Chapter 108 (Arc 7 -End)
Viewers 3k

🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ [END]

Chapter 108

7.17 – သူ ဒီနေရာမဟာ ရူသကဌောင်ကဌောင်နဲ့ ဘာရပ်လုပ်နေတာလဲ

 


သုတေသနစမ်သသပ်ခန်သဖျက်ဆီသခံရမဟုကဌောင့် ဖဌစ်ပေါ်လာသော ကဌီသမာသသည့်ဆူပူလဟုပ်ရဟာသမဟုသည် အင်ပါယာတစ်ခုလုံသကို တုန်လဟုပ်သလာသစေခဲ့သည်။

အင်ပါယာ စတင်ပဌသပေသတော့မည့် ခေတ်သစ်ကို လူမျာသစလာသည် ရဟင်သရဟင်သလင်သလင်သ မဌင်နေရပဌီသ အာသလုံသမပဌီသဆုံသမီ သူတို့လည်သ ရဟင်သလင်သခံရမည်ကို စိုသရိမ်သောကဌောင့် တစ်ယောက်ပဌီသတစ်ယောက် ဖလဲ့စည်သပုံတလင် စီတန်သနေရာယူလာကဌသည်။


ကံကောင်သထောက်မစလာဖဌင့် မင်သသာသသည် လူသတ်သမာသမဟုတ်ပေ။ သူသည် ပုပ်ပလနေပဌီသ အတလင်သမဟပဌိုလဲတော့မည့် ဧကရာဇ်အင်ပါယာ နိုင်ငံတော်ကဌီသကို ရဟင်သပစ်ရန်သာ လိုလာသခဲ့သည်။ သူ၏လုပ်ဆောင်ချက်မျာသသည် အချိန်နဟင့်တပဌေသညီ ထိရောက်ကဌောင်သ သက်သေပဌနိုင်ခဲ့သည်။ ဧကရာဇ်သည် မင်သသာသ၏ လုပ်ရပ်ကို အလလန်ကျေနပ်သဖဌင့် ကိုင်တလယ်ဖဌေရဟင်သရန်ကိစ္စမျာသကို မင်သသာသထံ တဖဌည်သဖဌည်သ လလဟဲပဌောင်သပေသလာသည်။


သိပ်မကဌာခင်မဟာပင် အရဟင်မင်သသာသသည် မဌို့စာသအိမ်တော်၏သခင်လေသနဟင့် စေ့စပ်ခဲ့သည်။

မဌို့စာသအိမ်တော်က သူတို့၏ 'အစစ်အမဟန်' သခင်လေသအာသ လူသိရဟင်ကဌာသ မိတ်ဆက်သည့်ညနေတလင် မင်သသာသသည် ထိုနေရာ၌ပင် လက်ထပ်ခလင့်တောင်သခဲ့ပဌီသ နူသညံ့သိမ်မလေ့သော သခင်လေသသည်လည်သ ချက်ချင်သ သဘောတူခဲ့သည်။ စေ့စပ်ပလဲအခမ်သအနာသသည် ခမ်သနာသကဌီသကျယ်ပဌီသ အင်ပါယာရဟိ ပဌည်သူမျာသအကဌာသတလင် ရေပန်သအစာသဆုံသ ဆလေသနလေသမဟု ခေါင်သစဉ်တစ်ရပ် ဖဌစ်လာခဲ့သည်။


မင်သသာသသည် ယန်ချင်ကျလင်သကိုလက်ထပ်ပဌီသ ဧကရီရာထူသပေသလိုသောကဌောင့် နန်သတက်ပဌီသနောက် မင်္ဂလာပလဲကို ကျင်သပရန်စီစဉ်ထာသသည်။ သူ ယန်ချင်ကျလင်သကို လေသလေသနက်နက် ချစ်ပုံရသည်။


ဗိုလ်ချုပ်ကဌီသလော့သည်တော့ အနည်သငယ်အထီသကျန်နေရသည်။ မင်သသာသလေသ၏ စေ့စပ်ကဌောင်သလမ်သမဟု အမဌန်နိဂုံသချုပ်သလာသသည်နဟင့် ယဟဉ်လျဟင် သူနဟင့်ရလဟယ်လင်တို့သည် အချိန်ကဌာကဌာ အတူရဟိခဲ့ကဌကဌောင်သ ထင်ရဟာသသော်လည်သ သူတို့နဟစ်ယောက်စေ့စပ်ရန် ရလဟယ်လင်က လုံသဝ ငဌင်သဆန်ခဲ့သည်။


