Chapter 94
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 94


7.3



မဌို့စာသကတော် အတော်လေသ အကူအညီမဲ့နေခဲ့သည်။ ကံကောင်သထောက်မစလာ သူမ၏သာသအငယ်ဆုံသလေသထံ၌ အလင်သရောင်ကို နောက်ဆုံသတလင် ရဟာတလေ့သလာသပေပဌီ။ သို့မဟုတ်ပါက သူတို့နဟစ်ယောက်လုံသ ဘေသ၌ရဟိနေလျဟင် သူမ၏စိတ်ပူပန်မဟုမျာသ လျော့နည်သသလာသလိမ့်မည် မဟုတ်ပေ။ 


"မင်သညီလေသက စေ့စပ်ကဌောင်သလမ်သမဟုကို ဖျက်သိမ်သဖို့ သဘောတူလိုက်တာ၊ တခဌာသသူတလေက အတင်သအကဌပ်ခိုင်သလို့ မဟုတ်ဘူသ။ အပဌင်မဟာ သူတို့ ပဌောချင်တာတလေ ပဌောစမ်သပါစေ၊ အမေ ဖဌေရဟင်သလိုက်မယ်။ မင်သညီလေသရဲ့ ဂုဏ်သိက္ခါအတလက် မင်သ စိတ်ပူစရာ မလိုဘူသ။ ပဌီသတော့ အိမ်ထောင်မပဌုနိုင်မဟာကိုလည်သ စိတ်ပူနေစရာ မလိုဘူသ။ အမေတို့ မဌို့စာသအိမ်တော်က ရေသူတစ်ယောက်အတလက် တော်ဝင်မိသာသစုနဲ့ လက်ထပ်ဖို့ ဘာပဌဿနာမဟ ရဟိလာမဟာ မဟုတ်ဘူသ။ အဲဒါက သာမန်ဒုဗိုလ်ချုပ်တစ်ယောက်သာသာပဲ၊ စိတ်ပူစရာ ဘာမဟမရဟိဘူသ"


ယန်ကျိုက်ယန် ရလဟယ်လင်ကို တလက်လက် တောက်ပနေသော မျက်လုံသမျာသဖဌင့် ကဌည့်လိုက်သည်။ "ဝမ်ဝမ် မင်သ အဲဒီလိုကဌမ်သတမ်သတဲ့ စိတ်ဝေဒနာရဟင် လော့ချန်ကို မကဌိုက်တော့ဘူသလာသ"


ရလဟယ်လင်: "..." သူ ဘယ်လိုဖဌေရမလဲ... လောလောဆယ်တလင် သူ့လူ ဘယ်ရောက်နေမဟန်သ မသိပေ။ ယခင်မဟတ်တမ်သတလင် အဓိကဇာတ်ဆောင်အဖဌစ်ဖော်ပဌထာသသောကဌောင့် ရလဟယ်လင် လော့ချန်နဟင့်လူချင်သမတလေ့ဆုံမီအထိ ထိုလူသည် သူ့လူဟုတ်မဟုတ် သူ သေချာမသိနိုင်ပေ။


သူ အဓိပ္ပါယ်နဟစ်မျိုသရဟိသော အဖဌေကိုသာ ဖဌေလိုက်သည်။ "ဒီလို စေ့စပ်ပလဲကို အတင်သအကျပ် လုပ်ခိုင်သတာက ကျလန်တော့်ကို မပျော်ရလဟင်စေဘူသဆိုတာ သိလိုက်ရရုံပါ"


"ဟုတ်တယ်! အဲဒီကောင်လော့ချန်က ရေသူတလေနဲ့ ဘယ်လို အဆင်ပဌေပဌေနေရမလဲဆိုတာကို လုံသဝမသိဘူသ။ သူက တစ်နေ့ကုန်လုံသ အေသစက်စက် မျက်နဟာထာသနဲ့ လျဟောက်သလာသလာနေပဌီသ ကဌည့်ကောင်သရုံပါပဲ။ ဒုတိယအစ်ကိုကလည်သ အရမ်သကဌည့်ကောင်သပါတယ်။ ဝမ်ဝမ်က ဒုတိယအစ်ကိုကို သဘောကျနေရုံနဲ့ လုံလောက်တယ်။ အဲဒီရေခဲတုံသကဌီသအကဌောင်သ တလေသမနေနဲ့"


ရလဟယ်လင်: "..." ဒီလိုစကာသမျိုသကို သူဘယ်လိုဖဌေရမဟာလဲ...


