Chapter 71
Viewers 3k

🦊Chapter 71

Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း

5.11 - ဆယ့်ရှစ်နှစ် မပြည့်သေးသ၍ ဆွေးနွေးစရာ အကြောင်းမရှိဘူး




ရွှယ်လင်က ထိုလူကို ပိတ်ပင်ရန်အတွက် ပြောလိုက်ခြင်းသာ ဖြစ်သည်။ ထိုလူက သူ ပြောခဲ့သည်ကို အလေးထားနေချိန်တွင် ရွှယ်လင်က ထပ်၍စနောက်ရန် မသင့်တော့ဟု ထင်သောကြောင့် သူ့ခေါင်းကိုလှည့်ကာ သူလုပ်ရန် လိုအပ်သည့် အရာများအားလုံးကို ပြောလိုက်လေသည်။ 


ထို့နောက်တွင် သူ့ အားထုတ်မှုများကြောင့် ခေါင်းကို အထုခံလိုက်ရလေသည်။

" ရှင်မက အရမ်း ဥာဏ်ကောင်းတာလေ...ဘာလို့ ဖြေရှင်းလို့ မရတာတွေ ရှိနေသေးတာလဲ..."


"ဟမ်... ဘာကို မဖြေရှင်းရသေးတာလဲ..."


" သူ့(ဝမ်ရမ်ယင်းယွဲ့)ကို မြို့တော်က လူတွေနဲ့ အဆက်အသွယ် ဖြတ်ချင်ရင် သူ့ကို အဝေးကို ပို့ရင်ပို့... ဒါမှမဟုတ် တိုက်ရိုက်ပဲသတ်ပစ်လိုက်..."


" သူ့ကို သတ်လို့ မရဘူး..."

သူက အဘယ့်ကြောင့် ဝမ်ရမ်ယင်းယွဲ့ကို ပစ်မှတ်ထားသည်ကို ရှင်းမပြဘဲ အချို့သောအကြောင်းများကြောင့် သူမကို လူတချို့နှင့် ဝေးဝေးတွင်ထားချင်သည်ဟုသာ ပြောခဲ့သည်။ ထိုလူတချို့ထဲတွင် အိမ်ရှေ့စံမင်းသားနှင့် ပိုင်ချန်ယန်းတို့လည်း အပါအဝင်ပင်။ ထို့အပြင် စစ်သူကြီး၏ ခြံဝန်းထဲတွင် အကျဥ်းကျနေသော ရှားယန်လည်း ပါဝင်လေသည်။

" သူ့ကို အဝေးပို့တာက ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ သူ့ကို ကျွန်တော် မမြင်ရတဲ့နေရာမှာ မမျှော်လင့်ထားဘဲ မတွေ့သင့်တဲ့လူတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ... "


ကျန့်ရှောက်ရှီး သူ၏ ခေါင်းကို ပွတ်လိုက်လေသည်။ ထို့နောက် ထိုကိစ္စကို ဖြေရှင်းရန် ရိုးရှင်းကြမ်းတမ်းသော နည်းလမ်းကို အကြံပြုလိုက်သည်။

" သူရဲ့ ကိုယ်ခံပညာနဲ့ မင်းထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေ လုပ်မှာစိုးရင် မင်းရဲ့ ယောင်္ကျားက သူ့ကိုယ်ခံပညာကို သုံးမရအောင်လုပ်ပြီး တခြားမပို့ခင် တစ်ဘဝလုံး လှုပ်လို့ မရတော့အောင် လုပ်ပေးလိုက်မယ်လေ..."


သူ၏ အသံက အမေးသဘောဖြင့် ပြောနေသောကြောင့် ရွှယ်လင် ပျော်ရွှင်သွားကာ သက်တောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။ 


အဲ့လို နည်းလမ်းနဲ့ဆိုရင် ဇာတ်လိုက်မက နားမလည်နိုင်ဘဲ အမှောင်ထဲမှာပဲ ထိန်းသိမ်းခံထားရလိမ့်မယ်... သူ ဘယ်သူ့ကို စိတ်အနှော်အယှက် ဖြစ်အောင် လုပ်မိတယ်ဆိုတာကိုလည်း လုံးဝ သိမှာ မဟုတ်ဘူး...


