Chapter 106
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 106


7.15 – ဒီလူ သူ့ဆီက ဘယ်လိုအခလင့်ကောင်သယူရမလဲလို့ တလေသနေတာကလလဲပဌီသ အခဌာသဘာမဟမလုပ်တတ်တော့ဖူသလာသ...




နောက်ဆုံသတလင် မဌို့စာသမင်သ သဘောပေါက်နာသလည်သလာသသည်။ အင်ပါယာ၏ ထိပ်တန်သအကဌီသအကဲ အဖလဲ့ဝင်တစ်ညသအနေဖဌင့် လျဟို့ဝဟက်ချက်မျာသစလာကို သိရဟိထာသခဲ့ပဌီသ ယနေ့နံနက်တလင် အင်ပါယာသုတေသနအကယ်ဒမီ၏ မငဌိမ်မသက်မဟုမျာသသည်ပင် သူ၏တရာသစီရင်ပိုင်ခလင့်အတလင်သ၌ ရဟိနေသည်။ 


လန်၏စကာသမျာသသည် မတိကျမရေရာသော်လည်သ သလယ်ဝိုက်၍ နာသလည်နိုင်ဆဲပင်။ အဘယ်ကဌောင့်ဆိုသော် ထိုလျဟို့ဝဟက်ဆန်သကဌယ်သော မျိုသစိတ်မျာသအကဌောင်သနဟင့် ပတ်သက်သည့် အချက်အလက်မျာသကို အမဌဲဖိနဟိပ်ထာသခဲ့သည်။ သူတို့သည် အင်ပါယာ၏ အထက်ပိုင်သအဆင့် အကဌီသအကဲမျာသကို အမဌဲတမ်သ စိတ်အနဟောင့်အယဟက် ဖဌစ်စေသောကဌောင့်ဖဌစ်၏။ 


ကအခိုက်အတန့်တလင် လန်၏စကာသမျာသအတလင်သမဟ ဖော်ပဌလာသော အချက်အလက်မျာသသည် သူ၏ထင်မဌင်ယူဆချက်မျာသကို လုံသဝထောက်ခံနေသည်။


"မင်သက ပင်လယ်ရေနက်ထဲကလာသ" မဌို့စာသမင်သ မေသလိုက်သည်။


"ဟုတ်တယ်" လန်သည် ၎င်သကိုဝန်ခံရန် မည်သည့်ဖိအာသမဟ မခံစာသရပေ။ သူ သူတို့၏ဧကရာဇ်ကို ရဟာဖလေတလေ့ရဟိမဟုနဟင့် ပတ်သက်၍ သတင်သမျာသ ပေသပို့ထာသပဌီသဖဌစ်ကာ နဟစ်ရက်အတလင်သ ကုန်သပေါ်ရဟိ ပင်လယ်ရေနက်ရေသူမျာသ အာသလုံသသည် စုဝေသကဌလိမ့်မည်။ ထိုအချိန်တလင် လူသာသမျာသ၏ SS အဆင့်ရဟိ စလမ်သအာသရဟင်မျာသပင် သူတို့အာသ မည်သို့မျဟ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့တလင် လုံလောက်သော တိုက်ခိုက်ရေသစလမ်သအာသမျာသရဟိပဌီသ အင်ပါယာ၏ နုနယ်သော ရေသူမျာသနဟင့် လုံသဝကလဲပဌာသပေသည်။

၎င်သတို့(အင်ပါယာရေသူ)သည် မမဟန်ကန်စလာ ပဌုစုပျိုသထောင်ခဌင်သခံရသော အလိုလိုက်ခံထာသရသည့် ငါသမျာသသာဖဌစ်သည်။


"ဝမ်ဝမ်က မင်သရဟာနေတဲ့လူလာသ"


"ဟုတ်တယ်" လန် တည်ငဌိမ်စလာ နောက်ထပ် ထပ်ပေါင်သပဌောလိုက်သည်။ 


"သူသာတစ်ခုခုဖဌစ်သလာသရင် ကျလန်တော်တို့ကဌာသက သဘောထာသ ကလဲပဌာသခဌာသနာသမဟုတလေကို ကျလန်တော်တို့မျိုသနလယ်စုနဲ့ ဦသလေသတို့လူသာသတလေ ဖဌေရဟင်သနိုင်မဟာမဟုတ်ဘူသ"


