🦊Arc 6 Data In love
Chapter 90
6.15 – ဖြောင့်မတ်တာဖြစ်ဖြစ် နတ်ဆိုးဆန်တာဖြစ်ဖြစ် အဲဒါက မင်းနဲ့ဘာဆိုင်လဲ...
နတ်ဆိုးသတ်ဖြတ်ခြင်း ညီလာခံများက တရားသောလမ်းစဥ်နှင့် နတ်ဆိုးလမ်းစဥ် နှစ်လုံးမျိုးလုံးရှိသည့် ကမ္ဘာတိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့်အရာဖြစ်သည်။ ထို့အပြင် ၎င်းက မူလတွင် ဂိမ်းကမ္ဘာတစ်ခုဖြစ်ပြီး ကစားသမားများက ကပ်ဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသောကြောင့် တရားသောလမ်းစဥ်နှင့် နတ်ဆိုးလမ်းစဥ်နှစ်ခုလုံးမှလူများက ဤစစ်ပွဲကို အလွန်မျှော်လင့်ခဲ့ကြသည်။
ဤအချိန်တွင် NPC နှင့် ကစားသမားများကြား ဆက်ဆံရေးကို ဖြေလျှော့ရန်အတွက် တရားဝင်စစ်ပွဲတစ်ခု လိုအပ်ပြီး ၎င်းက ဤကဲ့သို့သော အကျပ်အတည်းကို ဖြေရှင်းရန် အလွန်လိမ္မာပါးနပ်သော နည်းလမ်းတစ်ခုဖြစ်သည်။
နတ်ဆိုးလမ်းစဉ်ကစားသမားများ၏ ခေါင်းဆောင်အနေဖြင့် မိုင်ထောင်ချီမနားတမ်းက ကစားသမားအများအပြားကို ဦးဆောင်လာခဲ့သည်။ စူးရွှမ့်ယန်က အလွန်စွမ်းအားကြီးသော်လည်း တစ်ဦးချင်းတိုက်ခိုက်ရန်အတွက် ပို၍သင့်လျော်ပြီး ဝိုင်းရံပိတ်ဆို့ရန် အဆင်သင့်ဖြစ်နေပုံရသော ကစားသမားများနှင့် အုပ်စုမဖွဲ့ထားပေ။
တစ်ဖက်တွင်မူ တရားသောလမ်းစဥ်ကို ကျင့်ကြံသူများက သူတို့၏ခေါင်းဆောင် မည်သူဖြစ်သင့်ကြောင်း ငြင်းခုံနေကြသည်။ သာမာန်အားဖြင့်ပြောရလျှင် တစ်ဖက်မှခေါင်းဆောင်က အဆင့်သတ်မှတ်ချက်တွင် ပထမဖြစ်ပြီး သူတို့တွင်လည်း ပြီးပြည့်စုံသော ခေါင်းဆောင်ဖြစ်သည့် အဆင့်အမြင့်ဆုံး ကစားသမား ရွှယ်လင်ရှိပေသည်။ ထို့ကြောင့် နှစ်ဖက်စလုံးတွင် ထိပ်တန်းကစားသမားများရှိကြသည်။ သူတို့နှစ်ဦးမှာ ယခင်က ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း သူတို့ရွေးချယ်ခဲ့သည့်လမ်းစဥ်နှင့် ဆက်စပ်လာသောအခါ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ခင်ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရုံသာ တတ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့သော တာဝန်ကို ထမ်းဆောင်ရန် ရွှယ်လင် အလွန်ပျင်းရိနေသည်။
ထို့နောက် ကိစ္စများက ကိုးရို့ကားယားဖြစ်လာခဲ့သည်။
ထျန်းရွှမ်ဂိုဏ်း၏ တပည့်ခေါင်းဆောင်က တရားသောလမ်းစဥ်ကို သစ္စာဖောက်ခဲ့သောကြောင့် ညီလာခံကြီးတွင် သဘာပတိလုပ်ပိုင်ခွင့် မရှိတော့ပေ။ ထို့ကြောင့် ယခုတစ်ကြိမ် စတင်သူသည် ဓားတစ်သောင်းဂိုဏ်းဖြစ်လာခဲ့သည်။ ဓားတစ်သောင်းဂိုဏ်းတွင် ရွှယ်လင်အပြင် အခြားကစားသမားများကို ဦးဆောင်နိုင်သည့်သူက အမြဲတမ်း ဒုတိယနေရာ၌သာရှိသော ဓားတစ်သောင်းဂိုဏ်း၏ တပည့်ခေါင်းဆောင် ယွမ်ချွမ်ပင်ဖြစ်သည်။
ယခုအချိန်တွင် ယွမ်ချွမ်က သူ့ဆရာနှင့် သူ့ဆရာတူဦးလေးကြားတွင် အကျပ်အတည်း အခြေအနေနှင့် ရင်ဆိုင်နေရသည်။
သူတို့နှစ်ယောက် တွေ့ဆုံဆက်ဆံရန် အခွင့်အရေးများစွာမရှိသော်လည်း သူ့ဆရာတူဦးလေး၏စရိုက်ကို ယွမ်ချွမ် နားလည်ဆဲပင်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူမှာ တစ်ချိန်က ကျို့ကျိုး၏ နံပါတ်တစ်အလှပဂေးဖြစ်ခဲ့ပြီး၊ ထိုအလှပဂေး၏ ဒေါသက အမြဲတမ်း အလွန်အေးစက်နေခဲ့သည်။ သူ့ကို ဂိုဏ်းသားများအား ဦးဆောင်ခိုင်းခြင်းက မဖြစ်နိုင်သော်လည်း သူ့ဆရာနှင့် သူ့ဆရာတူဦးလေးတို့က အလွန်ဇွဲကောင်းကြကာ သူ ခေါင်းဆောင်ရာထူးကို ယူလိုက်သည့်အချိန်တွင် သုံးယောက်ကြားတွင် ကြားညပ်နေခဲ့သည်။ သူကိုယ်တိုင် ကြုံတွေ့လိုက်ရသည့် အခြေအနေများက အလွန်အဆင်မပြေလှပေ။
