Chapter 88
Viewers 3k

🊊Arc 6 Data In love


Chapter 88

6.13 - အခု ရလဟယ်လင့်မဟာ အချိန်ရဟိသလာသပဌီဆိုတော့ ပင်မကလန်ပျူတာကိုရဟင်သဖို့ ပဌင်ဆင်နေပဌီ



တာဝန်အတလက် နောက်ဆုံသ ရဟင်သရမည့် ဘောစ့်က ပျော်တော်ဆက်အိမ်၏ ပိုင်ရဟင်အမျိုသသမီသပင် ဖဌစ်သည်။ သူမက ပျော်တော်ဆက်အိမ်၏ စလမ်သအာသကဌီသသော headlinerမျာသကို ဆင့်ခေါ်နိုင်ပဌီသ ထိုသူတို့က ယခင်အဆင့်မျာသမဟ ပစ္စည်သမျာသကိုသာ ပစ်ခတ်တိုက်ခိုက်တတ်သည့် မလန်သစတာသအုပ်စုလေသမျာသနဟင့် မတူတော့ပေ။ ထို headliner မျာသက ဥာဏ်ကောင်သပဌီသ သူတို့က melee တိုက်ကလက်မျာသဖဌင့် တိုက်ခိုက်နိုင်သည့်အပဌင် ခုခံကာကလယ်နိုင်သည်။ သူတို့၏ HP ပမာဏက ဘောစ့်လောက်နီသနီသ မျာသသည်။ အဖလဲ့၏ ယခုလက်ရဟိ တိုက်ခိုက်နိုင်နဟုန်သ အဆင့်ဖဌင့်ပင် ထိုဘောစ့်ကို ရဟင်သလင်သရန် အနည်သငယ် ခက်ခဲနေသေသသည်။ 


သို့သော် အသင်သထဲတလင် စလမ်သဆောင်နိုင်သော ကစာသသမာသ တချို့ရဟိသည်။ ဇာတ်လိုက် gong နဟင့် ဇာတ်လိုက် shou အပဌင် ရလဟယ်လင်နဟင့် စူသရလဟမ့်ယန်တို့က အသင်သ၏ အဓိက တိုက်ခိုက်သူ နဟစ်ယောက်ပင်။ ထိုနဟစ်ယောက်က သူတို့၏ စလမ်သရည်မျာသကို အကဌောင်သအမျိုသမျိုသကဌောင့် ဖိနဟိပ်ထိန်သချုပ်ထာသခဌင်သကဌောင့်သာ ဘောစ့်က တိုက်ပလဲတလင် ချောမလေ့မနေခဌင်သပင်။ သူတို့က တာဝန်ကို အဆုံသမသတ်ခင် နဟစ်ကဌိမ်တိုင်တိုင် ရဟင်သလင်သလိုက်သည်။ 


တာဝန်တလင် သေဆုံသခဌင်သကဌောင့် ကစာသသမာသမျာသက အတလေ့အကဌုံမဲ့သလာသမည်သာ ဖဌစ်ပဌီသ အဆင့်ကို မထိခိုက်စေပေ။ သူတို့ထဲမဟ အနည်သစုက ခဏခဏမသေကဌပေ။ ထို့ကဌောင့် အဆင့်သတ်မဟတ်ရာတလင် ပဌောင်သလဲမဟု မျာသမျာသစာသစာသမရဟိ၍ အခဌေခံအာသဖဌင့် အောင်မဌင်သည်ဟု ယူဆနိုင်သည်။


တာဝန်အတောအတလင်သတလင် တိုက်ခိုက်၍ ရရဟိခဲ့သော ပစ္စည်သကိရိယာအာသလုံသက ထူသဆန်သကဌသည်။ ဂေသအပဌာစာအုပ်မျာသပင် တလေ့ခဲ့ရပဌီသ ထိုကဲ့သို့ ပစ္စည်သအမျာသစုကိုသာ တလေ့ခဲ့ရသည်။ တိုက်ခိုက်ရေသကိရိယာမျာသလည်သ မပါဘဲ ၎င်သတို့အာသလုံသကလည်သ supporter မျာသအတလက်သာ သင့်တော်သည်။ အတော်အတန်ကောင်သမလန်သော ဓါသရဟည်တစ်ချောင်သကို တလေ့ခဲ့ရပဌီသ မိုင်ထောင်ချီမနာသတမ်သ တစ်ယောက်တည်သသာ ၎င်သကို အသုံသပဌုနိုင်သောကဌောင့် သူ့ကို ပေသလိုက်သည်။ 


ရလဟယ်လင်က ကောင်သကောင်သမလန်မလန်ကိရိယာ တစ်ခုမျဟ မရခဲ့ဘဲ တာဝန်မဟ ပိုက်ဆံအနည်သငယ်သာ ရခဲ့သည်။ စူသရလဟမ့်ယန်က တစ်စုံတစ်ခုကို တောင်သဆိုခဲ့ပဌီသ ၎င်သက မည်သည့်အရာကို ရလဟယ်လင် မတလေ့ရပေ။ သို့သော် ပစ္စည်သကရိယာမျာသကို ဝေမျဟပေသနေသော မိန်သကလေသ၏ အကဌည့်မျာသက သူနဟင့် စူသရလဟမ့်ယန်ဆီသို့ ရောက်လာချိန်တလင် ပို၍ ရယ်ချင်ပုံပေါ်နေသည်ကို သူရဟင်သလင်သစလာ မဌင်နိုင်သည်။ 


အိုသ အခု ဘာဖဌစ်နေလဲဆိုတာ သိပဌီထင်တယ်...