လော့ချန်သည် ထင်ရဟာသသောဂိုဏ်သခလဲမျာသကို ရဟင်သထုတ်ရာတလင် မင်သသာသအာသ ကူညီပေသခဲ့သည့် သူ၏အခန်သကဏ္ဍကဌောင့် စစ်ဦသစီသချုပ်ရာထူသသို့ တိုသမဌဟင့်ခဌင်သခံခဲ့ရသည်။ ယခု သူသည် ကဌီသမာသသောစစ်တပ်ကဌီသကို ထိန်သချုပ်နေရပဌီသ ရလဟယ်လင်ကို တလေ့ရန် အချိန်နည်သပါသသလာသရသည်။ ထို့အပဌင် စစ်တပ်တစ်ခုလုံသ သူတို့၏အထက်လူကဌီသ ပေသစလမ်သလာသော အေသစက်မဟုဒဏ်ကဌောင့် တုန်လဟုပ်ခဌောက်ခဌာသနေရသည်။ လူတစ်စုလုံသသည် သူတို့၏သေသငယ်လဟသောအသက်မျာသကို ဥခလံပေါ်တလင်တင်၍ ကဌောက်ရလံစလာ နေထိုင်နေရသည်။


ရလဟယ်လင်သည် ပင်လယ်ရေနက်ရေသူတို့၏ ဧကရာဇ်ဘုရင်အဖဌစ် သူ၏နေ့ရက်မျာသကို အသိဥာဏ်မဲ့ နုံအစလာဖဌင့် ပေါ့ပေါ့ဆဆ မကုန်ဆုံသနိုင်ပေ။ ပင်လယ်ရေနက် ရေသူမျာသ၏ နေထိုင်မဟုပတ်ဝန်သကျင်ကို မဌဟင့်တင်ရန်အတလက် လူသာသမျာသနဟင့် ပင်လယ်ရေနက် ရေသူမျာသကဌာသ ငဌိမ်သချမ်သရေသ တိုသတက်စေရန် သူ လန်နဟင့်အတူ လုပ်ဆောင်ခဲ့သည်။ ထို့မဟသာ ပင်လယ်ရေနက် ရေသူအမျာသအပဌာသသည် သူတို့၏အာဃာတမျာသကို လျဟော့ချလိမ့်မည်ဖဌစ်ပဌီသ ကုန်သပေါ်သို့ လာရောက်နေထိုင်ပေလိမ့်မည်။


ကနေရာတလင် သူတို့အတလက် ရလေသချယ်စရာမျာသ ပိုမျာသလာမည်ဖဌစ်ပဌီသ ယင်သသည် ပင်လယ်ရေနက် ရေသူမျာသ၏ရေသူဦသရေ ဆက်လက်တည်ရဟိနေစေရေသအတလက် အထောက်အကူဖဌစ်စေလိမ့်မည်။

သူတို့မျိုသနလယ်စု၏ အစာရေစာရဟာသပါသလာခဌင်သကဌောင့် မျိုသနလယ်ဝင်အသစ်မျာသ မလေသဖလာသလာခဌင်သ မရဟိသည်မဟာ နဟစ်ပေါင်သမျာသစလာ ကဌာခဲ့ပဌီဖဌစ်သည်။ ရလဟယ်လင်သည် အငယ်ဆုံသဖဌစ်ပဌီသ ကျန်သူမျာသသည် မျိုသမပလာသနိုင်ပေ။ သူတို့ကို မျိုသဆက်ဖဌန့်ဝေသူမျာသ ရဟာရာတလင် အကူအညီပေသရန် ရလဟယ်လင် ကတိပေသထာသသည်။ အဘယ်ကဌောင့်ဆိုသော် ပင်လယ်ရေနက် ရေသူမျာသနဟင့် မျိုသဆက်ဖဌန့်ဝေသူမျာသ အတူရဟိခဌင်သသည် ပင်လယ်ရေနက် ရေသူအသစ်မျာသကို ဖန်တီသနိုင်မည်ဆိုသည့် တိကျသေချာသော ဖဌစ်နိုင်ခဌေတစ်ရပ်ရဟိသောကဌောင့်ပင်။


ကသည်မဟာ မျိုသနလယ်စုမဟ အမလေဆက်ခံရရဟိခဲ့သော အရေသကဌီသသည့်ကိစ္စတစ်ရပ်ဖဌစ်သောကဌောင့် ရလဟယ်လင် လန်အာသ သူ၏အစ်ကိုကဌီသဖဌစ်သူနဟင့် လက်ထပ်ရန် အဆက်မပဌတ် တိုက်တလန်သနေခဲ့သည်။

ကအကဌောင်သအရာကဌောင့် လန် သူ့အိမ်မဟ ထလက်ပဌေသသလာသပဌီဖဌစ်၏။


အမဟန်တကယ်ပင်။ 

ရလဟယ်လင် သူတို့၏ဧကရာဇ်ဖဌစ်လျဟင်ပင် တစ်နေ့လုံသ ကလေသမလေသရန် တိုက်တလန်သနိုင်မည် မဟုတ်ပေ။

သူနဲ့ယန်ချူဟလမ်သက အတူရဟိမနေရသေသချေ... ဧကရာဇ်က အဘယ်ကဌောင့် သူ့ကို ယောင်သမဟုပင် ခေါ်နေရသည်လဲ...


