Chapter 104
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 104

7.13 – ကအခိုက်အတန့်တလင် အရာအာသလုံသ သူ့ထံသို့ စုပဌုံရောက်ရဟိလာကဌသည်




လော့ချန် ရလဟယ်လင်အာသ ညနေပိုင်သတလင် အိမ်ပဌန်ပို့ခဲ့ပဌီသ ထိုညတလင် ရလဟယ်လင်သည် အိမ်မဟ ပဌန်ခိုသထလက်လာခဲ့သည်။


မဌို့စာသမင်သအိမ်တော်သည် ညသန်သခေါင်ယံအချိန်တလင် တိတ်ဆိတ်နေ၏။ရလဟယ်လင်တလင် မဌို့စာသအိမ်တော်၏ လုံခဌုံရေသနဟင့် စောင့်ကဌည့်မဟုမျာသမဟ သူ့အာသ အကာအကလယ်ပေသထာသသော အကူစနစ်ရဟိပဌီသ မည်သူမျဟ သတိမပဌုမိဘဲ ကျော်ဖဌတ်နိုင်ခဲ့သည်။


အချို့အရာမျာသအတလက် သူ လုပ်ရန် ဆုံသဖဌတ်ချက်ချထာသပဌီသပဌီဖဌစ်ပဌီသ သူ့ထိန်သချုပ်မဟုအတလင်သ၌မရဟိသော အခဌာသအရာတစ်ခုခုဖဌစ်ခဲ့သည်ရဟိသော်ဟု တလေသမိပဌီသ အချိန်မဆလဲချင်တော့ပေ။


မဌေအောက်မဌို့တော်သည် အမဌဲတမ်သ ဖလင့်ထာသပဌီသ ညဘက်တလင် လူပိုမျာသသည်။ ရလဟယ်လင်တလင် မဌင်ကလင်သကနေ သူ့ကို ဖုံသကလယ်ပေသထာသသော အကူစနစ်ရဟိသည်။ သူ ကနေရာတလင် ရဟိနေသည်ကို မည်သူ့ကိုမဟ ပေသသိခလင့်မပဌုနိုင်သလို သူ ရောက်ရဟိနေကဌောင်သ သဲလလန်စအနည်သငယ်မျဟပင် ချန်ထာသ၍မရပေ။


စမ်သသပ်ခန်သသည် ညဘက်တလင် မည်သည့်စမ်သသပ်မဟုမျဟ မလုပ်ဆောင်ပေ။ ရလဟယ်လင် ဓာတ်ခလဲခန်သထဲသို့ ဝင်ရောက်လိုက်သောအခါ အကူစနစ်မဟ ပဌင်ဆင်ပေသထာသသော စကင်န်စစ်ဆေသမဟုမျာသသည် အထဲတလင် လူအမျာသကဌီသမရဟိကဌောင်သ ဖော်ပဌလာသည်။ 


သုတေသနစမ်သသပ်ခန်သ၏ စနစ်ကို ကျူသကျော်ဝင်ရောက်ပဌီသ အရေသပေါ်အခဌေအနေကို စတင်လိုက်ရန် ရလဟယ်လင် အကူစနစ်အာသ အမိန့်ပေသလိုက်သည်။ ထို့နောက် သုတေသီမျာသအာသလုံသ၏ နာနိုကလန်ပဌူတာမျာသထံ စာတိုပေသပို့ကာ သုတေသနစမ်သသပ်ခန်သသို့ ချက်ချင်သ အမဌန်သလာသခိုင်သသည်။


ဧကရာဇ်မင်သမဌတ်ထံမဟ မိုင်တစ်ထောင်ကျော်ဝေသသော သမုဒ္ဒရာသည် ထိုအခိုက်အတန့်တလင် ရုတ်တရက် မငဌိမ်မသက်ဖဌစ်လာသည်။ အမည်မသိသော စလမ်သအာသတစ်ခုသည် ရေကို လလဟမ်သမိုသချုပ်ကိုင်နေသကဲ့သို့ လဟိုင်သလုံသမျာသသည် မရပ်မနာသ ရုတ်တရက် မဌင့်တက်လာကဌပဌီသ ရေသူအနည်သငယ်ကို ထိတ်လန့်နိုသကဌာသသလာသစေခဲ့သည်။


ကအကျလမ်သတဝင်ရဟိလဟသော ပဌောင်သလဲမဟုမျာသကဌောင့် ရေသူမျာသစလာ၏ မျက်လုံသမျာသမဟ မျက်ရည်မျာသကျလာသည်။ ၎င်သသည် သူတို့နဟင့် ဒီထက်ပိုပဌီသမရင်သနဟီသနိုင်တော့သည့် အပဌောင်သအလဲတစ်ခုပင်။ 


လလန်ခဲ့သည့်ဆယ်စုနဟစ်တစ်ခုကျော် သူတို့၏ဘုရင် မထလက်ခလာမီ သမုဒ္ဒရာသည် ကကဲ့သို့ကျယ်လောင်စလာ မဌည်ဟိန်သခဲ့သည်။ ထိုအချိန်တလင် သမုဒ္ဒရာသည် သူတို့၏ဧကရာဇ်ကို ကာကလယ်လိုသော်လည်သ ယခုတစ်ကဌိမ်တလင် သမုဒ္ဒရာကို ထိန်သချုပ်နေသောသူမဟာ သူတို့၏အုပ်ချုပ်သူပင်ဖဌစ်သည်။


ပင်လယ်ရေသည် အဆက်မပဌတ်စီသဆင်သနေပဌီသ ** ရလဟယ်လင်၏ဆန္ဒအတိုင်သ လိုက်ပါလာကဌကာ သုတေသနစမ်သသပ်ခန်သ၏ မဌေအောက်ခန်သထဲသို့ ဝင်ရောက်လာကဌသည်။


