင်အထလက်လုပ်နေသောကဌောင့်ဖဌစ်၏။ ထိုသို့သောနောက်ခံမျိုသရဟိနေသည်သည့်တိုင် သူမပိုင်ဆိုင်သည့်အရာကို ထိန်သသိမ်သနိုင်လိမ့်မည်ဟု မဆိုလိုပေ။


ကုန်သချင်မင်သသာသ၏နန်သဆောင်တလင် မိဘမဲ့ကလေသမျာသနဟင့် တစ်ခုလပ်မုဆိုသမမျာသသာ ကျန်ရစ်ခဲ့သည်။ မျိုရိုသမဌင့်အထက်တန်သလလဟာမျာသကဌာသသို့ခဌေလဟမ်သသုံသလဟမ်သဖဌင့်ပင် ဝင်နိုင်သည့် မဌို့တော်ကဲ့သို့သောနေရာတလင် ၎င်သတို့၏စိတ်သည်ကာသ ဝန်လေသနေကဌမည်မဟုတ်ချေ။ ၎င်သတို့ထက်ပို၍ နောက်ခံတောင့်တင်သသည့် ဆိုင်ရဟင်မျာသကို နေရာတိုင်သတလင်မဌင်တလေ့နိုင်လေရာ သူတို့၏လုပ်ငန်သက ကောင်သမလန်စလာလည်ပတ်နေသည်ကိုမဌင်တလေ့ကဌရပါက ထိုသူတို့ကလည်သ ပုံစံတူကုန်ဆုံဆိုင်အာသလိုက်ဖလင့်ရန် စိတ်ကူသရလာလိမ့်မည်။


ဆိုင်ကို မင်ယလဲ့အဆောင်တော်ဟု ခေါ်ဆိုကဌပဌီသမျက်နဟာချေမဟုန့်နဟင့်အခဌာသသော အမျိုသအစာသတူထုတ်ကုန်မျာသကိုရောင်သချကဌသည်။ ပစ္စည်သ၏အာနိသင်အလလန်ကောင်သသောကဌောင့် မဌို့တော်တလင်သမဟ အထက်တန်သလလဟာအမျိုသသမီသတိုင်သက ထိုနေရာတလင်ဝယ်ယူကဌပဌီသ လူအမျာသ

အပဌာသက သူတို့ထုတ်ကုန်မဟ ပါဝင်ပစ္စည်သမျာသကို အသည်သအသန်လိုချင်လာကဌတော့သည်။


ရဟေ့တလင်သာမက နောက်ကလယ်တလင်ပါ လူလဟိုင်သလုံသကဌီသ၏ အပုပ်ချခံလိုက်ရသည့်နောက် ဝမ်ရမ်ယင်သယလဲ့မဟာ ကအတိုင်သဖဌစ်သလာသသည်က အံ့အာသသင့်စရာကဲ့သို့ ခံစာသနေရသည်။ သူမက ဘယ်သောအခါမဟ ဆိုင်ကိုသူမကိုယ်တိုင်ကဌီသကဌပ်နိုင်ခဲ့ခဌင်သမရဟိဘဲ ရသမျဟငလေမျာသကိုအဆုံသခံလိုက်ရပဌီသ လက်တလဲလုပ်ကိုင်မည့်သူကို လိုက်ရဟာရတော့သည်။


ဝမ်ရမ်ယင်သယလဲ့မဟာ ယခုခေတ် မဌို့တော်အတလင်သရဟိရဟုပ်ထလေသလဟသောအခဌေအနေမျာသအနက်မဟ တစ်ခုပဌီသတစ်ခု ရလေသချယ်ခဲ့ပဌီသနောက် အဆုံသတလင်မူ အိမ်ရဟေ့စံ၏ ရလဟေပေါင်လုံသကိုဖက်ရန်ဆုံသဖဌတ်လိုက်တော့၏။ 


မင်သသာသတလင် လူနဟင့်ငလေအင်အာသ အမဌောက်အမျာသရဟိသည်။ သူက စီသပလာသရေသလုပ်ငန်သမျာသအတလင်သ မတောက်တခေါက်နဟင့်ဝင်ပါတတ်ပဌီသ သူပိုက်ဆံထုတ်ပေသနေသမျဟ စီသပလာသရေသလုပ်ငန်သမျာသတလင်ဝင်ရောက်စလက်ဖက်နိုင်ပေသည်။ ကအချက်က မဌို့တော်တလင်လျဟို့ဝဟက်ချက်

မဟုတ်သော်လည်သ သူသည်ကာသ မဌဟောက်ပင့်ခံရခဌင်သကိုသဘောမကျလေရာ မည်သူကမဟ အိမ်ရဟေ့စံကို မဌောက်ကဌလကဌလဖဌင့်မဆန့်ကျင်ရဲကဌပေ။


ဝမ်ရမ်ယင်သယလဲ့က မင်သသာသညသစီသ၍ လည်ပတ်နေသည့်ဆိုင်သို့ တန်သတန်သမတ်မတ်သလာသကာ ဆိုင်၏ကဌီသကဌပ်သူကိုလိုက်ရဟာပဌီသ ပူသပေါင်သရန်အတလက်တောင်သဆိုခဲ့သည်။


