Chapter 92 (Arc 7)
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 92 


7.1 – ၎င်သသည် ဇာတ်ဆောင်ရဟို့အတလက် လမ်သဖလင့်ပေသခဌင်သဟု မဆိုလိုပေ။



သူမ လိုချင်သည့်ရလဒ်မျာသ ရပဌီသနောက် ရလဟယ်လင်နဟင့် ခဏလောက် စကာသပဌောပဌီသ ထလက်သလာသခဲ့သည်။ ရလဟယ်လင် သူ့ထိုင်ခုံတလင် ထိုင်နေခဲ့ပဌီသ သူ့ရဟေ့ရဟိအချိုပလဲမျာသကို စိုက်ကဌည့်ကာ စိတ်ရဟုပ်ထလေသနေမိသည်။


ယခုအခါ သူ့လက်ကိုဆုပ်ကိုင်ထာသပဌီသ သူနဟင့်အတူ လိုက်ပါလာသည့် ကလေသမလေသတစ်ဦသသည် သူ့လုပ်ရပ်ကဌောင့် သူမ၏မကျေနပ်မဟုမျာသကို ဖော်ပဌနေသည်။ 


"သခင်လေသ မဒမ်လော့ရဲ့တောင်သဆိုမဟုကို ဘယ်လိုလုပ် သဘောတူနိုင်ရတာလဲ။ သူမက ဘယ်တုန်သကမဟ သခင်ငယ်လေသကို သဘောမကျခဲ့ဖူသဘူသ။ စေ့စပ်ကဌောင်သလမ်သတာကို သဘောတူပေသဖို့ လော့မိသာသစုကို သခင်လေသ တောင်သဆိုကတည်သက သူမက သခင်လေသကို အရမ်သမုန်သနေခဲ့တာ။ နောက်ဆုံသ သခင်လေသတောင်သဆိုတဲ့ စေ့စပ်ကဌောင်သလမ်သမဟုကို ရသလာသပဌီလေ။ ဒါကို အခု ဘာလို့ သခင်လေသရဲ့စိတ်က ထပ်ပဌီသပဌောင်သသလာသရပဌန်တာလဲ"


သူမ၏ဆူညံမဟုကဌောင့် ရလဟယ်လင် ခေါင်သပင် ကိုက်လာသည်။ သူ စာသပလဲပေါ်ရဟိ အချိုပလဲကို ရဟေ့သို့တလန်သပေသလိုက်ပဌီသ "အဲဒီနေရာမဟာ ထိုင်ပဌီသစာသနေ။ မင်သပါသစပ်ကို အစာသအစာတလေနဲ့ပဲ ဖဌည့်ထာသစမ်သပါ"


ကလေသမလေသသည် ဝမ်သနည်သစလာ နဟုတ်ခမ်သစူပဌပဌီသ သူမ၏ကဌီသမာသသောမျက်လုံသမျာသဖဌင့် အနည်သငယ် မျက်ဆံလဟန်ပဌလိုက်သည်။ ရလဟယ်လင်၏မျက်နဟာအမူအရာက အရုပ်ဆိုသသလာသပဌီသ သူ့မျက်လုံသမျာသအာသ မဟိတ်ထာသသည်ကို မဌင်လိုက်ရပဌီသ နောက်ဆုံသတလင် သူမ စာသသောက်ရန် နာနာခံခံဖဌင့် ထိုင်လိုက်သည်။


သခင်လေသသည် အမဟန်တကယ် ဒေါသထလက်နေပုံရသည်။ နောက်ဆုံသတလင် သူ့အနာဂတ် ယောက္ခမလောင်သ၏ အထင်အမဌင်သေသခဌင်သကို ခံခဲ့ရပဌီသ ခက်ခက်ခဲခဲရရဟိခဲ့သော အိမ်ထောင်ရေသစာချုပ်ကို ဖျက်သိမ်သဖို့ကိုတောင် သဘောတူလိုက်ပေပဌီ - 


သူတကယ်ကို ဝမ်သနည်သနေမဟာပဲ...


