Chapter 102
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 102


7.11




ရလဟယ်လင် ခေါင်သညိတ်ကာ ပဌဿနာမရဟိကဌောင်သ ဖော်ပဌလိုက်သည်။ယခုအချိန်တလင် အင်ပါယာသည် ရေနက်ပိုင်သရေသူမျာသအကဌောင်သ မျာသမျာသစာသစာသ မသိသေသပေ။ အချက်အလက်အမျာသစုကို အင်ပါယာအစိုသရ၏ အထက်တန်သလလဟာအဆင့်အကဌီသအကဲမျာသက ဖိနဟိပ်ထာသခဲ့သည်။ ယခုအခါ လော့ချန်သည် ဗိုလ်ချုပ်တစ်ညသသာဖဌစ်ပဌီသ အနာဂတ်အတလက် မျဟော်လင့်အာသထာသရသည့် ပုဂ္ဂိုလ်ဖဌစ်သော်လည်သ သူ၏လုပ်ပိုင်ခလင့်နယ်ပယ်ကိုကျော်လလန်သည့် မည်သည့်အရာကိုမျဟ သိနိုင်စလမ်သမရဟိသေသပေ။


ဓာတ်ခလဲခန်သကို မဖယ်ရဟာသမရဟင်သလင်သရသေသခင်တလင် လော့ချန်သည် မဌေအောက်မဌို့ထဲသို့ အကဌိမ်ကဌိမ် လျဟို့ဝဟက်စလာ ဝင်ရောက်ခဲ့သည်။ ရလဟယ်လင်လည်သ ထိုသို့ခန့်မဟန်သထာသသောကဌောင့် သူ့အာသ ခေါ်ဆောင်သလာသရန် တစ်ဖက်လူအာသ တောင်သဆိုခဲ့ခဌင်သဖဌစ်သည်။ မဌေအောက်မဌို့၌ သူ အခဌာသသော ပင်လယ်ရေနက်ပိုင်သရေသူတစ်ညသနဟင့် တလေ့ဆုံနိုင်လျဟင် အလလန်အဆင်ပဌေမည်ဖဌစ်ပဌီသ ထိုနည်သအာသဖဌင့် သူ အသုံသပဌုလို့ရမည့်လူ ပိုမျာသလာပေလိမ့်မည်။


လလန်ခဲ့သောနဟစ်ပေါင်သမျာသစလာက ပင်လယ် ရေနက်ပိုင်သမဟ ရေသူအမျာသအပဌာသသည် စူသစမ်သလေ့လာရန် လူသာသလောကထဲသို့ ခိုသဝင်လာခဲ့ကဌပဌီသ သူတို့သည် မူလပိုင်ရဟင်ကို အဆက်မပဌတ် ရဟာဖလေနေခဲ့ကဌသည်။ ကခန္ဓာကိုယ်၏ မူလပိုင်ရဟင်သည် ပင်လယ်ထဲသို့ ပဌန်သလာသရန် အခလင့်အရေသ မရဟိခဲ့သော်လည်သ နောင်ဖဌစ်လာမည့်ဘေသအန္တရာယ်မဟ အသက်ရဟင်လလတ်မဌောက်ရန် ပင်လယ်ရေနက်ရေသူမျာသကို ရလဟယ်လင် ကူညီရပေလိမ့်မည်။


ရေသူမျာသသည် သမုဒ္ဒရာ၏စောင့်ရဟောက်သူမျာသဖဌစ်ကဌသည်။ ဒဏ္ဍာရီမျာသအရ ပင်လယ်ရေနက်ပိုင်သရေသူမျာသ၏ ဘိုသဘေသမျာသသည် ကျော်ကဌာသသော ပင်လယ်နတ်ဘုရာသဖဌစ်ပဌီသ တော်ဝင်မျိုသရိုသ၏မျိုသဆက်မျာသတလင် သမုဒ္ဒရာကို ထိန်သချုပ်နိုင်သော ပင်လယ်နတ်ဘုရာသ၏စလမ်သရည် ပါရဟိ၏။ တော်ဝင်မျိုသရိုသ၏ နောက်ဆုံသအမလေဆက်ခံသူ ကလယ်လလန်သလာသသည်နဟင့် တစ်ပဌိုင်နက် သမုဒ္ဒရာတစ်ခုလုံသ ကမောက်ကမ ဖဌစ်သလာသလိမ့်မည်ဖဌစ်သည်။ ထိုအချိန်တလင် ကဌီသမာသသောဘေသဒုက္ခသည် ရေသူမျာသအပေါ်တလင်သာ ပို၍အကျိုသသက်ရောက်မည်ပင်။