အမှန်တွင် သူမက မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မပေးခဲ့ပေ။ သို့သော် သူမ၏ တည်ရှိမှုက အလွန်အားကောင်းသောကြောင့် အမြှောက်စာဇာတ်ကောင်လေးများအတွက် ဘေးအန္တရာယ်များ သယ်ဆောင်လာလေသည်။ မူလ ဇာတ်လမ်းထဲတွင် ဝမ်ရမ်ဟုန်တစ်ယောက်တည်းသာ သက်ရောက်ခံရခြင်း မဟုတ်ပေ။ ဝမ်ရမ်ယင်းယွဲ့အတွက် ပွင့်ပွင့်လင်းလင်း ယှဥ်ပြိုင်သည့် ယောင်္ကျား ခုနှစ်ယောက်ကြောင့် မရေတွက်နိုင်သော အမြှောက်စာဇာတ်ကောင်လေးများ သေသွားခဲ့ရသည်။ သူတို့က ရိုးသားသော်လည်း မတော်မတရား အသတ်ခံရကာ သူတို့၏ သေဆုံးမှုကိုလည်း မည်သူမျှ ဂရုမစိုက်ခဲ့ပေ။ ဇာတ်ကြောင်းကို စောစောစီးစီး အဆုံးသတ်ပါက သူတို့၏ အသက်များကို ကယ်တင်နိုင်လိမ့်မည်ပင်။ 


မင်းသားကို ထီးနန်းလုယူခြင်းမှ ကာကွယ်ထားပါက နန်းတော်သည်လည်း ဆူပူထကြွမည် မဟုတ်ပေ။ ထို့ပြင် ဤကမ္ဘာကြီးသည်လည်း ယောင်္ကျားရှုပ်သော မိန်းမတစ်ယောက်ကြောင့် ကသောင်းကနင်းဖြစ်တော့မည် မဟုတ်ပေ။ ဘုရင်အုပ်ချုပ်သော နိုင်ငံသုံးနိုင်ငံ၏ ဂုဏ်အဆင့်အတန်းကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သောကြောင့် မည်သည့် ကမ္ဘာအတွက်မဆို ကောင်းသောအရာဟု ယူဆနိုင်လေသည်။ 


" သူ့ရဲ့ ကိုယ်ခံပညာတွေကို တိုက်ရိုက်ကြီး ဖျက်ပစ်လိုက်ရင် မသိသာလွန်းဘူးလား..."


"အခုချိန်မှာတော့ သူက သေးနုပ်ပြီး မထင်ရှားသေးတဲ့ မင်းသမီး တစ်ပါးပဲလေ... သူ မြို့တော်က ပျောက်သွားမယ်ဆိုရင်တောင် အဲ့ဒါကို မဖြေရှင်းနိုင်တဲ့ ကိစ္စအဖြစ် သတ်မှတ်လိုက်ကြမှာပဲ... ဧကရာဇ်ကလည်း သတိထားမိလိမ့်မယ်ဆိုပေမယ့် အရမ်းတော့ ဂရုစိုက်မှာ မဟုတ်ဘူး..."

ထိုလူ၏ မျက်ဝန်းထဲမှ သတ်ဖြတ်ချင်နေသော အရိပ်အယောင်များကို ရွှယ်လင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။


ယခုမှသာ ထိုလူက စစ်ပွဲတွင် တိုက်ခိုက်ခဲ့သော စစ်သူကြီး ဖြစ်ကြောင်း သူ သတိရလိုက်သည်။ အစပိုင်းမှ ကို့ယို့ကားယားနိုင်မှုများကြောင့်သာ မဟုတ်ပါက သူ ထိုလူ၏ မျက်နှာအစစ်အမှန်ကို ပို၍ စောစီးစွာ မြင်တွေ့နိုင်မည်ပင်။ 


သို့သော် ရွှယ်လင်က စိတ်မရှိပေ။ 


အမျိုးသမီးဇာတ်လိုက်ကို တိုက်ရိုက် ပြိုလဲအောင် ပြုလုပ်ခြင်းကလည်း ဖြစ်နိုင်သည်ဟု သူ တွေးလိုက်သည်။ ထိုလူ၏ လက်ရှိအခြေအနေကို အခြေခံ၍ မကြာမီတွင် သူ၏ ပိုင်ဆိုင်လိုစိတ်ကြီးမှုက ထိုးတက်လာမည်ကို ခန့်မှန်းနိုင်လေသည်။ ထိုအချိန်တွင် ရွှယ်လင်၌ လူများနှင့် ဖြေရှင်းရန် အချိန်အနည်းငယ်သာ ရှိနိုင်တော့မည် ဖြစ်ပြီး သူ၏ အားအင်များကို စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲများနှင့် ထိုလူ သူ၏ အိပ်ယာပေါ်သို့တက်လာခြင်းမှ ကာကွယ်ရန် အသုံးပြုရတော့မည် ဖြစ်သည်။ 


"အရမ်းကြမ်းကြမ်းတမ်းတမ်းနဲ့ တိုက်ရိုက်ကြီးတော့ မလုပ်နဲ့... အဲ့ကိစ္စမှာ ကျွန်တော်တို့ တိုက်ရိုက်ကြီး မပတ်သတ်ရင် ပိုကောင်းတယ်..."