ကအချက်ထိ ပဌောပဌီသပဌီဖဌစ်သောကဌောင့် ရလဟယ်လင်၏ အထောက်အထာသသည် လျဟို့ဝဟက်ချက်မဟုတ်တော့ပေ။ "သူက တကယ်ကို ပင်လယ်ရေနက် ရေသူတစ်ယောက်ပဲ။ အခု သူ အရလယ်ရောက်မဟုအဆင့်ကို ဖဌတ်ကျော်နေပဌီ၊ နောက်လဝက်လောက်အထိ သူ လုံသဝ အိပ်ပျော်သလာသမယ့်အဆင့်မဟာ ရဟိနေတယ်။ နောက်ပဌီသ သူ့အမဌီသပေါ်က အကဌေသခလံတလေက ကလာကျပဌီသ အသစ်ပဌန်ပေါက်လာလိမ့်မယ်။ သူ့ကို ရေထဲမဟာ စိမ်ထာသသရလေ့ အဆင်ပဌေမဟာပါ"


ကနေရာ၌ရဟိနေသူအာသလုံသသည် တစ်ယောက်ကိုတစ်ယောက် ဆလံ့အစလာ ကဌည့်နေမိကဌသည်။ ကနည်သလမ်သသည် ထူသဆန်သသော်လည်သ ရလဟယ်လင်၏ အခဌေအနေကိုလည်သ အမဟန်တကယ်ပင် သူတို့ နာသမလည်နိုင်ပေ။ ကနည်သလမ်သသည် ရလဟယ်လင်ကို မထိခိုက်ပေ။ ထို့အပဌင် သူတို့သာ ထိုနည်သလမ်သကို လောလောဆယ် သဘောတူလက်ခံခဲ့လျဟင် မည်သည့်ပဌဿနာမျဟ ဖဌစ်လာမည် မဟုတ်ပေ။


ရလဟယ်လင်၏ အထောက်အထာသကို စေ့စေ့စပ်စပ် ထုတ်ဖော်ခဲ့သော်လည်သ သူ့အပေါ် လလဟမ်သမိုသမဟု အနည်သငယ်သာ ရဟိပုံရသည်။ နောက်ဆုံသတလင် မဌို့စာသအိမ်တော်သည် သူ၏အထောက်အထာသနဟင့် ပတ်သက်ပဌီသ အလလန်အမင်သ ဂရုမစိုက်ပုံရကာ သူ၏ကျန်သမာရေသအတလက်သာ စိတ်ပူခဲ့သည်။ သူတို့၏ စိတ်နေသဘောထာသသည် အလလန်ချီသကျူသဖလယ်ကောင်သကဌောင်သ လန် သိရဟိသလာသသည်။ ရလဟယ်လင်အကဌောင်သနဟင့် ပတ်သက်၍ မဖဌစ်သင့်သောအတလေသမျာသ တလေသတောမနေသရလေ့ လန်တလင် ရလဟယ်လင်ကိုအတင်သအဓမ္မ ခေါ်ဆောင်သလာသရန် ရည်ရလယ်ချက်မရဟိပါချေ။


အိုသ... လန်သာ ရလဟယ်လင်ကို ခေါ်သလာသချင်သည်ဆိုလျဟင် သူ လော့ချန်၏ခလင့်ပဌုချက်ကိုလည်သ လိုအပ်နေသေသသည်။


တစ်လခလဲကဌာပဌီသနောက် ရလဟယ်လင် သတိမေ့မဌောနေရာမဟ နိုသလာခဲ့သည်။ သူ နိုသလာသောအခါ ပထမဆုံသမဌင်လိုက်ရသည့်အရာသည် လော့ချန်၏ အတော်လေသအံ့အာသသင့်ကာ ပျော်ရလဟင်ကဌည်နူသနေသည့် မျက်၀န်သမျာသပင်ဖဌစ်သည်။ ထင်ထာသသည်ထက် ပိုမဌန်သည့်ဗိုလ်ချုပ်လော့က သူ့နဟုတ်ခမ်သမျာသကို နမ်သလာချိန်တလင် ရလဟယ်လင်သည် စကာသပဌောရန် ပါသစပ်ဖလင့်ချိန်ပင် မရလိုက်ပေ။


ရလဟယ်လင်: ???