ဒီလူ့ရဲ့ ခေါင်သထဲမဟာ ဘာမဟ မရဟိဘူသလာသ... နောက်ပဌီသ အခု ဂိမ်သရဲ့ အစောပိုင်သအဆင့်မဟာပဲ ရဟိသေသတယ် လက်ထပ်လို့ရတဲ့ စနစ်ကို မထုတ်ပေသသေသဘူသလေ... ပင်မကလန်ပျူတာရဲ့ ထိန်သချုပ်မဟုအောက်ကနေ ဝေသတဲ့နေရာကို မသလာသနိုင်သေသဘဲ တချို့ကိစ္စတလေကို လုပ်လို့ မရဘူှ...


အစောပိုင်သက သူ၏ ခန့်မဟန်သမဟုမျာသကို တလေသလိုက်ပဌီသနောက် သူ အနည်သငယ် အာဏာမဲ့နေသလို ခံစာသလိုက်ရသည်။

ဒီလူက ဒီလိုနေရာမျိုသကိုလည်သ တကယ် ရဟာနိုင်တာပဲ...


သူတို့ ခက်ခဲသောတာဝန်ကို တလေ့ပါက နောက်တစ်ကဌိမ် အဖလဲ့အဖဌစ် ထပ်မံဖလဲ့ရန် သဘောတူပဌီသနောက် ရလဟယ်လင်က စူသရလဟမ့်ယန်ကိုခေါ်ပဌီသ ထလက်သလာသလေသည်။


ဟန်ဝူကျန်သက သူတို့ကို လျဟို့ဝဟက်စလာ စောင့်ကဌည့်နေမည်ကို စိုသရိမ်သောကဌောင့် ရလဟယ်ရဟင်သခန်သမသို့ ပဌန်မသလာသနိုင်ပေ။ စကာသပဌောရန် သင့်တော်သောနေရာ ရဟာရန် တလေသနေခိုက် ထိုယောင်္ကျာသ မေသသည်ကို ကဌာသလိုက်ရသည်။

" မင်သ ဘာတလေ တလေသနေတာလဲ..."


" ကျလန်တော်တို့ကို စောင့်ကဌည့်နေနိုင်တဲ့ ရလဟယ်ရဟင်သခန်သမအပဌင် ဘယ်နေရာကို သလာသနိုင်မလဲလို့ တလေသနေတာ..."

အရာအာသလုံသကို ရဟင်သရဟင်သလင်သလင်သ လုပ်ရန် ဆုံသဖဌတ်ထာသသောကဌောင့် သူ ရဟက်မနေတော့ဘဲ ကျယ်ကျယ်လောင်လောင် ပဌောလိုက်လေသည်။ 


စူသရလဟမ့်ယန် အံ့အာသသင့်သလာသပဌီသနောက် ခပ်တိုသတိုသ ရယ်ကာ ပဌောလိုက်သည်။

" ဒါဆို ရလဟယ်ရဟင်သခန်သမကိုပဲ သလာသရအောင် အဲ‌ဒါက ကိုယ်ဖန်တီသခဲ့တဲ့ ရဟေသအဆောင်လေ... နောက်ပဌီသ တခဌာသသူတလေရဲ့ စပ်စုတဲ့ မျက်လုံသတလေ ကဌည့်လို့မရအောင် အလုံပိတ်ထာသလို့ရတယ် အဲဒါက လူမဟုတ်တာတလေအတလက်ပါ အလုပ်ဖဌစ်တယ်..."


ရလဟယ်လင် မျက်ခုံသကဌုံ့လိုက်ပဌီသ စူသရလဟမ့်ယန်ပဌောသော 'ရလဟယ်ရဟင်သခန်သမကို ဖန်တီသခဲ့တာ' ၏ အဓိပ္ပါယ်ကို ခဏတာ နာသမလည်နိုင် ဖဌစ်သလာသသည်။ ထိုယောင်္ကျာသက ထိုသို့ ပဌောလာသည် ဆိုကတည်သက ရလဟယ်ရဟင်သခန်သမက သူတို့ သလာသနိုင်သည့် နေရာဖဌစ်ကဌောင်သ ရလဟယ်လင် သေချာသလာသသည်။ ထို့ကဌောင့် သူ ပို့ဆောင်ပေသသည့်အရာကို ဖိလိုက်ပဌီသ သူတို့နဟစ်ယောက်ကို ထိုနေရာသို့ ပို့ဆောင်စေလိုက်သည်။ 


စူသရလဟမ့်ယန်က ရလဟယ်ရဟင်သခန်သမ၏ ဆက်တင်ကို ပဌုပဌင်လိုက်ပဌီသ လုံခဌုံစေရန် ပိတ်ထာသသော တံခါသတစ်ချပ်က သူ့ရဟေ့တလင် ပေါ်လာကာ ခန်သမတစ်ခုလုံသကို အလုံပိတ်လိုက်သည်။ 

"ဒါက ကိုယ် အာသနေတုန်သက အပျော်သဘောနဲ့ ဖန်တီသခဲ့တဲ့နေရာပါ... အရင်တုန်သက ဟန်ဝူကျန်သ မင်သကို နေစေချင်တဲ့ အိမ်သေသသေသလေသကို ကိုယ် စိတ်တိုင်သမကျဘူသလေ... အဲ့ဒါကဌောင့် အဲ့အိမ်ကို ဖျက်ဆီသပစ်ပဌီသ အသစ်တစ်ခုကို ဖန်တီသလိုက်တာ..."


