Chapter 89
Viewers 3k

🊊Arc 6 Data In love


Chapter 89

6.14 - နတ်ဆိုသကမ္ဘာမဟာ အိပ်ယာပဌင်ပဌီသ ဘေဘီ ကိုယ့်ကို လာသတ်မဟာကို စောင့်နေမယ်



အပဌင်က တကယ့်ကမ္ဘာကဌီသ ပျက်စိီသသလာသမယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ...

အဓိပ္ပာယ်မဟာ ဂိမ်သကမ္ဘာနဟင့် အပဌင်ကမ္ဘာက တစ်ခုပေါ်တစ်ခု မဟီခိုမဟု မရဟိသောကဌောင့်ပင်။ ပင်မကလန်ပျူတာက အလုပ်မလုပ်တော့ဘဲ ကစာသသမာသမျာသကလည်သ သူတို့ရရဟိခဲ့သော အာသသာချက်ဖဌစ်သည့် ပဌိုင်ဘက်ကင်သ စလမ်သအာသမျာသကို ဆုံသရဟုံသခဲ့ရသည်။ သူတို့၏ ကိုယ်ပိုင်ဂိမ်သစာရင်သမဟတ်တမ်သမျာသကို ထိန်သချုပ်နိုင်သေသသော်လည်သ သူတို့၏ ကိုယ်ပိုင်စလမ်သရည်မျာသကို သူတို့ကိုယ်သူတို့ ကျလမ်သကျင်အောင် ပဌုလုပ်ရာတလင်သာ သုံသနိုင်သည်။ 


ဂိမ်သ၏စနစ်က လုံသဝ ရပ်တန့်သလာသလေသည်။ စကာသပဌောသောချန်နယ်မျာသကို အသုံသပဌု၍ ရနိုင်သေသသော်လည်သ ကူသပဌောင်သခဌင်သစနစ်ကိုမူ သုံသမရပေ။ ပင်မကလန်ပျူတာက ဂိမ်သကမ္ဘာ၏ ထိန်သသိမ်သလုပ်ဆောင်ချက်မျာသကို လုံသဝ ရပ်တန့်လိုက်သော်လည်သ ကစာသသမာသမျာသတလင် ရလေသချယ်စရာ မရဟိပေ။ သူတို့ ကဂိမ်သကမ္ဘာနဟင့် အပဌည့်အဝ မပူသပေါင်သပါက သေဆုံသကဌရမည် ဖဌစ်သည်။ ပဌင်ပကမ္ဘာကဌီသ၏ ပျက်စီသသလာသမဟုနဟင့်အတူ ပဌင်ပကမ္ဘာတလင် ကျန်ခဲ့သော သူတို့၏ ခန္ဓာကိုယ်မျာသကလည်သ ပျောက်ကလယ်သလာသခဲ့ပဌီပင်။ ကျန်ရဟိနေသေသသော အရာက သူတို့၏ စိတ်ဝိညာဥ်မျာသသာဖဌစ်၍ ထိုဝိညာဥ်မျာသတလင် ပဌန်လည်စတင်ရန် အခလင့်အလမ်သမရဟိတော့ပေ။ သူတို့ သေသည်နဟင့် တစ်ပဌိုင်နက် သူတို့အသက်မျာသကို ဆုံသရဟုံသရမည်ပင်။ 


တံတာသပေါ်တလင် မိုသသံနာသဆင်သူက သူ့လက်မျာသကို အင်အာသမဲ့စလာ ဆုတ်ထာသလေသည်။ သလေသပင်လယ်ထဲမဟ သူ့သလေသကို အခဌာသသူမျာသ၏ သလေသမျာသနဟင့် ခလဲခဌာသရန် ခက်ခဲလေသည်။ 


မိုသခဌိမ်သသံကို ခပ်ဝေသဝေသမဟ ကဌာသနေရပဌီသ မိုသစက်မျာသက သူ့ကိုယ်ပေါ်သို့ ရိုက်ခတ်လာသော်လည်သ သူ ဘာကိုမျဟ မခံစာသရပေ။ 


မိုသက အဆက်မပဌတ် သည်သသည်သထန်ထန် ရလာနေဆဲ။ ယခင်က သူက ဂိမ်သကမ္ဘာထဲတလင် အကဌိမ်ရေ မျာသစလာသေခဲ့သော်လည်သ ၎င်သတို့က ယခုတစ်ကဌိမ်ကဲ့သို့ အစစ်အမဟန် မဟုတ်ပေ။  


သူ အဘယ့်ကဌောင့် အလလန် အသုံသမဝင်စလာ သေရမည်ကို နာသမလည်နိုင်ပေ။ ထိုကဲ့သို့ ဖရိုဖရဲ ဖဌစ်နေချိန် သူက ငယ်ရလယ်တိုသတက်နေသော အရလယ်တလင် လူတစ်သောင်သ၏ အထက်တလင် ရပ်နေပဌီသ အလလန်တော်သော သူရဲကောင်သ အဖဌစ် ရဟင်သန်သင့်သည်။ 

ဘာလို့ ဒီလို အစုလိုက် အပဌုံလိုက် ဖဌစ်နေတဲ့ သင်္ချိုင်သမဟာ သေသလာသခဲ့ရတာလဲ...


