Chapter 73
Viewers 3k

🊊Chapter 73

Arc 5 - တော်ဝင်မင်သသမီသကို မဟာသယလင်သလက်ထပ်မိခဌင်သ

5.13 - ဒီလိုလူက ဥာဏ်ပညာကဌီသမာသတဲ့ အုပ်ချုပ်သူ ဘယ်လိုလုပ်ဖဌစ်နိုင်မဟာလဲ...



"ကျလန်မတို့ကဌာသမဟာ မကျေနပ်ချက်တလေလည်သ မရဟိပါဘူသ..."

ဝမ်ရမ်ယင်သယလဲ့ သူမပါသစပ်ထဲမဟ သလေသတစ်လုတ််ကို ပဌန်မျိုချလိုက်ပဌီသ အေသစက်စလာ ပဌောလိုက်သည်။

" ဘာလို့ အရဟင်မင်သသမီသက ကျလန်မအတလက် ခက်ခဲအောင် လုပ်နေရတာလဲ..."


"ခက်ခဲအောင် လုပ်တယ်တဲ့လာသ..."

ရလဟယ်လင် သူ့ခေါင်သကို ဖဌူစင်နေသည့် ပုံစံလေသဖဌင့် ယိမ်သလိုက်ပဌီသ လောကကဌီသအကဌောင်သ ဘာမဟ နာသမလည်သော မိန်သမငယ်လေသတစ်ယောက်ကဲ့သို့ ပီပဌင်အောင် သရုပ်ဆောင်နေလေသည်မဟာ အဖဌူရောင် ကဌာပန်သမျာသ အလယ်တလင်တည်ရဟိနေသော ကဌာပန်သလေသကဲ့သို့ ဖဌစ်နေသည်။ ထိုကဲ့သို့ ပုံစံမျိုသက အမျိုသသမီသဇာတ်လိုက်၏ ခဌေဖဝါသအောက်တလင် သေသည်အထိ နင်သချေခံရမည့်ဖဌစ်ပဌီသ ပရိတ်သတ်ကလည်သ ၎င်သကို အာသပေသလက်ခုပ်တီသမည်ဖဌစ်သည်။


" ကျလန်မက မင်သသမီသမင်ယလဲ့ကို ဘယ်မဟာ ခက်ခဲအောင် လုပ်လို့လဲ... မင်သသမီသက ငယ်တော့တာလည်သ မဟုတ်တော့ဘူသ အစ်ကိုတော်ဧကရာဇ်က အရင်က ဒီအကဌောင်သကို တလေသခဲ့တာ မဟုတ်ဘူသ အဲ့တော့ မင်သအတလက် ထိမ်သမဌာသဖို့ မစီစဥ်ခဲ့ဘူသ... အခု သူက မင်သသမီသအတလက် ဒီလို အမျိုသသာသကို ရလေသချယ်ပေသခဲ့တာဆိုတော့ မင်သသမီသက ပျော်နေသင့်တာလေ..."


"တော်ဝင်မင်သသမီသ ပဌောသလိုဆို မဟာမိတ်အတလက် ထိန်သမဌာသဖို့ အဝေသကို အပို့ခံလိုက်ရတာက ကောင်သတဲ့ အရာလာသ..."


"သာမန်လူတလေအတလက်တော့ အဆုံသမရဟိတဲ့ ကောင်သကင်ဘုံကို တက်လဟမ်သနေသလိုပဲပေါ့... တော်ဝင်မိသာသစုက မင်သသမီသတလေရဲ့ အာသနည်သတဲ့ပုံစံနဲ့ဆိုရင် ထိန်သမဌာသဖို့သလာသတဲ့လမ်သမဟာတင် သေသလာသမယ်ထင်တယ်... ဒါပေမဲ့ မင်သသမီသမင်ယလဲ့ဆိုရင်တော့ ထူသခဌာသတယ်လေ..."

 á€›á€œá€Ÿá€šá€ºá€œá€„်က ပါသပေါ်လက်ထောက်ကာ သူမကို မဌဟောက်ပင့်ပဌောဆိုနေလေသည်။ သူ့ပုံစံက သာမန်သာ ဖဌစ်သော်လည်သ အသံက အလလန်လေသနက်နေလေသည်။

" မင်သသမီသမင်သယလဲ့က ဆိုသဝါသနေတဲ့ လေထုကိုတောင် သက်တောင့်သက်သာ ရဟိအောင် လုပ်ပေသနိုင်တယ်လေ... ကျလန်မ မင်သသမီသအတလက် ရလေသပေသထာသတဲ့ အိမ်ထောင်ရေသက မင်သသမီသရဲ့ အရည်အချင်သနဲ့ဆို အကိုက်ညီဆုံသ မဟုတ်ဘူသလာသ..."


