အပိုင်း ၁၇၈
Viewers 15k

Chapter 178

မင်းရဲ့မိသားစုက ပြဿနာတွေ သယ်လာတာပဲ 


အခက်အခဲများကြားမှ ခန္ဓာကိုယ်ကို ပြန်ပြောင်းရန် နည်းလမ်း ရှာတွေ့ခဲ့သော်လည်း သူတို့ အကောင်အထည်ဖော်မည့် အချိန်မှာပင် ယောင်စစ်၏ ခန္ဓာက်ိုယ်က ပြန်ပေးဆွဲခံလိုက်ရသည်။ လျန်ယု၏ လုပ်ဆောင်မှုများက သူမကို ဒေါသထွက်လာစေသည်။


" ဒါ ဒါက ..." 

ပိုင်ရိ စိတ်ရှုပ်ထွေးသွားသည်။ သူ၏ကွန်ပျူတာကိုဖွင့်၍ ပျောက်သွားသော ထိုသင်္ဘော၏ ခြေရာလက်ရာများကို ရှာဖွေသော်လည်း မကြာမီ သူတို့ကိုပြန်ပြီး လှည့်ကြည့်လာသည်။


" အရှင်မင်းကြီး ကျွန်တော်ရှာမတွေ့ဘူး ... ကြည့်ရတာ အဲ့ဒီသင်္ဘောမှာ ထူးခြားတဲ့လှုပ်ရှားမှုစနစ် ပါမယ်ထင်တယ် ... ကျွန်တော်တို့ စနစ်ကနေ တည်နေရာရှာလို့မရဘူး ... ဘယ်လိုလုပ်ကြမလဲ ..."


ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။  ကောင်းကင်သစ်ပင်၏ ပန်းပွင့်မှာ သင်္ဘောတစ်စင်းမဟုတ်ပေ။ သို့သော် လျန်ယု၏ မောင်လေးဖြစ်သူကြောင့် ၎င်းကို ခြေရာခံ၍ မရခြင်းဖြစ်သည်။ 


" သူမ အမြဲတမ်း ပုန်းနေလို့ မရပါဘူး ..."

မူရွှမ် ယောင်စစ်ကို တစ်ချက်ကြည့်လိုက်ပြီး‌နောက် ပိုင်ရိကို ကြည့်လိုက်သည်။ 


" စကြဝဠာထဲက သွေးစုပ်ဖုတ်ကောင်အားလုံးကို ကောင်းကင်သစ်ပင်ပန်းပွင့်ကို ရှာကြဖို့ ညွှန်ကြားလ်ိုက် ..."

သူ၏ ဆက်ခံသူလေးခေါင်းကို အသာအယာ ပုတ်လိုက်သည်။ 


" သူမ ဝေးဝေး မရောက်လောက်သေးပါဘူး ... ကိုယ်တို့ ရှာတွေ့မှာပါ ..."


" အင်း ..."

ယောင်စစ် သူမစိတ်ထဲမှ ပူပန်မှုများကို ဖြေလျော့လိုက်သည်။ 


ဒါက အဟန့်အတားတစ်ခုထက် မပိုပါဘူး ...


ပိုင်ရိ ခေါင်းငြိမ့်ပြီး ကွန်ပျူတာလက်ပတ်ထဲမှ မက်ဆေ့ဘောက်ကို ဖွင့်လိုက်သည်။ 


" ငါတို့ စောင့်နေဖို့ပဲ တတ်နိုင်မယ်ထင်တယ် ... ပိုင်ရိ သတင်းတစ်ခုခုထူးရင် ငါ့ကို အကြောင်းကြားပေးပါ ... သန့်စင်ခန်းကိုအရင် သွားလိုက်ဦးမယ် ..."

ယောင်စစ် ပြောလိုက်သည်။


" မသွားနဲ့ ..."


" မသွားရဘူး ..."


" မလုပ်နဲ့ ..."