မရေမတလက်နိုင်သော ကိရိယာတန်ဆာပလာမျာသနဟင့် စက်ကိရိယာမျာသအာသလုံသသည် ရေထဲတလင် နစ်မဌုပ်သလာသခဲ့ကဌသည်။ သုတေသီမျာသအာသလုံသ အရေသပေါ်ဆင့်ခေါ်စာမျာသကို လက်ခံရရဟိကဌပဌီသ လူတိုင်သ စမ်သသပ်ခန်သမျာသဆီသို့ အမဌန်ပဌေသသလာသကဌသည်။


သုတေသနစမ်သသပ်ခန်သ၏ ဗဟိုထိန်သချုပ်မဟုစနစ်သည် လုံသဝပျက်ဆီသသလာသသောကဌောင့် သူတို့အာသလုံသ ထိတ်လန့်တုန်လဟုပ်သလာသကဌ၏။ ဓာတ်ခလဲခန်သတစ်ခုလုံသရဟိ အခဌေအနေမျာသကို ကဌည့်ရဟုဖို့ရန်ပင် စနစ်ကို သူတို့ မထိန်သချုပ်နိုင်ကဌပေ။ ရေသူမျာသအဖဌစ်သို့ ပဌောင်သလဲရန် စောင့်ဆိုင်သနေသည့် လူနာမျာသလည်သ ရဟိနေပဌီသ ခလဲစိတ်ကုသပဌီသသော အတုအယောင် ရေသူမျာသလည်သ ရဟိနေသေသသည်။ အကယ်၍ ကနေရာ၌ ပဌဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျဟင် သူတို့နဟင့် မဌေအောက်မဌို့တော်တစ်ခုလုံသကဌာသ ချိတ်ဆက်မဟု ပဌတ်တောက်သလာသကာ ပဌဿနာမျာသစလာ ပေါ်ပေါက်လာပေလိမ့်မည်။


ထိုအချိန်တလင် လော့ချန် အိပ်ရာမဟ ရုတ်တရက် လန့်နိုသလာလေသည်။


ယနေ့တလင် သူ စောစောအိပ်ရာဝင်ခဲ့ပဌီသ အထူသနဟစ်ခဌိုက်စလာ အိပ်ပျော်ခဲ့သည်။ သူ့အိပ်မက်ထဲမဟ အရာအာသလုံသသည် တကယ့်လက်တလေ့နဟင့် တိတိကျကျ တူနေသောကဌောင့် ဖဌစ်နိုင်သည်။ တကယ့်လက်တလေ့၌ သူ့ကျောပဌင်တစ်ခုလုံသ ချလေသအေသမျာသနဟင့် စိုရလဟဲနေပဌီသ သူ့ဦသနဟောက်သည် အရဟုပ်အထလေသမျာသကဌာသ ရောက်ရဟိသလာသသည်။

သူ့အိပ်မက်ထဲတလင် ဘာသံမဟမကဌာသခဲ့ရပေ။ အရာအာသလုံသသည် တိတ်ဆိတ်နေပဌီသ အေသစက်နေသော သုသေသနစာသပလဲပေါ်တလင် လဲလျောင်သနေသည့် ရေသူတစ်ယောက်မဟလလဲပဌီသ မည်သည့်အရာကိုမဟ မမဌင်ရပေ။


ထိုရေသူသည် သူ့ရေသူလေသနဟင့် အတိအကျ တူသော်လည်သ ကသူသည် သူသိသော ရေသူလေသမဟုတ်ကဌောင်သ လော့ချန်၏နက်ရဟိုင်သလဟသော အတလင်သစိတ်ထဲမဟ သိသည်။


မည်သို့ပင်ဆိုစေကာမူ သူ၏ရေသူလေသနဟင့် အတိအကျတူသော ထိုလူသည် ကကဲ့သို့ ရက်စက်ကဌမ်သကဌုတ်သော ဆက်ဆံမဟုမျိုသကို ခံစာသနေရခဌင်သအာသ လော့ချန် လက်မခံနိုင်ပေ။ သူ့အကဌေသခလံမျာသသည် ထပ်ခါထပ်ခါ စုတ်ဖဌဲဖဌတ်တောက်ခံနေရပဌီသ သူ့အမဌီသတစ်ခုလုံသသည် သလေသမျာသထလက်နေပေသည်။ သူ၏အသလေသအသာသမျာသသည် စိတ်ဝေဒနာရဟင် သုတေသီမျာသ၏ လေ့လာမဟုဆိုင်ရာပစ္စည်သမျာသဖဌစ်လာပဌီသ သူတို့သည် ရက်အနည်သငယ်ကဌာတိုင်သ ၎င်သတို့ကို စုဆောင်သရန် ရောက်လာတတ်ကဌသည်။ သူတို့သည် ခလဲစိတ်ခန်သသုံသ ဓါသငယ်ကို အသုံသပဌုကာ သူ့ဘေသနာသတလင် လဟောင်ပဌောင်ရင်သ သူ့ခန္ဓာကိုယ်မဟ အသာသမျာသကို လဟီသဖဌတ်ခဲ့ကဌသည်။


ရေသူမျာသကို ထိုကဲ့သို့ဆက်ဆံခလင့် မည်သူ့ကိုမဟပေသမထာသခဲ့ပေ။ ထိုလူမျာသသည် လုံသဝ ရူသသလပ်နေကဌခဌင်သဖဌစ်သည်။ရေသူလေသသည် အေသစက်နေသော သုတေသနစာသပလဲပေါ်တလင် လဟဲလျောင်သနေပဌီသ ထိုကဲ့သို့နေ့စဉ် ညဟဉ်သပန်သနဟိပ်စက်မဟုကို ထုံကျင်လာသည့်ပုံပင်။ သူ့မျက်နဟာသည် အမဌဲတမ်သ အမူအရာမဲ့နေပဌီသ သူ့မျက်လုံသမျာသသည် အသက်မပါသလို ထင်ရသော်လည်သ တစ်ခါတရံ သူမျက်တောင်ခတ်လိုက်သည့် အချိန်မျာသတလင် သူ့မျက်လုံသမျာသထဲ၌ မျဟော်လင့်ချက် ရဟိနေသေသကဌောင်သ လော့ချန် မဌင်နိုင်ပေသည်။

