Chapter 83
Viewers 3k

🦊Arc 6 Data In Love


Chapter 83

6.8 - နောက်တစ်ခါထပ်ကြည့်ရင် မင်းမျက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်...


စူးရွှမ့်ယန်သည်ကား လူသားပုံစံနှင့်ဆိုပါက ဘော့စ်တစ်ယောက်နှင့်တူပြီး သူ၏အကူအညီကြောင့် ရွှယ်လင်၏ဓားအတွက် လိုအပ်သောကုန်ကြမ်းများကို အလွယ်တကူစုဆောင်းနိုင်ခဲ့သည်။ ထိုသူက သူ့အနားတွင်ရှိနေ၍ဖြစ်‌၍ ရွှယ်လင်က ထိုသူအား မည်သည့်အရာမှ ဖုံးကွယ်မထားဘဲ တာဝန်နှင့်ပတ်သတ်သည့် အကြောင်းအရာတို့ကိုကျော်လိုက်ကာ နောက်ဆုံးဦးတည်ရာသို့ တိုက်ရိုက်သွားလိုက်သည်။ သူတို့ ဘော့စ်ကိုသတ်ပြီး ရွှယ်လင်လိုချင်သည့်ကုန်ကြမ်းတို့ကိုယူပြီးသည်နှင့် ထွက်လာခဲ့ကြ၏။


ထိုယောကျ်ားပျိုသည်ကား အတော်အတန်ကို ကူကယ်ရာမဲ့နေပုံပေါ်သော်လည်း ပျော်ရွှင်နေပုံလည်းရသည်။ ရွှယ်လင်မှာ အနှီသူက ပုံမှန်မဟုတ်မှန်းသိနေသည့်တိုင် ဖုံးကွယ်လိုသည့်ရည်ရွယ်ချက်မရှိဘဲ သူ့အရှေ့တွင် အင်မတန်ကိုပုံမှန်ဖြစ်နေသည့်နှယ် သဘာဝကျစွာပြုမူနေ၍ စူးရွှမ့်ယန်က အတိုင်းထက်အလွန်ဝမ်းသာနေပုံပင်။ သို့ဖြစ်၍ သူ နေရာတစ်ခုတည်းမှ ဒေတာအချက်အလက်တို့ကို အပြီးသတ်ဖယ်ရှားလိုက်ပြီး ပင်မကွန်ပျုတာမှ ၎င်း၏အဖိုးတန်တပည့်လေးလုပ်နေသမျှကို စိတ်မပူရစေရန် စိတ်ချရသည်အထိ အလုပ်များခိုင်းထားလိုက်သည်။


ကုန်ကြမ်းပစ္စည်းတို့ကို အလုံအလောက်စုဆောင်းပြီးသည့်အခါ ဓားသွန်းလုပ်ရန်အချိန်ကျလေပြီ။ ရွှယ်လင်မူလက ဓားကိုဂိုဏ်းထဲတွင်သာ သွန်းလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ဂိုဏ်းမှ လူသစ်အမြောက်အများကို ၎င်းတို့၏ကိုယ်ပိုင်ဓားများ ကိုယ်တိုင်သွန်းလုပ်ခွင့်ပြုလိုက်ကြသည်။ အကယ်၍ သူ၏ဓားမှ ထူးခြားချက်ကို သတိပြုမိသွားလျှင် ဆိုးရွားသွားပေလိမ့်မည်။ သို့ဖြစ်၍ စူးရွှမ့်ယန်က သူ့ဓားကိုတွေ့ခဲ့သည့် နေရာတွင်သာသွန်းလုပ်ရန် အကြံပေးလာခဲ့သည်။


စူးရွှမ့်ယန်က ရွှယ်လင်ထက် ပိုမိုနားလည်ရခက်ပြီး ဂိမ်းအကြောင်းကိုလည်း များစွာသိထားခဲ့သည်။ အထူးသဖြင့် အနှီသူက ဂိမ်း၏လျှို့ဝှက်ချက်များကိုသိထားပြီး ရွှယ်လင်သည်လည်း ထိုသူ၏နောက်ကြောင်းကို အတွင်းကျကျမသိနိုင်ပေ။ သူတို့နှစ်ယောက်က နတ်ဆိုးများကို သတ်ဖြတ်ရာတွင် ထူးဆန်းစွာဖြင့် အပေးအယူမျှနေပြီး ပုံမှန်အတိုင်း အပြန်အလှန်ပရောပရည်လုပ်ကြသည်။ သို့ရာတွင် မည်သည့်စကားကမျှ မရှင်းလင်းပေ။ ရွှယ်လင်မှာ ဤအခြေအနေကြောင့် သူ၏စိတ်ဝင်စားမှုကအောင့်သက်သက်ဖြစ်သွားရပြီး ထိုယောကျ်ားပျိုနှင့် အချိန််ဖြုန်းနေရသည်ကိုပင် ပျော်ရွှင်နေမိသည်။


