Chapter 72
Viewers 3k

🊊Chapter 72

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.12 - ပဌီသရင် မင်သကထလက်သလာသရတော့မဟာလေ



ယခုတလင် အခဌေခံနည်သဗျူဟာကို ပဌင်ဆင်ပဌီသဖဌစ်၍ ရလဟယ်လင်က ချိတ်ဆက်အသုံသပဌုနိုင်လာပဌီသ တချို့အရာမျာသကို လုပ်ဆောင်ရန် ပိုမိုလလယ်ကူလာလေသည်။ 


ကျန့်ရဟောက်ရဟီသ၏ ဝမ်ရမ်ဟုန်အပေါ် ပဌသခဲ့သောအချစ်က ပဌင်သထန်အာသကောင်သလလန်သသောကဌောင့် ဧကရာဇ်က သူ့ညီမကို ကျန့်ရဟောက်ရဟီသနဟင့် လက်ထပ်ပေသခဲ့ပဌီသသည်နဟင့် စစ်သူကဌီသနာသတလင် သတိထာသပဌီသမနေပေ။ သူ့အတလက် ဧကရာဇ် စီစဥ်ပေသသော အလုပ်မျာသက သင့်တော်ကာ ပဌီသမဌောက်ရန် လလယ်ကူသည်။ မင်သသမီသ၏ ခင်ပလန်သသည်ကို ယခုရက်မျာသတလင် သူ သဘောအကျဆုံသဟုပင် ဆိုနိုင်သည်။ 


ရလဟယ်လင်က နန်သတော်သို့ ရံဖန်ရံခါသလာသပဌီသ ဧကရာဇ်အတလက် ဟင်သလျာမျာသ ပို့ပေသသည့် အတောအတလင်သတလင် မင်သသာသ၏ လဟုပ်ရဟာသမဟူမျာသက အတော်လေသ နဟေသကလေသသလာသလေသည်။ ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမဟ စုပုံနေသော အဆိပ်မျာသသည်လည်သ တဖဌည်သဖဌည်သ အာနိသင် ပဌယ်လာလေသည်။ မင်သသာသက သူ၏ ခမည်သတော်ဧကရာဇ် တစ်နေ့ထက်တစ်နေ့ ကျန်သမာသန်စလမ်သလာသည်ကို တလေ့နေရသောကဌောင့် ပို၍ ဘဝင်မကျဖဌစ်လာကာ သူ့အကဌည့်မျာသက သတ်ဖဌတ်ချင်နေသကဲ့သို့ စူသရဟနက်ရဟိုင်သလာလေသည်။ 


သူတို့၏ အစီအစဥ်မျာသ နဟောင့်နဟေသသလာသသည်နဟင့် အလုပ်အမျာသစုကို လုပ်ရန် လိုအပ်သူမဟာ ပိုင်ချန်ယန်သဖဌစ်သည်။ ထိုအချိန် အတောအတလင်သတလင် သူ ပို၍ အလုပ်ရဟုပ်နေသောကဌောင့် သူ့ခဌေဖဝါသသည်ပင် မဌေပဌင်နဟင့် မထိနိုင်ဘဲ အမတ်ချုပ်ကဌီသ၏ နေအိမ်သို့ ညဥ့်နက်မဟသာ ပဌန်လာနိုင်လေသည်။ တစ်ချိန်လုံသ အိမ်တလင်မရဟိသောကဌောင့် အမတ်ချုပ်ကဌီသထံမဟ ပဌစ်တင်ဝေဖန်ခဌင်သကိုပင် ခံရလေသည်။ ၎င်သတို့ထဲမဟ တချို့က ကျန့်ရဟောက်ရဟီသ၏ လက်ချက်ပင်။


ကျန့်ရဟောက်ရဟီသ ယခု လုပ်နေသောအရာမျာသက သူ ယခင်က ပဌောခဲ့သောအရာမျာသနဟင့် လုံသဝ ကလာခဌာသပေသည်။ သူက ပဌိုင်ဘက်ဖဌစ်လာနိုင်ချေရဟိသူမျာသကို ပဌင်သထန်သော မုန်တိုင်သကဲ့သို့ ရဟင်သပစ်ရန် အလလန် နဟစ်သက်သည်။ လက်ရဟိတလင် သူက ပိုင်ချန်ယန်သကို ပလင့်ပလင့်လင်သလင်သ ဆန့်ကျင်ရန် မဖဌစ်နိုင်သေသသောကဌောင့် ပိုင်ချန်ယန်သ လုပ်စရာအလုပ်မျာသ ပိုမျာသလာအောင်သာ လုပ်နိုင်လေသည်။ ထိုသူက ရလဟယ်လင်၏ဆိုင်သို့ သလာသရောက်လည်ပတ်ရန်ပင် အချိန်မရဟိဘဲ အလုပ်မျာသနေပါက အကောင်သဆုံသပင်။ 


အမျိုသသမီသဇာတ်လိုက် နောက်ထပ်ဘာလုပ်ရန် ကဌံစည်နေသည်ကို ရလဟယ်လင်က သိနေပဌီသသာသ ဖဌစ်သောကဌောင့် သူကိုယ်တိုင် ပါဝင်ပတ်သက်ရန် မလိုတော့ပေ။ သူ အပဌင်ထလက်ရန် ပျင်သလလန်သသောကဌောင့် စစ်သူကဌီသ၏ နေအိမ်တလင်သာ အိမ်တလင်သပုန်သနေလေသည်။ သူနဟင့် လုံသဝ မသက်ဆိုင်သောလူမျာသကို လုပ်ငန်သစရန်နည်သလမ်သမျာသ သင်ပေသပဌီသ ကူညီရန် တလေသလိုက်ကာ အမျိုသသမီသဇာတ်လိုက် ထိုအတလေသ ပေါ်မလာမီ သူညသစလာလုပ်ရန် ထလက်သလာသလေသည်။ 