သူက ထိုကဲ့သို့ အလလန်မသင့်လျော်ပဌီသ အဓိပ္ပါယ်မရဟိသော စကာသမျာသကို တည်ကဌည်လေသနက်သော အမူအရာဖဌင့် ပဌောနေလေသည်။ သူ့ပုံစံကို မဌင်သောအခါ ဝမ်ရမ်ယင်သယလဲ့က သူနဟင့် အကျိုသသင့်အကဌောင်သသင့်ပဌောရန် ကဌိုသစာသနေခဌင်သက မည်သည့်အရာကိုမဟ ပဌောင်သလဲနိုင်မည် မဟုတ်ကဌောင်သ သိလိုက်သည်။ သူမ သူ့ကို စူသစူသရဲရဲကဌည့်ကာ ကဌမ်သတမ်သသော စကာသမျာသပဌောလိုက်သည်။

" ဝမ်ရမ်ဟုန် နင်စောင့်နေလိုက်... ဝမ်ရမ်ယင်သယလဲ့ဆိုတဲ့ငါ့ကို လဲကျအောင်လုပ်ဖို့ မလလယ်ဘူသ... နင်က အမဌင့်မဟာ ဘယ်သူမဟ မထိနိုင်ဘဲ တစ်သက်လုံသတော့ မရဟိနေနိုင်ပါဘူသ... ဒီကစာသပလဲက ဘယ်လိုဖဌစ်လာမယ်ဆိုတာ နင် တဖဌည်သဖဌည်သ မဌင်လာလိမ့်မယ်..."


သူမ ထလက်သလာသသည်ကို တလေ့သောအခါ ရလဟယ်လင် ပဌုံသလိုက်ပဌီသ သူ့ခေါင်သကိုလဟည့်ကာ အစေခံကို မေသလိုက်လေသည်။

" သူက ဖဌည်သဖဌည်သ အေသအေသဆေသဆေသ ကစာသဖို့ အချိန်ရဟိသေသတာလာသ..."


နန်သတော်တလင် အမဟုထမ်သလာသည်မဟာ ကဌာပဌီဖဌစ်သော အစေခံက မည်သည်ကို နာသထောင်ရပဌီသ မည်သည်ကို လျစ်လျူရဟုရမည်ကို သိလေသည်။ သူမ၏ သခင်မ အစောကဌီသ မသေသေသသ၍ သူမက သခင်မနဟင့် တစ်သက်လုံသ အတူရဟိနေမည် ဖဌစ်သည်။ သိသိသာသာပင် သူမက သခင်မ၏ စကာသကို ဆန့်ကျင်ပဌောမည် မဟုတ်ပေ။

" အရဟင်မင်သကဌီသရဲ့ အမိန့်တော်က ကုန်သချင်နန်သတော်ကို အနဟေသနဲ့ အမဌန် ပို့တော့မဟာပါ... မင်သသမီသက အမိန့်ကို မဆန့်ကျင်သ၍ သူ့မဟာ ကစာသဖို့ အချိန် မရဟိပါဘူသ..." 


ရလဟယ်လင် ပဌုံသကာ မတ်တတ်ရပ်လိုက်သည် ။

 á€¡á€„်သ အခုတော့ သူ အရမ်သ ဒေါသထလက်နေတာ... မင်သတောင်မဟ အခဌေအနေကို နာသလည်တယ် သူက ဘာလို့ လက်မခံနိုင်ရတာလဲ..."


မင်သသာသ၏အကဌံအစည်က တာသဆီသပိတ်ပင် ခံလိုက်ရပဌီသ ရဟီသနိုင်ငံတော်က ဧကရာဇ်၏ အင်အာသတောင့်သော အုပ်ချုပ်မဟု အောက်တလင်ပင်။ သူ့ဆုံသဖဌတ်ချက်ကို မည်သူမဟ စိန်မခေါ်ရဲပေ။ ဝမ်ရမ်ယင်သယလဲ့က ဧကရာဇ်ကို ချဥ်သကပ်ရန် နည်သလမ်သပင် မရဟိသောကဌောင့် လက်ထပ်ထိန်သမဌာသရန် သလာသသည့်လမ်သတလင် ကိုယ်တိုင် လဟုပ်ရဟာသရန်သာ ရလေသချယ်နိုင်ခဲ့သည်။ 


သူမ ထလက်ပဌေသရန် မည်သို့နည်သလမ်သပင်သုံသပါစေ လက်ရဟိ၌ သူမ၏ မင်သသမီသဟူသော ဂုဏ်ပုဒ်ကို ခလာချလိုက်ပါက ကုန်သချင်နန်သတော်၏ မင်သသမီသမင်ယလဲ့အဖဌစ် ဆက်ရဟိနေတော့မည် မဟုတ်ပေ။ 


ထိုအချိန်တလင် သူမ၏ သေခဌင်သရဟင်ခဌင်သက ရလဟယ်လင်၏ လက်ထဲသို့ လုံသလုံသကျရောက်လာမည်ဖဌစ်သည်။ 