ယောကျာ်းသားသုံး‌ယောက်က တစ်ပြိုင်တည်း အော်လိုက်ကြသည်။ 


“…” 


သေစမ်း ... အဲ့အကြည့်တွေက ဘာသဘောလဲ ... ငါတကယ် ရှူးပေါက်ဖို့ လိုနေပြီ ... ဒါက ဘောင်းဘီချွတ်ဖို့ အကြောင်းပြချက် မဟုတ်ဘူး...



အလင်းဆေလ်ဗာနီဘုရင်က အဆုံးမဲ့ ကံဆိုးမိုးမှောင်ကျမှုများဖြင့် ဆိုးရွားသောနှစ်ကို ကြုံတွေ့နေရသည်။ မည်သည့်အရာကမျှ ချောမွေ့စွာ တိုးတက်လာပုံမပေါ်ဘဲ အာကာသမျိုးနွယ်မှ 'ကံကြမ္မာ' ကို ယုံကြည်ရန်သာ သူ၏ နည်းလမ်းကျသည့်စိတ်ကို လှုံ့ဆော်ပေးခဲ့သည်။ သူ၏ကံကြမ္မာကိုဖတ်ရန် အကြီးတန်း အာကာသမျိုးနွယ် တစ်ယောက်နှင့်ပင် တိုင်ပင်ခဲ့သည်။


မိသားစုကံ ညံ့နေသည်ဟု ပြသခဲ့ပြီး အနီးနားရှိသူများ အထူးသဖြင့် သွေးနှင့်ဆက်နွယ်သူများကို သတိထားရန်ဖြစ်သည်။ သူ၏ တစ်ခုတည်းသော ဖြေရှင်းချက်မှာ တစ်ကိုယ်တော်လမ်းကြောင်းအတိုင်းလိုက်ကာ မျိုးဆက်သစ်လူငယ်များ၏ ကိစ္စ‌တွင် ဝင်ရောက်မစွက်ဖက်ရန် ဖြစ်သည်။ 


သူ ဒေါသကြောင့် ပေါက်ကွဲသွားသည်။ အာကာသမျိုးနွယ် အများစုက လူလိမ်များသာဖြစ်သည်။ တော်ဝင်သစ်ပင်မှာ အလင်းဆေလ်ဗာနီမျိုးနွယ်စု တစ်ခုလုံး၏ ‌မျိုးပွားရာအူတိုင်ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စုတစ်ခုလုံးက သူ၏ဆွေမျိုးများဟု သတ်မှတ်နိုင်သည်။ 


သူ့ဆွေမျိုးတွေကို ရှောင်ဖို့က မဖြစ်နိုင်တာပဲ ...


လွန်ခဲ့သောနှစ်အနည်းငယ်က  တော်ဝင်သစ်မျိုးစေ့အကြောင်း ရှင်းလင်းချက်တစ်ခုရှာရန် သွားသောအခါ အနီရောင်ဂြိုလ်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်ကို အာကာသမျိုးနွယ်က ကြားသိခဲ့ရကြောင်း သူကောက်ချက်ချခဲ့သည်။ ထို့နောက်တွင် သူ၏ဂြိုလ်က နှစ်ပိုင်းကွဲသွားခဲ့သည်။


အာကာသမျိုးနွယ်များက ဂလက်ဆီတစ်ခုလုံးသိခဲ့သည့် အဖြစ်အပျက်ကို ပြန်လည်ဖော်ဆောင်နေသည်။ ထို့အပြင် အနီရောင်ဂြိုလ်နှင့် အပစ်အခတ်ရပ်စဲထားပြီး သူ၏ဂြိုလ်ကိုပြန်လည်ပြင်ဆင်ခဲ့သည်။ သူ၏တော်ဝင်သစ်မျိုးစေ့များလည်း အပင်ပေါက်သွား၍ ဘာမှ ဖြစ်နိုင်တော့မည် မဟုတ်ပေ။ 