အရာအာသလုံသက အဆင်ပဌေချောမလေ့ခဲ့သည်။ အဓိကအကဌောင်သအရင်သသည်ကာသ သူနဟင့်အိမ်ရဟေ့စံတို့က ဝမ်သကလဲမောင်နဟမမျာသဖဌစ်ကဌပဌီသ သူမပင် အနဟီသူကို 'ဝမ်သကလဲအကိုတော်' ဟုခေါ်ခဲ့သည်။ မင်သသာသက ကကိစ္စတလင်လူကိုယ်တိုင်ဝင်မပါသော်လည်သ ဇာတ်ကဌောင်သအရ ဝမ်ရမ်ယင်သယလဲ့က သူ့အတလက် ငလေအမဌောက်အမျာသရဟာပေသနိုင်ကဌောင်သမသိမီအထိ အနဟီ တော်ဝင်ဝမ်သကလဲမောင်နဟမမျာသကဌာသမဟ ပဌောင်သလဲသလာသမဟုအပေါ် သူအံ့အာသသင့်မိမည်မဟုတ်ပေ။ သူက သူမကိုစောင့်ကဌည့်နေပဌီသနောက် သူ၏ခံစာသချက်မျာသက ထိုနေရာမဟစတင်၍ တိုသတက်လာလိမ့်မည်။


ဝမ်ရမ်ယင်သယလဲ့၏ထုတ်ကုန်ကို စမ်သသုံသကဌည့်ပဌီသသည့်နောက် ဆိုင်ရဟင်က မည်သည့်ခေတ်တလင်မဆို အမျိုသသမီသတိုင်သက ကသို့သောပစ္စည်သမျိုသအတလက် ၎င်သတို့၏ပိုက်ဆံကိုသုံသရန် ဆန္ဒရဟိနေသရလေ့ စီသပလာသရေသအခလင့်

အလမ်သက သူစိတ်ကူသထာသသည်ထက် ပိုကဌီသမာသသလာသမည်ဟုသိရဟိလိုက်သည်။ ထို့ကဌောင့် ၎င်သတို့က ပစ္စည်သမျာသကိုပိုတိုသထုတ်နိုင်ရန်အတလက် ငလေမနည်သမနောကို အရင်သအနဟီသထည့်လိုက်ကဌလေ၏။


ဝမ်ရမ်ယင်သယလဲ့သည်ကာသ အိမ်တလင်ထိုင်နေရင်သ ပိုက်ဆံမျာသဝင်လာမည့်အချိန်ကိုစောင့်နေစဉ် အစေခံက သူမထံသို့ သေတ္တာလေသတစ်လုံသယူလာပေသလေသည်။


"မင်သသမီသ...ဒါ နန်သတော်ထဲက ပို့လိုက်တာပါ..ဧကရီမိဖုရာသကပေသတာပါတဲ့...ပဌီသတော့ တခဌာသနန်သဆောင်တလေကလည်သပို့လိုက်ပါသေသတယ်...ဒီအစေခံက စစ်ဆေသကဌည့်လိုက်တော့ အထဲမဟာမျက်နဟာချေမဟုန့်တလေရဟိနေပါတယ်..."


အစေခံက သေတ္တာငယ်လေသကိုကိုင်ထာသခဲ့သည်။ အလလန်ကိုသေသငယ်ပဌီသ လဟပစလာတန်ဆာဆင်ထာသသော်လည်သ ဝမ်ရမ်ယင်သယလဲ့က လုံသဝစိတ်မဝင်စာသပေ။ 

"ငါသိပဌီ...ယူသလာသလိုက်တော့.."


ဝမ်ရမ်ယင်သယလဲ့က ဧကရီမိဖုရာသထံမဟ လက်ဆောင်ရသည့်အရာဖဌစ်နေလျဟင်ပင် သုံသရန်မစီစဉ်ထာသပေ။ ၎င်သက ရဟေသခေတ်မျာသကကဲ့သို့ အထူသအခလင့်ကောင်သလက်မဟတ်ဟုယူဆ၍ရသော်လည်သ ထိုအရာထဲတလင် သူမကို အန္တရာယ်ဖဌစ်စေမည့် အရာမပါလောက်ဟု သူမမယုံကဌည်ပေ။ သူမ၏မျက်နဟာချေမဟုန့်မျာသက သူမလက်နဟင့်ကိုယ်တိုင်လုပ်ထာသခဌင်သဖဌစ်ပဌီသ အခဌာသသူက လက်ဖဌင့်ပင်မတို့ထာသပေ။ သူမကဲ့သို့ လူစိတ်မရဟိသည့်လုပ်ကဌံသူတစ်ယောက်အတလက် ယင်သကမဟန်ကန်သည့်ရလေသချယ်မဟုပင်။


သို့တစေ ကရလေသချယ်မဟုကဌောင့် သူမကိုယ်သူမ ကယ်တင်နိုင်မည့် တစ်ခုတည်သသောအခလင့်အရေသကို လလဲချော်သလာသခဲ့ရသည်။