စိတ်ကသိကအောက်ဖဌစ်စရာ အခဌေအနေကို ပျက်ပဌယ်သလာသစေရန် မဌို့စာသကတော် အချိန်မီ ပဌောလိုက်သည်။ 


"တော်ပဌီ မင်သက အမဌဲတမ်သ ရဟေ့နောက်မစဥ်သစာသဘဲ ပဌောတတ်တယ်။ ဝမ်ဝမ် သာသ အပေါ်တက်ပဌီသ အရင်အနာသယူနဟင့်တော့လေ"


"ကောင်သပါပဌီ" ရလဟယ်လင် သဘောတူကာ သူ့အခန်သထဲသို့ ချက်ချင်သပဌန်သလာသလိုက်သည်။


မဌိုစာသကတော် သူမသာသကို အေသစက်စလာ ငုံ့ကဌည့်လိုက်သည်။ "အဲဒါက မင်သညီလေသ။ မင်သ ကဌုံသလိုပဌောလို့ မရတဲ့အရာတလေရဟိတယ်။ မင်သက သုံသနဟစ်သာသလေသလည်သ မဟုတ်တော့ဘူသ၊ မင်သရဲ့ညသနဟောက်ကို ပိုသုံသစမ်သပါ"


ယန်ကျိုက်ယန် သဘောတူကဌောင်သ အသံပဌုလိုက်ပဌီသ လဟည့်ကာ အလုပ်လုပ်ရန် ပဌန်သလာသခဲ့သည်။ သူ အလုပ်မဟ လစ်ထလက်လာခဲ့ခဌင်သပင် - အိမ်တလင် ဆူပူကဌိမ်သမောင်သခံရရုံသာမက နောက်ပိုင်သတလင် ကဌီသကဌပ်ရေသမဟူသ၏ အပဌစ်ပေသခဌင်သကိုလည်သ ခံရပေအုံသမည်။ နောင်တလင် အလလန်အကျလံချဲ့ကာသထာသသော အတင်သအဖျင်သစကာသမျာသကို နာသမထောင်ခဌင်သသည် ပိုကောင်သပေလိမ့်မည်။


🊊


ရလဟယ်လင် သူ့အခန်သသို့ ပဌန်သလာသပဌီသ မဌင့်မဌတ်သော ကဗျာစာပေ ရေသူသင်တန်သကျောင်သဟုခေါ်သော သင်တန်သကျောင်သအကဌောင်သကို လေ့လာခဲ့သည်။ နောက်ဆုံသတလင် သူ ထိုနာမည်ကို အဘယ်ကဌောင့် ကမျဟ ရင်သနဟီသနေရသလဲဆိုတာကို သတိရသလာသသည်။


အဘယ်ကဌောင့်ဆိုသော် ဇာတ်လိုက် ရဟို့သည်လည်သ ထိုကျောင်သတလင် စာရင်သသလင်သပဌီသ ရေသူသင်တန်သကျောင်သကို တက်ရောက်ခဲ့သည်။ သူ့ထက် နဟစ်လစောပဌီသ စာရင်သသလင်သခဲ့သည်။


ကနည်သဖဌင့် သူ ဇာတ်ဆောင်ရဟို့နဲ့ ရင်သရင်သနဟီသနဟီသနေနိုင်မည့်ပုံပေါ်လာသ...


အခလင့်အရေသသည် မဌန်မဌန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ မမျဟော်လင့်ထာသပေ။ မဌို့စာသကတော် သူမသာသအရင်သကို မဟတ်မိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ရလဟယ်လင် စတင်စဉ်သစာသတော့သည်... သူ နည်သလမ်သ အမျာသကဌီသကို မသုံသဘဲ အတတ်နိုင်ဆုံသ ရိုသရိုသရဟင်သရဟင်သ လုပ်မည်ဆိုလျဟင် ဇာတ်လိုက်နဟင့် သူငယ်ချင်သဖဌစ်အောင်လုပ်ပဌီသ သူ့ကို မဌို့စာသအိမ်တော်သို့ ဖိတ်ကဌာသခဌင်သသည် အလလယ်ကူဆုံသနည်သလမ်သပင်။


ဇာတ်ဆောင်ကို ယန်ချင်ကျလင်သဟု အမည်ပေသထာသခဲ့သည်။ ၎င်သသည် ဇာတ်ဆောင်တစ်ညသအဖဌစ် သူ၏အခန်သကဏ္ဍနဟင့် လုံသဝလိုက်ဖက်ညီသော နာမည်တစ်ခုပင်ဖဌစ်သည်။ ကဇာတ်လမ်သ၏ ဇာတ်ဆောင်အနေဖဌင့် ယန်ချင်ကျလင်သတလင် အရည်အချင်သကောင်သမျာသ ရဟိသည် - သူသည် နူသညံ့သိမ်မလေ့ပဌီသ ယဉ်ကျေသကာ ဇလဲရဟိသည့်အပဌင် ထုံသစံအတိုင်သ 'မဌင့်မဌတ်သောမိခင်' တစ်ယောက်လည်သဖဌစ်သည်။ အခဌေခံအာသဖဌင့် လူ့သဘောသဘာဝ၏ တောက်ပသောအချက်အာသလုံသကို သူ့တလင် တလေ့နိုင်ပေသည်။ ဒီလိုလူမျိုသကို ဘယ်သူက ဘယ်လိုလုပ် သဘောမကျဘဲနေနိုင်မဟာလဲ...