ကျင့်ကြံဆင့်မြင့်သူတစ်ယောက်က ဓားသွန်းလုပ်ရာတွင်အောင်မြင်မှုပိုရတတ်သည်။ ယခုပင် ကစားသမားအသစ်များမှာ ၎င်းတို့ကိုသွန်းလုပ်ပြီးလျှင်ပင် ဓားနှင့်သူတို့၏စိတ်ဝိညာဉ်ကိုမချိတ်ဆက်နိုင်ပေ။ ပုံမှန်လေ့ကျင့်ပြီး လက်ပေါ်တွင် ကျွမ်းကျင်မှုရှိသွားမှသာ အသုံးပြုနိုင်သည်။ သို့တစေ ရွှယ်လင်သည်ကား အများနှင့်မတူချေ။ ဤတစ်ကြိမ်က သူဓားသွန်းလုပ်သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အဆောင်အဆင့်ဓားပုံစံသွန်းလုပ်ရန် စီစဉ်ထားသည်။ ၎င်းက သူနှင့်အတူဖွံ့ဖြိုးလာပြီး သူ၏အသက်ဝိညာဉ်နှင့် ချိတ်ဆက်သည့်ဓားဖြစ်သွားလိမ့်မည်။


စူးရွှမ့်ယန်သည်ကား ပြောသည့်အတိုင်းလုပ်တတ်သူဖြစ်သည်။ ရွှယ်လင်အတွက် ဓားသွန်းလုပ်ရန် သင့်တော်သည့်နေရာ ရှာပေးရုံမက အပြင်ဘက်တွင်လည်း စောင့်နေပေးသေးသည်။ ရွှယ်လင်က လွန်ခဲ့သည့်ရက်များအတွင်း စုဆောင်းလာခဲ့သည့် ကုန်ကြမ်းတို့ကိုထုတ်ကာ စနစ်လေးက သူ့အတွက် ပြင်ဆင်ပေးထားသည့်အတိုင်း ဓားကိုသွန်းလုပ်ခဲ့သည်။ သူလုပ်ရိုးလုပ်စဉ်အတိုင်း လှည့်စားပြီး ပန်းပဲအတတ်နှင့်ရောထွေးကာ လုပ်ငန်းစဉ်တစ်ခုလုံးကိုအဆင်ပြေစေခဲ့၏။ ဓားသွန်းလုပ်၍ ပြီးတော့မည့်အချိန်တွင်ရွှယ်လင်က အနှီဓားမှာ သူ၏ဆန္ဒများကို ချိုးဖျက်ရန်ကြိုးစားနေကြောင်း သတိပြုမိလိုက်သည်။


ယင်းက ဓားဝိညာဉ်ရှိနေသည့် အဆောင်ဓားအမျိုးအစားပင်။ ဓားအတွင်းမှ ဓားဝိညာဉ်သည်ကား ပျာယာခတ်နေလေသည်။ ၎င်းက နိုးထမလာသေးသော်လည်း ကျင့်ကြံဆင့်နိမ့်နေသေးသော ရွှယ်လင်က သူ့ကိုအသုံးပြုမည်ကို မလိုလားသည်မှာ သိသာနေလေ၏။ ရွှယ်လင်မှာ အဆိုပါဓားဝိညာဉ်နှင့် ငြင်းခုန်နေရန် ပျင်းလွန်းနေပြီး ချက်ချင်းဖျက်ပစ်လိုက်သည်။ သူ့ထံတွင် စနစ်ရှိနေပြီး ဓားဝိညာဉ်နှင့်ဆင်တူသောတည်ရှိမှုအဖြစ် ၎င်းက ဓားထဲသို့ ဝင်ရောက်နိုင်သည်။


အဆောင်ဓားမှာ အဆင့်မြင့်နည်းလမ်းဖြင့်ပင် ပြီးစီးသွားခဲ့သော်လည်း အနှီသူက ထိန်းချုပ်ထားသည့် နေရာလွတ်တွင် အမြင်အာရုံအားလုံးဖိနှိပ်လိုက်၍ မည်သူကမှ သတိမထားမိနိုင်တော့ပေ။


ရွှယ်လင် ဓားထမ်းပြီးထွက်လာသည့်အခါ အပြင်ဘက်တွင်မူမမှန်သည့်အရာ မရှိကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် မိုးကြိုးသွားများက သူ့ဓားအပေါ်သို့ဆယ်ကြိမ်ခန့် ကျရောက်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ မိုးကြိုးသွား၏အစွမ်းကို စုပ်ယူပြီးသည့်နောက် ဓားကအလင်းဖောက်နိုင်သည်အထိ ကြည်လင်လာခဲ့ပြီး အတွင်းဘက်မှ အေးစက်မှုကို အပြင်ဘက်မှပင် ခံစားမိစေသည်။ ၎င်း၏သခင်အနေဖြင့် ရွှယ်လင်က မည်သည့်အရာကိုမှမခံစားရချေ၊ သို့သော် စူးရွှမ့်ယန်ကမူ ဓားအတွင်းမှခိုက်ခိုက်တုန်အောင်အေးစိမ့်မှုကို ခံစားရစေသည်။


သူခေါင်းညိတ်ပြီး ချီးကျုးလိုက်၏။

"မဆိုးဘူးပဲ..."