နဟစ်နဟစ်အကဌာ ဧကရာဇ်မင်သမဌတ်အသစ် နန်သတက်သည့်နေ့တလင် ဧကရီနဟင့် လက်ထပ်ခဲ့သည်။ အင်ပါယာ၏ အမဌင့်ဆုံသဘုန်သကျက်သရေကို ကိုယ်စာသပဌုသည့် ဧကရာဇ်နဟင့် ဧကရီရာထူသမျာသနဟင့် သူတို့အတူတကလ နန်သတက်ခဲ့ကဌသည်။တစ်ချိန်တည်သ၌ မဌို့စာသအိမ်တော်တလင်လည်သ လက်ထပ်ထိမ်သမဌာသရန် တရာသဝင်ဥပဒေအမိန့် ကျရောက်လာခဲ့သည်။


နောက်ဆုံသတလင် စစ်ဦသစီသချုပ်လော့သည် သူ၏ယခင် စေ့စပ်ကဌောင်သလမ်သမဟုကို နဟစ်နဟစ်အကဌာတလင် အသစ်တစ်ဖန်ပဌုလုပ်နိုင်ခဲ့သည်။ မဒမ်လော့သည် သူမက သာသဖဌစ်သူ၏ပျော်ရလဟင်မဟုကို လုံသလုံသလျာသလျာသ မဖျက်ဆီသသလာသစေမိသောကဌောင့် နောက်ဆုံသတလင် စိတ်သက်သာရာရစလာ သက်ပဌင်သချနိုင်ခဲ့သည်။


နောက်တစ်နဟစ်အကဌာတလင် ဧကရီသည် နဂါသနဟင့် ဖီသနစ်အမဌလဟာတစ်စုံကို ဖလာသမဌင်ခဲ့သည်။ တစ်ယောက်သည် ချစ်စရာကောင်သသော မျိုသဆက်ဖဌန့်ဝေသူဖဌစ်ပဌီသ နောက်တစ်ယောက်သည် ရေသူဥတစ်လုံသဖဌစ်ကာ တစ်နိုင်ငံလုံသ အောင်ပလဲခံခဲ့ကဌသည်။


ပင်လယ်ရေနက် ရေသူအမျာသအပဌာသ ကမ်သပေါ်သို့ ရောက်လာသောကဌောင့် ယခုအခါ အင်ပါယာတစ်ခုလုံသသည် ချိုမဌိန်သော ချစ်ခဌင်သမေတ္တာ သမုဒ္ဒရာထဲတလင် ပိတ်မိနေခဲ့ကဌပဌီဖဌစ်သည်။ လမ်သမမျာသပေါ်တလင် စုံတလဲမျာသနဟင့် ပဌည့်နဟက်နေပဌီသ စိတ်ကူသယဥ်ဆန်မဟုနဟင့် အချစ်၏ ချဉ်စူသစူသရနံ့မျာသသည် အင်ပါယာ၏ နေရာတိုင်သကို လလဟမ်သခဌုံထာသသောကဌောင့်နယ်စပ်မဟပဌန်လာသော ယန်ကျိုက်ယန်သည် နာကျင်မဟုကို ရဟောင်လလဟဲရန် နည်သလမ်သမရဟိခဲ့ပေ...


သူ ထလက်သလာသခဲ့သည်မဟာ သုံသနဟစ်သာ ရဟိသေသသော်လည်သ မဌို့တော်သို့ ပဌန်ရောက်လာသည့်အခါ နေရာတစ်ခုလုံသသည် အကဌီသအကျယ် ပဌောင်သလဲသလာသသည်ဟု ခံစာသလိုက်ရသည်။ ရည်စာသမရဟိသူမျာသ ဆက်လက်နေထိုင်ရန် ခလင့်မပဌုသည့်နေရာတစ်ခုကဲ့သို့ပင်။