ရွှယ်လင် သူ့မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ထိုကိစ္စကို မည်သို့ မြန်မြန်ဖြေရှင်းရမည်ကို တွေးနေလိုက်သည်။ သူ၏ အတွေးအခေါ်များက အချိန်နှင့်အမျှ ပြောင်းလဲသွားပြီး တစ်နေ့လုံး ဟိုဟိုသည်သည် ပြောင်းလဲနေလေသည်။ ယမန်နေ့က တွေးခဲ့သော အစီအစဥ်များကလည်း ရိုးရှင်းမှု မြန်ဆန်မှု အဆင်သင့်မှုတို့ကြောင့် ပြောင်းလဲသွားလေသည်။ သူက ဇာတ်လိုက်အမျိုးသမီးကို ဆန့်ကျင်ရန် အတွက် စတင်ပြင်ဆင်နေလေသည်။ 


" ကျွန်တော်တို့ သူ့ကို ဆေးပေးလို့ရတယ် အဲ့လိုဆိုရင် သူ့အတွင်းအားတွေကို ထုတ်သုံးနိုင်တော့မှာ မဟုတ်ဘူး..."

ရွှယ်လင်က ဤကမ္ဘာ၏ တည်ဆောက်ပုံကို ပြန်သတိရလိုက်သည်။ သူက ဇာတ်လိုက်ကို မသတ်နိုင်သော စည်းမျဥ်းရှိသော်လည်း ရွှယ်လင် တခြားနည်းလမ်းများ ပြုလုပ်နေခြင်းကိုတော့ မတားဆီးနိုင်ပေ။ သူ ကိုယ်တိုင် လှုပ်ရှားမှုမပြုသ၍ အမျိုးသမီးဇာတ်လိုက်၏ သေခြင်း ရှင်ခြင်းက သူနှင့် သက်ဆိုင်မည် မဟုတ်ချေ။

" အဲ့လိုဆိုရင် အစ်ကိုတော်ဧကရာဇ်ကိုပြောပြီး တခြားနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးရေးအတွက် သူ့ကို လက်ထပ်ဖို့ စေလွှတ်ခိုင်းလို့ရတယ်... ကျွန်တော်တို့က သူကို ပို့တဲ့လမ်းမှာ ဖမ်းဆီးဖို့လူတွေကို စီစဥ်ထားလိုက်မယ် ဝရုန်းသုန်းကာ ဖြစ်နေတဲ့ အချိန်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်လေ..."


"ကောင်းပါပြီ..."

ရွှယ်လင် ပြောသမျှကို ကျန့်ရှောက်ရှီးက ငြင်းပယ်မည် မဟုတ်ပေ။ ရွှယ်လင် လိုချင်နေသ၍ ထိုလူက ဖြစ်အောင် လုပ်ပေးမည်ပင်။

" မင်းကိုယ်တိုင်လုပ်ဖို့ မသင့်တော်ဘူး ကိုယ်လုပ်လိုက်မယ်..."


ရွှယ်လင် ထိုအကြောင်း တွေးလိုက်လေသည်။ သူ၏ လက်ရှိအနေအထားဖြင့် လူအများရှေ့သို့ ထွက်ပြရန် မသင့်တော်ပေ။ ထိုသို့ဆိုလျှင် သူ၏ သရုပ်ဆောင်မှုမှ ပြစ်ချက်များကို မတော်တဆ ဖော်ထုတ်သွားမိနိုင်သည်။ 


သူ မည်သူဖြစ်ကြောင်း အထောက်အထားကို အခြားသူများ မတွေ့စေချင်ပေ။ ထိုသို့ မဟုတ်ပါက ဧကရာဇ် စိတ်အတိုလွန်ပြီး သေဆုံးသွားနိုင်သည်။ ၎င်းက သူ role play သည့် အသက်မွေးဝမ်းကြောင်းတွင်လည်း အမဲစက်အဖြစ် ထင်ကျန်သွားလိမ့်မည်ပင်။ 


"အကူစနစ်လေးရေ ဇာတ်လိုက်အမျိုးသမီးကို ဒီလိုမျိုး အကွက်ချ လုပ်ကြံလို့ အဆင်ပြေရဲ့လား..."