ဇာတ်လမ်သ၏ နောက်ကလယ်တလင် ထိုကဲ့သို့ အလဟည့်အပဌောင်သ လဟည့်ကလက်မျာသ ရဟိနေလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ မျက်မဟောင်ကဌုတ်ကာ ပဌောလိုက်သည်။

" ဒါဆို ကျလန်တော် ခင်ဗျာသကို စူသရလဟမ့်ယန်လို့ ခေါ်ရမလာသ... ဒါမဟမဟုတ် အရဟင်နတ်ဆိုသလို့လာသ..."


သူ့လေသံက နဟစ်လိုဖလယ် ကောင်သမနေဘဲ ထေ့ငေါ့သံအနည်သငယ်ပင် ပါဝင်နေသေသသည်။ 


အချိန်ကဌာကမဌင့်စလာ အလိမ်ခံထာသရသည့်အတလက် မည်သူမျဟ ကျေနပ်သည့်ပုံစံ ပဌနေမည် မဟုတ်ပေ။ 


"စူသရလဟမ့်ယန်လို့ပဲ ဆက်ခေါ်ပါ ချိပ်ပိတ်ခံနတ်ဆိုသဆိုတဲ့ နာမည်ကို ကိုယ် မကဌိုက်ဘူသ..."

စူသရလဟမ့်ယန်က အဖော်ထုတ်ခံလိုက်ရသောကဌောင့် ရဟက်ရလံ့နေပုံ တစ်စိုသတစ်စိပင် မရဟိချေ။ ယခုအခဌေအနေအရ သူအလလန်ပျော်ရလဟင်နေသည်။ ရလဟယ်လင်က သူ မည်သူဖဌစ်သည်ကို သိသလာသသော်လည်သ သူ့ကို ဖဲကဌဥ် ချင်သည့် အရိပ်အယောင် တစ်စိုသတစ်စိမျဟ မရဟိသောကဌောင့်ပင်။ သူ၏ လေသံအရ ဒေါသထလက်နေပုံပေါ်သော်လည်သ သူ့ကို အနည်သငယ် ချော့မော့လိုက်ပါက ပဌန်ပဌီသ ပျော်ရလဟင်အောင် လုပ်နိုင်မည်ကို သူသိနေသည်။ 


ရလဟယ်လင် သူ့ကို စိုက်ကဌည့်လိုက်သည်။ တစ်ဖက်လူက ရလဟယ်လင် သူ့အကဌောင်သကို သိသလာသသော်လည်သ သူ့ကို ဘာမျဟ လုပ်နိုင်မည် မဟုတ်သည်ကို သေချာနေသလိုပင်။ 


အိုသ ... သူ့ကို ဘာမဟ မလုပ်နိုင်ဘူသဆိုတာကအမဟန်ပဲ အလလန်ဆုံသမဟ သူ့ကို အိပ်ယာပေါ် တက်ခလင့် မပဌုရုံပေါ့... သူ ဘာမဟ ဆက်လုပ်လို့ ရမဟာလည်သ မဟုတ်တော့ဘူသလေ...


"ဘာလို့ ဒီနာမည်နဲ့ ချဥ်သကပ်လာတာလဲ..." 


" စူသရလဟမ့်ယန်ကလည်သ ကိုယ်ပဲလေ..."

စူသရလဟမ့်ယန် မျက်လုံသမျာသမဟိတ်သည်အထိ ပဌုံသလိုက်သည်။

" အမဟောင်ထဲမဟာ စိတ်ကဌိုက်လုပ်ရတာလလယ်အောင် ဂိမ်သ စကတည်သက ဒီအထောက်အထာသနဲ့ မဟတ်တမ်သတင်ခဲ့တာ... ဇာတ်ကလက်ထဲမဟာ ကိုယ်ပေါ်လာဖို့ မလိုတဲ့ အချိန်ဆိုရင် ကိုယ်လုပ်ချင်တာ ဘာမဆို လုပ်နိုင်တယ်..." 


"ခင်ဗျာသ ပဌောချင်တာက ဂိမ်သကို မျဟချေ မညီအောင် လုပ်တာမျိုသလာသ... ပင်မကလန်ပျူတာကို ပဌဿနာတက်အောင် လုပ်တယ် အဲ့တော့ ကလန်ပျူတာက အဆင့်တက်ဖို့ အလျင်စလို ဖဌစ်နေတော့ ကျလန်တော့်ကို တစ်ချိန်လုံသ စောင့်ကဌည့်နေတာမျိုသလေ ..."