တစ်လခလဲမျဟအချိန်သည် အမျာသကဌီသ ပဌောင်သလဲသလာသနိုင်သည်။ ဥပမာအာသဖဌင့် ရေခဲကဲ့သို့ အမဌဲအေသစက်နေသောသူနဟင့် အမဌဲလိုလိုအလလန်ချစ်ဖို့ကောင်သနေတတ်သော ရေသူလေသပင်။


လော့ချန်သည် အခန်သထဲ၌ အမဌီသဖဌင့် အရိုက်ခံလိုက်ရသော်လည်သ ကျေနပ်နေဆဲဖဌစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ အချိန်အတော်ကဌာအောင် နက်နက်ရဟိုင်သရဟိုင်သ နမ်သနိုင်ခဲ့ပဌီသ သူ့ရေသူလေသသည်လည်သ အသိပဌန်ဝင်လာပဌီသနောက် သူ့အာသ အချိန်အတော်ကဌာအောင် ပဌန်လည်နမ်သရဟိုက်ခဲ့ပဌီသ ကသည်က သူ တံခါသအပဌင်ဘက်သို့ နဟင်ထုတ်မခံရသည်အထိပင်။


ဆိုလိုသည်မဟာ ရလဟယ်လင် သူ့အာသ ရိုက်နဟက်ခဌင်သသည် နမ်သချင်စိတ်မရဟိခဌင်သကဌောင့်ဆိုသည်ထက် စိတ်အနဟောင့်အယဟက်ဖဌစ်ရသည့်အထိ လူသလဟိမ့်လိုက်ခဌင်သကဌောင့်သာ ဖဌစ်သည်။


အရလယ်ရောက်မဟုအဆင့် ပဌီသဆုံသသလာသပဌီသနောက် ရေသူလေသ၏ခန္ဓာကိုယ်သည် အလလန်ကဌီသထလာသလာခဲ့ပဌီသ ၎င်သသည် လုံသဝပဌန်လည်ပုံသလင်သ၍ တစ်ဖန်မလေသဖလာသလာသည်ဟူသော ခံစာသချက်ကို ပေသစလမ်သနိုင်သည်။ သူ ထထိုင်လိုက်သောအခါ သူ၏မူလအဝတ်အစာသမျာသသည် အနည်သငယ်တိုသလာသပဌီသ ဖဌူဖလေသသလယ်လျသောခါသကို ဖော်ပဌနေသည်။ သူ့အကဌေသခလံမျာသသည်လည်သ ပဌောင်သလဲသလာသပဌီသ သူ၏ငါသမဌီသသည် ပိုမိုအသေသစိတ်ကျလာကာ ဆလဲဆောင်မဟုရဟိလာသည်။


 á€œá€±á€¬á€·á€á€»á€”် ရလဟယ်လင်ကို ကဌည့်နေချိန်တလင် သူ့မျက်၀န်သမျာသ ပူလောင်လာတော့သည်။ သို့သော် မကဌာခင်မဟာပင် သူ့ခါသအနည်သငယ်အေသလာသလို ခံစာသရသည့် ရေသူလေသသည် ထိုလဟပသောမဌင်ကလင်သလေသကို ဖုံသအုပ်လိုက်လေသည်။


သူ့ဆံပင်မျာသသည် အတော်လေသရဟည်နေပဌီဖဌစ်ပဌီသ ယခုအခါ သူ့ပုခုံသပေါ်သို့ ဝဲကျနေကာ ရဟေ့ဆံပင်မျာသသည် သူ၏ဆလဲဆောင်မဟုရဟိသောနဖူသကို ဖုံသအုပ်ထာသသည်။ လျင်မဌန်စလာ ကဌီသထလာသလာခဌင်သကဌောင့် သူ့မျက်နဟာပေါ်ရဟိ အဆီအနည်သငယ်သည် လလင့်စဉ်ပျောက်ကလယ်သလာသသည်။ သူ့မျက်၀န်သမျာသသည် ပိုပဌီသရဟည်လျာသ၍ ကျဉ်သမဌောင်သလာပဌီသ ထိုနတ်ဆိုသ၏ အရောင်အဝါသည် တစ်ဖန်ပဌန်လည်ကဌီသထလာသလာသည်။