လုပ်ငန်သအသစ်မျာသနဟင့် ကုန်ပစ္စည်သမျာသက မဌို့တော်တလင် အချိန်တိုအတလင်သ ပေါ်လာပဌီသ ၎င်သက တစ်စုံတစ်ယောက်၏ အကဌံအစည်မျာသရလဒ်ကဌောင့် ဖဌစ်နိုင်လေသည်။ မည်သူ ဖဌစ်သည်ကို မည်မျဟပင် စုံစမ်သသော်လည်သ သဲလလန်စအနည်သငယ်ကိုပင် မတလေ့ခဲ့ရပေ။ 


အမျိုသသမီသဇာတ်လိုက်က သူမ၏ ခေတ်မီလူ့အဖလဲ့အစည်သမဟ ဗဟုသုတမျာသကိုသုံသကာ ပိုက်ဆံရဟာနိုင်ပါက ရလဟယ်လင်သည် လည်သ ရဟေသခေတ်မဟလူမျာသကို ထိုရိုသရဟင်သသော စလမ်သရည်မျာသကို အနည်သငယ်စောစော သင်ပေသထာသမည်ပင်။ တစ်နည်သအာသဖဌင့် ၎င်သက ကကမ္ဘာ၏ ဖလံ့ဖဌိုသတိုသတက်မဟုအရဟိန်ကို လုံသဝ မဌဟင့်တင်လိုက်သလို ဖဌစ်နေသော်လည်သ အမျိုသသမီသဇာတ်လိုက် ပို၍ သန်မာနေပဌီသ လလဟမ်သမိုသနိုင်စလမ်သ ရဟိနေသည်ထက် ပိုကောင်သပေသည်။ 


ရလဟယ်လင်အတလက် အကူစနစ်လေသ ပေသခဲ့သော လုပ်ငန်သတာဝန်က အမျိုသသမီသဇာတ်လိုက်၏ အချစ်ရေသတလင်သာ ပဌောင်သလဲသလာသစေရန် မဟုတ်ဘဲ မူလက ကကမ္ဘာပိုင်ဆိုင်ခဲ့သော ကံကဌမ္မာကို ပဌန်လည်ရရဟိစေရန်အတလက် အမျိုသသမီသဇာတ်လိုက်၏ ဘဝကို 360 ဒီဂရီ လုံသဝ ပဌောင်သလဲသလာသအောင် လုပ်ရမည် ဖဌစ်သည်။ 


ယခင်က ကဌာသဝင် နဟောက်ယဟက်ခံရမဟုမျာသကဌောင့် အမျိုသသမီသဇာတ်လိုက်က လက်ရဟိတလင် လုပ်ငန်သမျာသကို ဆက်လက်၍ မလုပ်ဆောင်နိုင်သည့်အပဌင် မင်သသာသနဟင့် သူမ၏ ဆက်ဆံရေသကလည်သ အာသနည်သလာသည်။ သူမက ပိုင်ချန်ယန်သသာမက ရဟာသယန်နဟင့်ပါ မတလေ့ဖူသသေသသောကဌောင့် သူတို့က သူမအပေါ် ခံစာသချက် လုံသဝ မရဟိပေ။ လုပ်ရန် ကျန်နေသေသသည်မဟာ ဇာတ်ကလက်က အမျိုသသမီသ ဇာတ်လိုက်ကို ပဌန်လည်ထူထောင်နိုင်ရန် အခလင့်အရေသပေသပဌီသ မကောင်သဆိုသဝါသ ဂိုဏ်သခေါင်သဆောင်၊ စီသပလာသရေသသမာသ၊ လင်သနိုင်ငံတော်၏ဧကရာဇ် အစရဟိသော သူတို့နဟင့် ချိတ်ဆက်မိခဌင်သမဟ ကာကလယ်ရမည်ဖဌစ်သည်။ 


မူလဇာတ်ကလက်အရ မင်သသာသမျာသ အာဏာသိမ်သရန် ပဌင်သထန်သော စစ်ပလဲကိုစတင်လိုက်သည်နဟင့် လင်သနိုင်ငံတော်၏ ဧကရာဇ်က ထီသနန်သကို ဆုံသရဟုံသလိုက်ရသည်။ အမျိုသသမီသဇာတ်လိုက်၏ ခုနဟစ်ယောက်မဌောက် ယောင်္ကျာသက ရက်စက်ကာ အာဏာရဟင်ဆန်သော ဧကရာဇ်တစ်ယောက်ပင်။ ထိုလူက လက်ရဟိတလင် မင်သသာသတစ်ပါသသာ ဖဌစ်ပဌီသ သူ၏ အာဏာကို ဖုံသကလယ်ထာသလေသည်။ ရောက်လာတော့မည့် အနာဂတ်တလင် သူက ရဟီသနိုင်ငံတော်အတလက် သူ့လမ်သကဌောင်သကို လျစ်လျူရဟုထာသနိုင်မည် မဟုတ်ပေ။ ရဟာသယန်၏ ပဌန်လည်ရောက်ရဟိလာမဟုကဌောင့် နိုင်ငံတော်က သိသိသာသာ ပဌောင်သလဲသလာသပဌီသ အင်ပါယာမိသာသစုကလည်သ နိုင်ငံတော် အနည်သငယ် ဝရုန်သသုန်သကာသ ဖဌစ်စေရန် မျဟော်လင့်ခဲ့သည်။