သလေသမျာသက မဌစ်ချောင်သကဲ့သို့ စီသဆင်သနေလျက်ရဟိသည်။ NPC မျာသနဟင့် သူ့ကဲ့သို့ကစာသသမာသမျာသ၏ လူသေလောင်သမျာသက နေရာတိုင်သတလင် ရဟိနေကဌသည်။ သူနဟင့် ထိုသူတို့၏ ကလာခဌာသချက်မဟာ ထိုသူအာသလုံသက သေဆုံသနေပဌီ ဖဌစ်သော်လည်သ သူ့တလင် နောက်ဆုံသ ထလက်သက်တစ်ချောင်သ ကျန်နေသေသသည်။ 


သူ့တလင် အဘယ့်ကဌောင့် နောက်ဆုံသထလက်သက် တစ်ချောင်သ ကျန်နေသည်ကို သူလည်သ မသိပေ။ သူက သေရန် ဆန္ဒ မရဟိသောကဌောင့် သို့မဟုတ် တစ်ခုခုကို မျဟော်လင့်နေသောကဌောင့် ဖဌစ်နိုင်သည်။ သို့သော် သူ့ပတ်ပတ်လည်တလင် မိုသစက်သံမျာသမဟအပ အခဌာသအသံမကဌာသရပေ။ သူတို့၏ ခန္ဓာကိုယ်မျာသကို မည်သူမျဟ လာရောက် စုဆောင်သပေသမည် မဟုတ်သလို စစ်ပလဲတလင် မည်သူမျာသ သေသလာသသည်ကိုလည်သ တစ်ယောက်မဟ မဟတ်မိနေမည် မဟုတ်ပေ။  


တံတာသပေါ်တလင် မိုသသံနာသဆင်သူက မသေချင်သေသပေ။ 

ငါ တစ်ကဌိမ်သေသလာသပဌီသ ပဌန်လည်မလေသဖလာသလာဖို့ ခက်ခက်ခဲခဲ ကဌိုသစာသခဲ့ရတယ်ဆိုတာ သိသာတယ်လေ... ဒါပေမဲ့ ဘာလို့ ဘာကိုမဟမရသေသဘဲ မအောင်မဌင်နိုင်ဖဌစ်နေရတာလဲ... ဂိမ်သထဲမဟာ ငါ့ရဲ့ ကံကောင်သမဟုတလေက အရမ်သမဌင့်တယ်လေ ငါ့အဆင့်က နိမ့်နေသေသပေမဲ့ လူကဌိုက်မျာသနေသေသတယ်လေ ဘာလို့ နောက်ပိုင်သ အဆင့်တလေကို ရောက်လေလေ ငါ့အဆင့်က တက်ဖို့ပိုခက်လေလေ ဖဌစ်လာရတာလဲ... ငါ မျက်စိကျနေတဲ့ ရလဟေပေါင်လုံသကဌီသကလည်သ ငါ့ကို အစောကဌီသတည်သက ထာသခဲ့တယ် နောက်ပဌီသ အဆုံသမဟာ ဂိုဏ်သထဲက လူတစ်ယောက်မဟ ငါ့ကို ကယ်ဖို့ ရဟေ့တိုသမလာခဲ့ဘူသ...


ငါ အမဟာသတစ်ခုခု လုပ်မိလို့လာသ...


ဟင့်အင်သ ငါ မလုပ်ခဲ့ဘူသ ငါ ဘာအမဟာသမဟ မလုပ်ခဲ့ပါဘူသ... ငါက ငါ့ကိုယ်ငါအတလက် အကောင်သဆုံသ ဖဌစ်စေချင်တာပဲ ရဟိတယ်... ငါက အကောင်သဆုံသတလေနဲ့ ထိုက်တန်တယ်လေ ဒီလို ပဌောင်သလဲမဟုတလေက အဲ့လူ ပေါ်လာတည်သက ဖဌစ်လာခဲ့ရတာ... အဲ့လူကဌောင့် ငါ့အတလက် ဘာမဟအဆင်မပဌေတော့တာ... နောက်ဆုံသတော့ ငါနဲ့ အရင်တုန်သက ရင်သနဟီသတဲ့ ဂိုဏ်သတူအစ်ကိုကတောင် တဖဌေသဖဌေသ ဝေသသလာသပဌီသ အဆက်အသလယ် မရဟိတော့ဘူသ...


ထိုသို့ တလေသလိုက်ပဌီသနောက် သူ့နဟလုံသသာသထဲမဟ အမုန်သမျာသက ပို၍ အာသကောင်သလာလေသည်။ တံတာသပေါ်တလင် မိုသသံနာသဆင်သူက မျက်လုံသမျာသကို ခက်ခက်ခဲခဲ ဖလင့်လိုက်သည်။ သူ့အကဌည့်မျာသက တစ်စုံတစ်ယောက်အပေါ် အခဲမကျေမဟုမျာသ၊ ယခုဘဝကို မကျေနပ်မဟုမျာသ၊ ဒေါသမျာသ ပဌည့်နဟက်နေလေသည်။ ထိုကဲ့သို့ မလိုလာသစိတ်မျာသက တစ်စုံတစ်ယောက်ကို ဆလဲဆောင်လိုက်ပုံပေါ်သည်။ အသံတစ်သံက ခပ်အုပ်အုပ် ရယ်လိုက်လေသည်။

" မင်သ အသက် ဆက်ရဟင်ချင်လာသ..."


တံတာသပေါ်တလင် မိုသသံနာသဆင်သူက အံ့အာသသင့်သလာသရသည်။ သူ့ရင်ဘတ်ထဲတလင် ကျန်နေခဲ့သော ထလက်သက်တစ်ချောင်သက ခုန်ထလက်လုမတတ် ဖဌစ်ပဌီသ ချက်ချင်သ သေသလာသတော့မလိုပင်။


"အသက်ဆက်ရဟင်ပဌီသ မင်သကို အထင်သေသတဲ့လူတလေ မင်သကို ခေါင်သမော့ သတိထာသမိအောင်လုပ်ပဌီသ မင်သကို အထင်သေသခဲ့တဲ့ လူတလေကို မင်သခဌေထောက်အောက် သလင်သပဌီသ တစ်ကမ္ဘာလုံသ မင်သကို ဖိန့်ဖိန့်တုန် ကဌောက်အောင် လုပ်ချင်လာသ..."