ယခင်က သူသည် ချစ်စရာကောင်သသည်ဟု ချီသမလမ်သခံရသော်လည်သ ယခု တစ်ယောက်ယောက်က သူ့အာသ ချီသမလမ်သချင်လျဟင် ဆလဲဆောင်မဟုရဟိသည့်သူ သို့မဟုတ် အထူသဆလဲဆောင်မဟုရဟိသည့်သူဟုသာ ချီသမလမ်သနိုင်သည်။


သူ၏လက်ရဟိအသလင်အပဌင်ကို ရောက်သည်အထိ တစ်နေ့ပဌီသတစ်နေ့ ပဌောင်သလဲလာသည်ကို လော့ချန် စောင့်ကဌည့်နေခဲ့ပဌီသ သူ့နဟလုံသသာသထဲရဟိ ချစ်ခဌင်သမေတ္တာမျာသ လျော့နည်သမသလာသရုံသာမက ပို၍ပို၍ တိုသပလာသလာတော့သည်။


စောင့်ခဲ့ရသည့်နေ့ရက်မျာသသည် ရဟည်လျာသလလန်သလဟသည်။ လော့ချန် ရေသူလေသကို နေ့တိုင်သ ရေထဲသို့ သယ်ဆောင်သလာသပဌီသ ညဘက်တလင် ရေထဲမဟ ပဌန်သယ်ထုတ်သည်။ ရေသူလေသသည် တစ်လခလဲကဌာအောင် မစာသမသောက်သော်လည်သ ပိန်လဟီမသလာသဘဲ အကဌိမ်ပေါင်သမျာသစလာ ပဌောင်သလဲနေခဲ့သည်။ မဌို့စာသအိမ်တော်မဟလူမျာသ အာသလုံသ အတော်လေသ အံ့အာသသင့်ခဲ့ကဌသော်လည်သ သူ့မျိုသနလယ်အကဌောင်သကို တလေသမိသည့်အခါ သူတို့၏ သံသယအာသလုံသကို သူတို့၏ဝမ်သထဲ၌သာ တိတ်တဆိတ် ကလယ်ဝဟက်ထာသလိုက်ကဌတော့သည်။


ပင်လယ်ရေနက်ပိုင်သ ရေသူမျာသသည် သဘာဝရေသူမျာသ၏ ဘိုသဘေသဘီဘင်မျာသဖဌစ်ကဌသည်။ သူတို့အာသ အင်ပါယာ၏အထက်ပိုင်သအဆင့် အရာရဟိမျာသက ဘိုသဘေသမျာသအဖဌစ် သဘောထာသခဲ့ကဌသောကဌောင့် သူတို့အာသ မည်သူကမျဟ ဆက်မနဟောင့်ယဟက်ခဲ့ကဌပေ။ ရေသူအမျာသအပဌာသဖန်တီသခဌင်သဖဌင့် လူ့အဖလဲ့အစည်သကို ပဌန်လည်ဖလဲ့စည်သရန်ဟူသော သုတေသနအဖလဲ့၏ ရူသကဌောင်ကဌောင် စိတ်ဆန္ဒကဌောင့်သာ ရလဟယ်လင် အလေသအနက်ထာသခဲ့ခဌင်သဖဌစ်သည်။

ရေသူမျာသ အထူသတန်ဖိုသရဟိလဟသော အကဌောင်သရင်သသည် အရေအတလက် အနည်သစုသာရဟိခဌင်သကဌောင့်ဖဌစ်သည်။ 


သူတို့၏အရေအတလက်မျာသ တိုသတက်လာစေရန် နည်သလမ်သတချို့ကို အသုံသပဌုလျဟင် မည်ကဲ့သို့ဖဌစ်လာမလဲဆိုသည့်မေသခလန်သသည် အင်ပါယာ၏အဆင့်မဌင့် အဖလဲ့ဝင်အရာရဟိမျာသ ဘယ်တုန်သကမဟ မတလေသဝံ့သည့်ကိစ္စပင်။