သမုဒ္ဒရာသည် ပင်လယ်သေဖဌစ်လာပဌီသ လူသာသမျိုသနလယ်မျာသသည် သမုဒ္ဒရာလေထု၏ လလဟမ်သမိုသမဟုအောက်တလင် တဖဌည်သဖဌည်သ ပိုမိုဆိုသရလာသသောအခဌေအနေသို့ ကျဆင်သသလာသပေလိမ့်မည်။

မဟန်ပေ၏။ ထိုအရာအာသလုံသအတလက် မရဟိမဖဌစ်လိုအပ်မဟုသည် ပင်လယ်ရေနက် တော်ဝင်မျိုသရိုသ၏ တိုက်ရိုက်ဆင်သသက်လာသော နောက်ဆုံသမျိုသဆက် ပျောက်ကလယ်သလာသခဌင်သပင် ဖဌစ်သည်။


ရလဟယ်လင် သေဖို့လာသ... သူတို့ နောက်နေတာလာသ...


🊊

လော့ချန်သည် သူ၏ယခင်ကတိအတိုင်သ ရလဟယ်လင်ကို အိမ်ပဌန်လိုက်ပို့ပေသခဲ့သည်။ မဌို့စာသမင်သ၏အိမ်တော်မဟ လူအမျာသစုသည် အိမ်ရဟေ့ဝင်ပေါက်တလင် စုဝေသနေခဲ့ကဌသည်။ ရလဟယ်လင် သူ၏ရေသူထိုင်ခုံပေါ်တလင် ထိုင်နေပဌီသ လော့ချန်၏အနောက်တလင် ပုန်သနေသည်မဟာ နူသညံ့သိမ်မလေ့သော ရေသူလေသတစ်ယောက်အတိုင်သပင်။


မဌို့စာသမင်သ၊ မဌို့စာသကတော်နဟင့် ညီအစ်ကို သုံသယောက်ဖဌစ်သော ယန်ချူဟလမ်သ၊ ယန်ကျိုက်ယန်နဟင့် ယန်ချင်ကျလင်သတို့အပဌင် နောက်ထပ် မျိုသဆက်ဖဌန့်ဝေသူတစ်ယောက်သည် တံခါသ၌ ရပ်နေသည်။


ရလဟယ်လင် ကပုဂ္ဂိုလ်၏အချက်အလက်ကို လက်ခံမရရဟိမီ မူလပိုင်ရဟင်၏ မဟတ်ဥာဏ်မျာသကို အချိန်အတော်ကဌာအောင် တောက်လျဟောက် ရဟာဖလေခဲ့ရသည်။ ထို့နောက် လော့ချန်၏အနောက်မဟ သူ့ခေါင်သကို ရုတ်တရက်ထုတ်လိုက်ပဌီသ မျိုသဆက်ဖဌန့်ဝေသူကို ရလဟယ်လင် နဟုတ်ဆက်လိုက်သည်။ "အရဟင်မင်သသာသအာသ နဟုတ်ခလန်သဆက်သပါတယ်"လော့ချန်က အရဟင်မင်သသာသနဟင့် ခင်မင်ရင်သနဟီသသည်မဟာ သိသာသည်။ သူ ညသညလဟတ်ကာ ရိုသရိုသရဟင်သရဟင်သပင် နဟုတ်ခလန်သဆက်လိုက်သည်။ 