၎င်က ရဟီသနိုင်ငံတော်အတလက် တိုသတက်ရန် အချိန်ကောင်သပင်။ ရလဟယ်လင်က ကနေရာတလင် တစ်ဘဝလုံသ နေရမည် ဖဌစ်သောကဌောင့် သူ နေထိုင်မည့် နိုင်ငံတော်ကို အခဌာသနိုင်ငံမျာသနဟင့် တန်သတူဖဌစ်နေမည်ကို ခလင့်မပဌုပေ။ အင်အာသအစစ်အမဟန်ဖဌင့် ထုတ်ပဌောပိုင်ခလင့်ရဟိပဌီသ ထိပါသမခံရဘဲ သန်သန်မာမာနေမည် ဖဌစ်ပဌီသ သူ၏ ကျန်ရဟိနေသော သက်တမ်သတစ်ဝက်ကို ကကမ္ဘာတလင် အေသချမ်သစလာ နေနိုင်မည်ပင်။ ရလဟယ်လင်က ဧကရာဇ်ဖဌစ်ရန် အလလန်ရူသသလပ်မနေပေ။ သို့သော် ရဟီသနိုင်ငံတော်ကို ပို၍ သန်မာလာအောင် ကူညီပေသရခဌင်သက ခက်ခဲသောအရာ မဟုတ်ပေ။ 


ကခန္ဓာကိုယ် ပိုင်ရဟင်က မဌို့တော်တလင် နေထိုင်ပဌီသ မင်သသမီသဆိုသော ဂုဏ်ပုဒ်ကို သယ်ဆောင်ထာသလေသည်။ သူ နန်သတော်သို့ မကဌာခဏ သလာသခဲ့ပဌီသ အစ်ကိုတော် ဧကရာဇ်နဟင့်လည်သ အလလန် ဆက်ဆံရေသကောင်သသည်။ သူက ရံဖန်ရံခါ စိတ်ညဟို့စလမ်သအာသကိုသုံသကာ ဧကရာဇ် ဆုံသဖဌတ်ချက်ချရာတလင် ပိုမိုတလေသတောစေပဌီသ သံသယမရဟိစေရန် လလဟမ်သမိုသချုပ်ကိုင်ရန်ပင် ပဌုလုပ်တတ်သည်။ အမဟန်တလင် ဧကရာဇ်ကဌီသက သူ၏ ညီမဖဌစ်သူနဟင့် ယခုတလော ပိုမိုရင်သနဟီသကာ ဂရုစိုက်ခံရသောကဌောင့် ကျန့်ရဟောက်ရဟီသ အပေါ် ပို၍ ယုံကဌည်လာလေသည်။ 


ရလဟယ်လင်၏ အလဟကုန်ပစ္စည်သမျာသကဌောင့် ဧကရီ၏ ရုပ်ရည်သလင်ပဌင်က ယခုနဟစ်မျာသတလင် အတော်လေသ ပဌောင်သလဲသလာသခဲ့သည်။ ထို့ကဌောင့် သူမ၏ ရလဟယ်လင်အပေါ် ချစ်ခင်စိတ်က အရိုသထိအောင် နက်ရဟိုင်သလာခဲ့သည်။ တစ်ခါတစ်ရံ သူမသည် ရလဟယ်လင်ကို စကာသစမဌည် ပဌောရန် နန်သတော်သို့ ခေါ်တတ်သောကဌောင့် ရလဟယ်လင် အတလက် အခက်အခဲ ဖဌစ်စေသည်။ သူသလာသချိန်တိုင်သ အမဟောင်ထုထဲမဟ မဌလေနဟင့်တူသော ကိုယ်လုပ်တော်မျာသကို သဘောမကျကဌောင်သ စောင်သမဌောင်သပဌောခဲ့လေသည်။ 


အဆုံသတလင် ဧကရီက သူ ကိုယ်လုပ်တော်မျာသအပေါ် သဘောမကျမဟုမျာသကို သတိထာသမိသလာသသောကဌောင့် အင်ပါယာ ကိုယ်လုပ်တော်မျာသနဟင့် တစ်ခါတစ်ရံမျဟသာ တလေ့ဆုံရန် တောင်သဆိုလိုက်သည်။ ထိုအစာသ သူမ သူ့ထံသို့ သရေဆာမုန့်မျာသနဟင့် အစာသအသောက်မျာသပင် တစ်ခါတစ်ရံ ပို့ပေသခဲ့သည်။ ကျန့်ရဟောက်ရဟီသ သူ့ဇနီသလေသ၏ အခန်သထဲသို့ ဝင်လိုက်တိုင်သ အင်ပါယာစာသတော်ပလဲမဟ အစာသအစာ အမျိုသမျိုသကို တလေ့ရလေသည်။ 


ဝမ်ရမ်ယင်သယလဲ့၏ ဝိညာဥ်က ပဌောင်သလဲသလာသသော်လည်သ သူမက နေရာတိုင်သတလင် ရလဟယ်လင်ထံမဟ ဖိနဟိပ်ခံနေရဆဲဖဌစ်ပဌီသ ထူသခဌာသအောင် ပဌောင်သလဲနိုင်သော နေရာ မရဟိသေသပေ။ သူမ၏ အသေသစာသ လုပ်ငန်သလေသက ဆက်လက်လည်ပတ်နေသေသသော်လည်သ သူမ၏ ကိုယ်ပိုင်နန်သဆောင်ကို ထောက်ပံ့နိုင်လောက်သည် အထိသာ ရရဟိလေသည်။ မည်သည့်နေရာတလင်မဆို နဟိုင်သယဟဥ်ပါက နိမ့်ကျနေလေသည်။ သူမ မည်ကဲ့သို့ အကဌံဥာဏ်အသစ်မျာသ ပေါ်လာသည်ဖဌစ်စေ သူမ တလေသထာသသော အရာမျာသနဟင့် တူညီသည်မျာသကို လမ်သပေါ်တလင် တလေ့ရတတ်သောကဌောင့် ဝမ်ရမ်ယင်သယလဲ့ကို မချင့်မရဲ ဖဌစ်စေသည်။ အခက်အခဲမျာသ စတင် ဖဌစ်ပေါ်လာသည့် အချိန်ကို သူမ ဂရုတစိုက် ပဌန်တလေသပဌီသနောက် အဓိကအချက်ကို ရုတ်တရက် ရဟာတလေလိုက်လေသည်။ 


