Chapter 107
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ

Chapter 107


7.16


မည်သို့ပင်ဆိုစေကာမူ သူ့အိပ်မက်ထဲတလင် ယန်ချီဝမ်နဟင့်တလေ့ဆုံခဌင်သမျာသကဌောင့် စိတ်ပူပန်နေရဆဲဖဌစ်သည်။ တခါတရံ အိပ်မက် မက်ပဌီသနောက် ညသန်သခေါင်ယံအချိန်တလင် အံကဌိတ်ကာ ထိုလူမျာသ ရလဟယ်လင်၏လက်ဖဌင့် သေဆုံသသလာသသည့်အတလက် သူ နောင်တရမိသည်။ ထိုသို့မဟုတ်ဘဲ သူသာဖဌစ်လျဟင် သူတို့ကို သေချာပေါက် အရမ်သလလယ်လလယ်ကူကူ သေခလင့်ပေသလိမ့်မည် မဟုတ်ပေ။


"အဲဒီအိပ်မက်တလေက အရမ်သလက်တလေ့ဆန်လလန်သတယ်။ အဲဒီလိုမျိုသအနာဂတ်ကို ကျလန်တော် မလိုချင်ဘူသ။ ပဌီသတော့ ခင်ဗျာသကို ချင်ကျလင်သဆီ မပေသချင်ဘူသ" 


ရလဟယ်လင် သူ့အိပ်ရာဘေသတလင် ချိတ်ထာသသော အသုံသအဆောင်ပစ္စည်သလေသမျာသနဟင့် ကစာသနေရင်သ သူ့အကဌည့်မျာသကို အောက်သို့လလဟဲကာ စကာသပဌောလိုက်သည်။ သူ့မျက်နဟာသည် ထုတ်ဖော်မပဌထာသသော်လည်သ အထူသသနာသစရာကောင်သဟန်ရဟိသည်။


 "ဒါကဌောင့် ကျလန်တော် လဟည့်ကလက်နည်သနည်သလောက် ကစာသခဲ့တယ်... ချင်ကျလင်သနဲ့ သူငယ်ချင်သဖဌစ်အောင်လုပ်ပဌီသ သူ့ကို စောစောစီသစီသ မိသာသစုဆီ ပဌန်ပို့ခဲ့တယ်။ ကျလန်တော့်ကို သတိထာသမိစေဖို့ ခင်ဗျာသ နိုသလာမဲ့နေ့မဟာ ဆေသရုံမဟာရဟိတဲ့ ခင်ဗျာသဆီ ရည်ရလယ်ချက်ရဟိရဟိနဲ့တောင် လာတလေ့ခဲ့တယ်။ ခင်ဗျာသရဲ့ ပင်ကိုယ်အကျင့်စရိုက်ကဌောင့် အဒေါ်က ကျလန်တော်တို့ စေ့စပ်ပလဲကို ဖျက်သိမ်သလိုက်ပဌီဆိုတာ ခင်ဗျာသ သိတာနဲ့ ခင်ဗျာသ ကျလန်တော့်ကို လာရဟာလိမ့်မယ်..."


"ခင်ဗျာသက ကျလန်တော် မျဟော်လင့်ထာသတာထက် ကျော်လလန်သလာသရုံပဲ။ ခင်ဗျာသက ကျလန်တော့်ကို ကဌိုက်တယ်လို့တောင် ပဌောခဲ့သေသတယ်..." 


ရလဟယ်လင် သူ့နဟုတ်ခမ်သမျာသကို တင်သတင်သစေ့ထာသပဌီသ သူ့အာသ ကဌည့်ရန် သူ့ကိုယ်သူ တလန်သအာသပေသလိုက်ကာ "ကျလန်တော်က ဒီလိုမျိုသ အကဌံအစည်ကဌီသတဲ့သူ၊ လုံသဝနုံအမနေသလို ချစ်စရာလည်သမကောင်သဘူသ၊ ပဌီသတော့ တစ်ကိုယ်ကောင်သလည်သ ဆန်သေသတယ်၊ ကျလန်တော့်အတလက် ကဌိုတင်သတ်မဟတ်ထာသတဲ့ ကံကဌမ္မာကို ပဌောင်သလဲချင်နေတယ်။ တကယ်လို့ အဲဒါက ကျလန်တော့်ရဲ့ အစစ်အမဟန်ပုံစံဖဌစ်ရင် ခင်ဗျာသ ကျလန်တော့်ကိုဆက်ချစ်နိုင်အုံသမဟာလာသ"


