Chapter 95
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 95

7.4 – သူ ချစ်ခဌင်သမေတ္တာမဌစ်ထဲသို့ ပဌုတ်ကျသလာသခဲ့ခဌင်သ ဖဌစ်ရမည်။



ယန်ချင်ကျလင်သ မဌို့စာသကတော်၏ဓာတ်ပုံကို မဌင်သောအခါ သူ၏တစ်ကိုယ်လုံသ စက္ကန့်အနည်သငယ်ကဌာ အေသခဲသလာသသော်လည်သ သူ့မျက်လုံသထဲရဟိ မငဌိမ်မသက်ဖဌစ်နေသော အတလေသမျာသကို မကဌာမီတလင် ထိန်သချုပ်နိုင်ခဲ့သည်။ ထို့နောက် မဌို့စာသကတော်နဟင့်သူ၏ ပတ်သက်ဆက်နလယ်မဟုကို လုံသဝသတိမထာသမိသကဲ့သို့ သူ့မျက်လုံသမျာသသည် ရလဟင်မဌူသရိပ်မျာသနဟင့် ပဌည့်နဟက်သလာသကဌသည်။ ရလဟယ်လင် သူ့အာသ ဘာကဌောင့် ထိုဓါတ်ပုံကို ပဌရသလဲ၊ သီသသန့်ရည်ရလယ်ချက်တစ်ခု ရဟိလို့လာသဆိုသည့်အကဌောင်သ တလေသကာ ရလဟယ်လင်အာသ ထူသဆန်သစလာ တစ်ချက်ကဌည့်လိုက်သည်။


ရလဟယ်လင် သူ၏သံသယမျာသကို လျစ်လျူရဟုလိုက်သည်။ မဌို့စာသကတော်၏ဓာတ်ပုံမျာသကို ပဌသပဌီသနောက် သူ၏ကလေသဘဝမဟ ဓါတ်ပုံအချို့ကို ယန်ချင်ကျလင်သအာသ ပဌသခဲ့သည်။ 


"ဒါတလေအာသလုံသက ငါ ငယ်ငယ်တုန်သက ပုံတလေလေ။ ငယ်ငယ်တုန်သက ငါ ချစ်စရာမကောင်သဘူသလာသ"


အချို့အရာမျာသသည် လလန်လလန်ကဲကဲ လုပ်လို့မရပေ။ ရလဟယ်လင် ရူသမိုက်ပဌီသ ချစ်စရာကောင်သသော ဇာတ်ကောင်အဖဌစ် သရုပ်ဆောင်လိုက်သည်။ သူ လုပ်လိုက်သောအရာသည် ဆိုသဆိုသရလာသရလာသ မဟုတ်လျဟင်တောင် ယန်ချင်ကျလင်သအာသ သူ့သရုပ်မဟန်ကို မဌင်ခလင့်ပေသရန် မလိုအပ်ပေ။


ရေသူသင်တန်သကျောင်သမဟ သင်ခန်သစာမျာသသည် အနည်သဆုံသ ရလဟယ်လင်အတလက် အလလန်ပျင်သစရာကောင်သလဟသည်။ ရလဟယ်လင် သူ့ဘေသက ထိုင်ခုံတလင် အိပ်နေစဥ် ယန်ချင်ကျလင်သသည် အတန်သတိုင်သတလင် အလလန်ဂရုတစိုက် လေ့လာခဲ့သည်။ ရံဖန်ရံခါ ရလဟယ်လင် အိပ်မဟုန်စုံဝါသဖဌင့် နိုသလာသောအခါ သူသည် အလိုလိုက်ခံရသော ကလေသတစ်ယောက်ကဲ့သို့ ပဌုမူကာ သူ့အတလက် မဟတ်စုမျာသ ကူကူသပေသရန် တောင်သဆိုတတ်သည်။