ရွှယ်လင်က နှုတ်ခမ်းတို့ကိုတွန့်ကွေးကာ ရှားပါသည့်အပြုံးတစ်ပွင့်ကို ဖော်ပြလာခဲ့သည်။ သူက ဂုဏ်ယူဝင့်ကြွားနေပုံရကာ ခေါင်းမော့လိုက်သည့်အချိန်မှာပင် ရန်လိုနေဟန်ပေါ်စေသည်။

"ဒါပေါ့...ဓားလုပ်တဲ့သူက ဘယ်သူဆိုတာ မင်းသိသင့်တယ်..."


စူးရွှမ့်ယန်က လက်ကိုဆန့်ထုတ်၍ သူ့ပါးပြင်အားဖျစ်ညှစ်ကာ စိတ်ရှည်သည်းခံသည့်အပြုံးဖြင့် ပြောလိုက်လေသည်။ 

"သွားရအောင်...ဒီနေရာမှာ အကြာကြီးနေတာ မင်းအတွက်မကောင်းဘူး...တစ်ယောက်ယောက်တွေ့သွားရင်လည်း မကောင်းဘူး..."


ရွှယ်လင် ဘေးပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့်လှည့်ကြည့်လိုက်သည်။ သူတို့ရောက်လာခဲ့ချိန်က အစိမ်းရောင်တောအုပ်လေးကိုမြင်တွေ့ပြီး သူဂူထဲမှထွက်လာသည့်အချိန်တွင် အရှေ့မှမြင်ကွင်းက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ စိမ်းလန်းနေမှုတို့က တဖြည်းဖြည်းလျော့လာကာ ထပ်မံအကျိုးမပြုနိုင်တော့သလို တဖြည်းဖြည်းချင်း ပြိုကွဲလာခဲ့သည်။


"ဒါက ဘယ်နေရာလဲ..."


"နတ်ဆိုးနယ်မြေလေ..."

စူးရွှမ့်ယန်က နှုတ်ခမ်းပေါ်လက်တစ်ချောင်းတင်ကာ တီးတိုးပြောလာ၏။

"ဒါကအံ့ဖွယ် နတ်ဆိုးနယ်မြေ... ငါမင်းကို တိတ်တိတ်လေးခေါ်လာပေးတာ ဒါပေမဲ့ သူမင်းကိုတွေ့သွားရင်တော့ ပွဲသိမ်းပြီ..."


"မင်းက အံ့ဖွယ်နတ်ဆိုးရဲ့ အစေခံတွေထဲကတစ်ယောက်လား..."


"မဟုတ်ပါဘူး..."

စူးရွှမ့်ယန် ပြုံးလိုက်တိုင်း လူတိုင်းကို အင်မတန်သိမ်မွေ့၍ ဆွဲဆောင်မှုရှိသလို ခံစားရစေသည်။ သူ လူတစ်ယောက်အပေါ် သဘောကောင်းပြလိုက်သည်နှင့် ထိုလူက အနှီသူ၏စိတ်တွင် အရာအားလုံး၏ပထမနေရာသို့ ရောက်သွားလိမ့်မည်။ ထို့ကြောင့် အနှီသူထံမှ ဂရုစိုက်ခံရခြင်းမှာအင်မတန်ပျော်စရာကောင်းသည်။ အနည်းဆုံး ရွှယ်လင်ကပျော်ရွှင်ရလိမ့်မည်။


သူတို့ နတ်ဆိုးနယ်မြေမှထွက်လာပြီးနောက် စူးရွှမ့်ယန် သွားရာနောက်မှ လိုက်လာခဲ့သည်။ ရွှယ်လင်က စူးရွှမ့်ယန်ပြောလာသည်ကို ကြားလိုက်ရ၏။

"ငါမင်းကိုခေါ်သွားဖို့ လမ်းကြောင်းဖောက်ထားတယ်... နတ်ဆိုးနယ်မြေထဲမှာ အံ့ဖွယ်နတ်ဆိုးကလွဲလို့ ဘယ်သူမှမရှိဘူး...ဒါကြောင့် အမြင်သက်ရောက်မှုကို ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး... ငါမင်းကို ဒီနေရာအထိ ခေါ်လာရဲတာက ဇာတ်ကြောင်းကအခုထိ အံ့ဖွယ်နတ်ဆိုးနဲ့မဆိုင်သေးလိို့... သူအခုထိ အိပ်ပျော်နေသေးတယ် ငါတို့ ဒီမှာ အကြာကြီးနေလို့မရဘူး..."


