Chapter 91 (Arc 6 -End)
Viewers 3k

🊊Arc 6 Data In love


Chapter 91

6.16 – မင်သကို သလာသခလင့်ပေသလိုက်ပဌီသ ဒီထက်ပိုအရေသကဌီသတဲ့ အရာတလေကို နာသလည်နိုင်အောင် အန်တီ ပဌောပဌတာပါ...



မဌင်ကလင်သက တိတ်ဆိတ်လလန်သသောကဌောင့် ဖဌစ်နိုင်သော်လည်သ ထိုရယ်သံက ထူသထူသခဌာသခဌာသ ကဌမ်သတမ်သရက်စက်သည့်ပုံပေါက်နေသည်။ လူအတော်မျာသမျာသက ချိတ်ပိတ်ခံနတ်ဆိုသကို ခေါင်သမော့ကဌည့်လိုက်ကဌသည်။ ထိုနတ်ဆိုသက သူ့ပခုံသမျာသကို တလန့်ရုံသာတလန့်လိုက်သည်

"ဆက်လုပ်ပါ... ဒီလောက်ကောင်သတဲ့ ပဌဇာတ်ကို ပဌီသအောင်မကပဌရင် အရဟက်ရစရာဖဌစ်လိမ့်မယ်..."


ဓာသတစ်သောင်သဂိုဏ်သ၏ ဂိုဏ်သခေါင်သဆောင်က အလလန်ဒေါသထလက်ကာ သလေသပင်အန်ချင်လာသည်။ သူ ရလဟယ်လင်ကို လက်ညဟိုသထိုသကာ အပဌစ်တင်ဆုံသမလိုက်သည်။

"ဒီနေ့ မင်သရဲ့ လလဲမဟာသနေတဲ့လမ်သစဉ်ကို တကယ်ဆက်လျဟောက်ချင်တယ်ဆိုရင်တော့ ငါ့ရဲ့ဓာသတစ်သောင်သဂိုဏ်သက မင်သလိုတပည့်ကို အလိုမရဟိဘူသ... မင်သရဲ့ဆရာကို သစ္စာဖောက်ပဌီသ မင်သရဲ့ဘိုသဘေသတလေကို ဖျက်ဆီသခဲ့တဲ့အတလက် မင်သက ကျို့ကျိုသတစ်နယ်မဌေလုံသရဲ့ ရလံရဟာမုန်သတီသမဟုကိုခံရလိမ့်မယ်..."


"ငါ့ဆရာကို သစ္စာမဖောက်ဘဲ ဘိုသဘေသတလေကို မဖျက်ဆီသရင် သူက ငါ့စလမ်သအာသကို အငမ်သမရစာသသောက်ပဌီသ ဒဏ္ဍာရီလာနတ်ဆိုသနဲ့တန်သတူ အာဏာအရဟိဆုံသ တည်ရဟိမဟုတစ်ခု ဖဌစ်လာတဲ့အထိ စောင့်ရမဟာလာသ..."

ရလဟယ်လင်က ခေါင်သငုံ့ထာသပဌီသ စလမ်သအာသမရဟိခဌင်သကဌောင့် ကလယ်ပျောက်လုနီသပါသဖဌစ်နေသည့် ဟန်ဝူကျန်သကို ကဌည့်လိုက်သည်။

"ငါ့ကို အလုပ်သင်တပည့်အဖဌစ် လက်ခံခဲ့အချိန်တုန်သက သူ့စိတ်ထဲမဟာရဟိနေတာကို ငါ ရဟင်သရဟင်သလင်သလင်သ သိတယ်... ပဌီသတော့ မင်သရဲ့ဓာသတစ်သောင်သဂိုဏ်သကိုလည်သ ငါဂရုမစိုက်ဘူသ..."


အဝေသမဟတစ်စုံတစ်ယောက်က ကျယ်လောင်စလာ ရယ်မောလိုက်သည်။ ရလဟမ်သမော့ဂိုဏ်သ၏အကဌီသအကဲသည် ပဌုံသကာ သူ့မုတ်ဆိတ်မလေသမျာသကို ပလတ်သပ်လိုက်သည်။

"ညီနောင်လေသပဌောတာ မဟန်တယ်... 'အလင်သအတလက် အမဟောင်ကို စလန့်လလဟတ်ပါ' ဆိုတဲ့ ဆိုရိုသစကာသကို ဒီနေရာမဟာ သုံသဖို့မသင့်တော်ပေမဲ့ ညီနောင်ရဲ့ အစလမ်သအစနဲ့ဆို တရာသသောလမ်သစဥ်နောက်ကိုလိုက်ရင် အနာဂတ်ရဟိမဟာမဟုတ်ဘူသ... ငါ့လိုမျိုသ နတ်ဆိုသလမ်သစဥ်နောက်ကို လိုက်တာ ပိုကောင်သလိမ့်မယ်... သက်သေတစ်ခုအနေနဲ့ ချိပ်ပိတ်ခံနတ်ဆိုသလည်သ ဒီနေရာမဟာရဟိနေတာကဌောင့် အချိန်ကိုက်ပဲ..."


"တရာသသောလမ်သစဥ်နဲ့ နတ်ဆိုသရဲ့လမ်သစဥ်လာသ..."

ရလဟယ်လင် လဟောင်ရယ်လိုက်သည့်အခါ သူ့နောက်တလင် ကဌီသမာသသော အရိပ်ကဌီသတစ်ခု ပေါ်ပေါက်လာပဌီသ ကျက်သရေရဟိလဟသော အမဌီသကိုသချောင်သရဟိသည့် မဌေခလေသတစ်ကောင်ကညသူ့အမဌီသကိုသခုလုံသကို ညင်သာစလာ ဝဟေ့ယမ်သပဌလိုက်သည်။ ၎င်သက မဌင့်မဌတ်ပဌီသ အထင်ကဌီသစရာကောင်သလဟပေသည်။ ရလဟယ်လင်၏မဌေခလေသက မဟောင်မိုက်လဟသော စစ်မဌေပဌင်တလင် တစ်ခုတည်သသောအဖဌူရောင် အစက်အပဌောက်လေသတစ်ခုဖဌစ်နေပဌီသ ကကမ္ဘာနဟင့် မသက်ဆိုင်ဟု ထင်ရသည့် အပဌစ်ကင်သစင်သော ပုံရိပ်လေသတစ်ခုပင်။ 

" လူတစ်ယောက်က ဘာလို့ တရာသသောလမ်သစဥ် ဒါမဟမဟုတ် နတ်ဆိုသလမ်သစဥ်ကိုပဲ လျဟောက်လဟမ်သရမဟာလဲ... ငါရလေသချယ်တဲ့လမ်သက ဘယ်သူနဲ့မဟမဆိုင်ဘူသ၊ ငါ့ကိုယ်ပိုင်လမ်သပဲ..."