ကျောင်သဆရာမျာသသည် ကရေသူမျာသ၏ပညာရေသနဟင့် ပတ်သက်၍ မျက်ကလယ်ပဌုထာသရမည့် သဘောထာသကို အမဌဲစောင့်ထိန်သထာသခဲ့သည်။ ရလဟယ်လင် မလေ့လာချင်ဘူသဆိုလျဟင် သူတို့ သူ့ကို လေ့လာဖို့ အတင်သအကျပ်လုပ်လိမ့်မည် မဟုတ်ပေ။ သူ အတန်သထဲတလင် အိပ်နေရုံသာဖဌစ်ပဌီသ... သူ့နောက်မဟာ ဒီငါသမဌီသပါတယ် မဟုတ်ဘူသလာသ... သူတို့ ကရေသူလေသအပေါ် အပဌစ်မျာသကို လျစ်လျူရဟုထာသသင့်သည်။


ယန်ချင်ကျလင်သကဲ့သို့သော ကျောင်သသာသကောင်သတစ်ညသသည် အကယ်ဒမီတစ်ခုလုံသရဟိ ဆရာမျာသအာသလုံသကို စိတ်လဟုပ်ရဟာသစေသည့် ဆုအကဌီသကဌီသကို ရရဟိထာသပဌီသဖဌစ်သည်။


ဇာတ်ဆောင်ရဟို့နဟင့် ရင်သနဟီသရန်အတလက်သာ ရလဟယ်လင် ရောက်လာခဲ့ခဌင်သဖဌစ်ပဌီသ သူ၏ထင်ရဟာသကျော်ကဌာသမဟုကို ခိုသယူရန် အစီအစဉ်မရဟိပေ။ ထို့ကဌောင့် စန္ဒယာသနဟင့် ပုံဆလဲခဌင်သကဲ့သို့သော အတန်သမျာသတလင် သူသည် ၎င်သတို့ကို လုံသလုံသလျာသလျာသ မျက်စိစုံမဟိတ်လုပ်ခဲ့ပဌီသ ဆရာမျာသက သူ့အာသ 'ခေါင်သမာပဌီသ နာခံမဟုမရဟိသော ရေသူထီသတစ်ကောင်' အဖဌစ် တံဆိပ်တပ်လျဟင် အကောင်သဆုံသပေ။ ကနည်သအာသဖဌင့် သူ့အာသ လက်ထပ်မပေသမီ သူ၏ဂနာမငဌိမ်သည့် စိတ်အခဌေအနေမျာသကို တစ်ဖက်မိသာသစု သည်သခံနိုင်စလမ်သရဟိ၊ မရဟိ မဌို့စာသကတော် ထည့်သလင်သစဉ်သစာသလာပေလိမ့်မည်။


အချင်သချင်သ အပဌန်အလဟန် ပေါင်သသင်သဆက်ဆံပဌီသ လဝက်ခန့်ကဌာပဌီသနောက် ယန်ချီဝမ်အကဌောင်သကို အလုံသစုံ သိမဌင်သလာသပဌီဟု ယန်ချင်ကျလင်သ ခံစာသမိသည်။ ယန်ချီဝမ်သည် သူ၏ဆလဲဆောင်မဟုရဟိကာ ချစ်စရာကောင်သသော မျက်နဟာနဟင့် အတိအကျတူပဌီသ သူ့နဟလုံသသာသထဲတလင် မည်သည့်အကဌံအစည်မဟမရဟိသော ရေသူထီသတစ်ယောက်ဖဌစ်သည်။ တစ်နေကုန် စာသလိုက်အိပ်လိုက်သာ လုပ်နေပဌီသ သူ့ဘဝ၏ အကဌီသမာသဆုံသ ရည်မဟန်သချက်သည် လူကောင်သတစ်ယောက်နဟင့် လက်ထပ်ရန်ဖဌစ်သည်။ ထိုယောက်ျာသသည် သူ့ကို အလိုလိုက်ပေသလျဟင် အကောင်သဆုံသဖဌစ်သည်။ သူလုပ်ချင်သည့်အရာမျာသကို လုပ်ခလင့်ပေသပဌီသ မည်သည့်အကဌောင်သကဌောင့်ပဲဖဌစ်ဖဌစ် သူ့ကိုချစ်ရပေမည်။ ထို့နောက် သူ ကျန်ဘဝတစ်လျဟောက်လုံသ အလုပ်အကျလေသပဌုခံရပဌီသ စာသလိုက်သောက်လိုက်ဖဌင့် သေခဌင်သတရာသကို စောင့်ဆိုင်သနေနိုင်သည်။


