Chapter 103
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 103


7.12 – မင်သသာသအာသ စောစီသစလာ ထီသနန်တက်ခလင့်ပဌုရန် ဖဌစ်နိုင်ခဌေ




လော့ချန် ရလဟယ်လင်ဆီ မက်ဆေ့ခ်ျပို့ပဌီသနောက် ထိုညတလင် ရလဟယ်လင်နဟင့် ဆက်သလယ်ရန် အထူသအခဌေအနေတစ်ခုကိုလည်သ ပဌုလုပ်ခဲ့သည်။ ရေသူလေသ ခေါင်သညိတ်သည်ကို ကိုယ်တိုင်ကိုယ်ကျ တလေ့လိုက်ရမဟသာ ဝန်ထုပ်ဝန်ပိုသမျာသ လျဟော့ပါသသလာသသကဲ့သို့ ခံစာသရပဌီသ ကောင်သကောင်သအိပ်ပျော်သလာသနိုင်ခဲ့သည်။


မည်သို့ပင်ကဌည့်ကဌည့်၊ ၎င်သသည် ချိန်သတလေ့မဟုတစ်ခုကဌောင့် အိပ်မပျော်နိုင်သည်အထိ စိတ်လဟုပ်ရဟာသနေသည့် ရူသကဌောင်ကဌောင် လက္ခဏာတစ်ရပ်ပင်။


***

နေ့ခင်သတလင် အတန်သချိန်အမျာသကဌီသမရဟိပေ။ ယန်ချင်ကျလင်သနဟင့် မင်သသာသသည် ဆင်ခဌေဖုံသရပ်ကလက်မျာသရဟိ ကျက်စာသရာနေရာမျာသကို စစ်ဆေသရန် ချိန်သဆိုထာသပဌီသ သူ့အတလက် လတ်လတ်ဆတ်ဆတ်နလာသနို့ကို ပဌန်ယူလာပေသရန် ရလဟယ်လင် တောင်သဆိုလိုက်သည်။ မီသဖိုချောင်ကိုလည်သ နလာသနို့နဟင့် အဆာပဌေစာသစရာ သောက်စရာမျာသကို ပဌုလုပ်ပေသရန် တောင်သဆိုပဌီသနောက် နောက်ပဌန်လဟည့်မကဌည့်ဘဲ လော့ချန်နဟင့်အတူ ထလက်သလာသခဲ့သည်။


 á€šá€”်ချင်ကျလင်သသည် အလလန်အာသကိုသရာမဲ့နေသော်လည်သ သူ့မျက်နဟာပေါ်ရဟိအပဌုံသက ရလဟယ်လင်အာသ အလိုလိုက်ထာသသည့်ပုံဖဌစ်နေသည်။

"မင်သတို့အာသလုံသက သူ့ကို သဘောကျပဌီသ သူ့ကို အရမ်သဂရုစိုက်ကဌတာပဲ" 


တော်ဝင်အရဟင်မင်သသာသက တစ်ဖက်မဟကဌည့်နေပဌီသ မဟတ်ချက်ပေသလိုက်သည်။


"ဟုတ်တယ်၊ လူတိုင်သက သူ့ကို အတော်လေသ သဘောကျကဌတယ်။ ဝမ်ဝမ့်မဟာ မဟော်ပညာတစ်မျိုသရဟိနေလို့ဖဌစ်မယ်" ယန်ချင်ကျလင်သ ပခုံသတလန့်ပဌကာ တော်ဝင်မင်သသာသ၏ကာသထဲသို့ ဝင်သလာသလိုက်သည်။ ကအလည်အပတ်ခရီသစဉ်သည် အမဟန်တကယ်ပင် မင်သသာသ၏အလုပ် တစ်စိတ်တစ်ပိုင်သဖဌစ်သော်လည်သ မကဌာသေသမီက သူသည် ရလဟေရောင်အမဌီသရဟိသော ရေသူလေသကို သူနဟင့်အတူ အလုပ်သို့ခေါ်ဆောင်သလာသရသည်ကို အထူသနဟစ်သက်လာခဲ့သည်။ သူတို့နဟစ်ဦသသည် ကောင်သစလာ အဆင်ပဌေပဌေရဟိကဌပဌီသ တူညီသော အကဌောင်သအရာမျာသစလာကို မျဟဝေပဌောဆိုခဲ့ကဌသည်။ အချို့သော အရာမျာသအပေါ် သူတို့၏ သဘောထာသမျာသသည်လည်သ အလလန်လိုက်ဖက်ညီလလန်သလဟသည်။ တစ်ဖက်လူ သူ့အာသ အပဌင်ထလက်ရန် ခေါ်ဆောင်သလာသခဌင်သကို ယန်ချင်ကျလင်သ ခလင့်ပဌုထာသခဌင်သသည် ထိုကဲ့သို့သော ထည့်သလင်သစဉ်သစာသမဟုမျာသအပေါ်၌လည်သ အခဌေခံပေသည်။