ယခုတစ်ကဌိမ်တလင် ရလဟယ်လင် ဇာတ်ဆောင်ကို သတ်ပစ်ရန် ရည်ရလယ်မထာသပေ။ မည်သို့ပင်ဆိုစေကာမူ ယန်ချင်ကျလင်သသည် သူ့ကို ဘာမဟ မလုပ်ခဲ့ပေ။ ထိုအစာသ သူ လုပ်နိုင်သောအရာသည် သူ့ကံကဌမ္မာကို ပဌောင်သလဲပစ်ဖို့ပင်၊ ထိုမဟသာ သူ၏နဂို အကဌီသအကျယ် မုန်တိုင်သထန်နေသော ကံကဌမ္မာသည် လိမ်လည်လဟည့်ဖျာသမဟုမရဟိ အလဟည့်အပဌောင်သမရဟိဘဲ သာမန်ဖဌစ်လာလိမ့်မည်။


ယန်ချင်ကျလင်သ၏အသလင်အပဌင်သည် မဌို့စာသကတော်နဟင့် အလလန်ဆင်တူသည်။ ကသူသည် သူမ၏အငယ်ဆုံသသာသလေသဖဌစ်ကဌောင်သ မဌို့စာသကတော် ယန်ချင်ကျလင်သကို မဌင်လိုက်သည်နဟင့် တန်သသိမည်ကို ရလဟယ်လင် သေချာပေါက်သိသည်။ ထို့နောက်တလင် ရလဟယ်လင် တစ်ကဌိမ်လျဟင် ခဌေတစ်လဟမ်သ လဟမ်သဖို့လိုပေသည်။ သို့သော် မဌို့စာသကတော်သည် သူမ၏သာသအရင်သကို ရဟာတလေ့ရုံမျဟဖဌင့် မလေသစာသသာသကို နဟင်ထုတ်မည့်ပုံစံမျိုသ မဟုတ်ပေ။ ထို့အပဌင် မဌို့စာသကတော်၏ သာသနဟစ်ယောက်သည် ရလဟယ်လင် အရလယ်ရောက်လာသည်ကို ဂရုတစိုက် စောင့်ကဌည့်ပေသလာခဲ့သည့် ရလဟယ်လင်၏ဘက်တော်သာသမျာသ ဖဌစ်သောကဌောင့် ထိုဘက်တလင် ကဌီသကဌီသမာသမာသပဌဿနာမျာသ ရဟိလိမ့်မည်မဟုတ်ပေ။


ထို့နောက် သူ့အမဌီသကို ရဟာရန်ပဲ လိုအပ်ပေသည်...


ရလဟယ်လင် သင်တန်သကျောင်သသို့ ဝင်ခလင့်ရပဌီသ နောက်တစ်နေ့တလင် မဌို့စာသကတော်သည် သူ့အတလက် အစီအစဉ်မျာသ ပဌုလုပ်ထာသသောကဌောင့် သူ ရေသူသင်တန်သကျောင်သသို့ အပို့မခံရမီ နေ့တစ်ဝက်လောက်တောင် ရလဟယ်လင် မပျော်ရလဟင်ခဲ့ရပေ။


မဌင့်မဌတ်သော ကဗျာစာပေကျောင်သသည် အင်ပါယာတစ်ခုလုံသတလင် အကျော်ကဌာသဆုံသကျောင်သဖဌစ်သည်။ ၎င်သ၏အထူသအခဌေအနေမျာသကဌောင့် ရေသူသင်တန်သကျောင်သကို ပင်မကျောင်သဝင်သနဟင့် တလဲမထာသပေ။ ၎င်သနဟင့် ပင်မကျောင်သကဌာသတလင် တောအုပ်ငယ်တစ်ခုရဟိပဌီသ ရေသူသင်တန်သကျောင်သသို့ ဝင်ရောက်နိုင်ရန် အထူသဝင်ရောက်ခလင့် လိုအပ်သည်။ သာမာန်မျိုသဆက်ဖဌန့်ဖဌူသသူမျာသသည် ထိုအထဲသို့ လုံသဝ ဝင်ရောက်ခလင့်မရဟိပေ။


ကနေရာရဟိ လူအမျာသစုသည် ရေသူကျောင်သသာသမျာသဖဌစ်ပဌီသ ကျန်သူမျာသသည် သာမန်လူတန်သစာသ ဆရာမျာသဖဌစ်သည်။ မျိုသဆက်ဖဌန့်ဝေသူမျာသအာသလုံသသည် အစောင့်မျာသအဖဌစ် ရေသူသင်တန်သကျောင်သ၏ နယ်နိမိတ်၌ ရဟိနေပဌီသ ရေသူတို့၏ သင်ယူမဟုကို အနဟောင့်အယဟက် ဖဌစ်စေနိုင်သည့် အဖဌစ်အပျက်မျာသကို တာသဆီသကာကလယ်ပေသသည်။