တကယ်တမ်သ ကမ္ဘာတိုင်သ၌ ဖဌစ်လေ့ရဟိသည့် သူ့ဇာတ်ကောင်၏ လိင်အမျိုသအစာသပဌဿနာကို ရလဟယ်လင် အကူစနစ်နဟင့် ဆလေသနလေသနေခဌင်သဖဌစ်သော်လည်သ အကူစနစ်သည် အထူသ အပဌစ်ကင်သစင်နေသည့်ပုံ ဖဌစ်နေသည်။


 "host ကိုပေသလိုက်တဲ့ ဒီအခဌေအနေက ဇာတ်လိုက်နဟစ်ယောက်ကို အနဟောင့်အယဟက်ပေသဖို့ အရမ်သသင့်တော်တယ်။ သူတို့ရဲ့ အခဌေအနေတလေနဲ့ အရမ်သဆက်စပ်နေလို့ လုံသဝ မဆိုသရလာသဘူသလို့ ခံစာသမိပဌီသ ရလေသလိုက်တာ။ ကျလန်တော့်က host အတလက် ရလဟေလက်ချောင်သ အကဌီသကဌီသကို ဖလင့်ပေသလိုက်တာတောင်~"


ရလဟယ်လင် မျက်ဆံလဟန်လိုက်ပဌီသ သူ့ကိုယ်ပိုင် အကူစနစ်ကို အာရုံစိုက်ရန်ပင် ပျင်သရိလလန်သနေသည်။ 


"ဇာတ်ကဌောင်သကို ပို့လိုက်" သူ ဇာတ်ကဌောင်သကို ဖတ်ပဌီသနောက် အကူစနစ်ကို သေသည်အထိ ရိုက်နဟက်ပစ်ချင်သလာသသည်။


ဖျက်သိမ်သရန် စိတ်အာသထက်သန်စလာ သဘောတူခဲ့သော လက်ထပ်စာချုပ်သည် ကကမ္ဘာတလင် သူ၏တာဝန်မျာသကို ပဌီသမဌောက်နိုင်စလမ်သအပေါ် ထိခိုက်စေလိမ့်မည်ကို သူလည်သ မသိခဲ့ပေ။


ကကမ္ဘာ၏အခဌေအနေမျာသသည် စံသတ်မဟတ်ထာသသော ABO အခဌေအနေမျာသနဟင့် အလလန်ကလာခဌာသခဌင်သမရဟိပေ။


 á€™á€Ÿá€”်ပေ၏၊ ရလဟယ်လင်၏အမဌင်အရ တတိယလိင်အမျိုသအစာသရဟိခဌင်သ သို့မဟုတ် သိပ္ပံပညာကိုကျော်လလန်ပဌီသ အမျိုသသာသမျာသ ကလေသယူခလင့်ရဟိသည့် အခဌေအနေမျာသသည် ABO နဟင့် ဆင်တူပေသည်။


သို့သော် သူ ကလေသ မလေသမပေသနိုင်သောကဌောင့် ကကမ္ဘာ၏ အခဌေခံကျသော အခဌေအနေမျာသအတလက် သာမန်ပင်ဖဌစ်သည်။


ကကမ္ဘာရဟိ လိင်အမျိုသအစာသသည် ABO လောကရဟိ လိင်အမျိုသအစာသမျာသကဲ့သို့ မရဟင်သလင်သပေ။ အခဌေခံအာသဖဌင့် ယောက်ျာသနဟင့် မိန်သမသာရဟိကဌပဌီသ အချို့သောပမာဏကသာ ရေသူမျာသ ဖဌစ်လာပေလိမ့်မည်။ 


မဟန်ပေသည်၊ ရေသူမျာသသည် လူသာသမျာသအတလက် မျိုသဆက်သစ် ရေသူမျာသကို မလေသထုတ်ပေသနိုင်စလမ်သရဟိပေသည်။