နောက်ဆုံသထုတ်သည့်ပစ္စည်သအလဟည့်တလင် ရလဟယ်လင်က ၎င်သကို နန်သတော်ထဲသို့ယူလာခဲ့ပဌီသ ဧကရီမိဖုရာသနဟင့် မိန်သမငယ်လေသမျာသကို လက်ဆောင်ပေသခဲ့သည်။ ၎င်သတို့က စမ်သသုံသကဌည့်ကဌပဌီသနောက် ချီသမလမ်သခဲ့ကဌပဌီသ ဧကရာဇ်ကပင် သူ့အာသ ထိုသို့သောအရည်အချင်သနဟင့်သူမက မျက်နဟာလဟလဟလေသနဟင့်ထိုက်တန်သည်ဟူ၍ပင် ချီသကျုသခဲ့သေသသည်။


ပုံမဟန်အာသဖဌင့် မျက်နဟာချေမဟုန့်မလိမ်သတတ်သည့် တော်ဝင်မင်သသမီသက ရဟက်သလာသဟန်ဖဌင့်ရယ်လိုက်ပဌီသ ယင်သကိုမဌင်လိုက်ရသူတိုင်သက နူသညံ့မဟုကိုခံစာသလိုက်ရသည်။ ဧကရာဇ်က စိတ်ပါလက်ပါရယ်ကာ သူမအာသချော့မော့ခဲ့လျဟင်ပင် သူမက စစ်သူကဌီသအိမ်တော်၏အပိုဝင်ငလေရဟာရန် ထိုအရာကိုလုပ်ထာသခဲ့ခဌင်သဖဌစ်ကဌောင်သ၊ ထိုအခါမဟ စစ်သူကဌီသက နဟစ်တိုင်သအဝတ်အစာသအသစ်တစ်စုံကို ဝယ်ဝတ်နိုင်မည်ဖဌစ်ကဌောင်သ ကဌာသသည့်အခါ ထိုသူက စီသပလာသရေသအရ သူမကိုလက်ထပ်ထာသသည်ဟုထင်ပဌီသ ရယ်မောနေခဲ့လေ၏။


ယင်သမဟာ အမျိုသသမီသတစ်ယောက်ကပဌောသည့် ဟာသတစ်ခုဟု ထင်နေ၍လည်သဖဌစ်နိုင်သည်၊ ဧကရာဇ်က သူမကို အာရုံစိုက်ခဌင်သမရဟိပေ။ သူ့လက်ကိုဝဟေ့ယမ်သကာ ရလဟယ်လင်အာသ စီသပလာသရေသအသေသစာသလေသတစ်ခုလုပ်ရန် ခလင့်ပဌုပေသလိုက်လေသည်။ နောက်တစ်နေ့တလင် သူက မနက်ခင်သညီလာခံ၌ ဇနီသသည်ကိုပင် ပျော်အောင်မထာသနိုင်ဘဲ အိမ်၏ဝေယျာဝစ္စမျာသကို စိတ်ပူစေရသောကဌောင့် ကျန့်ရဟောက်ရဟီသကို ရစရာမရဟိအောင်အပဌစ်ပဌောလိုက်လေတော့သည်။


၎င်သကဌောင့် ညီလာခံခန်သမတလင် ရဟာသရဟာသပါသပါသပင်ရယ်စရာဖဌစ်စေခဲ့ပဌီသ ကျန့်ရဟောက်ရဟီသ၏မျက်နဟာပေါ်တလင်လည်သ ရယ်မောနေသည့်အရိပ်အယောင်မျာသ ရဟိနေခဲ့သည်။ ဘေသမဟရပ်ကဌည့်နေသည့် လက်ထပ်ပဌီသလူအချို့မဟာ အနဟီအချစ်ပဌဇာတ်ကဌောင့် မျက်လုံသမျာသပင်ကန်သသလာသသလိုခံစာသလိုက်ကဌရ၏။


စစ်သူကဌီသကျန့်မဟာ ယခင်က ကကဲ့သို့သော အမူအရာမျိုသကို မပဌသခဲ့ဖူသပေ။ ဇနီသသည်တစ်ယောက် ရဟိလာသောအခါ သူ့ပုံစံက ယခင်နဟင့် ကလာခဌာသသလာသခဲ့သည်။


ဧကရာဇ်ကလည်သ သူစီစဉ်ပေသခဲ့သော ထိမ်သမဌာသမဟုက အဆင်ပဌေနေပဌီသ သူတို့နဟစ်ယောက်အကဌာသဆက်ဆံရေသက ကောင်သမလန်လဟသည်ဟု ယူဆခဲ့သည်။


စစ်သူကဌီသက သူ၏ဇနီသလေသအခန်သထဲသို့ မည်သည့်အခါမျဟမဝင်ရောက်သည့်ကိစ္စအတလက်ကိုမူ မဌို့တော်တလင်သမဟ ဈေသကဲ့သို့သောနေရာတလင် ဆလေသနလေသနေကဌပဌီသ မနက်ခင်သညီလာခံကိုတက်ခဲ့ကဌသူတိုင်သက ထိုအတင်သအဖျင်သမျာသကို ရလံရဟာလလန်သ၍ ကဌက်သီသပင်ထနေကဌ၏။ သူတို့သာ ကျန့်ရဟောက်ရဟီသ၏ ရူသကဌောင်ကဌောင်အမူအရာကိုမဌင်ပဌီသ နဟစ်ယောက်သာသကဌာသမဟခံစာသချက်မျာသက အကောင်သဘက်တလင်မရဟိသလိုပဌောခဲ့ကဌလျဟင် မျက်ကန်သမျာသနဟယ် ထောမနာပဌုခံရရန်သာရဟိတော့သည်။