ရွှယ်လင်၏ ချိပ်ပိတ်ထားသော နတ်ဆိုးအပေါ် သဘောထားကိုအတည်မပြုမီ စူးရွှမ့်ယန်က သူ့ကိုဘာမှ သိခွင့်မပေးနိုင်ပေ။ သူသည် အနှီသူနှင့်အတူ 'အစုအပြုံလိုက်သတ်ဖြတ်နေရခြင်း' ခံစားချက်ကို နှစ်သက်နေသည်။ သူတို့၏ ဘေးပတ်ပတ်လည်မှအရာအားလုံး ပုံရိပ်ယောင်များဖြစ်သည်မှာ သေချာသော်လည်း အမြဲတစေ အတုအယောင်သာ ဖြစ်နေလေ၏။ သို့သော်အနှီသူက ဤကိစ္စအလယ်တွင် ရောက်နေသရွေ့အရာအားလုံးက သူ့ထံတွင် အသွေးနှင့်အသားရှိလာသလို ထင်မြင်လာရစေ၏။


ဤနေရာက ဂိမ်းကမ္ဘာဖြစ်နေကြောင်း သူသိလာသည့်အချိန်မှစ၍ သူနှင့်ပတ်သတ်သမျှ အရာအားလုံးက ဖန်တီးခံထားရပြီး သူ့အရှေ့မှ အနှီကမ္ဘာကြီးကအပြီးတိုင်လဲပြိုပျက်စီးသွားခဲ့သည်။ အရာရာတိုင်းအပေါ် သူ၏စိတ်ဝင်စားမှုများက လျော့နည်းသွားပြီး 'ကစားသမား' ဟု ခေါ်သူများကို စိတ်လှုပ်ရှားမှုမှာ နှမ်းစေ့တစ်စေ့စာပင် အညှောင့်ပေါက်မလာတော့ပေ။


သူ ဤကမ္ဘာကိုပင် စိတ်မဝင်စားတော့ဘဲ အပြင်ဘက်မှ 'ကမ္ဘာ' ပေါ်တွင်ပင် ခံစားချက်များ လျော့နည်းလာခဲ့ရသည်။ သူသည်ကား အနှီ အကန့်အသတ်မဲ့အချိန်စက်ဝိုင်းအတွင်း အချိန်ကုန်ဆုံးနေရပြီး ထိုသူ၏ပေါ်ထွက်လာမှုက သူ့စောင့်ဆိုင်းနေရမှုကို အဓိပ္ပါယ်ရှိလာစေခဲ့သည်။


အနှီသူက သူ့အားမကြည့်လျှင်ပင်၊ လျစ်လျုရှုထားလျှင်ပင် သူထိုနေရာ၌ရပ်နေသရွေ့ ပို၍ဝေးကွာသွားလင့်ကစား သူ့အတွက် ဤဂိမ်းကိုဆက်ကစားရန် အကြောင်းပြချက်ကလုံလောက်နေလေပြီ။ 


သို့ပေသိ ထိုသူက သူ့အားမကြည့်၊ လျစ်လျုရှုပြီး သူ့အပေါ်တွင်အာရုံမရှိဘဲဖြစ်နေသည်ကို မည်သို့များသည်းခံရပါမည်နည်း။


ရွှယ်လင် အခြားနေရာများကိုလိုက်ကြည့်နေစဉ် သူ တစ်ဖက်လူအားလှည့်ကြည့်လိုက်သည်။ စူးရွှမ့်ယန်က မျက်နှာအမူအရာကို ဖုံးကွယ်ထားပြီး သူ့မျက်ဝန်းများထဲမှ မှောင်မိုက်မှုများနှင့် အလိုရမ္မက်တို့ကို ဖယ်ရှားပစ်လိုက်၏။


အလျင်လိုစရာမရှိပေ။ အကျိုးမပေးသည့် ပင်မကွန်ပျုတာကိုဖယ်ပြီးသွားလျှင် သူတို့ထိုအကြောင်းကို ဆက်ပြော၍ရသေးသည်။


နတ်ဆိုးနယ်မြေမှထွက်လာခဲ့ပြီးနောက် ရွှယ်လင်က ကမ္ဘာမြေရုပ်သံလိုင်းမှ လူသစ်တစ်ယောက်၏ပို့စ်ကို သတိထားမိလိုက်သည်။


[မိုင်ထောင်ချီမနားတမ်း: ဇီအချိန်၊ နေရာလွတ်နှစ်ခုကျန်ရှိ၊ လယ်ဗယ်မြင့် DPS နှစ်ခုကိုရှာဖွေ]