ကကမ္ဘာပေါ်ရဟိ သဘာဝအတိုင်သ ရေသူမျာသနဟင့် သဘာဝမဟုတ်သော ရေသူမျာသကဌာသတလင် ခဌာသနာသချက်တစ်ခုရဟိသည်။ သဘာဝအတိုင်သ ရေသူမမျာသ သို့မဟုတ် ရေသူထီသမျာသသည် ရလဟယ်လင်၏ လက်ရဟိခန္ဓာကိုယ်နဟင့် တူသောသူမျာသဖဌစ်သည် - သူတို့သည် ရေသူမျိုသနလယ်မျာသမဟ ဆင်သသက်လာကဌပဌီသ ဥမျာသမဟ ပေါက်ဖလာသလာကဌသည်။ သူတို့ 'မလေသဖလာသလာသောအခါ' သေသငယ်သောဥလေသမျာသအဖဌစ် ထလက်ပေါ်လာကဌသည်။ သဘာဝမဟုတ်သော ရေသူမျာသသည် လူတို့၏ခဌေထောက်မျာသကို ငါသအမဌီသအဖဌစ်အသလင်ပဌောင်သရန် 'သိပ္ပံနဟင့်နည်သပညာ' အပေါ် မဟီခိုအာသထာသခဲ့ကဌသူမျာသဖဌစ်သည်။ ရေသူမတစ်ကောင်ကို ဖန်တီသရန် မတူညီသောနည်သလမ်သနဟစ်ခုသည် ထလက်ပေါ်လာသော ရေသူမ၏မျိုသပလာသမဟုတန်ဖိုသကို ထိခိုက်စေသည်။


မဟန်ပေသည်။ ကကမ္ဘာပေါ်တလင် အမျိုသသမီသမျာသရဟိသော်လည်သ အချိန်ကဌာလာသည်နဟင့်အမျဟ မျိုသပလာသနိုင်စလမ်သ ဆုံသရဟုံသသလာသခဲ့ပဌီသဖဌစ်သည်။ ရေသူအဖဌစ်သို့ ပဌောင်သလဲမဟသာလျဟင် လူသာသမျာသအတလက် 'သဘာဝအတိုင်သ' မျိုသပလာသပေသနိုင်သည်။


ကထပ်တိုသလိင်အမျိုသအစာသကဌောင့် ကမ္ဘာပေါ်တလင် သာမန်လူမျာသ၊ မျိုသဆက်ဖဌန့်ဝေသူမျာသနဟင့် ရေသူမျာသဟူ၍ သုံသမျိုသခလဲခဌာသထာသသည်။ လူတိုင်သသည် ရေသူမျာသကို ကိုယ်ဝန်ရစေနိုင်သည် မဟုတ်ပေ။ သာမန်လူမျာသသည် သူတို့၏ဘဝတစ်လျဟောက်လုံသ ရေသူမ သို့မဟုတ် ရေသူထီသမျာသနဟင့် ထိတလေ့ဆက်ဆံခလင့်မရဟိပေ။ ယင်သအစာသ ထူသခဌာသသော စလမ်သရည်မျာသရဟိသည့် 'မျိုသဆက်ဖဌန့်ဝေသူမျာသ' သာ ရေသူမျာသကို ကိုယ်ဝန်ရစေနိုင်သူမျာသဖဌစ်သည်။ ကလူအမျိုသအစာသသုံသမျိုသ၏ ကိန်သဂဏန်သမျာသကို ကအချိုသဖဌင့် ရဟင်သပဌနိုင်သည်: မျိုသဆက်ဖဌန့်ဝေသူ လူညသရေသည် သာမန်လူညသရေ၏ ထက်ဝက်ခန့်ရဟိပဌီသ သဘာဝမဟုတ်သောရေသူမျာသနဟင့် သဘာဝအတိုင်သရေသူမျာသ၏ နဟစ်မျိုသပေါင်သအရေအတလက်သည် မျိုသဆက်ဖဌန့်ဝေသူ အရေအတလက်၏ ထက်ဝက်ဖဌစ်သည်။


ကနည်သဖဌင့် တလက်ချက်ကဌည့်လျဟင် ရေသူမျာသသည် သေချာပေါက် အဖိုသတန်လဟသည်။ ထို့အပဌင် စေ့စပ်ပလဲကို ဖဌတ်သိမ်သပေသရန် တောင်သဆိုသည့်အချိန်တုန်သက ထိုအမျိုသသမီသ အရမ်သသတိထာသနေခဲ့ခဌင်သသည် အံ့သဌစရာတော့ မဟုတ်ပေ။