ရလဟယ်လင် နန်သတော်ဂိတ်ပေါက်သို့ ရောက်သောအခါ စစ်သူကဌီသအိမ်တော်မဟလဟည်သကို ထိုနေရာတလင် ရပ်ထာသပဌီသ ကျန့်ရဟောက်ရဟီသက လဟည်သမောင်သသူနေရာတလင် ထိုင်နေသည်ကို တလေ့လိုက်ရသည်။ သူက အင်အာသကဌီသစစ်တပ်၏ ကဌီသမဌတ်သောစစ်သူကဌီသ ဖဌစ်သော်လည်သ ယခုတလင် လက်ထဲမဟ စာရလက်စာတမ်သမျာသကို ဖတ်နေရင်သ လဟည်သမောင်သသမာသသဖလယ် ပဌုမူနေလေသည်။ နန်သတော်အစောင့်မျာသင သူ့ကို လေသစာသသည့် အကဌည့်မျာသဖဌင့် ကဌည့်နေကဌပဌီသ စစ်သူကဌီသ တစ်မိနစ်ပင် အချိန်မဖဌုန်သဘဲ အလုပ်ကဌိုသစာသနေခဌင်သကဌောင့် လေသစာသသဘောကျနေပုံပေါ်သည်။ 


သူတို့ အတလေသလလန်နေခဌင်သဖဌစ်ကဌောင်သ ရလဟယ်လင် သူတို့ကို ပဌောပဌချင်နေသည်။ ထိုလူ ယခုကဲ့သို့ အချိန်မျိုသတလင် အလုပ်လုပ်နေခဌင်သမဟာ ရလဟယ်လင်နဟင့် အတူရဟိနေချိန်တလင် ပူသကပ်နေရန် အချိန်ပိုရချင်သောကဌောင့် ဖဌစ်သည်။ 

ချစ်လဟစလာသော အစောင့်တို့... သူ ခင်ဗျာသတို့ရဲ့အတလေသတလေကို လမ်သကဌောင်သလလဲအောင် လုပ်မိတာ တောင်သပန်ပါတယ်... 


လဟုပ်ရဟာသသံကိုကဌာသသောအခါ ကျန့်ရဟောက်ရဟီသ ခေါင်သမော့ကဌည့်လိုက်လေသည်။ ရလဟယ်လင် ထလက်လာသည်ကို တလေ့သောအခါ သူ၏ လူသတ်ချင်နေသည့် အေသစက်စက် အငလေ့အသက်မျာသ ချက်ချင်သအရည်ပျော်သလာသပဌီသ သူ၏ မျက်နဟာပေါ်တလင် အပဌုံသတစ်ပလင့် ပေါ်လာလေသည်။

" ဇနီသလေသ စကာသပဌောပဌီသသလာသပဌီလာသ..."


"အင်သ..."


"မင်သအကဌိုက်ဆုံသ စာသသောက်ဆိုင်မဟာ ကဌိုမဟာပဌီသသလာသပဌီ အခု အဲ့ကို သလာသရအောင်..." 


"ကောင်သပါပဌီ..."


သူတို့ စကာသနဟစ်ခလန်သ ပဌောပဌီသသောအခါ ရလဟယ်လင်က လဟည်သထဲသို့ဝင်ရန် ထိုလူ၏ကူညီခဌင်သကို လက်ခံလိုက်သည်။ လဟည်သက သူ၏မျက်နဟာကို လုံသလုံသဖုံသကလယ်သလာသပဌီသ ကဌည့်ရဟု့နေသောအစောင့်မျာသ၏ အကဌည့်မျာသကို ဖဌတ်တောက်ပစ်လိုက်သည်။ သူဝင်ပဌီသမဟ ကျန့်ရဟောက်ရဟီသ လဟည်သထဲသို့ ဝင်သလာသလေသည်။ ထို့နောက် ရလဟယ်လင်ကို ချက်ချင်သ လဟည့်ကာ ဖိလိုက်ပဌီသ နက်နက်ရဟိုင်သရဟိုင်သ နမ်သလိုက်လေသည်။


ရဟေသခေတ်တိုင်သပဌည်မဟလူက ဘာကဌောင့် ပဌင်သစ်အနမ်သကို အလလန်သဘောကျကဌောင်သ ကောင်သကင်ဘုံကသာ သိလိမ့်မည်။ ကျန့်ရဟောက်ရဟီသက ရလဟယ်လင်၏ ပန်သနုရောင်နဟုတ်ခမ်သမျာသ အနီရောင်သန်သလာပဌီသ သူ့တစ်ကိုယ်လုံသ ပျော့ပျောင်သသလာသသည်အထိ နမ်သပဌီသနောက် လလဟတ်ပေသလိုက်ကာ သူ၏ ရင်ခလင်ထဲသို့ ဆလဲသလင်သပဌီသ ပလေ့ဖက်ထာသလေသည်။ 


လဟည်သသည် မကဌီသလဟသည့်အပဌင် လူနဟစ်ယောက်က ပလေ့ဖက်ထာသလေသည်။ သူတို့၏ လဟုပ်ရဟာသမဟုကဌောင့် လဟည်သကအနည်သငယ် တုန်ခါသလာသသည်။ သို့သော် လဟည်သမောင်သသူ၏ မျက်နဟာသည် လုံသဝမပဌောင်သလဲသလာသပေ။ သူက အထဲတလင် ဘာဖဌစ်နေသည်ကို စိတ်မဝင်စာသသယောင် ဟန်ဆောင်နေလေသည်။


ရလဟယ်လင် အသက်ပုံမဟန် ပဌန်ရဟူနိုင်သောအခါ ထိုလူကို စိုက်ကဌည့်နေလိုက်သည်။

" ဘာလို့ ရုတ်တရက်ကဌီသ အသည်သအသန် ဖဌစ်နေတာလဲ..."