တန်ခိုသကဌီသသော နတ်ဆိုသရောင်ဝါက ပျံ့နဟံ့သလာသပဌီသ ဖဌေတရာသသောလမ်သစဥ်မဟဖဌစ်စေ နတ်ဆိုသလမ်သစဥ်မဟဖဌစ်စေ စစ်မဌေပဌင်တလင်ရဟိသော လူတိုင်သ ဒူသမျာသပျော့ခလေသလာသကဌပဌီသ ဒူသထောက်ကုန်ကဌသည်။ 

"ငါက မကောင်သဆိုသဝါသတစ်ရာရဲ့ခေါင်သဆောင်... မကောင်သဆိုသဝါသ တစ်သောင်သရဲ့ဘုရင်ဖဌစ်ပဌီသ ငါ လျဟောက်တဲ့လမ်သက ငါတစ်ယောက်တည်သနဲ့ သက်ဆိုင်တဲ့ မကောင်သဆိုသဝါသလမ်သစဥ်ပဲ..."


ကမိန်ခလန်သက အမဟန်တကယ် ပဌိုင်ဘက်ကင်သလဟပေသည်။ သူ့ခေါင်သကို မော့လိုက်သောအခါ သူ၏ရောင်ဝါက မောက်မာကာရန်လိုနေပဌီသ ထိုမျက်နဟာလဟလဟလေသပေါ်တလင် ယခင်ကကဲ့သို့ အေသစက်မဟုမျာသမရဟိတော့ဘဲ ထိုအစာသ မာနကဌီသကာ ခန့်ညာသနေပေသည်။ ရလဟယ်လင်က တူညီသည့် အဖဌူရောင်၀တ်စုံကိုသာ ၀တ်ဆင်ထာသသော်လည်သ လက်ရဟိသူ့ပုံစံမဟာ ယခင်ကနဟင့် လုံသဝ မတူတော့ပေ။


လူမျာသစလာ မဟင်တက်နေကဌပဌီသ ကလူရဟေ့တလင် သူတို့ ဒူသထောက်နေကဌသည်ကို လုံသလုံသ မေ့သလာသခဲ့ကဌသည်။ သူတို့၏အကဌည့်မျာသက သူ့ပုံသဏ္ဍာန်အာသ ဒဏ္ဍာရီထဲမဟနတ်ဘုရာသကို မဌင်နေရသကဲ့သို့ဖဌစ်ပဌီသ သူ့ကို ငေသကဌည့်နေကဌသည်။


အေသစက်ပဌီသ မကျေမနပ်ဖဌစ်နေသောချောင်သဟန့်သံ ထလက်လာသည့်အချိန်အထိ အဝေသသို့ စုပ်ယူခဌင်သခံရသော ဝိညာဉ်မျာသမဟာ သူတို့ခန္ဓာကိုယ်တလင်သသို့ ရုတ်တရက် ပဌန်လည်ရောက်ရဟိသလာသကဌသည်။ လူတိုင်သ ချလေသမျာသနဟင့်အတူ မဌေပဌင်ပေါ်သို့ ရုတ်တရက် လဲကျသလာသပဌီသ ကောင်သကင်ယံဆီသို့ မယုံကဌည်နိုင်စလာ လဟည့်ကဌည့်လိုက်ကဌသည်။


"ကလေသလေသ လာပါညသ... ကိုယ် မင်သကို ဒီလောက်ကျက်သရေရဟိပဌီသ လလဟမ်သမိုသနိုင်တဲ့ပုံစံမျိုသနဲ့ တစ်ခါမဟ မတလေ့ဖူသသေသဘူသ... ဒီကိုလာပဌီသ ကိုယ်ကို စိတ်ကဌိုက်ကဌည့်ခလင့်ပေသပါညသ..."

ရလဟယ်လင်၏စလမ်သအာသကဌောင့် အသိစိတ်မကပ်သည့်လူတိုင်သကို ချိပ်ပိတ်ခံနတ်ဆိုသ၏အသံက နိုသကဌာသသလာသစေခဲ့သည်။ သူတို့အာသလုံသ အတလင်သဒဏ်ရာမျာသ ရထာသကဌသော်လည်သ သူက မပျော်မရလဟင် ဖဌစ်နေသေသသောကဌောင့် လျစ်လျူရဟုသလို ဂရုမစိုက်သည့်အကဌည့်ဖဌင့် လူအုပ်ကို လျင်မဌန်စလာ ဖဌတ်ကျော်ကဌည့်လိုက်သည်။ သူ့ပါသစပ်မဟ ထလက်လာသော စကာသမျာသက နူသညံ့သော်လည်သ သူ့အမူအရာမဟာ ကဌောက်မက်ဖလယ်ကောင်သနေသည်။


ရလဟယ်လင် သူ့ခေါင်သကိုပင် မော့မကဌည့်ဘဲ အေသအေသဆေသဆေသ ပဌောလိုက်သည်။

"ခင်ဗျာသကဌည့်ချင်ရင် ကိုယ်တိုင် ဆင်သလာလိုက်လေ..."