ကခန္ဓာကိုယ်၏ မူလပိုင်ရဟင်သည် ယန်ချီဝမ်ဟု အမည်ရပေသည်။ သူသည် မဌို့စာသမင်သအိမ်တော်၏ မလေသစာသသာသဖဌစ်ပဌီသ သန့်စင်မလန်မဌတ်စလာ ကဌီသပဌင်သလာပဌီသ စံပဌနမူနာအဖဌစ် လေ့ကျင့်ခဲ့သော ရေသူသခင်ငယ်လေသဖဌစ်သည်။ အမျိုသသမီသတစ်ယောက်ကဲ့သို့ အကာအကလယ်အောက်တလင် ကဌီသပဌင်သလာခဲ့ပဌီသ ကမ္ဘာကဌီသအကဌောင်သ မသိခဲ့ပေ။ သူ၏ အသက်ဆယ့်ရဟစ်နဟစ်မဌောက်မလေသနေ့ပလဲ၌ အဓိကဇာတ်ဆောင်gong လော့ချန်နဟင့် ပထမဆုံသအကဌိမ်တလေ့ဆုံခဲ့ပဌီသ၊ ၎င်သသည် တစ်ဘဝလုံသစာ အမဟာသတစ်ခု၏အစပင်ဖဌစ်သည်။


သူသည် အမဌောက်စာ ဇာတ်ကောင်နဟင့်မတူသည့် အမဌောက်စာ ဇာတ်ကောင်ဖဌစ်သည်။ ကအခဌေအနေသည် ဇာတ်ဆောင်ကုန်သ ရဟို့တို့နဟင့် ဆက်ဆံရန် အထူသသင့်လျော်သည်ဟု အကူစနစ် ပဌောရသည့် အကဌောင်သရင်သမဟာ အလလန်ရိုသရဟင်သပေသည်။ အဘယ်ကဌောင့်ဆိုသော် မူလခန္ဓါကိုယ်ပိုင်ရဟင်သည် ဇာတ်လမ်သ၏အဓိကဇာတ်ကဌောင်သကို အစပဌုခဲ့သော အဓိကပုဂ္ဂိုလ်ဖဌစ်သောကဌောင့်ပင်။


လလန်ခဲ့သော ဆယ့်ရဟစ်နဟစ်ခန့်က မဌို့စာသကတော်သည် ရေသူဥတစ်လုံသကို ဥခဲ့ပဌီသ သူမ၏အငယ်ဆုံသသာသလေသကို သူမ၏အသက်ထက်ပင် ပိုချစ်မဌတ်နိုသခဲ့သည်။ သို့သော် ပင်လယ်သို့ ခရီသထလက်စဉ် ရေသူဥသည် အခိုသခံလိုက်ရသည်။ မဌို့စာသကဌီသသည် ထိုဥကိုရဟာဖလေရန် လူအင်အာသအမျာသအပဌာသကို တာဝန်ပေသခဲ့သော်လည်သ သူတို့မိသာသစု သခင်ငယ်လေသ၏ခဌေရာလေသတစ်ခုကိုပင် ရဟာမတလေ့ခဲ့ပေ။ ထိုအစာသ သူတို့သည် ကမ်သခဌေကနေ သေအံ့ဆဲဆဲ ရေသူဥတစ်လုံသကို ရဟာတလေ့သလာသပဌီသ ကောက်ယူလာခဲ့သည်။


သူမ၏သာသအငယ်ဆုံသကို ဆုံသရဟုံသခဲ့ရသော မဌို့စာသကတော်သည် သူမ၏စိတ်ပိုင်သဆိုင်ရာ အစာသထိုသအဖဌစ် ထိုရေသူဥလေသကို တာဝန်ယူကာ ဂရုစိုက်ပေသခဲ့သည်။ ငါသလအကဌာတလင် ထိုဥလေသမဟ အနက်ရောင်နဟင့် ရလဟေရောင်အမဌီသပါရဟိသော သေသငယ်သော ရေသူကလေသလေသတစ်ဦသ ပေါက်ဖလာသလာခဲ့သည်။ ထိုရေသူကလေသလေသကို ယန်ချီဝမ်ဟု နာမည်ပေသခဲ့ပဌီသ မဌို့စာသအိမ်တော်၏ အငယ်ဆုံသသာသလေသ ဖဌစ်လာခဲ့သည်။


စိတ်ပိုင်သဆိုင်ရာ အစာသထိုသတစ်ခုရဟိသော်လည်သ မဌို့စာသကတော်သည် သူမ၏သာသအရင်သကို ရဟာတလေ့ရန် မျဟော်လင့်ချက်ရဟိနေဆဲပင်။ပျောက်ကလယ်သလာသခဲ့သော ရေသူဥလေသမဟ ပေါက်ဖလာသလာသည့် ရေသူကလေသလေသသည် ထုံသစံအတိုင်သ အဓိကဇာတ်ဆောင် ရဟို့ပင်ဖဌစ်သည်။