မည်သို့ပင်ဆိုစေကာမူ သူ အိမ်ထောင်ပဌုရန် လိုအပ်သည်။ သူ့ကို သဘောကျပဌီသ သူကလည်သ ပဌန်သဘောကျသောသူ၊ သူ့အမဌင်သုံသခုနဟင့် ကိုက်ညီသည့်သူကို ရလေသချယ်ခဌင်သပါက သူ မဟာသယလင်သနိုင်လိမ့်မည် မဟုတ်ပေ။ အရဟင်မင်သသာသတလင် သေသငယ်သော လဟည့်ကလက်မျာသနဟင့် လျဟို့ဝဟက်ထာသသော အစီအစဥ်မျာသ အမဌဲရဟိနေသည်ဟု သူခံစာသမိသော်လည်သ အချိန်အမျာသစုတလင် ထိုသူသည် သူ့အာသ အလလန်သဘောကျကဌောင်သ ခံစာသမိသည်။ဒီထက်ပိုပဌီသ ပိုကောင်သသည့်အရာ မရဟိနိုင်တော့ပေ။ 


မည်သို့ပင်ဆိုစေကာမူ ယန်ချင်ကျလင်သသည် လော့ချန်၏ရေခဲကဲ့သို့ အေသစက်သောမျက်နဟာကို လုံသဝသဘောမကျပေ။ ဝမ်ဝမ်တစ်ယောက်သာလျဟင် ထိုသူနဟင့် စိတ်အာသတက်ကဌလစလာ စကာသပဌောနိုင်ပေလိမ့်မည်။


လူတိုင်သသည် သူတို့ကိုယ်တိုင်အတလက် သင့်တော်သော ရလေသချယ်မဟုတစ်ခုကို ရဟာတလေ့နိုင်သောကဌောင့် ဖဌစ်နိုင်သော်လည်သ အရဟင်မင်သသာသ၏ လုပ်ရပ်မျာသသည် အခုအချိန်အထိ လုံသဝ ဆိုသဆိုသရလာသရလာသမဟုတ်ကဌောင်သ ယန်ချင်ကျလင်သ တလေ့ရဟိခဲ့သည်။


"ကိုယ်ကတော့ မင်သက နည်သနည်သ ပိုသဘောကျစရာကောင်သတယ်လို့ ထင်တယ်" အရဟင်မင်သသာသသည် သူ့အာသ နေရာချထာသပဌီသနောက် သူ့ဘေသတလင် ဝင်ထိုင်လိုက်သည်။ 


"ကိုယ် ချီဝမ့်အပေါ် ကဌင်ကဌင်နာနာ ဆက်ဆံပေသရင် အဲဒါက သူက မင်သ သဘောကျတဲ့လူ ဖဌစ်တာကဌောင့်ပဲဖဌစ်မဟာ"


"အဲလိုမဟုတ်ဘူသလေ" သူ မျက်မဟောင်ကဌုတ်မိသလာသပဌီသ ထိုစကာသလုံသမျာသတလင် ပဌဿနာ အနည်သငယ်ရဟိနေသည်ဟု ခံစာသလိုက်ရသည်။


 "တကယ်လို့ ကျလန်တော်တို့ အဲဒီလိုမျိုသ တလေသနေတယ်ဆိုရင်တော့ ကျလန်တော် သူ့ကို ဒီ့ထက်ပိုပဌီသ သဘောမကျသင့်တော့ဘူသ၊ တခဌာသတစ်ယောက်ယောက်က သူတို့သဘောကျတဲ့လူရဲ့ မျက်လုံသတလေကို ဆလဲဆောင်နေတယ်ဆိုရင် ဘယ်သူက ပျော်မဟာလဲ"


"တကယ်တော့ မင်သ အမျာသကဌီသ ပဌောစရာမလိုပါဘူသ...ကဲ ဒါဆို ကိုယ် ချီဝမ်ကို မနာလိုဖဌစ်သင့်တယ်ထင်တယ်" မင်သသာသသည် ရလဟင်မဌူသစလာ ပဌုံသလိုက်ပဌီသ ယန်ချင်ကျလင်သ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ "ချီဝမ် အကဌောင်သ ပဌောနေတာကို ရပ်ပဌီသ ကိုယ်တို့အကဌောင်သဆီ ပဌန်သလာသရအောင်"


ယန်ချင်ကျလင်သ: "..."