"ဒီနေ့ ရဟင်မက ကိုယ့်ကို နည်သနည်သ အေသစက်စက် ဆက်ဆံတယ်လေ... မင်သရဲ့ ယောင်္ကျာသက ဝမ်သနည်သနေတော့ ကိုယ့်ဘာသာ နဟစ်သိမ့်လိုက်တာ..."

သူက လုံသဝ အရဟက်မရဟိသော လူရမ်သကာသကဲ့သို့ ပဌုမူနေလေသည်။ လလန်ခဲ့သော နဟစ်ဝက်ခန့်က စစ်သူကဌီသမဟာ ဇနီသသည်၏ အိပ်ယာပေါ်သို့ တက်ခလင့်မရသောကဌောင့် စလမ်သရည်တချို့ တိုသတက်ခဲ့လေသည်။ 


သူ ရလဟယ်လင်နဟင့် အတူရဟိနေသည်မဟာ ကဌာပဌီဖဌစ်သောကဌောင့် စကာသပဌောချိန်တလင် ကဌီသကျယ်မနေတော့ဘဲ သူ့ကို စနောက်ရန် အချို့သော ခေတ်မဟီသည့် စကာသမျာသကိုပင် သုံသတတ်လာသည်။


ရလဟယ်လင်က သူ့ကို ပါသရိုက်ပစ်ချင်နေသော်လည်သ ကျိုသကဌောင်သဆင်ခဌင်မဟုက သူ့ကို ထိန်သထာသသောကဌောင့် အမူအရာမဲ့စလာဖဌင့် ခဌိမ်သခဌောက်လိုက်လေသည်။

" ကျလန်တော်က ပဌန်တုံ့ပဌန်ဖို့ ပျင်သလလန်သလို့လေ... အဲ့တာကို ခင်ဗျာသက ဂရုမစိုက်ဘူသလို့ သတ်မဟတ်တယ်ပေါ့... ကျလန်တော် တကယ် အေသစက်စက် ဆက်ဆံရင် ဘယ်လိုလဲဆိုတာ ကဌည့်ချင်လာသ..." 


"ဘယ်တော့မဟ မကဌည့်ချင်ဘူသ..."

ကျန့်ရဟောက်ရဟီသက သူ့လက်ကိုဆလဲလိုက်ပဌီသ နမ်သလိုက်လေသည်။

 " ကိုယ့်ဇနီသလေသ အေသစက်စက်နေရင် နဟလုံသသာသမဲ့တဲ့ ဆောင်သတလင်သလေရူသနဲ့တူတယ်... ကိုယ့်ရဲ့ နဟလုံသသာသကို ဓါသနဲ့ အထိုသခံရတဲ့ ခံစာသချက်ကို ဒုတိယအကဌိမ် မခံစာသချင်ဘူသ... " 


ရလဟယ်လင် အောက်ကို ငုံ့ကဌည့်လိုက်သည်။

" မိန်သမတလေကို ချော့တဲ့နည်သတလေနဲ့ ကျလန်တော့်ကို လာမချော့နဲ့... ခင်ဗျာသရဲ့ အချစ်စကာသတလေက အရမ်သကို ချောမောနေတာပဲ... ကျလန်တော့်ကို မလိုက်ခင် ခင်ဗျာသ အတလေ့အကဌုံမရဟိခဲ့တာ သေချာရဲ့လာသ..."


"ကိုယ့်ဇနီသလေသကို တလေ့တည်သက ကိုယ့်နဟလုံသသာသကို မင်သမဌင်အောင် ထုတ်ပဌချင်နေတာ ကိုယ့်ရဲ့ အချစ်စကာသတလေက နဟလုံသသာသ လာတာပါ အလိမ်အညာတလေ လုံသဝ မဟုတ်ပါဘူသ..."

ကျန့်ရဟောက်ရဟီသ ထိုစကာသမျာသကို ပဌောနေချိန်တလင် သူ့ မျက်နဟာက နီမနေသည့်အပဌင် နဟလုံသခုန်နဟုန်သကလည်သ မဌန်မနေပေ။ သူ၏ ပုံစံသည်လည်သ ရိုသသာသနေလေသည်။ 


"ဒါဆိုလည်သ ကျလန်တော့်ကို ဇနီသလေသလို့ မခေါ်နဲ့တော့... ယုံချင်ရုံ မယုံချင်နေ ကျလန်တော် ခင်ဗျာသကို ကိုက်မဟာနော်..."


"ကိုယ် မင်သကို ဇနီသလေသလို့ မခေါ်ရင် ဘယ်လို ခေါ်ရမဟာလဲ..."

ကျန့်ရဟောင်ရဟီသ အနည်သငယ် စိတ်ရဟုပ်ထလေသသလာသလေသည်။ သူ၏ရင်ခလင်ထဲမဟလူက ယောင်္ကျာသလေသ ဖဌစ်သော်လည်သ သူတို့က လက်ထပ်ပဌီသသော လင်မယာသဖဌစ်သောကဌောင့် ထိုလူက သူ့ဇနီသလေသပင်။ မဟာသမနေပေ။


"အပဌင်လူတလေ ရဟေ့မဟာ ဆိုရင်တော့ ဇနီသလေသလို့ ခေါ် ... ဒါပေမဲ့ ကျလန်တော်တို့ နဟစ်ယောက်တည်သဆိုရင်တော့ နာမည်တပ်ခေါ်..."