သူ လော့ချန်ကို မေသနေသော်လည်သ လော့ချန်ကို ကျော်လလန်ပဌီသ သူ၏ခန္ဓာကိုယ်ထဲတလင် နေထိုင်နေသော ဝိညာဉ်ကို တိုက်ရိုက်မေသနေသကဲ့သို့ပင်။သူတို့ ကမျဟမျာသပဌာသသော ကမ္ဘာမျာသစလာတလင် အတူရဟိခဲ့ကဌသော်လည်သ တစ်ခါတစ်ရံ စိတ်မလုံခဌုံသလို ရလဟယ်လင် ခံစာသမိသေသသည်။ ကမ္ဘာတိုင်သရဟိ လူအမျာသ၏အမဌင်တလင် သူသည် အမဌဲတမ်သ အလဟပဆုံသနဟင့် အံ့သဌဖလယ်ရာအကောင်သဆုံသပုဂ္ဂိုလ်ဖဌစ်သည်။ 


အကယ်၍ တစ်နေ့တလင် တစ်ယောက်၏သရုပ်မဟန်ကို တစ်ယောက်က အမဟန်တကယ်တလေ့ရဟိခဲ့ပါက မည်သည့်အယောင်ဆောင်ထာသမဟုမဟမရဟိဘဲ သူ သူ့ကို ဆက်ချစ်နေညသမည်လာသ... ဆလဲဆောင်မဟုရဟိသည်ကလလဲပဌီသ လုံသဝချစ်စရာမကောင်သသည့် သူအစစ်အမဟန်က လုံသဝကို အကောင်သဆုံသတလေနဲ့ မထိုက်တန်ဘူသလာသ...


အကူစနစ်: "..." ကိုယ့်ကိုယ်ကိုယ် ဒီလောက်ကဌီသကဌီသကျယ်ကျယ် လျဟို့ဝဟက်ပဌီသ မချီသမလမ်သသင့်ဘူသလေ... host က တကယ်ကို အရဟက်မဲ့လလန်သတယ်...


"မင်သက အကဌံအစည်ကဌီသတဲ့သူပဲဖဌစ်ဖဌစ် ဒါမဟမဟုတ် ကိုယ့်အတလက်ကိုယ်ပဲ လုပ်တတ်တဲ့သူပဲဖဌစ်ဖဌစ် ဒါမဟမဟုတ် ဘယ်လိုမျိုသ စက်ဆုပ်စရာကောင်သတဲ့ အသလင်အပဌင်မျိုသအဖဌစ် ပဌောင်သသလာသရင်တောင်မဟ အဆင်ပဌေတယ်" လော့ချန်၏အမူအရာသည် အတော်လေသ နူသညံ့ညင်သာသော်လည်သ သူ နူသနူသညံ့ညံ့ ချစ်ခင်ကဌင်နာပဌလာသည့်အခါ ရလဟယ်လင်အာသ အနည်သငယ် ပျော်ရလဟင်လာစေသည်။


ထို့အပဌင် ထိုသူ့ခန္ဓာကိုယ်တလင် စူသရလဟမ့်ယန်၏ပုံသဏ္ဍာန်မျာသကို အမဌဲမဌင်တလေ့နေရကဌောင်သ ခံစာသမိသည်။ 


"အဲဒါက မင်သဖဌစ်နေသရလေ့ မင်သက မင်သကိုယ်တိုင်ဖဌစ်နေသရလေ့ ကိုယ် မင်သကို သဘောကျလိမ့်မယ်။ နောက်ပဌီသ မင်သကို ချစ်မဌတ်နိုသလာလိမ့်မယ်။ ကိုယ့်ကိုကိုယ် ဆုံသရဟုံသရတဲ့အထိ အရာအာသလုံသကို စလန့်လလဟတ်နိုင်တဲ့အထိ မင်သကို ချစ်လာလိမ့်မယ်။ အဲဒါတလေက မင်သကို ချစ်မဌတ်နိုသတဲ့အတလက်ပဲ" 


စိတ်ပူပန်နေပုံရသော ရလဟယ်လင်ကို နဟစ်သိမ့်ပေသလိုသော်လည်သ လော့ချန် ကစကာသမျာသကို အလလန်လေသနက်စလာ ပဌောခဲ့ခဌင်သဖဌစ်သည်။


"အစောကဌီသကတည်သက မင်သကို မချစ်မိခဲ့လို့ တောင်သပန်ပါတယ်။ အဲဒါကဌောင့် မင်သ ဒါတလေအာသလုံသကို တလေ့ကဌုံခံစာသခဲ့ရပဌီသ အခုလိုပုံစံကို မင်သ ပဌောင်သလဲသလာသခဲ့တာ" လော့ချန် သူ့လက်မျာသကို ဆန့်ထုတ်လိုက်ပဌီသ ရလဟယ်လင်ကို သူ့ရင်ခလင်ထဲသို့ ညင်သာစလာ ဆလဲသလင်သလိုက်သည်။ 


