Chapter 176
မင်းက ငါ ဖြစ်လာတာပဲ
" စစ်ဆေးရေးဂိတ်ဆီကို အပြင်ဘက်ကလာတဲ့အရာတွေကို တားဆီးထားတဲ့ ထူးဆန်းတဲ့အားတစ်ခု ရှိပုံရတယ် ..."
လင်းလုံ သူ၏ကွန်ပျူတာဖြင့် စစ်ဆေးပြီး ရှင်းပြနေသည်။ သူ၏ မျက်ခုံးများကိုလည်း စိတ်အလိုမကျစွာဖြင့် တွန့်ချိုးထားသည်။
" သေစမ်း ... အဲ့တာဘာလဲဆိုတာ ငါ့ကွန်ပျူတာလက်ပတ်မှာ ရှာလို့မရဘူး ..."
" တခြားစစ်ဆေးရေးဂိတ်ကို ဦးတည်ကြရင်ရော ..."
အချိန် လုံလောက်စွာ ရှိနေသေးသည့်အတွက် ယောင်စစ် ဤသို့ အဆိုပြုလိုက်သည်။
" မဖြစ်ဘူး ..."
လင်းလုံက " ငါ့ကို အထင်သေးတာလား "ဟူသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
" ဒီလိုအင်အားသေးသေးလေးနဲ့ ငါ့ကို လာတားလို့ မရဘူး ..."
" ရှင် ဘာလုပ်မလို့လဲ ..."
ယောင်စစ်၏ နှလုံးသားက နိမိတ်မကောင်းသော ခံစားချက်တစ်ခုဖြင့် နစ်မြုပ်သွားသည်။
" ဝင်လို့မရရင် ဖျက်ဆီးပစ်မှာပေါ့ ..."
" ဟေး အကြမ်းပတမ်း မလုပ်နဲ့လေ ..."
လင်းလုံ သူမ၏ သတိပေးချက်ကို လျစ်လျူရှု့ထားပြီး လမ်းမြှောက်ထားသည်။ နောက်တစ်စက္ကန့်အကြာတွင် မီးတောက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး အထူးစွမ်းအားများကို ဖုံးလွှမ်းကာ မိုးကုပ်စက်ဝိုင်းတစ်ခုလုံးကို အနီရောင်မီးတောက်ပင်လယ်ကြီး ဖြစ်သွားစေသည်။
ယောင်စစ်တို့အဖွဲ့ ဆွံ့အသွားသည်။
ကိုယ်နဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်ရင် အကြမ်းတမ်းလုပ်ပစ်တာ သွေးစုပ်ဖုတ်ကောင်တွေရဲ့ သဘာဝလား ...
○| ̄|_
လောင်ကျွမ်းနေသော မီးတောက်များ သူတို့၏ အမြင်အာရုံကို ဖုံးလွှမ်းသွားသည်နှင့်အမျှ အပူချိန်လည်း မြင့်တက်လာပြီး လေထုသည်ပင် မီးတောက်မီးလျှံများအဖြစ် ပြောင်းလုမတတ်ဖြစ်နေသည်။ ယောင်စစ် သူမဘာသာ မသိလိုက်ပဲ နောက်ဆုတ်မိသွားသည်။
ခဏကြာသောအခါ စစ်ဆေးရေးဂိတ်ကို မြင်လိုက်ရသည်။ ၎င်းက စက်ဝိုင်းပုံ အရံအတားတစ်ခုနှင့် မြေကွက်လပ်လေးတစ်ခုသာ ဖြစ်သည်။ မြင့်မားသော အပူချိန်ကြောင့် စစ်ဆေးရေးဂိတ်တွင် အရည်ပျော်ကုန်သည့် အရိပ်အယောင်များ ရှိနေပုံရသည်။
ယောင်စစ် ဘာပြောရမည် မသိတော့ပေ။ ထိုအင်အားကို ချေမှုန်းနိုင်လျှင်ပင် စစ်ဆေးရေးဂိတ်မှာ ဖျက်ဆီးခံရဖွယ်ရှိသည်။
လင်းလုံက သူတို့ကို ကူညီနေတာလား ... ပြဿနာရှာနေတာလား ...
သူမ လင်းလုံကို တားမြစ်မည့်အချိန်တွင် စွမ်းအားစက်ကွင်းထဲမှ အဖြူရောင် ရောင်ခြည်တန်းများ ထွက်ပေါ်လာပြီး မီးတောက်များအားလုံးက စုပ်ယူခံလိုက်ရသကဲ့သို့ ချက်ချင်းပျောက်ကွာသွားသည်။ မူလက ဖောက်ထွင်းမြင်နေရသည့် စွမ်းအားစက်ကွင်းမှာ အနီရောင် ပြောင်းသွားသည်။
၎င်းက အသက်ဝင်လာပြီး တဒိတ်ဒိတ်အသံများကို နံပါတ်စဉ်များ ရေသကဲ့သို့ ထုတ်လွှတ်နေသည်။
" ဒီဟာက ဘာဖြစ်နေတာလဲ ... ငါ့ရဲ့ မီးတွေကိုပါ စားပစ်တယ် ... ဒါဆိုရင် မင်းဘယ်လောက် မျိုချနိုင်လဲ ကြည့်ရသေးတာပေါ့ ..."