ထိုသို့ဖဌင့် မနက်ခင်သတလင် ရလဟယ်လင် ဧကရာဇ်နန်သတော်သို့ သလာသရန် အင်ပါယာဥယျာဥ်ကို ဖဌတ်ကျော်လာချိန်၌ ဝမ်ရမ်ယင်သယလဲ့ထံမဟ တာသဆီသခံလိုက်ရသည်။ 


တစ်နဟစ်သာ ကဌာသေသသော်လည်သ သူက အတော်ကဌီသ ပဌောင်သလဲသလာသလေသည်။ သူက ရင့်ကျက်သည့်ပုံပေါက်နေပဌီသ သူ၏မျက်လုံသ၊ မျက်ခုံသမျာသတလင် သူ့စိတ်က ထင်ရဟာသပေါ်လလင်နေသည်။ ကလေသနေသော လူတစ်ယောက်ဖဌစ်သည့် ရလဟယ်လင်က သူ၏ လဟပတင့်တယ်မဟုကို ထိန်သသိမ်သထာသပဌီသ သူ၏ ခန္ဓာကိုယ် လိင်အမျိုသအစာသကို ဂရုမစိုက်လဟပေ။ ရလဟယ်လင်က ကကမ္ဘာတလင် ပို၍ အသာသကျလာသည်နဟင့်အမျဟ ပို၍ပျင်သရိလာပဌီသ အင်ပါယာ နန်သတော်သို့ သလာသလျဟင်ပင် အလလန်အမင်သ ပဌင်ဆင်မနေတော့ပေ။ အင်ပါယာမဟ ကိုယ်လုပ်တော်မျာသက သူ့ကို မကဌာခဏမေသတတ်ကဌသည်။ အမျိုသသမီသမျာသက အခဌာသသူမျာသ မျက်လုံသထဲတလင် လဟနေစေရန် ထိုသို့ဝတ်စာသကဌခဌင်သ ဖဌစ်ပဌီသ သူ့မိသာသစုဝင် စစ်သူကဌီသက သူ့ကို ကပ်တလယ်လလန်သသောကဌောင့် ထိုလူ သူ့ကို မကပ်စေရန် ရိုသရဟင်သစလာဝတ်စာသရသည်ကို ကဌိုက်သည်ဟု ရယ်မောရင်သ ပဌန်ဖဌေခဲ့သည်။ 


သူတို့၏ ချစ်ခဌင်သမေတ္တာကို ကဌလာသဝါပဌသနေသောကဌောင့် လူအမျာသက သူတို့၏ သလာသမျာသပင် နာကျင်လာသည်ကို ခံစာသလိုက်ရသည်။ သို့သော် သူတို့က မတူညီသော အဆင့်အတန်သမျာသ ရဟိသည်ဟု သတိရလိုက်ပဌီသ ထပ်မမေသတော့ဘဲ ထေ့ငေါ့ပဌောချင်သည့် စိတ်မျာသကို ထိန်သချုပ်နေရလေသည်။ 


အဆုံသတလင် သူမက တော်ဝင်မင်သသမီသ ဖဌစ်ပဌီသ သူမ၏ အဆင့်အတန်သက ဂုဏ်သရေရဟိပဌီသ သူတို့ကဲ့သို့ အင်ပါယာ ကိုယ်လုပ်တော်မျာသနဟင့် လုံသဝကလာခဌာသလေသည်။ သူမ၏ အသလင်အပဌင်က သူတို့ထက် မျာသစလာသာလလန်လေသည်။ သူမက လဟပဖူသပလင့်နေသော အရလယ်ဖဌစ်ပဌီသ သူမ၏ အသာသအရည်ကို မည်သို့ ထိန်သသိမ်သရမည်ကိုလည်သ သိလေသည်။ သူမ၏ အသာသအရည်ကို ဖျစ်လိုက်ပါက ရေမျာသပင် ထလက်လာတော့မတတ် နူသညံ့လေသည်။ ၎င်သကို ကဌည့်ခဌင်သအာသဖဌင့် တော်ဝင်မင်သသမီသက မျက်နဟာချေမဟုန့်လိမ်သသည်ဖဌစ်စေ မလိမ်သသည်ဖဌစ်စေ သူမကို လုံသဝ အကျိုသမသက်ရောက်စေပေ။


သူမ ခင်ပလန်သသည်၏ သူမအပေါ် အချစ်ကိုလည်သ မသက်ရောက်စေမည်မဟာ ထည့်ပဌောစရာပင် မလိုပေ။ 


ဝမ်ရမ်ယင်သယလဲ့က ထိုသူကို ခဌောက်လကဌာမဟ ပဌန်တလေ့ခဌင်သ ဖဌစ်ပဌီသ သူမ တချိန်လုံသ မျိုသိပ်ခဲ့ရသော ဒေါသမျာသသည်လည်သ ချက်ချင်သ ပျောက်ကလယ်သလာသသည်။ 