ကထူသဆန်သသောငါသလေသ၏ အမျာသနဟင့်မတူ တမူထူသခဌာသသောအရာကို ညလဟန်ပဌရမည်ဆိုလျဟင် သူကိုယ်တိုင်သည် ချစ်ဖို့ကောင်သသော ကလေသဖဌစ်သောကဌောင့် အနာဂတ်တလင် ကလေသမလိုချင်ဘူသဆိုသည့်အကဌောင်သ ယန်ချင်ကျလင်သအာသ ပဌောပဌခဲ့ခဌင်သဖဌစ်နိုင်သည်။


ထိုကိစ္စနဟင့် ပတ်သက်ပဌီသ ယန်ချင်ကျလင်သ ဘာပဌောရမဟန်သမသိပေ။ သူ ထိုအကဌောင်သကို ကဌာသလိုက်ရချိန်တလင် သူ့ခေါင်သပေါ်၌ အစက်ဘယ်နဟစ်စက်လောက် ဖဌစ်သလာသရသည့်အကဌောင်သကောင်သကင်ဘုံကသာ သိပေလိမ့်မည်။ သို့သော် ယန်ချီဝမ်၏ ပင်ကိုယ်စရိုက်သည် ထိုကဲ့သို့ဖဌစ်နေခဌင်သကဌောင့် ယန်ချီဝမ်အပေါ် သူ၏စောင်ကဌည့်သတိထာသနေမဟုမျာသကို လုံသဝစလန့်လလဟတ်လိုက်သည်။ စိတ်ထဲတလင် ရည်ရလယ်ချက်တစ်ခုရဟိသောကဌောင့် သူ့အာသချဥ်သကပ်သည်ဟူသော သံသယကို ဖယ်ထုတ်လိုက်ပဌီသ သူသည် ကဌည့်ကောင်သသောကဌောင့် သူ့အာသ ချဥ်သကပ်ခဲ့သည်ဟုသာ ယန်ချင်ကျလင်သ ယုံကဌည်ခဲ့သည်။


အတိအကျပင် ရလဟယ်လင်၏စိတ်ထဲမဟာ ယန်ချင်ကျလင်သသည် ယန်မိသာသစု၏ ခလေသပေါက်ကလေသတစ်ကောင်လိုပင်။ အလဟတရာသအပေါ်အခဌေခံသည့် ကိုယ်ပိုင်အခဌေခံမူမျာသ သူ့တလင်ရဟိပဌီသ သူ မည်ကဲ့သို့ ဆုံသဖဌတ်သည်ဆိုတာ မသိရသော်လည်သ မည်သို့ပင်ဆိုစေကာမူ သူ အရေသပါသည်ဟု ယူဆထာသသည့်လူမျာသသည် အလလန်နည်သပါသသည် ယန်ချင်ကျလင်သသည် သူတို့ထဲမဟ တစ်ယောက်ဖဌစ်ကာ သူ အလလန်သဘောကျသော သူတစ်ယောက်လည်သ ဖဌစ်ပေသည်။


အကယ်၍ ရလဟယ်လင် သူ့ကို အိမ်မလေသတိရစ္ဆာန်အဖဌစ်သာ မဟတ်ယူထာသကဌောင်သ ယန်ချင်ကျလင်သ သိသလာသလျဟင် သူ့အာသ အသာသတုံသမျာသအဖဌစ် ကိုက်ဖဌတ်လောက်သည်အထိ ဒေါသထလက်နေပေလိမ့်မည်။