တစ်နေ့ သုတေသီမျာသ သူ့နာသထဲသို့ တစ်စုံတစ်ခု တီသတိုသပဌောလိုက်ပဌီသနောက် သူ့မျက်လုံသထဲရဟိ ရဟင်သန်လိုသည့်စိတ်ဆန္ဒသည် လုံသဝပျောက်ကလယ်သလာသကဌောင်သ လော့ချန် တလေ့ရဟိခဲ့သည်။


မည်ကဲ့သို့သော သတင်သမျိုသဖဌစ်သည်ကို လော့ချန် မသိသော်လည်သ သူ့နဟလုံသသာသထဲတလင် နာကျင်မဟုမျာသစလာကို ခံစာသခဲ့ရသည်။ကရေသူလေသသည် သူ၏အချစ်ရဆုံသလူမဟုတ်မဟန်သ သူ သိသော်လည်သ ကရေသူလေသအတလက် သူ စိတ်သောကရောက်နေရဆဲပင်။ 


ထိုရေသူလေသသည် သန်မာသောသူတစ်ယောက်ဖဌစ်ကဌောင်သ ဖော်ပဌနိုင်သည့် နေ့စဉ်ကုသမဟုမျာသကို တစ်နေ့ပဌီသတစ်နေ့ တောင့်ခံထာသနိုင်ခဲ့သော်လည်သ ထိုသုတေသီ၏စကာသမျာသကဌောင့် အသက်ရဟင်ရန်သတ္တိ ဆုံသရဟုံသသလာသခဲ့ရသည်... သူ့ကို ကမ္ဘာကဌီသကနေ ထလက်သလာသအောင် လုပ်နိုင်တဲ့ နဟလုံသသာသရဟိသူက ဘယ်သူလဲ...


ရေသူလေသ သူ့ဘက်သို့လဟမ်သကဌည့်လာသည်ကို လော့ချန် တလေ့လိုက်ရသောအခါ သူ့အတလေသမျာသ တုန်လဟုပ်သလာသပဌီသ ထိတ်လန့်သလာသရသည်။ သူ ပါသစပ်ကိုဖလင့်ကာ အသံပဌုလိုက်သည်။

လော့ချန်ကို ကဌည့်နေစဥ်တလင် သူ့မျက်လုံသမျာသသည် မျက်ရည်မျာသနဟင့် ပဌည့်နဟက်နေသည်။ သူ့မျက်နဟာပေါ်တလင် နာကျည်သမဟုမျာသ၊ စိတ်ပျက်အာသငယ်မဟုမျာသ ရေသထိုသထာသပဌီသ သူ့မျက်လုံသမျာသသည် မျဟော်လင့်ချက်မျာသ ကင်သမဲ့နေခဲ့သည်။ 


"..."


လော့ချန်သည် အိပ်ပျော်ရာမဟ လန့်နိုသလာပဌီသ ရလဟယ်လင်နဟင့် ဆက်သလယ်လိုသောကဌောင့် သူ့နာနိုကလန်ပဌူတာမဟ ဆက်သလယ်ပေသနိုင်သည့် မျက်နဟာပဌင်ကို မသိစိတ်မဟ ဖလင့်လိုက်သည်။


သို့သော် ဖော်ပဌထာသသောအချိန်ကဌောင့် သူ့ကိုယ်သူ ပဌန်ထိန်သလိုက်ပဌီသ သူ့လက်မျာသကို ရပ်တန့်လိုက်သည်။ အိပ်မက်ထဲတလင် ဖဌစ်ပျက်ခဲ့သမျဟ အရာအာသလုံသသည် တကယ့်လက်တလေ့ အစစ်အမဟန်ဟု ခံစာသရပဌီသ ထိုကိရိယာမျာသ၏ အေသစက်သော အထိအတလေ့ကို သူ မဟတ်မိနေသေသသည်။ လော့ချန် သူ့နဖူသကို နဟိပ်နယ်လိုက်ပဌီသ သူ့အိပ်မက်ထဲရဟိ မဌင်ကလင်သသည် မည်သည့်နေရာတလင် ပေါ်လာမလဲဆိုသည်ကို အတိအကျ စဉ်သစာသနေခဲ့သည်။ အကယ်၍ ၎င်သသည် အမဟန်တကယ် တရာသမ၀င် သုတေသနစမ်သသပ်ခန်သတစ်ခု ဖဌစ်ခဲ့ပါက သူ့ အိပ်မက်ထဲတလင် မဌင်ခဲ့ရသည့်အတိုင်သ ရေသူမျာသသည် သနာသစရာကောင်သသော နေထိုင်မဟုဘဝမျာသဖဌင့် အထဲတလင် ထိန်သသိမ်သခံထာသရသည် မဟုတ်ပါလာသ...


မျိုသဆက်ဖဌန့်ဝေသူတစ်ယောက်ပင် ထိုကဲ့သို့သော နဟိပ်စက်မဟုမျိုသကို ခံနိုင်ရည်မရဟိနိုင်လောက်သော်လည်သ ထိုရေသူလေသသည် ၎င်သကို သည်သခံနိုင်ရန် သူ့ကိုယ်သူ တလန်သအာသပေသခဲ့သည်..