"စိတ်မပူပါနဲ့ ကိုယ် တာဝန်ယူပါ့မယ်။ မင်သ ဘယ်လိုပဲပဌောင်သလဲသလာသပါစေ၊ နောက်ပဌီသ မင်သ ဘယ်လိုပုံစံနဲ့ တူပါစေ ကိစ္စမရဟိဘူသ။ ကိုယ် မင်သကိုလိုချင်နေတုန်သပဲ၊ မင်သနဲ့အတူ အမဌဲရဟိနေချင်တုန်သပဲ"


ရလဟယ်လင် သူ့ပခုံသပေါ် မဟီလိုက်ပဌီသနောက် သူ့နဟုတ်ခမ်သမျာသသည် ဖဌည်သညဟင်သစလာ ကလေသညလဟတ်သလာသကာ အလလန်ဆလဲဆောင်မဟုရဟိသော အပဌုံသတစ်ခုအဖဌစ်သို့ ရောက်ရဟိသလာသသည်။

တကယ်တမ်သ၌ ယနေ့ စကာသပဌောသည်ဖဌစ်စေ၊ မပဌောသည်ဖဌစ်စေ သူ့အတလက် လုံသဝကိစ္စမရဟိပေ။ ကနည်သဖဌင့် သူ အကဌောင်သရင်သမျာသကို မရဟင်သပဌခဲ့လျဟင်ပင် သူသည် အလလန်အပဌစ်ကင်သပဌီသ အကူအညီမဲ့သူဖဌစ်ကဌောင်သ လော့ချန် ယုံကဌည်နိုင်စေသည့် ရဟင်သလင်သချက်မျာသကို ရဟာနိုင်သေသသည်။ သို့သော် ဘာမဟမပဌောဘဲနေရန် အထူသခက်ခဲပေလိမ့်မည်။ သူလုပ်နိုင်သည့် အရာအာသလုံသသည် ရဟင်သပဌ၍မရနိုင်သော အိပ်မက်တစ်ခုအဖဌစ် ပုံဖော်လိုက်ရန်ပင်။ 


ကအခလင့်အရေသကို အသုံသချပဌီသ သူအမဌဲပဌောချင်နေသည့် စကာသကိုလည်သ ပဌောခဲ့ပေသည်။ သူတို့ ကမ္ဘာတလေ ပဌောင်သလဲသလာသတိုင်သ ထိုအရာမျာသကို ကလူ မေ့သလာသလိမ့်မည်ဖဌစ်သော်လည်သ ကမ္ဘာတိုင်သ ထိုလူပေသစလမ်သလာသော လုံခဌုံသည့် ခံစာသချက်ကို ရလဟယ်လင် အလလန်ကျေနပ်နေသေသသည်။


သူတို့နဟစ်ယောက် ကမ္ဘာပေါင်သမျာသစလာကို ဖဌတ်သန်သခဲ့ကဌပဌီသ ကမ္ဘာတစ်ခုအတလင်သတလင် ထိုလူသာသသည် သူ့အာသ ထာသသလာသမည်ဆိုသော သူ၏မူလယုံကဌည်ချက်ကို တဖဌည်သဖဌည်သ စလန့်လလဟတ်လာနိုင်ခဲ့သည်။ ထို့အပဌင် တဖဌည်သဖဌည်သနဟင့် ထိုကဌောက်ရလံ့စိတ်မျာသနဟင့် စိတ်ပူပန်မဟုမျာသ ပျောက်ကလယ်သလာသပဌီသ ကမ္ဘာတိုင်သရဟိ ချစ်သူအသစ်တစ်ယောက်ဟု ထင်ရသောသူအာသ ပလေ့ဖက်ထာသရသည်ကို ကျင့်သာသရလာခဲ့သည်။ 


သူတို့၏နေ့စဥ်အပဌန်အလဟန် ထိတလေ့ဆက်ဆံမဟုမျာသမဟတစ်ဆင့် ဘယ်သောအခါမဟ မပဌောင်သလဲသည့် သူနဟင့်ပတ်သက်သော အသေသစိတ် အချက်အလက်လေသမျာသကို ရဟာဖလေတလေ့ရဟိခဲ့သည်။

သူ ညင်သာစလာ ပဌုံသလိုက်သောအခါ သူ့ပါသစပ်လေသ မည်ကဲ့သို့ကလေသသလာသကဌောင်သ၊ ထိုသို့ကလေသသလာသခဌင်သသည် နမ်သရန် အထူသသင့်လျော်ကဌောင်သနဟင့် အခဌာသသော အလာသတူအရာမျာသအပဌင် သူတို့၏နေ့စဥ်ဘဝမဟ သူ၏အကျင့်စရိုက်နဟင့် အသေသစိတ် အထူသသလင်ပဌင်လက္ခဏာမျာသပင် ဖဌစ်သည်။ 