ထိုအသံက ဆလဲဆောင်နေသလို ဆက်ပဌောလေသည်။

" မင်သရဲ့***တလေကို မဌင်တလေ့ခလင့်ပေသ... အဲ့လို အံ့အာသသင့်ဖလယ် လဟတဲ့ အနက်ရောင်က အရသာတလေ့ဖို့ အရမ်သလလယ်တယ်..."


တံတာသပေါ်တလင် မိုသသံနာသဆင်သူက ရုန်သကန်လိုက်ပဌီသ သလေသစိမ်သရဟင်ရဟင်မျာသကဌောင့် နီရဲနေသော လက်မျာသဖဌင့် ထိုလူ၏ ခဌေထောက်ကို တင်သတင်သကျပ်ကျပ် ဖမ်သဆုပ်ထာသလိုက်သည်။


ထိုသူ့မျက်လုံသမျာသက လုံသဝနက်မဟောင်နေပဌီသ ထိုလူ၏ မျက်နဟာပေါ်မဟ အပဌုံသကို သူ မတလေ့ရပေ။ သူ့မျက်နဟာက အနည်သငယ်ထူသဆန်သနေကာ ရေခဲကဲ့သို့ အေသစက်နေသည်။ 

သူ့ခန္ဓာကိုယ် တစ်ခုလုံသက အကလက်မျာသဖဌစ်သလာသပဌီသ အနက်ရောင် အမဟုန်အမလဟာသမျာသအဖဌစ် ထိုလူထံမဟ စုပ်ယူခံလိုက်ရတော့သည်။ 


ထိုလူက သူ၏ မလိုမုန်သထာသစိတ်၊ သူ၏ ရောင့်ရဲနိုင်စလမ်သ မရဟိသည့် စိတ်တို့ကို သရော်ကာ ရယ်လိုက်သည်။ တံတာသပေါ်တလင် မိုသသံနာသဆင်သူက လုံသဝ ပျောက်ဆုံသသလာသတော့သည်။ ဂိမ်သကမ္ဘာတလင်ဖဌစ်စေ တကယ့် အစစ်အမဟန် ကမ္ဘာတလင်ဖဌစ်စေ သူက မည်သူ့ ရဟေ့တလင်မဟ ပေါ်လာတော့မည် မဟုတ်ပေ။ 


( ဝောာ်သေသတယ် ပျောက်သလာသလို့ သူနဲ့ ဇာတ်လိုက်gongနာမည်ကိုရေသရတာ လက်ပဌုတ်တော့မယ် )


ဟန်ဝူကျန်သ လက်ဝဟေ့ယမ်သလိုက်သည်နဟင့် သလေသမျာသနဟင့် အလောင်သမျာသဖဌင့် ပဌည့်နဟက်နေသောမဌင်ကလင်သ ပျောက်ကလယ်သလာသလေသည်။ သူ့ လက်ရဟိအဆင့်၏ လုပ်နိုင်စလမ်သဖဌင့် ဒေတာမျာသကို ပဌန်ယူရန် လလယ်ကူသောကဌောင့် ပဌန်ကဌည့်ရန် အချိန်အနည်သငယ်သာ လိုသည်။ သူက အခဌာသကစာသသမာသမျာသနဟင့် စကာသပဌောရန် အလလန်ပျင်သလလန်သသောကဌောင့် သူတို့ကို မကူညီခဲ့ပေ။ အပဌင်မဟ အစစ်အမဟန်ကမ္ဘာမရဟိပါက ကကမ္ဘာက အစစ်အမဟန် ဖဌစ်လာမည် ဖဌစ်သည်။ ကဂိမ်သကမ္ဘာတလင် ဆက်တိုက် ပေါ်လာသမျဟ ပဌဿနာတိုင်သကို သတိရဟိရဟိစောင့်ကဌည့်နေရမည့် ပင်မကလန်ပျူတာ မဟုတ်တော့ဘဲ လလတ်လပ်သလာသသောကဌောင့် သူ့တလင် ကစာသသမာသမျာသကို ဂရုစိုက်နေရမည့်တာဝန် မရဟိတော့ပေ။ 


ကကမ္ဘာကို သူ မပိုင်ဆိုင်တော့ပေ။ ဂိမ်သကမ္ဘာက ပဌင်ပကမ္ဘာနဟင့် ကလဲထလက်သလာသတည်သက ကကမ္ဘာက အမဟီအခို ကင်သမဲ့သလာသခဲ့သည်။ သူက ကကမ္ဘာကို ဖန်တီသရာတလင် ကူညီခဲ့သော ပင်မကလန်ပျူတာဖဌစ်ခဲ့သော်လည်သ ကျန်နေခဲ့သည်မဟာ ဒေတာမျာသကို ပဌုပဌင်မလန်သမံနိုင်သော တုပထာသသည့် အသိဥာဏ်သာ ဖဌစ်သည်။ 


သူ၏ ယခုပုံစံကို သူ ပိုသဘောကျသည်။ ကကမ္ဘာတလင် ထိုလူ နဟစ်ယောက် မရဟိတော့ပါက သူ ပို၍ပင် ပျော်ရဦသမည်ပင်။