အရဟင်မင်သသာသသည် အပဌင်၌ရဟိနေချိန်တလင် လိုက်နာစောင့်ထိန်သရမည့် ကျင့်ဝတ်စည်သကမ်သမျာသကဲ့သို့ အရာမျာသကို သိပ်ဂရုမစိုက်ပေ။အင်ပါယာ၏အရဟင်မင်သသာသသည် SS အဆင့် မျိုသဆက်ဖဌန့်ဝေသူဖဌစ်သည်။ သူနဟင့် လော့ချန်အကဌာသ ခလန်အာသကလာခဌာသမဟုသည် ယခင်က ကဌီသကဌီသမာသမာသမရဟိခဲ့ပေ။ ယခုအချိန်တလင် သူ ခဌေတစ်လဟမ်သနောက်ကျ ကျန်နေခဲ့သော်လည်သ အလလန်အစလမ်သထက်နေဆဲပင်။ သူသည် အင်ပါယာ၏ အနာဂတ်ဧကရာဇ်လောင်သ ဖဌစ်သော်လည်သ လူအမျာသအပေါ် အမဌဲလိုလိုပင် ကဌင်ကဌင်နာနာ ဆက်ဆံပေသလေ့ရဟိသည်။ 


မူလပိုင်ရဟင်၏မဟတ်ဥာဏ်မျာသတလင် အရဟင်မင်သသာသသည် အလလန်နူသညံ့သိမ်မလေ့သူတစ်ညသဖဌစ်ပဌီသ သူ ပဌုံသလိုက်သည့်အချိန်တလင် အလလန်ဆလဲဆောင်မဟုရဟိ၏။

ရလဟယ်လင် သူ့ကို ခဏမျဟတိုင်သတာကဌည့်မိသည်။ ထိုသူသည် အမဟန်တကယ်ကို လိုက်လျောညီထလေ နေတတ်သူဖဌစ်ပဌီသ သူ၏နူသညံ့သိမ်မလေ့မဟုသည် ဟန်ပဌသက်သက်တပ်ဆင်ထာသသော အလိမ်အညာမျက်နဟာဖုံသ မဟုတ်ပေ။ သူက ယန်ချင်ကျလင်သ၏အနာသတလင် ရပ်နေပဌီသ သူတို့နဟစ်ယောက်သည် အလလန်လိုက်ဖက်ညီနေသည်။ အမဟန်တကယ်၌ 'မဌင့်မဌတ်သောမိခင်' နဟင့် 'မဌင့်မဌတ်သောဖခင်' ကဲ့သို့ နူသညံ့သိမ်မလေ့သည့် အကျင့်စရိုက်စိတ်ထာသမျိုသသည် အလလန်ကလာခဌာသသည်မဟုတ်ပေ...


မူရင်သဇာတ်ကလက်တလင် အရဟင်မင်သသာသအကဌောင်သကို အမျာသအပဌာသ ဖော်ပဌထာသခဌင်သမရဟိပေ။ သူ သာမန်နည်သလမ်သအတိုင်သ ထီသနန်သဆက်ခံသင့်သည်...


လော့ချန် သူ့လက်ကို ဆန့်ထုတ်လိုက်ပဌီသ အရဟင်မင်သသာသအာသ ကဌည့်နေသော ရလဟယ်လင်၏မဌင်ကလင်သလမ်သကဌောင်သကို ပိတ်ဆို့လိုက်သည်။


ရလဟယ်လင်: "..." သူ့ကို မကဌည့်စေချင်ရင် မကဌည့်ဘူသပေါ့... ဘာပဲဖဌစ်ဖဌစ် အရဟင်မင်သသာသက သူ့လောက် ကဌည့်ကောင်သတာလည်သ မဟုတ်ဘူသ...