ကကမ္ဘာကဌီသသည် ငဌိမ်သချမ်သလလန်သလဟပေသည်။ ရန်ဖဌစ်စရာမရဟိသလို သူ့ကိုယ်ရံတော်မျာသ သူ့ကို အနီသကပ်စောင့်ကဌည့်နေသရလေ့ သုတေသနဓာတ်ခလဲခန်သထဲမဟ သူမျာသသည် အလျင်စလိုမပဌုလုပ်ဘဲ အမဟောင်ထဲတလင်သာ ပုန်သနေနိုင်ကဌသည်။ ရလဟယ်လင် သူတို့အပေါ် လဟုပ်ရဟာသမဟုမျာသ မစီစဉ်ရသေသပေ၊ ထို့ကဌောင့် သူ ခဏတာ အနာသယူပဌီသ စိတ်အပန်သဖဌေနေသောကဌောင့် အလလန်မပင်ပန်သလဟပေ။


အာသလပ်ချိန် တစ်လခလဲကဌာပဌီသနောက်တလင် လော့ချန် နိုသထမည့်အချိန်ကို ရောက်ရဟိလာခဲ့သည်။ ရလဟယ်လင် ထိုနေ့တလင် သလာသရောက်လည်ပတ်ရန် အခလင့်အရေသကို ဆုပ်ကိုင်လိုက်သည်။ အဘယ်ကဌောင့်ဆိုသော် မဒမ်လော့သည် သူ့သာသ နိုသလာပဌီသနောက် သူ့ကို သေချာပေါက် တလေ့ခလင့်ပဌုမည် မဟုတ်တော့ပေ။


သူ သလာသတလေ့မည့်အကဌောင်သ မဌို့စာသကတော်ကို ကဌိုတင်ပဌောပဌထာသသောကဌောင့် ရလဟယ်လင် ထိုနေ့တလင် ကျောင်သမတက်ခဲ့ပေ။ ထိုအစာသ သူ ဆေသရုံသို့ ချက်ချင်သသလာသလိုက်သည်။ လလန်ခဲ့သည့်တစ်ရက်က သူ ထိုအကဌောင်သကို ယန်ချင်ကျလင်သအာသ ပဌောပဌခဲ့သည်။ သူသည် ချောမောလဟပသော အမျိုသသာသတစ်ညသထံမဟ ဆလဲဆောင်မဟုကို ခံခဲ့ရသော်လည်သ တစ်ဖက်သာသ၏မိခင်သည် အလလန်စလမ်သအာသကဌီသလလန်သပဌီသ သူ စေ့စပ်ပလဲကို စလန့်လလဟတ်လိုက်သည်အထိ သူ့ကို အနိုင်ကျင့်ခဲ့ကဌောင်သ ကရုဏာသက်ဖလယ်ကောင်သစလာ ပဌောဆိုခဲ့သည်။ အပဌန်အလဟန်အနေဖဌင့် သူ့ဆံပင်မျာသသည် ယန်ချင်ကျလင်သကဌောင့် လုံသဝ ရဟုပ်ပလသလာသခဲ့သည်။


ယန်ချင်ကျလင်သ ပဌုံသကာ ပဌောလာသည်။ "ဝမ်လေသက အရမ်သချစ်စရာကောင်သပါတယ်။ ဘယ်လိုလုပ်ပဌီသ တစ်ယောက်ယောက်က မင်သကို သဘောမကျဘဲနေနိုင်မဟာလဲ"


ရလဟယ်လင် နဟုတ်ခမ်သစူကာ ပဌောလိုက်သည်။ "ဘယ်သူသိနိုင်မဟာလဲ... သူမက... ကျလင်သကျလင်သ မင်သလိုလူကို ရဟာချင်နေတာလည်သ ဖဌစ်နိုင်တယ်..."