အာကာသမျိုးနွယ်များမှာ ငွေရရန်ဆိုလျှင် အမှိုက်ကို အညှောင့်ပေါက်သည့်ဟု လိမ်ညာပြောမည့် လူများသာဖြစ်သည်။ ထိုသို့သော အယူသီးမှုများကို လုံးလုံးလျားလျား မယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားသော်လည်း အာကာသမျိုးနွယ်မှ တစ်နေ့တွင် သူနားလည်နိုင်မည်ဟု ဆိုခဲ့သည်။


ထိုနေ့က လျင်မြန်စွာ ရောက်လာမည်ဟု အလင်းဆေလ်ဗာနီဘုရင် မထင်ခဲ့ပေ။ 


ထိုနေ့က သူ၏ဘယ်ဘက်သစ်ရွက်မှာ တစ်နေ့ခင်းလုံး အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။ သူက ဆာလောင်နေသော တော်ဝင်မျိုးစေ့အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကာ ပျိုးပင်ငယ်ကို ရေလောင်းပေးခဲ့သည်။ သို့သော် သူထိုသို့လုပ်နေစဉ်တွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး တော်ဝင်မျိုးစေ့မှ သစ်ရွက်တစ်ရွက်ကို လှီးဖြတ်လိုက်သည်။


အလင်းဆေလ်ဗာနီဘုရင် ဒေါသထွက်သွားပြီး တရားခံကိုရှာမည်အပြု သူ ခက်ခဲစွာ ဆက်ထားရသည့်ဂြိုလ်က နှစ်ခြမ်းပဲ့သွားပြန်သည်။


ထပ်ပြီးတော့လား ... ဒီတစ်ခါ ဘယ်သူလဲ ...


O(≧口≦)O


သူ မတုံ့ပြန်နိုင်မီမှာပင် ကောင်းကင်ထက်မှ စကားလုံးငါးလုံး ပေါ်ထွက်လာသည်

" ဟေး ဒီကို ခဏလာဦး ..."


တရားခံက အမြင်အာရုံထဲရောက်လာသည်။ တိုက်ဆိုင်စွာပင် ၎င်းက ယခင်က အပြစ်ကျူးလွန်ခဲ့သူသာ ဖြစ်သည်။ အလင်းဆေလ်ဗာနီဘုရင်က ဒေါသပေါက်ကွဲသွားသည်။


" သွေး သွေးစုပ်ဖုတ်ကောင်ဘုရင်လား ..."

ကျောရိုးမှပင် ကြက်သီးမွှေးညင်းများ ထလာပြီး မျက်ရည်ဝဲလာသည်။


သွေးစုပ်ဖုတ်ကောင်တွေက ဂြိုဟ်တွေ နှစ်ပိုင်းပြတ်သွားတာကို နောက်ခံတေးသွားလိုမျိုး သဘောထားနေတာလား ...


ဤတစ်ကြိမ် မည်သည့်အပြစ် ကျူးလွန်ထားသည်ကို သူ ခက်ခက်ခဲခဲ စဉ်းစားနေရသည်။ 

ဘယ်အရာကများ သွေးစုပ်ဖုတ်ကောင်ဘုရင် ကိုယ်တိုင်ရောက်လာတဲ့အထိ ဖြစ်သွားစေပါလိမ့် ...


သူ တွေးတောနေချိန် တစ်ဖက်လူက မထင်ထားသည်ကို ပြောလိုက်သည်။ 


" အာဗီဘုရင်မရဲ့ ကောင်းကင်သစ်ပင်ပန်းပွင့် ဘယ်မှာလဲ ..."


ဘာလဲ ... အာဗီလား ...


" ရှောင်ယုလား ..."

သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ မူရွှမ်၏ဘေးတွင် မရင်းနှီးသည့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။ မကောင်းသည့် ခံစားချက်တစ်ခုက သူ့ကို ပြည့်လျှံသွားသဖြင့် ရေကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။


" ရှောင်ယုကိုရှာတာ အကြောင်းရှိလို့များလား ..."


မူရွှမ်၏ မျက်နှာက မည်းမှောင်သွားပြီး မရင်းနှီးသည့်လူ၏ မျက်နှာကလည်း ညိုးသွားသည်။ 

" သူက ငါ့ကလေးလေးရဲ့ ခန္ဓာကိုယ်ကို ယူသွားတယ် ..."