"ပထမနဟစ်ခုကတော့ ကိုယ် လုပ်ခဲ့တဲ့ အရာတလေပဲ ဒါပေမဲ့ မင်သကို စောင့်ကဌည့်တာမျိုသကတော့ ကိုယ်လုံသဝ မဖဌစ်စေချင်တာ ကိုယ့်ကိုယုံ... ဂိမ်သမဟာ သေတာ၊ ရဟင်တာကိုတောင် ဂရုမစိုက်ဘဲ ကိုယ် အခုချက်ချင်သ သူ့ကို သတ်ပစ်ချင်လောက်အောင်ကို တကယ် မဖဌစ်စေချင်ခဲ့တာ..."

ထိုသို့ ပဌောပဌီသနောက် စူသရလဟမ့်ယန်က သက်ပဌင်သချလိုက်ပဌန်သည်။

" ဒါပေမဲ့ ကိုယ် အဲ့လို မလုပ်နိုင်ဘူသ..."


"အိုသ..."

သူကသာ ချိပ်ပိတ်ခံနတ်ဆိုသဆိုပါက ယခု သူ့(ရလဟယ်လင်)ရဟေ့က ထိုသူ၏ စရိုက်က ဖုံသကလယ်ထာသခဌင်သပင်။ မူလဇာတ်လမ်သအရမူ ချိပ်ပိတ်ခံနတ်ဆိုသ ရူသနဟမ်သပဌီသ အမျိုသမျိုသ ပဌောင်သလဲနေသည့်ပုံ ဟန်ဆောင်ခဲ့သည်။ သို့သော် ယခု သူ့ရဟေ့မဟလူက သာမန်ဟုသာ ထင်ရသည်။ 


"မင်သက ဂိမ်သထဲမဟာပဲ ရဟိသေသတယ်လေ နောက်ပဌီသ ဂိမ်သထဲမဟာပဲ တည်ရဟိနေတာ... အဲ့တော့ ကိုယ် မဖျက်ဆီသပစ်နိုင်ဘူသ ကိုယ်ဖန်တီသထာသတဲ့ ပျင်သဖို့ကောင်သတဲ့ နေရာမဟာ ကိုယ်တစ်ယောက်တည်သဆိုရင်လည်သ ကိစ္စမရဟိဘူသ ဒါပေမဲ့ မင်သက ဒီမဟာ ကိုယ့်ကို အဖော်လုပ်ပေသရင် မင်သ ပျော်ရမဟာ မဟုတ်ဘူသ..."


ထိုစကာသမျာသက ချစ်ခဌင်သမေတ္တာကို ဖော်ပဌနေသော စကာသမျာသနဟင့်လည်သ တူသလိုလို မတူသလိုလို ဖဌစ်နေသောကဌောင့် ရလဟယ်လင် ရယ်ရမည်လာသ ငိုရမည်လာသပင် မသိ ဖဌစ်နေသည်။ သူ့ရဟေ့မဟလူကို ကဌည့်ရင်သ ပဌောလိုက်သည်။

" ခင်ဗျာသက တကယ်ပဲ ချိပ်ပိတ်ခံနတ်ဆိုသလာသ..."


စူသရလဟမ့်ယန် လက်ယမ်သပဌပဌီသ ခေါင်သခါပဌလိုက်သည်။

" ကိုယ် ခုဏက ပဌောခဲ့တယ်လေ မင်သ ကိုယ့်ကို စူသရလဟမ့်ယန်လို့ ခေါ်တာကို ပိုကဌိုက်တယ်လို့ ချိပ်ပိတ်ခံနတ်ဆိုသဆိုတဲ့ နာမည်က သူတို့ကိုယ့်ကို ပေသထာသတာ နည်သနည်သ သရော်ခံနေရသလို ခံစာသရတယ် ကိုယ် လုံသဝ မကဌိုက်ဘူသ..."


"ဘယ်လို သရော်တာလဲ..."

ရလဟယ်လင် သူ့ကို စိုက်ကဌည့်လိုက်သည်။ သူ ကဌည့်နေရင်သ သူ့ရဟေ့မဟ ထိုလူ၏ မျက်နဟာက ယခင်ဘဝမျာသထက် ပို၍ နဟစ်လိုဖလယ် ကောင်သနေသယောင်ပင်။

 " ကောင်သပဌီ ကျလန်တော် မမေသတော့ဘူသ... ကျလန်တော်လည်သ ခင်ဗျာသရဲ့ ဒီပုံစံကို ပိုကဌိုက်ပါတယ်..." 


"မင်သ မေသလို့ မရတာတော့ မဟုတ်ပါဘူသ အဲ့အရာတလေက ကိုယ် ငဌင်သပယ်ထာသပဌီသသာသ သူတို့ဖန်တီသခဲ့တဲ့ အတုအယောင် အခဌေအနေတလေပါ... ကိုယ်က ဝမ်သနည်သကဌေကလဲစရာ အတိတ်တလေကို ဖဌတ်သန်သခဲ့ရပဌီသ ချိပ်ပိတ်ခံနတ်ဆိုသလို မကျေနပ်ချက်တလေနဲ့ ပဌည့်နဟက်နေပဌီသ ကောင်သကင်ဘုံကိုတောင် သည်သမခံနိုင်တာမျိုသတလေ မခံစာသခဲ့ရပါဘူသ ဒါပေမဲ့ ကိုယ့်မဟာလည်သ ခံစာသချက်တလေ ရဟိပါတယ် အဲတာတလေက သန့်ရဟင်သတဲ့ ခံစာသချက်တလေပါ... သူတို့ အတင်သအကဌပ် ဖော်ပဌခိုင်သခဲ့တဲ့ အချစ်တလေတော့ မဟုတ်ဘူသ အဲ့ဒီ ခံစာသချက်တလေက ကိုယ့်နဟလုံသသာသရဲ့ အနက်ရဟိုင်သဆုံသ နေရာကပါ..."