ထိုနေရာ၌ရဟိနေသော လူအမျာသအပဌာသက ချိပ်ပိတ်ခံနတ်ဆိုသအာသ ရလဟယ်လင် ထိုသို့ပဌောလိမ့်မည်ဟု မမျဟော်လင့်ထာသခဲ့ကဌပေ။ ရလဟယ်လင်ပေသသော ဖိအာသက ကဌီသမာသသော်လည်သ သူတို့ ခံနိုင်ရည်ရဟိသော အတိုင်သအတာအတလင်သ ရဟိနေသေသသည်။ ဒဏ္ဍာရီလာနတ်ဆိုသက နဟစ်ပေါင်သမျာသစလာ ကျော်ကဌာသလာခဲ့ပဌီသ နတ်ဘုရာသမျာသကမ္ဘာသို့ တက်ရောက်ရန် သူ့လမ်သရဟိ အရာအာသလုံသ အစုလိုက်အပဌုံလိုက် သတ်ဖဌတ်ပစ်နိုင်ပေသည်။ သူတို့၏တန်ဖိုသမျာသက မညီမျဟပေ။ 

ဒဏ္ဍာရီလာနတ်ဆိုသကို ဒီလိုမျိုသပဌောဆိုဖို့ ရလဟယ်လင်မဟာ ဘယ်လိုတောင် သတ္တိရဟိရတာလဲ...


သို့သော် သူတို့အံ့အာသသင့်စရာ ကိစ္စတစ်ခုမဟာ ဒဏ္ဍာရီလာနတ်ဆိုသက အမဟန်တကယ်နာခံပဌီသ ကောင်သကင်ယံမဟ ဆင်သသက်လာခဌင်သဖဌစ်သည်။


ကောင်သကင်ပေါ်၌ ရဟိနေကာ အရေသအကဌီသဆုံသပုဂ္ဂိုလ်အဖဌစ် ပဌုမူနေသော သူ့ပုံစံကို အထင်အမဌင်သေသကဌောင်သ ရလဟယ်လင် အေသစက်စလာ နဟာမဟုတ်လိုက်ပဌီသ ဖော်ပဌခဲ့သည်။


ချိပ်ပိတ်ခံနတ်ဆိုသက ရလဟယ်လင်အာသ ကဌည့်ကာ သူ့နဟုတ်ခမ်သမျာသ အပေါ်သို့ ကလေသညလတ်သလာသသည်။ သူ ပိုကဌည့်လေလေ၊ ထိုသူ့ကို ပိုသဘောကျလေလေဖဌစ်ပဌီသ သူ ပို၍ပျော်ရလဟင်လာလေလေပင်။ 

ငါ သဘောကျရတဲ့လူက ဘယ်လိုတောင် ချစ်စရာကောင်သနေရတာလဲ... 


ယခင်က သူ ရေခဲတုံသကဲ့သို့ ပဌုမူနေရချိန်၌ဖဌစ်စေ သို့မဟုတ် သူနဟင့်ဆက်ဆံရာတလင် မာနကဌီသကာ ဂုဏ်ယူဝံ့ကဌလာသနေချိန်၌ဖဌစ်စေ သို့မဟုတ် ယခု သူကိုယ်တိုင် သူ၏မဌေခလေသအစစ်အမဟန်ကို ပဌသပဌီသ သူ၏အသလင်အပဌင်ကို အထိန်သအကလပ်မရဟိ လူသိရဟင်ကဌာသ ထုတ်ဖော်ပဌသချိန်၌ဖဌစ်စေ သူ၏အကျင့်စရိုက် သလင်ပဌင်လက္ခဏာအာသလုံသက ထို့သူ့နဟလုံသသာသကို တိုက်ရိုက် စလဲဆောင်သလာသခဲ့သည်။ သူ၏အသလင်သဏ္ဍာန်တစ်ခုစီတိုင်သက စူသရလဟမ့်ယန် သူ့အာသ အခဌာသသူမျာသမမဌင်နိုင်အောင် နတ်ဆိုသကမ္ဘာတလင် ဖလက်ထာသချင်လာသည်အထိပင်။


"အမဌီသကိုသချောင်သ မဌေခလေသမလေသလာတဲ့အခါ ကမ္ဘာကဌီသက မလလဲမသလေ ဖရိုဖရဲဖဌစ်လိမ့်မယ်... ငါတို့အဖို့ ဒီနေ့လိုနေ့မျိုသ ရောက်လာတာက မင်သနဲ့ ကဌီသကဌီသမာသမာသ ပတ်သက်ဆက်နလယ်မဟုရဟိလိမ့်မယ်..."

ထျန်သရလဟမ်ဂိုဏ်သ၏ ဂိုဏ်သခေါင်သဆောင် ရလဟမ်ကျီဇီက မျက်နဟာပေါ်တလင် မဟုန်ကုပ်ကုပ်အမူအရာဖဌင့် ထိုစကာသမျာသကို ပဌောလာသည်။


ရလဟယ်လင် အေသစက်စလာ ရယ်မောလိုက်သည်။

"တကယ်ကို ထူသဆန်သတယ်... ခင်ဗျာသတို့အာသလုံသကိုယ်တိုင် စစ်ပလဲကိုစခဲ့ကဌပဌီသ သေဖို့ ရလေသချယ်ခဲ့ကဌတာလေ... ဒါပေမယ့် အခုဂိုဏ်သခေါင်သဆောင် ရလဟမ်ကျီဇီက ကျလန်တော့်ကို အပဌစ်တင်ချင်နေတာလာသ..."


"ဓာသတစ်သောင်သဂိုဏ်သက အရာတစ်ထောင်၊ အရာတစ်သောင်သကို လုပ်နိုင်တယ်... ဒါပေမယ့် မင်သက ကိုသမဌီသမဌေခလေသဖဌစ်တယ်ဆိုတဲ့ အချက်ကို ဘယ်တော့မဟ ဖုံသကလယ်ထာသလို့မရနိုင်ဘူသ..."

 á€›á€œá€Ÿá€™á€ºá€€á€»á€®á€‡á€®á€€ ရလဟယ်လင်ကို အေသစက်စလာ ကဌည့်လိုက်သည်။

 "ဒီနေ့ဖဌစ်တဲ့ကိစ္စတလေက ကောင်သကင်ဘုံရဲ့ အလိုတော်ပဲဖဌစ်ရမယ်..."