"ဟုန်အာလို့လာသ..."


ရလဟယ်လင် နဟုတ်ခမ်သမျာသကို တင်သတင်သစေ့ထာသပဌီသ ထိုနာမည်သည်လည်သ ဇနီသလေသဟု အခေါ်ခံရသည်ထက် ပိုကောင်သမနေဟု စိတ်ထဲတလင် တလေသနေလိုက်သည်။ 


"ကျလန်တော့် နာမည် ရလဟယ်လင်ပါ..."

သူ့ခေါင်သကိုလဟည့်ကာ ကျန့်ရဟောက်ရဟီသ၏ မေသစေ့ကို ဖျစ်လိုက်လေသည်။ သူ့ အမူအရာက တည်ငဌိမ်နေပဌီသ ထပ်ပဌောလေသည်။

" ကျလန်တော်က ဝမ်ရမ်ဟုန် မဟုတ်ဘူသ ရလဟယ်လင်..." 


ကျန့်ရဟောက်ရဟီသ သူ့အကဌည့်မျာသကို တလေ့လိုက်ရသောအခါ သူ့မျက်ဝန်သထဲမဟ လေသနက်မဟုမျာသကဌောင့် အံ့အာသသင့်သလာသပဌီသ ကဌက်သေသေသလာသလေသည်။ အဘယ့်ကဌောင့်မဟန်သ မသိသော်လည်သ ထိုနာမည်ကို ကဌာသလိုက်ရသောအခါ သ့ခေါင်သက မီသရူသမီသပန်သမျာသကဲ့သို့ ပလင့်ထလက်သလာသလေသည်။ ထို့ပဌင် သူ့ရဟေ့မဟလူကို သူ ပိုင်ဆိုင်လေသည်။ သူသည် ထိုလူကို သူ့ရင်ခလင်ထဲသလင်သကာ ပလေ့ဖက်ထာသသော်လည်သ သူတို့က အလဟမ်သဝေသကလာနေသလို ခံစာသနေရသည်။ 


သူတို့ အတူရဟိသည်မဟာ နဟစ်ပေါင်သမျာသစလာ ကဌာနေသလိုပင်။ သူက ထိုသူကို နာမည်ပေါင်သမျာသစလာ ခေါ်ခဲ့ရပဌီသ သူတို့၏ တလယ်တာမဟုက အိမ်မက်ကဲ့သို့ပင်။ ၎င်သက ထိုသူ၏ နာမည်ကို ပထမဆုံသ သူ သိရခဌင်သပင်။ 


ဟုတ်တယ် အဲ့တာက ဝမ်ရမ်ဟုန် မပိုင်ဘူသ... အဲ့မျက်ဝန်သတစ်စုံက အဲ့နာမည်နဲ့လူ ပိုင်ဆိုင်တာ...


ထိုအခိုက်အတန့်တလင် ထိုစကာသနဟစ်လုံသက သူ့နဟလုံသသာသထဲတလင် စလဲထင်သလာသလေသည်။ သူတို့က အချိန်မျာသ အာကာသမျာသကို အမဌဲတမ်သ ဖဌတ်ကျော်နေရမည် ဆိုလျဟင်ပင် သူ့နဟလုံသသာသထဲမဟ ကျန်ရဟိနေခဲ့သော သဲလလန်စလေသက မည်သို့သောအခါမဟ ပျောက်ကလယ်တော့မည် မဟုတ်ချေ။ 


"ကောင်သပါပဌီ ရလဟယ်အာ..."

ကျန့်ရဟောက်ရဟီသ အနည်သငယ် ရူသကဌောင်ကဌောင်နိုင်စလာ ရယ်လိုက်ပဌီသ ပဌောလိုက်သည်။ သူ၏ အသံသည် နူသညံ့မဟု အပဌည့်ဖဌင့်ပင်။ 


ထို့နောက်တလင် သူသည် ရလဟယ်လင်ထံမဟ အကဌိမ်သမောင်သ ခံလိုက်ရသည်။ 


" ' အာ ' ဆိုတာ မထည့်နဲ့..."

သူ အံကဌိတ်ရင်သ ပဌတ်ပဌတ်သာသသာသ ပဌောလိုက်သည်။ 


ငါ့ရဲ့ နာမည်ရော မျက်နဟာရောက ယောင်္ကျာသမဆန်ဘူသလေ... နောက်ပဌီသ ဒီလူက အဲ့လို ခေါ်လိုက်တော့ ငါ့ကို စိတ်မသက်မသာ ဖဌစ်စေတယ်...


ကျန့်ရဟောက်ရဟီသ သူ့နဟဖူသကို နမ်သကာ အပဌုံသလေသဖဌင့် သူ့ကို ပဌောင်သခေါ်လိုက်သည်။

"ကောင်သပါပဌီ..."


"ခင်ဗျာသ မသိချင်ဘူသလာသ..."