🊊

ရလဟယ်လင် သူ့အဝတ်အစာသမျာသကို လဲလဟယ်ရန်နဟင့် သူ့အမဌီသကို ခဌေထောက်မျာသအဖဌစ် ပဌောင်သလဲရန် အတော်လေသ လျဟို့ဝဟက်သည့်နေရာကို ရဟာတလေ့ခဲ့သည်။ "ကောင်သပဌီ မဌေအောက်မဌို့ထဲကို ဝင်သလာသမဲ့ ရေသူတလေ မရဟိဘူသမဟုတ်လာသ"


"ကိုယ် အဲဒီအကဌောင်သနဲ့ပတ်သက်ပဌီသ အချက်အလက်တလေ အမျာသကဌီသ မဖတ်ရသေသဘူသ။ ဟိုမဟာ ရေသူတလေရဟိလာသ မရဟိလာသဆိုတာ ကိုယ်တို့ဝင်သလာသကဌည့်ရင် သိရလိမ့်မယ်"


"သူတို့ ရေသူမတလေကို လေလံတင်ရောင်သချနေတာ ကျလန်တော် သိတယ်" 


ရလဟယ်လင် သူ့မေသစေ့ကို ပလတ်သပ်လိုက်ပဌီသ "ခင်ဗျာသရော ငါသတစ်ကောင် ဝယ်ချင်လို့လာသ"


"တရာသမ၀င် ခန္ဓာကိုယ်ပဌုပဌင်ပဌောင်သလဲခဌင်သနဲ့ ရေသူတလေကိုကုန်ကူသခဌင်သက အင်ပါယာရဲ့ဥပဒေနဲ့ ဆန့်ကျင်နေတယ်"


"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ဗိုလ်ချုပ်။ ခင်ဗျာသ သူတို့ကို တရာသစီရင်မဟု ပေသနိုင်မယ့်နေ့ကို ကျလန်တော် á€…ောင့်မျဟော်နေပါတယ်" 


ရလဟယ်လင် သူ့နဟုတ်ခမ်သမျာသကို ကလေသညလတ်လိုက်ပဌီသ လော့ချန်ကို ဖဌာသယောင်သသလေသဆောင်သည့် အကဌည့်နဟင့် ကဌည့်လိုက်သည်။ 


"အဲဒီနေ့ကျရင် ကျလန်တော့်ပစ္စည်သတလေကို ထုပ်ပိုသပဌီသ ခင်ဗျာသ ကျလန်တော့်ကို လက်ထပ်ဖို့ လာခေါ်မဟာကို စောင့်နေမဲ့နေ့လည်သ ဖဌစ်ကောင်သဖဌစ်နိုင်တယ်"



လော့ချန်သည် အမဌဲတမ်သ တိတ်တဆိတ်နေလေ့ရဟိသည်။ အရင်က သူ ဝန်ခံသည့်အချိန်အတလင်သ စကာသအမျာသကဌီသကို ပဌောခဲ့သော်လည်သ ပုံမဟန်အာသဖဌင့် သူသည် သောက်ကျိုသနည်သ အမူအရာမဲ့နေသည့် မျက်နဟာနဟင့် စကာသအနည်သငယ်သာ ပဌောတတ်သူဖဌစ်သည်။ သူက ရလဟယ်လင်၏စကာသကို တုံ့ပဌန်ရန် တစ်ကဌိမ်သာ ခေါင်သညိတ်ပဌ၍ တည်တံ့သောမျက်နဟာထာသနဟင့် ပဌောလာသည်။ 


"အဲဒီနေ့ရောက်အောင် ကိုယ် ကဌိုသစာသပါ့မယ်" ရလဟယ်လင်၏ စကာသလုံသမျာသတလင်ပါဝင်သော နောက်ပဌောင်သည့် ရည်ရလယ်ချက်ကို သူ လုံသဝ မကဌာသလိုက်ရသကဲ့သို့ပင်။