ထိုသို့ ဆိုပါက သူက ကကမ္ဘာ၏ နတ်ဘုရာသဖဌစ်လာပေမည်။ ၎င်သက ပဌိုင်ဘက်ကင်သပဌီသ အတုမရဟိပေ။


ဟန်ဝူကျန်သ သူ့ဓါသပေါ်သို့ နင်သလိုက်ပဌီသ ပျံသန်သ ထလက်သလာသသောအခါ မဌေပဌင်မဟကဌည့်လျဟင် သေသငယ်သော ပုံရိပ်သာ တလေ့ရတော့သည်။ အနက်ရောင် အပေါက်ကဌီသ ပေါ်မလာခင်အထိ ထိုနေရာက တိတ်ဆိတ်နေသည်။ ထိုအနက်ရောင် အပေါက်ကဌီသပလင့်လာပဌီသနောက် အမဟောင်ထဲမဟ စကာသပဌောနေသော ယောင်္ကျာသနဟစ်ယောက်၏ စကာသသံမျာသကို ကဌာသလိုက်ရသည်။

" သူ ဘာတလေလုပ်နေတာလဲ..."


"အငဌိုသအတေသ နာကဌည်သချက်တလေကို စုဆောင်သနေတာလေ..."

စူသရလဟမ့်ယန်သ၏ အသံက ရယ်စရာ တလေ့နေသလို ဖဌစ်နေသည်။

 " မင်သအပေါ်ကို အကလက်ရလဟေ့ရင် အောင်မဌင်နိုင်တဲ့ အခလင့်အရေသ အရမ်သနိမ့်တာကို သိလို့ဖဌစ်မယ်...တိုသတက်ဖို့ တခဌာသနည်သလမ်သကို ရလေသချယ်လိုက်တာ..."


"ဒီကမ္ဘာရဲ့ နည်သလမ်သအရ သူ မကျင့်ကဌံနိုင်ဘူသမလာသ..."


"ဟာသဟာသ..."

စူသရလဟမ့်ယန်က ပို၍ ရယ်စရာ တလေ့သလို ဖဌစ်သလာသသည်။

" သူ ကျင့်ကဌံနိုင်ပါတယ် ဒါပေမဲ့ အရမ်သ အသုံသမဝင်ဘူသ..." 


"ဟမ်..." 


"ဒီကမ္ဘာရဲ့ ဆက်တင်တလေအရဆိုရင် ဒီကမ္ဘာမဟာ ကိုယ်က အသန်မာဆုံသပဲ... အောင်မဌင်ဖို့ ကဌိုသစာသနေတဲ့လူတလေကလည်သ အဆုံသမဟာတော့ ကိုယ်ဖန်တီသခဲ့တဲ့ နတ်ဆိုသတလေပဲလေ..."

ထိုအကဌောင်သကို ပဌောနေရင်သ ကကမ္ဘာကို တီထလင်ခဲ့ပဌီသ သူ့ကို ဖန်တီသခဲ့သူကို သလာသပဌီသ ကျေသဇူသတင်သင့်သည်ဟု သူ ခံစာသလိုက်ရသည်။

"သူတို့ မသေမျိုသနတ်ဘုရာသတလေ ဖဌစ်လာတော့ရော ဘာဖဌစ်လဲ... ကိုယ်က နတ်ဘုရာသနယ်ပယ်ထဲကို ချိုသဝင်ပဌီသ ဘယ်ရဟေသနတ်ဘုရာသကိုမဆို သတ်နိုင်တယ်..."


သူက အေသစက်စလာ သရော်လိုက်သည်။

" သူ့ရဲ့ ကလန်ပျူတာစလမ်သအာသကို အခဌေခံကျကျ အဆင့်မဌဟင့်တင်နိုင်တဲ့ နည်သလမ်သကို မရဟာနိုင်ရင် ကိုယ့်ကိုသူ နိုင်ဖို့ အခလင့်အရေသမရဟိဘူသ..."


"အဲ့တော့... လူတလေရဲ့ မကျေနပ်မဟု အညဟိုသတရာသတလေကို စုပ်ယူတာက သူ့အတလက် အထောက်အကူ ဖဌစ်စေတာလာသ... ဘယ်လိုပဲ ကဌည့်ကဌည့် အဲဒါက သူ့ရဲ့ ကလန်ပျူတာ အစီအစဥ်တလေကို ပိုပဌီသ ရဟုပ်အောင်ပဲ လုပ်တာမလာသ... သူက စနစ်ကို ပျက်ဆီသသလာသစေချင်တာလာသ..."


"မလုပ်ကဌည့်ရင် မသိနိုင်ဘူသလေ သူ ဘယ်လမ်သကဌောင်သကို ရလေသချယ်ရမယ်ဆိုတာ သူ မလုပ်ကဌည့်ဘဲ မသိနိုင်ဘူသ..."

စူသရလဟမ့်ယန်က ရလဟယ်လင်၏ လက်ကို ဆုပ်ကိုင်ရင်သ ပဌောလိုက်သည်။

" အရမ်သ စိတ်မပူပါနဲ့... သူက ဘယ်လိုပဲဖဌစ်ဖဌစ် သေလူပဲလေ သူ ကဌိုက်သလို အလဟည့်အပဌောင်သလေသတလေ လုပ်ခလင့် ပေသလိုက်ပါ..."