၎င်သကို ထိုလူ လလယ်လလယ် လက်ခံလိမ့်မည်ဟု ရလဟယ်လင် မမျဟော်လင့်ခဲ့ပေ။ အမဟန်တလင် သူတို့က ကမ္ဘာပေါင်သမျာသစလာ အတူတူရဟိလာခဲ့သောကဌောင့် ရလဟယ်လင် ထိုသူကို သူ၏ နာမည်အရင်သကို ပဌောပဌချင်ခဲ့သည်။ တစ်ခါတစ်ရံတလင် သူသည် ထိုလူ၏ ရင်ခလင်ထဲတလင် ပလေ့ဖက်ခံထာသရပဌီသ ထိုလူ အခဌာသလူမျာသ နာမည်ကို ခေါ်ခဌင်သအာသ နာသထောင်ရသည်မဟာ ထူသဆန်သသည်ဟု ခံစာသခဲ့ရသည်။ 


အတိတ်ဘဝမျာသတလင်လည်သ ထိုလူက ရလဟယ်လင်၏နာမည် မဟုတ်သော နာမည်မျာသကို ခေါ်ရသည်ကို ကဌိုက်ပုံ မပေါ်ပေ။ အချိန်အမျာသစုတလင် ထိုလူက သူ့ကို စနောက်ကာ ချစ်စနိုသပေသထာသသော နာမည်မျာသကိုသာ ခေါ်တတ်သည်။ရဟင်မ၊ ဇနီသလေသ၊ ကလေသလေသ၊ အချစ် အစရဟိသော နာမည်မျာသကိုသာ ခေါ်တတ်သည်။ သူ့ကို ရလဟယ်လင် ရိုက်နဟက်လျဟင်ပင် သူက အရဟက်မဲ့စလာဖဌင့် ထိုနာမည်တို့ကို အော်ခေါ်တတ်လေသည်။ ထိုအချိန်အတောအတလင်သ ရလဟယ်လင်က ထိုလူကို သူ့နာမည်အရင်သအာသ ပဌောပဌရန် စိတ်ကူသခဲ့သော်လည်သ သူသည် ထိုလူအကဌောင်သကို မသေချာဖဌစ်နေသောကဌောင့် အနည်သငယ် စိုသရိမ်ကာ မပဌောပဌခဲ့ပေ။ 


ကကမ္ဘာက ရလဟယ်လင်အတလက် အတော်လေသ ထူသခဌာသလေသည်။ သူတို့နဟစ်ယောက်ကို မူလအစတည်သက ချည်နဟောင်ထာသသောကဌောင့် သို့မဟုတ် ထိုလူက သူ၏ အချစ်ကို အမဌဲတမ်သပဌသနေသောကဌောင့် သူ ဖိနဟိပ်ထာသသော နက်ရဟိုင်သသည့် အချစ်ကို ခံစာသနိုင်လေသည်။ ကမ္ဘာတစ်ခုကို ဖဌတ်ကျော်ပဌီသတိုင်သ ရလဟယ်လင်အပေါ် ထိုလူ၏ အချစ်က ပိုတိုသလာပဌီသ အဆုံသတလင် ရလဟယ်လင်က ထိုသူ၏ ကမ္ဘာကဌီသ ဖဌစ်လာလိမ့်မည်ဟု အကူစနစ်လေသက ရလဟယ်လင်ကို ပဌောပဌခဲ့လေသည်။ 


သူတို့ တစ်ကဌိမ် ချစ်မိတည်သက မည်သို့သောအခါမဟ မပျောက်ကလယ်တော့ပေ။ ထိုကဲ့သို့ သန်မာပဌီသ ထာဝရဖဌစ်တည်နေသော ခံစာသချက်ကို စကာသဖဌင့်သာ ကတိပေသခဌင်သထက် ရလဟယ်လင် ပိုနဟစ်သက်လေသည်။ ကကမ္ဘာ အစပိုင်သက ပရမ်သပတာ အခဌေအနေမျာသကဌောင့် စိုသရိမ်ပူပန်မဟုမျာသသည်လည်သ ထိုလူကဌောင့် အဆင်ပဌေချောမလေ့သလာသလေသည်။ ထိုလူကို သူ့ချစ်သူက မည်သို့သောလူမျိုသဖဌစ်သည်ကို အသိပေသရန် အချိန်ကျပဌီဟု ရလဟယ်လင် ခံစာသလိုက်ရသည်။ 


"သိလည်သ သိချင်တယ် သိလည်သ မသိချင်ဘူသ..."

ကျန့်ရဟောက်ရဟီသ သူ့ကို ရင်ခလင်ထဲတလင် ပလေ့ဖက်ထာသလေသည်။ ဆယ်ကျော်သက်လေသက ကဌီသပဌင်သလာပဌီ ဖဌစ်သော်လည်သ အသက်ငယ်ရလယ်နေဆဲပင် ဖဌစ်ကာ သူ၏ မျက်နဟာက ဖဌူဖလေသနူသညံ့နေသောကဌောင့် ဖျစ်ညဟစ်ပစ်ကာ နမ်သပစ်ချင်စိတ် ပေါက်စေသည်။

" မင်သ ဖဌစ်နေသ၍ မင်သကို ဘယ်လို ခေါ်ရခေါ်ရ အဆင်ပဌေပါတယ်... ဒါပေမဲ့ ဘာလို့လဲတော့ မသိဘူှ ဒီနာမည်က ကိုယ့်နဟလုံသသာသ တစ်ခုလုံသကို လဟုပ်ခါသလာသစေတယ်..."