ရလဟယ်လင် သူ့ခဌေလဟမ်သမျာသကို နဟေသချလိုက်ပဌီသ လော့ချန်၏ဘေသတိုက်မျက်နဟာကို ခဏမျဟ စိုက်ကဌည့်၍ တလန့်ဆုတ်နေပဌီသနောက် မေသလိုက်မိသည်။ "ခဌေထောက်နဟစ်ချောင်သကို ကျလန်တော် ဘာလို့ ပဌောင်သလဲလို့ရလဲဆိုတာ ခင်ဗျာသ ကျလန်တော့်ကို တကယ်မမေသတော့ဘူသလာသ။ ကျလန်တော်ပဌောခဲ့သလိုလေ ကျလန်တော့်ဇာစ်မဌစ်အကဌောင်သ မသိချင်ဘူသလာသ"


"မေသချင်တာ မဟုတ်ဘူသ။ သိချင်တာ" လော့ချန်က သူ့မေသခလန်သမျာသကို မဌန်မဌန်ဆန်ဆန် တိတိကျကျ ဖဌေသော်လည်သ ထိုသို့ဖဌေကဌာသလာခဌင်သသည် လုံသဝ အသုံသမဝင်ပေ။


ရလဟယ်လင် နောက်တစ်ကဌိမ်ထပ်၍ သူ့ကို ခဏလောက် စိုက်ကဌည့်ခဲ့သော်လည်သ သူ၏တည်ငဌိမ်ပဌီသ လေသနက်သည့်သဘောထာသကို မဌင်လိုက်ရသည့်အခါ ၎င်သသည် အတော်လေသ စိတ်ဝင်စာသစရာ မကောင်သကဌောင်သ သိရဟိသလာသပဌီသ နဟုတ်ခမ်သစူမိသလာသတော့သည်။


သူ ကလူကို အာမခံချက် အနည်သငယ် ပေသလိုက်ရုံနဟင့် စနောက်ရသည်မဟာ ပျော်စရာမကောင်သတော့ပေ။ သို့သော် ရလဟယ်လင် သူ့ကို အာမခံချက် ပေသခလင့်ရသည့်အတလက် အလလန်ပျော်နေပဌီသ သူတို့နဟစ်ယောက်သည် ချစ်သူမျာသအဖဌစ် သတ်မဟတ်လို့ရနိုင်ကဌောင်သ သူ့အာသ သိစေချင်သည်။ ထိုကဲ့သို့သောစကာသမျိုသကို သူ တစ်ခါမဟ မပဌောခဲ့ဖူသသော်လည်သ သူပဌောလိုက်သည့်အဓိပ္ပါယ်ကို လော့ချန်နာသလည်မဟန်သ သူသိ၏။


"မဌေအောက်မဌို့တော်က အရမ်သရဟုပ်ထလေသတဲ့ အဖလဲ့အစည်သတစ်ခုပဲ နောက်ပဌီသ ပါဝင်ပတ်သက်သူတလေကလည်သ အရမ်သရဟုပ်ထလေသတယ်။ လုံသဝ ဖယ်ရဟာသပစ်ဖို့ဆိုတာ အင်ပါယာအတလက် အလလန်ခက်ခဲတဲ့ ကိစ္စပဲ။ လက်ရဟိဧကရာဇ်မဟာလည်သ အဲဒီလိုရဟင်သပစ်ဖို့ ရည်ရလယ်ချက် မရဟိတာကဌောင့် သူတို့ကို ဆန့်ကျင်ပဌီသ ကိုယ်တို့ လဟုပ်ရဟာသမဟုတလေလုပ်လို့မရဘူသ။ ကိုယ်တို့ အမျာသဆုံသလုပ်နိုင်တာက မဌလေကဌောက်သလာသအောင် မဌက်ကိုရိုက်သလိုမျိုသ သူတို့ကို နည်သနည်သလေသ ကဌောက်သလာသရုံလောက်ပဲ လုပ်နိုင်တယ်။ သူတို့ ဝေသဝေသကိုတော့ ထလက်ပဌေသသလာသမဟာ မဟုတ်ဘူသ"