သေချာစဉ်းစားပြီးနောက် ယွမ်ချွမ်က စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရန်အတွက် ရွှယ်လင်အား သူကိုယ်တိုင် သွားခေါ်ရန် စီစဉ်နေဆဲဖြစ်သည်။ သူ စစ်မြေပြင်တွင် ပေါ်ထွက်နေသမျှ ကာလပတ်လုံး တရားသောလမ်းစဥ် ကျင့်ကြံသူများ၏ စိတ်ဓာတ်သည် တိုးမြင့်လာပေလိမ့်မည်။
သူ၏ဆရာတူဦးလေးက ရေခဲတောင်ကြာပန်းလေးဖြစ်ပြီး တစ်နေလုံး ရေခဲတမျှ အေးစက်နေသော်လည်း ခရီးထွက်ရန် လိုအပ်နေသေးသည်။ ထို့ကြောင့် မသွားခင် သူ့ကိုယ်သူ သတ္တိရှိစေရန်အတွက် သူ့ဆရာကို ပြင်ပအကူအညီအဖြစ် ယွမ်ချွမ် ဖိတ်ခေါ်ခဲ့သည်။ ဒါတောင်မှ သူတို့သည် အေးစက်သော ကြိုဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကာ အထဲသို့ဖိတ်ကြားမခံရမီ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းရန်ကြာချိန်အထိ ရွှယ်ရှင်းခန်းမတွင် စောင့်ဆိုင်းနေခဲ့ရသည်။
ရွှယ်လင်က လူကောင်းတစ်ယောက် မဖြစ်ချင်သော်လည်း သူ စူးရွှမ့်ယန်ထံတွင် ချောင်ပိတ်မိနေခဲ့သည်မှာ အမှန်ပင်။ ထိုလူက သူ့ကို တရားသောလမ်းစဥ်တွင် ဆက်နေခွင့်ပြုရန် သဘောတူခဲ့သော်လည်း တိုက်ပွဲအတွင်း ဆန့်ကျင်ဘက်၌ သူ ရပ်တည်နေသည်ကို မြင်ရခြင်းက သူ့အား အလွန်မကျေနပ်ဖြစ်စေခဲ့သည်။ အာလုံးက အပျော်သက်သက်သာဖြစ်ကြောင်း ရွှယ်လင် ထိုလူကို အချိန်ကြာမြင့်စွာ ရှင်းပြခဲ့ရသည်။ နောက်ဆုံးတွင် ထိုလူက စစ်ပွဲဖန်တီးချင်လျှင်လည်း သူတို့ ယခု တိုက်ခိုက်သင့်ကြောင်း ပြောလာခဲ့သည်။
ထို့နောက် အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းရန်ကြာချိန်အထိ သူ ထိုလူနှင့် နောင်ပြောင်ကျီစယ်ရင်း ဂိုဏ်းခေါင်းဆောင်နှင့် ယွမ်ချွမ်ကို စောင့်ဆိုင်းစေခဲ့သည်။
"ဆရာတူအစ်ကို ဂိုဏ်းခေါင်းဆောင်..."
ရွှယ်လင် ထိုလူနှင့် ဆော့ကစားနေခဲ့သောကြောင့် သူ၏အဖြူရောင်ဝတ်ရုံက အနည်းငယ် ရှုပ်ပွနေပြီး သူ့မျက်နှာက အနည်းငယ်နီမြန်းနေသည်။ အေးစက်သည့်ပုံ ပေါ်နေသော်လည်း သူ၏ဖြားယောင်းသွေးဆောင်တတ်သည့် အသွင်အပြင်ကြောင့် တစ်ချက်တစ်ချက်ကြည့်လိုက်ရုံနှင့် တခြားသူများအား တုန်လှုပ်သွားစေနိုင်သည်။ ယွမ်ချွမ် တစ်ကြိမ်သာ ကြည့်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံး နီရဲလာပြီး ခေါင်းငုံ့ကာ နောက်တစ်ကြိမ် ထပ်မကြည့်ရဲတော့ပေ။
သူ့တပည့်၏ အသုံးမဝင်သည့် အသွင်အပြင်နှင့် ရင်ဆိုင်ရသည့်အခါ ကြည့်နိုင်စွမ်းမရှိဘဲ ဂိုဏ်းခေါင်းဆောင်က ဟန်လုပ်ချောင်းဆိုးလိုက်သည်။
"ဆရာတူညီလေး ရှင်းထုံ... ဒီတစ်ခါ နတ်ဆိုးသတ်ဖြတ်ရေး ညီလာခံကြောင့် ငါတို့လာခဲ့တာပါ..."
သူ ခေါင်းဆောင်တစ်ဦးဖြစ်ရန် ငြင်းဆိုထားခြင်းကြောင့် ညီလာခံတွင်ပါဝင်ရန် ဆန္ဒမရှိကြောင်း သူတို့ အဘယ့်ကြောင့် ထိုသို့တွေးသနည်းဟု ရွှယ်လင် အံ့ဩမိသည်။ သို့သော် သူတို့ကိုယ်တိုင် ဖွင့်ပြောလာပြီဖြစ်သောကြောင့် တုန့်ဆိုင်းမှုမရှိဘဲ ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"ဆရာတူအစ်ကိုရဲ့ စကားအဓိပ္ပါယ်ကို ကျွန်တော် နားလည်ပါတယ်... အဲဒါက နတ်ဆိုးသတ်ဖြတ်ရေးညီလာခံဖြစ်လို့ ဓားတစ်သောင်းဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ကျွန်တော်လည်း ပုံမှန်အတိုင်း ကူညီပေးသွားမှာပါ..."