"ဒီမေးခွန်းကို မေးဖို့ အရမ်းနောက်ကျနေပြီလို့ မထင်ဘူးလား... Host အရင်ကမ္ဘာက ဇာတ်လိုက်ကိုလည်း သတ်ဖို့ ကြံစည်ခဲ့တာပဲမလား..."

သူ၏ hostက ထိုလူနှင့် စတင် ပတ်သက်မိတည်းက ဇာတ်လိုက်များကို အကွက်ချကြံစည်သည့် ကိစ္စအပေါ် စိတ်ထဲမထားတော့သည့် အကြောင်းကြောင့်တိတ်ဆိတ်သွားလေသည်။ 


သူက host ကို ပို၍ကျွမ်းကျင်လာရန်လည်း မတောင်းဆိုခဲ့ပေ။ သူက ကံကောင်းမှုများကို စုစည်းသော ကောင်းမွန်သည့် အလုပ်ကို လုပ်နေခြင်းသာဖြစ်ပြီး ဇာတ်လိုက်များကို ရက်စက်ကြမ်းတမ်းစွာ သတ်ပစ်တတ်သော လူတစ်ယောက်သာဖြစ်သည်။

" နည်းစနစ်ကျနေသ၍ ဒီကမ္ဘာရဲ့ အလိုအရ အပြစ်ရှာ မတွေ့ရင် ဘာမှဖြစ်မှာမဟုတ်ဘူး... အဲတော့ host သေချာ အစီအစဥ်ချသင့်တယ်... တကယ်လို့ hostတို့ နှစ်ယောက်ကို ခြေရာခံမိမယ်ဆိုရင် ပြဿနာ အကြီးကြီး ဖြစ်သွားလိမ့်မယ်... အမြဲတမ်းတော့ မလုပ်ပါနဲ့ ပိုပြီး သတိရှိတဲ့ ကမ္ဘာမှာဆိုရင် hostတို့ ကန်ထုတ်ခံရလိမ့်မယ် OOC (out of character) ဖြစ်တာမျိုးတွေကို ပိုဂရုစိုက်နော်..." 


အကူစနစ်လေးက များစွာပြောခဲ့သော်လည်း ရွှယ်လင်က ဇာတ်လိုက်ကိုသတ်လျှင် ပြဿနာ မရှိဟူသော စကားကိုသာ အာရုံစိုက်ခဲ့လေသည်။ ထို့ကြောင့် သူ ထိုလူနှင့်အတူ စစ်သူကြီးအိမ်တော်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် သဝန်တိုနေသေးသော လူကို သူတို့ ပြန်ရောက်သည်နှင့် ရှားယန်ကို ချက်ချင်းအဝေးသို့ ပို့ပစ်မည်ဟုပင် ကတိပေးခဲ့သေးသည်။ 


အမှန်တွင် ရှားယန်သည်လည်း ဤနေရာတွင် ကြာမြင့်စွာ မနေချင်ပေ။ စစ်သူကြီးအိမ်တော်က သူ့ကို အစားအသောက်များ ထောက်ပံ့ရန် မတုံ့ဆိုင်းသော်လည်း ကျန့်ရှောက်ရှီး၏ ကြားဝင်နှောက်ယှက်မှုကြောင့် သူ ရွှယ်လင်ကို များစွာမတွေ့ရတော့ပေ။ ထို့ကြောင့် သူဖြစ်နေသော အခြေအနေကို ပိုတွေးရန် အချိန်ရသွားလေသည်။ သူပိုတွေးလေလေ သူ၏ လက်ထဲတွင် အာဏာ မရှိပါက ဘာမှ လုပ်နိုင်စွမ်းမရှိဟု ခံစားရလေလေပင်။ 


သူ စတင်၍ ထွက်သွားချင်စိတ်ဖြစ်ပေါ်လာသော်လည်း ရွှယ်လင်ကို မတွေ့နိုင်သောကြောင့် နှုတ်ဆက်စကားပြောရန် အခွင့်မရှိသေးပေ။ ထို့ကြောင့် သူ ထွက်သွားမည့် အချိန်ကို ထပ်ခါထပ်ခါ နောက်ရွေ့နေလေသည်။ 


ရွှယ်လင် သူ့ကို တွေ့သောအခါ ရှားယန်က အလွန်ဝမ်းသာသွားပြီး ပြေးသွားကာ ရွှယ်လင်၏ လက်ကို ဆွဲကိုင်လိုက်လေသည်။ 


ရွှယ်လင်ကပြုံးကာ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်ရင်း ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ ယန်ယန်... ငါ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ မင်းကိုတောင် မတွေ့ဖြစ်ဘူး...မင်း ငါ့ကို ရှာနေတယ်လို့ ကြားတယ်..."