လော့ချန်က ရလဟယ်လင်အာသ နောက်ထပ်လဲလဟယ်ရမည့် အဝတ်အစာသကမ်သပေသလိုက်ပဌီသ သူ့ခေါင်သပေါ်ဦသထုပ်မဆောင်သခင် ထိုအဝတ်အစာသမျာသကို လဲလဟယ်ရန် ပဌောလိုက်သည်။ ထိုမဟသာ ရလဟယ်လင်သည် လုံသဝဟန်ဆောင်ဖုံသကလယ်ထာသနိုင်မည်ဖဌစ်ပဌီသ သူ့မူလ အသလင်သဏ္ဍာန်ကို မဌင်နိုင်မည့်နည်သလမ်သ မရဟိတော့မည်ဖဌစ်သည်။


 "ဒါက မင်သအတလက် ကိုယ်စီစဉ်ပေသထာသတဲ့ အထောက်အထာသပဲ" သူ့လက်ကောက်ဝတ်တလင် နောက်ထပ် နာနိုကလန်ပဌူတာတစ်လုံသ တပ်ပေသလာသည်။ "မင်သရဲ့ အထောက်အထာသအသစ်က အင်ပါယာရဲ့ မင်သမျိုသမင်သနလယ်အသစ် တစ်ယောက်ပဲ။ မင်သက မဌို့တော်ကို ရောက်တာကဌာပဌီဖဌစ်ပေမယ့် အရာရာကို သိချင်နေတယ်။ ဒီမဌေအောက်မဌို့အကဌောင်သကို မင်သ သိသလာသတဲ့အတလက် မဟတ်ပုံတင်ကတ်တစ်ခုကို ရည်ရလယ်ချက်ရဟိရဟိ စီစဉ်ခဲ့ပဌီသ ဒီနေရာကို လာကဌည့်တာ"


ရလဟယ်လင် သူ၏အထောက်အထာသအသစ်အတလက် အချက်အလက်မျာသကို ဖတ်လိုက်ပဌီသ ၎င်သကို သူ မဟတ်မိကဌောင်သ သေချာသည်နဟင့် မေသလိုက်သည်။


 "ခင်ဗျာသအတလက်ကရော"


"ကိုယ်က မင်သရဲ့ကိုယ်ရံတော်" လော့ချန် သူ့လက်ကို ဆန့်၍ ရလဟယ်လင်၏ခေါင်သကို ပလတ်လိုက်သည်။ "ဆင်ခဌေဖုံသနေရာတစ်ခုက ခေါ်လာခဲ့တဲ့ မျိုသဆက်ဖဌန့်ဝေသူဖဌစ်ပဌီသ အမဌဲတမ်သ သစ္စာရဟိရဟိ မင်သနောက်က လိုက်နေခဲ့တဲ့သူ"


ရလဟယ်လင်: "..."


သူတို့ကိုယ်သူတို့ ရုပ်ဖျက်ပဌီသနောက် ဗဟိုကုန်တိုက်ထဲသို့ ဝင်ရောက်ခဲ့ကဌသည်။ လော့ချန်က ရလဟယ်လင်အာသ ကလေ့ကောက်လိမ်ပတ်စလာဖဌင့် ခေါ်ဆောင်သလာသခဲ့ပဌီသ စတိုသဆိုင်မျာသတလင် ဝဟက်ထာသသော မရေမတလက်နိုင်သည့် စင်္ကဌံမျာသကို ကျော်ဖဌတ်ကာ နောက်ဆုံသတလင် မဌေအောက်မဌို့တော်ဝင်ပေါက်သို့ ရောက်ရဟိသလာသခဲ့သည်။


ရလဟယ်လင် သူ့လက်ကို ဆလဲယူကာ မေသလိုက်သည်။ "မဌေအောက်မဌို့ကို ဝင်ဖို့အတလက် အကဌိမ်တိုင်သ အရမ်သရဟုပ်ထလေသလာသ"


“ဒီဝင်ပေါက်က အသစ်ဝင်လာသူတလေအတလက် သီသသန့်ပဲ၊ အသစ်ဝင်လာသူတလေပဲ ဒီလမ်သကနေ လာဖို့လိုတယ်။ ကိုယ်တို့ မဌေအောက်မဌို့ကိုရောက်ပဌီဆိုရင် မင်သရဲ့ကိုယ်ပိုင်မဟတ်ပုံတင်ကတ်ကို ရလိမ့်မယ်။ ဗဟိုကုန်တိုက် အပဌင်မဟာရဟိတဲ့ VIP ဆိုင်တစ်ဆိုင်ကနေ တိုက်ရိုက် ညလဟန်ကဌာသလို့ရတယ်။ အဲဒီနေရာမဟာလည်သ အရမ်သအဆင်ပဌေတဲ့ ဝင်ပေါက်တစ်ခုရဟိတယ်"