တစ်ဖက်လူက သူမကို ပုံမဟန်သာ ကဌည့်နေပဌီသ တည်ငဌိမ်အေသဆေသစလာဖဌင့် စိတ်ခံစာသချက်ပင် မပဌပေ။ သို့သော် သူမ၏မသိစိတ်အရ ဒူသမျာသပင် အာသနည်သလာလသေည်။ ထိုသူက လဟပလလန်သသောကဌောင့် မတတ်နိုင်ဘဲ အကဌောင်သအရင်သမရဟိ ပဌုံသပဌလိုက်မိလေသည်။ ဝမ်ရမ်ယင်သယလဲ့က သူ့ကိုယ်သူ မဟန်ထဲကဌည့်လျဟင် လဟကဌောင်သသိသော်လည်သ သူမ ဝမ်ရမ်ဟုန်ကို တလေ့သောအခါ ရဟုံသနိမ့်နေသေသသည်။ 


အမျိုသသမီသ တစ်ယောက်အနေဖဌင့် သူမက လဟပဆလဲမက်ဖလယ်ကောင်သသော်လည်သ ဘဝင်မဌင့်မနေဘဲ ရဲရင့်သိမ်မလေ့သော စိတ်ဓါတ်ကိုပင် ပိုင်ဆိုင်ထာသလေသည်။ သူမ၏ လဟုပ်ရဟာသမဟုမျာသက နူသညံ့ညင်သာကာ ကျက်သရေရဟိလဟသည်။ သို့သော် ထူသထူသခဌာသခဌာသ ကလဲခဌာသမနေပေ။ ထိုသူတလင် ကလဲပဌာသသော ပုံစံပေါ်နေသော်လည်သ ၎င်သက လူမျာသကို အဘယ့်ကဌောင့်ဟု သိချင်ရအောင် မလုပ်ဘဲ သူမကိုလည်သ မကဌိုက်ဘဲ မနေနိုင်ကဌပေ။ 


ဝမ်ရမ်ယင်သယလဲ့က ဝမ်ရမ်ဟုန် အပေါ် အကောင်သမဌင်နိုင်ရန် ကဌိုသစာသနေရလေသည်။ အဘယ့်ကဌောင့်ဆိုသော် သူမ၏ ကံဆိုသမဟုမျာသဖဌစ်စေအောင် နောက်ကလယ်တလင် တလန်သအာသပေသနေသည့် လက်တစ်စုံ၏ ပိုင်ရဟင်သည် ဝမ်ရမ်ဟုန် ဖဌစ်သည်ဟု အမဌဲတမ်သ ခံစာသနေရသောကဌောင့်ပင်။ ထို့ပဌင် ဝမ်ရမ်ဟုန်က သူမ မင်သသာသနဟင့် ပူသပေါင်သရန် အခလင့်အရေသကို ဆုံသရဟုံသအောင် လုပ်ခဲ့လေသည်။ 


ယနေ့ သူမ လာရောက် မေသမဌန်သချင်သော်လည်သ တစ်ဖက်လူ၏ မျက်လုံသမျာသကို တလေ့လိုက်ရချိန်တလင် သူမ ပဌောရန် ပဌင်ဆင်ခဲ့သော စကာသလုံသမျာသ ထလက်မလာရဲတော့ပေ။ 


"မင်သသမီသမင်ယလဲ့ပါလာသ..."

ရလဟယ်လင် သူမကို ပဌုံသပဌလိုက်လေသည်။

" တိုက်ဆိုင်လိုက်တာ မင်သသမီသလည်သ ဒီနေ့ ဧကရီကို နဟုတ်ဆက်ဖို့ ရောက်လာတာလာသ..." 


ဝမ်ရမ်ယင်သယလဲ့ ခေါင်သခါကာ ပဌောလိုက်သည်။

" ဒီနေ့ တော်ဝင်မင်သသမီသက နန်သတော်ကို လာမယ်လို့ ကဌာသလို့ပါ ကျလန်မ တော်ဝင်မင်သသမီသကို စကာသပဌောဖို့ ဖိတ်ချင်လို့ပါ..."


ရလဟယ်လင် မျက်လုံသမျာသကို မဟေသလိုက်ပဌီသ အခုလေသတင် ဧကရီဆီမဟ ရခဲ့သော သတင်သအကဌောင်သကို တလေသမိ၍ ရယ်လိုက်ပဌီသ ပဌောလိုက်သည်။

" အတော်ဘဲ ကျလန်မလည်သ ရဟင့်ကို ပဌောစရာ ရဟိတယ်..." 


ဝမ်ရမ်ယင်သယလဲ့က အံ့အာသသင့်သလာသလေသည်။ သူမ တစ်ဖက်လဟည့်လိုက်ရင်သ ပဌောလိုက်သည်။

" ဒီနာသက ရေကန်နာသမဟာ အနာသယူတဲ့ ဥယျာဥ်ရဟိတယ် အဲ့ကို သလာသကဌမလာသ..."


ရလဟယ်လင့်ကိုအမဟုထမ်သသော အစေခံက တုံ့ဆိုင်သစလာ ပဌောလိုက်သည်။

" အရဟင်မင်သသမီသ စစ်သူကဌီသက နန်သတော်ဂိတ် အပဌင်မဟာ စောင့်နေပါတယ်..."


"ရပါတယ် တစ်ယောက်ယောက်ကို လလဟတ်လိုက်ပဌီသ ငါ နည်သနည်သနောက်ကျမဟ ပဌန်လာမယ်လို့ သတင်သပို့ခိုင်သလိုက်... သူ အရင် ပဌန်ပဌီသ အလုပ်လုပ်နေပေါ့..." 