ယွမ်ချွမ်က သူ၏အလှပဂေး ဆရာတူဦးလေးနှင့် စကားပြောရန် အလွန်လွယ်ကူလိမ့်မည်ဟု မထင်ထားခဲ့မိသောကြောင့် သူ့ဆရာ ခေါင်းကို ခေါက်လိုက်သည့်အချိန်အထိ နေရာမှာပင် မှင်တက်နေမိသည်။
"ကလေး ထူးဆန်းတဲ့နေရာသစ်တစ်ခုကို ရောက်တာနဲ့ မင်းရဲ့ ဦးနှောက်က အလုပ်မလုပ်တော့ဘူး... မင်းရဲ့ဆရာတူဦးလေးက သွေးအေးပေမယ့် တရားသောလမ်းစဥ်ပေါ် နေသူတစ်ယောက်ပါ... သူက ဦးဆောင်ရတာကို မကြိုက်ရုံပဲ၊ အဲဒါက ဒီကိစ္စမှာ သူပါဝင်ချင်စိတ်မရှိဘူးလို့ မဆိုလိုဘူး... မင်းရဲ့ဆရာတူဦးလေးကို စကားနည်းနည်းပြောဖို့တောင် သတ္တိမရှိဘူးဆိုရင် စစ်မြေပြင်မှာ ဘယ်လိုလုပ် အောင်မြင်နိုင်မလဲ..."
ယွမ်ချွမ်က ရွှယ်လင်ရှေ့တွင် အရှက်ခွဲခံရသောကြောင့် ခေါင်းကို ရှက်ရွံ့စွာ ငုံ့ထားလိုက်ပြီး ၎င်းက သူ့အပြစ်မဟုတ်ဟု စိတ်ထဲတွင် ခံစားမိသည်။ သူ၏ အလှပဂေး ဆရာတူဦးလေး၏ အရှိန်အဝါက ပြင်းထန်လွန်းသည်။ သူတို့၏အဆင့်များ အလွန်မကွာသည်မှာ ထင်ရှားသော်လည်း သူ့ကို ဒေါသထွက်အောင်နှိုးဆွရန် မတတ်နိုင်ဟု ခံစားရသည်။ သူ့ဆရာတူဦးလေးကို ကြည့်နေသရွေ့ သူ့လည်ပင်းနောက်တွင် အအေးဓါတ်တစ်ခု ပြေးလွှားနေသည်ကို သူ အမြဲခံစားရသည်။ ထိုခံစားချက်က အလွန်အေးစက်ကာ ကြောက်စရာကောင်းလွန်းပြီး ပင်ကိုယ်အသိစိတ်က သူ့ကို အလွန်အကျွံမလုပ်မိစေရန် ပြောနေသည်။ ထို့ကြောင့် သူ့ဆရာတူ ဦးလေးအား စကားအလွန်အကျွံ မပြောဝံ့သည်မှာ သဘာဝကျပေသည်။
ရွှယ်လင်က ယွမ်ချွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
"သူ့ကို အပြစ်မတင်ပါနဲ့... နောက်ဆုံးအကြိမ် သူကျွန်တော့်ဆီ လာတုန်းက ကျွန်တော် စိတ်အခြေအနေ မကောင်းတာနဲ့ကြုံပြီး သူ့ကို ကြောက်လန့်သွားစေမိတယ်... တခြားဘာကိစ္စမှမရှိရင် ဆရာတူအစ်ကိုနဲ့ တူလေးတို့ ပြန်သွားလို့ရပါတယ်... ညီလာခံကျင်းပတဲ့နေ့ကျရင် ကျွန်တော်ကိုယ်တိုင် ရောက်လာပါမယ်..."
"ကောင်းပြီ..."
ထိုလူနှစ်ယောက်ကို တွေ့ပြီးနောက် ဟန်ဝူကျန်း ရောက်လာပြန်သည်။ သူ ယခုတလော အလုပ်မရှိသည်မှာ သိသာပေသည်။ ထို့ကြောင့် သူ ရွှယ်လင်နှင့် စကားပြောကာ သူတို့၏ဆက်ဆံရေးကို မြှင့်တင်လိုသည်။ သူ့တပည့်က သူ့အား မည်သည့်အခါမှ လေးစားမှုကို မပြခဲ့၍ အချိန်တိုင်း လျစ်လျူရှုခံရသည်ကို ဟန်ဝူကျန်း မပျော်ရွှင်သော်လည်း သူ့ခွန်အားကို စုပ်ယူရန်အတွက် လုံလောက်အောင် ရင်းနှီးရန် ဆရာကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်နေရဆဲပင်။
"မင်းရဲ့ဆရာတူအစ်ကိုက မင်းကိုတွေ့ဖို့လာတာလား..."
သူ သိပြီးသားဖြစ်သော်လည်း မေးလာသည်။ ဤနတ်ဆိုးသတ်ဖြတ်ခြင်းညီလာခံတွင် အပြင်ပန်း၌ ဟန်ဝူကျန်း မပါဝင်ခဲ့သော်လည်း အမှန်တကယ်တွင် သူက ၎င်းကို နောက်ကွယ်မှ စီစဉ်သူဖြစ်သည်။ သူ၏ခွန်အားကို မြှင့်တင်ရန်နှင့် ရွှယ်လင်အပြင် သူ့ကိုယ်သူ သန်မာလာစေမည့် အခြားနည်းလမ်းကို ရှာရန်အတွက် သူက ဤကမ္ဘာကြီးကို ပိုမိုကာ ဖရိုဖရဲဖြစ်စေလိုသည်။ ထိုခွန်အားက သူ့ကို ကြောက်လန့်တုန်လှုပ်ကာ မလှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်သည်။
" နတ်ဆိုးသတ်ဖြတ်ရေးညီလာခံအတွက်လား..."