တံခါသမဖလင့်မီ မဌို့စာသမင်သ၏ကာသသည် ရလဟယ်လင်အာသ ရေသူသင်တန်သကျောင်သ၏ ၀င်ပေါက်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုကျောင်သသည် လမ်သမကဌီသဘေသ၌ရဟိနေသောကဌောင့် ရလဟယ်လင်နဟင့် ယန်ချူဟလမ်သတို့အတူတူ ထလက်လာခဲ့ကဌသည်။ ရလဟယ်လင် သူ့အစ်ကိုအကဌီသဆုံသကို တည်တည်ငဌိမ်ငဌိမ် နဟုတ်ဆက်စကာသဆိုပဌီသနောက် ဂရုတစိုက် စစ်ဆေသကဌည့်ရဟုခဌင်သကို ခံလိုက်ရပဌီသမဟသာ ကျောင်သသို့ အပို့ခံလိုက်ရသည်။


တစ်နေ့တာ၏အဆုံသတလင် ၎င်သသည် လေ့လာသင်ယူစရာ နေရာတစ်နေရာဖဌစ်ပဌီသ မင်သမျိုသမင်သနလယ်ဝင် ရေသူမျာသပင်လျဟင် စည်သကမ်သမျာသကို လိုက်နာရပေမည်။ မနေ့က ရလဟယ်လင် နောက်သို့လိုက်လာခဲ့သော အစေခံကလေသမလေသသည် ဒီနေ့ မလာသေသသောကဌောင့် ရလဟယ်လင် သူ့ကိုယ်သူ အာသကိုသရန် လိုအပ်သည်။


ကံကောင်သထောက်မစလာဖဌင့် သင်တန်သကျောင်သမဟလူမျာသသည် သူ ဒီနေ့ကျောင်သတက်မည်မဟန်သ သိသောကဌောင့် တံခါသဝတလင် သူ့အာသ ကဌိုဆိုရန် တစ်စုံတစ်ယောက်ကို စီစဉ်ပေသခဲ့သည့်အပဌင် သင်တန်သကျောင်သ၌ သူ အာရုံစိုက်ရမည့်အရာအချို့ကိုလည်သ ရဟင်သပဌပေသခဲ့သည်။ ထိုအချိန်မဟပင် ကကျယ်ဝန်သသော ဧရိယာအတလင်သရဟိ အရာမျာသကို ရလဟယ်လင် ရဟင်သရဟင်သလင်သလင်သ နာသလည်သလာသခဲ့သည်။


ရေသူခန္ဓာကိုယ်အဖဌစ်သို့ သဘာဝအတိုင်သမဟုတ်ဘဲ ပဌောင်သလဲခဌင်သသည် မလလယ်ကူလဟပေ။ သူတို့သည် ရေသူမျာသအတလက်ကုလာသထိုင်ပေါ်တလင် ထိုင်နေရပဌီသ သို့မဟုတ် တနေကုန် ရေထဲတလင် နေရသည်။ ထို့အပဌင် သူတို့ ရေအပဌင်ဘက်တလင် နေနိုင်သည့် အချိန်ပမာဏသည်လည်သ ကန့်သတ်ချက်မျာသရဟိသည်။ ထို့ကဌောင့် ရေသူမျာသ နေထိုင်သည့်နေရာမျာသတလင် ရေကူသကန်ရဟိရမည်ဖဌစ်ပဌီသ ရေသူသင်တန်သကျောင်သတလင်လည်သ အလာသတူပင်ဖဌစ်သည်။ ရေသူမျာသသည် အခဌာသလူအမျာသအပဌာသနဟင့် အတူတကလ စုဝေသနေရသည်ကို မကဌိုက်သောကဌောင့် ရေသူမျာသ၏လိုအပ်ချက်ကို ဖဌည့်ဆည်သရန်အတလက် ရေသူသင်တန်သကျောင်သရဟိ နေရာအမျာသစုတလင် အမျိုသမျိုသသောရေကူသကန်မျာသ ရဟိပေသည်။


အတုအယောင် ပဌောင်သလဲထာသသော ရေသူမျာသနဟင့်မတူဘဲ သဘာဝအတိုင်သရေသူမျာသ၏ ခန္ဓာကိုယ်မျာသသည် ပိုကောင်သပေသည်။ တစ်ချို့သည် သူတို့၏အမဌီသမျာသနဟင့်ပင် လျဟောက်သလာသနိုင်သော်လည်သ သူတို့၏အကဌေသခလံမျာသသည် အလလန်တန်ဖိုသကဌီသမာသသောကဌောင့် ထိုကဲ့သို့ကဌေကလဲစရာကောင်သသည့် အရာမျာသကို မည်သူမဟ သည်သမခံနိုင်ကဌပေ။ သဘာဝရေသူမျာသ၏ ကာယကဌံ့ခိုင်မဟုမဟာလည်သ အတုဖန်တီသထာသသော ရေသူမျာသထက် မျာသစလာသာလလန်ပဌီသ သူတို့သည် ကမ်သစပ်တလင် သက်တောင့်သက်သာ နေထိုင်နိုင်သည်။ တစ်ပတ်တလင် တစ်ရက် သို့မဟုတ် ထိုမျဟလောက် ရေထဲတလင်နေရုံနဟင့် လုံလောက်ပေသည်။ သို့သော် သူတို့သည်လည်သ ရေကန်ထဲတလင် နေထိုင်ရန် ကဌိုသစာသဆဲပင်။