ကစားသမားများဘက်မှ ပေးရန်ဆန္ဒရှိနေသမျှ လူသစ်၏ပို့စ်က ကမ္ဘာမြေရုပ်သံလိုင်း၏ အရေးပါသောနေရာတွင်ထိပ်ဆုံးနေရာအဖြစ် ဆက်ရှိနေပေမည်။ လူသစ်၏ပို့စ်က အချိန်အတန်ကြာအောင် ရှိမနေတတ်သော်လည်း အစားထိုးရမည့်နေရာ မရှိသေး၍ နေရာအလွတ်များကဆက်ရှိနေသေးသည်ထင်၏။


၎င်းက အဓိပ္ပါယ်ရှိသည်။ အချိန်ရှိသည့် ထိပ်တန်းကစားတိုင်းတွင် ပုံမှန်ကစားနေကျအသင်းများရှိတတ်ပြီး ထူးခြားဖြစ်စဉ်ကိုခံစားရစေမည့် အရည်အချင်းရှိကာ လယ်ဗယ်မြင့်ကစားသမားများကို ရှာဖွေရန်မှာခက်ခဲလှသည်။ ထို့အပြင် ယင်းကဂိမ်းတစ်ပွဲသာဖြစ်ပြီး အားလုံးတွင်ကိုယ်ပိုင်ဂိုဏ်းငယ်များရှိတတ်သည်။ လမ်းညွှန်စနစ် မပွင့်သေးသည့်တိုင် အမှီအခိုကင်းသည့် ကစားသမားမှာလည်း အများအပြားမရှိသေးပေ။


အမှန်တွင်မူ ရွှယ်လင်က အမှီအခိုကင်းသည့် ကစားသမားအုပ်စုတွင် ပါဝင်ခဲ့သည်။ သူက လူသစ်၏ပို့စ်ကိုတစ်ချက်နှိပ်ပြီး မိုင်ထောင်ချီမနားတမ်းထံသို့ တောင်းဆိုချက်တစ်ခုပို့လိုက်သည်။


စူးရွှမ့်ယန်က သူလုပ်နေသမျှကို မမြင်ဘဲ မနေပေ။ ထိုလူက စကားအပိုမပြောဘဲ သူ၏တောင်းဆိုချက်ကိုအတည်ပြုခလုတ်မနှိပ်မီ အလိုအလျောက်အသိပေးစနစ်ကိုပင် ဖွင့်လိုက်သေးသည်။


နှစ်ယောက်လုံး ၎င်းတို့၏တောင်းဆိုချက်များကို အတည်မပြုမီ နောက်မဆုတ်ခဲ့ကြပေ။ မိုင်ထောင်ချီမနားတမ်းက အကွာအဝေးချုံ့အလင်းတန်းကိုဖွင့်လိုက်ပြီး ရွှယ်လင်အရှေ့တွင် တိုက်ရိုက်သွားမည့် အသိပေးချက်ဝင်လာခဲ့သည်။ အနှီသူက အမှန်တကယ်ပင် ထိပ်တန်းကစားသမားဖြစ်ရန် ထိုက်တန်ပေ၏၊ ထိုသူ၏အရည်အချင်းက အံ့ဩဖွယ်ရာဖြစ်၍ ရွှယ်လင်မျက်ခုံးပင့်ကာ လက်ခံလိုက်၏။


တိုက်ရိုက်အရောက်မသွားမီ ရွှယ်လင်က စူးရွှမ့်ယန်၏ အနောက်နား၌ နောက်ထပ်အလင်းတန်းတစ်ခုပေါ်လာသည်ကို မြင်လိုက်ရ၏။ သူ့နှုတ်ခမ်းများက တွန့်ကွေးသွားပြီး တစ်ဖက်ကို မက်ဆေ့ချ်လှမ်းပို့လိုက်သည်။


[ရွှယ်လင်: မစ္စတာကူညီပါရစေ ရေ...ခင်ဗျားရော ပါမလို့လား...]


[ စူးရွှမ့်ယန် : မင်းက ငါ့ကိုကူညီပါရစေ လို့ခေါ်တော့ ငါလည်းပါရတော့မှာပေါ့...]


[ရွှယ်လင်: အကုန်လုံးကမင်းကို ပုံသေအသင်းကလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ...ပြီးတော့ ငါက ဖြောင့်မတ်တဲ့လူပါ...ဘယ်လိုလုပ် မင်းလို ထိပ်တန်းနတ်ဆိုးကျင့်ကြံသူနဲ့ပြေးလွှားနေမလဲ...]


[စူးရွှမ့်ယန်: ပြေးလွှားနေတယ်တဲ့လား...]


[ရွှယ်လင်: မင်းကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်သင့်တယ်...]