ဘာကြီး ... ကလေးလေးရဲ့ ခန္ဓာကိုယ်က ဘာကို ပြောတာလဲ ...


အလင်းဆေလ်ဗာနီဘုရင် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။ သူဘာမှ မမေးမီမှာပင် မရင်းနှီးသည့်လူက ရှင်းပြလိုက်သည်။

" လျန်ယုက အာကာသဝင်ပေါက်ကနေတစ်ဆင့် ပေါ်လာပြီ ခန္ဓာကိုယ်တစ်ခုကို ယူပြီး ထွက်ပြေးသွားတယ် ကျွန်တော်တို့ သူ့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာကောက်လို့ မရခဲ့ဘူး ... အလင်းဆေလ်ဗာနီဘုရင်

အနေနဲ့ တော်ဝင်သစ်ပင်တွေအကြောင်း အသိဆုံးပဲမလား ... အဲ့ဒါကြောင့် တော်ဝင်သစ်ပင်ရဲ့ တည်နေရာရှာတာကို ကူညီပေးစေချင်တယ် ..."


ဘုရင်ကြီး နောက်ဆုံးတွင် အဖြစ်အပျက်များကို နားလည်သွားသည်။ 

ရှောင်ယုက သွေးစုပ်ဖုတ်ကောင်ရဲ့ ကလေးလေးကို တကယ် ဖမ်းခေါ်သွားတာပဲ ... ပြီးတော့ အဲ့ဒီစွန့်စားခန်းမှာ သူမမောင်လေးကိုပါ ခေါ်သွားတယ်ပေါ့ ...


ငါ့တူမက ပြဿနာရှာပြန်ပြီ ...


ဒါပေမဲ့ သူမရဲ့အပြစ်အတွက် သူဘာလို့ ပေးဆပ်ရမှာလဲ ... ဘယ်သူတွေကိုများ စော်ကားမိသေးလို့လဲ ...ပြီးတော့ ရှောင်ယုမောင်လေးက ဒဏ်ရာတွေကနေ ပြန်သက်သာခါစလေ ... သူ့အစ်မရဲ့ ကောင်မလေးကို ဖမ်းခေါ်တာကို ကူညီပေးနိုင်တဲ့အထိ ပြန်ကောင်းနေပြီလား ...


အလင်းဆေလ်ဗာနီဘုရင် စိတ်ထဲမှ ဆဲရေးနေသည်။


" ဒါက ... တော်ဝင်သစ်ပင်က အလင်းဆေလ်ဗာနီ မျိုးနွယ်စုရဲ့ တစ်စိတ်တစ်ပိုင်းဆိုပေမယ့် ကျုပ်လူတွေလို့ သတ်မှတ်လို့ မရဘူး ... နေရာ အတိအကျက ..."

သူမ အမူအရာက ‌ဇဝေဇဝါ ဖြစ်လာသည်။  

အရာအားလုံးကို ညှိနှိုင်းနိုင်ပေမယ့် ဒါအတွက် သူ့မှာ အဖြေမရှိတာတော့ အမှန်ပဲ ...


မူရွမ်၏ မျက်နှာက မည်းမှောင်လာပြီး စကားကို တစ်လုံးချင်း ပြောလိုက်သည်။

" မရှာနိုင်ဘူးလား ..."


ကြောက်စရာကောင်းသည့် အအေးဓာတ်က သူ၏ခန္ဓာကိုယ်မှ ထွက်လာသည်။


အလင်းဆေလ်ဗာနီဘုရင် ခြောက်ခြားသွားကာ တရစပ် ခေါင်းငြိမ့်လိုက်သည်။ 

" ကျုပ် ရှာနိုင်ပါတယ် ... အလင်းဆေလ်ဗာနီတွေ အားလုံးက ဆက်နွယ်နေတယ်လေ ... ပြီးတော့ ကျွန်တော်တို့ ပြောနေတာ တော်ဝင်သစ်ပင်အကြောင်းဆိုတော့ ... စကြဝဠာတစ်ခုတည်းမှာပဲ ရှိနေရင်တော့ ကျွန်တော်တို့ ..."