"အင်း ဟုတ်တယ်..."

ရှားယန်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး မချင့်မရဲ ဖြစ်သွားကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။ သို့သော် ရွှယ်လင်က သူ့ကို အမြဲတမ်းကလေးကဲ့သို့ နွေးနွေးထွေးထွေး ဆက်ဆံပုံ လုပ်ပြတတ်သောကြောင့် သူသည် ချက်ချင်းပြန်၍ အဆင်ပြေသွားသည်။ ရွှယ်လင်က ကျန့်ရှောက်ရှီး ရှိနေချိန်တွင်သာ နွေးထွေးမှုကို ရံဖန်ရံခါ ပြတတ်လေသည်။ 


၎င်းက ရှားယန် မြင်ချင်ခဲ့သော အရာဖြစ်သော်လည်း တစ်ချိန်တည်းတွင်ပင် သူတို့နှစ်ယောက်ကြား စည်းတားထားသလို ခံစားရလေသည်။ 


ရှားယန် ထွက်သွားရန် စိတ်လှုပ်ရှားနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ဤအိမ်တော်တွင် ဆက်၍ နေပါက ထိုလူသားကို ရနိုင်မည်မဟုတ်သည်ကို သူသိလေသည်။  


" ကျွန်တော် မမကို လာနှုတ်ဆတ်တာပါ..."

ရှားယန် ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။ သူ၏အပြုံးက တစ်ဖန် ပြန်လည်တောက်ပလာပြီး ရယ်လိုက်ချိန်တွင် ငယ်ရွယ်လန်းဆန်းကာ ဆွဲဆောင်မှုရှိသော အမျိုးသားငယ်လေး ဖြစ်လာလေသည်။

" ကျွန်တော် အိမ်ပြန်တော့မယ်..."


"မင်း သေချာ တွေးပြီးပြီလား..."


"ဟုတ်... ရှောင်တိမ်းနေတာက ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး..."

သူ့ကို သနားစေရန်အတွက် သူ့မိသားစုအကြောင်းကို ရွှယ်လင်အား တစ်ခါ ပြောပြခဲ့ဖူးသည်။ ရွှယ်လင် သူ့ကို လမ်းညွှန်ပြသမှု တချို့ပေးရန်လည်း မျှော်လင့်ခဲ့သည်။ ယခု ရွှယ်လင်က သူ့အတွက် ပျော်နေပုံ ရသောကြောင့် သူ ပြန်သွားရန် ဆုံးဖြတ်လိုက်ခြင်းပင်။ 


ရွှယ်လင် လက်လှမ်းကာ သူ့ပခုံးကို ပုတ်ပေးလိုက်လေသည်။ အမှန်တွင် လူငယ်လေးသည် ငယ်ရွယ်နေဆဲပင်။ သူ၏ လက်ရှိခန္ဓာကိုယ်က ဆယ့်ငါးနှစ်သာ ရှိသေးပြီး ထိုကလေးကလည်း သူ့ထက် နှစ်နှစ်ငယ်သည်။ အမျိုးသမီးဇာတ်လိုက်က ထိုကဲ့သို့ ကလေးအပေါ်တွင် မည်သို့ လှုပ်ရှားမှုမျိုး ပြုလုပ်နိုင်ခဲ့သည်ကို နားမလည်နိုင်ပေ။ သူက ထိုကလေးအပေါ်တွင် အငယ်တစ်ယောက်လိုသာ ဆက်ဆံပြီး တစ်ခါတစ်ရံတွင် သူ၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုထားသည်။

" ဖြေရှင်းဖို့ မင်းရဲ့စိတ်ကို ပြင်ဆင်ပြီးပြီဆိုတော့ လုပ်လိုက်ပါ... မင်း အောင်မြင်ပြီး ဘဝရဲ့ အထွတ်အထိပ်ကို ရောက်မယ်လို့ ငါမျှော်လင့်ပါတယ်..."


အကယ်၍ ဤကလေးသာ အောင်မြင်မည်ဆိုပါက အနာဂတ်တွင် ဧကရာဇ် ဖြစ်လာမည်ဖြစ်သည်။ 


"မမ ကျွန်တော့်ကို စောင့်နေမှာလား..." 


"ဟမ်..."