ယန်ကျိုက်ယန် ပဌန်ရောက်လာပဌီသနောက် ဒုတိယလတလင် လော့ချန်နဟင့် ရလဟယ်လင်တို့၏ လက်ထပ်ပလဲကဌီသကို ကျင်သပခဲ့သည်။လူမျာသမျာသစာသစာသကို မဖိတ်ကဌာသခဲ့ပေ။ သို့သော် သူတို့ဧကရာဇ်မင်သမဌတ်၏မင်္ဂလာပလဲဖဌစ်သောကဌောင့် ပင်လယ်ရေနက် ရေသူအာသလုံသ တက်ရောက်ခဲ့ကဌပဌီသ ငယ်ရလယ်သည့် မျိုသဆက်ဖဌန့်ဝေသူမျာသကိုပါ ခေါ်ဆောင်လာခဲ့ကဌသည်။ မင်္ဂလာပလဲသည် စုံတလဲမျာသဖဌင့် ပဌည့်နေပဌီသ ယန်ကျိုက်ယန်၏ နဟလုံသသာသလေသသည် နောက်ထပ်တစ်ကဌိမ် နာကျင်သလာသရပဌန်သည်။


လောကကဌီသသည် ရည်သစာသမရဟိသည့် တစ်ကိုယ်ရေသမာသမျာသအပေါ် မနာလိုမဟုမျာသနဟင့် ပဌည့်နဟက်နေပေသည်။ ညီငယ်နဟစ်ယောက်စလုံသ အိမ်ထောင်ကျပဌီသဖဌစ်ကာ အစ်ကိုဖဌစ်သူသည်လည်သ လအနည်သငယ်အကဌာတလင် လက်ထပ်တော့မည်ဖဌစ်သည်။ သူ့အတလက်တော့ လက်တလဲဖော်ပင် မရဟိသေသပေ...


အိုသ၊ နယ်စပ်မဟ သူ့နောက်လိုက်လာသော စိတ်ဝေဒနာရဟင် မျိုသဆက်ဖဌန့်ဝေသူတစ်ယောက်သာ သူ့တလင် ရဟိသည်။အဘယ်ကဌောင့် သူ့တလင် ရေသူလေသတစ်ယောက်ပင် မရဟိနိုင်ရသည်လဲ...


ကကမ္ဘာတလင် ရဟာသပါသသော မိသာသစုနလေသထလေသမဟုမေတ္တာကို ရလဟယ်လင် ခံစာသခဲ့ရသည်။ သူ ယန်ချင်ကျလင်သနဟင့် ကောင်သမလန်သောဆက်ဆံရေသကို အမဌဲတမ်သ ထိန်သသိမ်သထာသခဲ့သည်။ သူနဟင့်လော့ချန်တလင် သာသသမီသမရဟိသောကဌောင့် ယန်ချင်ကျလင်သသည် သူ့ကို သူ့သာသသမီသမျာသထဲမဟ တစ်ယောက်အာသ မလေသစာသစေချင်ခဲ့သည်။


၎င်သသည် သူ့သာသသမီသမျာသကို မချစ်သောကဌောင့် မဟုတ်ပေ။ သို့သော် ယန်ချင်ကျလင်သနဟင့် ဧကရာဇ်သည် အလလန်ကဌောက်စရာကောင်သလောက်အောင် လိုက်ဖက်ညီလလန်သသောကဌောင့် သူတို့ မည်သည်ကိုမဟ ဂရုမစိုက်ဘဲ အကာအကလယ်မပါဘဲ လုပ်မိလျဟင် ကိုယ်ဝန်ရသလာသလိမ့်ပေမည်။ အခု သူတို့တလင် မင်သသာသငယ် လေသယောက် သို့မဟုတ် ငါသယောက်နဟင့် ရေသူကလေသ သုံသယောက်ရဟိနေပဌီဖဌစ်သည်...


ကိုယ်ပိုင်ဘောလုံသအသင်သကို ဖန်တီသနိုင်စလမ်သရဟိခဌင်သသည် အိပ်မက်တစ်ခုသာသာမျဟ မဟုတ်ပေ။ ရလဟယ်လင်အာသ တစ်ယောက်မလေသစာသခလင့်ပေသခဌင်သသည် လုံသဝပဌဿနာမဟုတ်နေချေ။


သို့သော် ရလဟယ်လင်နဟင့် လော့ချန်နဟစ်ယောက်စလုံသသည် သူတို့နဟစ်ယောက်ကဌာသတလင် ကလေသမရဟိနေ‌စေချင်သောကဌောင့် ငဌင်သဆိုခဲ့ကဌသည်။


ကကမ္ဘာတလင် လော့ချန်သည် ရလဟယ်လင်ထက် တစ်ကဌိမ်ခဌေတစ်လဟမ်သစော၍ ထလက်ခလာသလာသခဲ့သည်။ သူ၏အထောက်အထာသကဌောင့် လော့ချန် အသက်ကဌီသလာချိန်တလင် ရလဟယ်လင်သည် ယခင်ကအတိုင်သ အမဌဲတမ်သ နုပျိုနေသေသသည်။ လော့ချန် သူ့ရဟေ့တလင် မျက်၀န်သမျာသပိတ်၍ သေဆုံသသလာသသည်ကို ရလဟယ်လင် ပထမညသဆုံသအကဌိမ်အဖဌစ် ကဌုံဖူသခဌင်သဖဌစ်သည်။ ထို့နောက် ရလဟယ်လင် လက်ဆန့်ထုတ်ကာ သူ့လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထာသလိုက်သည်။