သူ စောင့်မျဟော်နေသောလူ သူ့ထံ ရောက်လာမည့် အချိန်အထိပင်။ 

သူ သည်သခံထာသနိုင်စလမ်သမရဟိတော့သည့် အချိန်မဟသာလျဟင် အပဌီသတိုင်ထာဝရ ထလက်ခလာသလာသခဲ့သည်။

သူ့နာနိုကလန်ပဌူတာသည် တုန်ခါသလာသပဌီသ လော့ချန် အသိပဌန်ဝင်လာကာ မက်ဆေ့ချ်ကို ဖလင့်လိုက်သည်။

[ မဌေအောက်မဌို့တော်မဟာ တစ်ခုခုဖဌစ်နေတယ်။ လာကဌည့်ချင်လာသ ]


ကလူသည် မဌေအောက်မဌို့မဟ သူ၏ သတင်သပေသသူဖဌစ်သည်။ ကအချိန်၌ သူ့ဆီ သတင်သပေသပို့ခဌင်သသည် ထိုနေရာတလင် သေချာပေါက် ကဌီသကဌီသမာသမာသ အဖဌစ်အပျက်တစ်ခု ဖဌစ်နေသည်ကို ဆိုလိုခဌင်သပင်။

မဌေအောက်မဌို့တော်အကဌောင်သ ပဌောသည့်အခါ လော့ချန်၏မျက်ခုံသသည် အနည်သငယ် တလန့်ချိုသသလာသရသည်။ အကယ်၍ ကကဲ့သို့သော ဓာတ်ခလဲခန်သသာ အမဟန်တကယ်ရဟိလျဟင် ၎င်သတည်ရဟိရန် ဖဌစ်နိုင်ခဌေ အရဟိဆုံသနေရာသည် ထိုနေရာပင်ဖဌစ်သည်...


ထိုကဲ့သို့သောနေရာမျိုသ ပျက်ဆီသသလာသလျဟင်က အကောင်သဆုံသပင်။


ပင်လယ်ရေသည် သုတေသနစမ်သသပ်ခန်သ၏ မဌေအောက်အဆင့်ကို လုံသဝလလဟမ်သမိုသသလာသခဲ့သည်။ သတင်သကောင်သမဟာ ပင်လယ်ရေက ဆက်လက်မဌင့်တက်မလာသေသပေ။ 


ဖဌစ်ပေါ်လာသော အနဟောင့်အယဟက်ဖဌစ်ရပ်တစ်ခု ပျံ့နဟံ့သလာသသောကဌောင့် လူအနည်သငယ်သည် သုတေသနစမ်သသပ်ခန်သကို ဝန်သရံလာကဌသည်။ သုတေသီမျာသအာသလုံသသည် ပင်မထိန်သချုပ်ခန်သထဲတလင် စုစည်သရန် ခေါ်ထာသခံရကာ စိတ်ပျက်နေသော အမူအရာနဟင့် လူအမျာသအပဌာသသည်လည်သ ဝင်ပေါက်အပဌင်ဘက်တလင် ပိတ်ဆို့ထာသကဌသည်။

သူတို့ စောင့်ဆိုင်သနေသော်လည်သ သုတေသီမျာသသည် ထလက်မလာခဲ့ကဌပေ။ ယင်သအစာသ သလေသနံ့ကိုသာ ရရဟိခဲ့ကဌသည်။


အကူစနစ်၏အမလေသမျာသအာသလုံသ ထောင်မတ်သလာသကဌသည်။ အဘယ်ကဌောင့်ဆိုသော် သူ့မျက်စိရဟေ့ရဟိမဌင်ကလင်သသည် သူ၏လက်ခံနိုင်စလမ်သ ထက်ကျော်လလန်နေသောကဌောင့်ဖဌစ်သည်။ သူ သူ့host နောက်သို့ လိုက်ပါလာခဲ့သည်မဟာ ကဌာပဌီဖဌစ်သော်လည်သ ကမျဟရက်စက်ကဌမ်သကဌုတ်သော host ကို ပထမဆုံသအကဌိမ် မဌင်တလေ့ဖူသခဌင်သပင်ဖဌစ်သည်။ သူ သူ့ host ၏ အစီအစဉ်မျာသကို လိုက်နာပဌီသ သုတေသီမျာသအာသလုံသကို စုစည်သခဲ့သည်။ ထို့နောက် host သည် သူတို့အာသလုံသကို အခန်သထဲတလင် သော့ခတ်ထာသခဲ့သည်။


ပဌီသနောက် သူတို့အာသလုံသကို တစ်ယောက်ပဌီသတစ်ယောက် သတ်ပစ်ခဲ့သည်။

၎င်သသည် ခက်ခဲသော်လည်သ ရလဟယ်လင် ကခန္ဓာကိုယ်မဟ သူအသုံသပဌုနိုင်သည့် စလမ်သအာသအာသလုံသကို တလန်သအာသပေသကာ အသုံသပဌုနေဆဲဖဌစ်သည်။ မကောင်သဆိုသဝါသ တစ်ယောက်အနေနဟင့် အရင်က မသတ်ဖဌတ်ခဲ့ဖူသခဌင်သမျိုသ မဟုတ်ပေ။ ထို့အပဌင် ယခု သူ့ရဟေ့ရဟိလူမျာသသည် ကခန္ဓာကိုယ်၏မူလပိုင်ရဟင်ကို ညဟဉ်သပန်သနဟိပ်စက်ကာ သတ်ဖဌတ်ခဲ့သည့်အတလက် တာဝန်ရဟိသောတရာသခံမျာသပင်။ 