" ရှာလိုက် ..."

မူရွှမ် အမိန့်ပေးလိုက်ပြီး သူ့ကို စူးစူးရဲရဲ ကြည့်နေသည်။ 


ဘုရင်ကြီး တုန်ယင်လာပြီး ‌ချွေးစေးများ ထွက်လာကာ ဘာမှ ထပ်မပြောရဲတော့ပေ။ ကွန်ပျူတာလက်ပတ်ကိုဖွင့်၍ ကောင်းကင်သစ်ပင်ပန်းပွင့်၏ အချက်အလက်များထဲဝင်ကာ ဆင်တူသည့် အချက်အလက်များကို စကြဝဠာတစ်ခုလုံးတွင် ရှာဖွေနေသည်။


ဆယ်မိနစ်ခန့် ကြာသည့်အခါ အလင်းဆေလ်ဗာနီဘုရင်၏ မျက်နှာက ပျော်ရွှင်မှုကြောင့် အရောင်တောက်သွားသည်။

" ရှာတွေ့ပြီ ..."


စကြဝဠာမြေပုံကို သူ ဖွင့်လိုက်သည်။ 

" ကြယ်စုNရဲ့ ဧရိယာ ၅၇မှာ တော်ဝင်သစ်ပင်ရဲ့ အရိပ်အယောင်ကို တွေ့လိုက်ရတယ် ဒါပေမဲ့ အဲ့ဒီကြယ်စုက ဝေးလွန်းတယ်  ... အကာသ ခုန်ကျော်ခြင်း သုံးရင်တောင် ရက်အနည်းငယ် သွားရဦးမယ် ..."


" အဲ့လိုလုပ်ဖို့ မလိုပါဘူး ..."

မူရွှမ် ဖြတ်ပြောလိုက်ပြီး သူ၏စွမ်းရည်က ချက်ချင်းပင် ပေါ်လာသည်။ တစ်မိနစ်အတွင်း ဧရာမဝင်ပေါက်ကြီးက သင်္ဘောရှေ့တွင် ပေါ်လာသည်။ ချက်ချင်းဝင်သွားပြီး ခဏအကြာတွင် အလင်းရောင်ဆဲလ်ဗီယံဘုရင်ပြောသည့် ကြယ်စုဆီသို့ ရောက်ရှိသွားသည်။


ယောင်စစ် လျန်ယုကို စိုးရိမ်သည့်အတွက် မျက်မှောင်ကြုတ်သွာသည်။ လင်းလုံက ဘိုးဘေးတစ်ယောက် ဖြစ်သည့်အတွက် ကောင်းမွန်သည့် ကိုယ်ရည်ကိုယ်သွေး မရှိပေ။ ရုတ်တရတ် ပြန်ပေးဆွဲခံရပြီး ဤကဲ့သို့ထူးခြားသည့် အခြေအနေအောက်တွင် သူ ဒေါသဖြစ်မည်ကို သူမ စိုးရိမ်နေမိသည်။


" အဲ့ဘက်မှာ ..."

ဝင်ပေါက်မှ ထွက်သွားသည်နှင့် အလင်းဆေလ်ဗာနီဘုရင်က ကောင်းကင်သစ်ပင်ပန်းပွင့်၏ တည်နေရာကိုရှာတွေ့သွားသည်။ ထို့နောက် ဂလက်ဆီNနှင့် အနီးတစ်ဝိုက်နေရာကို ညွှန်ပြလိုက်သည်။ 


မူရွှမ် မတွန့်ဆုတ်ပဲ သင်္ဘောတစ်ခုလုံးကို ပန်းတိုင်အထိ ပို့လိုက်သည်။ သို့သော် မြင်ကွင်းထဲတွင် ဂြိုလ်အနည်းငယ်သာ ရှိနေပြီး ကောင်းကင်သစ်ပင်၏ပန်းပွင့် မရှိပေ။