ယောင်စစ် ခေါင်းခါလိုက်သည်။
" မလုပ်နဲ့ ..."
လင်းလုံက လက်မြှောက်လိုက်ပြီး စွမ်းအားစက်ကွင်းကို ပစ်ချရန် မိုးကြိုးနဂါးကြီးကို ဆင့်ခေါ်လိုက်သဖြင့် နောက်ကျသွားပြီဖြစ်သည်။ တရှဲရှဲ မြည်သံဖြင့် နဂါးကြီးက ရေထဲနစ်မြုပ်သကဲ့သို့ ဖြစ်သွားသည်။
စွမ်းအားစက်ကွင်းထဲတွင် အရိပ်ဖျော့ဖျော့တစ်ခုက တုန်ယင်စွာ ကူးခတ်နေသည်။ သို့သော် ခဏအကြာတွင် မီးဘောလုံးကဲ့သို့ ရေဝဲများက မိုးစက်များကဲ့သို့ သူတို့ပေါ် ကျလာသည်။
" သေရော ... ဒါက စွမ်းအားစက်ကွင်း မဟုတ်ဖူး ...ပြေးကြ ..."
ယောင်စစ် အော်လိုက်ပြီး ပိုင်ရိ လီကျန့်တို့နှင့်တူတူ ပြေးရန် ပြင်လိုက်သည်။
လင်းလုံက လူတော်မဟုတ်ဘူး ပြဿနာကောင်ပဲ ...
သသူမ လှည့်ကြည့်လိုက်ချိန်တွင် အပူလှိုင်းတစ်ခု လျှံတက်လာပြီး သူတို့နှင့် ခပ်လှမ်းလှမ်းအကွာတွင် မီးလုံးကြီးတစ်ခု ပေါ်လာသည်။ ၎င်းက အူတိုင်မှ ထွက်ပေါ်လာပုံရသည်။
" သခင်မလေး ..."
ပိုင်ရိ တအံ့တဩ အော်လိုက်သည်။ သူမကို လှမ်းဖမ်းလိုက်သော်လည်း နောက်ကျသွားသည်။
ပျောက်ကွယ်သွားသော မီးနဂါးကြီးက သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ယောင်စစ်ဆီသို့ အရှိန်ဖြင့် လာနေသည်။
သေရော .... စွမ်းအားစက်ကွင်းက နေရာထဲကို ဝင်လာသမျှအားလုံးကို နေရာကူးပြောင်းနိုင်တာ သူတို့မေ့သွားတယ် ...
ယောင်စစ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူမ၏ ကိုယ်တွင်းမှ စွမ်းရည်အားလုံးနီးပါးကို မီးနဂါးဆီသို့ ပစ်လွှတ်လိုက်သည်။ ရေစွမ်းရည် ပေါ်လာမည်ဟု ယူဆခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ တစ်စုံတစ်ခုက သူမကို ဆွဲငင်နေသလိုပင် ခံစားလိုက်ရသည်။ ထို့နောက် သူမအတွင်းမှ စွမ်းအားများနှင့်အတူ အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်လာသည်။
သူမ မြင်ကွင်းများ ဝေဝါးလာပြီး ဧရာမမီးနဂါးကြီး ပျောက်ကွယ်သွားပြီး မီးဘောလုံးကြီးတစ်ခု ဖြစ်သွားသည်။
သေစမ်း ...
ထိုမီးဘောလုံးကြီး သူမကို လာမထိမီ ခေါင်းကိုသာ ကာကွယ်ချိန် ရလိုက်သည်။ ဆူညံသံများနှင့်အတူ ထူထဲသော လောင်စာရနံ့များက သူမကို အသက်ရှုကျပ်စေသည်။ ထို့နောက် အမြင်အာရုံများ ကွယ်ပျောက်ပြီး မေ့လဲကျသွားသည်။
ပိုင်ရိနှင့် လီကျန့်တို့၏ အထိတ်တလန့်အော်သံများကို မပီမသ ကြားလိုက်ရသည်။
" သခင်မလေး ..."
" ဘောစ့် ..."
အစ်ကိုကြီးလုံ ဒီတစ်ခါ ဘာလုပ်လိုက်ပြန်တာလဲ ...