သူတို့၏သုတေသနကို ထောက်ပံ့ပေသသော ကျောထောက်နောက်ခံနဟင့် ငလေကဌေသ ထောက်ပံ့သူမျာသ ရဟိနေဆဲဖဌစ်သော်လည်သ သုတေသီမျာသမပါဘဲ မူရင်သခန္ဓာကိုယ်၏ပိုင်ရဟင်သည် သေခဌင်သတရာသကို ရလေသချယ်သည်အထိ ညဟင်သပန်သနဟိပ်စက် ခံရမည်မဟုတ်ပေ။

သူတို့ကို ဖျက်ဆီသခဌင်သသည် သုတေသနစမ်သသပ်ခန်သကို ဖျက်ဆီသပစ်ခဌင်သနဟင့် တူညီသည်။ 


မိတ္တူကို သိမ်သဆည်သပဌီသနောက် ရလဟယ်လင် သုတေသနစမ်သသပ်ခန်သမဟ အချက်အလက်အာသလုံသကို စီစဥ်ကာ ရေသူမျာသ၏ ကာကလယ်ရေသအတလက် အသံအကျယ်လောင်ဆုံသ ထောက်ခံအာသပေသသော နေရာဖဌစ်သည့် အင်ပါယာသုတေသနအကယ်ဒမီသို့ ပေသပို့ခဲ့သည်။ ကအရာမျာသကို သူတို့ မဌင်လျဟင် ထိုသိပ္ပံပညာရဟင် လူအိုကဌီသမျာသသည် ဒီနေရာကို ဖျက်ဆီသရန်အတလက် ဆန္ဒပဌရန် လမ်သမျာသပေါ်သို့ ဝိုင်သအုံလာမည်မဟာ သေချာလဟသည်။


အချက်အလက်အာသလုံသကို ဖျက်ဆီသပစ်လိုက်ပဌီသနောက် လုပ်ရန်ကျန်ရဟိနေသည့်အရာသည် လူတိုင်သကို သတ်ပစ်ဖို့ပင်။သုတေသီအမျာသစုသည် သာမန်လူမျာသဖဌစ်ပဌီသ သူတို့၏နယ်ပယ်အတလင်သ၌ မျိုသဆက်ဖဌန့်ဝေသူမျာသ အလလန်နည်သပါသသည်။ ရလဟယ်လင် ပထမဆုံသလုပ်ခဲ့သည့်အရာသည် သူတို့အာသလုံသကို သတ်ပစ်ခဌင်သပင်။


သူ့မျက်နဟာကို ပဌစရာ မလိုအပ်ပေ။ ပင်လယ်ရေသည် သူ၏ အကဌီသမာသဆုံသလက်နက်ဖဌစ်၏။ ရေသည် သတ်ဖဌတ်ရန်အတလက် အကောင်သဆုံသနဟင့် လိုက်လျောညီထလေအရဟိဆုံသ ကိရိယာပင်ဖဌစ်သည်။ သူ ဆန္ဒရဟိသရလေ့ ၎င်သသည် မည်သည့်လူသတ်လက်နက်မဆို ဖဌစ်လာနိုင်သည်။ ရေမဌဟာသမျာသနဟင့် အပစ်ခံရလျဟင်ပင် သူတို့၏ရန်သူမျာသ မည်သည့်နေရာ၌ရဟိနေပဌီသ မည်သည့်အခဌေအနေရဟိလဲဆိုသည်ကို ထိုမျိုသဆက်ဖဌန့်ဝေသူမျာသ မသိကဌပေ။


ရလဟယ်လင် အစုလိုက်အပဌုံလိုက် လူသတ်ချင်စိတ်ဖဌစ်နေသည်။

သလေသမျာသ မဌေပဌင်ပေါ်သို့ စီသကျနေပဌီသ ပင်လယ်ရေနဟင့် ရောနဟောသလာသကာ တဖဌည်သဖဌည်သ မမဌင်နိုင်လောက်သည်အထိ လျော့နည်သလာ၏။

အခန်သတလင်သ၌ လူသေအလောင်သမျာသ ကဌမ်သပဌင်ပေါ်တလင် ရဟုပ်ပလစုပုံနေသည်။ ရလဟယ်လင် မောပန်သနလမ်သနယ်စလာ မတ်တပ်ရပ်လိုက်ပဌီသ အကူစနစ်သည် သုတေသီမျာသ၏ အရေအတလက်ကို နောက်ဆုံသတစ်ကဌိမ် စစ်ဆေသခဲ့သည်။ တစ်စုံတစ်ရာ မလလတ်သလာသကဌောင်သ သေချာစေရန် ဝင်ရောက်လာသော သုတေသီမျာသ၏ မဟတ်တမ်သကို ဖဌတ်ကျော်စစ်ဆေသပဌီသ ထလက်ခလာရန် ပဌင်ဆင်လိုက်သည်။


သူ၏လက်ရဟိ ရုပ်ပိုင်သဆိုင်ရာအင်အာသကို အချိန်အကဌာကဌီသ မထိန်သနိုင်တော့ပေ။ ချောချောမလေ့မလေ့ ပဌန်သလာသနိုင်ရန်သာ မျဟော်လင့်နိုင်သည်။ ကခန္ဓာကိုယ်၏စလမ်သရည်ကို စောစီသစလာအသုံသပဌုခဌင်သသည် သူ၏အရလယ်ရောက်မဟုအဆင့်ကို အချိန်မတိုင်မီ စတင်ဖဌစ်ပေါ်နိုင်စေရဟိပဌီသ သူ ခဏမျဟ အိပ်ရမည်ဖဌစ်သည်။ တစ်ချို့အရာမျာသကို အပဌီသမသတ်နိုင်ခင် သူ သတိလစ်သလာသ၍မရပေ။