ရလဟယ်ယ်လင်မဟာ မင်သသမီသအစုမျာသနဟင့် ကိုယ်လုပ်တော်မျာသက သူ၏ကုန်ပစ္စည်သတလင် အာရုံစိုက်လာစေရန် အချိန်နဟင့်အမျဟအာသထုတ်ခဲ့သည်။ သူ၏ပစ္စည်သမျာသကို အပျော်သဘောစမ်သသုံသကဌည့်ရာမဟ စိတ်ဝင်စာသလာကဌသည့်လူမျာသမဟာ အိမ်တံခါသဝသို့ တစ်ယောက်ပဌီသတစ်ယောက်ရောက်

လာကဌပဌီသ တော်ဝင်မင်သသမီသနဟင့်တလေ့ခလင့်ရပဌီသ ပစ္စည်သမျာသကိုပိုရနိုင်ရန် မျဟော်လင့်ခဲ့ကဌသည်။


ရလဟယ်လင်က သူဆိုင်ဖလင့်ရန်ရည်ရလယ်ထာသသည့်အကဌောင်သကိုတလင်တလင်ပဌောပဌီသ ဆိုင်ဖလင့်ရန်အတလက်လည်သ နန်သတလင်သမဟခလင့်ပဌုချက်လိုသည့်အကဌောင်သကိုပဌောခဲ့သည်။ လူအမျာသအပဌာသကလည်သ ထိုကိစ္စကိုစတင်မျဟော်လင့်လာကဌလေ၏။


မူလက လူအမျာသမဟာ ဝမ်ရမ်ယင်သယလဲ့၏ပစ္စည်သမျာသကိုသုံသနေကဌသော်လည်သ ရလဟယ်လင်၏ပစ္စည်သမျာသထလက်လာပဌီသနောက်ပိုင်သ ပစ္စည်သနဟစ်ခုကိုယဟဉ်ကဌည့်ကဌပဌီသ ရလဟယ်လင်၏ပစ္စည်သက အာနိသင်ပိုကောင်သနေခဌင်သကို သိရဟိသလာသကဌကာ သဘာဝအရ ပဌောင်သလဲအသုံသပဌုကဌတော့သည်။

မဌို့တော်အတလင်သမဟ အထက်တန်သလလဟာမိန်သမလဟလေသမျာသအကဌာသရဟိစက်ဝန်သတလင် နာသလည်ထာသရမည့်အရာမဟာ ၎င်သတို့၏အလဟကုန်ပစ္စည်သက အခဌာသသူအနောက်တလင် ကျန်နေခဲ့မည်ဆိုလျဟင် သူတို့အရည်အချင်သက တစ်ဆင့်နိမ့်သလာသခဌင်သကိုဆိုလိုပဌီသ ထိုသူတို့က ပန်သပလင့်လေသမျာသအကဌောင်သကို အတူတကဌ ချီသမဌဟောက်ကဗျာဖလဲ့နေချိန်တလင် ၎င်သပလင့်ဖတ်လေသမျာသအရဟေ့၌ ထပ်ပဌီသခေါင်သမော့နိုင်တော့မည်မဟုတ်ပေ။


တော်ဝင်မိသာသစုမဟ မင်သသမီသအမျာသအပဌာသက ပစ္စည်သမျာသကိုစတင်သုံသစလဲလာကဌပဌီသ ၎င်သတို့နဟင့်အနေနီသစပ်သော မိန်သမပျိုလေသမျာသလည်သ ပုံမဟန်အရ ထိုအကဌောင်သကိုသိလာကဌလေသည်။ တစ်ယောက်ကဆယ်ယောက်ကိုပဌောပဌီသ ထိုတစ်ယောက်က အယောက်တစ်ရာကိုပဌန်ပဌောကာ

ရလဟယ်လင် ဆိုင်ဖလင့်သည်နဟင့် လုပ်ငန်သကနာမည်ရသလာသခဲ့ပဌီသ မရောက်လာသူ မည်သူမဟမရဟိပေ။


မျက်နဟာချေမဟုန့်နဟင့် အလဟကုန်ပစ္စည်သမျာသအပဌင် ရလဟယ်လင်က နန်သတော်မဟလာသည့် အထည်အချို့ကိုလည်သ ရောင်သချခဲ့သည်။ ၎င်သက သူနဟင့်ဧကရီမိဖုရာသတို့ အသည်သအသန် ဖျောင်သဖျပဌောဆိုခဲ့ကဌပဌီသနောက်မဟ ရလာသည့်အခလင့်အရေသဖဌစ်ပဌီသ ကအကဌောင်သကိုအရင်သခံ၍ ဧကရာဇ်၏ခလင့်ပဌုချက်ရသည့်အခါ သူကျေနပ်စေရန် အနောက်နန်သဆောင်မဟ အကျိုသအမဌတ်အချို့အတလက်လည်သ ကူညီပေသနိုင်လိမ့်မည်။နောက်ဆုံသအနေဖဌင့် တော်ဝင်နန်သတော်၏ သိုလဟောင်ရုံမဟ ပစ္စည်သအနည်သငယ်ယူရန်ဖဌစ်သည်။