–
ယောင်စစ် သတိပြန်ရလာသည့်အခါ ရင်းနှီးနေသောအသံများဖြင့် တိုးညှင်းစွာ ရေရွတ်သံများကို ကြားနေရသည်။
" ဘာမှားလို့လဲဟုတ်လား ... ဘာမှားသွားတာလဲ ငါဘယ်သိမှာတုန်း သေလိုက်လေ ... ငါလည်း ဒီလိုမဖြစ်ချင်ပါဘူး ... ဘယ်သူ့ကို ငါ စော်ကားမိလို့လဲ ..."
" မင်းက ဘာလို့ ဒီနေရာ ရောကါနေတာလဲ ..."
" မင်း သူမကို မေးလေ ... ငါလာချင်လို့ လာတယ်ထင်နေလား ..."
" သခင်မလေးက ခင်များရဲ့ မီးနဂါးကြီးကြောင့် ဒီလိုဖြစ်သွားတာလေ ..."
" ငါ အဲ့တာကိုဆင့်ခေါ်ခဲ့တာ ဘာလို့လဲဆိုတော့ ... နေပါဦး မင်းဘာလုပ်မလို့လဲ ...ဟေး မူမျိုးနွယ် အဲ့ဒါ ငါနဲ့မဆိုင်ဘူးနော် ... ဘာလို့ ရုပ်ကအဲ့လို ဖြစ်လာတာလဲ ... ငါမင်းကို ကြောက်မယ်ထင်နေလား ..."
တရှဲရှဲ အသံများ အဆက်မပြတ်ထွက်လာသည်။
သူတို့ တိုက်ခိုက်နေကြတာလား ...
" သေစမ်း သောက်ရူးကောင် ငါ့ကိုလာချလေ ... အခြေအနေက ဒီလိုဖြစ်လာမှတော့ ငါ့ကိုလက်ပါပြီပေါ့ ... ဘာပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ် ထိခိုက်သွားရင် မင်းပဲခံစားရမှာနော် ..."
ရုတ်တရက် တိတ်ဆိတ်သွားသည်။
ယောင်စစ်၏ အသိစိတ်က စတင်ယိမ်းယိုင်လာပြီး မျက်လုံးဖွင့်ရန် အားထုတ်ခဲ့ရသည်။
ပထမဆုံး သူမ သတိပြုမိသည်က သူမ ဦးနှောက်ကို တစ်စုံတစ်ယောက်က အပြင်းအထန် ရိုက်ထားသကဲ့သို့ အလွန် ခေါင်းကိုက်နေခြင်းပင်။ နာကျင်မှာက မခံမရပ်နိုင်သည့်အတွက် သူမ အသက်ပြင်းပြင်း ရှုနေရသည်။
" စစ်စစ် ..."
သူမရှေ့တွင် ရင်းနှီးနေသည့် မျက်နှာတစ်ခု ပေါ်လာသည်။ ထိုလူက သူမကို ထိုင်ရန် ကူညီပေးနေသည်။
" ဘယ်လိုနေသေးလဲ ..."
" မူရွှမ်လား ..."
သူမ အာကာသစခန်းကို ပြန်ရောက်နေတာလား ... ဘာတွေ ဖြစ်ခဲ့တာလဲ ...
သူမ မူရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူက ပုံမှန်ထက် ဝေးသည့်နေရာတွင် ထိုင်နေသည်။
" ဘာတွေ ဖြစ်နေတာလဲ ... ကျွန်မနိုးလာတုန်း ပထမဆုံး ကြားရတာ ရှင့်ရဲ့ဆူပူသောင်းကျန်းနေသံပဲ ..."
မူရွမ်၏ လက်က တောင့်တင်းသွားပြီး သူ၏စိုးရိမ်သောအမူအရာမှ အနည်းငယ်ထူးဆန်းသည့် အမူအရာသို့ ပြောင်းလဲသွားသည်။
သူ့ကိုကြည့်ရတာ လ အနည်းငယ်လောက် ဝမ်းချုပ်နေသလိုပဲ ...
ဘာဖြစ်လို့ပါလိမ့် ... သူက ဆိုးဝါးတဲ့ရောဂါ တစ်ခုခုဖြစ်နေလို့များလား ... မဟုတ်သေးပါဘူး သူမက သွေးစုပ်ဖုတ်ကောင်လေ ...
" သ ... သခင်မလေး..."
ပိုင်ရိနှင့် လီကျန့်၏ အမူအရာကပင် မူရွှမ်ထက်ပို၍ အသက်ဝင်နေသေးသည်။
" အဆင်ပြေရဲ့လား ..."
" ခေါင်းနည်းနည်း ကိုက်နေရုံပါပဲ ..."