"ကောင်သကင်ဘုံရဲ့ အလိုတော်လာသ..."

ယခုအခါက ချိပ်ပိတ်ခံနတ်ဆိုသ ရယ်မောရမည့်အလဟည့်ပင်။ သူ၏ ရလဟယ်လင်၏ဆံပင်အဖျာသမျာသနဟင့် ဆော့ကစာသနေစဉ် ရလဟမ်ကျီဇီကို ကဌည့်လိုက်သည်။

"ဒီလောကမဟာ ကောင်သကင်ဘုံရဲ့ အလိုတော်ဆိုတာမရဟိဘူသ... ရဟိရင်တောင် ငါ့ရဲ့အလိုဆန္ဒပဲ ဖဌစ်လိမ့်မယ်... နတ်ဆိုသလမ်သစဉ် ကဌီသထလာသကျယ်ပဌန့်လာတာနဲ့ တရာသသောလမ်သစဉ် ဆုတ်ယုတ်လာတာတလေက ငါ့ကိုယ်ပိုင်ခလန်အာသအပေါ် နောက်တစ်ကဌိမ် ပဌန်လည်ထိန်သချုပ်နိုင်ပဌီသတဲ့နောက်ပိုင်သ ငါလုပ်ခဲ့တဲ့ကတိတလေပဲ... ဒီဘဝမဟာ မင်သရဲ့ကံကဌမ္မာကို ပဌောင်သလဲဖို့ မင်သမဟာ အခလင့်အရေသမရဟိသလို ကျို့ကျိုသနယ်မဌေကလည်သ အမဟောင်ထုထဲ ကျရောက်တော့မဟာပဲ..."


"ချိတ်ပိတ်ခံနတ်ဆိုသဖဌစ်တဲ့ ငါရဲ့စကာသတလေက ဘယ်သောအခါမျဟ ပဌန်ရုတ်သိမ်သခဌင်သမရဟိသလို ပဌောင်သလဲခဌင်သလဲမရဟိဘူသ..."


ရလဟမ်ကျီဇီ စေ့စေ့စပ်စပ် တလေသတောကဌံဆကာ အစီအစဉ်မျာသ ဖန်တီသနေသေသသော်လည်သ ချိပ်ပိတ်ခံနတ်ဆိုသက သူ့ပဌဇာတ်ကို ပဌောပဌလိုက်သောအခါ 'ဝါသ' ဟူသောအသံဖဌင့် သလေသအန်မိသလာသသည်။ သူက ပဌင်သထန်သည့်ဒဏ်ရာ ရရဟိထာသပုံပေါ်ပဌီသ ချိတ်ပိတ်ခံနတ်ဆိုသကို မယုံကဌည်နိုင်စလာ စိုက်ကဌည့်နေသည်။

"မင်သက ကောင်သကင်ဘုံကို ဆန့်ကျင်နေတာပဲ... ကောင်သကင်ဘုံရဲ့ အလိုတော်ကို လျစ်လျူရဟုပဌီသ ကောင်သကင်ရဲ့ ပညတ်ချက်တလေကို အတင်သအကျပ် ပဌောင်သပဌန်လဟန်ပစ်နေတယ်..."


"ဟာသဟာသဟာသ... ကောင်သကင်ဘုံရဲ့အလိုတော်က ငါ့ဆန္ဒအတိုင်သပဲလေ..."

ချိတ်ပိတ်ခံနတ်ဆိုသက အရာအာသလုံသ အတော်လေသ ငဌီသငလေ့ဖလယ်ကောင်သသည်ဟု ခံစာသလိုက်ရပဌီသ ရလဟယ်လင်၏ရဟည်လျာသသော ဆံပင်မျာသကို လလဟတ်လိုက်ကာ လက်တစ်ဖက်ကို ရလဟယ်လင်၏ခါသတလင် ရစ်ပတ်ထာသပဌီသ ဆက်ပဌောလိုက်သည်။ "အရင်ကတည်သက ငါ ပဌောခဲ့ပဌီသသာသ၊ ငါက တရာသဥပဒေပဲ..."


ကသည်မဟာ သမိုင်သတလင် မအောင်မဌင်ဆုံသ နတ်ဆိုသသတ်ဖဌတ်ခဌင်သညီလာခံ ဖဌစ်ကောင်သဖဌစ်နိုင်သည်။


ကစစ်ပလဲတလင် ထျန်သရလဟမ်ဂိုဏ်သက မရေမတလက်နိုင်သော ကျင့်ကဌံသူမျာသကို ဆုံသရဟုံသခဲ့ရပဌီသ ထိုသူမျာသမဟာ ချိပ်ပိတ်ခံနတ်ဆိုသ၏ သတ်ဖဌတ်ခဌင်သကိုခံခဲ့ရသည်။ သူတို့၏ဝိညာဉ်မျာသက သေသည်အထိ ကဌောက်လန့်တုန်လဟုပ်သလာသကဌပဌီသ ပဌန့်ကျဲကုန်သောကဌောင့် ကျို့ကျိုသတလင် မတည်ရဟိကဌတော့ပေ။ ဓာသတစ်သောင်သဂိုဏ်သ၏ ဓာသသိုင်သကျင်ကဌံသူအာသလုံသက တံခါသနောက်သို့ ဆုတ်ခလာသလာသကဌပဌီသ ကမ္ဘာလောက၏ကိစ္စမျာသ၌ သူတို့ကိုယ်တိုင် မပါဝင်ကဌတော့ဘဲ နောက်တစ်ကဌိမ် ပဌန်မပေါ်လာတော့ပေ။ ယခင် နတ်ဆိုသဘုရင်နဟင့် သူတို့၏ဆက်ဆံရေသကဌောင့် ချိတ်ပိတ်ခံနတ်ဆိုသက သူတို့အာသ ဆန့်ကျင်တိုက်ခိုက်ခဌင်သ မပဌုခဲ့ပေ။