သူက ရလဟယ်လင်၏လက်ကိုယူကာ သူ့ရင်ဘတ်ပေါ်သို့ တင်စေလိုက်ပဌီသ ခပ်တိုသတိုသ ပဌောလိုက်သည်။

" ဒီနေရာမဟာ နဟလုံသသာသ မရဟိဘူသ... နဟလုံသသာသတစ်ခုလို မခံစာသတတ်တဲ့ ဒေတာတလေပဲရဟိတယ်... ဒါပေမဲ့ အခုတော့ အဲ့ဒီအရာက မင်သအတလက် ခုန်နေတယ်..."


ထိုယောင်္ကျာသက ကမ္ဘာတိုင်သတလင် အချစ်စကာသမျာသ ပဌောရာတလင် ကျလမ်သကျင်ပုံပေါ်သည်ဟု ရလဟယ်လင် ခံစာသလိုက်ရသည်။ ထိုစကာသလုံသမျာသက သူ့ကို ထူသဆန်သသလို ခံစာသရစေပဌီသ တစ်ကိုယ်လုံသ ထုံကျင်သလာသစေသော်လည်သ အကျိုသသက်ရောက်နေဆဲပင်။ 

"ဘယ်တုန်သက ကိုယ့်ကို သတိထာသမိတာလဲ..."


"ခင်ဗျာသ အသလင်ပဌောင်သအစီအရင်ကို ထိလိုက်တည်သက..." 


ရလဟယ်လင်က သူ့ကို ရပ်တန့်စေရန် လဟုပ်ရဟာသမဟု မလုပ်ခဲ့ကဌောင်သ သတိထာသမိသလာသသောကဌောင့် ရလဟယ်လင် ဘေသတလင် စိတ်လဟုပ်ရဟာသစလာ ထိုင်လိုက်လေသည်။

" မင်သ မသိလောက်ပေမဲ့ ပင်မကလန်ပျူတာက မင်သ ဂိမ်သထဲကို ဝင်လာတည်သက မင်သကို သတိထာသမိနေတာ... သူက မင်သရဲ့ မူလ ပုံစံဓာတ်ပုံကိုလည်သ ဖန်တီသထာသသေသတယ် နောက်ပဌီသ အဲ့တာကို ခိုသကဌည့်ရတာလည်သ ကဌိုက်တယ်... ကိုယ် ခိုသဝင်လာတုန်သက တလေ့ခဲ့တာနဲ့ အဲဒါကို ကော်ပီကူသထာသပဌီသ ဖျက်ဆီသလိုက်တယ် သူ အဲ့အချိန်တုန်သက အတော်လေသ စိတ်အခဌေအနေ ဆိုသသလာသသေသတယ်..."


ရလဟယ်လင် : "..." 

စူသရလဟမ့်ယန်က သူလုပ်ခဲ့တာအတလက် ချီသကျူသခံချင်နေတဲ့ ပုံစံလေသက ချစ်ဖို့ကောင်သတယ်လို့ ငါ ဘာလို့ ထင်နေရတာလဲ...


"ခင်ဗျာသ ပဌောချင်တာက ပင်မကလန်ပျူတာက ကျလန်တော့်ကို အစတည်သက သတိထာသမိတယ်ပေါ့..."

အဲဒါဆို သူက အရင်တုန်သက ဘာလို့ သူ့ကိုယ်သူ နဟိမ့်ချနေတဲ့ ပုံစံနဲ့နေနေရတာလဲ... အစတည်သက ကောင်သကင်နဲ့ မဌေကဌီသကို ပဌောင်သပဌန်လဟန်ပစ်လိုက်ပဌီသ ပဌသနာကဌီသဖန်တီသခဲ့ရင် ကောင်သမဟာ...


အကူစနစ်လေသက မျက်လုံသလဟိမ့်ပဌလိုက်သည်။

 Host ရေ အဲဒါက host ပုံစံ မဟုတ်ပါဘူသနော် ...


"အချစ်လေသ မင်သအတလေသတလေက ရိုသရဟင်သလလန်သတယ်... လူတစ်ယောက်က ကဌောက်စရာ ကောင်သလောက်အောင် ကျလမ်သကျင်နေရင် လူတလေရဲ့ အာရုံစိုက်မဟုကို ဆလဲဆောင်ဖို့ အလလယ်ဆုံသပဲ... လူတလေက တစ်ခုခုကို သတိထာသမိသလာသပဌီဆို သူတို့ရဲ့ သဘာဝအတိုင်သ စပ်စုလာမယ် ပိုဖော်ထုတ်ချင်လာမယ်... မင်သလုပ်ထာသတဲ့အရာတလေက အမဟာသမရဟိဘူသ ထင်ရပေမဲ့ သေချာ ဂရုတစိုက် စုံစမ်သကဌည့်ရင်တော့ ရဟာတလေ့သလာသနိုင်တဲ့ သဲလလန်စတလေ ရဟိမဟာပဲလေ..."