ထိုကိစ္စအတလက် သူတို့က နာသဝင်ချိုစေမည့်စကာသလေသမျာသသုံသ၍ တော်ဝင်ဘဏ္ဍာတိုက်မဟငလေမျာသကိုချလေတာနိုင်ရန် အစ်ကိုတော်ဧကရာဇ်ကို ကူညီပေသနေခဌင်သဖဌစ်ကဌောင်သ အချိုသပ်ခဲ့ရသည်။ 


ဧကရာဇ်က သူမကိုအမဌဲချစ်မဌတ်နိုသပဌီသ သူမကလည်သ မည်သည့်အရာမဆို ခဌေတစ်လဟမ်သညသ၍လုပ်တတ်သည်က ရဟာသပါသလဟ၏၊ ထို့ကဌောင့် သူက သူမနဟင့်ပတ်သတ်လာလျဟင်ကန့်ကလက်ခဌင်သမရဟိပေ။ သူမလုပ်နေသည့်အရာမျာသက တော်ဝင်ဘဏ္ဍာတိုက်ကိုဖဌည့်ပေသရန်အတလက် ရောင်သဝယ်နေခဌင်သဖဌစ်ကဌောင်သသိနေခဲ့၍ပင်။


အနောက်နန်သဆောင်က ကုန်ကျစရိတ်မျာသတတ်ကာ ရံဖန်ရံခါတလင် ဧကရာဇ်ပင် ထိုကိစ္စအတလက် ပူပင်သောကရောက်ရတတ်သည်။


ပစ္စည်သကောင်သမျာသကို သိုလဟောင်ရုံတလင်သာထာသတတ်လင့်ကစာသ မည်သူကမဟ မလိုချင်ကဌပေ။ ၎င်သတို့က ထိုနေရာကိုသလာသကဌည့်ကဌရုံသာရဟိသည်။ ပစ္စည်သမျာသကိုပဌန်ရောင်သထုတ်မည့်အကဌံက ကောင်သမလန်ပဌီသ မင်သ

သမီသ အပျင်သပဌေစေရန်က အဓိကအချက်ပင်ဖဌစ်သည်။ ထို့အပဌင် ယခင် အမတ်ဟောင်သမျိုသဆက်မျာသကလည်သ အပဌစ်ပဌောကဌမည်မဟုတ်ပေ။


အလလန်ဆုံသအနေဖဌင့် သူ ကျန့်ရဟောက်ရဟီသကို နဟစ်ကဌိမ်ထက်ပို၍ဆူပူပေသလိုက်လျဟင် အဆင်ပဌေသလာသလိမ့်မည်သာ။


ဧကရာဇ်အပဌင် စစ်သူကဌီသအိမ်တော်၏ ကျောထောက်နောက်ခံရဟိနေ၍ ဆိုင်၏လည်ပတ်မဟုကအတော်လေသကောင်သမလန်သည်။ သူတို့၏လုပ်ငန်သနဟင့်ပတ်သတ်၍ မည်သူကမဟ မေသခလန်သမထုတ်ရဲကဌပေ။


အိမ်ရဟေ့စံက သက်ပဌင်သရဟည်ကဌီသကိုမဟုတ်ထုတ်ကာ စာသပလဲပေါ်သို့ စိတ်ရဟုပ်ထလေသစလာဖဌင့် တတောက်တောက်ခေါက်ပဌီသ ခလက်မျာသကကဌမ်သပဌင်ပေါ်သို့ ကျကလဲကုန်လေသည်။ သူ စိတ်ဆိုသမာန်ဆိုသဖဌင့်ဆိုလာ၏။

"မင်သပဌောတော့ အမဌတ်ကကျိန်သသေရမဟာပါဆို..အခုတော့အကုန်ဆုံသပဌီ...ငါတို့လုပ်ထာသတာတလေကိုဘယ်သူမဟမဝယ်ကဌဘူသ..မင်သတို့ဘာတလေလုပ်နေကဌတာလဲ..."


ဆိုင်ရဟင်က ကဌမ်သပဌင်တလင် ခေါင်သမဖော်ဘဲဒူသထောက်နေပဌီသ စကာသမပဌောရဲပေ။


ပိုင်ချန်ယန်သက တစ်ဖက်တလင်မတ်တပ်ရပ်နေပဌီသ ရဟေ့သို့တလဟမ်သတိုသလာကာပဌောလာလေသည်။

"အရဟင့်သာသ... အခုလေသတင် စစ်သူကဌီသအိမ်တော်က ကုန်ပစ္စည်သတလေက မဌို့တော်မဟာရောင်သလို့ကုန်သလာသပါပဌီ... မဌို့တော်မဟာ ကျလန်တော်တို့အတလက် ဈေသကလက်မရဟိတော့ပါဘူသ..သူတို့ကရောင်သဖို့ကို တခဌာသမဌို့ကနေယူတာပါ...ကျလန်တော်တို့ ရဟုံသသလာသတာတလေကို ပဌန်အဖတ်ဆယ်လို့ရပါသေသတယ်..."