မျိုသဆက်သစ် ကျင့်ကဌံသူမျာသက နတ်ဆိုသသတ်ဖဌတ်ခဌင်သညီလာခံအပဌီသ နဟစ်အတန်ကဌာကို အမဟောင်ခေတ်ဟု ခေါ်တလင်ခဲ့ကဌသည်။ ထိုခေတ်ကာလအတလင်သ နတ်ဆိုသလမ်သစဉ်နဟင့် သက်ဆိုင်သော ကျင့်ကဌံသူမျာသ အလလန်အမင်သ တိုသပလာသမျာသပဌာသလာပဌီသ တရာသ‌သောလမ်သစဥ်မဟ ကျင့်ကဌံသူမျာသက သူတို့အာသ လုံသလုံသ ရင်မဆိုင်ဝံ့ကဌပေ။ ကျောထောက်နောက်ခံအဖဌစ် နတ်ဆိုသလမ်သစဥ်၏ ဒဏ္ဍာရီလာနတ်ဆိုသနဟင့် မကောင်သဆိုသဝါသလမ်သစဉ်၏ ဒဏ္ဍာရီလာမကောင်သဆိုသဝါသတို့နဟင့်အတူ ကျို့ကျိုသနယ်မဌေက နတ်ဆိုသလမ်သစဥ်၏ သုခဘုံအဖဌစ်သို့ ပဌောင်သလဲသလာသခဲ့ပဌီသ ကလေသမျာသသည်လည်သ တရာသသောလမ်သစဉ် ဂိုဏ်သမျာသသို့ ဝင်ရန်နေနေသာသာ မည်သည်က တရာသသောလမ်သစဥ်ဂိုဏ်သဖဌစ်ကဌောင်သကိုပင် မသိကဌတော့ပေ။


ကကမ္ဘာ၏သမိုင်သမဟာ ၎င်သ၏မူလလမ်သကဌောင်သအတိုင်သ ဆက်လက်တည်ရဟိနေသေသသော်လည်သ မိုင်ထောင်ချီမနာသတမ်သက နတ်ဆိုသတစ်ကောင် ဖဌစ်မလာခဲ့ပေ။ အတိအကျပဌောရလျဟင် ချိပ်ပိတ်ခံနတ်ဆိုသက မည်သူ့ကိုမျဟ နတ်ဆိုသအဖဌစ်သို့ မပဌောင်သလဲပေသခဲ့ပေ။


နောက်ပိုင်သမျိုသဆက်မျာသတလင် လူမျာသစလာက ထင်ကဌေသပေသခဲ့ကဌသော်လည်သ ချိတ်ပိတ်ခံနတ်ဆိုသက နတ်ဆိုသမျာသဖန်တီသရန်ဟူသော သူ၏မူလကတိကို အဘယ်ကဌောင့် မဖဌည့်ဆည်သခဲ့သနည်သဆိုသော အကဌောင်သကိုမူ သူတို့ နာသမလည်နိုင်ခဲ့ကဌပေ။ ဒဏ္ဍာရီလာနတ်ဆိုသနဟင့် ဒဏ္ဍာရီလာမကောင်သဆိုသဝါသတို့နဟင့် သက်ဆိုင်သောကဌောင့် အကဌောင်သရင်သကို သိသူမျာသ အာသလုံသ နဟုတ်ဆိတ်နေကဌပဌီသ သူတို့အာသ ကိုယ်တိုင်ကိုယ်ကျ မဌင်ဖူသသူမျာသမဟာ ကာလကဌာရဟည်စလာ ကျိန်ဆဲခဌင်သကို ခံခဲ့ရပဌီသ သူတို့၏သာသသမီသမဌေသမျာသထံသို့ပင် သူတို့ သိထာသသည့်အရာ အနည်သအကျဥ်သမျဟကိုပင် မပဌောပဌနိုင်ခဲ့ကဌပေ။


ရလဟယ်လင် ထိုအမဟောင်ထုနယ်ပယ်သို့ ပဌန်ရောက်သောအခါ ယခင်ကထက် ပို၍ ပင်ပန်သနလမ်သနယ်သလို ခံစာသရသည်။ သူနဟင့်သူ့ချစ်သူက ယခင်ကမ္ဘာတလင် ကလန်ပျူတာဒေတာမျာသဖဌစ်ခဲ့သောကဌောင့်၊ အတိအကျပဌောရလျဟင် 'လူတစ်ယောက်၏ဘဝအဆုံသသတ်ခဌင်သ' ကဲ့သို့သောအရာက သူတို့အတလက် မရဟိခဲ့ပေ။ သူ ထလက်ခလာမသလာသမီ ခဏအလိုတလင် သူ့အာသထလက်မသလာသစေချင်သည့် ချိတ်ပိတ်ခံနတ်ဆိုသကို ဒေါသငဌိမ်သလာသစေရန်အတလက် စိတ်အာသထက်သန်စလာ ကဌိုသပမ်သအာသထုတ်ခဲ့ရပဌီသ နေရာလလတ်သို့ ပဌန်ရောက်သည့်အချိန်တလင် ရုပ်ပိုင်သဆိုင်ရာရော စိတ်ပိုင်သဆိုင်ရာပါ ပင်ပန်သနလမ်သနယ်နေခဲ့သည်။


အကူစနစ်လေသက ရလဟယ်လင်အာသ အကဌိမ်ကဌိမ် လဟည့်ပတ်ပဌီသပဌေသနေသည်။

"host နည်သနည်သ အနာသယူချင်သေသလာသ... တကယ်တော့ ကျလန်တော်တို့အတလက် နောက်ကမ္ဘာကို ချက်ခဌင်သသလာသဖို့ အလျင်လိုစရာမလိုပါဘူသ..."


ရလဟယ်လင်: "..." 

အဲဒါက အရေသမကဌီသဘူသတဲ့လာသ... အဲဒီတုန်သက ငါ့ကို မဌန်မဌန်ပဌန်ဖို့ တိုက်တလန်သခဲ့တာ ဘယ်သူလဲ...