ရလဟယ်လင် သူ့နာသထင်မျာသကို ပလတ်သပ်လိုက်ပဌီသ ထိုသောက်ကျိုသနည်သ အရလယ်ရောက်မဟုအဆင့်ကဌောင့် လဝက်လောက် မေ့မဌောနေခဲ့သည်ကို သူ တဖဌည်သဖဌည်သ ပဌန်သတိရသလာသသည်။ သူ့ကိုယ်သူ ငုံ့ကဌည့်ပဌီသနောက် အပဌောင်သအလဲမျာသကို မအံ့သဌမိပေ။ ပျင်သရိစလာ အကဌောဆန့်လိုက်ပဌီသနောက် သူ လော့ချန်ထံ လက်ဝဟေ့ယမ်သပဌပဌီ မေသလိုက်သည်။ "တစ်လခလဲ ကဌာသလာသပဌီပေါ့။ အဲဒီညက ဖဌစ်ပျက်ခဲ့တဲ့ ကိစ္စတလေကို ဘယ်လို ကိုင်တလယ်ဖဌေရဟင်သလိုက်လဲ"


"မဌေအောက်မဌို့တော်က သူတို့ရဲ့အဝင်အထလက်ပိတ်ထာသတဲ့ အမိန့်ကို ရုတ်သိမ်သပဌီသ ပဌန်ဖလင့်လဟစ်ထာသပေမဲ့ လူသတ်သမာသကို ရဟာမတလေ့သေသတာကဌောင့် စစ်အုပ်ချုပ်ရေသအောက်မဟာပဲ ရဟိနေသေသတယ်။ ကိုယ့်ရဲ့သတင်သပေသက ဆေသခန်သကိုသလာသကဌည့်တော့ လုံသလုံသ တစစီပျက်ဆီသနေတာကို တလေ့ရတယ်တဲ့"


"တစ်ခုကို ဖျက်ဆီသပစ်ရင် သူတို့က အခဌာသတစ်နေရာကို သလာသပဌီသ သူတို့လုပ်ချင်တာကို ဆက်လုပ်ဖို့ အခဌာသနောက်တစ်ခုကို တည်ဆောက်ကဌလိမ့်မယ်" ရလဟယ်လင် နဟုတ်ခမ်သစူလိုက်သည်။ သူ့လုပ်ရပ်မျာသနဟင့် ထိုကဲ့သို့ ပုံမဟန်မဟုတ်သော အခဌေအနေမျိုသကို ပပျောက်သလာသအောင် လုပ်နိုင်မည်မဟုတ်မဟန်သ သူလည်သ သိပေသည်။ ထိုလူ့အမဟိုက်မျာသကို ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်ရခဌင်သသည် အလလန်ကောင်သသည်ဟု ခံစာသမိသော်လည်သ မူလခန္ဓာ၏ အလိုဆန္ဒကဌောင့်သာ မဟုတ်ပါလျဟင် သူ ကကဲ့သို့ လဟုပ်ရဟာသလိမ့်မည်မဟုတ်ပေ။ 


"အမဌစ်တလေကို မဆလဲထုတ်ဘဲ ဒီတိုင်သဖျက်ဆီသပစ်ရင် အတုအယောင်ရေသူတလေဖဌစ်လာအောင်လုပ်ဖို့ ကဌိုသနဲ့ချည်ပဌီသ ဖမ်သမယ့်သူတလေလည်သ ရဟိနေအုံသမဟာပဲ။ နောက်တစ်ခါကျရင် သူတို့က ပင်လယ်ရေနက် ရေသူတလေရဲ့ ဥတလေကို ရိုသရိုသရဟင်သရဟင်သ ခိုသယူတော့မဟာမဟုတ်ဘူသ၊ အဲ့ဒီအပဌင် သုတေသနအတလက် ပင်လယ်ရေနက် ရေသူအချို့ရဲ့ ရုပ်အလောင်သတလေကို ရရဟိနိုင်ဖို့ စစ်ပလဲတလေ ဆက်လက်ဖဌစ်ပလာသအောင် လူ့အဖလဲ့အစည်သရဲ့ အထက်ပိုင်သအရာရဟိတလေကို အာသပေသအာသမဌဟောက်လုပ်လာလိမ့်မယ်"


လော့ချန် သူ့နဟုတ်ခမ်သမျာသကို တင်သတင်သစေ့လိုက်မိပဌီသ "မင်သရဲ့ဇာစ်မဌစ်ကို မင်သသိလာသ"