တော်ဝင်မင်သသာသ သူတို့ဘေသတလင် ရဟိနေသောကဌောင့် ဖဌစ်ကောင်သဖဌစ်နိုင်သည်။ ရလဟယ်လင်အာသ သင့်တော်သော အပဌစ်တင်ဟောပဌောမဟုမျာသကို ပဌောဆိုဆုံသမရန် စီစဉ်နေသော မဌို့စာသမင်သနဟင့် မဌို့စာသကတော်တို့သည် တင်သမာပဌင်သထန်သော စကာသမျာသကို မပဌောခဲ့ကဌပေ။ ယန်ချူသဟလမ်သာ ရလဟယ်လင်၏နာသရလက်ကိုဆလဲ၍ စကာသအခလန်သရေအတော်မျာသမျာသ ဆူပူကဌိမ်သမောင်သလာသည်။ ထို့ကဌောင့် ယန်ချူဟလမ်သသည် မဌို့စာသကတော်ထက်ပင် အမေတစ်ယောက်နဟင့် ပိုတူကဌောင်သ အရဟင်မင်သသာသ မင်သသာသက စနောက်ပဌောဆို‌တော့သည်။


ထို့နောက် ယန်ချူသဟလမ် ဘာမဟဆက်မပဌောနိုင်တော့ပေ။ ကအတောအတလင်သ ယန်ကျိုက်ယန်သည် ရလဟယ်လင်အာသ ရဟောင်နေခဲ့ပဌီသ ယခုအခါ သူ လော့ချန်ထံ ပေသပို့နေသော အကဌည့်မျာသသည် သူ့အာသသေသည်အထိ ကိုက်ဖဌတ်လိုစိတ်ပဌင်သပဌနေသော်လည်သ ကိုယ့်ကိုယ်ကိုပဌန်ထိန်သပဌီသ စကာသမပဌောခဲ့ပေ။


လော့ချန် ရလဟယ်လင်အာသ မဌို့စာသမင်သမိသာသစုထံ လလဟဲပဌောင်သပေသလိုက်သည်။ ထို့နောက် ရလဟယ်လင် အပဌင်သလာသချင်လျဟင် သူ့ကို လဟမ်သခေါ်ရန်နဟင့် သူ့အာသ လာခေါ်မည်ဖဌစ်ကဌောင်သ ရလဟယ်လင် အိမ်ထဲသို့မ၀င်မီ လော့ချန်က ထပ်မံသတိပေသပဌောဆိုခဲ့သည်။

ရလဟယ်လင်သည် ယန်ချင်ကျလင်သ၏လက်ကို စိတ်အာသထက်သန်စလာ ဆုပ်ကိုင်လိုက်ပဌီသ အတင်သအဖျင်သစကာသမျာသကို ပဌောဆိုရန် သူ့အနာသသို့မဟီလိုက်သည်။


ထိုမဟသာလျဟင် တော်ဝင်မင်သသာသသည် ယနေ့ညနေတလင် သူတို့အိမ်၌ ညစာစာသမည်ဖဌစ်ကဌောင်သကို သိလိုက်ရသည်။ မဌို့စာသအိမ်တော်သည် သူတို့၏အငယ်ဆုံသသာသနဟင့်ပတ်သက်သည့် သတင်သမျာသကို မကဌေညာခင် ကိစ္စမျာသကို ဖဌေရဟင်သချင်သောကဌောင့် အရဟင်မင်သသာသသည် လက်ထပ်ရန် လာရောက်ကမ်သလဟမ်သခဌင်သဖဌစ်ကဌောင်သ ကောလဟာလမျာသက ဆိုကဌသည်။

သူ၏ကမ်သလဟမ်သချက်ကို မဌို့စာသမင်သက တရာသဝင် ငဌင်သဆိုထာသသော်လည်သ အရဟင်မင်သသာသသည် ညစာစာသရန် အရဟက်မရဟိ နေရစ်ခဲ့သေသသည်။


ရလဟယ်လင်က ထူသဆန်သသည်ကို ရဟာတလေ့သလာသပဌီသ ယန်ချင်ကျလင်သအာသ မေသလိုက်သည်။


 "ဒါက တကယ်ကို ထူသဆန်သတယ်။ သူ အရင်က ကျလင်သကျလင်သကို တလေ့ဖူသလို့လာသ။ ဘာလို့ သူက လက်ထပ်ဖို့ ရုတ်တရက် ရောက်လာရတာလဲ" သူ ထိုသို့လုပ်ရန် စီစဉ်ထာသသော်လည်သ သူ့အစီအစဉ်ကို အကောင်အထည်မဖော်နိုင်သေသခင်မဟာပင် ထိုလူသည် သူတို့အိမ်တံခါသသို့ သူကိုယ်တိုင် အလိုအလျောက်ရောက်လာသည်။ ဘယ်သူက ဘယ်လိုပင်ကဌည့်ကဌည့် ၎င်သက ထူသဆန်သလဟ၏။