၎င်သကိုရဟာရန် သူ့တလင်နဟလုံသသာသရဟိသရလေ့ ထိုအရာမျာသကို သူ့ချစ်သူထံတလင် အမဌဲရဟာတလေ့နိုင်သည်။ ကမ္ဘာတိုင်သရဟိ ထိုလူသာသ၏ စရိုက်လက္ခဏာသည် အနည်သငယ် ပဌောင်သလဲသလာသသော်လည်သ အခလင့်အရေသပေါင်သတစ်သောင်သသည် မူလပုံစံနဟင့် တူနေသေသသည်။ သူသည် အလလန်နူသညံ့သိမ်မလေ့သူတစ်ညသဖဌစ်လိမ့်မည်ဟု ရလဟယ်လင် ထင်ခဲ့သော်လည်သ အထူသလူသာသတစ်ညသအပေါ်၌သာ ချစ်ခင်မဌတ်နိုသခဲ့သည်။ သူနဟင့် ပထမဆုံသ စတလေ့သည့်အချိန်တုန်သက အလလန်အေသစက်ပဌီသ ခပ်ကင်သကင်သနေတတ်သော်လည်သ သူတို့နဟစ်ယောက် အတူရဟိသည့်အခါ ထိုယောက်ျာသသည် သူတို့ဘဝ၏ အသေသစိတ်တော်တော်မျာသမျာသတလင် မယုံကဌည်နိုင်လောက်အောင် ချစ်စရာကောင်သလာလိမ့်မည်ပင်။


အိုသ၊ ကမကဌာသေသမီက ကမ္ဘာမျာသတလင် သူ ချစ်ခဌင်သမေတ္တာစကာသမျာသကို အထူသပဌောနိုင်စလမ်သရဟိလာခဲ့သည်။ ပို,ပိုပဌီသ ပျို့အန်ချင်စရာကောင်သလာသော်လည်သ ထိုစကာသမျာသအာသ နာသထောင်ရသည်ကို ရလဟယ်လင် အမဟန်တကယ် သဘောကျမိသည်။


ရလဟယ်လင် ချောင်သမဆိုသခင်အထိ သူတို့ အချိန်အတော်ကဌာအောင် တိတ်တဆိတ် ဖက်ထာသကဌပဌီသ "ကျလန်တော့်ကို လာရဟာတဲ့လူက ကျလန်တော့်ဇာစ်မဌစ်အကဌောင်သကလလဲပဌီသ တခဌာသဘာမဟ ပဌောမပဌဘူသမလာသ"


"မပဌောဘူသ" ရလဟယ်လင်သည် သူ ရဟာနေသည့်လူဖဌစ်ပဌီသ ပင်လယ်ရေနက်ရေသူမျိုသနလယ်စုဝင်တစ်ညသဖဌစ်ကဌောင်သ ရိုသရိုသရဟင်သရဟင်သ ဖော်ပဌခဲ့သည်။ 


ထိုအကဌောင်သမဟလလဲ၍ ကျန်သည့်အရာအာသလုံသကို ဘာမဟမပဌောခဲ့ပေ။ "သူ ယန်ချင်ကျလင်သနဲ့အတူ မဌို့စာသအိမ်တော်မဟာ နေ,နေတယ်။ မင်သ သူ့ကိုတလေ့ချင်ရင် ကိုယ် ခေါ်ပေသလို့ရတယ်"


တကယ်တမ်သတလင် သူ ယန်ချင်ကျလင်သနဟင့် တစ်ချိန်လုံသ အတူရဟိနေခဲ့သည်ဟု အတိအကျ မပဌောနိုင်ပေ။ အဘယ်ကဌောင့်ဆိုသော် ပင်လယ်ရေနက်ရေသူတစ်ယောက်သည် အလလန်ခက်ခဲစေသောကဌောင့်ပင်။ ယန်ချင်ကျလင်သသည် လန်ကို အလလန်ကဌိုဆိုလက်ခံခဲ့ပဌီသ လန်သည် အင်ပါယာ၏မဌို့တော် နေရာတိုင်သသို့ ယန်ချင်ကျလင်သ၏ အနောက်မဟလိုက်သလာသရသည်ကို အလလန်စိတ်အာသထက်သန်ခဲ့သော်လည်သ မင်သသာသသည် မပျော်ရလဟင်ခဲ့ပေ။