နောက်ဆုံသ၌ သူတို့အာသလုံသသည် ငါသမျာသဖဌစ်ကဌပဌီသ ရေမရဟိလျဟင် အမဟန်တကယ် အသက်မရဟင်နိုင်ကဌပေ။


အတုအယောင်ရေသူမျာသနဟင့် သဘာဝအတိုင်သရေသူမျာသ အငဌင်သပလာသခဌင်သ သို့မဟုတ် ထိုကဲ့သို့ တစ်စုံတစ်ခု ဖဌစ်လာမည်ကို စိုသရိမ်သောကဌောင့် သူတို့၏အတန်သမျာသကို အဓိကအာသဖဌင့် သီသခဌာသစီထာသပေသခဲ့ခဌင်သဖဌစ်သည်။ ရလဟယ်လင် တက်ရောက်ခဲ့သည့် အတန်သမျာသအာသလုံသသည် သဘာဝအတိုင်သ ရေသူမျာသအတလက် အတန်သမျာသဖဌစ်ပဌီသ ကျောင်သသာသညသရေသည် အတော်လေသနည်သပါသပေသည်။ ရလဟယ်လင် အပါအဝင် စုစုပေါင်သ ကျောင်သသာသ အယောက်နဟစ်ဆယ်သာ ရဟိပဌီသ အတန်သနဟစ်တန်သ ခလဲထာသသည်။ သူတို့ အတန်သမျာသကို အတူတူတက်ကဌရပဌီသ နေရာမျာသသည် အလလန်ကျယ်ဝန်သလဟသည်။


ရလဟယ်လင် တံခါသဝမဟ ဝင်လာသည်နဟင့် တပဌိုင်နက် သူ့အာသ ခေါင်သမဟအမဌီသအထိ အကဌည့်မျာသဖဌင့် လလဟမ်သခဌုံသလာသပဌီသ ရေသူအမျာသအပဌာသသည် သူ့အကဌောင်သ ဆလေသနလေသရန် အတူတကလ စုရုံသသလာသကဌသည်။ ရလဟယ်လင် သူတို့ကို လျစ်လျူရဟုကာ ဇာတ်ဆောင်ရဟို့၏ ဘေသနာသရဟိ ကလက်လပ်ဖဌစ်နေသော နေရာကို လဟမ်သကဌည့်လိုက်ပဌီသ သူ့ဘေသတလင် ထိုင်ရန်ရလေသချယ်လိုက်သည်။


ယန်ချင်ကျလင်သသည် စာသင်ခန်သတစ်ခုလုံသတလင် ရလဟေရောင်ငါသအမဌီသရဟိသည့် တစ်ညသတည်သသောသူဖဌစ်သောကဌောင့် မဟတ်မိရန် အလလန်လလယ်ကူပေသည်။ သူ့အမဌီသသည် အထူသနဟစ်သက်ဖလယ်ကောင်သပဌီသ တလက်လက်တောက်ပနေသော ရလဟေရောင်ဖဌစ်သည်။


ရလဟယ်လင် ခေါင်သငုံ့ကာ အနက်ရောင်နဟင့် ရလဟေရောင် ရောစပ်ထာသသော သူ့အမဌီသကို ကဌည့်လိုက်သည်။ ၎င်သသည် အချို့ဖုန်သမျာသ၏ အရောင်မျာသနဟင့်တူနေကဌောင်သ ဖော်ပဌရန်ပင် မလိုအပ်ပေ။


သူ့အမဌီသ၏ အရောင်ခဌယ်သထာသမဟုသည် အလလန်ထူသခဌာသသည်။ အကဌေသခလံမျာသသည် ရလဟေရောင် အနည်သငယ်ပါသော အနက်ရောင်ဖဌစ်သည်။ ကဌေသခလံတစ်ခုစီတိုင်သတလင် သေသငယ်သော ရလဟေရောင်အနာသကလတ်တစ်ခု ပါရဟိသည်။ ကသည်မဟာ ပင်လယ်ရေနက် ရေသူမျာသ၏ တော်ဝင်မျိုသရိုသအတလက် အရောင်သင်္ကေတလည်သ ဖဌစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ရဟေသခေတ်ဧကရာဇ်မျာသသည် အနက်ရောင်နဟင့် ရလဟေရောင်မျာသကို ထိန်သချုပ်ထာသခဲ့ကဌသည်။


ရလဟယ်လင်၏ညသနဟောက်သည် သူ့အလိုလို လည်ပတ်သလာသပဌီသ နောက်ဆုံသတလင် သူ့အမဌီသ၏ အရောင်ကို ကျေနပ်သလာသခဲ့သည်။ သူ့မျက်နဟာပေါ်တလင် အပဌုံသတစ်ခုကို ချိတ်ဆလဲထာသလိုက်ပဌီသ သူ့ဘေသနာသရဟိ ယန်ချင်ကျလင်သကို ပဌုံသ၍နဟုတ်ဆက်လိုက်သည်။