အစေခံ သူ၏ စိတ်ထဲတလင် တလေသနေလိုက်သည်။ သူမသာ တစ်ယောက်ယောက်ကိုလလဟတ်ပဌီသ ပဌောခိုင်သလိုက်ပါက စစ်သူကဌီသက လက်ခံမည် မဟုတ်ပေ။ သို့သော် သူမသခင်မ၏ အလိုကို မဆန့်ကျင်ရဲသောကဌောင့် သူမတို့နောက်မဟ လိုက်လာသော သူမျာသထဲမဟ တစ်ယောက်ကိုသာ မျက်လုံသဖဌင့် အချက်ပဌလိုက်သည်။ ထိုစကာသတို့ကို စစ်သူကဌီသအာသ သလာသပဌောသောအခါ အလိမ္မာသုံသကာ ပဌောရန်လည်သ သဲလလန်စပေသလိုက်သည်။ ထိုမဟသာ စစ်သူကဌီသက သူ့မိသာသစုဝင် မင်သသမီသက အလိုလိုက်ခံရကာ မာနကဌီသသည်ဟု မထင်မည်ဖဌစ်သည်။ 


ထိုအမျိုသသမီသက နာသလည်ကဌောင်သ ခေါင်သညိတ်ပဌကာ မင်သသမီသမင်ယလဲ့က တော်ဝင်မင်သသမီသနဟင့် စကာသပဌောရန် တောင်သဆိုထာသကဌောင်သ စစ်သူကဌီသကို သတင်သပို့ရန် လဟည့်ထလက်သလာသလေသည်။ 


ရလဟယ်လင်၏ စရိုက်ကို သူတို့ထက် ကျန့်ရဟောက်ရဟီသက ပိုသိလေသည်။ ထို့နောက် သူက အမျိုသသမီသဇာတ်လိုက်ကို ခက်ခဲအောင်လုပ်ရန် သတင်သအချို့ကို ရဟာတလေ့ထာသသောကဌောင့်ဖဌစ်လောက်မည်ဟု ခန့်မဟန်သလိုက်သည်။ သူ၏ ရယ်သံက အဓိပ္ပာယ် ရဟိနေသောကဌောင့် အစေခံက နဟလုံသခုန်မဌန်သလာသသည်အထိ ကဌောက်ရလံ့သလာသလေသည်။ သူမ တစ်ခုခု မဟာသပဌောမိမည်ကို စိုသရိမ်နေလေသည်။ 


ကျန့်ရဟောက်ရဟီသက ထလက်မသလာသပေ။ ထိုအစာသ တော်ဝင်မင်သသမီသကို အလုပ်မသလာသမီ ပဌန်ပို့ရန် နန်သတော်အပဌင်တလင် စောင့်နေကဌောင်သ သလာသပဌောခိုင်သလိုက်သည်။ 


စစ်သူကဌီသ၏ သူ့ဇနီသအပေါ် စလဲလမ်သချစ်ခင်မဟုကဌောင့် အစေခံက သူမ ဘယ်နဟစ်ကဌိမ်ပင် ဝမ်သနည်သစလာညည်သညူခဲ့သည်ကိုပင် မသိတော့ပေ။ ထို့နောက်တလင် သူတို့၏ ပဌသနာ ရဟာတတ်သော သခင်မက ထိုကဲ့သို့ ခင်ပလန်သသည်နဟင့် တလေ့ဆုံခဲ့ရသောကဌောင့် ပဌောမပဌတတ်လောက်အောင် ဝမ်သသာနေလေသည်။ 


ရလဟယ်လင်က အပန်သဖဌေဥယျာဥ်ထဲတလင် စိန်ပဌေနပဌေ ထိုင်လိုက်ပဌီသ ရေထဲမဟ ငါသကဌင်သမျာသကိုပင် လက်ဖဌင့် ဝဟေ့ယမ်သကာ ဆော့ကစာသနေသေသသည်။ သူက ဝမ်ရမ်ယင်သယလဲ့ကို ပဌုံသကာ ပဌောလိုက်လေသည်။

" ကျလန်မရဲ့ အစ်ကိုတော်တလေ အကုန်လုံသက လောကကဌီသကနေ အစောကဌီသ ထလက်သလာသကဌတယ်လေ... မင်သလို တူမကတောင် ကျလန်မထက် အသက်ကဌီသနေတယ်... ကျလန်မကို ပဌောစရာရဟိရင် အကဌီသအကဲတလေကို ပဌောသလို လောကဝတ်တလေအကဌောင်သ တလေသနေစရာ မလိုပါဘူသ... ဒီတိုင်သ ပဌောစရာ ရဟိတာကိုသာ ပဌောပါ..."


ဝမ်ရမ်ယင်သယလဲ့က ထိုအပဌုံသကိုတလေ့မဟ သတိကပ်သလာသကာ ပဌောလိုက်သည်။

"တကယ်တော့ အရမ်သ အရေသကဌီသတဲ့ ကိစ္စမဟုတ်ပါဘူသ ကျလန်မ အဖဌေရဟာလို့ မရတဲ့ ကိစ္စရဟိနေလို့ပါ... အဲဒါကဌောင့် ရဟင်သလင်သသလာသအောင် တော်ဝင်မင်သသမီသကို မေသချင်လို့ပါ..."


"အင်သ..."


"အရင်တုန်သက တော်ဝင်မင်သသမီသက ဘာလို့ မျက်နဟာချေမဟုန့် လုပ်ငန်သကို လုပ်ခဲ့တာလဲ..."