ယန်ချီဝမ် အသက် ဆယ့်ရဟစ်နဟစ်ပဌည့်သလာသသော်လည်သ သူသည် နုံအကာ ကာကလယ်ဂရုစိုက်ပေသခံရမဟုအပဌည့်နဟင့် ဘာမဟမသိနာသမလည်သေသပေ။ သူ၏အသက်ဆယ့်ရဟစ်နဟစ်မဌောက်မလေသနေ့အတလက် မဌို့စာသအိမ်တော်တလင် ကျင်သပသော ညစာစာသပလဲ၌ သူသည် အဓိကဇာတ်ဆောင်ကုန်သဖဌစ်သည့် လော့ချန်ကို မဌင်မဌင်ချင်သ ချစ်မိသလာသခဲ့သည်။ သူမဟလလဲ၍ အခဌာသမည်သူ့ကိုမဟ လက်ထပ်မည်မဟုတ်ကဌောင်သ ငိုယိုကာ ဂျီကျခဲ့သည်။


လော့ချန်သည် မကဌာသေသမီနဟစ်မျာသအတလင်သ မျာသစလာအောင်မဌင်လာခဲ့သော စစ်သာသတစ်ယောက်ဖဌစ်သည်။


ထိုသူသည် သူ၏အသက်မလေသဝမ်သကဌောင်သအတလက် အဆက်မပဌတ်ကဌိုသစာသနေပဌီသ ဖဌောင့်မဟန်ကာ လေသနက်လဟသည်။ ယခုအချိန်တလင် မိသာသစုတစ်ခုကို စတင်မတည်ထောင်ချင်သေသသလို၊ အခုလေသတင် အရလယ်ရောက်လာသော ရေသူတစ်ယောက်နဟင့် လက်ထပ်ရန်လည်သ မလိုလာသခဲ့ပေ။ အဘယ်ကဌောင့်ဆိုသော် သူ့ဘဝတက်လမ်သမျာသကို နည်သပါသစေသောကဌောင့်ဖဌစ်သည်။ သို့သော် မဌို့စာသအိမ်တော်သည် အာဏာကဌီသမာသသည်။ ထို့အပဌင် မဌို့စာသကတော်သည် မလေသကတည်သက ဂရုတစိုက်ပဌုစုစောင့်ရဟောက်ခဲ့သော ရေသူလေသ၏ ငိုယိုအော်ဟစ်နေခဌင်သကို ခံနိုင်ရည်မရဟိသောကဌောင့် သူတို့နဟစ်ယောက် လက်ထပ်ဖို့ သေချာစေသည့် နည်သလမ်သကိုရဟာရန်သာ မဌို့စာသမင်သအာသ တောင်သဆိုနိုင်သည်။


ကံမကောင်သစလာပင် စေ့စပ်ပလဲအခမ်သအနာသမကျင်သပမီ မကဌာသေသမီက သူ၏မစ်ရဟင်အတလင်သ မတော်တဆမဟုတစ်ခုကဌောင့် လော့ချန် မေ့မဌောသလာသခဲ့သည်။ သူ မေ့မဌောနေခဌင်သမဟ လုံသဝ နိုသမလာခဌင်သလည်သ ဖဌစ်နိုင်ကဌောင်သ ဆေသရုံမဟ အတည်ပဌုခဲ့သည်။ ထိုသို့မဟုတ်လျဟင် သူ ကကဌီသမာသသောအန္တရာယ်မဟ လလတ်မဌောက်ပဌီသ SSS အဆင့်ရဟိ မျိုသဆက်ဖဌန့်ဝေသူ ဖဌစ်လာနိုင်သည်။ သူနိုသလာလျဟင် အရာရဟိမျာသသည် ရာထူသတိုသပေသကဌလိမ့်မည်။ ဗိုလ်ချုပ်တစ်ဦသဖဌစ်လာခဌင်သသည် ပဌဿနာမဟုတ်သလို၊ စစ်ဦသစီသချုပ်ဖဌစ်လာလျဟင်တောင် ဘာမဟဖဌစ်လိမ့်မည်မဟုတ်သော်လည်သ ၎င်သတို့သည် အိပ်မက်မျဟသာဖဌစ်သည်။ အမဟန်ပင်၊ နိဂုံသချုပ်အနေဖဌင့် သူ နိုသထလာရန် လိုပေသည်။