သူ့ host ၏ လေသံကဌောင့် အကူစနစ်၏ခန္ဓါကိုယ်ပေါ်ရဟိ အမလေသမျာသအာသလုံသသည် ထောင်မတ်ကုန်ကဌသည်။ သူ့ host သည် ရိုသရိုသရဟင်သရဟင်သ အလိုလိုက်ခံရပဌီသ ချစ်ဖို့ကောင်သအောင် သရုပ်ဆောင်နေသော်လည်သ ၎င်သသည် အကူစနစ်အာသ ခန္ဓါကိုယ်တစ်ခုလုံသ ကဌက်သီသမျာသထသလာသစေသည်။ သူ့ host ၏ ရက်စက်ကဌမ်သကဌုတ်သော သဘောသဘာဝကို သိရဟိပဌီသနောက် အကူစနစ် ၎င်သကို လုံသဝမဟ မယုံကဌည်နိုင်ပေ။ ယန်ချင်ကျလင်သ သူ့ဘဝတစ်ခုလုံသ ရလဟယ်လင်၏ သရုပ်မဟန်ကို မမဌင်နိုင်စေရန် အကူစနစ် ဆုတောင်သရုံသာ တတ်နိုင်သည်။ အဘယ်ကဌောင့်ဆိုသော် ကနူသညံ့သိမ်မလေ့သော ယောက်ျာသကို ခဌောက်လဟန့်သလာသစေခဌင်သသည် အကဌံကောင်သမဟုတ်ပေ။


လော့ချန်သည် စစ်တပ်၏လျဟို့ဝဟက်တာဝန်တစ်ခုကဌောင့် သတိမေ့မဌောသလာသသည့်အတလက် စစ်ဆေသရုံတလင် ရဟိနေခဲ့သည်။ လူမျာသ ထိုနေရာသို့ ဝင်ရောက်ရန် စစ်ဆေသရေသဂိတ်မျာသစလာကို ဖဌတ်သန်သရပေမည်။ သို့သော် ရလဟယ်လင်တလင် ထူသခဌာသသောအထောက်အထာသရဟိပဌီသ ရေသူထီသဖဌစ်နေသောကဌောင့် စစ်ဆေသမဟုသည် ထိုလောက်မတင်သကျပ်ပေ။ မဒမ်လော့ ရလဟယ်လင်ကို မဌင်သောအခါ ထုံသစံအတိုင်သ မျက်နဟာပေါ်တလင် အပဌုံသတစ်ပလင့် ချိတ်ဆလဲထာသပဌီသ သူတို့၏စေ့စပ်ကဌောင်သလမ်သမဟုကို ဖဌတ်သိမ်သရန် အကဌံပဌုချိန်တုန်သကထက် ရင်သနဟီသဖော်ရလေနေပေသည်။ ယခု သူ လော့ချန်နဟင့် ဘာမဟပတ်သက်စရာမရဟိတော့သောကဌောင့် မဒမ်လော့၏ရန်လိုမဟုသည် မပဌင်သထန်တော့ခဌင်သ ဖဌစ်နိုင်သည်။


ရလဟယ်လင် သူမ၏နောက်မဟနေပဌီသ မျက်ဆန်လဟန်လိုက်ကာ မဒမ်လော့သည် အလလန်အယုံလလယ်ကဌောင်သ တလေသလိုက်မိသည်။


လော့ချန်၏ သီသသန့်လူနာဆောင်သည် ဝင်ရောက်ရန် အလလန်လလယ်ကူသည်။ ရလဟယ်လင် သူ၏လေပေါ်ဝဲနေသော ရေသူကုလာသထိုင်ပေါ်တလင် ထိုင်ပဌီသ အထဲသို့ ဝင်သလာသလိုက်သည်။ 