သူသာ ထိုစွမ်းအားကို ရနိုင်လျှင် စစ်မှန်သောဘုရားသခင် ဖြစ်လာလိမ့်မည်။ သူက ချိပ်ပိတ်ခံနတ်ဆိုးနှင့်ပတ်သက်ပြီး သံသယများရှိသောကြောင့် သူ၏လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ စုံစမ်းစစ်ဆေးခဲ့သော်လည်း ချိပ်ပိတ်ခံနတ်ဆိုးက နတ်ဆိုးကမ္ဘာတွင်သာ အမြဲတမ်းတည်ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူ သံသယရှိသော်လည်း ဘာမှမလုပ်နိုင်ခဲ့ပေ။
ဤနတ်ဆိုးသတ်ဖြတ်ခြင်း ညီလာခံက ချိပ်ပိတ်ခံနတ်ဆိုး ပေါ်လာအောင် ဖြားယောင်းသွေးဆောင်ပေးနိုင်မည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။
"ဟုတ်ပါတယ်..."
သူနှင့် ဆက်ဆံရန် မလိုအပ်တော့သောကြောင့် ဟန်ဝူကျန်းအပေါ်ထားသည့် ရွှယ်လင်၏ သဘောထားသည်လည်း ပို၍ပို၍ မသိကျေးကျွံပြုလာသည်။
"မင်းက ထျန်းမို့ဂိုဏ်းက နတ်ဆိုးလမ်းစဉ်ကျင့်ကြံတဲ့ တပည့်နဲ့ သူငယ်ချင်းမဟုတ်ဘူးလား..."
သူ ရည်ညွှန်းသောလူက စူးရွှမ့်ယန်ဖြစ်ကြောင်း ရွှယ်လင်သိပေသည်။ သူ ခေါင်းလှည့်၍ အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ကျွန်တော်တို့လမ်းစဥ်တွေက မတူဘူးဆိုတော့ လမ်းခွဲဖို့ သဘောတူထားပြီးသားပါ..."
ဟန်ဝူကျန်းက သူ့သဘောထားကို ကျေနပ်နေပုံရပြီး သူ့လေ့ကျင့်မှုတွင် အခက်အခဲပိတ်ဆို့မှုများနှင့် ကြုံတွေ့သေးလားဟု ပြုံးကာ မေးလိုက်သည်။ ထို့နောက် စစ်မြေပြင်တွင် အသုံးဝင်လိမ့်မည်ဟု ပြောကာ ပစ္စည်းတချို့ကိုလည်း ပေးခဲ့ပြီး ထွက်သွားခဲ့သည်။
သူထွက်သွားသည်နှင့် တစ်ပြိုင်နက် စားပွဲပေါ်ရှိအရာအားလုံးကို စူးရွှမ့်ယန် ဖျက်ဆီးပစ်လိုက်သည်။ စူးရွှမ့်ယန်က အပေါ်ထပ်တွင် တစ်ချိန်လုံး ရှိနေခဲ့ပြီး အောက်ထပ်သို့ ဆင်းလာသောအခါ ဟန်ဝူကျန်း ချန်ထားခဲ့သမျှ အရာအားလုံးကို အကြည့်တစ်ချက်ဖြင့် ဖျက်ဆီးပစ်ကာ အေးစက်စွာပင် နှာမှုတ်လိုက်သေးသည်။ တစ်ဖက်လူကို ဆရာဟုခေါ်နေသော ရွှယ်လင်နှင့်ပတ်သက်ပြီး အလွန်စိတ်မပျော်မရွှင်ဖြစ်မိသည်။ သို့သော် တစ်ဖက်လူက ဟန်ဝူကျန်းကို သူကိုယ်တိုင်သတ်ရန် တောင်းဆိုလာသောကြောင့် သူ ရွှယ်လင်အား သူ့ဂိုဏ်းကို သစ္စာဖောက်ဖို့ရန် မစွမ်းဆောင်နိုင်ပေ။ စူးရွှမ့်ယန် ရွှယ်လင်အား ဆန့်ကျင်နိုင်စွမ်းမရှိသောကြောင့် ဟန်ဝူကျန်း ချန်ထားခဲ့သော အရာများအပေါ်တွင်သာ သူ့ဒေါသကို ပုံချနိုင်ခဲ့သည်။
ရွှယ်လင် အစောပိုင်းက သူနှင့် တိုက်ခိုက်ခဲ့ပြီး ယခုအခါ စကားမပြောချင်သောကြောင့် ကျောခိုင်း၍ လှည့်ထွက်သွားပြီး သူ့ကိုယ်ပိုင်အကူစနစ်လေးကို စတင်လေ့လာလိုက်သည်။
နောက်ကမ္ဘာတွင် ရွှယ်လင်၏အမြီးနှင့် ပတ်သက်သည့်သတင်းများရှိသောကြောင့် အကူစနစ်လေးက မကြာသေးမီကမှ ဤကမ္ဘာရှိတာဝန်များကို တတ်နိုင်သမျှ မြန်မြန်ပြီးဆုံးရန် တိုက်တွန်းနေခဲ့ပြီး သူက ရွှယ်လင်ထက်ပင် ပို၍စိတ်လှုပ်ရှားနေခဲ့သည်။ ယခုအခါ ရွှယ်လင်၏ သဘောထားက သူ့အမြီးကို ပြန်လည်ရရှိအောင်ကြိုးစားရန် ယခင်စိတ်ပူပန်မှုများနှင့် လုံးဝကွဲပြားနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမြီးများကို ရှာတွေ့ခြင်းမှာ သူ၏ကမ္ဘာတစ်ခုပြီးတစ်ခု ဖြတ်သန်းသွားလာခြင်းအား ပြီးဆုံးသွားလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယခုလောလောဆယ်တွင် သူ ထိုယောက်ျားနှင့် ဆက်ဆံရေးကို လုံးဝအဆုံးသတ်လိုခြင်းမရှိပေ။ ထို့ကြောင့် သူ၏အမြီးများအားလုံးကို ရှာဖွေပြီး ပြန်လည်ရယူရန် စိတ်အားထက်သန်ခြင်းမရှိပေ။