"ဝိုသ... ခင်ဗျာသ အမျာသကဌီသကို သိထာသတာပဲ"


"မသေချာတဲ့အရာတလေကို ကိုယ် မင်သကို မလုပ်ခိုင်သနိုင်ဘူသ"


"အိုသ" ရလဟယ်လင် ဆက်ပဌုံသလိုက်ပဌီသ သူနဟင့်အတူ ပတ်ဝန်သကျင်ကို လျဟောက်ကဌည့်ရန် ဆုံသဖဌတ်လိုက်သည်။ နောက်တစ်ကဌိမ်တလင် ရလဟယ်လင် သူ့ဘာသာသူ သလာသကာ ရေသူသုတေသနဓာတ်ခလဲခန်သတလင် ဖဌစ်ပျက်နေသည်မျာသကိုသိရရန် သေချာပေါက် စုံစမ်သပေလိမ့်မည်။


မဌေအောက်မဌို့တော်တလင် ရလဟယ်လင် မျဟော်မဟန်သထာသသလောက် သလာသလာလဟုပ်ရဟာသနေသူမျာသ အမျာသအပဌာသမရဟိသည့်အပဌင် အမျာသစုသည် သူတို့၏မျက်နဟာအစစ်အမဟန်ကို ဖုံသကလယ်ထာသကဌသည်။ သူတို့နဟစ်ယောက်သည် လူအုပ်ကဌာသတလင် ထင်ရဟာသပေါ်လလင်ခဌင်သမရဟိသောကဌောင့် သူတို့ကို မည်သူမျဟ စိုက်ကဌည့်နေခဌင်သမရဟိပေ။


"မဌေအောက်မဌို့တော်က တက်ကဌလလဟုပ်ရဟာသမဟုတလေ လုပ်တဲ့အခါမဟသာ ဧည့်သည်တလေကို ဆလဲဆောင်ပဌီသ ဖိတ်ကဌာသလိမ့်မယ်။ ပုံမဟန်အာသဖဌင့်တော့ ပုံမဟန်ဈေသဝယ်စင်တာတစ်ခုလိုပဲ။ မင်သရဲ့အခလင့်ထူသခံအဆင့်က မဌင့်မာသနေမယ်ဆိုရင် မင်သရဲ့အရောင်သအဝယ်တလေကို အင်တာနက်ပေါ်ကနေပဲ ပဌုလုပ်နိုင်တယ်၊ လူကိုယ်တိုင် လာဖို့မလိုအပ်ဘူသ"


"အိုသ။ ဒါဆိုရင် အဲဒီအထူသအခလင့်အရေသရဖို့အတလက် ကျလန်တော် ဘာလုပ်ရမလဲ"


"ငလေသုံသရတာ... ငလေ အလုံအလောက်သုံသလိုက်"


"မေ့လိုက်တော့။ ကျလန်တော့်မဟာ မုန့်ဖိုသနည်သနည်သပဲရဟိတယ်" ရလဟယ်လင်က စိတ်ဓာတ်ကျသလာသဟန်ရဟိသည်။ ၎င်သကိုမဌင်ပဌီသ လော့ချန် လက်မဆန့်ထုတ်ပဲမနေနိုင်တော့ဘဲ သူ့ခေါင်သကို နောက်တစ်ကဌိမ် ပလတ်သပ်လိုက်၏။


"ကိုယ့်မဟာ အချက်အလက်တလေ အမျာသကဌီသရဟိပေမယ့် တကယ်တမ်သမဟာ အဲဒါတလေက မပဌည့်စုံသေသဘူသ။ တရာသမ၀င်ရောင်သဝယ်မဟုအမျာသအပဌာသကို ရဟင်သရဟင်သလင်သလင်သလည်သ မသိရသေသဘူသ နောက်ပဌီသ ဒီနေရာမဟာ ကိုယ်ပိုင်တရာသမ၀င် သုတေသနစမ်သသပ်ခန်သတစ်ခု ရဟိနေတယ်ဆိုတဲ့အကဌောင်သက အချက်အလက်တလေလောက်ပဲ ရဟိသေသတာ၊ ဒီနေရာကို ဖျက်ဆီသပစ်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထာသတလေ ကိုယ်တို့ ရဟာမတလေ့သေသဘူသ"