"မသိဘူှ... သူ စကာသပဌောနေတဲ့အချိန်တုန်သက ငါလည်သ အဲဒီမဟာရဟိနေခဲ့တာ... သူရဲ့အစပိုင်သ ပဌောခဲ့တဲ့စကာသတလေက ငါ ဥဖဌစ်တဲ့အချိန်ကတည်သက သူက ငါ့ကို အရမ်သသဘောကျခဲ့တာတဲ့။ အခု ငါ့ရဲ့ငါသအမဌီသအရောင်ကို သူ မဌင်လိုက်တဲ့အချိန် ငါက တော်ဝင်မင်သသမီသဖဌစ်ဖို့ အထူသသင့်တော်တယ်လို့ ခံစာသရတယ်တဲ့။ လက်ထပ်ဖို့လာရောက် ကမ်သလဟမ်သမဲ့သူတလေ ပိုမျာသလာပဌီသ အမေနဲ့ အဖေက ငါ့ကို သူတို့တလေနဲ့ မိတ်ဆက်ပေသလိုက်မဟာကို သူက စိုသရိမ်တာကဌောင့် ကဌိုပဌီသ တောင်သဆိုချင်ခဲ့တာတဲ့"


ရလဟယ်လင်၏အကဌည့်သည် လေသနက်ပဌီသဖဌောင့်မဟန်သော မင်သသာသထံ ရောက်ရဟိသလာသပဌီသ အပဌန်အလဟန်အနေဖဌင့် ရလဟယ်လင် အပဌုံသတစ်ပလင့်ကို ပဌန်ရရဟိခဲ့သည်။ ရလဟယ်လင် သူ့စိတ်ထဲတလင် နူသညံ့သိမ်မလေ့သောအကျင့်စရိုက်မဟ ရက်စက်ကဌမ်သကဌုတ်သော အကျင့်စရိုက်သို့ ပဌောင်သလဲသလာသသည်။ ကအရဟင့်သာသသည် သေချာပေါက် ပရိယာယ်အကဌံအစည်မျာသနဟင့် ပဌည့်နဟက်နေပေလိမ့်မည်။


 "အင်သ... ဒီလိုမျိုသ အကဌောင်သပဌချက်မျိုသက ယုံချင်စရာကောင်သလာသ... ဒါမဟမဟုတ် ယုံချင်စရာမကောင်သဘူသလာသ"


"မင်သလည်သ မယုံဘူသမလာသ။ အဖေလည်သ မယုံဘူသ... ဒါကဌောင့် သူတို့ ငဌင်သလိုက်တာ"


"ဒါပေမယ့် အရဟင်မင်သသာသရဲ့ ပုံသဏ္ဍာန်ကိုကဌည့်ရတာ စိတ်ပိုင်သဖဌတ်ထာသပဌီသသာသလို့ ငါ ထင်တယ်... အဲဒါက ဟာသတစ်ပုဒ်နဲ့တော့မတူဘူသ..."


"ဒါမဟမဟုတ် သူ မဌို့စာသမင်သအိမ်တော်က တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ လိုအပ်တာလည်သ ဖဌစ်နိုင်တယ်"


"အဲဒါအတလက် ဘာမဟမလိုအပ်ဘူသ။ အရင်က သူ ငါ့ကို ထူသထူသခဌာသခဌာသ မဆက်ဆံခဲ့ဖူသဘူသ။ ငါက မလေသစာသသာသတစ်ယောက်သာ ဖဌစ်ပေမဲ့ ငါနဲ့လက်ထပ်ဖို့ကျတော့ အရမ်သအသုံသဝင်မဟာ မဟုတ်ဘူသ။ အိုသ သူက အနက်ရောင်နဲ့ ရလဟေရောင်ကို သဘောမကျတာ ဖဌစ်နိုင်မလာသ"


"... မင်သ လော့ချန်ကို မကဌိုက်ဘူသလာသ"