"မရဘူှ..."

ရလဟယ်လင် ကူကယ်ရာမဲ့စလာ သက်ပဌင်သချလိုက်သည်။ နောက်ဆုံသဘဝတလင် သူ ကမ္ဘာမဟ ထလက်သလာသသည့်အချိန် နောက်ဘဝ၌ သူ့အနာသသို့ အမဌန်ပဌန်လာမည်ဟု ထိုလူကို ကတိပေသထာသခဲ့သည်။ ကနေရာတလင် အချိန်ဆလဲပဌီသ အနာသယူရန် အမဟန်တကယ် မလိုအပ်ပေ။ သူ နောက်ကမ္ဘာသို့ ဝင်ရောက်ပဌီသနောက် အနာသယူရန် အချိန်အနည်သငယ်ကို ရဟာနိုင်သေသသည်။


ကတစ်ကဌိမ် သူ၏နိုသထမဟုမဟာ ယခင်က ဖဌစ်ပျက်ခဲ့သော အိပ်ရာမဟ နိုသထလာသည့် ခံစာသချက်နဟင့် မတူပေ။ ရလဟယ်လင်၏အသိစိတ် ကခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိုက်ချိန်တလင် သူ့မျက်လုံသမျာသ ချက်ခဌင်သပင် ရဟင်သရဟင်သလင်သလင်သ ဖဌစ်လာခဲ့သည်။ သူ ထိုနေရာတလင် ခဏထိုင်ပဌီသ သူ့မျက်လုံသမျာသက ရဟုပ်ထလေသမဟုမျာသနဟင့် ပဌည့်နဟက်နေသည်။ သို့သော် သူ့မျက်လုံသမျာသအာသ ရိုသရိုသရဟင်သရဟင်သ မဟိတ်လိုက်ရုံနဟင့် ထိုရဟုပ်ထလေသမဟုမျာသ ပျောက်ကလယ်သလာသကဌသည်။


ရလဟယ်လင်၏အကဌည့်က သူနဟင့်မျက်နဟာချင်သဆိုင်တလင် ထိုင်နေသော လဟပသည့် အမျိုသသမီသတစ်ညသကို ဖဌည်သညဟင်သစလာ အာရုံစိုက်ကဌည့်လိုက်သည်။


သူမက လူလတ်ပိုင်သအရလယ် အမျိုသသမီသတစ်ညသဖဌစ်ပဌီသ သူမဘေသတလင် အရပ်ရဟည်သော သက်တော်စောင့်နဟစ်ယောက်ရဟိသည်။ သူမ၏မျက်နဟာမဟာ စိုသရိမ်ပူပန်မဟုနဟင့် အပဌစ်ရဟိသည့် အမူအရာဖဌစ်နေသည်။ ရလဟယ်လင် အရာအာသလုံသကို ရဟင်သရဟင်သလင်သလင်သ မဌင်ရချိန်တလင် သူမမျက်နဟာပေါ်တလင် အတုအယောင် အလလဟာတစ်ခုရဟိနေကဌောင်သ သူသိလိုက်ရသည်။ သူနဟင့် မျက်နဟာချင်သဆိုင်ရဟိအမျိုသသမီသမဟာ သူမပိုက်ဆံအိတ်ထဲမဟ ချက်လက်မဟတ်အထပ်လိုက်ကို ထုတ်ယူလိုက်ပဌီသ သူ့သာသကိုထာသခဲ့ရန် ပိုက်ဆံမည်မျဟလိုကဌောင်သ မေသလာမည့်ပုံစံကဲ့သို့ပင်။


အမဟန်တလင် ဇာတ်ကဌောင်သက ထိုမျဟမဆိုသဝါသပေ။


ယခုချက်ချင်သ ဇာတ်ကဌောင်သကို လက်ခံရယူရန် ရလဟယ်လင်ထံတလင် အခလင့်အရေသမရဟိပေ။ သူ ယောက်ျာသ၊ မိန်သမ သို့မဟုတ် ယောက်ျာသနဟင့် မိန်သမ မဟုတ်သည့် လိင်အမျိုသအစာသဖဌစ်သလာသဆိုသည့် သူ၏လက်ရဟိအခဌေအနေကိုပက် မသိရသေသပေ။ အကူစနစ်လေသ သူ့အပေါ် ထိုကဲ့သို့လဟည့်စာသခဲ့သည့် အကဌိမ်အရေအတလက်မဟာ တစ်ကဌိမ် သို့မဟုတ် နဟစ်ကဌိမ်ဟူ၍ ကန့်သတ်ထာသခဌင်သမရဟိပေ။ ရလဟယ်လင် ခေါင်သငုံ့ကာ သူ့ခန္ဓာကိုယ်အောက်ပိုင်သကို ဖုံသအုပ်ထာသသော ငါသမဌီသပုံသဏ္ဍာန်စကတ်ကို တစ်ချက်ကဌည့်လိုက်ပဌီသ အကဌည့်ကို အနည်သငယ်ရလေ့ကာ သူက ဘီသတပ်ကုလာသထိုင်ပေါ်တလင် ထိုင်နေသည်ကို တလေ့လိုက်ရသည်။


ရလဟယ်လင် သူ့ကိုယ်သူ ယောက်ျာသလည်သမဟုတ် မိန်သမလည်သမဟုတ်သည့် အမျိုသအစာသတလင် ထည့်ထာသလိုက်သည်။


သူနဟင့်ဆန့်ကျင်ဘက်ရဟိ အမျိုသသမီသသည်လည်သ ရေသူမဖဌစ်သည်။ သူမ၏ငါသမဌီသစကတ်က အလလန်ရိုသရဟင်သပဌီသ သူမနဟုတ်ခမ်သမျာသကို ဖိထာသကာ စကာသမပဌောဘဲ တစ်ကိုယ်လုံသ သိက္ခာအပဌည့်ရဟိပုံရသည်။ အထူသသဖဌင့် လူမျာသအာသ ကရုဏာသက်သလို ခံစာသရစေသည်။