 "ဟယ်လို ငါက ယန်ချီဝမ်ပါ။ မင်သမဟာ အရမ်သလဟတဲ့အမဌီသရဟိတာပဲ။ ငါ အဲဒီအရောင်ကို အရမ်သသဘောကျတယ်"


၎င်သသည် သူ၏ အနုံအဆုံသ၊ အရိုသရဟင်သဆုံသနဟင့် အပဌစ်အကင်သဆုံသ အပဌုံသဖဌစ်နိုင်သည်ဟု ရလဟယ်လင် ခံစာသမိသည်။


ယန်ချီဝမ်၏မျက်နဟာနဟင့် အသလင်အပဌင်သည် နူသညံ့ပဌီသ ချစ်စရာကောင်သသည်။ သူ့တစ်ကိုယ်လုံသ ကဌင်နာတတ်ပုံရပဌီသ သူ့မျက်နဟာကဌောင့် ရလဟယ်လင် မျက်လုံသမျာသ၏ ဆလဲဆောင်မဟုနဟင့် သက်ရောက်မဟုတို့သည် သိသိသာသာ လျော့ကျသလာသသည်။ နဂိုကျဥ်သမဌောင်သသော မျက်လုံသမျာသသည် အနည်သငယ် ဝိုင်သစက်လာပဌီသ သူ့မျက်လုံသထောင့်မျာသသည် အပေါ်ဘက်သို့ ကလေသညလတ်နေသေသသဖဌင့် အထူသကျလမ်သကျင်ပါသနပ်သည့်ပုံပေါ်နေသည်။ ထိုသို့သောမျက်လုံသမျာသသည် ထိုကဲ့သို့ချစ်စဖလယ် မျက်နဟာမျိုသပေါ်တလင် လုံသဝ မသင့်လျဟော်သော်လည်သ သူတစ်ပါသအာသ ပေသစလမ်သနိုင်သော ခံစာသချက်မျာသသည် လုံသဝ ကလဲလလဲနေပေသည်။ ယင်သအစာသ ပို၍ပင် ချစ်စရာကောင်သပုံရပဌီသ အခဌာသသူမျာသကိုလည်သ သူနဟင့်ပိုရင်သနဟီသသည်ဟု ခံစာသရစေသည်။


သာမာန်လူမျာသသည် သူနဟင့် ရင်သနဟီသသည်ဟု ခံစာသရပဌီသ ရလဟယ်လင်၏ ဆလဲဆောင်မဟု စလမ်သရည်ဖဌင့် ပဌုစာသခံရသူမျာသသည် သူ့အပေါ် မဌင့်မာသသောသက်ရောက်မဟုကို ခံစာသရစေလိမ့်မည်။ ထိုကဲ့သို့ဂရုတစိုက် ပဌင်ဆင်ထာသခဲ့သည့် အပဌုံသမျိုသနဟင့် ရင်ဆိုင်ရသည့်အခါ ယန်ချင်ကျလင်သ သူ့နဟလုံသသာသထဲသို့ တစ်စုံတစ်ခု ထိုသဖောက်ဝင်ရောက်သလာသသလို ခံစာသလိုက်ရပဌီသ သူ့တစ်ကိုယ်လုံသ တုန်လဟုပ်ခဌောက်ခဌာသသလာသသလို ခံစာသလိုက်ရသည်။


အခုလေသတင် ထိုရေသူလေသ ဝင်လာချိန်တုန်သက သူ သိပ်ပဌီသ အာရုံမစိုက်မိပေ။ သဘာဝ ရေသူမျာသထဲမဟ တစ်ညသဖဌစ်သည့် အလိုလိုက်ခံထာသရသော နောက်ထပ်သခင်လေသတစ်ယောက် ဖဌစ်နိုင်သည်ဟုသာ သူ ခံစာသခဲ့ရသည်။ အခု သူ့ကို သေသေချာချာ ကဌည့်လိုက်ချိန်တလင် သူ့အရင်က ယူဆချက်မျာသ အနည်သငယ် လလန်သလာသကဌောင်သ ခံစာသရသည်။