ရွှယ်လင် ခေါင်းကိုလှည့်ကာ ရယ်ချင်စိတ်ဖြင့် မေးလိုက်သည်။

" ဘာအတွက် စောင့်ရမှာလဲ... မင်း အောင်မြင်သွားရင် ငါ့ကို လာတွေ့မှာကို စောင့်နေရမှာလား... အဲ့အချိန်ဆို ငါ့ကလေးတွေကတောင် ဒီနေရာမှာ ပြေးလွှားဆော့ကစားနေလောက်ပြီ..."


ရှားယန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ပြောလိုက်လေသည်။

" ကလေးတွေလား..." 


"အင်း ငါနဲ့ စစ်သူကြီးရဲ့ ကလေးတွေလေ..."

ရွှယ်လင်က တောက်ပစွာပြုံးရင်း ဆက်ပြောလိုက်သည်။

" မင်းလည်း စစ်သူကြီးအိမ်တော်မှာ နေတာ ကြာနေပြီပဲ ငါနဲ့ စစ်သူကြီးက တရားဝင်လက်ထပ်ထားတဲ့ ဇနီးနဲ့ ခင်ပွန်းသည် ဖြစ်နေတာတောင် ဘာလို့ သူ ငါ့အခန်းထဲမှာ မနေတာလဲဆိုတာကို မသိချင်ဘူးလား..."


ရှားယန်၏အသံက ခပ်အုပ်အုပ် ဖြစ်နေကာ တိတ်ဆိတ်စွာ ဖြေလိုက်သည်။

" သိချင်တယ်..."


"ငါက မင်းထက် အသက်အများကြီး မကြီးပါဘူး... ငါက လက်ထပ်လို့ရတဲ့ အရွယ်ဆိုပေမယ့် အရွယ်မရောက်သေးဘူး... စစ်သူကြီးက ငါ့ခန္ဓာကိုယ်ကို ဂရုစိုက်တယ်လေ အဲ့တာကြောင့် သူက ဒီတစ်ချိန်လုံး ငါနဲ့ ခွဲနေတာပေါ့..."

ရွှယ်လင်၏ စကားသံထဲတွင် အနည်းငယ် ရယ်သံစွက်နေလေသည်။

" ယန်ယန် ပြန်လာရင် ငါတို့ရဲ့ ကလေးတွေတောင် ပဲငံပြာရည်လုပ်လို့ ရလောက်တဲ့အထိ ကြီးနေလောက်ပြီ..." 


ရှားယန်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားလေသည်။

" မမ ကျွန်တော် လက်လျှော့သွားအောင် ဒါတွေ ပြောစရာ မလိုပါဘူး..."


ရွှယ်လင်က ဆက်၍လမ်းလျှောက်နေပြီး နောက်သို့ ပြန်လှည့်မကြည့်ပေ။

 " ယန်ယန်က လိမ္မာတဲ့ကလေးပါ... အနာဂတ်မှာ ရှားနိုင်ငံတော်က မင်းရဲ့ အပိုင်ဖြစ်လာမှာ... ဘာလို့ မင်းအတွက် ဘာမှ အထောက်အကူမဖြစ်စေမယ့် ငါ့လိုလူကို ကြိုက်မှာလဲ..."


ရှားယန် ကြက်သေသေသွားလေသည်။ သူ၏ မျက်လုံးများ ပြူးကျယ်နေကာ ရွှယ်လင်၏ နောက်ကျောကို မယုံကြည်နိုင်စွာ ငေးကြည့်နေလေသည်။ 


သူ့ခြေလှမ်းများ ရပ်တန့်သွားသည်ကို သတိထားမိသော ရွှယ်လင်က သူ့ဘက်ကို လှည့်ကာ ပြုံးပြလိုက်လေသည်။

" ဘာလို့ မသွားသေးတာလဲ..."


"ကျွန်တော် ဘယ်သူဆိုတာ မမ သိတယ်ပေါ့..."


"ရှားနိုင်ငံတော်ရဲ့ မင်းသားလေး ရှားယန်လေ..."


"မမ သိတယ်ဆို ဘာလို့ ကျွန်တော့်ကို ခေါ်ထားတာလဲ..." သူ တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ဆက်ပြောလေသည် "ရှားနိုင်ငံတော်နဲ့ ရှီးနိုင်ငံတော်ရဲ့ ဆက်ဆံရေးက မကောင်းဘူးလေ...နောက်ပြီး နယ်စပ်မှာလည်း တစ်နှစ်ပတ်လုံး တိုက်ပွဲတွေ ဖြစ်နေတာကို..."