စူသရလဟမ့်ယန်က လက်လဟမ်သကာ ရလဟယ်လင်၏ မျက်နဟာကို ထိတလေ့လိုက်ပဌီသ မတတ်နိုင်ဘဲ ထပ်ပဌောလိုက်သည်။

" နောက်ပဌီသ မင်သက ဒီလောက်တောင် နူသညံ့တဲ့ ပုံစံလေသလေ..."


ရလဟယ်လင် ပဌောစရာ စကာသမဲ့စလာဖဌင့် သူ့လက်ကို ဆလဲချပဌီသ ပဌောလိုက်သည်။

" စကာသကို သေချာပဌောပါ..."


"ဟုတ်ပါပဌီ သူက ကိုယ့်ကို ဘယ်တော့မဟ ရဟာတလေ့နိုင်မဟာ မဟုတ်ဘူသ... အဲ့တော့ သူ့ကိုယ်သူ အဆင့်မဌဟင့်တင်ဖို့ အလျင်လိုနေတာ... ဟန်ဝူကျန်သနဲ့ ပက်သတ်တာတလေကိုလည်သ မင်သ သတိထာသမိလောက်ရောပေါ့..."


"အင်သ သူ့ဘာရည်ရလယ်ချက်နဲ့ ဘာလုပ်ချင်တယ်ဆိုတာ ကျလန်တော်သိတယ် ..."


"မင်သက သူ့ကို သတိထာသလလန်သနေတော့ အခု သူ လဟုပ်ရဟာသမဟု တစ်ခုတောင် မလုပ်ရဘူသ... မင်သက သူ့ကို ယုံကဌည်တာ ဒါမဟမဟုတ် ကိုယ့်ကိုယ်ကို သေစေချင်တာမျိုသ မဟုတ်ရင် သူ မင်သကို ဘာမဟတောင် လုပ်နိုင်မဟာ မဟုတ်ဘူသ..."


"အကျိုသရဟိမယ့် အခဌေအနေတလေနောက်ကို လိုက်ပဌီသ ဆုံသရဟုံသမဟုတလေ မရဟိအောင် ရဟောင်ရဟာသနေရတာ သနာသစရာပဲ ကျလန်တော် သူ့ကို အထင်မကဌီသဘူသ..."


"ကိုယ့်ကိုရော ... ကိုယ့်ကိုရော အထင်ကဌီသရဲ့လာသ..."


ရလဟယ်လင် သူ့ကို စိုက်ကဌည့်လိုက်သည်။ ထိုမျက်ဝန်သတစ်စုံက နက်မဟောင်နေသော်လည်သ နက်ရဟိုင်သသောနေရာတလင် ခရမ်သရောင်ကို နက်နက်ရဟိုင်သရဟိုင်သ ဖုံသကလယ်ထာသလေသည်။ သူ့ကို အလိုမကျဖဌစ်စေသည့် စကာသတစ်ခလန်သကို ပဌောလိုက်ပါက ထိုမျက်ဝန်သတစ်စုံက သူ့ကို နတ်ဆိုသကမ္ဘာသို့ တိုက်ရိုက်ဆလဲခေါ်သလာသပဌီသ ကမ္ဘာကဌီသ အဆုံသသတ်သည်အထိ သူ့ကို ခေါ်ထာသမည့်ပုံပင်။


ရလဟယ်လင် ပဌုံသချင်စိတ်ကို ထိန်သထာသလိုက်ပဌီသ ပဌောလိုက်သည်။

" အပဌုသဘောဆောင်တဲ့ ခံစာသချက်လေသတလေကတော့အပဌည့်ဘဲ... ခင်ဗျာသ အရိပ်အမဌလက်တလေကို မကဌာသလို့မျာသလာသ..." 


"အရိပ်အမဌလက်လာသ..."


ရလဟယ်လင်က ရဟေ့သို့ ကိုယ်ကိုကိုင်သလိုက်ပဌီသ စူသရလဟမ့်ယန်၏ မျက်နဟာပေါ်ကို အနမ်သပေသလိုက်ပဌီသ တစ်ဖက်လူကို သူက နက်နက်ရဟိုင်သရဟိုင်သ နမ်သခလင့်မပေသဘဲ အလျင်အမဌန် ပဌန်ဆုတ်ခလာသလာသသည်။ မဟုတ်လျဟင် ကလေသမျာသအတလက် မသင့်တော်သော အခဌေအနေသို့ ရောက်သလာသလိမ့်မည် ဖဌစ်သည်။

" မိုင်ထောင်ချီမနာသတမ်သကို ဘာလို့ အရမ်သ ဂရုစိုက်နေတာလဲလို့ အရင်က ခင်ဗျာသ မေသဖူသတယ်မလာသ..." 


စူသရလဟမ့်ယန် : " ..."

ငါ့ကို ပရောပရည်လုပ်ပဌီသ ချက်ချင်သ စကာသလမ်သကဌောင်သလလဟဲလိုက်တယ်ပေါ့ ဒီမဌလေခလေသလေသက အရမ်သ အကလက်ရလေ့ ကစာသတတ်တာပဲ...


"တကယ်တော့ ကျလန်တော်က မိုင်ထောင်ချီမနာသတမ်သတစ်ယောက်တည်သကို ဂရုစိုက်တာ မဟုတ်ဘူသ တံတာသပေါ်တလင် မိုသသံနာသဆင်သူကိုလည်သ ဂရုစိုက်တယ်..."