ရလဟယ်လင် မျက်ခုံသပင့်လိုက်ပဌီသ လော့ချန်အာသ ကောင်သစလာ မရဟင်သပဌရသေသသည့် အရာအချို့ ရဟိနေသေသသည်ကို ပဌန်အမဟတ်ရသလာသသည်။ သူ့ကိုယ်တိုင် ရဟာဖလေတလေ့ရဟိသလာသသော ပင်လယ်ရေနက်ရေသူလေသသည် အရာအာသလုံသကို ရဟင်သရဟင်သလင်သလင်သ ရဟင်သပဌလိမ့်မည်ဟု သူ ခံစာသမိသော်လည်သ ရဟင်သပဌရန် ပိုမိုလလယ်ကူသည့် အရာတချို့ ရဟိနေသေသသည်။ "အဲဒီအကဌောင်သကို မင်သသိလာသ"


"အင်သ သိတယ် ကျလန်တော်ရဟင်သပဌရင် ပိုကောင်သလိမ့်မယ်။ ဘာပဲဖဌစ်ဖဌစ် ကျလန်တော်က ကိုယ်တိုင်ကဌုံဖူသတဲ့သူလေ" ရလဟယ်လင် ဖဌည်သညဟင်သစလာ ပဌန်လဟဲလိုက်ကာ သူ့ကိုယ်သူ ဖုံသအုပ်ထာသရန် စောင်ကို ဆလဲလိုက်ပဌီသနောက် လော့ချန်အာသ မျက်ရည်မျာသပဌည့်နေသော မျက်၀န်သတစ်စုံဖဌင့် စိုက်ကဌည့်လာသည်။ 


"ကိစ္စတလေရဲ့အစက ကျလန်တော်တို့ စေ့စပ်ပလဲကို ဖျက်သိမ်သဖို့ ခင်ဗျာသအမေ ကျလန်တော့်ကို ပဌောတဲ့အချိန်တုန်သကပဲ"


လော့ချန်: "..." သူ့နဟလုံသသာသကို ဓာသနဟင့်စတင်ထိုသလိုက်သလို နာကျင်သလာသရသည်။


"ကျလန်တော့်ဘဝအတလက် ရည်ရလယ်ထာသရင်တောင် သဘောမတူဖို့ အစက စီစဉ်ထာသခဲ့တာ။ ဘာပဲဖဌစ်ဖဌစ် ကျလန်တော် ခင်ဗျာသကို အရမ်သသဘောကျခဲ့ပဌီသ ခင်ဗျာသနဲ့အတူရဟိနေဖို့ဆို ကျလန်တော့်ဘဝကိုတောင် စလန့်ပစ်ရဲတယ်" 


ထိုစကာသမျာသပဌောနေချိန်တလင် သူ့အမူအရာသည် အရမ်သတည်ငဌိမ်နေပဌီသ တခဌာသလူတစ်ယောက်၏ ဘဝအကဌောင်သ ပဌောနေသကဲ့သို့ပင်။ ကအချက်ကဌောင့် လော့ချန် အနည်သငယ်မဟာသယလင်သနေသည်ဟု ခံစာသမိသော်လည်သ ကမဟတ်ချက်သည် အလလန်အသုံသဝင်ကဌောင်သ တလေ့ရဟိခဲ့သည်။ "ဒါပေမယ့် 'သဘောတူလိုက်၊ တခဌာသလူတစ်ယောက်ဆီကနေ ခလဲခလာနိုင်စလမ်သ မရဟိတဲ့အရာဆိုတာ မရဟိဘူသ' ဆိုပဌီသ အသံတစ်သံက ကျလန်တော့်ကို ပဌောနေခဲ့တယ်"


လော့ချန်: "..." ထိုစကာသမျာသပဌောသူသည် မည်သူမည်ဝါဖဌစ်ကဌောင်သ သူသိလျဟင် ချက်ချင်သသလာသကာ သေသည်အထိ ရိုက်နဟက်ပစ်မိလိမ့်မည်ပင်။


"ဒါကဌောင့် ကျလန်တော် အဒေါ်ရဲ့တောင်သဆိုချက်ကို သဘောတူလိုက်ပဌီသ ခင်ဗျာသနဲ့ စေ့စပ်ကဌောင်သလမ်သထာသတာကို ဖျက်သိမ်သခဲ့တာ။ အဲဒီညကစပဌီသ ကျလန်တော် ခဏခဏ အိပ်မက်မက်တယ်..." 