[ စူးရွှမ့်ယန်: ငါမင်းနဲ့ လျှောက်ပြီးပြေးလွှားနေရတာကို အရမ်းအရမ်းသဘောကျတယ်...ပြီးတော့မင်းနဲ့ပါပဲ... တခြားဘယ်သူနဲ့မှ မဟုတ်ဘူး]


သူတို့၏ စကားပြောခန်းက ထိုနေရာတွင်သာ ရပ်သွားခဲ့သည်။ ရွှယ်လင်က အဖွဲ့၏အလယ်တွင်ပေါ်လာခဲ့ပြီး စူးရွှမ့်ယန်က သူ့အနောက်မှ နီးနီးကပ်ကပ်လိုက်လာခဲ့၏။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည့်အခါ ချက်ချင်းအကြည့်လွှဲသွားကြတော့သည်။


ဂိုဏ်းသားရွေးချယ်ပွဲမတိုင်မီ ရွှယ်လင်နှင့် စူးရွှမ့်ယန်တို့ရောက်လာသည်ကို မိုင်ထောင်ချီမနားတမ်းက မြင်တွေ့လိုက်သည်။ သူက ထိုသူတို့ကို ခေါင်းညိတ်ပြပြီးပြောလိုက်၏။

"ဒါက ဖြစ်စဉ်အသစ်ပဲ... ဖြစ်စဉ်တွေကိုရှင်းလင်းတဲ့အချိန်ရောက်ရင် ငါတို့guildရဲ့အမိန့်ကို ရလိမ့်မယ်... မင်းတို့လည်းguildရဲ့အမိန့် လိုချင်ရင် နောက်တစ်ခါ ငါတို့နဲ့ပူးပေါင်းပေါ့..."


စူးရွှမ့်ယန်က ပြုံးလိုက်သည်။

"ငါက စီးပွားရေးသမားပါ...guildက အမိန့်ကိုရဖို့အစီအစဉ်မရှိတော့ စိတ်လည်းမဝင်စားဘူး..."


မိုင်ထောင်ချီမနားတမ်းကလည်း ခေါင်းညိတ်ပြသည်။

"ငါသိပြီ..guildအမိန့်မကျလာခင် ငါတို့ဖြစ်စဉ်တွေကိုထပ်တလဲလဲလုပ်နေရမှာပဲ စိုးရိမ်တာ...မင်းတို့လိုအပ်တဲ့ဟာ ကျလာတာမျိုးမရှိရင်တော့ ပြောထားတဲ့အတိုင်းပဲနော်..."


လျစ်လျုရှုထားတတ်သည့် မျက်နှာထားမျိုးလုပ်ထားသည့်အချိန်အတွင်း ရွှယ်လင်၏မျက်နှာပေါ်တွင် အပြုံးမရှိချေ။ သူ မိုင်ထောင်ချီမနားတမ်းကို လှမ်းကြည့်ကာပြောလိုက်၏။

"ငါ ဒီနေရာကိုရောက်လာက ဓားကိုနာမည်ပေးဖို့ပဲ..."


 á€žá€°áá€“ဏးက သွန်းလုပ်ထားစသာရှိသေးပြီး သွေးပင်မပေသေးချေ။ ဖြစ်စဉ်အတိုင်းလုပ်မှ သူ၏ဓားက သွေးကိုအပြည့်အဝသုံးဆောင်ရမည်ဖြစ်ပြီး ၎င်းက ဤတစ်ကြိမ်တွင် ရွှယ်လင်ဆုံးဖြတ်ထားသည့် အကြောင်းအရင်းများထဲမှတစ်ခု ဖြစ်လာလိမ့်မည်ပင်။ ဒုတိယမြောက်အကြောင်းအရင်းကမူ...


သူ့မျက်လုံးများက သူတော်စင်နှင့်တူသည့်လူထံ ကျရောက်သွားခဲ့သည်။ သူက မျက်ခုံးပင့်ပြီးမေးလိုက်၏။

"အဆင့်တစ်ဆယ်ပဲ ရှိသေးတဲ့အသစ်လေးတွေလား..."


သူထိုသို့ပြောလိုက်သည့်အခါ အသင်းထဲမှလူများမှာ ထူးဆန်းသည့်မျက်နှာများ ဖြစ်ကုန်ကြသည်။ အသင်းထဲမှလူတိုင်းက မိုင်ထောင်ချီမနားတမ်းနှင့် မိတ်ဆွေဖြစ်နေပြီး ယနေ့သည်ကားဇာတ်လိုက် shou က အသင်းထဲဝင်လာသည့် ပထမဆုံးနေ့လည်းဖြစ်သည်။ မူလဇာတ်ကြောင်းအရ အချိန်တစ်ပြေးညီဖြစ်စဉ်ကို ကြုံတွေ့ရသည့်အချိန်တွင် ရွှယ်လင်သည်လည်း အဖွဲ့တွင်ပါဝင်ခဲ့သည်။ "တံတားပေါ်တွင် မိုးသံကိုနားဆင်သူ"က ဗလောင်းဗလဲပြောပြီးအမှားလုပ်မိသည်ကိုပင် ကျေးဇူးတင်ရမည်။ ထိုအချိန်က မိုင်ထောင်ချီမနားတမ်းက သူ့သူငယ်ချင်းတို့ကိုအတူခေါ်လာခဲ့ပြီး လူတစ်ယောက်နှင့် စိတ်ဝမ်းကွဲခဲ့သောကြောင့် လူသစ်ခေါ်သည့်ပို့စ်ကိုတင်ခဲ့သည်။ ထိုအချိန်တွင် စူးရွှမ့်ယန်က မမြင်သေးဘဲ ဓားတစ်သောင်းဂိုဏ်း၏ အကြီးတန်းတပည့်ဖြစ်သည့် "အဆုံးစွန်စိတ်ပျက်မှု"က မြင်တွေ့သွားခဲ့သည်။