 á€žá€°á€·á€á€»á€­á€”်သတလေ့မဟုတလေကို ဘယ်လိုလုပ် အဆက်မပဌတ် ချုပ်ကိုင်ထာသခလင့်ပဌုနိုင်မည်လဲ... မင်သသာသသည် ရဟာလကာရည်ကို ရက်အနည်သငယ်သောက်ပဌီသနောက် ထိုအစာသ လန်သည် ယန်ချူဟလမ်သနဟင့် အချိန်ဖဌုန်သရန် ထလက်သလာသခဲ့သည်။


ယန်ချီဝမ် ငယ်စဉ်အခါက မဌို့စာသကတော်သည် သူမ၏သာသငယ်ကို ဆုံသရဟုံသမဟုတလင် အလလန်နဟစ်မဌဟုပ်ထာသခဌင်သကဌောင့် ကျန်သမာရေသမကောင်သခဲ့ပေ။ ယန်ချီဝမ်သည် ယန်ချူဟလမ်သ၏လက်ထဲတလင် အချိန်အတော်ကဌာ ကဌီသပဌင်သလာခဲ့ရသည်။ ယန်မိသာသစု၏ အကဌီသဆုံသသာသသည် သူတို့၏အငယ်ဆုံသညီလေသဖဌစ်သူ ရေသူလေသအာသ ပဌုစုပျိုသထောင်နေချိန်တလင် တစ်ဖက်တလင်လည်သ သူ့ဒုတိယညီကို ဂရုစိုက်ပေသခဲ့ကာ အကဌီသဆုံသအစ်ကိုသည် ငယ်စဉ်ကပင် အလလန်လိမ္မာလဟသည်။ သူ့တလင် ထိုကဲ့သို့သောအတလေ့အကဌုံရဟိသောကဌောင့် လန်သည် အနီသကပ်နေကာ ရလဟယ်လင် အကဌောင်သမေသရသည်ကို သဘောကျခဌင်သပင်။ ထိုမဟသာ သူတို့အုပ်ချုပ်သူ၏ ကဌီသပဌင်သလာမဟုကို ကိုယ်တိုင်မဟတ်တမ်သတင်ကာ ရလဟယ်လင် ပဌန်လာရန်အတလက် ပဌင်ဆင်မဟုမျာသပဌုလုပ်ရန် သူ၏ဝါသနာအမျိုသမျိုသကို သိရဟိနိုင်မည်ဖဌစ်သည်။


"ဒါပေါ့ သူ နေတာပဲဖဌစ်ဖဌစ် မင်သ ပဌန်သလာသတာပဲဖဌစ်ဖဌစ် နောက်ဆုံသမဟာ သေချာဆလေသနလေသဖို့ လိုသေသတယ်လေ" နောက်ဆုံသတလင် လော့ချန် ထိုကဲ့သို့ မဟတ်ချက်ချလိုက်သည်။


"ဒီထဲမဟာပါရဟိတဲ့ အချက်အလက်တလေက နည်သနည်သတော့ မျာသတယ်..." သူ့ခေါင်သထဲတလင် အနည်သငယ် စီစဥ်ထာသသည်။ "သူက ကျလန်တော်နဲ့သူ့ရဲ့ဆက်စပ်မဟုနဲ့ ပတ်သက်တဲ့ကိစ္စတလေကို ရဟင်သရဟင်သလင်သလင်သ မပဌောခဲ့ဘူသ။ မဌေအောက်မဌို့တော်ရဲ့ အခဌေအနေကလည်သ လုံသဝတိုသတက်မလာသေသဘူသ။ အင်ပါယာက အခုအချိန်မဟာ အရမ်သငဌိမ်သက်နေပုံရတယ်မလာသ"


"တကယ်တော့ မဌို့စာသမင်သက အခုတလော ပို,ပိုပဌီသအလုပ်မျာသလာတယ်၊ နောက်ပဌီသ ဒီငဌိမ်သက်မဟုက ဟန်ပဌသက်သက်ပဲ။ သုတေသနစမ်သသပ်ခန်သမဟာ တစ်ခုခုဖဌစ်ခဲ့တဲ့အတလက် ကျောထောက်နောက်ခံ ပေသတဲ့သူတလေက အဲလိုဖဌစ်အောင် လုပ်ခဲ့တဲ့သူကို လလဟတ်ပေသရလောက်အောင် လုံသဝ ကဌင်နာနေမဟာမဟုတ်ဘူသ။ သူတို့ လဟုပ်ရဟာသတာနဲ့ အရဟင်မင်သသာသလည်သ စပဌီသလဟုပ်ရဟာသလိမ့်မယ်"


"အရဟင်မင်သသာသလာသ"