ယောင်စစ် နားထင်ကို ဖိလိုက်သည်။
" ကျွန်မ ဘာဖြစ်သွားတာလဲ ... ဘာလို့ ပြန်ရောက်လာတာလဲ ... နင်တို့ရော အဆင်ပြေရဲ့လား ... အိုး ဟုတ်သားပဲ လင်းလုံရော ..."
သူတို့သုံးယောက်၏ မျက်နှာက ဖြူဖျော့သွားပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ ခဏအကြာ မူရွှမ်က သူမကို နှစ်သိမ့်ရန် လှည့်လာသည်။
" ရှီးရှီး အရမ်း မတုန်လှုပ်နဲ့နော် ..."
တုန်လှုပ်တယ်တဲ့လား ...
ယောင်စစ် ကြောင်အသွားသည်။
သူတို့သုံးယောက် ဘေးကပ်လိုက်သည့်အခါ အနောက်ဘက်တွင် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကို တွေ့လ်ိုက်ရသည်။ ထိုမိန်းကလေးက ဆံပင်အရှည်နှင့် သူမဝတ်ကဲ့သို့ အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသည်။ အရပ်အလွန်မရှည်သည့်အပြင် ရင်ဘတ်က သူမကဲ့သို့ ပြားနေပြီး ရုပ်ရည်ကလည်း တစ်ပုံစံတည်းတူနေသည်။
" သူက ကျွန်မနဲ့ တူလိုက်တာ ..."
သူမ လက်ညိုးထိုးပြီး ပြောလိုက်ချိန်တွင် မျက်လုံးထောင့်၌ ကြွက်သားများ တောင့်တင်းနေသည့် လက်မောင်းကို မြင်လိုက်ရသည် ။
" အယ် ကျွန်မလက်မောင်း ဘာဖြစ်သွားပါလိမ့် ... ဘယ်တုန်းက အဲ့လောက်ကြီးလာတာလဲ ..."
သူမ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ လက်မောင်းသာမက တစ်ကိုယ်လုံးက အနည်းငယ် ကြီးနေသည်ကို မြင်လိုက်ရသည်။ သူမ၏ ရင်ဘတ်ကြွက်သားများသည်လည်း ယခင်က အကျိတ်နှစ်ခုထက်ပင် ပိုမြင့်လာကာ ယောက်ျားပီသ လာသယောင် ထင်ရသည်။
သေစမ်း ...
(⊙_⊙)
သူမ ရုတ်တရက်ပင် အခြေအနေကို သိလိုက်သည်။ ခုတင်ပေါ်မှ ခုန်ဆင်းကာ မတ်တပ်ရပ်လိုက်သည်။
" ရှင် ရှင်က ကျွန်မ ဖြစ်သွားတာလား ..."
" မှန်တာပေါ့ ... မင်းက လူအိုကြီးဖြစ်သွားပြီ ..."
သူမအသံက သူမနှင့်ရင်းနှီးနေသည့် အသံတစ်ခုအဖြစ် စကားပြောနေသည်။
" ငါတို့ ခန္ဓာကိုယ်တွေ လဲသွားတာ ..."
ခန္ဓာကိုယ်တွေ လဲလှယ်သွားတာလား ...
ဒါဆို သူမက လင်းလုံ ဖြစ်သွားတာလား ...
သေရော ...
(╯‵□′)╯︵┻━┻
မဟုတ်ဖူး မဟုတ်ဖူး မဖြစ်နိုင်ဘူး ... ဒါက စကြဝဠာမျိုးဆက်လေ ... သိပ္ပံနည်းကျ လူနေမှုစနစ်ကြီး ဒီလို မှော်ဆန်တဲ့ ကိစ္စက ဘာလို့ ဖြစ်လာတာလဲ ... အာရုံချောက်ခြားနေတာပဲ ဖြစ်မယ် ... ငါက ဘာကိစ္စ ယောက်ျားကြီး ဖြစ်လာရမှာလဲ ...
ယောင်စစ် အံကြိတ်လိုက်သည်။ သူမ အခုလုပ်ရမည့်အရာမှာ လိင်အမျိုးအစားကို စစ်ဆေးရန်ဖြစ်သည်။
ထို့ကြောင့် သူမ ခေါင်းငုံ့၍ ဘောင်းဘီဆွဲချွတ်ရန် ပြင်နေသည်။
" ရပ်လိုက် ..."
" ရပ်လိုက် ..."
" ဟေး ရပ်လိုက် ..."
" မလုပ်နဲ့ ..."
လေထဲတွင် အော်ဟစ်သံလေးခု တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ လက်လေးဖက်က မတူညီသည့် အရပ်မျက်နှာလေးခုမှ ထွက်ပေါ်လာပြီး ဘောင်းဘီဇစ်ကို ဆွဲတော့မည့် သူမလက်ကို ဖိလိုက်ကြသည်။