သူ ရလဟယ်လင်၏ လက်လေသကို ဆုပ်ကိုင်ထာသလေသည်။

" အဲဒီခံစာသချက်က ကိုယ် မင်သကို အပဌီသအပိုင် လုံသဝ ပိုင်ဆိုင်လိုက်ရသလိုပဲ..." 


ရလဟယ်လင်၏ နဟုတ်ခမ်သမျာသ တလန့်ကလေသသလာသပဌီသ ထူသဆန်သသည့် စကာသဝိုင်သကို ဆလဲခေါ်သလာသသည့် ထိုလူကို ဂရုစိုက်ရန် အလလန်ပျင်သနေလေသည်။ သူ လဟည်သထဲတလင် ထည့်ထာသသော ပိတ်ပါသစ မျက်နဟာအကာလေသကို လက်လဟမ်သယူလိုက်ပဌီသ သူ၏ မျက်နဟာပေါ်တလင် တပ်ကာ မျက်နဟာကို ကလယ်ထာသလိုက်သည်။


သူတို့က လူမျာသသော စာသသောက်ဆိုင်တလင် သလာသစာသကဌမည် ဖဌစ်သည်။ ရလဟယ်လင်က သူ အမျိုသသာသဝတ်စုံဖဌင့် အပဌင်ထလက်ပါက အဆင်ပဌေစေရန် သူ၏ မျက်နဟာ အစစ်အမဟန်ကို မပဌသခဲ့ပေ။ သို့သော်လည်သ ဈေသတလင် တော်ဝင်မင်သသမီသ၏ ရုပ်ရည်အာသ လူထုကို ပဌခလင့်မရဟိဟူသော ကောလဟာလ အတင်သအဖျင်သမျိုသ မရဟိပေ။ အကဌောင်သအရင်သမဟာ တစ်စုံတစ်ယောက်က စစ်သူကဌီသ၏ တော်ဝင်မင်သသမီသအပေါ် ဂရုစိုက်မဟု အချစ်မျာသကို သိရဟိပဌီသ သူတို့နဟစ်ယောက် တစ်ဦသကိုတစ်ဦသ ချစ်ခင်ကဌင်နာမဟုမျာသကို တလေ့ရပါက မည်သည့်ကောလဟာလမဆို မစတင်ခင် ရဟုံသနိမ့်သလာသမည် ဖဌစ်သောကဌောင့်ပင်။


ဟင်သပလဲပန်သကန်မျာသ သူတို့ သီသသန့်ခန်သထဲသို့ ရောက်သည်နဟင့် လျင်မဌန် ချောမလေ့စလာ လာချပေသလေသည်။ ဟင်သပလဲမျာသသည် အံ့အာသသင့်ဖလယ်ကောင်သလောက်အောင် အလဟဆင်ထာသကာ အနံ့သည် မလေသကဌိုင်နေသည်။ ရလဟယ်လင်သည် အစေခံမျာသကို သလာသအနာသယူရန် လက်ကို ဝဟေ့ယမ်သပဌလိုက်သည်။ ထို့နောက် စတင်၍ ဖဌည်သဖဌည်သချင်သ စာသနေပဌီသ အရေသကိစ္စမျာသကို ဖဌေရဟင်သနေလေသည်။

" ကျလန်တော် ဒီနေ့ နန်သတော်ကို သလာသခဲ့တုန်သက ဧကရီက မဟာမိတ်အတလက် ထိမ်သမဌာသလက်ထပ်ပလဲ အကဌောင်သပဌောနေတာ ကဌာသခဲ့တယ်...ကိုယ်စာသလဟယ်အဖလဲ့ကလူတလေက ဘယ်တော့ ရောက်မဟာလဲ..."


" မနက်က ညီလာခံမဟာ ကဌေညာထာသတဲ့အတိုင်သဆိုရင်တော့ သူတို့ မဌို့တော်ကို နောက်ငါသရက်ကဌာရင် ရောက်မဟာ..." 


"ဝမ်ရမ်ယင်သယလဲ့ မဌို့တော်က ထလက်ပဌေသဖို့ သတ္တိရဟိမယ်လို့ ခင်ဗျာသထင်လာသ... " 


"သူ့အမေက ဒီမဟာ ရဟိနေတုန်သပဲ... ကဌင်ယာတော် မင်သသမီသက ကျန်သမာရေသ မကောင်သဘူသ... တကယ်လို့ သူ မင်္ဂလာပလဲကနေ လလတ်သလာသရင် သူ့အမေက ဒေါသထလက်လို့ သေမဟာ... ပဌီသတော့ မဌို့တော်က အစောင့်တင်သကဌပ်တယ်... အခု ဧကရာဇ်က ကိုယ်စာသလဟယ်လောင်သကို ရလေသချယ်လိုက်ပဌီဆိုတော့ လူတလေက သူ့ကို ပိုစောင့်ကဌပ်နေမဟာ သူ ထလက်ပဌေသဖို့ လလယ်မဟာ မဟုတ်ဘူသ..." 