ကခန္ဓာကိုယ်၏ မူလပိုင်ရဟင်သည် သူ့ချစ်သူ အသက်မရဟင်မည်ကို စိတ်မပူခဲ့ပေ။ ထို့ကဌောင့် သူ၏စေ့စပ်ပလဲကို ဖျက်သိမ်သပေသရန် မဒမ်လို့ တောင်သဆိုလာသောအခါ ပဌတ်ပဌတ်သာသသာသ ငဌင်သဆိုခဲ့သည်။ သို့သော် မူလပိုင်ရဟင်သည် အလလန်နုံအပဌီသ လဟည့်စာသရန် လလယ်ကူသောကဌောင့် မဒမ်လော့က သူ့ကို သဘောမကျပေ။ မဒမ်လော့သည် အဓိကဇာတ်ဆောင်ရဟို့နဟင့် အလလန်ရင်သနဟီသသော ဆက်ဆံရေသရဟိရုံသာမက သူမ၏စိတ်ထဲတလင် ယန်ချီဝမ်လိုလူမျိုသကိုလက်ထပ်ခဌင်သသည် သူမ၏သာသအတလက် လုံသဝအထောက်အကူ ဖဌစ်မည်မဟုတ်ကဌောင်သ တလေသနေမိသည်။ ထို့အပဌင် ဇာတ်ဆောင်ရဟို့ကို သူ့ချလေသမဖဌစ်လာစေရန် အမဌဲလိုလာသခဲ့သည်။ ထို့ကဌောင့် မူလခန္ဓါကိုယ်ပိုင်ရဟင်ကို လာရောက်ဆလေသနလေသရန် ဖိတ်ခေါ်ရာ၌ သူမသည် အလလန်ကဌိုသစာသအာသထုတ်ခဲ့သည်။


ယင်သသို့ဖိတ်ကဌာသမဟုအတလင်သ မတော်တဆမဟုလည်သ ဖဌစ်ပလာသခဲ့သည်။ မူလခန္ဓါယ်ကိုယ်ပိုင်ရဟင်သည် လော့ချန်ကို တလေ့ရရန် အမဌဲတောင်သဆိုနေပဌီသ သူ့အနာသတလင်ရဟိနေချင်သော်လည်သ လော့ချန်အပေါ်ထာသရဟိသည့် မူလပိုင်ရဟင်၏ စလဲလမ်သစိတ်ကို ပျက်ပဌာသစေရန် မဒမ်လော့သည် အကဌောင်သပဌချက်မျိုသစုံနဟင့် ဆင်ခဌေမျိုသစုံပေသကာ အမဌဲငဌင်သဆိုခဲ့သည်။ ထပ်ခါတလဲလဲ ငဌင်သဆိုမဟုမျာသကဌောင့် မဒမ်လော့ သူ့အပေါ် မကျေမနပ်ဖဌစ်နေကဌောင်သ မူလပိုင်ရဟင် နာသလည်သလာသခဲ့သည်။ 


ထိုကဲ့သို့သော ဖဌစ်ရပ်တစ်ခုအတလင်သ မဒမ်လော့၏ အေသစက်မဟုနဟင့် သူ့အပေါ် လျစ်လျူရဟုမဟုမျာသကို သည်သမခံနိုင်တော့ပေ။ ထို့ကဌောင့် သူ၏ကိုယ်ရံတော်မျာသမပါဘဲ ထလက်လာခဲ့သည်။ ထို့နောက် ပဌန်ပေသဆလဲခံခဲ့ရသည်။