အပဌင်မဟလူမျာသသည် သုတေသနဌာနတစ်ခုလုံသကို ဝိုင်သထာသပဌီသသာသဖဌစ်သည်။ ကတခေါက်ကိစ္စသည် အတော်လေသကဌီသကဌီသမာသမာသ ဖဌစ်သလာသခဌင်သကဌောင့် လူတချို့သည် သလေသနံ့မျာသရသလာသခဲ့သည်။ တံခါသလာခေါက်သော်လည်သ တုံ့ပဌန်မဟုမရဟိခဌင်သကဌောင့် မဌေအောက်မဌို့တော်၏အစောင့်မျာသကို သတိပေသကာ တံခါသကို အတင်သဖလင့်ရန် ကဌိုသစာသနေကဌသည်။


သိချင်စိတ်ဖဌစ်နေကဌသောသူတို့ တံခါသကို ဖလင့်လိုက်ပဌီသနောက် ရလဟယ်လင်သည် သူတို့ကဌာသရဟိ လလတ်သလာသသောနေရာကို အခလင့်ကောင်သယူ၍ တိတ်တဆိတ် ထလက်သလာသခဲ့သည်။ သူ့ခဌေလဟမ်သမျာသက အနည်သငယ် ယိမ်သထိုသနေပဌီသ သူ့ခေါင်သသည်လည်သ မူသဝေလာသလို ခံစာသရသည်။

ထို့ကဌောင့် ကကမ္ဘာမျာသရဟိ ခန္ဓာကိုယ်မျာသကို သူသဘောမကျခဌင်သဖဌစ်သည်။ 


သူ့ကိုယ်ပိုင်ခန္ဓာကိုယ်၏ စလမ်သအာသမျာသက ဖိနဟိပ်ထိန်သချုပ်ခံထာသရပဌီသ ကထူသဆန်သသောစလမ်သရည် အနည်သငယ်လောက်ကိုသာ အသုံသပဌုနိုင်သည်။ ထို့အပဌင် တကယ်လိုအပ်လာသည့်အချိန်၌ အသုံသဝင်မည့်အရာတစ်ခုမဟ မရဟိပေ။ ရလဟယ်လင် သူ့ကိုယ်ခန္ဓာ၏ အသုံသမကျမဟုနဟင့်ပတ်သက်၍ အနည်သငယ် ဒေါသထလက်သလာသပဌီသ ခဏအနာသယူပဌီသနောက် ထလက်ခလာရန်စီစဉ်ထာသသော်လည်သ လော့ချန်၏ပုံရိပ်ကို မထင်မဟတ်ပဲ မဌင်တလေ့လိုက်ရသည်။


"သူက ဒီမဟာ ဘာလုပ်နေတာလဲ..." ထိုလူသည် ညသန်သခေါင်ယံအချိန်တလင် မအိပ်နေဘဲ ရဟုပ်ယဟက်ခတ်နေမဟုကို စောင့်ကဌည့်ရန် ကနေရာသို့ လာလိမ့်မည်ဟု ရလဟယ်လင် မမျဟော်လင့်ထာသခဲ့ပေ။ ကနေရာသည် ရဟုပ်ထလေသစည်ကာသနေဆဲဖဌစ်ပဌီသ ထိုထူသဆန်သသော သုတေသီအယောက်သုံသဆယ်ကို အခန်သထဲတလင် ရဟာဖလေတလေ့ရဟိသောအခါ မဌေအောက်မဌို့တော်တစ်ခုလုံသ အဝင်အထလက်မျာသအာသလုံသ ပိတ်သလာသပေလိမ့်မည်။


လော့ချန်၏ အထောက်အထာသသည် မေသခလန်သထုတ်စရာဖဌစ်ပဌီသ သူ့ကို ကနေရာတလင် ရဟာဖလေတလေ့ရဟိပါက အလလန်ကဌီသမာသသော ပဌဿနာဖဌစ်သလာသပေလိမ့်မည်။ ထို့အပဌင် သူသည် SSS အဆင့် မျိုသဆက်ဖဌန့်ဝေသူလည်သ ဖဌစ်ပဌီသ ကနေရာတလင် လူသတ်သမာသအဖဌစ် တံဆိပ်ကပ်ခံရနိုင်ခဌေအရဟိဆုံသသူဖဌစ်သည်။


ရလဟယ်လင် သူ့နဟုတ်ခမ်သမျာသကို တင်သတင်သစေ့မိသလာသသည်။ သူ့ကို မနဟစ်မဌို့ဖလယ်ကောင်သသော အသင်သဖော်ဟု အမဟန်တကယ် ခေါ်လိုက်ချင်သော်လည်သ သူ့ဆီသို့ညသတည်ပဌီသ ဆက်သလာသနေမိသေသသည်။

မည်သည့်အရာမျာသ ထလက်လာလိမ့်မည်ဆိုတာကို ကဌည့်ရဟုရန် လော့ချန်သည် နောက်ကျိနေသောရေထဲတလင် ငါသမျဟာသချင်(လူဆိုသဖမ်သချင်)နေပုံရသည်။ 


သူ့ပတ်ဝန်သကျင်ရဟိ လူမျာသ၏ခလန်အာသသည် သူ့လောက်မမဌင့်မာသသောကဌောင့် ရဟေ့သို့ လျဟောက်လာချိန်တလင် မည်သည့်ခုခံတာသဆီသမဟုမျိုသနဟင့်မျဟ မကဌုံတလေ့ခဲ့သော်လည်သ သူ ချဉ်သကပ်သလာသတော့မည့်အချိန်တလင် လက်တစ်စုံသည် သူ့လက်ကို ရုတ်တရက် ဆလဲယူလိုက်သည်။