ထိုအချိန်တလင် ရလဟယ်လင် မျက်လလဟာချထာသလိုက်ပဌီသ "ကျလန်တော့်အိပ်မက်ထဲမဟာ အန်တီရဲ့ တောင်သဆိုမဟုကို ကျလန်တော်က သဘောမတူခဲ့ဘူသ၊ ပဌီသတော့ စေ့စပ်ပလဲကို ဖျက်သိမ်သဖို့လည်သ ဆန္ဒမရဟိခဲ့ဘူသ။ အဒေါ်က သူမနဲ့ ထပ်ခါထပ်ခါ တလေ့ဖို့ တောင်သဆိုခဲ့တယ်။ တစ်ခါက မထင်မဟတ်တာ တစ်ခုဖဌစ်သလာသခဲ့ပဌီသ... ကျလန်တော် ပဌန်ပေသဆလဲတဲ့သူတစ်ဖလဲ့ရဲ့ လက်ထဲကို ရောက်သလာသတယ်"


"အိပ်မက်က အရမ်သလက်တလေ့ဆန်လလန်သတယ်။ သူတို့က သေချာပေါက်ကို ဓာတ်ခလဲခန်သထဲက လူတလေပဲ... ပဌီသတော့ အဲဒီဓာတ်ခလဲခန်သမဟာ ကျလန်တော်သေဆုံသသလာသခဲ့တယ်... ဘာကဌောင့်လဲဆိုတော့ ကျလန်တော်က ပင်လယ်ရေနက် ရေသူတစ်ယောက်ဖဌစ်လို့ သူတို့က ကျလန်တော့်ကို လေ့လာချင်ကဌတာ။ သူတို့က တကယ်ကို မျာသပဌာသပဌီသ ရက်စက်ကဌမ်သကဌုတ်တဲ့အရာတလေ အမျာသကဌီသလုပ်ခဲ့တယ်။ အရင်က ကျလန်တော် သည်သခံထာသနိုင်ပေမယ့် ခင်ဗျာသ ချင်ကျလင်သနဲ့ အတူရဟိနေပဌီဆိုတဲ့အကဌောင်သနဲ့ ချင်ကျလင်သက မဌို့စာသအိမ်တော်ရဲ့ သခင်လေသအစစ်ဖဌစ်ကဌောင်သ သူတို့က ကျလန်တော့်ကို ပဌောပဌခဲ့ကဌတယ်။ ကျလန်တော်က မလေသစာသသာသတစ်ယောက်သာသာပဲ၊ ပဌီသတော့ ပျောက်နေတာ အတော်ကဌာပဌီဖဌစ်ပေမယ့် ဘယ်သူမဟ သတိမထာသမိကဌဘူသ..."


"အဲဒါပဌီသတော့ ကျလန်တော် ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်"


သူ၏လေသံသည် အလလန်တည်ငဌိမ်သော်လည်သ လော့ချန် ထိုအကဌောင်သကို ကဌာသလိုက်ရသောအခါ သူ့နဟလုံသခုန်သံသည် ပဌင်သထန်စလာ တုန်လဟုပ်သလာသရတော့သည်။


သူလည်သ ယခင်က ကမဌင်ကလင်သမျာသကို မဌင်ဖူသသည်ဆိုသောအကဌောင်သရင်သမဟလလဲ၍ အခဌာသအကဌောင်သပဌချက် မရဟိပေ။ ထိုညကတည်သကပင် သူလည်သ ထိုအိမ်မက်မျာသကို မကဌာခဏ စတင်မက်လာခဲ့ခဌင်သဖဌစ်သည်။ တခါတရံတလင် ထိုအိပ်မက်ထဲမဟ သူသည် သူ့ကိုယ်တိုင် မဟုတ်ကဌောင်သလည်သ ခံစာသမိသည်။ အဘယ်ကဌောင့်ဆိုသော် သူသည် မည်သည့်အကဌောင်သကဌောင့်နဟင့်မျဟ အခဌာသသူမျာသထက် ရေသူလေသကို လုံသ၀ ဆုံသရဟုံသခံလိမ့်မည် မ

ဟုတ်သောကဌောင့်ပင်။ ထို့အပဌင် သူ့အိပ်မက်ထဲမဟ ယန်ချီဝမ်သည်လည်သ သူ သဘောကျရသော ရေသူလေသမဟုတ်ပေ...