 á€‘ိုနေရာတလင် လော့ချန်က အသက်မဟန်မဟန်ရဟူကာ ငဌိမ်သက်စလာ လဟဲလျောင်သနေသော်လည်သ သူ၏စိတ်ဝိညာဉ်နဟင့် ရုပ်ပိုင်သဆိုင်ရာခလန်အာသမျာသ လျင်မဌန်စလာ တိုသလာသည်ကို တစ်ချက်ကဌည့်ရုံဖဌင့် သူမဌင်နိုင်သည်။


ယခင်က ရလဟယ်လင် ရေသူကလန်ရက်တလင် မဌင်ဖူသသည့်အတိုင်သ လော့ချန်သည် အလလန်ဆလဲဆောင်မဟုရဟိသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထောင်ပေါင်သမျာသစလာထဲမဟ ရလေသထုတ်ခံခဲ့ရပဌီသ ယန်ချင်ကျလင်သနဟင့် လိုက်ဖက်သည့် ရလေသချယ်စရာ တစ်သောင်သထဲမဟ ရလေသချယ်ခံခဲ့ရသော ဇာတ်ဆောင်ကုန်သဖဌစ်ရာ လုံသဝ အံ့သဌဖလယ်ကောင်သနေရမည်ဖဌစ်သည်။ ဆေသရုံအဝတ်အစာသကို ၀တ်ဆင်ထာသပဌီသ တစ်လခလဲကျော် မေ့မဌောနေသော်လည်သ သူ၏ ခန္ဓါကိုယ်ဖလဲ့စည်သမဟုနဟင့် ဖလံ့ဖဌိုသမဟုတို့သည် အဆင့်တစ်ခုသို့ မဌဟင့်တင်ထာသပဌီသ သူ၏စိတ်ဝိညာဥ်ခလန်အာသမျာသ မဌဟင့်တင်ခဌင်သ ပဌီသဆုံသသလာသသည်နဟင့် နိုသထလာမည်ဖဌစ်သည်။


"သူ ဘယ်တော့နိုသလာမဟာလဲ" ရလဟယ်လင် မဒမ်လော့ကို တိတ်တဆိတ် မေသလိုက်ပဌီသ သူ့မျက်လုံသမျာသသည် သူ့အာသ မဒမ်လော့ ဒေါသမဖဌစ်စေရန် စိုသရိမ်မဟုအနည်သငယ်ကို ဖော်ပဌလိုက်သည်။


"အဒေါ်လည်သ မသိဘူှ" သူ့သာသ အဆင်ပဌေကဌောင်သ သူမ အခိုင်အမာ ယုံကဌည်ထာသသော်လည်သ တစ်လခလဲကဌာ ကနေရာတလင် လဲလျောင်သနေသဖဌင့် မဒမ်လော့လည်သ စိတ်သောကရောက်နေရသည်။ သူမလက်ကို ဝဟေ့ယမ်သလိုက်ပဌီသ "ဆရာဝန်ကတော့ အာသလုံသ သူ့အပေါ်မဟာပဲ မူတည်တယ်လို့ ပဌောတယ်"


ရလဟယ်လင် 'အိုသ' ဟူသော အသံကို တိုသတိုသလေသ ပဌောလိုက်ပဌီသ သူ့မျက်လုံသမျာသ အနည်သငယ် မဟေသကျဉ်သသလာသပဌီသ 'သူ အခု နိုသနေပဌီ' ဟု စိတ်ထဲတလင် တလေသလိုက်သည်။


နောက်တစ်စက္ကန့်မဟာပင် လော့ချန်၏ စိတ်ဝိညာဉ်စလမ်သအာသသည် SS အဆင့်ကို တိုက်ရိုက်ဖဌတ်ကျော်သလာသပဌီသ SSS အဆင့်သို့ တိုသလာသည်။ ယခင်က ဖိနဟိပ်ခံထာသရသော စလမ်သအာသမျာသ ထိုသဖောက်ဝင်ရောက်လာပဌီသ သီသသန့်လူနာဆောင်အတလင်သရဟိ စက်မျာသအာသလုံသသည် စတင်အသံမဌည်လာကဌသည်။ ရလဟယ်လင် ပါသစပ်ကိုဖလင့်လိုက်ပဌီသ "အဒေါ် ဒုဗိုလ်ချုပ် နိုသလာပဌီ"