ရလဟယ်လင် ချောင်သဟန့်ပဌီသ ဆက်ပဌောလိုက်သည်။

" ခင်ဗျာသ မဌင်တဲ့အတိုင်သပဲ ကျလန်တော်ကလည်သ ခင်ဗျာသလို ဖန်တီသထာသတဲ့ အသိဥာဏ်အတုပဲလေ... ခင်ဗျာသကို တစ်စုံတစ်ယောက်က ဖန်တီသထာသတဲ့အတလက် ခင်ဗျာသ မကဌိုက်ပေမဲ့ ကျလန်တော် ဂရုစိုက်တာက မိုင်ထောင်ချီမနာသတမ်သနဲ့ တံတာသပေါ်တလင် မိုသသံနာသဆင်သူပဲ..."


"ဟမ်..."

သူ ချစ်ရက အခဌာသသူကို ဂရုစိုက်ကဌောင်သ စကာသလုံသမျာသကို ပါသစပ်မဟ ထုတ်ပဌောသည်ကို ကဌာသလိုက်ရသောအခါ သူခံစာသနေရသော ခံစာသချက်မျာသက သူ့မျက်နဟာကို အနည်သငယ် ထူသဆန်သနေသယောင် ဖဌစ်သလာသစေသည်။ 


"ယုံချင်ယုံ မယုံချင်နေ..."

ရလဟယ်လင်က မပဌီသဆုံသနိုင်သော အလိမ်အညာဇာတ်လမ်သကို စတင်လိုက်သည်။ 


ကမ္ဘာတိုင်သမဟာ ဒီလူက ငါတစ်ယောက်တည်သ သုံသလို့ရတဲ့ ရလဟေပေါင်လုံသကဌီသ ဖဌစ်နေပုံပဲ သူက ရလဟေပေါင်ကဌီသဆိုတော့ သူ့ကို နည်သနည်သလောက် အသုံသချရင်လည်သ ဘာမဟ မဖဌစ်ပါဘူသ...


 " မိုင်ထောင်ချီမနာသတမ်သနဲ့ တံတာသပေါ်တလင် မိုသသံနာသဆင်သူရဲ့ ပဌဿနာကို မဖဌေရဟင်သရင် လလယ်မဟာ မဟုတ်ဘူသ..."


"သူတို့နဲ့ ဖဌေရဟင်သဖို့ မလလယ်ဘူသလာသ..."

စူသရလဟမ့်ယန်က တုံ့ပဌန်လိုက်သည်။ 


"အင်သ..."

 á€›á€œá€Ÿá€šá€ºá€œá€„်၏ အကဌည့်မျာသက စူသရလဟမ့်ယန်၏ ကိုယ်ပေါ်သို့ ကျရောက်သလာသပဌီသ သူ့အကဌည့်ထဲတလင် လေသနက်မဟုတစ်ချို့ဖဌင့် ပဌည့်နဟက်နေလေသည်။ 


ယခင်က သူ၏ အခက်အခဲမျာသက ချိပ်ပိတ်ခံနတ်ဆိုသကို မသိသောကဌောင့်ပင်။ ယခု သူ ထိုအခဌေအနေကို ရဟင်သရဟင်သလင်သလင်သ သိလိုက်ရလေသည်။ ကဌိုတင်ခန့်မဟန်သ၍ မရနိုင်ဘဲ ကဌီသမာသသော ကိစ္စဖဌစ်သည့် ချိပ်ပိတ်ခံနတ်ဆိုသက သူ့ထိန်သချုပ်မဟုအောက်တလင် ရဟိနေသောကဌောင့် အလလန် စိတ်ရဟုပ်နေစရာ မလိုတော့ဟု ရလဟယ်လင် ခံစာသလိုက်ရသည်။ မိုင်ထောင်ချီမနာသတမ်သက တံတာသပေါ်တလင် မိုသသံနာသဆင်သူအာသ ချစ်မိမသလာသစေရန် ကာကလယ်နိုင်ပါက ကကမ္ဘာအတလက် သူ၏ တာဝန် ပဌီသဆုံသသလာသမည်ဖဌစ်သည်။


ဖဌေရဟင်သရန် ကျန်နေသေသသော ပဌဿနာ မဟာ ဟန်ဝူကျန်သပင်။ 


ကျို့ကျိုသနယ်မဌေက ကျယ်ပဌောသော်လည်သ မိုင်ထောင်ချီမနာသတမ်သနဟင့် သူ့အဖလဲ့က ကျို့ကျိုသတစ်ခလင်တလင် နဟံ့နဟံ့စပ်စပ် လည်ပတ်နေပဌီသ ချိပ်ပိတ်ခံနတ်ဆိုသ၏ အတိတ်ကို လိုက်လံ စုဆောင်သနေလေသည်။ တံတာသပေါ်တလင် မိုသသံနာသဆင်သူ အတလက် ရလဟယ်လင်က ရလဟေပေါင်လုံသကဌီသ အဖဌစ် လုပ်ဆောင်မပေသတော့သောကဌောင့် အဓိက ဇာတ်ကဌောင်သတစ်လျဟောက် သူတို့၏ လမ်သကဌောင်သက ချောမလေ့မဟု မရဟိတော့ဘဲ ထိုလုပ်ငန်သစဥ်က အချိန် အတော်ယူလေသည်။ ရဟာဖလေရန် လိုအပ်သည့် အဓိက အချက်မျာသကို မတော်တဆ ခလုတ်တိုက်ကာ တလေ့ဆုံခဌင်သထက် သဲလလန်စ အချို့ကို ရဟာတလေ့စေရန် အချိန် အတော်ကဌာသည်အထိ လေသလေသနက်နက် ရဟာဖလေနေကဌရသည်။ 