"ကောင်းပြီ... မင်း ဧကရာဇ်ဖြစ်ရင် နယ်စပ်က အဓိပ္ပါယ်မရှိတဲ့ စစ်ပွဲတွေကို ရပ်လိုက်လို့ ရတယ်လေ..."

ရွှယ်လင်၏ အကြည့်များက နူးညံ့နေလေသည်။

 " ငါ့ ခင်ပွန်းသည်က စစ်သူကြီးဆိုတော့ သူ တိုက်ပွဲထဲမှာ ဝင်တိုက်တာကို ငါတားလို့ မရဘူး... ဒါပေမဲ့ မိသားစုထဲက အရင် မျိုးဆက်ဟောင်းတွေ စစ်ပွဲထဲမှာ သေသွားသလိုမျိုးတော့ သူ့ကို မဖြစ်စေချင်ဘူး... ငါလုပ်နိုင်တာဆိုလို့ ဒီကမ္ဘာပေါ်မှာ စစ်ပွဲတွေ ထပ်မရှိပါစေနဲ့လို့ ဆုတောင်းရုံပဲ တတ်နိုင်တယ်..."


ရှားယန် အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

" ကမ္ဘာပေါ်မှာ စစ်ပွဲတွေ မရှိတော့အောင် ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ..."


"အဲဒါ အကောင်းဆုံးပဲ မမလည်း ဘဝမှာ အဲ့လို နေ့ကို တွေ့ရဖို့ မျှော်လင့်ပါတယ်..."

ရွှယ်လင်က ရှားယန်ကို သူ့အခန်းသို့ လိုက်ပို့ပြီး သူ့ပစ္စည်းများ ထုတ်ပိုးသည်ကို ကူညီပြီး သယ်သွားရန် ပစ္စည်းတချို့ကို အစေခံများအား ပြင်ဆင်ခိုင်းနေလေသည်။ နောက်ဆုံးတွင် ထိုကလေးကို သူ၏လှည်းဆီသို့ လိုက်ပို့ပေးလေသည်။ 


အားလုံး ပြီးဆုံးပြီးနောက် သူ့အခန်းသို့ ပြန်သောအခါ သူ့ယောင်္ကျားက အခန်းထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုယောင်္ကျားသည် သူ့ကို အဓိပ္ပာယ် ရှိသော အမူအရာဖြင့် ကြည့်နေလေသည်။

" ဇနီးလေးက အရမ်းတော်တဲ့ အစ်မကြီး ဖြစ်နေတာပဲ..." 


"အမှန်တော့ အရမ်းတော်တဲ့ အစ်ကိုကြီးဆိုလည်း မမှားဘူး... ခင်ဗျား ကျွန်တော့်ကို အစ်ကိုကြီးလို့ ခေါ်ရင် ကျွန်တော် ခင်ဗျားကို သေသေချာချာ ချစ်ခင်ကြင်နာပေးမယ်လေ..."

သူတို့ကြားမှ အရာများ ပွင့်လင်းသွားပြီဖြစ်သောကြောင့် ရွှယ်လင်က သူ၏ ပုံမှန်သဘာဝကို ထိုလူရှေ့တွင် ပြပြီး ဖြစ်သောကြောင့် တွေးပင်မတွေးနေတော့ဘဲ ထိုလူနှင့် ပရောပရည် လုပ်နေပြန်သည်။ သူ၏ အပြုအမူများက ရွှတ်နောက်နောက်ဖြစ်နေပြီး ကျန့်ရှောက်ရှီး၏ မေးစေ့ကို သူလက်ဖြင့် ဆွဲမလိုက်လေသည်။ 


"ကစားမနေနဲ့တော့..."

ကျန့်ရှောက်ရှီးက သူ့လက်ကို အောက်သို့ ဆွဲချလိုက်လေသည်။

" မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်လို့တဲ့လား...အဲ့ဒါကြောင့် ကိုယ်တို့က လင်မယား အရာမမြောက်သေးဘဲ ခွဲနေရတယ်ပေါ့လေ..."  


" ဖြစ်နိုင်တာက ခင်ဗျားက ကျွန်တော့် ခန္ဓာကိုယ်ကို ဂရုမစိုက်ဘူးပေါ့လေ..."