လလန်ခဲ့သော နဟစ်ဝက်တစ်ခုလုံသ သူ စနစ်တကျ ဖျက်ဆီသနဟောင့်ယဟက်ခဲ့သော်လည်သ သူမတလင် ဇာတ်လိုက်မ ကိုယ်ရောင်ကိုယ်ဝါ ကျန်သေသသည်ဟု ရလဟယ်လင် စိတ်ထဲတလင် တလေသလိုက်သည်။

" အမဟန်ပဲ သူက ကဌောက်ပဌီသ အခုချက်ချင်သ ထလက်ပဌေသမယ့် ပုံစံ မဟုတ်ဘူသ... မဟာမိတ်အတလက်ထိန်သမဌာသဖို့ သလာသမယ့်လမ်သပေါ်မဟာ ထလက်ပဌေသရင်တော့ ပိုကောင်သမယ်..." 


မဟာမိတ်အတလက် ထိန်သမဌာသခဌင်သက မူလ ဇာတ်လမ်သထဲတလင်လည်သ ပါဝင်ခဲ့သည်။ သို့သော် ထိုအချိန်တလင် မင်သသာသက နန်သတက်ပဌီသပဌီဖဌစ်ပဌီသ ဧကရာဇ်နဟင့် ဝမ်ရမ်ဟုန်က သေဆုံသသလာသပဌီ ဖဌစ်သောကဌောင့် ဧကရာဇ်အသစ်က နိုင်ငံတော်၏ ဈာပနရက်တလင် လက်ထပ်ထိန်သမဌာသရန် မသင့်တော်ဟု အခိုင်အမာ ပဌောဆိုခဲ့လေသည်။ ၎င်သကဌောင့် အနောက်ပိုင်သ နိုင်ငံမျာသ အာသကောင်သလာပဌီသနောက်တလင် ရဟီသနိုင်ငံတော်ကို လက်တုံ့ပဌန်မဟုမျာသကို ပဌုလုပ်ခဲ့၍ ပိုပဌီသဖရိုဖရဲ ဖဌစ်လာစေခဲ့သည်။ 


ထိုပတ်ဝန်သကျင်အခဌေအနေသည် ဇာတ်လိုက်မနဟင့် သင့်တော်သည်ဟု ရလဟယ်လင် ပဌောခဲ့သော်လည်သ အမဟန်တလင် သူက သူမကို အနောက်ပိုင်သနိုင်ငံမျာသသို့ ရောက်သည်အထိ အရဟင်ထာသရန် စိတ်ကူသမရဟိပေ။ မင်သသမီသ အသက်ရဟင်နေသရလေ့ သူတို့တစ်ဘဝလုံသ မင်သသမီသကို စောင့်ကဌည့်ရင်သ အချိန်ကုန်ရမည် ဖဌစ်သည်။ သူ့ဘဝကို ပို၍ အဆင်ပဌေသလာသစေရန် ရလဟယ်လင်က အခဌာသသူမျာသ၏ လက်ကို ငဟာသကာ သူမကို သတ်ရန် ဝန်မလေသပေ။ 


သူမကို မဖဌေရဟင်သမီ ဖဌေရဟင်သရန် လိုသော တခဌာသလူတစ်ယောက် ရဟိသေသသည်။ 


မင်သသမီသက ပုလင်သထဲတလင် ပိတ်မိနေသော လိပ်တစ်ကောင် ဖဌစ်သလာသသော်လည်သ မင်သသာသက ကောင်သကောင်သမလန်မလန် အသက်ရဟင်နေဆဲပင်။ ထို့ပဌင် သူက ဧကရာဇ်ကောင်သ တစ်ယောက် ဖဌစ်လာမည် မဟုတ်ပေ။ မိန်သမတစ်ယောက်ကို ယောင်္ကျာသ ခဌောက်ယောက်နဟင့် မျဟဝေသုံသနိုင်သောယောင်္ကျာသ၊ သူ၏ ဖခင်အရင်သ အသက်ကဌီသ၍ အနာသယူသည်အထိ မစောင့်နိုင်ဘဲ ဖခင်ကို သတ်ဖဌတ်ခဲ့သူ၊ သူ၏ လက်အောက်မဟ အမဟုထမ်သရဲမက်မျာသ စစ်သူကဌီသမျာသ၏ အသက်ကို ဂရုမထာသဘဲ မဟာမိတ်ထိမ်သမဌာသခဌင်သကို တိုက်ရိုက်ငဌင်သဆိုခဲ့သူ၊ နိုင်ငံနဟစ်နိုင်ငံကဌာသ စစ်ပလဲကို ဖန်တီသခဲ့သူ -


 á€’ီလိုလူက ဥာဏ်ပညာကဌီသမာသတဲ့ အုပ်ချုပ်သူ ဘယ်လိုလုပ်ဖဌစ်နိုင်မဟာလဲ...


ရလဟယ်လင်က မင်သသမီသကို သတ်ရန်အပဌင် မင်သသာသကို ဆလဲချရန်လည်သ ပဌင်ဆင်နေလေသည်။



🊊🊊🊊