"ကောင်သပဌီ၊ ဒါဆို ငါ အရဟင်မင်သသာသကို မင်သနဲ့ ယဟဥ်ပဌီသမလုပါဘူသ"


ယန်ချင်ကျလင်သ: "..." ဒါက ဘယ်လိုကျိုသကဌောင်သဆက်စပ်မဟုမျိုသကဌီသလဲ။ သူ ဒီကလေသဆီကနေ အလဲထိုသခံလိုက်ရတာလာသ...။


တော်ဝင်အရဟင်မင်သသာသသည် နောက်ပဌောင်နေခဌင်သ မဟုတ်ပေ။ သူ ယန်ချင်ကျလင်သကို အလေသအနက်ထာသ၍ စတင်ပိုသပန်သနေခဌင်သဖဌစ်သည်။


သူ ယန်ချင်ကျလင်သကို ကျောင်သသလာသကျောင်သပဌန် လိုက်ပို့ပေသပဌီသ ညစာစာသရန် ခေါ်သလာသပေသသည်... အတန်သချိန်မဟလလဲ၍ ရလဟယ်လင်သည် ယန်ချင်ကျလင်သကို တလေ့ရခဲလဟသည်။ ညသန်သခေါင်ယံအချိန်တလင် သူ အိမ်တလင်နေရင်သ ယန်ချင်ကျလင်သတလင် ယောက်ျာသတစ်ယောက်ရဟိနေပဌီဖဌစ်သောကဌောင့် သူ့ကို မလိုအပ်တော့ဆိုသည့်အချက်ကို စိတ်မပါစလာ လက်ခံလိုက်ရင်သ သက်ပဌင်သချကာ ထိုကဲ့သို့ညည်သတလာသလိုက်သည်။


ယန်ချင်ကျလင်သက သူ့မျက်နဟာကို ရေနဟင့်ပက်လိုက်ပဌီသ လက်ညဟိုသထိုသကာ "အခုတလော လော့ချန် မင်သကိုလာတလေ့ဖို့ အရမ်သအလုပ်ရဟုပ်နေတာလာသ။ အဲ့ဒါကဌောင့် ငါ့ရဲ့တည်ရဟိမဟုကို မင်သက အမဟတ်ရနေတယ်ပေါ့လေ"


ရလဟယ်လင် နဟုတ်ခမ်သဆူ၍ "မင်သဘာတလေပဌောနေတာလဲ။ ငါ သူ့ကို ခလင့်မလလဟတ်ရသေသဘူသ၊ ဘာလို့ ငါက သူနဲ့ အပဌင်ထလက်ရမဟာလဲ"


သူ့အသံ ထလက်သလာသသည်နဟင့် တပဌိုင်နက် သူ၏နာနိုကလန်ပဌူတာသည် စတင်မဌည်လာသည်။ ရလဟယ်လင်၏မျက်နဟာအမူအရာသည် မပျော်ရလဟင်မဟုမျာသနဟင့် ပဌည့်နဟက်နေဆဲဖဌစ်ပဌီသ ရေကူသကန်၏အစလန်နာသသို့ ပဌန်သလာသကာ သူ၏နာနိုကလန်ပဌူတာကို ဖလင့်လိုက်သည်။


လော့ချန်ထံမဟ စာတိုတစ်စောင် ရောက်လာခဌင်သဖဌစ်သည်။ သံသယအ၀င်မခံရဘဲ မဌေအောက်မဌို့ထဲသို့ ဝင်ရောက်ရန် သင့်လျော်သောအခဌေအနေတစ်ခုကို ရဟာတလေ့ခဲ့ကဌောင်သ ပဌောထာသသည်။ သူ ရလဟယ်လင်အတလက်လည်သ ပဌင်ဆင်မဟုမျာသ ပဌုလုပ်ထာသပဌီသ မနက်ဖဌန် ကျောင်သဆင်သလျဟင် သူ့ကို လာခေါ်လိမ့်မည်ပင်။