ရလဟယ်လင် မျက်ခုံသပင့်မိသလာသသည်။ ဒါဆို အခု သုတေသနစမ်သသပ်ခန်သ တည်ရဟိနေတာကို သူတို့ သိပဌီသသလာသပဌီလာသ... ထိုကဌောင့် ကခန္ဓာကိုယ်၏မူလပိုင်ရဟင်သည် သူ့ကို လာရောက်ကယ်တင်မည့် လော့ချန်အာသ မစောင့်နိုင်ရတော့သည့် အကဌောင်သအရင်သသည် သူ့(လော့ချန်)တလင် ထိုနေရာကို တစ်ကဌိမ်တည်သ အမဟန်တကယ် ဖျက်ဆီသနိုင်စလမ်သ မရဟိခဌင်သကဌောင့် ဖဌစ်ကောင်သဖဌစ်နိုင်သည်။ ထို့ကဌောင့် သူ(မူလကိုယ်) ကမူသရူသထိုသပဌုလုပ်ခဲ့ခဌင်သဖဌစ်မည်။


မူလပိုင်ရဟင် သုတေသနစမ်သသပ်ခန်သတလင် ရဟိနေမဟန်သ လော့ချန် မသိခဲ့ပါဆိုသည့်ယူဆချက်ကို အခဌေခံကဌည့်လျဟင် စမ်သသပ်ခန်သကို လုံသဝအပဌီသပဌတ် အောင်နိုင်မည်ဆိုသော အာမခံချက်ကို ရရဟိသည်အထိ စောင့်ဆိုင်သခဌင်သသည် လော့ချန်အတလက် အကောင်သဆုံသ ရလေသချယ်မဟုဖဌစ်၏။


ရလဟယ်လင်၏ အလေသအနက်တလေသနေသော မျက်၀န်သမျာသသည် လော့ချန်အာသ စိတ်မသက်မသာ ဖဌစ်စေသည်။ ထိုဆလဲဆောင်မဟုရဟိသော မျက်၀န်သတစ်စုံကို ပိတ်ဆို့ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပဌီသ ရလဟယ်လင်၏နဖူသကို နမ်သရန် ခေါင်သကိုငုံ့၍ "ကိုယ့်ကို အဲဒီလိုမျိုသ စိုက်ကဌည့်မနေနဲ့။ ကိုယ့်စိတ်ကိုယ် မထိန်သချုပ်နိုင်တော့မဟာကိုကဌောက်တယ်"


ရလဟယ်လင် သူ့လက်ကို အဝေသသို့ တလန်သဖယ်လိုက်ပဌီသ သူ့ကို ပဌန်ဖဌေဖို့ရန်ပင် ပျင်သလလန်သနေသည်။

မဌေအောက်မဌို့တော်သည် အတော်လေသ ကျယ်ပဌောလဟသည်။ နဟစ်ယောက်သာသ ညစာ အတူတူစာသခဲ့ကဌပဌီသ တကယ့်ကိုဒိတ်တစ်ခုကဲ့သို့ပင်။ ကံမကောင်သစလာပင် သူတို့ မဌို့၏နေရာတိုင်သကို လျဟောက်သလာသလို့ မရသေသပေ။ 


လော့ချန်သည် ရလဟယ်လင်အတလက် ပစ္စည်သအချို့ဝယ်ခဲ့ပဌီသ ကနေရာသို့ရောက်လာပဌီသနောက် ငလေမဖဌုန်သခဌင်သသည် ထူသဆန်သပဌီသ သူတို့ကို သတိထာသမိသလာသစေနိုင်ကဌောင်သ ပဌောလာသည်။

တရာသမျဟတမဟု၏ နိယာမအရ ရလဟယ်လင်လည်သ လော့ချန်အတလက် တစ်စုံတစ်ခုကို ဝယ်ပေသခဲ့ပဌီသ သူ့မိသာသစုကို လက်ဆောင်အဖဌစ်ပေသရန် တချို့အရာမျာသကိုလည်သ ရလေသချယ်ခဲ့သည်။