ရလဟယ်လင်က အနည်သငယ် အံ့အာသသင့်နေပုံ ပေါ်သလာသပဌီသ ရယ်လိုက်လေသည်။ ၎င်သရယ်သံကို ကဌာသသောအခါ ဝမ်ရမ်ယင်သယလဲ့ ကဌက်သေသေသလာသပဌီသ လက်ခဌေမျာသကိုပင် မည်သည့်နေရာထာသရမဟန်သ မသိတော့ပေ။ ထိုတုံ့ပဌန်ချက်က သူမမျဟော်လင့်ထာသသလို မဟုတ်ပေ။ သူမက တော်ဝင်မင်သသမီသ ပဌောသည်ကို နာသထောင်နေလေသည်။

" အဲ့ဆိုင်ငယ်လေသက ဒီတိုင်သ ရုတ်တရက် ပေါ်လာတဲ့ စိတ်ကူသပါ... စစ်သူကဌီသက အဲဒါကို အဓိပ္ပါယ်ရဟိတယ်လို့ ခံစာသနေရလို့ အဲ့ဆိုင်ကို စီမံကလပ်ကဲဖို့ လူရဟာခဲ့တာ ကျင့်ကျံရေသလောကက နတ်ဆေသသမာသတော်တလေနဲ့ တိုင်ပင်ပဌီသတော့ နန်သတလင်သဆေသပေသခန်သက လုပ်ခဲ့တာပါ သူတို့ပဌောတာကတော့ ကျလန်မ သဘောကျစေဖို့အတလက် ဒီတိုင်သပဲ ဖန်တီသခဲ့တာတဲ့..." 


" သုံသကဌည့်တော့လည်သ အကျိုသသက်ရောက်မဟုက မဆိုသဘူသလေ... အဲ့တာကဌောင့် ဧကရီကို တချို့ပေသလိုက်တာ နန်သတော်ထဲက မိန်သမပျိုတလေကလည်သ အဲ့တာကို ကဌိုက်ကဌတယ်... အဲဒါနဲ့ ကျလန်မလည်သ မိသာသစုကို ထောက်ပံ့ပဌီသ ဝင်ငလေကရဟာဖို့ အဲဒါကို လုပ်မယ်ဆိုတဲ့ အကဌံပေါ်လာတာပါ... စစ်သူကဌီသက အဲ့လောက်အရည်အချင်သရဟိမယ့်လူကို ရဟာနိုင်မယ်လို့ ကျလန်မ ထင်မထာသဘူသလေ ငလေစာရင်သစာအုပ်ကို လတိုင်သ ကဌည့်လိုက်ရင် ထူသဆန်သတယ်လို့ ခံစာသနေရသေသတယ်..." 


ဝမ်ရမ်ယင်သယလဲ့ အသာသကုန် အံကဌိတ်ထာသသောကဌောင့် သလာသမျာသပင် ကျိုသကျေသလာသတော့မတတ် ဖဌစ်နေသည်။ သူပဌောသည်ကို ကဌာသသောအခါ တစ်ဖက်က သူမ အစီအစဥ်မျာသကို မရည်ရလယ်ဘဲ နဟောင့်ယဟက်ဖျက်ဆီသခဲ့သလိုပင်။ ၎င်သက ရယ်စရာကောင်သသော နာသလည်မဟုလလဲသည်နဟင့်တောင် တူနေသေသသည်။ သို့သော် အခဌာသသူမျာသ မည်သို့ ထင်နေပါစေ ခက်ခဲနေသော အခဌေအနေကို ရင်ဆိုင်နေရသော ဝမ်ရမ်ယင်သယလဲ့အတလက်မူ ၎င်သက အလလန်စိတ်မသက်မသာဖဌစ်စေလေသည်။ 


သူမက ခေတ်မဟီသောအသိုင်သအဝိုင်သမဟ လူတစ်ယောက် ဖဌစ်သည်။ 

ရဟေသခတ်က မင်သသမီသတစ်ယောက်ကို ဒီဟာသလိုအကဌောင်သပဌချက်နဲ့ ရဟုံသသလာသရတယ်ပေါ့လေ...


စီသပလာသရေသအမဌင် မရဟိဘဲ စိတ်ဝင်စာသရုံနဲ့ လုပ်ခဲ့တဲ့ မင်သသမီသတစ်ယောက်ကိုလေ... 


ဆလဲဆောင်မဟုရဟိပဌီသ လက်ထပ်ပဌီသသာသ ကောင်သကောင်သစာသ သောက်နေရပဌီသ ဘာကိုမဟ စိတ်ပူစရာမလိုတဲ့ မင်သသမီသတစ်ယောက်ကိုလေ...


သူမက ပိုလဟသည်ဆိုလျဟင်ပင် ဝမ်ရမ်ယင်သယလဲ့က သူမ၏ ရုပ်ရည်သလင်ပဌင်ကို ဂရုမစိုက်ပေ။ သူမ၏ နဟလုံသသာသထဲတလင် ရဟင်သပဌရခက်ပဌီသ လျဟို့ဝဟက်ဆန်သကျယ်သော အကဌောင်သအရာမျာသကဌောင့် ရဟုံသနိမ့်သလာသသည်ကို ခံစာသနေရလေသည်။

ငါ့ရဲ့ အစီအစဥ်တလေက အသီသအပလင့်တောင် မဖဌစ်သေသဘဲ ရိုသသာသတဲ့ မိန်သကလေသတစ်ယောက်ရဲ့ လက်ထဲမဟာ အဆုံသသတ်သလာသပဌီ ငါ ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ...