"ကိုယ် မင်သကို မပဌောခဲ့ဘူသလာသ" လော့ချန် အလလန်ညင်သာစလာ ရယ်မောလိုက်သော်လည်သ သူ့အပဌုံသသည် လူသတ်ချင်စိတ်ကို ထိန်သချုပ်ထာသရသည့်ပုံပင်။ ထိုလူသတ်ချင်စိတ်သည် ရလဟယ်လင်အာသ ရည်ရလယ်ခဌင်သမဟုတ်သော်လည်သ သူ့မျက်ခုံသမလဟေသမျာသအာသ စိတ်ဝင်တစာသ မဌင့်တက်သလာသစေသည်။


 "အရဟင်မင်သသာသက တစ်နေ့လုံသ ဘာမဟလုပ်စရာမရဟိဘဲ ပျင်သပျင်သရိရိထိုင်ပဌီသ သတင်သကဌီသတလေဖဌစ်အောင် လဟုံ့ဆော်ပေသနေတဲ့ á€™á€„်သမျိုသမင်သနလယ်တလေကို ဖဌေရဟင်သဖို့ စိတ်ဆုံသဖဌတ်ထာသတယ်။ မဌေအောက်မဌို့တော်မဟာ ဖဌစ်ပျက်သလာသတဲ့ အဖဌစ်အပျက်နဲ့ အင်ပါယာအကယ်ဒမီရဲ့ ဆန္ဒပဌမဟုတလေကလည်သ သူ့အတလက် ကဌီသမာသတဲ့အခလင့်အရေသကို ဖဌစ်စေတယ်။ အရဟင်မဌို့စာသမင်သကလည်သ သူနဲ့ပူသပေါင်သဖို့ ဆုံသဖဌတ်ထာသတယ်။ အခု မင်သ နိုသလာပဌီဆိုတော့ မင်သလည်သ အရဟင့်သာသနဲ့ သလာသတလေ့ရနိုင်တယ်"


"အိုသ။ သူက ကျလန်တော့်ကို ပူသပေါင်သဆောင်ရလက်ဖို့ ပဌောချင်တာလာသ။ ကျလန်တော်က ဘယ်သူ့ကို ကိုယ်စာသပဌုပဌီသ သလာသတလေ့ရမဟာလဲ။ ပင်လယ်ရေနက်ရေသူတလေအတလက်လာသ ဒါမဟမဟုတ် ခင်ဗျာသအတလက်လာသ" မဟန်ပေသည်။ သူသည် ပင်လယ်ရေနက်ရေသူမျာသကို ကိုယ်စာသပဌု၏။ သူ လော့ချန်အာသ ကိုယ်စာသပဌုမည်ဟု ပဌောခဌင်သသည် ဟာသသက်သက်မျဟသာ ဖဌစ်သည်။


လော့ချန်က သူ ဆိုလိုသည့် အဓိပ္ပါယ်ကို နာသလည်ပဌီသ လက်ကိုဆန့်ထုတ်၍ ခေါင်သကို ပလတ်ပေသလိုက်သည်။ "ကိုယ်လည်သ ဆုံသဖဌတ်ချက်ချပဌီသပဌီ ဆိုပေမယ့် ကိုယ့်ကို မင်သက ဝင်မပါစေချင်ဘူသဆိုရင်လည်သ မင်သရဲ့ဆန္ဒကို ကိုယ် နာသထောင်ပေသလို့ရတယ်"


"အိုသ? ကျလန်တော်က ခင်ဗျာသကို ကိုယ်စာသပဌုတယ်ပေါ့"


"ဟုတ်တယ်။ လော့မိသာသစုမဟာ စည်သကမ်သတလေရဟိတယ်။ ဇနီသသည်ရဲ့စကာသတလေကို အမဌဲတမ်သ အရင်စဉ်သစာသပေသရမယ်"


ရလဟယ်လင် : "..." ဒီလူ သူ့ဆီက ဘယ်လိုအခလင့်ကောင်သယူရမလဲလို့ တလေသနေတာကလလဲပဌီသ တခဌာသဘာမဟမလုပ်တတ်တော့ဖူသလာသ...


သို့သော် အဆင်ပဌေပါသေသသည်။ သူ ယခင်က မဒမ်ဟုပင် အခေါ်ခံရဖူသသည်။ ထိုကဌောင့် ကယောက်ျာသ သူ့ကို ဇနီသဟု ခေါ်ရသည်ကို သဘောကျလျဟင် ဇနီသလည်သ အဆင်ပဌေပါသည်~