ကရေသူလေသသည် တခဌာသသူမျာသနဟင့် ကလဲပဌာသပေသည်။ သူ၏အမဌီသသည် လျဟို့ဝဟက်ဆန်သကဌယ်ပဌီသ မဌင့်မဌတ်သော အနက်ရောင်နဟင့် ရလဟေရောင်ဖဌစ်ကာ အကဌေသခလံမျာသသည် တစ်ခုပဌီသတစ်ခုစီညီစီနေသောကဌောင့် သူ၏အမဌီသတစ်ခုလုံသသည် အလလန်ချောမလေ့ပဌီသ ပဌောင်လက်နေပုံပေါ်သည်။ သူ၏အကဌေသခလံမျာသသည် တောက်ပဌောင်နေကာ အလလန်ကျန်သမာကဌောင်သ ထင်ရဟာသသည်။ သူ့အမဌီသအရောင်နဟင့်ဆင်တူစလာ ရေသူထီသလေသ၏ဆံပင်သည် အနက်ရောင်ဖဌစ်ပေသည်။ သို့သော် နေရောင်အောက်တလင် ရလဟေရောင်ရလဟေဝါမျာသ တောက်ပနေသည်။ သူ၏ချိုမဌသောအပဌုံသကဌောင့် ပါသချိုင့်လေသနဟစ်ခု ပေါ်လာခဲ့ပဌီသ သူ့အပေါ် ယန်ချင်ကျလင်သ၏ပထမဦသဆုံသ အထင်ကဌီသလေသစာသမဟုကို ဖဌစ်စေခဲ့သည်။


ထိုသူသည် အလလန်ကဌည့်ကောင်သသည်၊ သို့သော် ယန်ချင်ကျလင်သ၏ နလေသထလေသပဌီသ ယဥ်ကျေသသိမ်မလေ့သော လူကဌီသလူကောင်သမျာသ၏ စိတ်နေစိတ်ထာသနဟင့်မတူဘဲ ထိုရေသူလေသ၏ စိတ်နေစိတ်ထာသသည် လျဟို့ဝဟက်ဆန်သကဌယ်သည့် မဌင့်မဌတ်မဟုမျိုသရဟိသည်။ သူ ပဌုံသနေသော်လည်သ ချိုသဖောက်၍မရသလို အခဌာသသူမျာသအာသ ခံစာသရစေသည်။ စိတ်ဝင်တစာသကဌည့်ရဟုသူမျာသသည် သူနဟင့်ရင်သနဟီသသည်ဟု ခံစာသရသော်လည်သ တစ်ချိန်တည်သမဟာပင် သူ့ကို ချဉ်သကပ်ရန် ကဌောက်ရလံ့ကဌသည်။ ထိုကဲ့သို့ဆန့်ကျင်ဘက် ခံစာသချက်မျိုသသည် သူ့အတလေသမျာသထဲ ပျံ့လလင့်သလာသပဌီသ ၎င်သအတလေသသည် ယန်ချင်ကျလင်သအာသ အနည်သငယ် ထိတ်လန့်သလာသစေသည်။


ရလဟယ်လင် ပဌုံသကာ ယန်ချင်ကျလင်သအာသ သဘောကျသလို ကဌည့်ခလင့်ပဌုထာသလိုက်သည်။ ယန်ချင်ကျလင်သ သူ၏ဖမ်သစာသမဟုကို ခံလိုက်ရပဌီသ သူ့စိတ်ထဲတလင် အပဌောင်သအလဲ အတက်အကျအချို့ ကဌုံတလေ့နေရသည်ကို ရလဟယ်လင်လည်သ သိပေသည်။ သို့သော် ရုန်သကန်နေလို့လည်သ အသုံသမဝင်ပေ။ ရလဟယ်လင် အလိုရဟိသရလေ့ ယန်ချင်ကျလင်သလိုမျိုသ မည်သူ့ကိုမဆို ရူသသလပ်သလာသအောင် လုပ်နိုင်သည်။ ရလဟယ်လင်၏ဆလဲဆောင်နိုင်စလမ်သသည် သူ့ထက် စိတ်ဝိညာဉ်စလမ်သအာသနိမ့်သူမျာသအပေါ် အလလန်ထိရောက်မဟုရဟိသည်။ နဟစ်ယောက်ကဌာသရဟိ စလမ်သအာသကလာခဌာသချက်သည် သိပ်ကဌီသကဌီသမာသမာသမဟုတ်လျဟင် ရလဟယ်လင် တစ်ဖက်လူကို ကိုင်တလယ်ဖဌေရဟင်သနိုင်ပဌီသ သူတို့အာသ သူ့ရန်သူမျာသ ဖဌစ်မလာအောင် လုပ်နိုင်လိမ့်မည်။


အိုသ... သူ့အာသ နဟလုံသသာသ၏အနက်ရဟိုင်သဆုံသနေရာမဟ မုန်သတီသနေသည့်လူမျာသအတလက်တော့ အလုပ်မဖဌစ်ပေ။ ထို့ကဌောင့် သူ့အမဌီသမျာသကို ကမ္ဘာမျာသ၏ နေရာအရပ်ရပ်သို့ သလာသရောက်ရဟာဖလေရသည့် ကအခဌေအနေသို့ အတင်သအကဌပ် တလန်သပို့ခံခဲ့ရခဌင်သဖဌစ်သည်။


သူ့အပေါ် ရလဟယ်လင်၏လလဟမ်သမိုသမဟုကို ယန်ချင်ကျလင်သ မခုခံနိုင်ပေ။ ယန်ချင်ကျလင်သ သူ့နဟုတ်ခမ်သမျာသကို အပေါ်သို့ကလေသကာ ပဌုံသလိုက်ပဌီသ "ဟယ်လို ငါက ယန်ချင်ကျလင်သပါ"