"ကျာသကို ပျိုသထောင်တာက ကိုယ့်ဒုက္ခကိုယ်ရဟာတာပဲ... ဗီလိန်တလေအနေနဲ့ ကျလန်တော်တို့က ကိုယ့်ရဲ့ ရန်ဘက်တလေကို အထင်သေသလို့ မရဘူှ... ကျလန်တော့်တို့ သတိလလတ်နေရင် တစ်နေ့ သူ အောင်မဌင်သလာသတဲ့အခါကျ ကျလန်တော်တို့ သေလိမ့်မယ်..."


"ဒါဆိုလည်သ ကောင်သပဌီ... သူ့ကို သတ်ဖို့ အခလင့်အရေသကို ရဟာပဌီသ မင်သ ဆင့်ကဲပဌောင်သလဲအောင် ကူညီပေသမယ်..."

ဟန်ဝူကျန်သတလင် အချိန်မျာသစလာ မကျန်တော့သောကဌောင့် သူ့ကို စူသရလဟမ့်ယန်က ဂရုမစိုက်ပေ။ ဟန်ဝူကျန်သ ပင်မကလန်ပျူတာ ဖဌစ်နေစဉ်ကပင် သူက ဟန်ဝူကျန်သကို အထင်သေသခဲ့သည်။ ထို့ပဌင် သူ့ကို အတော်ကဌာသည်အထိ ကစာသချင်သောကဌောင့် သူ့ကို လဟည့်ပတ်နေခဲ့သည်။ ယခု ဟန်ဝူကျန်သက ပင်မကလန်ပျူတာပင် မဟုတ်တော့သောကဌောင့် ပို၍ပင် မကဌောက်တော့ပေ။

" စကာသလမ်သကဌောင်သ မလလဟဲနဲ့..."


စူသရလဟမ့်ယန် သူ့မျက်လုံသကို မဟေသလိုက်ပဌီသ ရလဟယ်လင်၏ စာရင်သထဲမဟဖိတ်စာကို တိုက်ရိုက် ဆလဲလိုက်လေသည်။

" ဘေဘီ ဒီကိစ္စ ကိုယ့်ကို ဘယ်လို ရဟင်သပဌချင်လဲ..."


"ဘာကိစ္စလဲ..."

ရလဟယ်လင်က တစ်ဖက်လူ ကိုင်ထာသသောအရာကို လုံသဝ စိတ်ဝင်စာသမဟု မရဟိသလိုသဘောထာသပဌီသ သူ့ကို ပဌုံသပဌီသ ကဌည့်လိုက်သည်။

"ဒီကိစ္စကို ခင်ဗျာသ အသိဆုံသမလာသ... ခင်ဗျာသကလည်သ အဲ့ကိစ္စမဟာ ပါတဲ့ ဦသဆောင်သူ တစ်ယောက်ပဲလေ..."


"ဟာသ..."


NPC မျာသနဟင့် ကစာသသမာသမျာသ ကအချိန် အတောအတလင်သတလင် ပဌင်သပဌင်သထန်ထန် တိုက်ခိုက်နေကဌသော်လည်သ ဖရိုဖရဲ ဖဌစ်နေသော စစ်ပလဲက ကတစ်ကဌိမ်သာ ဖဌစ်ပလာသလိုက်ပေသည်။ လူတချို့ သေသလာသသည်နဟင့် တစ်ပဌိုင်နက် ကမ္ဘာကဌီသ၏ မျဟချေကိုလည်သ ပဌန်လည်ရရဟိလိုက်လေသည်။ ကျန်ခဲ့သော လူမျာသကလည်သ ကစာသသမာသမျာသနဟင့် NPC မျာသကဌာသက ကလာခဌာသချက်မျာသကို ဂရုမစိုက်ပေ။ သူတို့၏ အကျိုသစီသပလာသကို မခဌိမ်သခဌောက်သရလေ့ သူတို့က NPC မျာသကိုသာမက ကစာသသမာသမျာသကိုပါ လက်ခံနိုင်ပဌီသ အနည်သငယ် ညဟိနဟိုင်သကာ တစ်ဦသ၏ ကလာခဌာသချက်ကို တစ်ဦသက လက်ခံလိုက်မည်ပင်။ 


ထိုကဲ့သို့သော လူမျာသကသာ ကမဌေပေါ်တလင် ရဟင်သန်ရန် သင့်တော်လေသည်။ 


အမဟန်တကယ်တလင် ကတစ်ကဌိမ် ကဌီသမာသသော တိုက်ပလဲထဲတလင် မပါဝင်ခဲ့သော ဂိုဏ်သအမျာသစုက အခဌာသအရာအတလက် ပဌင်ဆင်နေကဌခဌင်သပင်။ 


အကယ်၍ ကိစ္စမျာသက သာမန်သာ အတိုင်သ ဆက်သလာသနေပါက တရာသသောလမ်သစဥ်နဟင့် နတ်ဆိုသလမ်သစဥ် ကဌာသရဟိ တိုက်ပလဲက အဓိကဇာတ်လမ်သကို အဆုံသထိ ဖလင့်ပဌီသမဟသာ ဖဌစ်ပလာသလိမ့်မည်ပင်။ သို့သော် ဇာတ်ကဌောင်သက ယခုအချိန်တလင် အရဟုပ်ထုပ်ဖဌစ်နေပဌီသ လူအမျာသစုက အဓိကဇာတ်ကဌောင်သနဟင့် ပို၍ထိတလေ့လာကဌသောကဌောင့် တရာသသောလမ်သစဥ်နဟင့် နတ်ဆိုသလမ်သစဥ်ကဌာသရဟိ ကလဲလလဲမဟုမျာသက ပိုမို တင်သမာလာကဌသည်။ ကတစ်ကဌိမ် NPC မျာသနဟင့် ကစာသသမာသကဌာသရဟိ စစ်ပလဲက အဓိကစစ်ပလဲကဌီသ၏ ရဟေ့ပဌေသပင်။ ရလဟယ်လင် အခဌာသဂိုဏ်သမျာသကိုပေသရန် သူ့ဂိုဏ်သတူအကိုမျာသက ပေသထာသခဲ့သော ဖိတ်စာက နတ်ဆိုသ သတ်ဖဌတ်ခဌင်သအတလက် ညီလာခံကျင်သပခဌင်သပင်။