ကျို့ကျိုးနယ်မြေ၌ ပထမဆုံးအကြိမ် နတ်ဆိုးသတ်ဖြတ်ခြင်းညီလာခံကို အဘယ့်ကြောင့်ကျင်းပမှန်း မည်သူမျှမသိကြသော်လည်း လက်တွေ့အားဖြင့် ထိုပွဲအတွက် လူတိုင်း၏စိတ်အားထက်သန်မှုက ပြည့်လျှံနေပေသည်။ သာမာန်လူများဖြစ်ခဲ့သော်လည်း ယခုအခါ ကျင့်ကြံသူများဖြစ်လာသည့် ကစားသမားများအတွက် ဤတိုက်ပွဲက အလွန်စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုဖြစ်သည်။ သူတို့က ကမ္ဘာကြီးအား ရှုပ်ထွေးမှောင်မိုက်သော နေရာဖြစ်လာသည်အထိ တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခုသာ လိုအပ်သောကြောင့် ဤမျှကြီးကျယ်သော နတ်ဆိုးသတ်ဖြတ်ခြင်းတိုက်ပွဲကို စတင်လိုက်ချိန်တွင် အလျင်အမြန်ပင် ထိန်းချုပ်မှုအောက်မှ လွတ်ထွက်ကုန်ကြသည်။ လူတိုင်း အသိတရားများ ပြန်ရလာချိန်တွင် ဤတိုက်ပွဲကို ရပ်တန့်ရန် နည်းလမ်းမရှိတော့ပေပြီ။ လူအများအပြား သေဆုံးသွားခဲ့ကြသလို အများအပြားသည်လည်း တိုက်ပွဲတွင် ကျော်ကြားလာကြသည်။
ဤစစ်ပွဲက ဒဏ္ဍာရီလာနတ်ဆိုးကို အမှန်တကယ် ထွက်ပေါ်လာအောင်ပြုလုပ်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ ထို့ကြောင့် နတ်ဆိုးကမ္ဘာ၏တံခါးပေါက် သူတို့အရှေ့တွင် ပွင့်လာသောအခါ နတ်ဆိုးနှင့် တရားသောဂိုဏ်းနှစ်ခုစလုံးမှ လူများ၏လုပ်ရှားမှုများ ရပ်တန့်ကုန်ကြသည်။
ကျင့်ကြံသူများ တိုက်ခိုက်ကြသောအခါ သာမန်သေမျိုးများ သေကျေပျက်စီး ကုန်ကြသည်။ ကျို့ကျိုးနယ်မြေက ကျင့်ကြံသူများကြား စစ်ပွဲကြောင့် လူသူကင်းမဲ့သော လွင်တီးခေါင်ပြင် ဖြစ်လာပြီး တရားသောလမ်းစဥ်ကို မကျေနပ်ကြသောကြောင့် ပို၍ ပို၍ များပြားသောလူများက နတ်ဆိုးလမ်းစဥ်သို့ ဝင်ရောက်သွားကြသည်။ မူလဇာတ်ကွက်အတိုင်းပင် ဒဏ္ဍာရီလာနတ်ဆိုက လူအများအပြားအား တန်ခိုးအာဏာပေးအပ်ခဲ့ပြီး နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူများက တရားသောလမ်းစဥ်ကျင့်ကြံသူများအပေါ် အနည်းငယ်ထက်ပိုပြီး လွှမ်းမိုးနိုင်ပြီဖြစ်သည်။ နောက်ကွယ်မှ အမိန့်ပေးသည့် ဟန်ဝူကျန်းလိုသူများသည်ပင် တိုက်ခိုက်သတ်ဖြတ်ရန်အတွက် ထွက်လာခဲ့ကြသည်။ ဤတစ်ကြိမ်တွင် သူ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများ၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်ကို ခြိမ်းခြောက်ခဲ့သောကြောင့် နတ်ဆိုးကမ္ဘာ၏တံခါးက ပွင့်သွားခဲ့ခြင်းဖြစ်သည်။
တံခါးပွင့်လာသည်ကို ဟန်ဝူကျန်း ကြည့်လိုက်ပြီး အချိန်အတော်ကြာအောင် သူ့အား ဆန့်ကျင်နေသည့် ရင်နှီးကျွမ်းဝင်နေသော စွမ်းအား၏ အရိပ်အယောင်ကို ခံစားလိုက်ရသဖြင့် သူ့မျက်လုံးများက အရောင်တောက်ပလာသည်။
မှန်ပေသည်။ ဤလူက သူ ပင်မကွန်ပျူတာဖြစ်နေဆဲအချိန်က သူနှင့် ကစားခဲ့ဖူးပြီး သူ ပင်မကွန်ပျူတာ၏ စွမ်းအား ဆုံးရှုံးသွားပြီးနောက် သူ့ကို လုံးဝလျစ်လျူရှုခဲ့သည့်သူပင်ဖြစ်သည်။
သူ အလွန်ဒေါသထွက်ခဲ့သော်လည်း နောက်ဆုံးတွင် သူတို့၏စွမ်းအားများကြား ကွာဟချက်ရှိနေသောကြောင့် သူဘာမျှ မတတ်နိုင်ခဲ့ပေ။ ကွာဟချက်က ရှိနေဆဲဖြစ်သော်လည်း ယခုအခါ သူ ထိုလူကို အမှန်တကယ် တွေ့နိုင်ပေပြီ။ နောက်ဆုံးတွင် ထိုလူက သူ့ထက်မည်မျှပိုတော်နေရသည်ကို ဟန်ဝူကျန်း သိသွားပြီဖြစ်သည်။