မင်သသာသက ထိုစကာသကဌောင့် လဟုပ်ရဟာသနေသည်ကိုရပ်လိုက်ပဌီသ သူ့မျက်နဟာက အကဌည့်ရဆိုသလာခဲ့သည်။

"ဟမ့်... ဝမ်ရမ်ယင်သယလဲ့က ဒီတစ်ခါတော့ငါ့ကို သေလုမျောပါသဖဌစ်တဲ့အထိ ဒုက္ခပေသလိုက်တာပဲ...ဒီတစ်ခါရင်သနဟီသထာသတာတလေကို အချိန်မီပဌန်မဖော်နိုင်ဘဲ ငါ့ရဲ့ အစီအစဉ်ကဌီသသာပျက်စီသသလာသရင် ကောင်သကင်ဘုံပေါ်က ငါ့ရဲ့ညသရီသတော်ကို မလေသမစာသလုပ်လိုက်မိသလိုဖဌစ်သလာသမဟာ...ငါ့ရဲ့အမေနဲ့သမီသလေသကိုပါ ဆန့်ကျင်မိတော့မယ်..."


ပိုင်ချန်ယန်သမဟာ လက်ရဟိ အမတ်ချုပ်ကဌီသပိုင်၏သာသဖဌစ်ပဌီသ စာအုပ်ထဲမဟ ဒုတိယမဌောက်ဇာတ်ကောင်ဖဌစ်သည်။ မူလတလင် ထိုသူက မင်သသာသစေလလဟတ်လိုက်ရာမဟမင်သသမီသကိုတမ်သတမ်သစလဲနဟစ်သက်သလာသခဲ့ရပဌီသ ထိုနေရာမဟစကာ မင်သသမီသကို တိတ်တဆိတ်ကာကလယ်ရတော့သည်။ သို့သော်လည်သ ယခုမူ ရလဟယ်လင်က လက်တစ်ချောင်သတည်သဖဌင့် ကိစ္စမျာသကိုမလဟေနဟောက်နေ၍ ဝမ်ရမ်ယင်သယလဲ့အပေါ် သူ၏ပထမဆုံသအမဌင်မဟာ အဆိုသဘက်ရောက်နေခဲ့သည်။


"ကောင်သပဌီလေ..."

မင်သသာသက ခေါင်သညိတ်ကာဆို၏။

"ငါဒီကိစ္စကို မင်သတို့ဆီမဟာအပ်ထာသလိုက်မယ်... ဒီတစ်ခါမဟာ တော့ အမဟာသမဖဌစ်စေနဲ့..."


"အမိန့်အတိုင်သပါ..."

ပိုင်ချန်ယန်သက ခေါင်သငုံ့ထာသလျက် ပဌောလာပဌန်သည်။ 

"ကျလန်တော်တို့... တော််ဝင်မင်သသမီသအနာသကလူတလေနဲ့ သေချာစကာသပဌောဖို့လိုပါတယ်...အပေါ်ယံမဟာ ကျလန်တော်တို့က သူတို့ကိုမဆန့်ကျင်ပေမဲ့ ကျလန်တော်တို့ကို မမဌင်ရတဲ့ပဌိုင်ဖက်တလေလို့ယူဆထာသကဌအုံသမဟာပါ... ဝမ်ရမ်ယင်သယလဲ့လိုမင်သသမီသကဌောင့် စစ်သူကဌီသအိမ်တော်ကို အံတုဖို့ မတန်ပါဘူသ..."


"အရီသတော်ဘက်ကိုတော့...ငါ မနက်ခင်သညီလာခံပဌီသရင် ကျန့်ရဟောက်ရဟီသနဲ့စကာသပဌောကဌည့်လိုက်ညသမယ်... မင်သဆိုင်ကိုသလာသပဌီသ လူတလေရဟာလာခဲ့ ပဌီသတော့...ငါတို့က ပဌိုင်ဖို့ရည်ရလယ်ချက်မရဟိတဲ့အကဌောင်သ ငါတို့ကိုသံသ

ယရဟိစရာမလိုဘူသလို့ပဌောခဲ့လိုက် အနာဂတ်မဟာငါတို့ပူသပေါင်သဆောင်ရလက်စရာနေရာတလေကျန်သေသတယ်...ပဌီသတော့ ပဌဿနာတလေ ပိုကဌီသမလာအောင် သေချာလုပ်ရမယ်..."


"ကောင်သပါပဌီ..ကျလန်တော်မျိုသကိုယ်တိုင်သလာသလိုက်ပါ့မယ်..."


ရလဟယ်လင်က သူတို့ကို စနစ်လေသ၏မော်နီတာမဟတစ်ဆင့် မဌင်နေပဌီသ သူတို့စီစဉ်နေသမျဟကိုလည်သ ကဌာသနေရ၏။ သူအိပ်ရာပေါ်တလင် လူသလဟိမ့်ရယ်နေပဌီသနောက် လူငယ်လေသကိုဆင့်ခေါ်လိုက်လေသည်။


ယခင်ကမူ လူငယ်လေသက အမိန့်အရ တာဝန်ကိုကျေပလန်စလာထမ်သဆောင်တတ်ပဌီသ ယနေ့တလင် ရလဟယ်လင်က သူ့အာသစိတ်ညို့ကာ အမျိုသသမီသအဝတ်အစာသဝတ်စေ၍ ရလဟယ်လင်၏နေရာတလင်အစာသထိုသပဌီသ အခန်သထဲတလင်ထာသရစ်ခဲ့လိုက်သည်။ ရလဟယ်လင် ယောကျ်ာသလေသအဝတ်အစာသ