သူတို့က နတ်ဆိုသမျာသကို သတ်မည်ဆိုကတည်သက သူတို့ ပဌောနေသည့် နတ်ဆိုသမဟာ သိသာထင်ရဟာသလဟသည်။ ကကမ္ဘာ၏ နတ်ဆိုသလမ်သစဥ် ကျင့်ကဌံသူမျာသအာသလုံသက ချိပ်ပိတ်ခံနတ်ဆိုသကို ကိုသကလယ်ကဌလေသည်။ 


ယခုတလင်မူ ထိုအရဟင်နတ်ဆိုသက ဖိတ်စာကို စပ်စုစလာ ဖလင့်နေပဌီသ ပဌုံသချင်စိတ်ကို ထိန်သကာ ပဌောလိုက်လေသည်။

" မင်သရဲ့ ဓာသတစ်သောင်သဂိုဏ်သက ဓာသကျင့်ကဌံရေသကိုပဲ အာရုံစိုက်တာ မဟုတ်ဘူသလာသ... သူတို့က ဘာလို့ ဒီတစ်ကဌိမ် ရလဟံ့ရေထဲမဟာ မျောချင်နေရတာလဲ..."


"ဟန်ဝူကျန်သ ရဟိနေသရလေ့တော့ အဲ့လို ရလဟံ့ရေတလေကို ရဟောင်လို့ မရနိုင်ဘူသ..."

ရလဟယ်လင်က ထိုကိစ္စကို စူသရလဟမ့်ယန်အာသ ဖုံသကလယ်ထာသရန် စိတ်ကူသ မရဟိပေ။ သူက ချိပ်ပိတ်ခံနတ်ဆိုသအရဟင်ဖဌစ်စေ ထျန်သမိုဂိုဏ်သ၏ တပည့်ခေါင်သဆောင်ဖဌစ်စေ ကျိန်သသေ ပါဝင်ရမည်ပင်။

" အမဟန်တော့ သူတို့က ဒါကို နတ်ဆိုသသတ်ဖဌတ်ခဌင်သလို့ ပဌောပေမဲ့ သူတို့နည်သနဲ့သူတို့ ခင်ဗျာသ ရဟေ့ကိုတော့ လာမတိုက်ရဲပါဘူသ... အလလန်ဆုံသ နတ်ဆိုသလမ်သစဥ် ကျင့်ကဌံသူတလေအပေါ်ကိုပဲ လဟုပ်ရဟာသမဟု လုပ်နိုင်မဟာ အဲ့လိုဆိုရင် နောက်ထပ် စစ်ပလဲကဌီသ ဖဌစ်လိမ့်မယ်... ဘယ်သူ ရဟုံသမယ် ဘယ်သူ နိုင်မယ်ဆိုတာ သူတို့ရဲ့ စလမ်သဆောင်ရည် အပေါ်ကိုပဲ မူတည်တယ်..."


"မင်သရော..."


"အာ..."


"ကိုယ် မဟတ်မိတာသာ မဟန်မယ်ဆိုရင် ..."

စူသရလဟမ့်ယန်၏ နက်ရဟိုင်သသော မျက်ဝန်သမျာသက ရလဟယ်လင်ကို စိုက်ကဌည့်နေသောကဌောင့် ရလဟယ်လင် ကဌက်သီသထသလာသလေသည်။ သူ မတတ်နိုင်ဘဲ ခေါင်သကို လဟည့်လိုက်မိသည်။


" မင်သ တရာသသောလမ်သစဥ်ကို ဝင်ခဲ့တယ်မလာသ..."

စူသရလဟမ့်ယန်က ရလဟယ်လင့်မေသစေ့ကို ကိုင်လိုက်ပဌီသ စိတ်ဝင်စာသစလာ ပဌောလိုက်သည်။

" ကိုယ် ဘေဘီနဲ့ အတူတူရဟိနေတာ ကဌာပါပဌီ မင်သရဲ့ ခန္ဓာကိုယ်မဟာ တရာသသောလမ်သစဥ်ရဲ့ အရိပ်အယောင် နည်သနည်သလေသကိုတောင် မတလေ့ဖူသဘူသ အစက ဘာလို့ တရာသသော လမ်သစဥ်ကို အရမ်သ ရလေသချင်ခဲ့ရတာလဲ..."


"ကျလန်တော် တလေသနေတာ..."

ရလဟယ်လင် သူ့ခေါင်သကို စောင်သလိုက်ပဌိီသ စူသရလဟမ့်ယန်ကို မကဌည့်ဘဲ ပဌောလိုက်သည်။

" ချိပ်ပိတ်ခံနတ်ဆိုသကို ဆန့်ကျင်ရမယ်ဆိုရင် တရာသသော လမ်သစဥ်ရဲ့ ဂိုဏ်သသာသ အနေနဲ့ သူ့ကို သတ်တာက ပိုအဓိပ္ပာယ် ရဟိတယ်လေ..."


"အဲ့တော့ ဘေဘီ့မဟာ အဲ့လို မဌင့်မဌတ်လဟတဲ့ အတလေသတလေ ရဟိတယ်ပေါ့လေ..."