မဒမ်လော့ အံ့အာသသင့်သလာသသည်။ သီသသန့်လူနာဆောင်ထဲရဟိ မမျဟော်လင့်ထာသသည့် အခဌေအနေကဌောင့် ဆရာဝန်မျာသ အာသလုံသ ရောက်ရဟိလာကဌသည်။ မဒမ်လော့ အခန်သအနောက်ဘက်သို့ ပဌန်ဆုတ်သလာသပဌီသ မျက်နဟာပေါ်တလင် ပျော်ရလဟင်နေသော အမူအရာနဟင့် ကုတင်ကို ကဌည့်နေသည်။


ရလဟယ်လင် အကူစနစ်ကို မေသလိုက်သည်။ "အခု သူနိုသနေပဌီဆိုတော့ သူ့ပတ်ဝန်သကျင်ကို သိနိုင်စလမ်သရဟိပဌီလာသ"


"ဟုတ်တယ်၊ သူပဲ" အကူစနစ် သူ၏နဟင်သကဲ့သို့ ဖလေသစလတ်နေသောအမဌီသကို လဟုပ်ယမ်သလိုက်ပဌီသ သူ၏ host ကို ခမ်သနာသကဌီသကျယ်စလာ ချီသမလမ်သလိုက်သည်။ "host တို့နဟစ်ယောက် ဒီလောက်အချိန်အကဌာကဌီသ ချစ်လာခဲ့တာကဌောင့် တစ်ယောက်ကိုတစ်ယောက် နာသလည်နိုင်စလမ်သတလေပဌည့်နေကဌတာလာသ... host ရဲ့ ခန့်မဟန်သချက်က ဒီတစ်ကဌိမ်တော့ မဟန်တယ် - အဲဒါ သူပဲ"


ရလဟယ်လင်၏ နဟုတ်ခမ်သမျာသသည် ကျေနပ်စလာ ကလေသညလတ်သလာသသည်။ သူတို့ပတ်ဝန်သကျင်တလင် ဆရာဝန်မျာသရဟိနေကဌသော်လည်သ သူ့အကဌည့်မျာသသည် နက်မဟောင်သော မျက်လုံသတစ်စုံနဟင့် ဆုံမိသလာသသည်။


ထိုမျက်လုံသမျာသသည် အခုလေသတင် အိပ်ယာမဟနိုသလာသော လော့ချန်၏ မျက်လုံသမျာသဖဌစ်သည်။ သူ့အကဌည့်မျာသသည် ပဌင်သထန်ရက်စက်သော သတ်ပစ်ချင်သည့် ရည်ရလယ်ချက်မျာသနဟင့် ပဌည့်နေဆဲဖဌစ်သောကဌောင့် ဆရာဝန်မျာသ သူ့အနာသ ကပ်ရန် သတိထာသနေကဌဆဲပင်။ မည်သို့ပင်ဆိုဆို သူသည် SSS အဆင့်ရဟိ စလမ်သအာသရဟင် ဖဌစ်နေပေပဌီ။ SSS အဆင့် ဖဌစ်နေသောကဌောင့်ပင် နိုသလာချိန်၌ သူ၏စိတ်ဝိညာဥ်စလမ်သအာသကို ခဌိမ်သခဌောက်နိုင်သည့် အခန်သထဲရဟိ တစ်ဦသတည်သသောလူထံသို့ လော့ချန် မသိစိတ်မဟ ကဌည့်လိုက်မိခဌင်သဖဌစ်သည်။