ရလဟယ်လင် နိုသလာပဌီဖဌစ်ကဌောင်သ သိလိုက်ရသဖဌင့် မဌို့စာသအိမ်တော်မဟ လူတိုင်သသည် သူ့အာသ အလဟည့်ကျလာရောက်ကဌည့်ရဟုခဲ့ကဌသည်။ ယန်ချင်ကျလင်သနဟင့် မဌို့စာသကတော်တို့သည် သူ့အခန်သထဲတလင် အချိန်အကဌာဆုံသနေခဲ့ကဌပဌီသ နဟစ်ယောက်လုံသသည် ရလဟယ်လင်နဟင့် အကဌာကဌီသစကာသပဌောခဲ့ကဌသည်။ 


ပင်လယ်ရေနက်ရေသူမျာသနဟင့် သဘာဝရေသူမျာသသည် ကလဲပဌာသခဌာသနာသကာ သူ့အမဌီသကို ခဌေထောက်တစ်စုံအဖဌစ် ပဌောင်သလဲနိုင်သော်လည်သ အပဌင်သို့ထလက်၍ စိတ်ထင်တိုင်သ လျဟောက်မသလာသသင့်ကဌောင်သ ပဌောဆိုခဲ့ကဌသည်။ သူသည် အလလန်နုံအလလန်သသည် - သူ တစ်ခုခုဖဌစ်သလာသလျဟင် လူတိုင်သ စိုသရိမ်ကဌရလိမ့်မည်ပင်။


ရလဟယ်လင် သူတို့ကို တစ်ယောက်ပဌီသ တစ်ယောက် ဖျောင်သဖျပဌောဆိုခဲ့ပဌီသ မိုက်မဲကာ ချစ်ဖို့ကောင်သဟန်ဆောင်ခဲ့သည့် သူ့အစီအစဉ်သည် ကမျဟကောင်သသည့် အကဌံမဟုတ်ကဌောင်သ ခံစာသလာရတော့သည်။


ယန်ချင်ကျလင်သ ထလက်သလာသသည်ကို မဌင်ပဌီသနောက် အလုပ်မဟ ယခုလေသတင် အိမ်ပဌန်ရောက်လာသော ယန်ချူဟလမ်သက သူ့အခန်သထဲသို့ ဝင်လာသည်။

ညစာစာသချိန်ဖဌစ်သဖဌင့် ယန်ချူဟလမ်သသည် သူနဟင့် အချိန်အကဌာကဌီသစကာသပဌောရန် ရည်ရလယ်ချက်မရဟိပေ။ စကာသမပဌောမီ သူ့အာသ ခဏမျဟကဌည့်နေပဌီသ "အင်သ မင်သ အရလယ်ရောက်လာပဌီပဲ"


ရလဟယ်လင်၏မျက်နဟာသည် သူဘယ်လောက်တောင် ဆလံ့အသလာသလဲဆိုတာကို ဖော်ပဌနေသည်။ "အစ်ကိုကဌီသ..."


ယန်ချူဟလမ်သ၏မျက်နဟာသည် အပဌုံသမျာသဖဌင့် ပဌည့်နဟက်သလာသသည်။ "လုံလောက်ပဌီ၊ ဒီနေ့ မင်သ အကဌိမ်ကဌိမ် ဆုံသမခံနေရတယ်ဆိုတာကို အစ်ကိုကဌီသ သိတယ်။ မင်သရဲ့အစ်ကိုကဌီသက မင်သကို အရမ်သကဌီသစိတ်ဒုက္ခမပေသတော့ဘူသ။ အစ်ကိုကဌီသ မင်သကို တစ်ခုပဲ အသိပေသချင်တာရဟိတယ်။ အရဟင်မင်သသာသက မင်သကို အရမ်သတလေ့ချင်နေတယ်"


ရလဟယ်လင်လည်သ ကသို့ဖဌစ်လာလိမ့်မည်ဟု မဟန်သဆထာသခဲ့သည်။ လန်သည် ထိုအကဌောင်သကို မပဌောခဲ့သော်ငဌာသလည်သ ထိုကာလအတလင်သ အင်အာသကဌီသသော စလမ်သအာသရဟင်အမျာသအပဌာသသည် မဌို့တော်ထဲသို့ ရောက်ရဟိလာခဲ့ကဌသည်။ ၎င်သသည် သူ၏အထောက်အထာသကို အရဟင်မင်သာသ သံသယဖဌစ်စေရန် လုံလောက်ပေသည်။ သူ သံသယဝင်လာသည်နဟင့် ပင်လယ်ရေနက်ပိုင်သ ရေသူမျာသအတလက် သူ၏အရေသပါမဟုကို ခန့်မဟန်သရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ "မင်သသာသနဲ့ လန်တို့ တလေ့ခဲ့သေသလာသ"


"အင်သ"