( ဂိမ်းအကြောင်းမို့သာ တချို့နေရာတွေ ပြန်ရခက်နေတာ နာမည်‌တွေပါလာတိုင်း အူတက်နေပြီ🤣)



"ဒါက ငါ့ရဲ့ဆရာတူညီငယ်လေး..."

မိုင်ထောင်ချီမနားတမ်းက နံဘေးမှ "တံတားပေါ်တွင်မိုးသံကိုနားဆင်သူ"၏စကားကို နားထောင်နေခဲ့သည်။

"သူက ဒီဖြစ်စဉ်ကိုဖွင့်ခဲ့တဲ့သူ... အဲဒါကြောင့် ငါသူ့ကိုခေါ်လာခဲ့တာ မစိုးရိမ်ကြပါနဲ့... သူက ငါတို့ကိုဒုက္ခရောက်အောင်မလုပ်ပါဘူး..."


အဘယ့်ကြောင့်ဆိုသော် ယခင်က သူခေါ်ခဲ့ကြသူအားလုံးမှာ သူ့ကြောင့်ထွက်သွားကြ၍ဖြစ်သည်။ "တံတားပေါ်တွင် မိုးသံကိုနားဆင်သူ" မှာ ခေါင်းငုံ့ထား၍ အတော်အတန်စိတ်ဓာတ်ကျနေပုံရသည်။ မိုင်ထောင်ချီမနားတမ်း၏ ကာကွယ်ပေးမှုက သူ့အားအနည်းငယ်နွေးထွေးသွားစေကာ ရွှယ်လင်ကို သူတစ်ချက်ကြည့်ပြီး နှုတ်ခမ်းအစုံကိုဖိလိုက်သည်။ သူ၏မျက်ဝန်းက နွေးထွေးမှုများအပြည့်ပင်။


 "ငါ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် အကောင်းဆုံးကြိုးစားမှာပါ..."

သူသည်ကား စကားပြောရာတွင်ပင် သနားစရာကောင်းအောင်လုပ်ထားသေးသည်။


ရွှယ်လင်၏ဓားမှ တီးတိုးသံသဲ့သဲ့ ပေါ်လာသည့်အခါ ရွှယ်လင်၏နှုတ်ခမ်းများက ပြုံးယောင်သန်းသွားခဲ့သည်။ သူသက "တံတားပေါ်မှမိုးသံနားဆင်သူ"အား ထပ်မကြည့်တော့ဘဲ ပြောလိုက်၏။

"စကြတာပေါ့..."


လက်ခံလိုက်သည့်အသံကြောင့် နားထောင်နေသော "တံတားပေါ်မှ မိုးသံကိုနားဆင်သူ"က မိုင်ထောင်ချီ၏အင်္ကျီလက်ကိုလှမ်းဆွဲကာ သက်ပြင်းရှည်ချ၍ ရွှယ်လင်အား နင့်နင့်နဲနဲကြည့်လာခဲ့သည်။


ထိုသူက ကြည့်ကောင်းလင့်ကစား ရယ်စရာကောင်းသည်။ ရေခဲတမျှ အေးစက်နေသော်လည်း အသည်းမာသူမဟုတ်သောကြောင့် ရှေ့လျှောက်အတူလက်တွဲသွားရန် မဖြစ်နိုင်သည့်အရာမဟုတ်ပေ။


အသင်းထဲတွင် ကန့်ကွက်သူမရှိ၍ မိုင်ထောင်ချီမနားတမ်းက "တံတားပေါ်တွင်မိုးသံနားဆင်သူ"အား NPC နှင့်စကားပြောရန်ခေါ်သွားပြီး ဖြစ်စဉ်ကိုစတင်လိုက်သည်။