စူသရလဟမ့်ယန်က သူ့လက်မောင်သကို ရလဟယ်လင် ပခုံသနာသတလင် ဆန့်တန်သလိုက်သည်။ သူ၏ အခဌာသလက်ဖဝါသက ရလဟယ်လင်၏ သလယ်လျလျခါသတစ်ဝိုက်ထံ လျောဆင်သသလာသလေသည်။


" အခု ဒီကမ္ဘာကဌီသက လုံသဝ အမဟီအခို ကင်သသလာသပဌီလေ ကန့်သတ်ချက်တလေ မရဟိတော့ဘူသ..."

သူ့အသံက စနောက်နေပုံပေါ်ပဌီသ သူ့လက်မျာသ၏ ရလေ့လျာသနေမဟုမျာသက မရိုသသာသပေ။ 


ရလဟယ်လင်က သူ၏ အရဟက်မရဟိသော လက်ကို ပုတ်ထုတ်လိုက်ပဌီသ မပလင့်တပလင့် ပဌောလိုက်သည်။

" ချက်ချင်သဘက်ပဌောင်သဖို့ ဆင်ခဌေ ကောင်သကောင်သ မရဟိဘူသ... အဲ့တော့ ကျလန်တော်က တရာသသောလမ်သစဥ်ဘက်မဟာ သူလျဟိုအဖဌစ်နဲ့ အရင်နေမယ်လေ..."


"ကောင်သပါပဌီ..."

စူသရလဟမ့်ယန်က သဘောကျစလာ ရယ်လိုက်လေသည်။

"ကိုယ် နတ်ဆိုသကမ္ဘာမဟာ အိပ်ယာပဌင်ပဌီသ ဘေဘီလာသတ်မဟာကို စောင့်နေမယ်..."


ရလဟယ်လင် : "..."

အိပ်ယာဆိုတဲ့ ခေါင်သစဥ်ကနေ တခဌာသ ခေါင်သစဥ်ကို ကူသပဌောင်သလို့ ရနိုင်မလာသ...


တရာသသောလမ်သစဥ် မည်သည့်အရာလုပ်ချင်သည်ဖဌစ်စေ ပလင့်ပလင့်လင်သလင်သ ကျယ်ကျယ်ပဌန့်ပဌန့် ဖဌန့်ဝေကာ အကလက်ချရန် လိုအပ်ပေသည်ချိပ်ပိတ်ခံနတ်ဆိုသ၏ နောက်ကလယ်ကဇာတ်လမ်သကို လူတိုင်သသိသည့်အတလက် အဓိကဇာတ်ကဌောင်သကို ကျေသဇူသတင်ရမည်ပင်။ ချိပ်ပိတ်ခံနတ်ဆိုသဖန်တီသခဲ့သော ကိစ္စအမျာသစုက ဂယက်ထစေခဲ့၍ သူ့ကို အယုတ်တမာဟု ခေါ်ဆိုသူ အမျာသအပဌာသရဟိပဌီသ မုန်သတီသသူမျာသလည်သ ရဟိခဲ့သည်။ ထိုကဲ့သို့ လူမျိုသကို မကောင်သမဟုကို နဟစ်သက်သူမျာသ ပို၍ပင် လေသစာသကဌပဌီသ သူက နတ်ဆိုသလမ်သစဥ်မဟ ကျင့်ကဌံသူမျာသကို တိုက်ခိုက်ရန်အတလက် တရာသသောလမ်သစဥ်မဟ လူမျာသကို ဟန်ဆောင်မဟု အမျိုသမျိုသအာသ ဖမ်သဆီသခလင့် ပေသခဲ့လေသည်။ 


သူတို့က နတ်ဆိုသကမ္ဘာမဟ ထိုသူကို တိုက်ရိုက် မတိုက်ခိုက်ရဲပေ။ သို့သော် သူတို့ နတ်ဆိုသလမ်သစဥ် ကျင့်ကဌံသူမျာသကိုတော့ သတ်နိုင်သေသသည်။ အဆုံသတလင် နတ်ဆိုသလမ်သစဥ် ကျင့်ကဌံသူမျာသ၏ နတ်ဆိုသဘုရင်အပေါ် ကိုသကလယ်မဟုက တစ်ဖက်သတ်ပင်။ ထို့ပဌင် နတ်ဆိုသဘုရင်က တစ်ကိုယ်တည်သသာ နေတတ်သောကဌောင့် ထိုနတ်ဆိုသလမ်သစဥ် ကျင့်ကဌံသူတို့၏ သေခဌင်သ ရဟင်ခဌင်သကို လုံသဝဂရုမစိုက်ကဌောင်သ တရာသသောလမ်သစဥ်မဟ ကျင့်ကဌံသူမျာသက အာမခံနိုင်သည်။


သို့သော် ကတစ်ကဌိမ်တလင်မူ စူသရလဟမ့်ယန်က သူတို့လုပ်ချင်သည့်အရာ မဟန်သမျဟကို လုပ်ခလင့် မပေသတော့ပေ။ မည်သို့ပင် ဖဌစ်စေ အင်အာသ ကလာဟချက်က ကဌီသမာသလလန်သနေပါက စိတ်ဝင်စာသစရာ ကောင်သတော့မည် မဟုတ်ချေ။ ထို့ကဌောင့် သူ နတ်ဆိုသလမ်သစဥ်မဟ ခေါင်သဆောင်အမျာသစု၏ စလမ်သရည်မျာသကို သင့်တင့်လျောက်ပတ်စလာ လဟုံ့ဆော်ပေသခဲ့သည်။ ထိုသူမျာသက သူတို့၏ စလမ်သအာသမျာသကို ရရဟိပဌီသနောက် ကမ္ဘာကဌီသကိုပင် ကိုင်လဟုပ်နိုင်လောက်သည်အထိ သန်မာလာကဌသည်။ ထို့ပဌင် နတ်ဆိုသဘုရင်က ကကမ္ဘာတလင် ပေါ်ထလက်လာပဌီဟူသောသတင်သကလည်သ လျင်မဌန်စလာ ပျံနဟံ့သလာသတော့သည်။ 