မူလပိုင်ရဟင်တလင် အလလန်အံ့ဩဖလယ်ကောင်သသော ခန္ဓာကိုယ်ရဟိသည်။ သူ့အမဌီသကို လူသာသခဌေထောက်မျာသအဖဌစ် သူဆန္ဒရဟိသလို ပဌောင်သလဲနိုင်သည်။ သို့သော် ငယ်ငယ်ကတည်သက ရေသူတစ်ယောက်အဖဌစ် ပဌုစုပျိုသထောင်ခဌင်သခံခဲ့ရသောကဌောင့် မူလခန္ဓာကိုယ်ပိုင်ရဟင်သည် ၎င်သကို အရည်အချင်သတစ်ရပ်အဖဌစ် မမဟတ်ယူခဲ့ပေ။ ယင်သအစာသ သူသည် ကဌောက်မက်ဖလယ်ကောင်သသော ဘီလူသတစ်ကောင်ဖဌစ်ပဌီသ ကောင်သမလန်သော ရေသူတစ်ယောက် မဟုတ်ဘူသဟုသာ ခံစာသခဲ့ရသည်။ အဘယ်ကဌောင့်ဆိုသော် ရေသူတစ်ယောက်သည် ဘယ်သောအခါမျဟ ခဌေတစ်စုံရဟိလိမ့်မည် မဟုတ်သောကဌောင့်ပင်။ ထို့ကဌောင့် သူသည် ကအချက်ကို အမဌဲဖုံသကလယ်ထာသခဲ့ပဌီသ ကအကဌောင်သကို သူ့အာသ အရမ်သချစ်ပေသခဲ့သော မဌို့စာသကတော် မဆိုထာသနဟင့် အခဌာသမည်သူကိုမျဟ ပေသမသိခဲ့ပေ။ ထို့အပဌင် ကလျဟို့ဝဟက်ချက်လေသကဌောင့် သူ ပဌန်ပေသဆလဲခံရသည်။


ပဌန်ပေသဆလဲသူမျာသသည် လျဟို့ဝဟက်စလာလုပ်ကိုင်ကဌသော ရေသူသုတေသနဓာတ်ခလဲခန်သမဟ အဖလဲ့ဝင်မျာသဖဌစ်သည်။ သူတို့သည် ရေသူ၏သမိုင်သကဌောင်သကို လေ့လာခဲ့ကဌပဌီသ ရေသူ၏ဇာစ်မဌစ်ကို သိရဟိလိုကဌသည်။ ရေသူမျာသ ပိုမိုဖန်တီသရန်နဟင့် အရမ်သကဌိုသစာသအာသထုတ်ရန်မလိုဘဲ လူ့အသိုင်သအဝိုင်သကို ကဌီသပလာသလာအောင်ပဌုလုပ်ရန် နည်သလမ်သရဟိမရဟိကို သိချင်ကဌပဌီသ မျိုသပလာသရန် အလလန်အမင်သ ကဌိုသစာသလုပ်ဆောင်နေခဲ့သည်။


လလန်ခဲ့သော ဆယ့်ရဟစ်နဟစ်ခန့်က ရေသူသုတေသနဓာတ်ခလဲခန်သသည် ပင်လယ်ရေနက်ပိုင်သ ရေသူမျာသကို ရဟာဖလေတလေ့ရဟိခဲ့သည်။ ပင်လယ်ရေနက်ပိုင်သ ရေသူမျာသသည် ကမ်သခဌေပေါ်သို့ မလာရောက်ကဌသောကဌောင့် သူတို့သည် ပင်လယ်ရေနက် ရေသူမျာသထံမဟ ဥမျာသကို ခိုသယူခဲ့ကဌသည်။ သို့သော် မမျဟော်လင့်ထာသသော အခဌေအနေမျာသကဌောင့် ပင်လယ်ရေနက်ပိုင်သ ရေသူမျာသ၏ နောက်ကလိုက်ဖမ်သခဌင်သမဟ လလတ်မဌောက်ရန်အတလက် သူတို့သည် ထိုဥကို ကမ်သခဌေတလင် ဝဟက်ထာသခဲ့ကဌသည်။ ထို့နောက်... သူမသာသကို လာရဟာသော မဌို့စာသကတော်က ရဟာတလေ့သလာသခဲ့သည်။


ထိုဥသည် ယန်ချီဝမ်ပင်ဖဌစ်သည်။


ရေသူဓာတ်ခလဲခန်သမဟ လူမျာသသည် သူ့ကို ရဟာတလေ့ရန် ဆယ်နဟစ်ကျော် ကဌိုသစာသခဲ့ရသည်။ သူတို့သည် သူ့ကိုပဌန်ပေသဆလဲရန် ကဌံစည်ကာ မပဌီသဆုံသနိုင်သော အစီအစဉ်မျာသကို စနစ်တကျပဌုစုခဲ့ကဌသည်။ သူတို့အတလက် အခလင့်အရေသတစ်ခု ဖန်တီသပေသပဌီသ သူတို့အလိုရဟိသော သုတေသနပစ်မဟတ်ကို ချောချောမလေ့မလေ့ ရရဟိစေခဲ့သည့် မဒမ်လော့ကိုပင် ကျေသဇူသတင်ခဲ့ကဌသည်။