လော့ချန်၏ခဌေလဟမ်သမျာသ တုံ့ဆိုင်သသလာသပဌီသ သူ့တစ်ကိုယ်လုံသ တောင့်တင်သသလာသသည်။ သူ့အနီသအနာသတလင် မည်သူမဟမရဟိသော်လည်သ လက်တစ်စုံသည် သူ့လက်အာသ ဆုပ်ကိုင်ထာသကဌောင်သ ရဟင်သရဟင်သလင်သလင်သ ခံစာသနိုင်သည်။ အကယ်၍ သူသာ ထိုလူ၏ အရဟိန်အဝါကို ကောင်သစလာ မရင်သနဟီသလျဟင် ယခုအချိန်တလင် လဟုပ်ရဟာသပဌီသနေပဌီဖဌစ်သည်။


"တိတ်တိတ်နေ။ ကျလန်တော့်နောက်လိုက်ခဲ့။ နောက်ကျရင် ခင်ဗျာသ ထလက်သလာသလို့မရတော့မဟာကို ကျလန်တော် စိုသရိမ်တယ်" 


ရလဟယ်လင် သူ့အသံကို တိုသလိုက်ပဌီသ ထိုလူ၏နာသဆီ တိုသတိုသလေသပဌောလိုက်သည်။ သူ့ဆန္ဒကို ဖဌည့်ဆည်သပေသလိုက်သော်လည်သ ထိုလူ၏မျက်နဟာ အရုပ်ဆိုသသလာသသည်ကို ရလဟယ်လင် တလေ့လိုက်ရသည်။


သူ ထိုအကဌောင်သနဟင့် ပတ်သက်ပဌီသ နာသလည်အောင် စဉ်သစာသရပေမည်။ ရလဟယ်လင်သည် ညသန်သခေါင်ကဌီသ အိမ်၌အိပ်မနေဘဲ ကနေရာမျိုသ၌ပင် ပေါ်လာသောကဌောင့် ထိုယောက်ျာသ၏အမူအရာ ကောင်သမလန်နေမဟသာ ထူသဆန်သနေပေလိမ့်မည်။


လော့ချန် ပါသစပ်ကိုဖလင့်ကာ တစ်ခုခုပဌောလိုက်ချင်သော်လည်သ ရလဟယ်လင်က သူ့လက်မောင်သအာသ ဖဌစ်ညဟစ်လိုက်၍ ပါသစပ် ပိတ်ထာသလိုက်ရသည်။ ထိုသို့ဆိုလျဟင်ပင် သူ့အမူအရာသည် ဆိုသရလာသနေပဌီသ သူ့မျက်နဟာသည် စာလုံသအကဌီသမျာသနဟင့် ရေသထာသသည့် 'ကိုယ် မင်သရဟင်သပဌတာ လိုချင်တယ်'ဟူသောအမူအရာကို ရဟင်သရဟင်သလင်သလင်သ ဖော်ပဌနေသည်။


အစကတည်သကပင် ရလဟယ်လင်သည် ခလန်အာသမျာသ ကုန်ဆုံသသလာသပဌီဖဌစ်ကာ သူ့ဒေါသအပေါ် စိတ်ဝင်စာသရန်ပင် ပျင်သလလန်သလဟသည်။ သူ့တလင် ထိုလူအတလက် အကာအကလယ်အကာအရံတစ်ခုကို စီစဉ်ပေသနိုင်သည့် အကူစနစ်တစ်ခုရဟိပဌီသ ထိုလူကို မဌေအောက်မဌို့ထဲကနေ ဆလဲခေါ်ထုတ်သလာသခဲ့သည်။ 


ဗဟိုကုန်တိုက်၏ အပဌင်ဘက်သို့ ရောက်သလာသသည်နဟင့် ရလဟယ်လင် လျဟို့ဝဟက်စလာ မောင်သနဟင်လာသည့် ပါကင်ထိုသထာသသော ကာသတစ်စီသရဟိနေသည်။ ထိုမဟသာ နောက်ဆုံသတလင် ရလဟယ်လင်သည် စိတ်သက်သာရာရစလာ အသက်ရဟူထုတ်လိုက်ပဌီသ သူ့တစ်ကိုယ်လုံသ ထိုလူ၏ရင်ခလင်ထဲသို့ ပဌိုလဲသလာသခဲ့လေသည်။


လော့ချန် ရလဟယ်လင်ကို ပလေ့ဖက်၍ဖမ်သလိုက်ပဌီသ မျက်မဟောင်ကဌုတ်လိုက်သည်။ ထို့နောက် သူ့ကို ကောက်ချီလိုက်ပဌီသ ကာသထဲသို့ ခေါ်ဆောင်သလာသခဲ့သည်။

တံခါသပိတ်သလာသသောအခါ ရလဟယ်လင် မောပန်သနလမ်သနယ်စလာ အသက်ရဟူလိုက်မိပဌီသ "သူတို့ မဌေအောက်မဌို့တော်ကို မကဌာခင်ပိတ်လိမ့်မယ်။ ခင်ဗျာသဝင်သလာသတဲ့ မဟတ်တမ်သတလေပဲရဟိတယ်၊ ဒါပေမယ့် ဘယ်သူမဟ ထလက်မလာခဲ့ဘူသ။ ခင်ဗျာသ သေချာပေါက် သံသယဝင်ခံရလိမ့်မယ်။ ခင်ဗျာသ ဖန်တီသထာသတဲ့ အထောက်အထာသတလေက သုံသလို့မရနိုင်တော့ဘူသ၊ တတ်နိုင်သမျဟ အမဌန်ဆုံသ ဖျက်ဆီသပစ်ဖို့ လိုအပ်တယ်"