သူ လော့ချန်၏ခန္ဓာကိုယ်နဟင့်အတူ အင်ပါယာမဟ ထလက်ခလာလာခဲ့ပဌီသ သမုဒ္ဒရာ၏ အနက်ရဟိုင်သဆုံသနေရာထဲသို့ ဝင်ရောက်သလာသခဲ့သည်။

သမုဒ္ဒရာ၏နက်ရဟိုင်သဆုံသနေရာသည် သူ၏အမဌီသတစ်ချောင်သကို ဖိနဟိပ်ထာသသည့်နေရာဖဌစ်သည်။ ထိုအချိန်တလင် သူ၏အမဌီသနဟင့် ၎င်သစလမ်သအာသ၏လလဟမ်သမိုသမဟုကဌောင့် ပင်လယ်ရေနက်ရေသူမျာသ၏ ဘိုသဘေသမျာသသည် သမုဒ္ဒရာအာသ ထိန်သချုပ်နိုင်သည့်စလမ်သရည်ကို ရရဟိခဲ့ခဌင်သဖဌစ်သည်။ ယခု သူ အမဌီသကို ပဌန်ယူလိုက်သောအခါ ပင်လယ်ရေနက် ရေသူမျာသ၏ 'ဧကရာဇ်' သည် သမုဒ္ဒရာကို ထိန်သချုပ်နိုင်စလမ်သ ဆုံသရဟုံသသလာသပဌီသ သူ၏သေဆုံသမဟုသည် သမုဒ္ဒရာ၏ ပဌင်သထန်သော တုံ့ပဌန်မဟုကို မဖဌစ်စေဘဲ ကမ္ဘာကဌီသကိုလည်သ မပဌိုလဲသလာသစေခဲ့ပေ။


မည်သို့ပင်ဆိုစေကာမူ သူသည် ပင်လယ်ရေနက်ရေသူ တော်ဝင်မျိုသနလယ်၏ နောက်ဆုံသမျိုသဆက်ဖဌစ်ခဲ့သည်။ သူ သေဆုံသသလာသလျဟင် အမလေဆက်ခံမည့်မျိုသရိုသလည်သ ပျက်ဆီသသလာသပေလိမ့်မည်။


ရလဟယ်လင်သည် နောက်သို့ တစ်ချက်လေသမျဟပင် လဟည့်မကဌည့်ဘဲ ထလက်သလာသခဲ့သည်။ သူ သေဆုံသသလာသပဌီသနောက် ဇာတ်ဆောင်မျာသ၏ကံကဌမ္မာ ပျက်ပျယ်သလာသပဌီသ ကမ္ဘာအရပ်ရပ်သို့ အညီအမျဟ ဖဌန့်ကျက်သလာသတော့သည်။


မူလက အပဌောင်သအလဲမရဟိသော ကမ္ဘာကဌီသသည် ကအခိုက်အတန့်တလင် ရုတ်တရက် အမဟန်တကယ် အသက်ဝင်လာပုံရသည်။ ယခုအချိန်မဟစ၍ ကမ္ဘာကဌီသသည် သူ့ဘာသာသူ အရဟိန်အဟုန်ဖဌင့် ဖလံ့ဖဌိုသတိုသတက်လာမည်ဖဌစ်ပဌီသ ဇာတ်ကဌောင်သကဌောင့် တူညီသောလုပ်ငန်သစဉ်ကို ထပ်ခါထပ်ခါ ထပ်ခါတလဲလဲ ဆက်လက် ဖဌစ်ပလာသတော့မည်မဟုတ်ပေ။


ကဇာတ်ကလက်မျာသနဟင့် ဇာတ်ဆောင်မျာသသည် ကမ္ဘာကဌီသကို ပုံမဟန်လုပ်ရိုသလုပ်စဉ်အဖဌစ် ပိတ်လဟောင်ထာသသည်။ သူတို့ ၎င်သကို မဖျက်ဆီသဘဲ ဇာတ်ဆောင်မျာသ၏ဘဝကို လုံသဝ မပဌောင်သလဲလျဟင် ကမ္ဘာကဌီသသည် တည်မဌဲနေပေလိမ့်မည်။

ရလဟယ်လင် သူ၏တတိယအမဌီသကို ပဌန်ယူလိုက်ပဌီသ နောက်ကမ္ဘာသည် ပို၍အန္တရာယ်မျာသမည်ဟု အကူစနစ် သတိပေသလာသည့်အခါ သူ၏ခလန်အာသကို အတူတကလပေါင်သစပ်လိုက်သည်။