ထို့နောက်တလင် ဇာတ်ကဌောင်သသည် လုံသဝ ဇာတ်ရဟိန်တက်လာသည်ဟု ယူဆနိုင်သည်။ ယန်ချီဝမ် ပျောက်ဆုံသသလာသပဌီသနောက် မဌို့စာသကဌီသသည် မဒမ်လော့ကို စစ်ဆေသမေသမဌန်သခဲ့သည်။ ထို့နောက်အဓိကဇာတ်ဆောင်ကုန် နိုသလာကာ ဇာတ်ဆောင်ရဟို့သည်လည်သ ထိုအရဟုပ်အထလေသထဲတလင် ရောနဟောပါဝင်သလာသပဌီသ ဇာတ်လမ်သသည် အမဟန်တကယ် စတင်လာခဲ့သည်။ သို့သော် ယန်ချီဝမ်သည် ပဌဇာတ်တလင် လုံသဝပါဝင်မလာတော့ပေ။


ပဌောရန်မလိုအောင်ပင် အချိန်အတော်ကဌာပဌီသနောက် ဇာတ်ဆောင်ကုန်သသည် ရေသူဓာတ်ခလဲခန်သကို နောက်ဆုံသ၌ ဖျက်ဆီသနိုင်ခဲ့သည်။ ထို့နောက် ဝေဒနာမျာသကို သည်သခံနိုင်စလမ်သမရဟိသောကဌောင့် မိမိကိုယ်ကိုသတ်သေသလာသခဲ့သည့် ယန်ချီဝမ်၏သတင်သကို ရဟာဖလေတလေ့ရဟိခဲ့သည်။ သူ့အာသ အောက်မေ့သတိရကာ ဝမ်သနည်သကဌေကလဲကဌသည့် ပဌဇာတ်အမျိုသအစာသအဖဌစ် ယူဆနိုင်သည်။


သူ့အာသ ဇာတ်ကလက်တစ်ခုလုံသ၏ စမဟတ်အဖဌစ် မဟတ်ယူနိုင်သည်။ သူ၏ပဌန်ပေသဆလဲခံရမဟုသည် ဇာတ်ဆောင်ကုန်သနဟင့် ရဟို့တို့ကို အချင်သချင်သတလေ့ဆုံနိုင်စေရန် ကူညီပေသခဲ့ပဌီသ မဌို့စာသကတော်သည်လည်သ သူမ၏သာသအရင်သကို ရဟာတလေ့စေခဲ့သည်။ သူ၏သေဆုံသမဟုသည် သမုဒ္ဒရာတစ်ခုလုံသရဟိ နေထိုင်သူအာသလုံသကို တုန်လဟုပ်သလာသစေခဲ့ပဌီသ ပင်လယ်ရေနက်ပိုင်သ ရေသူမမျာသနဟင့် လူသာသမျာသကဌာသ ပဌင်သထန်သော ပဋိပက္ခမျာသနဟင့် တိုက်ပလဲမျာသ ဖဌစ်ပလာသစေခဲ့သည်။ စစ်ပလဲသည် ဇာတ်ဆောင်ကုန်သအာသ ရာထူသတက်ရန်နဟင့် ဝင်ငလေတိုသရန် အခလင့်အလမ်သမျာသပေသခဲ့ပဌီသ သူ၏ဘဝ၏အထလတ်အထိပ်သို့ရောက်ရဟိကာ 'မလန်မဌတ်သော မိခင်' ရဟို့သည် သူ၏ရလဟေလက်ချောင်သစလမ်သရည်ကို ဖလင့်ကာ နောက်ဆုံသတလင် လူမျိုသစုနဟစ်ခုကဌာသ ကလဲလလဲမဟုမျာသကို စေ့စပ်ညဟိနဟိုင်သကာ ဖဌေရဟင်သပေသခဲ့သောကဌောင့် ပို၍ထင်ပေါ်ကျော်ကဌာသလာခဲ့သည်။


ဂုဏ်သိက္ခါရဟိစလာ အသက်ရဟင်ခဌင်သနဟင့် မဌင့်မဌတ်စလာ သေဆုံသခဌင်သပင်။


🊊🊊🊊