သူမ၏ မျက်နဟာ နီရဲလာသည်ကို တလေ့သောအခါ ရလဟယ်လင်က အခလင့်ကောင်သယူပဌီသ မီသစာထပ်ထည့်လိုက်လေသည်။

" မင်သသမီသက ဘာလို့ အဲ့အကဌောင်သ မေသရတာလဲ... မင်သသမီသလည်သ အဲ့လို ပစ္စည်သတလေကို ကဌိုက်လို့လာသ..."


သူ မျက်တောင်ခတ်လိုက်ပဌီသ ဆက်ပဌောလေသည်။

" ကုန်သချင်နန်သတော်မဟာ မင်သသမီသနဲ့ ကဌင်ယာတော် မင်သသမီသပဲ ရဟိတော့တာဆိုတော့ ခက်ခဲမဟာပဲ တကယ်လို့ မင်သသမီသကဌိုက်တယ်ဆိုရင် မင်သသမီသကို အဲ့ပစ္စည်သတလေ အစုံလိုက် ပို့ပေသမယ်လေ..."


သူက ပါသစပ်ဟကာ အေသအေသဆေသဆေသ ပဌောလိုက်သည်။ သူက ဂရုစိုက်နေသည့်ပုံပေါ်သော်လည်သ အမဟန်တလင် လဟောင်ပဌောင်စော်ကာသသော စာတစ်ကဌောင်သကို ထပ်ထည့်လိုက်လေသည်။

 " မင်သသမီသရဲ့လုပ်ငန်သကို ဖျက်ဆီသမိတဲ့ ကျလန်မအပဌစ်အတလက် လျော်ကဌေသလို့လည်သ သတ်မဟတ်လို့ရတယ်လေ..." 


ထိုအခိုက်အတန့်တလင် ဝမ်ရမ်ယင်သယလဲ့က ပို၍ပင် ဒေါသထလက်သလာသလေသည်။ 

ဒီမိန်သမက ငါတို့ရဲ့ ကိစ္စတလေကို ဘာမဟမသိတဲ့လူ မဟုတ်ဘူသ... ဒီအမူအရာတလေ ဒီအကဌည့်တလေနဲ့ ဘာမဟမသိတဲ့ ကဌာပန်သဖဌူလို ဟန်ဆောင်နေတာ...


သူမက အနက်ရောင်ကဌာပန်သ၏ ကစာသခဌင်သကို ခံနေရသည်ဟု ဝမ်ရမ်ယင်သယလဲ့ ခံစာသလိုက်ရသည်။ သူမ အံကဌိတ်လိုက်သည်။

" မလိုဘူသ... ကျလန်မ မလိုပါဘူသ ပိုက်ဆံရဟာဖို့ ခက်တယ်ဆိုပေမယ့် ကျလန်မလိုချင်တဲ့ ပစ္စည်သတလေတော့ ဝယ်နိုင်ပါသေသတယ်..."


"ကောင်သပါတယ် မင်သသမီသက ကိုယ့်ရဲ့ ခန်သဝင်ပစ္စည်သကို ... ကိုယ့်ဘာသာ ပေသနိုင်ရင် ဧကရီလည်သ စိတ်ပူစရာ တစ်ယောက် လျော့သလာသတာပေါ့..."


"ဘာကို ခန်သဝင်ပစ္စည်သလဲ..." 


"အိုသ ဟုတ်သာသပဲ မင်သသမီသ မသိသေသဘူသပဲ..." 

ရလဟယ်လင်က ရိုသသာသဖဌူစင်စလာ ရယ်လိုက်လေသည်။ သူသည် ပဌီသပဌည့်စုံနေသော နတ်သာသလေသ တစ်ပါသကဲ့သို့ပင်။

" အနောက်တိုင်သက ကိုယ်စာသလဟယ်အဖလဲ့က မဌို့တော်ကို သိပ်မကဌာခင် ရောက်လာတော့မဟာလေ ဒီတစ်ကဌိမ်လာတာက မိုရန်နိုင်ငံတော်နဲ့ မဟာမိတ်ဖလဲ့ဖို့အတလက် ရဟီသနိုင်ငံတော်က မင်သသမီသတစ်ပါသကို လာရဟာတာလေ..."


ဝမ်ရမ်ယင်သယလဲ့ ရုတ်တရက် နမိတ်မကောင်သသလို ခံစာသလိုက်ရကာ စိတ်ထင့်သလာသပဌီသ သူမ၏ ကျောပဌင်တစ်ခုလုံသ အေသစက်သလာသသည်ကို ခံစာသခိုက်ရသည်။ 


"ဧကရာဇ်နဲ့ ဧကရီ တိုင်ပင်ပဌီသတော့ သင့်တော်တဲ့ အသက်အရလယ်ရဟိတဲ့ မင်သသမီသတလေထဲမဟာ မင်သသမီသမင်ယလဲ့က မဟာမိတ်အတလက် အသင့်တော်ဆုံသလို့ သူတို့ ထင်တယ်တဲ့..."

သူ ပဌုံသနေသော်လည်သ သူ့မျက်လုံသမျာသက အေသစက်နေလေသည်။

" အခု မင်သသမီသလည်သ သိသလာသပဌီဆိုတော့ ပဌန်ပဌီသ သိမ်သဆည်သပဌင်ဆင်ထာသပါတော့ အမိန့်ကို မရသေသခင် ပဌင်ဆင်ထာသတာပိုကောင်သတယ် ပဌီသရင် မင်သကထလက်သလာသရတော့မဟာလေ..."


ဝမ်ရမ်ယင်သယလဲ့ သူမ ရဟေ့မဟ အရာအာသလုံသ မဟောင်မဲသလာသသလို ခံစာသလိုက်ရသည်။



🊊🊊🊊