ထိုဖြစ်စဉ်ကို ဇီအချိန်ဟုခေါ်တွင်ပြီး ညအချိန်ဆယ့်တစ်နာရီမှ နေ့လည်တစ်နာရီကြား ဇီအချိန်တွင်စတင်ခြင်းကိုမဆိုလိုပေ။ ဖြစ်စဉ်အတွင်းဝင်ရောက်လိုက်သည်နှင့် လူတိုင်းက သူတို့အတွက်အချိန်ကိုရပ်တန့်ထားကြောင်း သိရှိသွားကြသည်။ အတွင်းဘက်သည်ကား မည်းမှောင်နေပြီး အလင်းရောင်တစ်စလေးပင်မရှိ။ ၎င်းတို့မှာ နေရာအစုံမှတချွတ်ချွတ်အသံတို့ကိုသာကြားရသည်။


တံတားပေါ်တွင် မိုးသံကိုနားဆင်သူက ဖြစ်စဉ်၏ရည်ရွယ်ချက်အား ရှင်းပြလာခဲ့သည်။

"ကျောက်ဂိတ်ကိုစောင့်တဲ့ဆရာသခင်က မကြာသေးခင်ကပဲ မြို့ထဲမှာလူတွေပျောက်သွားတာကိုကြားလာတယ်..။ ပျောက်သွားတာက ဇီအချိန်တွေအတွင်းမှာပဲ... သူက ကျွန်တော့်ကို ဒီကိစ္စမှာကူပြီးစုံစမ်းခိုင်းတယ်... ဒါပေမဲ့ဖြစ်စဉ်ပွင့်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒီနေရာမှာလူတိုင်းရဲ့အချိန်တွေက ရပ်ထားတယ် ပြီးတော့ ဂိတ်စောင့်ဆရာသခင်က ဒီနေရာကလူတွေကိုကယ်ထုတ်ပေးဖို့မှာထားတယ်..."


"ဖြစ်စဉ်အတွင်းထဲမှာ ရှိတာတွေရော ပြောလိုက်သေးလား..."

တစ်ယောက်က မေးလိုက်သည်။


"မပြောပြလိုက်ဘူး..."


ရွှယ်လင်က နှုတ်ခမ်းတို့ကိုဖိကာ ထူးဆန်းသည့်အလင်းရောင်က သူ့မျက်လုံးထဲတွင် ဖျတ်ကနဲလက်သွားခဲ့သည်။


ဇီအချိန်မှာ ဘာထွက်လာမှာလဲ...

ထိုအချိန်အတွင်း နတ်ဆိုးဝိိညာဉ်နှင့် တစ္ဆေများထွက်လာနိုင်လောက်သည်။


ကံမကောင်းစွာဖြင့် ဓားက တစ္ဆေအချို့ကိုသာစစ်ဆေးနိုင်ပြီး ပူနွေးနေသည့်သွေးများ ပက်ဖြန်းမခံရမီ မည်မျှကြာမည်မှန်းမသိနိုင်ပေ။


စူးရွှမ့်ယန်က ရွှယ်လင်၏အနောက်တွင် ပျင်းတွဲတွဲဖြင့် လက်ပိုက်ရပ်နေပြီး သူ့မျက်လုံးများက ရွှယ်လင်၏ကိုယ်ပေါ်မှ ဖယ်ခွာသွားမည့် အရိပ်အယောင်မရှိဘဲ ကပ်တွယ်နေ၏။ တစ်ဖက်လူက သတိမထားမိခင်အထိ အနှီသူကပျော်ရွှင်နေပြီး ရွှယ်လင်အား ခေါင်းမှခြေအထိ၊ ထို့နောက် အောက်မှအပေါ်သို့ ကြည့်ပြန်သည်။ မည်မျှပင်ကြည့်ပါစေ အနှီသူက သူ့အားမျက်စိပသာဒရှိစေပြီး သူ့ရင်ခွင်ထဲတွင်ပွေ့ပိုက်ကာ နမ်းရှုံ့ခြင်းနှင့်သာ သင့်လျော်လိမ့်မည်။ ရွှယ်လင်က ချစ်စရာကောင်းလွန်း၍ စူးရွှမ့်ယန်မှာ အဝေးသို့မသွားနိုင်ပေ။


သူ့အရှေ့တွင် သီးသန့်စကားပြောချန်နယ်က ပေါ်လာပြန်သည်။ စာကြောင်းတစ်ကြောင်းတည်းက သူ၏ခိုးကြောင်ခိုးဝှက်အပြုံးကို ပို၍ ဆွဲဆောင်မှုရှိသွားစေ၏။


[ရွှယ်လင်: ထပ်ကြည့်ရင် မင်းမျက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်]


ငါ မသိဘူးလို့်များ ထင်နေတာလား... အဲဒီလိုအကြည့်မျိုးက ငါ့အဝတ်အစားတွေကို ချွတ်ပစ်ပြီး ခေါင်းကနေအမြှီးအထိ လျက်ပစ်ချင်စိတ်ဖြစ်လာနေတဲ့ပုံမျိုးလေ...ဘယ်လောက်တောင်ရဲတင်းလိုက်သလဲ..



🦊🦊🦊