ဤသည်မှာ ဒဏ္ဍာရီလာနတ်ဆိုး ဤကမ္ဘာ၌ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်းဖြစ်ပေသည်။ ဘုရားသခင်ဖြစ်စေ လူဖြစ်စေ အရင်က သူ့ကို မြင်ဖူးသူတိုင်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဤအခိုက်အတန့်၌ နတ်ဆိုးကမ္ဘာ၏တံခါးက နောက်ဆုံးတွင် ပွင့်သွားခဲ့ပြီး အဆုံးမဲ့သောအမှောင်ထုကြီးက ရုတ်တရက် အင်အားကြီးစွာ ထွက်ပေါ်လာခဲ့သည်။ အောက်သို့စိုက်ကြည့်ကာ ဓားကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သော ရွှယ်လင်မှတစ်ပါး အားလုံးမှာ တံခါးဝကို မျှော်ကြည့်နေကြသောကြောင့် စစ်မြေပြင်က မကြုံစဖူး တိတ်ဆိတ်သွားခဲ့သည်။
ဤအချိန်တွင် ဓားဝိညာဉ်တစ်ခုအနေဖြင့် အကူစနစ်လေးက အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ဟန်ဝူကျန်းကို သူကိုယ်တိုင် သတ်ပစ်ရန် ရွှယ်လင်၏တောင်းဆိုမှုက အကူစနစ်အတွက်ကြောင့် ဖြစ်သည်။ ယခုအခါ အကူစနစ်လေးက သူ့အသက်နှင့် ချည်နှောင်ထားသောဓား၏ ဓားဝိညာဉ်ဖြစ်သည်။ ဟန်ဝူကျန်း၏ ခန္ဓာကိုယ်အတွင်းသို့ ဓားသွားဖြတ်သွားသည်နှင့် အကူစနစ်က ကျူးကျော်ဝင်ရောက်ကာ ဟန်ဝူကျန်း၏ ဒေတာများကို စားသောက်ပြီး သူ့ကိုယ်သူ အဆင့်မြှင့်တင်နိုင်သည့် အခွင့်အရေးကို အရယူနိုင်ပေလိမ့်မည်။
သူ၏ host က သူ့အား ရွှေလက်ချောင်းအဖြစ် တစ်ခါမျှအသုံးမပြုခဲ့သော်လည်း အကူစနစ်အား ရူးသွပ်စွာပျော်ရွှင်စေသည့် ဤအခိုက်အတန့်ကို သတိရနေမည်ဖြစ်သည်။
သူ့အား အစားအသောက်အဖြစ် အခြားသူများက သတ်မှတ်ထားသည်ကို ဟန်ဝူကျန်း သတိမထားမိပေ။ ထိုတစ်စုံတစ်ယောက်က သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေပေသည်။ သူ့ခေါင်းကိုမော့ကာ အတွင်းမှ လူတစ်ယောက် ထွက်လာသည့်တံခါးဝကို မျှော်ကြည့်လိုက်သည်။
စူးရွှမ့်ယန်ကို ချိပ်ပိတ်ခံနတ်ဆိုးအဖြစ် ရွှယ်လင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ရွှယ်လင် ထိုအကြောင်းကို နှစ်စက္ကန့်ကြာအောင် တွေးတောလိုက်ပြီး စူးရွှမ့်ယန်၏ အသွင်အပြင်က သူ၏အလှတရားနှင့် ပို၍လိုက်လျောညီထွေ ဖြစ်နေကြောင်း ခံစားလိုက်ရသည်။ ထို့နောက် ခေါင်းကိုလှည့်ကာ ချိတ်ပိတ်ခံနတ်ဆိုးကို ဆက်ကြည့်မနေတော့ပေ။
ရွှယ်လင်၏အကြည့်က သူ့အပေါ်၌ မရှိတော့သည်ကို သတိပြုမိသောအခါ ချိတ်ပိတ်ခံနတ်ဆိုးက တရားသောလမ်းစဥ်အပေါ် ပို၍ပင် စိတ်ဝင်စားမှုနည်းလာခဲ့သည်။ သူ လူအစုအဝေးကို ငုံ့ကြည့်ကာ လက်ဝှေ့ယမ်းလိုက်ပြီး သူတို့၏ကျင့်ကြံမှုများကို တိုက်ရိုက် ဖယ်ရှားပစ်ခဲ့သည်။ ထို့နောက် သူ့နှုတ်ခမ်းများကို ကွေးကာ ပြောလိုက်သည်။
"တရားသောလမ်းစဥ်က မကောင်းမှုကို ခွင့်ပြုမပေးနိုင်သလို... နတ်ဆိုးလမ်းစဥ်ကို ဒီကမ္ဘာမှာလည်း တည်ရှိခွင့်မပေးနိုင်ဘူး..."
သူ ပြောလိုက်သောစကားများက ဤအကြိမ် နတ်ဆိုးသတ်ဖြတ်ခြင်းညီလာခံ၏ ဆောင်ပုဒ်ဖြစ်သည်။ ထိုစကားလုံးများသည် အလွန်ကြီးကျယ်မြင့်မြတ်သော်လည်း သူ့ပါးစပ်မှ ထွက်လာသောအခါ လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေသည်။
"ဒီလောကမှာ ဘယ်ဟာက အမှန်၊ ဘယ်ဟာက မကောင်းတာလဲ..."
ဟန်ဝူကျန်း ပါးစပ်ဟကာ ပြန်ဖြေလိုက်သည်။
"ငါတို့နဲ့ ငါတို့ရဲ့လမ်းစဥ်က ဖြောင့်မတ်တယ်၊ မင်းနဲ့ မင်းရဲ့လမ်းစဥ်က မကောင်းမှုပဲ... နတ်ဆိုးရဲ့လမ်းစဥ်ကို ကျင့်ကြံခြင်းက အသက်အန္တရာယ်ကို ထိခိုက်စေတယ်... နောက်ပြီး ကောင်းကင်နဲ့မြေကြီးက ခွင့်မပြုတဲ့ မကောင်းတဲ့လမ်းစဥ်ပဲ... အဲ့လမ်းစဉ်က မင်းလိုပဲ အမှောင်ထုထဲမှာ အမြဲနစ်မြှုပ်နေသင့်တယ်... မင်းကို ဒဏ္ဍာရီလာနတ်ဆိုးအဖြစ် တံဆိပ်ခတ်သတ်မှတ်ထားပေမဲ့ မင်းက အထီးကျန်ပြီး အဖော်မဲ့နေတုန်းပဲ..."