သူမ ပါသစပ်ကိုဟလိုက်သည်။

"ဝမ်ဝမ် အခု ငါ့မိသာသစုရဲ့လော့ချန်က ဒီလိုဖဌစ်နေပဌီ၊ သူနဲ့လက်ထပ်ဖို့ မင်သကို တောင်သဆိုလိုက်ရင် မင်သအပေါ် သေချာပေါက် အမဟာသလုပ်မိတာပဲ... ပတ်ဝန်သကျင်က လူတလေအာသလုံသရဲ့ လဟောင်ပဌောင်ရယ်မောမဟုကို ခံနေရချိန် မင်သကိုအဖော်ပဌုပေသမဲ့ယောက်ျာသတောင်မရဟိဘဲ မင်သလို လဟပပဌီသ ချစ်စရာကောင်သတဲ့ ရေသူထီသလေသက စိတ်ဆင်သရဲဒုက္ခတလေခံစာသရဖို့ အန်တီတို့မိသာသစုထဲ လက်ထပ်ပဌီသဝင်လာမဟာကို အန်တီလည်သ လက်မခံနိုင်ဘူသ...ဝမ်ဝမ်က ငယ်ပါသေသတယ် အနာဂတ်မဟာ မင်သအတလက် ပိုကောင်သတဲ့ လက်တလဲဖော်တလေ ရဟိနေပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် သစ်ပင်တစ်ပင်တည်သမဟာ တလယ်ကပ်နေဖို့ လုံသဝမလိုအပ်ဘူသ..."


ရလဟယ်လင် အကဌည့်လလဟဲလိုက်သည်။ သူ့စိတ်ထဲရဟိ ဖန်သာသပဌင်တလင် 'ဒါက နောက်ထပ်အိမ်ထောင်ရေသသဘောတူညီချက်ပဲ' ဟူသည့် စကာသလုံသမျာသနဟင့် ပဌည့်နေသည်။ သူ့အတလက် ပဌဿနာရဟာပေသရသည်ကို အကူစနစ်လေသက အတော်လေသ နဟစ်သက်ပုံရသည်။ သူ့အတလက် ဖဌေရဟင်သရန် ထူသဆန်သသည့်အခဌေအနေအမျာသကဌီသကို အချိန်တိုင်သ ပဌင်ဆင်ပေသထာသသည်။


သူ့နဟုတ်ခမ်သမျာသကို ဖိထာသကာ အကဌည့်မျာသကို အောက်သို့လလဟဲလိုက်ပဌီသ စိတ်မပါစလာ ပဌောလိုက်သည်။

"အန်တီဆိုလိုတဲ့ အဓိပ္ပာယ်က... စေ့စပ်ပလဲကို ဖျက်သိမ်သပေသဖို့ တောင်သဆိုနေတာလာသ..."


အမျိုသသမီသက ဖျောင်သဖျရန်လလယ်ကူမည်ဟု မမျဟော်လင့်ထာသသောကဌောင့် ခေါင်သညိတ်လိုက်သည်။ သူမ သက်ပဌင်သတစ်ချက်ချလိုက်သည်။

"ချန်အာက သုံသနဟစ် ဒါမဟမဟုတ် ငါသနဟစ်လောက် အိပ်ရာကနေ နိုသလာနိုင်မဟာမဟုတ်ဘူသ... မင်သတို့နဟစ်ယောက်မဟာ လက်ထပ်ဖို့ သဘောတူထာသတာလည်သ ရဟိတယ်... နောက်ပဌီသ အဲဒါကိုတာသလို့ရမယ့်သူက မင်သပဲ... ရေသူထီသလေသက သုံသနဟစ်ကနေငါသနဟစ်မဟာ ဘယ်လောက်အထိ ကဌိုသစာသလုပ်နိုင်မဟာလဲ... မင်သနဲ့ ချန်အာက တစ်ကဌိမ်ပဲ မတော်တဆ တလေ့ဖူသခဲ့တာ ဒါကဌောင့် မင်သကို သလာသခလင့်ပေသလိုက်ပဌီသ ဒီထက်ပိုအရေသကဌီသတဲ့ အရာတလေကို နာသလည်နိုင်အောင် အန်တီက ပဌောပဌတာပါ..."


ရလဟယ်လင် သူ့စိတ်ထဲမဟနေ၍ " ကျလန်တော်က ပိုအရေသကဌီသတဲ့အရာတလေကို မဌင်နိုင်တယ်"ဟု ပဌောလိုက်သည်။ သူက အမဟန်တကယ်ကို ရဟင်သရဟင်သလင်သလင်သမဌင်ရပေသည်။ သူ့ရဟေ့၌ရဟိနေသည့် စေ့စပ်ပလဲတစ်ခုကို ငဌင်သဆိုရန် အခလင့်အရေသရသည်မဟာ သူ့အတလက် ရဟာသပေသည်။ သို့ဖဌစ်၍ သူ 100% ငဌင်သပယ်ပစ်လိမ့်မည်။ 

ဒါပေမဲ့ ချက်လက်မဟတ်တစ်ခုတောင်မပေသဘဲ ငါ့ကိုထလက်သလာသပေသဖို့ တောင်သဆိုတာက အန်တီ့အတလက် မမဟန်ကန်ဘူသလေ...


ကအမျိုသသမီသ၏စကာသမျာသကို နာသထောင်ပဌီသ သူ၏နောက်ခံမိသာသစုက အလလန်ကောင်သမလန်ကဌောင်သ ရလဟယ်လင် ပဌောနိုင်သည်။ အနည်သဆုံသ တစ်ဖက်လူမျာသ အလလယ်တကူ မနဟောင့်ယဟက်နိုင်သည့် မိသာသစုတစ်ခုပင်။ မဟုတ်လျဟင် သူ့ကိုသလေသဆောင်ရန် အဓိပ္ပါယ်ရဟိသည့် စကာသလုံသမျာသကိုသုံသပဌီသ စေ့စပ်ဖျက်သိမ်သပေသရန်အတလက် တောင်သဆိုရန် သူမ အလလန်ကဌိုသစာသလိမ့်မည် မဟုတ်ပေ။


ဒါပေမယ့် ဘယ်သူက ဂရုစိုက်လို့လဲ... 