ရွှယ်လင် ပျင်းရိစွာ ထိုင်လိုက်လေသည်။ သူ ထိုင်လိုက်သည်နှင့် အအစေခံများက ဟင်းပွဲများကို လာ၍ပြင်ဆင်ပေးလေသည်။

" ကျွန်တော်က ဆယ့်ငါးနှစ်ပဲ ရှိသေးတာ... အဲဒါက ကျွန်တော့် ခန္ဓာကိုယ် ဖွံဖြိုးနေတုန်းပဲ ဆိုတဲ့ အဓိပ္ပာယ်လေ ကျွန်တော့်ရဲ့ အသက်ပြည့်တဲ့ပွဲကိုတောင် မကျော်ဖြတ်ရသေးဘူး... ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်ချင်လို့လဲ..." 


"ကိုယ် ဘာမှ မလုပ်ချင်ပါဘူး ရှင်မက ဘာတွေတွေးနေတာလဲ..."

ကျန့်ရှောက်ရှီး သူ၏ ထိန်းချုပ်မရနိုင်သော အကြည့်များကို တည်တည်ငြိမ်ငြိမ် ပြန်ထိန်းချုပ်လိုက်ပြီး အစေခံများ ထွက်သွားအထိ စောင့်ကာ ပြောလိုက်သည်။

" ရှင််မက အသက်ပြည့်ပွဲအခမ်းအနားလို့ ပြောလိုက်တာလား မင်းမှာ ပြသပေးရမယ်ဘ လူကြီးတွေ မရှိဘူးဆိုတော့ ကိုယ်မင်းအတွက် အသက်ပြည့်ပွဲ အခမ်းအနားကို လုပ်ပေးပြီး မှတ်တမ်းတင်ထားပေးမယ်လေ..." 


ရွှယ်လင် ခပ်မတ်မတ် ထိုင်လိုက်ပြီး အရေးမကြီးသည့် ပုံစံဖြင့် စကားပြောလိုက်သည်။

" ရတယ်လေ တောင်းဆိုစရာ လူလညမရှိဘူး ကျွန်တော်သိတာလဲ ခင်ဗျား တစ်ယောက်တည်းဆိုတော့..." 


ကျန့်ရှောက်ရှီး၏ မျက်လုံးများက မှောင်မိုက်သွားကာ သူ ဆက်၍ ထိန်းမထားနိုင်တော့ပေ။ ထိုလူသားကို သူဝင်လာချိန်တည်းက တစ်ခုခုလုပ်ချင်နေသော်လည်း ရွှယ်လင် ရှားယန်ကို ပြောသော စကားများကို နားထောင်ပြီးချိန်တွင် ရွှယ်လင်က ယခုချိန်၌ အမှန်ပင် ထိုအရာအား မလုပ်ချင်သေးကြောင်း ကျန့်ရှောက်ရှီး နားလည်လိုက်သောကြောင့် စိတ်ထိန်းထားရန်သာ တတ်နိုင်လေသည်။ 


ဒါပေမဲ့ သူတို့ ဘာမှမလုပ်ဘူး ဆိုရင်တောင် နမ်းတာလောက်ကတော့ ပြဿနာ မရှိဘူးမလား...


ရွှယ်လင် ကျန့်ရှောက်ရှီး၏ လည်ပင်းကို သိမ်မွေ့စွာ ဖက်လိုက်ပြီး လက်ဦးမှုယူကာ သူ့ပေါင်ပေါ်တွင် တက်ထိုင်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကျန့်ရှောက်ရှီးကို နမ်းလိုက်လေသည်။ ထို့နောက်တွင်မူ ညစာစားပြီးနောက် ထိုလူကို ကြမ်းပြင်ပေါ်တွင်ပင် အိပ်ခွင့် မပေးဘဲ နှင်ထုတ်လိုက်သည်။ 


သူ အဲ့လူကို အိပ်ယာပေါ်တက်ခွင့် မပေးဘူးလို့ ပြောတုန်းက တကယ် အဓိပ္ပါယ်ရှိရှိပြောခဲ့တာ... သူ ဆယ့်ရှစ်နှစ် မပြည့်မချင်း ဒီကိစ္စကို ဆွေးနွေးစရာ အကြောင်း မရှိဘူး...


အကူစနစ်လေး : "..." 

အဲ့တော့ ခင်ဗျားတို့က တကယ် သိက္ခာရှိတယ်ပေါ့... အဲ့အရာတွေ မလုပ်ခင် အသက်ပြည့်ပြီးအရွယ်ရောက်တဲ့အထိ သည်းခံ စောင့်ထိန်းမယ်ပေါ့လေ... ခင်ဗျားတို့က စားထားပြီးသား သိက္ခာတွေကို ထုတ်ပြနေတာလား...



🦊🦊🦊