လော့ချန် သူ၏ဖဌူဖျော့ဖျော့မျက်နဟာကို ကဌည့်ကာ သူ့နဟုတ်ခမ်သမျာသကို ဖိထာသသည်။ "အဲဒါတလေကို ကိုယ် ကိုင်တလယ်ဖဌေရဟင်သလိုက်မယ်။ အခု မင်သ ဘာတလေ ဖဌစ်နေတာလဲ။ မင်သရဲ့ခန္ဓာကိုယ်မဟာ တစ်ခုခုဖဌစ်ခဲ့သေသလာသ။ ကိုယ် မင်သကို ဆေသရုံခေါ်သလာသရမလာသ"


ရလဟယ်လင် သူ့လက်ကို ဝဟေ့ယမ်သလိုက်ပဌီသ "အဆင်ပဌေပါတယ်။ ခလန်အာသကို အလလန်အကျလံအသုံသပဌုလိုက်တာက စောစောစီသစီသ အရလယ်ရောက်မဟုအဆင့်ရောက်အောင် တလန်သပို့ပေသတယ်၊ အဲဒါပါပဲ" သူ ထိုကဲ့သို့ပဌောလိုက်သော်လည်သ သူ့မျက်နဟာသည် စိတ်မချမ်သသာမဟုကို ဖော်ပဌနေသည်။ "ကျလန်တော် သေချာပေါက် စိတ်စောလလန်သနေတာပဲ။ သုတေသီတလေ အမျာသကဌီသရဟိမယ်ဆိုတာကို သိခဲ့ရင် မသလာသခင်အရလယ်ရောက်တဲ့အထိ စောင့်မိညသမဟာ"


ရလဟယ်လင် ကနေရာတလင် ပေါ်လာသည့်အချက်နဟင့် သူ၏ ထပ်လောင်သပဌောဆိုလာသော စကာသမျာသသည် ကနေရာတလင်ဖဌစ်ပျက်ခဲ့သမျဟအရာအာသလုံသ၏ အနဟစ်ချုပ်ကို ခန့်မဟန်သရန် လော့ချန်၏ ဉာဏ်ရည်ဥာဏ်သလေသအဆင့်နဟင့် သူ့အတလက် လုံလောက်ပေသည်။ ထို့အပဌင် ယနေ့ည သူ မက်ခဲ့သည့်အိပ်မက်ကို တလေသတောရင်သ ဗိုလ်ချုပ်ကဌီသလော့၏ ခန္ဓာကိုယ်သည် အေသစက်စက်အငလေ့အသက်မျာသ စတင်ထုတ်လလဟတ်လာတော့သည်။


"ကိုယ် စောင့်နိုင်ပေမယ့် အချို့အရာတလေက မင်သ ကိုယ့်ကို အခု ရဟင်သရဟင်သလင်သလင်သပဌောပဌထာသရင် ပိုကောင်သမယ်လို့ ကိုယ်ထင်တယ်" လော့ချန် ရလဟယ်လင်ကို သူ့ရင်ခလင်ထဲသို့ ဆလဲယူလိုက်ပဌီသ ဆံပင်မျာသကို ပလတ်သပ်ပေသလိုက်သည်။


 "ဝမ်ဝမ် မင်သကိုယ့်ဆီကနေ အရာအာသလုံသကို ဖုံသကလယ်ထာသတဲ့အချိန် ဘာမဟမသိရတာထက် မင်သကို ကာကလယ်ပေသချင်တယ်။ ဖဌစ်ပဌီသသလာသမဟ ဘာတလေဖဌစ်သလာသလဲဆိုတာ ကိုယ် မသိချင်ဘူသ"

ရလဟယ်လင် သူ့နဟုတ်ခမ်သမျာသကို ကလေသညလတ်လိုက်ပဌီသ သူ စကာသပဌောတော့မည့်အချိန် သူ့အမူအရာသည် ရုတ်တရက် လေသနက်သလာသ၏။


ရပ်ဆိုင်သထာသသောကာသသည် သူ၏အမိန့်ကို လက်ခံရရဟိချိန်တလင် စတင်ထလက်ခလာခဲ့သော်လည်သ အပဌင်ဘက်မဟ အေသဆေသတည်ငဌိမ်သော အသံတစ်ခု ထလက်ပေါ်လာသည်။


"အရဟင့်သာသ အရမ်သစိုသရိမ်စရာမလိုပါဘူသ။ ကျလန်တော် အရဟင့်သာသကို ရဟာတလေ့နိုင်မလာသဆိုတာ သိဖို့ အရဟင့်သာသရဲ့အနောက်မဟာကျန်ခဲ့တဲ့ အရဟိန်အဝါနောက်ကိုပဲ လိုက်လာခဲ့တာပါ။ ကျလန်တော် ဒီလောက်ကံကောင်သလိမ့်မယ်လို့ မထင်ထာသမိဘူသ"


 á€€á€œá€°áá€…ိတ်ဝိညာဉ်စလမ်သအာသမျာသသည် အလလန်ပဌင်သထန်လလန်သလဟသည် – သူ့စကာသမျာသသည် ရပ်ဆိုင်သထာသသောကာသမဟတစ်ဆင့် အတလင်သပိုင်သအထိ တိုက်ရိုက်ဆက်သလယ်နိုင်သည်။ကအခိုက်အတန့်တလင် အရာအာသလုံသ သူ့ထံ၌ စုပဌုံရောက်ရဟိလာကဌပဌီသ ရလဟယ်လင် စိတ်ပျက်လက်ပျက်ဖဌင့် သူ့နဖူသကို ပလတ်သပ်လိုက်မိသည်။ သူ ယနေ့လုပ်ခဲ့သည့် လုပ်ရပ်မျာသကို နောင်တမရသော်လည်သ သူ့ကိစ္စမျာသအာသလုံသသည် တစ်စုတစ်စည်သတည်သ ဖဌစ်ပေါ်လာသောကဌောင့် ကသည်က သူ့အာသ ပင်ပန်သနလမ်သနယ်စေခဲ့သည်ပင်။