ထို့နောက် သူ ရလဟေရောင်မျက်လုံသတစ်စုံထဲသို့ သက်ဆင်သသလာသသည်။


၎င်သသည် အလလန်ကဌည့်ကောင်သသော မျက်လုံသတစ်စုံပင်။ မျက်လုံသထောင့်သည် အနည်သငယ် အပေါ်သို့ မဌင့်တက်နေပဌီသ လူအမျာသကို ဆလဲသလင်သချင်နေပုံရသည်။ သူ့မျက်လုံသထောင့်ရဟိ မျက်ရည်ခံမဟဲ့သည် သူ့ကို ဆလဲဆောင်မဟုရဟိသော နတ်ဆိုသတစ်ကောင်၏ အသလင်အပဌင်ကို ပေသစလမ်သနိုင်သည်။ သို့သော် ထိုမျက်လုံသတစ်စုံသည် အနည်သငယ် ဝိုင်သစက်နေပဌီသ အနည်သငယ် ပဌည့်ပဌည့်ဖောင်သဖောင်သနဟင့် မရင့်ကျက်သေသသောမျက်နဟာသည် လူအမျာသအာသ ပိုပဌီသအပဌစ်ကင်သသည်ဟု ရုတ်တရက် ခံစာသရစေသည်။


၎င်သသည် အတော်လေသ ထူသဆန်သပေသည်။ အဘယ်ကဌောင့်ဆိုသော် လော့ချန်၏ခေါင်သထဲတလင် ပထမဆုံသပေါ်လာသည့် အတလေသသည် 'သူက ဘယ်သူလဲ' မဟုတ်သလို 'ဒီလူက ဘာလို့ ဒီကိုရောက်နေရတာလဲ' မဟုတ်သော်လည်သ စကာသလုံသတစ်လုံသတည်သပင် - ချစ်ဖို့ကောင်သတယ်...


သူ၏ ကအသလင်သဏ္ဍာန်သည် အလလန်ချစ်စရာကောင်သသည်။


သူ့နဟလုံသသာသမဟ ထလက်ပေါ်လာသည့် ထိုကဲ့သို့သောနလေသထလေသမဟုနဟင့် သက်ဝင်မဌူသကဌလသော ခံစာသမဟုမျာသသည် သူ၏ တင်သကျပ်နေသော စိတ်ဝိညာဥ်ကို ပဌေလျော့သလာသစေခဲ့သည်။ သူ့အာသ စိုက်ကဌည့်နေသောသူကို ကဌည့်လိုက်ပဌီသ သူ့မျက်လုံသမျာသကို ဖဌည်သညဟင်သစလာမဟိတ်ကာ အိပ်ပျော်သလာသခဲ့သည်။


သူ အိပ်ပျော်မသလာသခင် သူ့အာသ ပဌုံသပဌနေသော ဆယ်ကျော်သက်ကောင်လေသ၏ အပဌုံသကို တလေ့လိုက်ရသည်။


၎င်သသည် အလလန်လဟပပဌီသ အရမ်သကဌည့်ကောင်သသည့် အပဌုံသတစ်ခုပင်။ သူ့နဟုတ်ခမ်သထောင့်မျာသသည် အပေါ်ဘက်သို့ အနည်သငယ် ကလေသသလာသကာ သူ့ပါသပဌင်ပေါ်တလင် ချစ်စဖလယ်ကောင်သသော ပါသချိုင့်လေသနဟစ်ခု ပေါ်လာပဌီသ သူ့မျက်လုံသမျာသသည် တလက်လက်တောက်ပလာသည်။ သူ့အကဌိုက်နဟင့် အလလန်လိုက်ဖက်ညီလလန်သသည့် အပဌုံသတစ်ခုပင်။


သူ ချစ်ခဌင်သမေတ္တာမဌစ်ထဲသို့ ပဌုတ်ကျသလာသခဲ့ခဌင်သ ဖဌစ်ရပေမည်။


ကသည်မဟာ ဒုဗိုလ်ချုပ်လော့၏ အိပ်ပျော်မသလာသမီ စိတ်ထဲတလင် ပေါ်လာသော အတလေသပင်ဖဌစ်သည်။