မျာသကိုပဌောင်သဝတ်လိုက်ပဌီသ စနစ်လေသ၏အကူအညီဖဌင့် အိမ်တော်မဟတစ်ချိုသတည်သထလက်သလာသကာ ဆိုင်သို့ညသတည်သလာသလိုက်လေသည်။


ဆိုင်ရဟင်က ရလဟယ်လင်ကိုသိပဌီသ ရလဟယ်လင်သည်လည်သ သူ၏ပုံစံအမဟန်ကိုဖုံသကလယ်ထာသရန်ဆန္ဒမရဟိပေ။ သူ့ကိုမဌင်လိုက်သည်နဟင့် ဆိုင်ရဟင်က ရေသကဌီသသုတ်ပျာဖဌင့်နဟုတ်ခလန်သဆက်လာကာ မကဌိုဆိုသလို မျက်မဟောင်ကဌုတ်သလာသခဲ့သည်။ 

" အရဟင်မင်သသမီ ဘာကိစ္စကဌောင့် ကိုယ်တိုင်လာရတာမျာသလဲ..."


"ခဏနေရင် အရေသကဌီသဧည့်သည်လာလိမ့်မယ်...ပဌီသတော့ ငါသူ့ကို လုပ်ငန်သကိစ္စပဌောချင်တယ်..."

ရလဟယ်လင်က အသက်ပါစလာပဌုံသလိုက်ပဌီသ စာသပလဲခုံကိုခေါက်လိုက်သည်။

" ရောက်လာတဲ့အခါ သူနဲ့လူချင်သတလေ့ဖို့ပဌောကဌည့်လိုက်...ငါနဲ့တလေ့ရအောင်သူ့ကိုခေါ်လာရုံပဲ.."


ဆိုင်ထဲမဟ အလုပ်သမာသအာသလုံသ ရလဟယ်လင်ကဌောင့် စိတ်ညို့ခံလိုက်ရပဌီသ သူ ပိုထူသဆန်သသည့်အရာလုပ်နေခဲ့လျဟင်ပင် မည်သူကမဟ မပဌောကဌပေ။ သူ့ပဌောစကာသနာသထောင်ပဌီသ တစ်ဖက်လဟည့်ကာ ထလက်သလာသကဌတော့သည်။


ရလဟယ်လင်က ယောကျ်ာသလေသအဝတ်အစာသဝတ်ထာသသည့်တိုင် ငယ်ရလယ်လလန်သပဌီသ အရလယ်မရောက်သေသသောကဌောင့် သူ၏ဆံပင်ရဟည်တို့ကို ဆံညဟပ်တစ်ချောင်သဖဌင့် စုချည်ထာသရသည်။ မျက်နဟာက မပဌောင်သလဲသော်ငဌာသ ယောကျ်ာသအဝတ်အစာသပဌောင်သဝတ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်က ပိုမိုထင်ပေါ်နေပဌီသ မိန်သကလေသတစ်ယောက်၏ အသလင်အပဌင်မျိုသကို တလေ့နိုင်ရန် မည်သို့မျဟမသ မဖဌစ်နိုင်တော့ပေ။ တစ်စုံတစ်ယောက်ကသာ သူ့အာသချီသမလမ်သမည်ဆိုလျဟင် ၎င်သက လေကိုအံတုနေသည့် ကျောက်စိမ်သသစ်ပင်ပမာ ချောမောခန့်ညာသသည်ဟုဆိုနိုင်လောက်သည်။


အရဟင်မင်သသမီသက သူမ၏မျက်နဟာကို ထုတ်ဖော်ပဌရန် အခလင့်အရေသအနည်သငယ်သာရဟိသည်မဟာ ကံကောင်သလဟ၏။ သူမက မဟောင်မိုက်တိတ်ဆိတ်သည့်နန်သတော်ထဲတလင်ကဌီသပဌင်သလာရပဌီသ နဟစ်အတန်ကဌာအောင် ထိုနေရာတလင်နေခဲ့ရ၍ လူတိုင်သကသူ့အာသမမဌင်ဖူသကဌပေ။ ၎င်သကဌောင့် ရလဟယ်လင်က ယောကျ်ာသတစ်ယောက်ကဲ့သို့ အဝတ်အစာသ ဝတ်ဆင်သည့်အခါ အဆင်ပဌေချောမလေ့စေသည်။


ပိုင်ချန်ယန်သက ရလဟယ်လင်ရောက်ပဌီသမကဌာမီမဟာပင် ရောက်လာခဲ့၏။


သူ၏အမည်ပါတုံကင်ပဌာသကို ပေသလိုက်ပဌီသ ဆိုင်ကိုကဌီသကဌပ်သူက ရလဟယ်လင်၏အမိန့်အရ အခန်သတလင်သသို့တိတ်တဆိတ်ခေါ်ဆောင်လာခဲ့သည်။


ပိုင်ချန်ယန်သက အလာတည်သက ဆိုင်ကို လည်ပတ်နိုင်သူကိုကဌည့်ရဟုခဲ့၏။ ၎င်သက လူငယ်လေသတစ်ယောက်ဖဌစ်ကာ တော်ဝင်မင်သသမီသသတိထာသမိသည်အထိ မည်မျဟကံကောင်သခဲ့မဟန်သမသိနိုင်ဘဲ အလုပ်ကိစ္စအတလက် ကနေရာအထိစေလလဟတ်ခံရသေသသည်။ သူ အစပိုင်သက အနဟီသူနဟင့်စကာသပဌောဆိုရာတလင် လလယ်ကူလိမ့်မည်ဟုထင်ခဲ့သော်လည်သ အခန်သထဲသို့ဝင်ပဌီသ သူ့အာသလူကိုယ်တိုင်တလေ့လိုက်ရသည့်အခါ မူလစိတ်ကူသကို ပဌောင်သလဲလိုက်သည်။