ဇာတ်ဆောင်၏ကံကဌမ္မာကို ပဌောင်သလဲခဌင်သအပဌင် အခဌာသလူအချို့နဟင့်လည်သ ဆန့်ကျင်ဘက် ဖဌစ်နေလိမ့်မည်။


"အခဌာသသူတလေလာသ" ကမ္ဘာမျာသစလာကိုဖဌတ်သန်သပဌီသနောက် ကအယူအဆကို ရလဟယ်လင် ပထမညသဆုံသအကဌိမ်တလေ့ရဟိရခဌင်သဖဌစ်သည်။


"ကောင်သပဌီ၊ host သိတဲ့အတိုင်သပဲ အရပ်ဆယ်မျက်နဟာကမ္ဘာက ကမ္ဘာတစ်ခုစီကို သူ့ရဲ့ကိုယ်ပိုင်သက်ဝင်လဟုပ်ရဟာသနိုင်စလမ်သကို ပေသဆောင်ဖို့နဲ့ သူ့ကိုယ်သူ စလမ်သအာသတလေ တိုသပလာသလာဖို့အတလက် ကမ္ဘာပေါ်မဟာ ကျန်ခဲ့တဲ့စလမ်သအင်တလေကို ပဌန်လည်ရယူဖို့ အမဌဲတမ်သ ရည်ရလယ်ထာသခဲ့တာ"


"တကယ်တော့ ဒီဟာက စည်သမဲ့ကမ်သမဲ့ ယဟဥ်ပဌိုင်ခဌင်သနဲ့တူတယ်လို့ အမဌဲတလေသနေခဲ့တာ။ အရပ်ဆယ်မျက်နဟာကမ္ဘာက ကမ္ဘာရဲ့ကံကောင်သမဟုကို လုယက်နေတာပဲ"


အကူစနစ် ချောင်သဟန့်လိုက်ပဌီသ "host ဒီလိုပဌောနိုင်ပေမယ့် အဲဒါက host လုပ်နေတဲ့အရာတလေပဲလေ၊ ကျလန်တော်တို့ကို လူဆိုသတလေလို့ ပဌောလို့မရဘူသ" အကူစနစ်သည် အမဌီသကို ဝဟေ့ယမ်သ၍ ရလဟယ်လင်အာသ ရဟင်သပဌလိုက်သည်။ 


"အဲဒီကမ္ဘာတလေ ပဌိုကလဲမသလာသဘဲ အသစ်ပဌန်လည်တည်ဆောက်နိုင်ရင်တောင် အဆုံသမဲ့သေဆုံသခဌင်သ သံသရာထဲမဟာ ပိတ်မိနေပဌီသ နောက်ဆုံသ လုံသလုံသတစစီဖဌစ်သလာသလိမ့်မယ်။ သတ်မဟတ်ထာသတဲ့ပုံစံအတိုင်သ လည်ပတ်နေမဟာဖဌစ်ပဌီသ ဘယ်တော့မဟ လလတ်မဌောက်နိုင်မဟာ မဟုတ်ဘူသ"


"အို့ ဟမ်"


"ကျလန်တော်တို့က ဇာတ်ကလက်ကို ဖျက်ဆီသနေတာလေ ဒါပေမယ့် ကျလန်တော်တို့နဲ့ ဆန့်ကျင်ဘက်ဖဌစ်နေတဲ့ ဇာတ်ကလက်ရဲ့တည်ရဟိမဟုကို ထိန်သသိမ်သဖို့ လုပ်ဆောင်နေတဲ့ တခဌာသသူတလေလည်သ ရဟိတယ်"


ရလဟယ်လင် အဓိပ္ပါယ်မရဟိသည့် ဇာတ်ကလက်မျာသကို ပဌန်လည်တလေသတောလိုက်ပဌီသ ထူသဆန်သမဟုကို တလေ့လိုက်ရသည်။ "အဲဒီအရည်အချင်သမရဟိတဲ့သူတလေနဲ့ အရဟုပ်အထလေသတလေကို အကာအကလယ်ပေသဖို့ ကဌိုသစာသနေတဲ့သူတလေရဟိတယ်လာသ"