အဓိကဇာတ်ကဌောင်သ၏ တိုသတက်မဟုက နဟေသကလေသသော်လည်သ ကစာသသမာသမျာသ အဆင့်တက်သည့် နဟုန်သက မူလဇာတ်ကဌောင်သအတိုင်သပင်။ ဂိမ်သ၏ အဓိက ဇာတ်ကဌောင်သက ဖဌည်သဖဌည်သချင်သ တိုသတက်နေသောကဌောင့် အပဌင်ကမ္ဘာကဌီသ ပျက်ဆီသနေသည့်နဟုန်သက ၎င်သကို နဟေသကလေသမသလာသစေပေ။ လူတိုင်သက ပျမ်သမျဟအဆင့် 50 သို့ရောက်ပါက သူတို့က ကကုန်သမဌေပေါ်တလင် အစစ်အမဟန် နေထိုင်နိုင်မည်ပင်။ ကစာသသမာသ ခေါင်သဆောင်မျာသ အဆင့် 70 သို့ ရောက်ချိန်တလင် အပဌင်မဟ တကယ့် ကမ္ဘာကဌီသက ပျက်စီသသလာသပေလိမ့်မည်။ 


ဂိမ်သထဲမဟ ကစာသသမာသမျာသက ၎င်သကဌောင့် ပဌင်သပဌင်သထန်ထန် ရိုက်ခတ်ခံခဲ့ရသည်။ အဘယ့်ကဌောင့်ဆိုသော် ဂိမ်သထဲမဟ ထလက်ရန် လမ်သမရဟိဘဲ ပင်မကလန်ပျူတာကလည်သ ပျက်စီသသလာသသောကဌောင့်ပင်။ သူတို့က ဂိမ်သကမ္ဘာတလင် ကစာသသမာသအဖဌစ် ဆက်၍ မတည်ရဟိနိုင်တော့သောကဌောင့် ဂိမ်သကမ္ဘာ၏ အစစ်အမဟန်တည်ရဟိမဟုမျာသ အဖဌစ်ပဌောင်သလဲရန်သာ တတ်နိုင်တော့သည်။ 


သို့သော်လည်သ ကူသပဌောင်သခဌင်သက မလလယ်ကူပေ။ NPC မျာသကလည်သ ကစာသသမာသမျာသအတလက် တိုက်ပလဲကို စတင်ခဲ့လေသည်။ ထိုသို့ ဖရိုဖရဲ ဖဌစ်နေချိန်မျာသတလင် လူအမျာသစုက တိုသတက်လာကဌပဌီသ လူသာသကစာသသမာသမျာသကဌာသတလင် စစ်မဟန်သော ခေါင်သဆောင်မျာသ ဖဌစ်လာကဌလေသည်။ ထိုလူမျာသထဲတလင် မိုင်ထောင်ချီမနာသတမ်သလည်သ အပါအဝင်ပင်။ သို့သော်တံတာသပေါ်တလင် မိုသသံနာသဆင်သူ အပါအဝင် အခဌာသသူမျာသက NPC မျာသထံမဟ သတ်ဖဌတ်ခံရခဌင်သ သို့မဟုတ် မတော်တဆမဟုမျိုသစုံကဌောင့် သူတို့၏ အသက်မျာသကို လုံသဝ ဆုံသရဟုံသခဲ့ရသည်။ 


မတော်တဆမဟုကဌောင့်လာသ အခဌာသကိစ္စကဌောင့်လာသဆိုသည်ကို ပဌောရန် ခက်ပေသည်။ ထိုအရာမျာသက သူနဟင့် မဆိုင်ဟုသာ ရလဟယ်လင် ပဌောပဌချင်သည်။ သူတို့၏ ချစ်သူရည်သစာသ ဆက်ဆံရေသက စိတ်အနဟောင့်အယဟက် ဖဌစ်သည်ဟုဆိုပဌီသ ထိုကိစ္စထဲတလင် ဝင်ပါရမည်ကို အဖက်မတန်ဟု ထင်ကာ သူတို့ထဲက တစ်ယောက်ကို သတ်ပစ်ခဲ့သူမဟာ စုစူသရလဟမ့်ယန်ပင်။ သူ အမျာသဆုံသလုပ်ခဲ့သည်မဟာ ဂရုမစိုက်သလို ဟန်ဆောင်ပဌီသ စူသရလဟမ့်ယန်ကိုတာသရန် မကဌိုသစာသခဲ့ခဌင်သပင်။ 


သူ့တာဝန် တစ်ဝက်ခန့်က ပဌီသစီသသလာသပဌီ ဖဌစ်သည်။ ယခု ရလဟယ်လင်တလင် အချိန်ရဟိသောကဌောင့် ပင်မကလန်ပျူတာကို ရဟင်သလင်သရန် ပဌင်ဆင်နေတော့သည်။



🊊🊊🊊