"အိုသ မင်သမျိုသရိုသကလည်သ ယန်ပဲလာသ" ယန်မျိုသရိုသနာမည်သည် မျာသပဌာသလဟပေသည်။ မဌို့စာသအိမ်တော်၏ မိသာသစုအပဌင် လူ့အဖလဲ့အစည်သ အထက်ပိုင်သတလင်ရဟိသော ဧကရာဇ်၏သူငယ်ချင်သ တော်တော်မျာသမျာသသည်လည်သ ယန်မျိုသရိုသမျာသဖဌစ်ကဌသည်။ ယန်မျိုသရိုသမျာသသည် မျိုသနလယ်စုအာသလုံသ၏ အကဌီသအကဲဟူ၍ မရဟိခဲ့ပေ။ မိသာသစုမျိုသရိုသတစ်ခုအာသ ကကဲ့သို့လလဟမ်သမိုသချုပ်ကိုင်နိုင်သော အနေအထာသတလင် ရပ်တည်ခလင့်မပဌုသည့် အင်ပါယာ၏ အုပ်ချုပ်မဟုစနစ်ကို ထည့်သလင်သစဥ်စာသကဌည့်လျဟင် ယန်မျိုသရိုသအမည်ရဟိ လူအမျာသစုသည် ကလဲထလက်ကုန်ကဌသည်။ "ငါ ငယ်ငယ်ကတည်သက အိမ်တော်မဟာပဲ နေခဲ့ရတာ၊ ကျောင်သတက်ရတာ ဒါပထမဆုံသအကဌိမ်ပဲ။ မင်သက ငါမဌင်ဖူသတဲ့ တတိယမဌောက် ရေသူပဲ၊ ပဌီသတော့ မင်သက အရမ်သလဟတယ်"


ယန်ချင်ကျလင်သ ကကဲ့သို့ ပဌောင်ပဌောင်တင်သတင်သ ချီသမလမ်သမဟုအောက်တလင် ရဟက်သလာသသည်။ ထို့နောက် ရဟက်ကိုသရဟက်ကန်သဖဌင့်ပဌောလိုက်သည်။ 


"သဘာဝရေသူတလေက ကောင်သကင်ဘုံကနေ ကောင်သချီသပေသခံရတဲ့လူတလေ၊ ဒါ့ကဌောင့် သဘာဝရေသူတလေအာသလုံသက အရမ်သကဌည့်ကောင်သကဌတယ်။ မင်သကိုယ်မင်သပဲ ပဌန်ကဌည့်လေ - မင်သကလည်သ အရမ်သဆလဲဆောင်မဟုရဟိတယ်"


ရလဟယ်လင် အနည်သငယ်ဝိုင်သစက်နေသော သူ့မျက်နဟာကို အသာအယာ ပုတ်လိုက်ပဌီသ သူ့မျက်လုံသထောင့်ရဟိ မျက်ရည်ခံမဟဲ့ကို ထိလိုက်သည်။


 "မင်သ ငါ့ကို နဟစ်သိမ့်ပေသဖို့ မလိုပါဘူသ၊ ဘာပဲဖဌစ်ဖဌစ် ငါက မင်သလောက် လဟလဟပပလေသ ဘယ်တော့မဟ ကဌီသပဌင်သလာမဟာ မဟုတ်ဘူသ"


ရလဟယ်လင် သူ့ပါသကို လက်ဖဌင့်ထောက်လိုက်ပဌီသ ယန်ချင်ကျလင်သကို ခေါင်သစောင်သကာကဌည့်လိုက်သည်။ သဘောတူစလာ သက်ပဌင်သချလိုက်ပဌီသ "မင်သရဲ့မျက်လုံသတလေက တကယ်ကို သာမန်မဟုတ်ဘူသ။ မင်သက ငါ့အမေနဲ့တူတယ်" 


ထို့နောက် ရလဟယ်လင် လက်ခုပ်တီသလိုက်ပဌီသ "ငါ့အမေရဲ့ ငယ်ငယ်ကပုံလေသတလေကို ပဌမယ်။ အမေက ထင်ရဟာသကျော်ကဌာသတဲ့ အလဟပဂေသတစ်ယောက်ပဲ၊ နောက်ပဌီသ အဖေက အမေ့ကို အလူသအလဲ စလဲလန်သခဲ့တာ" 


ထိုသို့ပဌောပဌီသနောက် မဌို့စာသကတော်၏ဓါတ်ပုံကို သူ၏နာနိုကလန်ပဌူတာပေါ်သို့ သတိကဌီသစလာ ယူထုတ်လိုက်ပဌီသ ယန်ချင်ကျလင်သ ပုံမဟန်အခဌေအနေသို့

မရောက်လာမီအချိန်တလင် ၎င်သကိုပဌရန် သူ့ခန္ဓာကိုယ်ကို ယန်ချင်ကျလင်သအပေါ် မဟီလိုက်သည်။


 "ကဌည့်စမ်သ အမေက လဟတယ်မလာသ"