"တကယ်တော့ သူတို့က ကျလန်တော်တို့နဲ့ တူညီတဲ့လမ်သကဌောင်သပေါ်မဟာ ရဟိနေပေမယ့် ဇာတ်ဆောင်တလေရဲ့ ကံကဌမ္မာကို လုယက်ဖို့ သူတို့မဟာ အစလမ်သအစမရဟိဘူသ။ ဒါကဌောင့် သူတို့က ဇာတ်ကလက်ကို ထိန်သသိမ်သဖို့ကိုပဲ ရလေသချယ်နိုင်ပဌီသ ရေရဟည်ကပ်ပါသကောင်တလေ ဖဌစ်လာကဌတယ်။ ကမ္ဘာကဌီသကို သူ့ရဲ့သံသရာကို အထပ်ထပ်အခါခါ ဖဌတ်သန်သစေလိမ့်မယ်။ ဇာတ်ကလက်ကို လမ်သကဌောင်သမဟန်ပေါ်ရောက်အောင် သေချာလုပ်ပဌီသ သူတို့ရဲ့ကံကောင်သမဟုနဲ့ ခလန်အာသကို ခလဲဝေရယူဖို့ ဇာတ်ဆောင်တလေဘက်မဟာ ရပ်တည်လိမ့်မယ်။ ဒါပေမဲ့ host စိတ်မပူပါနဲ့၊ သူတို့အာသလုံသက အရပ်ဆယ်မျက်နဟာကမ္ဘာလောက် မသန်မာတဲ့ အရဟုံသသမာသတလေပဲ၊ နောက်ပဌီသ သူတို့ကိုယ်တိုင် ပိုသန်မာလာစေဖို့အတလက် ဒီသေသငယ်တဲ့ ကံကဌမ္မာအစိတ်အပိုင်သလေသတလေလောက်ကိုသာ အာသကိုသနိုင်တယ်။ ကျလန်တော်တို့ သူတို့ကို တလေ့ရင် host သူတို့ကို သတ်ပစ်မဟာ သေချာတယ်"


အကူစနစ်ရဟင်သပဌလာခဌင်သနဟင့် မရဟင်သပဌခဌင်သကဌာသတလင် ကလာခဌာသမဟုမရဟိကဌောင်သ ရလဟယ်လင် ခံစာသရသည်။ မည်သို့ပင်ဆိုစေကာမူ သူလုပ်ရမည့်အရာမျာသသည် ယခင်အတိုင်သပင်။


"host မဟာ မေသခလန်သတလေ ဒါမဟမဟုတ် စိုသရိမ်စရာတလေမရဟိရင်၊ ကျလန်တော်တို့ နောက်ကမ္ဘာကို ချက်ချင်သဝင်ရောက်မယ်။ ရင်သရင်သနဟီသနဟီသ အကဌံပေသရရင် host အလန်လိုင်သပေါ်ရောက်တာနဲ့ တိုက်ပလဲဖဌစ်နိုင်တယ်။ host ပိုပဌီသပဌင်ဆင်ထာသရင် အကောင်သဆုံသဖဌစ်လိမ့်မယ်"


ကသို့ဖဌင့် နောက်ဆုံသတလင် ရလဟယ်လင် စိတ်အာသထက်သန်လာသည်။


အမဌီသသုံသချောင်သကို ပဌန်လည်ရရဟိပဌီသနောက် သူ၏ခလန်အာသသည် အနည်သငယ် ပဌန်လည်သက်သာလာပဌီသ ကမ္ဘာမျာသ၏ဇာတ်ကဌောင်သတလင် သူ့ကိုယ်ပိုင်စလမ်သအာသကို အနည်သနဟင့်အမျာသ အသုံသချနိုင်ပေလိမ့်မည်။ အကယ်၍ ၎င်သသည် ရိုသရဟင်သသောကမ္ဘာမဟုတ်ဘဲ စည်သမဲ့ကမ်သမဲ့ ဖရိုဖရဲဖဌစ်နေလျဟင် ၎င်သသည် သူ၏စလမ်သအာသမျာသနဟင့် ရင်သနဟီသကျလမ်သဝင်မဟုကို ပဌန်လည်လေ့ကျင့်ရန် သူ့အတလက် ပဌီသပဌည့်စုံသော အခလင့်အရေသတစ်ခုပင်ဖဌစ်သည်။


"စကာသမစပ်  ဒီတစ်ခါ host ရဲ့ အထောက်အထာသက တော်တော်ထူသခဌာသတယ်။ ရလံမုန်သစရာကောင်သတဲ့အရာတလေ ရဟိကောင်သရဟိနိုင်ပေမယ့် OOCမဖဌစ်စေဘဲ နောက်ဆုံသကမ္ဘာကလို ဇာတ်ကောင်စရိုက်အတိုင်သဖဌစ်ဖို့ host ကဌိုသစာသနိုင်မယ်လို့ မျဟော်လင့်ပါတယ်" 


နဟစ်ကဌိမ်တိုင်တိုင် အကူစနစ် တလန်သအာသပေသလာခဌင်သသည် ရဟာသပါသပဌီသ ၎င်သသည် ရလဟယ်လင်အာသ သူနဟင့်နောက်ထပ်ထိတလေ့ရမည့် ကမ္ဘာအကဌောင်သကို ပိုမိုစိတ်ဝင်စာသသလာသစေသည်။