"အထီးကျန်ပြီး အဖော်မဲ့နေတယ်ပေါ့လေ..."
ချိပ်ပိတ်ခံနတ်ဆိုးက ဤစကားလုံးများ၏ အရသာကို မြည်းစမ်းနေပုံရသည်။ သူ၏ခရမ်းရောင်မျက်လုံးများက တရားသောလမ်းစဥ် ကျင့်ကြံသူများအပေါ် လှည့်ပတ်ကြည့်လိုက်ရာ လူများစွာက သူတို့၏ဆန္ဒကိုဆန့်ကျင်ပြီး တုန်လှုပ်သွားကြသည်။
"ငါက အထီးကျန်နေတဲ့သူ မဟုတ်သလို၊ နေ့ရက်တိုင်း အဆုံးမဲ့တဲ့အမှောင်ထုထဲမှာပဲ ကုန်ဆုံးနေတဲ့ အရှုံးသမားတစ်ယောက် ပိုလိုတောင် မဖြစ်နိုင်သေးတယ်... ဒါပေမယ့် မင်း အဲဒီလိုမျိုး နေချင်တယ်ဆိုရင်တော့ ငါ မင်းကို ခေါ်သွားပေးနိုင်တယ်..."
ဟန်ဝူကျန်း မျက်မှောင်ကြုတ်လိုက်သည်။
" ချိပ်ပိတ်ခံနတ်ဆိုး... မင်းလုပ်လိုက်တဲ့အရာက ကောင်းကင်ဘုံက တားမြစ်ထားတဲ့အရာပဲ... မင်း ဒီနေ့ ဒီနေရာမှာရပ်ပြီး ငါတို့အားလုံးကို မထီမဲ့မြင် ဆက်ဆံနိုင်ရင်တောင် အနာဂတ်မှာ မင်းက အကျဉ်းသားဖြစ်မလာဘူးလို့ မဆိုလိုဘူး..."
"အဲဒါက အရမ်းကောင်းတဲ့ ခြိမ်းခြောက်မှုပဲ၊ ဒါပေမယ့် အဲဒီနေ့ကို မင်း မြင်နိုင်မှာ မဟုတ်ဘူးလို့တော့ ငါထင်တယ်..."
ချိပ်ပိတ်ခံနတ်ဆိုးက သူ့နှုတ်ခမ်းကို ကွေးညွှတ်ပြီး လက်ဖျောက်တီးလိုက်ရာ ရုတ်တရက် ဟန်ဝူကျန်း ပါးစပ်အပြည့် သွေးများအန်ထွက်လာသည်။
အံ့အားသင့်စွာဖြင့် ဟန်ဝူကျန်း မျက်လုံးများ ပြူးကျယ်သွားသည်။ ဓားရှည်တစ်ချောင်းက သူ့ရင်ဘတ်ကိုဖြတ်သွားကာ ချောင်းဆိုးလိုက်ချိန်တွင် သွေးအနီရောင်များ သူ့အင်္ကျီပေါ်၌ စွန်းထင်းနေခဲ့သည်။ ဓားက သူ့သွေးကြောင့် အနီရောင်စွန်းထင်းနေပြီး သူ့ကိုယ်ပိုင်ဒေတာများ သိမ်းပိုက်ခံနေရသည်။ ဟန်ဝူကျန်း၏ စနစ်တစ်ခုလုံး ပြိုကျလုနီးပါးဖြစ်နေ၍ မယုံကြည်နိုင်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အေးစက်သော မျက်နှာထားဖြင့် ရွှယ်လင်ကို တွေ့လိုက်ရသည်။
"မင်း..."
ထိုသေးငယ်သော ဉာဏ်ရည်တုလေးက သူကိုယ်တိုင် လှုပ်ရှားနိုင်စွမ်းရှိလိမ့်မည် မဟုတ်ဟု မူလက သူ ထင်ထားခဲ့သည်။ သူ့သရုပ်မှန်ကို မြင်နိုင်မည်ဟုပင် မတွေးထားမိပေ။ သို့သော်လည်း အမှန်တွင် သူ့ဒေတာများအား မရပ်မနား လက်ခံစုဆောင်းနေသောအချက်ကြောင့် သူ လှည့်စားခံရကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
"ဆရာ... ကြမ်းတမ်းရက်စက်တဲ့ စကားတွေပြောတဲ့အချက်ကတော့ ဆရာလည်း တစ်ဖက်လူနဲ့ တူတူပါပဲ... ဆရာ တစ်ဖက်လူကို အရည်အချင်းညံ့ဖျင်းတယ်လို့ ပြောလို့မရဘူး... ဒီလိုမျိုးခြိမ်းခြောက်မှုတွေ လုပ်ပြီးတဲ့နောက်မှာတောင် သူက ဆရာ့ကိုလွှတ်ပေးလိမ့်မယ်လို့ ဘယ်နားကဘယ်လို ယုံကြည်လိုက်ရတာလဲ..."
ရွှယ်လင်က သူ့ကိုစိုက်ကြည့်နေပြီး သူ့မျက်လုံးများကလည်း အေးစက်နေခဲ့သည်။ အမှန်တွင်မူ ထိုအကြည့်က သူ့ကို ပထမဆုံးအကြိမ်ကြည့်လာစဉ်ကနှင့် ကွာခြားမှုမရှိပေ။ သို့သော် ၎င်းက သူ၏အကျင့်စရိုက်ဖြစ်ပြီး ထိုကဲ့သို့မွေးဖွားလာခြင်း ဖြစ်လိမ့်မည်ဟု ဟန်ဝူကျန်း အမြဲထင်ခဲ့မိသည်။ ရွှယ်လင် သူ့ကို ဆက်ကြည့်နေပြီး ရုတ်တရက် နှုတ်ခမ်းများကို ကွေးညွှတ်ကာ ရယ်လိုက်သည်။
"ဒါမှမဟုတ် ထွက်ပြေးဖို့ အခွင့်အရေးရမယ်လို့ ဆရာ ထင်ခဲ့တာလား... ပြီးရင် သူ့လိုမျိုးဖြစ်လာအောင် ကျွန်တော့်ကို စုပ်ယူပစ်မှာမလား..."