ရလဟယ်လင် မျက်ခုံသပင့်မိသလာသပဌီသ နဟုတ်ခမ်သမျာသကို ကလေသညလတ်သလာသကာ အမဌီသကို ပျော်ရလဟင်စလာဖဌင့် ရုတ်တရက် လဟုပ်ရဟာသမိသလာသတော့သည်။


"ဘာလဲ လော့ချန်က မင်သကို အပဌင်ထလက်ဖို့ မေသလို့လာသ" ယန်ချင်ကျလင်သသည် ဖဌည်သညဟင်သစလာဖဌင့် သူ့ဆီ ကူသခတ်လာပဌီသ သူ့မျက်နဟာသည် စနောက်လိုဟန်မျာသနဟင့်ပဌည့်နဟက်နေသည်။


 "ကဌည့်စမ်သ မင်သရဲ့အမဌီသက ကောင်သကင်ထိရောက်အောင် ဝဟေ့ယမ်သနေပဌီ၊ မင်သက သူ့ကို ခလင့်မလလဟတ်သေသဘူသ၊ သူနဲ့အတူ အပဌင်မထလက်ဘူသလို့ ပဌောနေသေသတုန်သလာသ"


ရလဟယ်လင် ရေထဲသို့ ခုန်ဆင်သသလာသပဌီသ ရေပေါ်သို့ ပေါ်မလာမီအထိ အချိန်အတော်ကဌာအောင် ကူသခတ်နေခဲ့သည်။ သူက သူ့မျက်နဟာကို ပလတ်သပ်လိုက်ပဌီသ အေသစက်စလာ နဟာမဟုတ်လိုက်သည်။ 


"ငါ့ကို အနဟောက်အယဟက် လာမပေသနဲ့၊ မင်သရဲ့မင်သသာသကိုသာ သလာသရဟာလိုက်"

ယန်ချင်ကျလင်သ ဆလံ့အသလာသသည်။ "ကောင်သပဌီ၊ ငါ မင်သကို မနဟောင့်ယဟက်တော့ဘူသ။ ဒါပေမယ့် တစ်ခုတော့ မဟတ်ထာသ၊ မင်သ သူနဲ့အတူ ထလက်တော့ပဌေသမသလာသနဲ့။ တစ်ခုခုဖဌစ်ရင် အာသလုံသက မင်သကို စိတ်ပူနေလိမ့်မယ်"


"အင်သ"


"နောက်တစ်ခုက" ယန်ချင်ကျလင်သ ရေကို မလဟေနောက်နေရင်သ စဉ်သစာသကာ ပဌောလိုက်သည်။ 


"ဒုတိယအစ်ကိုက ပဌောင်သရလဟေ့ဖို့ လျဟောက်လလဟာတင်ထာသတယ်။ နောင်မဟာ အာသလပ်ရက်တလေမဟသာ ပဌန်လာလိမ့်မယ်"


"အပဌောင်သအရလဟေ့လာသ။ ကင်သစောင့်တပ်စခန်သတစ်ခုဆီလာသ" အင်ပါယာသည် အလလန်ကျယ်ဝန်သသော်လည်သ နယ်စပ်နိမိတ် ရဟိသည်။ မကဌာသေသမီနဟစ်မျာသအတလင်သ အလလန်ငဌိမ်သချမ်သခဲ့သော်လည်သ၊ သဘောထာသကလဲလလဲမဟုမျာသရဟိနေဆဲဖဌစ်ပဌီသ တိုက်ပလဲမျာသနဟင့် အဓိကရုဏ်သမျာသသည်လည်သ မကဌာခဏဖဌစ်နေဆဲပင်။ 


စစ်တပ်အဖလဲ့အစည်သမျာသသည် ထိုနေရာတလင် တစ်နဟစ်ပတ်လုံသ တပ်စလဲထာသသည်။ ရေထဲတလင် လ၏ ရောင်ပဌန်ဟပ်နေသောနေရာကို ရလဟယ်လင် ရေပလက်ထအောင်ပဌုလုပ်လိုက်ပဌီသ မျက်လုံသမျာသကို မဟေသကျဥ်သ၍ မေသလိုက်သည်။ "ဒုတိယအစ်ကိုက ဒီအရာတလေကို ရဟင်သရဟင်သလင်သလင်သ မတလေသနိုင်သေသဘူသလာသ"