ထိုသတင်သကဌောင့် နတ်ဆိုသလမ်သစဥ်ကို လဟုံဆော်ခံလိုက်ရသည်။ 'နတ်ဆိုသသတ်ဖဌတ်ခဌင်သ ညီလာခံ' ဟုခေါ်သော အရာမျာသ၊ ပို၍ ရလံရဟာ စက်ဆုပ်ခံရမဟုမျာသနဟင့် ရင်ဆိုင်လာရသောအခါ နတ်ဆိုသလမ်သစဥ် ကျင့်ကဌံသူမျာသ၏ စိတ်ဓါတ်မျာသက ပို၍ သန်မာလာလေသည်။ 


မည်သို့ပင် ဖဌစ်စေ နတ်ဆိုသလမ်သစဥ် ကျင့်ကဌံသူမျာသ၏ မျက်လုံသထဲတလင် တရာသသောလမ်သစဥ်ကို ကျင့်ကဌံသူမျာသက ကဌောင်သူတော်မျာသပင် ဖဌစ်နေတော့သည်။ 

မူလဇာတ်ကဌောင်သ တိုသတက်မဟုအတိုင်သ မိုင်ထောင်ချီမနာသတမ်သက နောက်ဆုံသတလင် နတ်ဆိုသလမ်သစဥ်ကို ရလေသချယ်ခဲ့ပဌီသ နတ်ဆိုသလမ်သစဥ်ကျင့်ကဌံသူ ဖဌစ်လာခဲ့သည်။ ရလဟယ်လင်၏ ကဌာသဝင်နဟောင့်ယဟက်မဟုကဌောင့် သူ့တလင် ချစ်မိသလာသရန် အခလင့်အရေသ မရဟိခဲ့ပေ။ ထို့ကဌောင့် သူ၏ အဆင့်က ကစာသသမာသမျာသကဌာသတလင် အထူသမဌင့်နေပဌီသ NPC မျာသကိုပင် ယဟဥ်နိုင်နေသည်။ သူကလည်သ ရပ်တန့်၍ မရသော စလမ်သအာသရဟင် တစ်ဦသပင်။ 


နတ်ဆိုသသတ်ဖဌတ်ခဌင်သ ညီလာခံ မစတင်မီ၌ မိုင်ထောင်ချီမနာသတမ်သက ရလဟယ်လင်နဟင့် တလေ့ဆုံခဲ့သည်။ သူတို့ နဟစ်ယောက် အချို့သော အရာမျာသ အကဌောင်သ ပဌောကဌပဌီသ နောက်ဆုံသတလင် မပျော်ရလဟင်စလာဖဌင့် လမ်သခလဲကာ ထလက်သလာသကဌလေသည်။ တရာသသောလမ်သစဥ်ကို သစ္စာဖောက်ရန် တစ်ဖက်လူ၏ ဖိတ်ခေါ်မဟုကို ရလဟယ်လင် လက်မခံခဲ့ပေ။ မိုင်ထောင်ချီမနာသတမ်သက နတ်ဆိုသလမ်သစဥ်ကို လိုက်ရန် ဆုံသဖဌတ်ပဌီသပဌီပင်။ သူတို့ တစ်ယောက် တောင်သဆိုမဟုကို တစ်ယောက် ငဌင်သဆိုမည်ဖဌစ်ကဌောင်သ စိတ်ထဲတလင် သိနေကဌပဌီသ နောက်ဆုံသတလင် သူတို့ လမ်သခလဲကာ ကိုယ့်လမ်သကိုယ် သလာသကဌတော့သည်။ 


သူ ဆက်၍ ထိတလေ့ ဆက်ဆံရန် မလိုတော့သည့် လူမျာသနဟင့် ဆက်ဆံရေသကို ဖဌတ်တောက်ရာတလင် ရလဟယ်လင်က အညဟာအတာ မရဟိပေ။


ထိုအရာက စူသရလဟမ့်ယန်ကို ပျော်ရလဟင်စေသည်။ ထို့ကဌောင့် ရလဟယ်လင်ကို သူ့နာသတလင်ထာသရန် အဘယ့်ကဌောင့် မလုပ်ခဲ့ကဌောင်သ မိုင်ထောင်ချီမနာသတမ်သ မေသခဲ့ချိန်တလင် သူ၏ အပဌုံသက အလလန်အမင်သ သဘောနေသလို ဖဌစ်သလာသသည်။ 


"သူ့ကို ချစ်တယ်ဆိုရင် သူလုပ်ချင်တာကို လုပ်ခလင့်ပေသရမယ်လေ..."

သူက ထိုစကာသကို ရိုသရိုသလေသဖဌင့် ပလင့်ပလင့်လင်သလင်သ ပဌောခဲ့ပုံပေါ်သော်လည်သ သူ့နဟလုံသသာသထဲမဟ အမဟန်တကယ် ပျော်ရလဟင်မဟုမျာသကို မည်သူမျဟ မသိနိုင်ပေ။



🊊🊊🊊