ဟန်ဝူကျန်း အသံထွက်လာပြီး ပါးစပ်အပြည့်သွေးများ ထွက်လာပြန်သည်။ စစ်မြေပြင်တစ်ခုလုံးက ရုတ်တရက် ပြင်းပြင်းထန်ထန် ဆူပူအုံကြွလာပြီး ထိုကဲ့သို့အရာမျိုး ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။ မည်သို့ပင်ဆိုစေကာမူ ဆရာကို သစ္စာဖောက်သည့်တပည့်၊ ထိုကဲ့သို့သောမြင်ကွင်းက အလွန်ကြည့်ကောင်းလှသည်။
ဓားတစ်သောင်းဂိုဏ်းခေါင်းဆောင်က ဒေါသအလွန်ထွက်နေပြီး မုတ်ဆိတ်မွေးများအား ဆွဲနုတ်လုနီးနီး ဖြစ်နေသည်။ သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ဒေါသထွက်ထွက်ဖြင့် အော်ပြောလိုက်သည်။
"ရှင်းထုံ... မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ... မင်းရဲ့ဆရာကို သစ္စာဖောက်ပြီး ဘိုးဘေးတွေကို ဖျက်ဆီးနေတာလား..."
"ငါ့ဆရာကို သစ္စာဖောက်ပြီး ဘိုးဘေးတွေကို ဖျက်ဆီးနေတယ်ပေါ့လေ..."
ရွှယ်လင် သူ့ခေါင်းကို လှည့်လိုက်သည့်အခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် ဆွဲဆောင်မှု ရှိလာသည်။ တရားသောလမ်းစဥ်မှ ဒေါသထွက်နေသူ အများအပြားက ထိုအပြုံးကြောင့် ရှက်သွေးဖြာသွားကြပြီး ကမန်းကတန်း ခေါင်းလှည့်ကာ သူ့ကို ဆက်မကြည့်ကြတော့ပေ။
"သူ့လိုလူက ငါ့ဆရာဖြစ်ထိုက်လို့လား..."
"မင်း မင်းရဲ့လမ်းစဥ်ကို သစ္စာဖောက်ဖို့ ကြိုးစားနေတာလား..."
"လမ်းစဥ်တဲ့လား..."
ရွှယ်လင် လှောင်ပြောင်ရယ်မောလိုက်သည်။
"ငါ့ရဲ့လမ်းစဥ်က ဖြောင့်မတ်သလား ဆိုးသလားဆိုတာ မင်း ဘယ်တော့မှ ဆွေးနွေးဖို့ အလှည့်ရောက်မှာ မဟုတ်ဘူး..."
သူ့လက်ထဲရှိ ဓားက တိုးတိုးလေးပြောလာသောကြောင့် အကူစနစ် အောင်မြင်သွားပြီဖြစ်ကြောင်း ရွှယ်လင် သိလိုက်သည်။ သူ ဓားကို တစ်ချက်တည်း ဆွဲထုတ်လိုက်သည့်အခါ ဟန်ဝူကျန်းထံမှ ထွက်လာသောသွေးများက ရွှယ်လင်၏အဖြူရောင်အဝတ်အစားများကို လုံးဝစွန်းထင်းသွားအောင် လုပ်နိုင်စွမ်းမရှိပေ။ သွေးစွန်းနေသည့်ဓားကို သူ့လက်ထဲတွင်ကိုင်ထားကာ အဖြူရောင်ဝတ်ရုံက သူ့အလိုလို လေထဲတွင်လွှင့်နေပြီး သူ၏ကျက်သရေရှိမှုနှင့် တုနှိုင်းမဲ့အလှတရားက ခါတိုင်းကဲ့သို့ပင်။ သို့သော် သူ့မျက်နှာပေါ်တွင် အနှစ်တစ်ထောင်ကြာအောင် တည်တံ့နေမည့် ရေခဲလွှာများမရှိတော့ပေ။ ကျန်နေခဲ့သည့်အရာက လူအများအား ရှက်သွေးဖြာစေနိုင်သည့် အပြုံးတစ်ပွင့်ပင်ဖြစ်သည်။
"ဖြောင့်မတ်တာဖြစ်ဖြစ် နတ်ဆိုးဆန်တာဖြစ်ဖြစ် အဲဒါက မင်းနဲ့ဘာဆိုင်လဲ..."
သူ့မေးခွန်းကို မည်သူမှ မဖြေနိုင်ပေ။ သူက သူ့ခွန်အားကို ဆက်ပြီး ဖုံးကွယ်မထားတော့ပေ။ သူ၏မြင့်တက်လာသော အရှိန်အဝါကြောင့် လူတိုင်း ထိတ်လန့်သွားခဲ့ပြီး ဒုတိယမြောက် ချိပ်ပိတ်ခံနတ်ဆိုးတစ်ကောင်ကဲ့သို့ သူ့အရည်အချင်းများကို သက်သေပြနိုင်သည့် သူ၏စွမ်းအားကို ပြသလာခဲ့သည်။
ထိုကဲ့သို့ပြင်းထန်သော ဖိအားအောက်တွင် မည်သူမျှ စကားမပြောနိုင်ပေ။
"အိုး..."
မြင်ကွင်း၏ အထက် ကောင်းကင်ယံတွင်ရှိနေသော ထိုလူက ပြဇာတ်တစ်ပုဒ်ကို ငုံ့ကြည့်နေပြီး မရယ်ဘဲမနေနိုင်တော့ပေ။
🦊🦊🦊