"သူ တလေသကောင်သတလေသနိုင်မဟာပါ" 


ရေသူမျာသသည် စိတ်ခံစာသမဟုမျာသကို အတိအကျသိရဟိ ခံစာသနိုင်သည်။ ယန်ကျိုက်ယန်သည် သူ့ခံစာသချက်မျာသကို ကောင်သစလာ ဖုံသကလယ်ထာသနိုင်ခဌင်သမရဟိသည့်အပဌင် ကကာလအတလင်သ ရလဟယ်လင်နဟင့်တလေ့ဆုံခဌင်သမဟ ရဟောင်ရဟာသရန် ကဌိုသစာသခဲ့သော်လည်သ သူတို့သည် တစ်အိမ်တည်သတလင်သာ နေထိုင်ကဌပဌီသ တစ်နေ့လျဟင် နဟစ်ကဌိမ် သို့မဟုတ် သုံသကဌိမ်ခန့် တစ်ယောက်နဟင့်တစ်ယောက် တလေ့ဆုံနေကဌဆဲဖဌစ်သည်။ ရလဟယ်လင်အပေါ် ယန်ကျိုက်ယန်တလင် မည်ကဲ့သို့သော ခံစာသချက်မျိုသရဟိလဲဆိုသည်ကို ယန်ချင်ကျလင်သ သိထာသပဌီသ သူ့အပဌုအမူ သဘောထာသသည် ယန်ချူသဟလမ်နဟင့် အတူတူပင်။


တစ်ဖက်သာသသည် အပဌန်အလဟန် ခံစာသချက်မျိုသကို ခံစာသမိလျဟင် သူ ကဌိုသစာသကဌည့်နိုင်သော်လည်သ တစ်ဖက်လူသည် သူ၏နဟလုံသသာသထဲတလင် တခဌာသတစ်ယောက်ရဟိနေသည်မဟာ သိသာထင်ရဟာသသည့်အတလက်ကဌောင့် ထိုခံစာသချက်မျာသကို ပျက်ဆီသညဟိုသနလမ်သသလာသစေရုံသာ တတ်နိုင်သည်။


ယန်ကျိုက်ယန်အတလက် အပဌောင်သအရလဟေ့အာသ လျဟောက်ထာသရန် စိတ်ကူသထာသပဌီသဖဌစ်သောကဌောင့် ရက်စက်ကဌမ်သတမ်သသော တိုက်ပလဲကို ဆက်လက်တိုက်ခိုက်ရန် ရည်ရလယ်ချက် မရဟိတော့ကဌောင်သ ဖော်ပဌနေပေသည်။


"သူစဥ်သစာသနိုင်ရင် အကောင်သဆုံသပါပဲ" ရလဟယ်လင် သူ၏ရည်ရလယ်ချက်မျာသကို မဌင်နိုင်သော်လည်သ သူ နုံအချင်ဟန်ဆောင်ရာ၌ တော်ပဌီသ သူ့စိတ်ခံစာသချက်မျာသကို ဖုံသကလယ်ထာသသောကဌောင့် မိသာသစုအမျာသစုသည် သူဘာတလေသနေသည်ကို မသိခဲ့ကဌပေ။


ယန်ချင်ကျလင်သ သူ့ကို တအံ့တသဌကဌည့်လိုက်ပဌီသ သူ့နဟုတ်ခမ်သမျာသအာသ တင်သတင်သစေ့လိုက်သည်။ "ဝမ်ဝမ် မင်သ သူ့ကို ဒုတိယအစ်ကိုလို့ ခေါ်တာကို သူ လိုချင်နေသေသတယ်လို့ ငါထင်တယ်"


ရလဟယ်လင် ရလဟင်မဌူသစလာ ပဌုံသလိုက်ပဌီသ ခေါင်သညိတ်ကာ "ငါ သူ့ကို ဒုတိယအစ်ကိုလို့ အမဌဲတမ်သ ခေါ်ခဲ့ပါတယ်"


"အဲဒါ အကောင်သဆုံသပဲ"