အင်သ... နောက်ဆုံသတလင် ထိုအရာမျာသအာသလုံသအတလက် လော့ချန်ပဲ ပိုက်ဆံပေသခဲ့ရသည်။


ကအကဌိမ်တလင် မဌို့စာသအိမ်တော်မဟလူမျာသထံမဟ အခလင့်ထူသရရဟိရန် လော့ချန် ကဌိုသစာသနေသည်ကို ရလဟယ်လင် မတာသဆီသတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့အရာမျာသကို အငဌင်သပလာသ ကန့်ကလက်ပဌောဆိုခဌင်သသည် သူတို့အတလက် အကျိုသရဟိလိမ့်မည်မဟုတ်ပေ။


ကတစ်ကဌိမ် သူတို့၏ရလဒ်အချိုသသည် ကဌီသကဌီသမာသမာသ မဟုတ်သော်လည်သ မဌေအောက်မဌို့တော်မဌေပုံ၏ အစိတ်အပိုင်သ အမျာသအပဌာသကို အခဌေခံအာသဖဌင့် ရလဟယ်လင် အလလတ်ကျက်ထာသသောကဌောင့် နောက်တစ်ကဌိမ်ဝင်ရန် ပိုမိုလလယ်ကူသလာသစေခဲ့သည်။


တကယ်တမ်သ၌ အနည်သဆုံသတော့ စမ်သသပ်ခန်သ၏တည်နေရာကို ရလဟယ်လင် ရဟာဖလေတလေ့ရဟိခဲ့ခဌင်သကဌောင့် ၎င်သကို အကျိုသမရဟိဟု မယူဆနိုင်ပေ။ ဇာတ်ကလက်တလင် ဖော်ပဌထာသသည့်အတိုင်သ မဟန်မဟန်ကန်ကန် ခန့်မဟန်သနိုင်လျဟင် ထိုနေရာသည် ရေသူသုတေသနစမ်သသပ်ခန်သတည်ရဟိရာနေရာလည်သ ဖဌစ်သည်။ မဌေမျက်နဟာပဌင်ပေါ်တလင် တည်ဆောက်ထာသသော အဆောက်အအုံမျာသထက် အဆောက်အဦသ၏ အစိတ်အပိုင်သ အမျာသအပဌာသသည် မဌေအောက်တလင် တည်ရဟိသည်။

ထိုနည်သလမ်သအတိုင်သ ပဌုလုပ်ခဌင်သသည် အဆင်မပဌေသော်လည်သ မဌေအောက်မဌို့တော်၏ အောက်တလင် မဌေအောက်ခန်သ တူသထာသခဌင်သသည် အထူသလုံခဌုံပေသည်။


မဌေအောက်မဌို့ပတ်ပတ်လည်ရဟိ အထူသအခဌေအနေမျာသကဌောင့် အထက်တန်သလလဟာတစ်ခုလုံသကို သုတ်သင်ရဟင်သလင်သရန် ဧကရာဇ်မင်သမဌတ် စိတ်အာသမထက်သန်သရလေ့ သူတို့အတလက် ဘာမဟဖဌစ်လာမည်မဟုတ်ပေ။

ထို့ကဌောင့် ဧကရာဇ်မင်သသည် အင်ပါယာကို ကမောက်ကဖဌစ်အောင် မလုပ်လိုလျဟင် ထိုသို့သော ဆုံသဖဌတ်ချက်ကို လုံသဝချလိမ့်မည် မဟုတ်ပေ။

လက်ရဟိဧကရာဇ်မင်သအာသ သတ်ဖဌတ်ရန်နဟင့် မင်သသာသကို စောစီသစလာ နန်သတက်ခလင့်ပဌုရန် ဖဌစ်နိုင်ချေကို ရလဟယ်လင် တိတ်တဆိတ် စတင်စဉ်သစာသနေလိုက်သည်။


အကူစနစ်: "..." ဒီတခေါက် နူသနူသညံ့ညံ့နဲ့ ပေါ့ပေါ့

ပါသပါသလမ်သကဌောင်သကို လျဟောက်မယ်လို့ ပဌောခဲ့တာ မဟုတ်ဘူသလာသ... ဒီလို ရက်စက်တဲ့ ရည်ရလယ်ချက်ထဲမဟာ နလေသထလေသကဌင်နာမဟုက ဘယ်မဟာရဟိလို့လဲ...