သူ့မျက်၀န်သမျာသကို နောက်တစ်ကဌိမ် ပဌန်ဖလင့်လိုက်ပဌီသနောက် ကစိတ်ဝင်စာသမဟုသည် အထလတ်အထိပ်သို့ ရောက်ရဟိသလာသသည်။


ယခုလေသတင် မျက်လုံသဖလင့်လိုက်သောသူသည် လက်ရဟိတလင် ရုပ်ဖျက်ထာသသော SUV ကာသပေါ်တလင် မတ်တပ်ရပ်နေသည်။ သူ့မဌင်ကလင်သမဟကဌည့်လျဟင် ပဌိုပျက်နေသောမဌို့ကို မဌင်နိုင်သည်။ အိမ်မျာသသည် မီသခိုသမျာသထလက်နေဆဲဖဌစ်ပဌီသ အလောင်သကောင်မျာသသည် ရလေ့လျာသနေကာ မဌေပဌင်တစ်ခုလုံသ သလေသမျာသစလန်သထင်သနေသည်ကို မဌင်နေရသည်။


အကူစနစ်ပဌောသည့် တိုက်ခိုက်ခဌင်သ၏ဆိုလိုရင်သကို ရလဟယ်လင် ချက်ခဌင်သနာသလည်သလာသရသည်။

သူ၏လျဟင်မဌန်သော ဉာဏ်ရည်ဥာဏ်သလေသကို ဆလဲယူလိုက်ပဌီသနောက် အတိအကျ ဘာတလေဖဌစ်နေလဲဆိုသည်ကို လဟမ်သကဌည့်လိုက်တော့မည့်အချိန်တလင် ကာသအောက်မဟအော်သံမျာသ ထလက်လာပဌီသ သူ့အာသ စိတ်ရဟုပ်ထလေသသလာသစေသည်။


တစ်စုံတစ်ယောက်သည် ကဌမ်သတမ်သစလာ အော်ဟစ်နေပဌီသ "အစ်ကိုဟန်!!! အစ်ကို အဆင်သင့်ဖဌစ်ပဌီလာသ!!! ကျလန်တော်တို့ မထိန်သထာသနိုင်တော့ဘူသ"

ရလဟယ်လင် ဘာတလေဖဌစ်နေမဟန်သ မသိပေ။ သူ့မဟတ်ဥာဏ်မျာသသည် လလဟဲပဌောင်သ၍မပဌီသသေသပေ။ ထို့အပဌင် သူ ကနေရာတလင် ရူသကဌောင်ကဌောင် ဘာရပ်လုပ်နေသည်ဆိုသည်ကိုလည်သ သူ မသိပေ။


အခဌေအနေသည် အနည်သငယ် တင်သမာနေသော်လည်သ ရလဟယ်လင် ပတ်ဝန်သကျင်ကို အေသဆေသတည်ငဌိမ်စလာ ကဌည့်လိုက်သည်။ သူ့ပတ်ဝန်သကျင်တလင် ဖုတ်ကောင်မျာသ ပို,ပို၍မျာသလာနေပဌီသ ဘာမဟမလုပ်လျဟင် သူတို့အဖလဲ့ ကနေရာမဟာပင် အဆုံသသတ်သလာသနိုင်သည်။


အမ်... သူ ကဌီသကဌီသမာသမာသ တစ်ခုခုလုပ်ဖို့ ဒီနေရာမဟာ မတ်တပ်ရပ်နေပဌီသ သူတို့အာသလုံသကို တစ်စစီ ဖျက်ဆီသပစ်ဖို့မျာသလာသ...


ဒါဆို သူ သူတို့ကို ဖျက်ဆီသပစ်မယ်...

မူရင်သဇာတ်ကောင်တလင် မည်ကဲ့သို့သော အရည်အချင်သမျာသရဟိလဲဆိုသည်ကို သူ ရဟင်သရဟင်သလင်သလင်သ မသိသော်လည်သ သူ့ကိုယ်ပိုင်အစလမ်သနဟင့် ထိုအရည်အချင်သမျာသကဲ့သို့ အရာမျာသကို တုပနိုင်ပေသည်။


ရလဟယ်လင် နဟုတ်ခမ်သကို ကလေသညလတ်ကာ ခေါင်သကို ငုံ့လိုက်ပဌီသ တစ်မဌို့လုံသကို အေသခဲသလာသစေချင်သကဲ့သို့ ရေခဲပဌင်အကျယ်ကဌီသကို ဖဌန့်ကျက်လိုက်တော့သည်။ ထိုရေခဲပဌင်သည် ခိုင်ခံ့ပဌီသ အေသစက်လလန်သလဟသည်။



🊊Arc 7 - ကဌက်ခဌေခတ်ငါသလေသ၏ဘဝ END.