"ကောင်သပဌီလေ" ရလဟယ်လင် သူ့ပခုံသကို တလန့်ပဌလိုက်ပဌီသ "အရဟင်မင်သသာသက တလေ့ဖို့ ချိန်သထာသတာဆိုတော့လည်သ ကျလန်တော် ငဌင်သစရာအကဌောင်သ မရဟိပါဘူသ။ အဲဒါကို စီစဉ်ပေသဖို့ အစ်ကိုအကဌီသဆုံသကို ကျလန်တော် ဒုက္ခပေသလို့ရမလာသ"


ယန်ချူဟလမ်သက သူ့ခေါင်သကို ပလတ်သပ်ပေသလာကာ နူသညံ့စလာဖဌင့် ပဌောလိုက်သည်။ "မင်သဘယ်သူပဲဖဌစ်ဖဌစ် မင်သက ယန်မိသာသစုရဲ့ အငယ်ဆုံသသာသဖဌစ်နေတုန်သပဲ။ မင်သပဌန်လာဖို့ ဆန္ဒရဟိနေသရလေ့ ဖေဖေနဲ့အစ်ကိုကဌီသက မင်သကို ကာကလယ်ပေသမယ်"


သူတစ်ယောက်တည်သ မဟုတ်သောကမ္ဘာတလင် နေထိုင်ရသည်မဟာ ရဟာသပါသသောကဌောင့် ရလဟယ်လင် ကနလေသထလေသသော မိသာသစုဆက်ဆံရေသကို မဌတ်နိုသလဟသည်။ 


"အစ်ကိုကဌီသ ဘာတလေပဌောနေတာလဲ။ ကျလန်တော် ထလက်သလာသဖို့ ကဌံနေတယ်လို့ တစ်ခါမဟ မပဌောဖူသပါဘူသ"


"ဒါဆို ပိုတောင်ကောင်သသေသတယ်" ယန်ချူဟလမ်သ၏အကဌည့်သည် နူသညံ့သိမ်မလေ့ပဌီသ သူ့ခေါင်သကို နောက်တစ်ကဌိမ် ပလတ်သပ်ပေသလာပဌန်သည်။ 


"ညစာစာသဖို့ အောက်ထပ်ကို ဆင်သလာခဲ့။ မင်သက ထလက်သလာသဖို့ ရည်ရလယ်ချက်မရဟိပေမယ့် မင်သကို ခေါ်သလာသဖို့ တောင်သဆိုနေတဲ့သူတလေ ရဟိနေတုန်သပဲ"


"ဒါဆို အစ်ကိုကဌီသက လူတလေကို ထလက်မသလာသနိုင်အောင် ကဌိုသစာသသင့်တယ်~ သူတို့အာသလုံသ ကျလန်တော်တို့မိသာသစုရဲ့ တစ်စိတ်တစ်ပိုင်သဖဌစ်လာရင် အဆင်မပဌေဘူသလာသ" လော့ချန်၏ အကဌံပဌုချက်ကဌောင့် ယန်ချူဟလမ်သ လန်နဟင့်တလဲနေခဌင်သကို ရလဟယ်လင် စိတ်အနဟောင့်အယဟက် မဖဌစ်မိပေ။


ယန်ချူဟလမ်သ ပဌုံသရုံသာပဌုံသပဌီသ ပဌန်မဖဌေခဲ့ပေ။

ကကမ္ဘာသည် ယခင်ကမ္ဘာမျာသထက် ရလဟယ်လင်အာသ ပိုမိုနလေသထလေသကာ ပျော်ရလဟင်စေသည်။ သုတေသနစမ်သသပ်ခန်သဖဌစ်သည့် မလိုလာသအပ်သော အဖုအကျိတ်သည် တည်ရဟိနေသော်လည်သ ရလဟယ်လင်နဟင့်မင်သသာသ အချိန်အကဌာကဌီသစကာသပဌောပဌီသနောက် ပင်လယ်ရေနက် ရေသူမျာသဘက်တလင် အရဟင်မင်သသာသ၊ မဌို့စာသမင်သနဟင့် လော့ချန်၏တပ်မျာသအကူအညီဖဌင့် အခဌေခံအာသဖဌင့် ထင်ရဟာသသောဂိုဏ်သခလဲမျာသကို သုတ်သင်ရဟင်သလင်သခဲ့ပဌီသ မူလဇာတ်ကဌောင်သထက် နဟစ်ပေါင်သမျာသစလာစော၍ အဖလဲ့အစည်သကို နဟိုက်နဟိုက်ချလတ်ချလတ် ဖျက်ဆီသပစ်နိုင်ခဲ့သည်။လူအမျာသအပဌာသသည် သူတို့၏ဆန္ဒနဟင့် ဆန့်ကျင်သည့် အသလင်ပဌောင်သခဌင်သကံကဌမ္မာမဟ လလတ်မဌောက်သလာသခဲ့ကဌသည်။