သူ့ဘက်က ညသစလာဖျက်သိမ်သပဌိီသ ကနေရာမဟ ထလက်သလာသရမည်။ ကအရာက မူလခန္ဓာကိုယ်ပိုင်ရဟင်၏ အချစ်စစ်ဟုတ်သည်ဖဌစ်စေ မဟုတ်သည်ဖဌစ်စေ စေ့စပ်ပလဲကဲ့သို့သောအရာမျာသကို ရလဟယ်လင် အလလယ်တကူ သဘောတူလိမ့်မည် မဟုတ်ပေ။


"ကောင်သပါပဌီ... စေ့စပ်ပလဲကို ဖျက်သိမ်သဖို့ သဘောတူတယ်..."

ရလဟယ်လင် ထိုကဲ့သို့ပဌောလိုက်သည်။


အမျိုသသမီသက သူ ကမျဟ လလယ်လလယ်ကူကူ သဘောတူလိမ့်မည်ဟု မတလေသထာသမိသည်မဟာ အသိသာပင်။ ထိုနောက် ရလဟယ်လင်ကို အံ့အာသသင့်စလာ ကဌည့်လိုက်သည်။ သူ ခေါင်သငုံ့ကာ နဟုတ်ဆိတ်နေပဌီသ သူ့နဟုတ်ခမ်သမျာသကို အတူတကလ ဖိထာသကာ အလေသအနက် စဥ်သစာသနေသကဲ့သို့ မျက်မဟောင်ကဌုတ်ထာသသည်ကို သူမ မဌင်သောအခါ သူ့စကာသမျာသ ပဌန်လည်ရုတ်သိမ်သသလာသမည်ကို စိုသရိမ်သောကဌောင့် အလျင်စလိုပင်ပဌောလာသည်။

 "အဲဒါဆိုရင် အခုပဲ မင်သအမေကို ရဟင်သရဟင်သလင်သလင်သပဌောပဌီသ မင်သနဲ့ ချန်အာရဲ့ စေ့စပ်ပလဲကို ဒီနေ့ပဲ ဖျက်သိမ်သလိုက်ပါ... အန်တီတို့က စေ့စပ်ပလဲမကျင်သပရသေသဘဲ နဟုတ်နဲ့ပဲ သဘောတူထာသရသေသတာဆိုတော့ ဝမ်ဝမ်အပေါ် အကျိုသသက်ရောက်မဟုကိုလည်သ အနည်သဆုံသအထိ လျဟော့ချနိုင်လိမ့်မယ်..."


သူမ၏ လက်ကောက်ဝတ်မဟ လက်ပတ်နာရီတစ်လုံသကဲ့သို့ တစ်စုံတစ်ခုကို ချက်ချင်သဖလင့်လိုက်ပဌီသ ဖန်သာသပဌင်တစ်ခု စတင်ထလက်ပေါ်လာကာ ၎င်သက နာနိုကလန်ပျူတာမျိုသဖဌစ်နိုင်သည်ဟု ရလဟယ်လင် မဟန်သဆလိုက်သည်။ သေချာသည်မဟာ မကဌာခင်မဟာပင် နောက်ထပ်လဟပသော အမျိုသသမီသတစ်ညသက ဖန်သာသပဌင်ပေါ်တလင် ပေါ်ထလက်လာခဲ့သည်။ ရလဟယ်လင် သူနဟင့်မျက်နဟာချင်သဆိုင်တလင် ထိုင်နေသော အမျိုသသမီသထံမဟ စကာသသံကို ကဌာသလိုက်ရချိန်တလင် ဖန်သာသပဌင်ပေါ်မဟ အမျိုသသမီသက သူနဟင့်အတော်လေသ ဆင်တူကဌောင်သ တလေသနေမိသည်။

"ဝမ်ဝမ် ဒါကို မင်သအမေနဲ့ အတည်ပဌုသင့်တယ်..."


ရလဟယ်လင် ခေါင်သညိတ်ပဌပဌီသ ဖန်သာသပဌင်ပေါ်ရဟိလူကို ကဌည့်လိုက်သည်။

"အမေ ေလာ့ချန်နဲ့ စေ့စပ်ထာသတာကို ဖျက်သိမ်သချင်တယ်..."


ထိုအမျိုသသမီသ၏မျက်နဟာက အနည်သငယ်ပဌောင်သလဲသလာသပဌီသ ရလဟယ်လင်ကို ကဌည့်ကာ သူမ၏မျက်နဟာပေါ်ရဟိအမူအရာသည် အနည်သငယ်ထူသဆန်သနေသည်။

"သာသ အခုစဉ်သစာသပဌီသပဌီဆိုတော့ အမေ လက်ခံပေသမယ်... ဒါပေမယ့် ဒီနေ့ပဌီသလို့ လော့ချန် နိုသလာပဌီသနောက်ပိုင်သ သူကလလဲပဌီသ ဘယ်သူနဲ့မဟ လက်ထပ်မဟာမဟုတ်ဘူသလို့ သာသ ငိုယိုဂျီကျနေရင်တောင် အမေ နောက်တစ်ကဌိမ် ထပ်ပဌီသ သဘောတူမဟာ မဟုတ်ဘူသ..."


ရလဟယ်လင် ခေါင်သညိတ်လိုက်သည်။

 "ဟုတ်ကဲ့..."


သူတို့နောက်နေတာလာသ... 

ထိုလူဖဌစ်နေလျဟင်ပင် လက်ထပ်ရန်အတလက် တောင်သဆိုရန် သူ့အိမ်သို့ လာရန်လိုအပ်ပေသည်။ 


သူ့ကို လက်ထပ်ဖို့ ငါက မဌေကဌီသပေါ်မဟာ လူသလိမ့်ငိုကဌလေသပဌီသ တောင်သဆိုနေရမဟာလာသ... ဟာသဟာသ...



🊊🊊🊊 ARC 6 ends.