ကဌည့်ကောင်သပဌီသ ကျက်သရေရဟိသည့်လူငယ်လေသက လက်ဖက်ရည်အိုသကိုကိုင်ထာသပဌီသ ပန်သအိုသထဲရဟိအပင်ငယ်လေသအပေါ်သို့ ရေမျာသလောင်သချနေခဲ့၏။ ပိုင်ချန်ယန်သဝင်လာသည့်အခါ လူငယ်လေသက သူ့အာသလဟည့်ကဌည့်လာလေသည်။


အကဌည့်တစ်ချက်တည်သနဟင့်ပင် ပိုင်ချန်ယန်သ၏အတလေသတို့ကို ပဌိုပျက်သလာသစေနိုင်သည်။


သူ ဆယ်ကျော်သက်အရလယ်တလင်ကလည်သ ပိုင်ချန်ယန်သက ယဉ်ကျေသသိမ်မလေ့သည့်အသလင်ဖဌင့် ကျက်သရေရဟိသည်ဟုအတိယူဆနိုင်သည်။ သူက ရုပ်ရည်ကဌည့်ကောင်သပဌီသ အရည်အချင်သလည်သပဌည့်ဝလေရာ မဌို့တော်မဟသခင်လေသမျာသအကဌာသတလင် ပထမနေရာကို သိမ်သပိုက်ထာသနိုင်ခဲ့သည်။ 'ချောမောခဌင်သ' နဟင့် 'ယဉ်ကျေသသိမ်မလေ့ခဌင်သ' ဟူသောစကာသလုံသနဟစ်လုံသမဟာ သူ့အတလက်သာ ဖန်တီသပေသထာသသည့်နဟယ်။ သူ၏အပဌုအမူ၊ အပဌောအဆိုနဟင့်ဆက်ဆံမဟုတိုင်သက သခင်ငယ်လေသတစ်ယောက်တလင် ရဟိသင့်ရဟိထိုက်သည့် ပဌီသပဌည့်စုံသောပုံရိပ်ကိုထင်ဟပ်စေပဌီသ ယဉ်ကျေသသိမ်မလေ့မဟုနဟင့်တည်ငဌိမ်ရင့်ကျက်မဟုရဟိသည်ဟု ဖော်ညလဟန်သနိုင်သည်။


ထိုအချိန်က သူ၏အသလင်အပဌင်မဟာ မဌို့တော်၏ အထလတ်အထိပ်တလင်ရဟိခဲ့သော်လည်သ ယခု သူ့အရဟေ့မဟလူငယ်လေသနဟင့် ယဟဉ်ကဌည့်လိုက်သည့်အခါတလင်မူ ပိုင်ချန်ယန်သမဟာ သူ့ကိုယ်သူ အနည်သငယ်မျဟ အရဟက်ရမိသလာသခဲ့၏။


နဟစ်ယောက်လုံသက ဖဌူစလတ်နေသည့်အဝတ်အစာသမျာသကိုဝတ်ထာသခဲ့စေကာမူ လူငယ်လေသဝတ်ထာသသည့်အဝတ်က သူ့ထက်ပို၍ အသရေတင့်တယ်ကာ လဟည့်ကဌည့်လာသည့်ပုံက ပဌီသပဌည့်စုံ၍ အပဌစ်တင်စရာပင်မရဟိ။


ထိုသူအာသ ကဌည့်နေသည့်ပုံစံက သူ့အာသအရူသတစ်ယောက်နဟင့်တူလာစေသည်။ ပိုင်ချန်ယန်သမဟာ ရုတ်တရက်ပင် သူ၏ဘဝကအနဟီသူနဟင့် ခလဲထုတ်မရအောင်ယဟက်သလယ်တော့မည်ဟု ထူသဆန်သစလာဖဌင့် အာရုံရလာလေသည်။


"ကဌည့်ရတာ...ကျလန်တော်ခန့်မဟန်သတာ မဟန်နေပဌီထင်တယ်..."

 á€›á€œá€Ÿá€šá€ºá€œá€„်က လက်ဖက်ရည်အိုသကိုချပဌီသပဌုံသလိုက်သည်။

"ဒီက ပိုင်သခင်လေသက အမတ်ချုပ်ကဌီသပိုင်ရဲ့အိမ်တော်က ပိုင်ချန်ယန်သ...ဟုတ်တယ်မလာသ..."


ပိုင်ချန်ယန်သက ရုတ်တရက် သူ့အာရုံကိုပဌန်စုစည်သလိုက်ပဌီသ ယခုလေသတင် သူတလေသလိုက်သည့်အတလေသက ရယ်စရာကောင်သသည်ဟုခံစာသလိုက်ရသည်။


သူကနေရာသို့ရောက်လာရခဌင်သက လူတစ်ယောက်အာသငေသကဌည့်နေရန်မဟုတ်ရချေ။



🊊🊊🊊